မသေမျိုးလမ်းဆီသို့ … နတ်ဘုရားလောကဆီ တက်လှမ်းခြင်း
Vol. 34(Final) Ch. 510 (last episode)
အခန်း (၅၁၀) : မသေမျိုးလမ်းဆီသို့ … နတ်ဘုရားလောကဆီ တက်လှမ်းခြင်း
ဤတိုက်ပွဲက ဆိုးရွားလွန်းလှသည်။ ကောင်းကင်ပင် ပျက်စီးသွားသလို မဟာလွင်ပြင် နယ်မြေလည်း အပြိုအပျက် ဖြစ်သွားရသည်။ နံရံပျက်များနှင့် အပျက်အစီးအပုံများက နေရာအနှံ့ ဖြစ်နေ၏။
ဤတိုက်ပွဲ၌ အင်အားစုအသီးသီးမှ လူများစွာ သေဆုံးခဲ့ကြရသည်။ အခြေအနေက ဆိုးဆိုးရွားရွား ဖြစ်၏။
တချို့အင်အားစုများက အပြီးတိုင် ရှင်းထုတ်ခံလိုက်ရပြီး ထပ်မြင်တွေ့ရဖို့ မဖြစ်နိုင်တော့ချေ။ သို့သော် ထာဝရဘုရင်သုံးယောက် သေဆုံးသွားသောကြောင့် ကပ်ဘေးကြီးက အဆုံးသတ်သွားလေသည်။
ကျန်ရှိနေသော မိစ္ဆာဝိညာဉ်များက ဘာမှကြောက်စရာ မရှိသောကြောင့် မြန်မြန်ဆန်ဆန် ရှင်းထုတ်နိုင်လိုက်သည်။
မိုးမြေက ပြန်လည် ကြည်လင်လာပြီး ဖရိုဖရဲကမ္ဘာကြီးက ယာယီ ငြိမ်းချမ်းလာသည်။
“ငါတို့ နိုင်သွားပြီ ”
“နောက်ဆုံးတော့ ငါတို့ နိုင်သွားပြီ”
အားလုံးက ကပ်ဘေးကြီးမှ ရှင်ကျန်ခဲ့ကြသည့်အတွက် ဝမ်းမြောက်ပျော်ရွင်နေကြသည်။ နဂိုက သူတို့အနေနှင့် မျှော်လင့်ချက် ကုန်ခမ်းနေပြီး သေခြင်းတရားကို မလွဲရှောင်နိုင်ကြောင်း ခံစားခဲ့ကြရသည်။
မိစ္ဆာဝိညာဉ်မျိုးနွယ်၌ အဆင့်မြင့် ကျင့်ကြံသူများစွာရှိနေသည် မဟုတ်ပါလော။
ရှေးဟောင်းနတ်ဘုရားများနှင့် ထာဝရဘုရင်အဆင့်များက ဤနယ်မြေအား အလွယ်တကူ ဖျက်စီးပစ်နိုင်သည်။ ကံကောင်းစွာဖြင့် အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။
ရှန်ထျန်းက နယ်မြေငါးခုကို ချောက်နက်ကြီးထဲမှ ဆွဲတင်ပေးခဲ့ပြီး မျှော်လင့်ချက် ဆောင်ကျဉ်းလာခဲ့သည်။
အားလုံးက ကောင်းကင်ယံရှိ ပုံရိပ်အား စူးရှတောက်ပစွာ ကြည့်လိုက်ကြသည်။ သူတို့အကြည့်များ၌ လေးစားမှုများ၊ ကိုးကွယ်လိုမှုများနှင့် ကြည်ညိုခြင်းတို့ ကိန်းအောင်းနေသည်။
ရှန်ထျန်းက အားလုံးကို စိတ်လှုပ်ရှားသွားစေခဲ့၏။ သူ့ကြောင့်သာ မဟုတ်လျှင် နယ်မြေငါးခု ဖျက်စီးခံလိုက်ရသည်မှာ ကြာမြင့်လောက်လေပြီ။
…………....
ရှန်ထျန်းက အံ့ဖွယ်အလင်းများဖြင့် တောက်ပကာ လေထဲ ရပ်နေသည်။ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများက စတင် မှေးမှိန်လာကာ ထာဝရဘုရင်အဆင့်မှ လျော့ကျလာသည်။ ဤသည်မှာ ကမ္ဘာ၏ စွမ်းအား ဖြစ်ပြီး သူ့ကိုယ်ပိုင်စွမ်းအား မဟုတ်ချေ။
ယခု ကောင်းကင်တာအို အရင်းအမြစ်ကို ကမ္ဘာဆီ ပြန်ပေးရမည့်အချိန် ရောက်လာလေပြီ။
ရှန်ထျန်းက စိတ်ထဲ မထားပေ။ ထို့အစား သူ့အကြည့်တို့က တောက်လောင်နေလေ၏။ အကြောင်းမှာ သူက ထာဝရဘုရင်တစ်ယောက်၏ စွမ်းအားကို နားလည်သွားသောကြောင့် နောင်အနာဂတ် အဆင့်တက်ချင်သည့်အခါ အရာအားလုံးက ချောမွေ့လာလိမ့်မည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ထဲ စွမ်းအားတစိတ်တပိုင်း ကျန်ရှိနေသေး၏။
ထိုအရာက အားနည်းနေသော်လည်း လုံလောက်နေလေပြီ။
ဤစွမ်းအားနှင့် နားလည်နိုင်စွမ်းတို့ဖြင့် ရှန်ထျန်းက နတ်ဧကရာဇ်အဆင့် မြန်မြန် တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။ ရှန်ထျန်းက ခေါင်းမော့ကာ အော်ပြောလိုက်သည် “ချိုးဖောက်စမ်း ”
သူက လက်ဟန်တချို့ လုပ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ အရှိန်အဝါများက ပေါက်ထွက်လာသည်။
ဝုန်း …
ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ ပေါ်ထွက်လာသည်။ တိမ်မည်းများက ကောင်းကင်ကို ဖုံးလွှမ်းသွားကာ စမ်းသပ်ချက်မိုးကြိုးတို့က ကြောက်ခမန်းလိလိ ထွက်လာ၏။ မိုးကြိုးစမ်းသပ်ချက်က လမ်းရှိသမျှ အရာအားလုံးကို ဖျက်စီးပစ်နိုင်စွမ်းတို့ကို သယ်ဆောင်ထားပုံပေါ်သည်။
၁၂ ဆင့် ကောင်းကင်စမ်းသပ်ချက်က ရှန်ထျန်းရှေ့မှောက် ရောက်ရှိလာသည်။ ထိုမြင်ကွင်းက ကြောက်စရာကောင်းလှသည်။
နတ်ဧကရာဇ်ပင် ဤသို့စမ်းသပ်ချက်မျိုး ရင်ဆိုင်ရန် ခက်ခဲလှပေမည်။ ပြောရလျှင် သေခြင်းတရား ကပ်ဘေးသာ ဖြစ်၏။
အကယ်၍ သူသာ ဤကပ်ဘေးမှ ရှင်သန်နိုင်ခဲ့လျှင် သူ လက်ခံရရှိမည့် အကျိုးမြတ်က သာမန်နတ်ဧကရာဇ်များထက် ပိုထူးလိမ့်မည်။
ရှန်ထျန်းက ကောင်းကင်စမ်းသပ်ချက်ကို ပြတ်ပြတ်သားသား ရင်ဆိုင်လိုက်သည်။
မိုးကြိုးစမ်းသပ်ချက်များက အဖျက်စွမ်းအားအပြည့် ဖြစ်နေသည်။
ရှန်ထျန်း၏ ပုံရိပ်က လက်ရှိ ပြိုင်ဖက်ကင်းနေဟန်ပေါ်သည်။ သူက ကောင်းကင်ကိုးဘုံ၏ မိုးကြိုးစွမ်းအားများကို စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်နေသည်။ သူ့လက်တစ်ချက်အဝေ့တွင် သူက ကောင်းကင်ကို ဖုံးလွှမ်းထားသည့် မိုးကြိုးကို ခြေမွပစ်လိုက်သည်။
ဤမြင်ကွင်းက အားလုံးကို ကြက်သေသေသွားစေ၏။ သူတို့က ကောင်းကင်စမ်းသပ်ချက်ကို ဒီလိုမျိုး ခံယူတာ တစ်ခါမှ မမြင်ဖူးကြပေ။ ထို့အပြင် ဤစမ်းသပ်ချက်က မိုးကြိုးစမ်းသပ်ချက် ၁၂ ဆင့်ကို ပါဝင်နေသည်။
ဤသည်မှာ မကြုံစဖူး ဖြစ်၏။
ဝမ်ရှန်းယုက စိတ်ရှုပ်ထွေးလာကာ “ ညီအစ်ကိုရှန်က နတ်ဧကရာဇ် ဖြစ်လာတော့မှာလား”
သူက ရှန်ထျန်းသည် မြန်မြန်ဆန်ဆန် နတ်ဧကရာဇ် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့ကြားက ကွာခြားချက်က အလွန်ကြီးမားသွားလေပြီ။
ဟွမ်ရှစ်၏ အကြည့်များလည်း ပြင်းပြလာသည်။ သူက နတ်ဧကရာဇ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းမျှ လိုအပ်နေသည်။ အဆုံးသတ်၌ လူသစ်လေး ရှန်ထျန်းက ကျော်တက်သွားခဲ့လေပြီ။ သို့သော်လည်း ဟွမ်ရှစ်က စိတ်ထဲမထားဘဲ ကျေနပ်အားရနေမိသည်။
ရှန်ထျန်းက လူသားဧကရာဇ် ဖြစ်ပြီး သူ အားပိုကောင်းလာလေလေ သူ့အတွက် နယ်မြေငါးခုကို ကာကွယ်ဖို့ ပိုမို လွယ်ကူလေလေ ဖြစ်၏။
ထာဝရဘုရင်ကျစ်ဝေနှင့် ကိုယ်လုပ်တော်လန်တို့က ပျော်ရွှင်နေကြကာ ပြုံးနေကြသည်။
ရှန်ထျန်းက သူတို့၏ သား ဖြစ်သလို ဂုဏ်ယူစရာလည်း ဖြစ်၏။ နှစ်ယောက်လုံးက ရှန်ထျန်း အရွယ်ရောက်လာသည့်အတွက် စိတ်အေးနေကြသည်။
ဝုန်း …
နောက်ဆုံး မိုးကြိုးချက် ကြေမွသွားပြီးနောက် စမ်းသပ်ချက်တိမ်တိုက်များက ပျောက်ကွယ်သွားလေပြီ။
ရှန်ထျန်းက သူ့အဖြူရောင်ဝတ်စုံများဖြင့် တခြားကမ္ဘာမှအလား ထင်မှတ်ရစေသည်။ သူက နတ်ဧကရာဇ် ဖြစ်သွားလေပြီ။
သူ့ခန္ဓာကိုယ်ထဲ အဆုံးမဲ့စွမ်းအားများ စီးဆင်းလာသည်ကို ခံစားမိပြီး ရှန်ထျန်း၏ အမူအယာက စိတ်လှုပ်ရှားလာသည်။ သူ့လက်ရှိတိုက်ခိုက်စွမ်းရည်အရ ရှေးဟောင်းနတ်ဘုရားကို တိုက်ခိုက်ရဲလေသည်။
ထာဝရဘုရင်ကျစ်ဝေက ပျံသန်းလာကာ “ထျန်းအာ ကပ်ဘေးကြီးက ငြိမ်ကျသွားပေမဲ့ ပြီးပြတ်သွားတာ မဟုတ်သေးဘူး။ မိစ္ဆာဝိညာဉ်မျိုးနွယ်ရဲ့ အုတ်မြစ်က ခိုင်မာလွန်းအားကြီးတယ်။ သူတို့က ဒီကိစ္စကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။
ငါတို့ ဒီနေ့တိုက်ပွဲကို အနိုင်ရခဲ့ပေမဲ နယ်မြေငါးခုရဲ့ အုတ်မြစ်က တော်တော်ကုန်ခမ်းသွားပြီ။ ကာကွယ်ရေး အစီအရင်လည်း ကျိုးပျက်သွားပြီးတော့ မျှော်လင့်အားရစရာ မကောင်းဘူး။
တကယ်လို့ မိစ္ဆာဝိညာဉ်မျိုးနွယ်သာ ထပ်တိုက်လာရင် သူတို့ကို တားဆီးဖို့ ခက်လိမ့်မယ် ”
ထာဝရဘုရင်ကျစ်ဝေ၏ လေသံက လေးလံနေသည်။ အထွတ်အထိပ် ထာဝရဘုရင်တစ်ပါးအနေနှင့် မိစ္ဆာဝိညာဉ်မျိုးနွယ်အကြောင်း ကောင်းကောင်းနားလည်ထားသည်။
ဤမျိုးနွယ်က ကြောက်ဖို့ကောင်းပြီး ဤနယ်မြေအား ကျုးကျော်ဖို့ ကြိုးစားနေသည်မှာ နှစ်တစ်သန်းရှိသွားလေပြီ။
မိစ္ဆာဝိညာဉ်မျိုးနွယ်က နတ်ဘုရားလောကမှ ဆန်းကြယ်မျိုးနွယ်များကိုပါ ကျူးကျော်ရဲသည့်အချက်မှာ သူတို့အရင်းအမြစ်နှင့် ကန့်သတ်ချက်က မည်မျှနက်ရှိုင်းကြောင်း သိသာပေသည်။
ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့အမူအယာတို့က လေးနက်လာသည်။ ယခင် ထာဝရဘုရင် ၃၆ ယောက်က ငြိမ်းချမ်းရေးအတွက် သူတို့ခန္ဓာကိုယ်များကို နယ်မြေငါးခု၏ ကောင်းကင်တာအိုအဖြစ် ပြောင်းလဲပစ်ဖို့ တုံ့ဆိုင်းမနေခဲ့ကြပေ။
ယခု မိစ္ဆာဝိညာဉ်မျိုးနွယ်များက နယ်မြေငါးခုကို မျက်စိကျနေပြီး နယ်မြေငါးခု၏ အကာအရံကလည်း ကျိုးပျက်သွားခဲ့လေပြီ။ နယ်မြေငါးခုက မည်သည့်ကျူးကျော်မှ တောင့်မခံနိုင်တော့ပေ။
ရှန်ထျန်းက ထပ်မေးလိုက်သည် “အဲဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ ”
ထို့အပြင် ဤသည်မှာ ရှန်ထျန်း၏ မွေးရပ်မြေ ဖြစ်၍ အဆုံးအရှုံးမခံနိုင်ပေ။
“ငါတို့တွေ ဒီနယ်မြေကနေ ထွက်ပြီး နတ်ဘုရားလောကဆီ သွားရမယ်” ထာဝရဘုရင်ကျစ်ဝေက ပြောလိုက်သည် “အဲဒီကျမှ မိစ္ဆာဝိညာဉ်ရဲ့ ပစ်မှတ်က တန်ကြေးကြီးကြီးပေးပြီး နယ်မြေငါးခုကို ကျုးကျော်ဖို့ မဟုတ်တော့ဘဲနဲ့ ငါတို့ ဖြစ်လာမှာ ”
တစ်ယောက်က ပြိုင်ဖက်ကင်း ထာဝရဘုရင် ဖြစ်ပြီး နောက်တစ်ယောက်တွင် လူသားဧကရာဇ် ရုပ်ခန္ဓာပိုင်ဆိုင်ထားလေသည်။
နှစ်ယောက်လုံးက မိစ္ဆာဝိညာဉ်မျိုးနွယ်၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်။ မဟုတ်လျှင် မိစ္ဆာဝိညာဉ်မျိုးနွယ်က ထာဝရဘုရင်သုံးယောက်ကို စေလွှတ်ပြီး သူတို့အား သတ်စေမည် မဟုတ်ပေ။
ထာဝရဘုရင်သုံးယောက် သေဆုံးသွားသော်လည်း မိစ္ဆာဝိညာဉ်မျိုးနွယ်က တည်ရှိနေဆဲ ဖြစ်၏။ သူတို့က ဘယ်လိုဖြစ်ဖြစ် ထပ်မံ တိုက်ခိုက်လာလိမ့်မည်။ နှစ်ယောက်လုံးက ထွက်သွားမှသာ နယ်မြေငါးခုမှာ အန္တရာယ်ကနေ လွတ်မြောက်သွားလိမ့်မည်။
ရှန်ထျန်းက ဤကိစ္စ၏ လေးနက်ပုံကို သိကာ ခေါင်းညိတ်ပြလိုက်သည်။ ဤတစ်ကြိမ် ထာဝရဘုရင်များစွာက သူ့အား သတ်ရန်အတွက် လှုပ်ရှားခဲ့ကြသည်။
မဟာဧကရီက အရန်အစီအစဉ် ထားခဲ့၍သာ မဟုတ်လျှင် အကျိုးဆက်က မတွေးကြည့်ရဲစရာပေ။ သူက နတ်ဧကရာဇ် ဖြစ်လာခဲ့သော်လည်း ထိုအထွတ်အထိပ် ကျင့်ကြံသူများနှင့် အလှမ်းကွာလွန်းနေသေး၏။
ရှန်ထျန်းက လူသားဧကရာဇ် ရုပ်ခန္ဓာ၏ အလားအလာကို အပြည့်အဝ ဖော်ထုတ်နိုင်ရန် သူ့ဘာသာ တိုးတက်လာအောင် ကြိုးစားရမည်။
နတ်ဘုရားလောကက သူ့အတွက် အကောင်းဆုံး လေ့ကျင့်နိုင်သည့်နေရာ ဖြစ်၏။ ထိုနေရာတွင် အဆုံးမဲ့ ကျင့်ကြံရေး အရင်းအမြစ်များရှိသလို သိပ်သည်းလွန်းလှသည့် ဝိညာဉ်ချီအမြောက်အများလည်း ရှိသည်။
ထို့အပြင် ထိုနေရာ၌ ကံကြမ္မာမြင့်မားသူများစွာလည်း ရှိနေလိမ့်မည်။
နတ်ဘုရားလောကက ရှန်ထျန်း ကြီးထွားလာဖို့အတွက် နေရာကောင်းတစ်ခုဖြစ်ကြောင်း ဆိုရပေမည်။ ယခု ရှန်ထျန်းက နတ်ဧကရာဇ် ဖြစ်လာ၍ နယ်မြေငါးခုမှာသာ ဆက်နေနေပါက တိုးတက်လာဖို့ အခွင့်အလမ်း သိပ်မရှိချေ။
သူ့နောက်ဆုံး ဦးတည်ချက်က ဒီနေရာ မဟုတ်ချေ။
ရှန်ထျန်းက အလေးအနက် ပြောလိုက်သည် “ အဖေ ကျွန်တော် နားလည်ပါပြီ။ ဒါပေမဲ့ ဒီမှာ ကိစ္စလေး နည်းနည်းရှိသေးလို့ ”
သူတို့ထွက်လာပြီးနောက် နယ်မြေငါးခုက ထိပ်တန်း ပညာရှင်များ ဆုံးရှုံးသွားလိမ့်မည်။
အကယ်၍ နယ်မြေငါးခုသာ နောက်ထပ် ကပ်ဘေးကို ရင်ဆိုင်ရလျှင် သူတို့ သေချာပေါက် ဖျက်စီးခံရလိမ့်မည်။ ထို့ကြောင့် ရှန်ထျန်းက အရန်အစီအစဉ်တစ်ခု ချန်ထားခဲ့လိုသည်။
ထာဝရဘုရင်ကျစ်ဝေက ခေါင်းညိတ်ကာ “ ငါတို့ နောက်သုံးရက်နေရင် အထွတ်အထိပ် ကောင်းကင်သစ်ပင်ကနေ ထွက်သွားကြမယ် ”
အထွတ်အထိပ် ကောင်းကင်သစ်ပင် နက်နဲလှပြီး ကောင်းကင်လမ်းစဉ်များ ပါဝင်နေသည်။
ရှန်ထျန်းက ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်လာလိုက်သည်။
……………….
ရှုပ်ထွေးပွေလီ ကြယ်တာရာပင်လယ်အနက်ပိုင်းအတွင်း …
လေဟာနယ်က သိပ်သည်းလွန်းသော မြူများဖြင့် ရစ်ပတ်လာသည်။ ထို့နောက် ရှန်ထျန်းက ရှုပ်ထွေးပွေလီ အငွေ့အသက်များကို ဖယ်ရှားရင်း ထွက်လာသည်။
သူက ပင်လယ်အောက်ခြေကို ကြည့်ကာ လေးနက်လာရ၏။ ဤနေရာတွင် ရှေးဟောင်း ကောင်းကင်ခုံရုံး တည်ရှိနေသည်။
လွန်ခဲ့သော နှစ်ကိုးသိန်း လေးသောင်းခန့်က ရှန်ထျန်းသည် အချိန်နှင့်တည်နေရာကို ဖြတ်ကာ ခရီးသွားပြီး ကောင်းကင်ခုံရုံးကို သူ့ကောင်းကင်စစ်သူကြီး ၁၀၈ ဦးနှင့်အတူ ထူထောင်ခဲ့သည်။ သို့သော်လည်း ကောင်းကင်ခုံရုံးမှာ ဖျက်စီးခံလိုက်ရပြီး ကောင်းကင်စစ်သူကြီး တစ်ဝက်လောက် သေဆုံးခဲ့ကြရသည်။
ဤသည်မှာ ထိုပါရမီရှင်များ အသက်ဖြင့် ကာကွယ်ပေးသွားခဲ့သည့် ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်၏။
ယခု ရှန်ထျန်း ပြန်ရောက်လာပြီဖြစ်ရာ ဤရှေးဟောင်း အဖွဲ့အစည်းအား နဂိုကျော်ကြားမှု ပြန်ရအောင် လုပ်ပေးချင်သည်။ သူ့လက်တစ်ချက်အဝေ့တွင် အဆုံးမဲ့ စွမ်းအားများ ထွက်ပေါ်လာသည်။
ထိုစဉ် ရှုပ်ထွေးပွေလီ ပင်လယ်ကြီးက တုန်ခါလာကာ ပင်လယ်ရေများက နှစ်ခြမ်းကွဲသွားသည်။
နှစ်သိန်းချီ တိတ်ဆိတ်နေခဲ့သည့် ရှေးဟောင်း ကောင်းကင်ခုံရုံးကြီးက ဒီလောကထဲ ပြန်ရောက်လာခဲ့လေပြီ။ ကောင်းကင်ခုံရုံးက အပြင်းအထန် တုန်ခါသွားပြီး အလင်းများ တောက်ပလာသည်။
အလင်းတို့ တောက်ပလာပြီးနောက် ပုံရိပ်ယောင်အသွင်များအဖြစ် ဖွဲ့စည်းသွားသည်။ သူတို့က ယခင် သူရဲကောင်းဝိညာဉ်များ ဖြစ်ကြပြီး ယခု လူသားဧကရာဇ် ပြန်ရောက်လာတာကို ကြိုဆိုဖို့ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။
ရှန်ထျန်း၏ အကြည့်တို့ တစ်ချက်တောက်ပသွားကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။
“ညီအစ်ကိုတို့ ငါ ပြန်ရောက်လာပြီ။ အခု မင်းတို့အားလုံးကို နတ်ဘုရားလောကဆီ ခေါ်သွားပေးမယ် ”
အတိတ်တုန်းက မဖြည့်ဆည်းနိုင်ခဲ့သည့် ကတိစကားကို ယခုမှ အကောင်အထည်ဖော်နိုင်တော့သည်။
ရှန်ထျန်းက ကောင်းကင်ခုံရုံးအား ပြန်လည်ထူထောင်ကာ နတ်ဘုရားလောကအထိ သွားပြီး မိစ္ဆာဝိညာဉ်များနှင့် တိုက်ခိုက်ချင်နေသည်။
သူရဲကောင်းဝိညာဉ်များက ရှည်ကြာစွာ ရင်ဝယ်ပိုက်ထားရသည့် ဆန္ဒတို့ ပြည့်သွားသည့်အတွက် ပြုံးလိုက်ကြသည်။
ရှန်ထျန်းက သက်ပြင်းချကာ “ အားလုံး ဘေးကင်းတဲ့ ခရီးလေး ဖြစ်ပါစေ ”
အလင်းက ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ခုံရုံးထဲ ဝင်ရောက်သွားသည်။
ရှန်ထျန်း၏ လက်ခါလိုက်သည့်အခါ ကောင်းကင်ခုံရုံးက ပင်လယ်မှ ထွက်လာပြီး ကောင်းကင်ထဲ ရောက်သွားသည်။ ထိုအရာက ပျက်စီးနေသော်လည်း ခေတ်တစ်ခု၏ မွန်မြတ်သည့် စွမ်းအားကို ကိုယ်စားပြုနေသေးသည်။
ရှန်ထျန်းက နတ်ဧကရာဇ်တစ်ဦး၏ စွမ်းအားဖြင့် ဂုဏ်ကျက်သရေ ထွန်းပြောင်လာအောင် လုပ်ဖို့ ပြင်လိုက်သည်။ ထို့အပြင် သူက ကောင်းကင်ခုံရုံးကို ပြန်လည် တည်ဆောက်ဖို့ ပြိုင်ဖက်ကင်း ထာဝရသတ္တုများကိုပင် သုံးထားခဲ့၏။
ကြီးကျယ်ခမ်းနားသည့် နန်းတော်ကြီးက ပေါ်ထွက်လာပြီး လေဟာနယ်ကို ဖြတ်ကာ အဆုံးမဲ့စွမ်းအားများ ထုတ်လွှင့်နေသည်။
အတိတ်က ပြိုင်ဖက်ကင်း အင်အားစု ပြန်ပေါ်လာခဲ့လေပြီ။ ထို့နောက် ရှန်ထျန်းက လူသားဧကရာဇ် နန်းတော်ကို ဆင့်ခေါ်လိုက်သည်။
နန်းတော်က ရုတ်တရက် ကြီးမားလာပြီး အံ့ဖွယ်အလင်းများ ထုတ်လွှင့်လာသည်။ ရွှေရောင်အလင်းများက မိုးမြေကို လင်းလက်သွားစေသည်။
ရှန်ထျန်း၏ ဦးဆောင်မှုအောက်တွင် လူသားဧကရာဇ် နန်းတော်က ကောင်းကင်ခုံရုံးအထဲ ဝင်သွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေ၏။ ထိုအခါ ကောင်းကင်ခုံရုံး အရှိန်အဝါ ထွက်လာကာ ကြောက်မက်ဖွယ်အတိ ဖြစ်သည်။
ယခု ကောင်းကင်ခုံရုံးက အင်အားစုကြီးတစ်ခု သင်္ကေတ ဖြစ်ရုံတင်မကတော့ဘဲ အထွတ်အထိပ် လက်နက်လည်း ဖြစ်လာလေပြီ။
ရှန်ထျန်း၏ အကြည့်တို့က ပိုမို တောက်ပလာလေ၏။
ထို့နောက် သူက ကောင်းကင်ခုံရုံးနှင်အတူ ထွက်လာလိုက်သည်။
………………...
ကောင်းကင်ခုံရုံး ပြန်လည်ပေါ်ထွက်လာသည့် သတင်းက နယ်မြေငါးခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။
မြောက်များစွာသော လူများက စိတ်လှုပ်ရှားလာကြသလို အံ့အားသင့်သွားကြသည်။ သူတို့က ကောင်းကင်ခုံရုံး၏ ဂုဏ်သတင်းများကို ကြားဖူးသောကြောင့် စိတ်ထဲ ယုံကြည်အားကိုးမှုအပြည့် ဖြစ်နေသည်။
ယခု ကောင်းကင်ခုံရုံး ပြန်လည်ပေါ်ထွက်လာပြီ ဖြစ်၍ ပါရမီရှင်များက ကြည့်ရှုရန် ရောက်လာကြသည်။
အကြောင်းမှာ ကောင်းကင်ခုံရုံး ပိုင်ရှင်က ရှန်ထျန်းသာ ဖြစ်၏။
အားလုံးက ကောင်းကင်ခုံရုံးထဲ ဝင်ကာ မိစ္ဆာဝိညာဉ်များကို တိုက်ထုတ်လိုကြသည်။ သို့သော်လည်း ရှန်ထျန်းက ပေါ်မလာခဲ့ပေ။ သူက နောက်ဆုံးအနေနှင့် မိတ်ဆွေဟောင်းတချို့ကို သွားရှာနေသည်။
ဒီတစ်ခေါက် ထွက်ခွာသွားပါက ဘယ်အချိန်မှ ပြန်ရောက်လာမည်မှန်း မသိချေ။
…………..
သုံးရက်ကြာပြီးနောက် …
ရှန်ထျန်းက လေဟာနယ်ကို ခွင်းကာ အထွတ်အထိပ် ကောင်းကင်သစ်ပင်ရှေ့ ပေါ်ထွက်လာသည်။ လူများစွာက စုဝေးနေကြ၏။
ရှန်ထျန်း၏ အကြည့်တို့ တဖြတ်ဖြတ် တောက်ပလာရသည်။ သူက ထာဝရဘုရင်ကျစ်ဝေ၊ ကိုယ်လုပ်တော်လန်၊ ယဲ့ချန်းခန်အပြင် နယ်မြေငါးခု၏ ပါရမီရှင်များစွာကို မြင်လိုက်ရသည်။
ချီရှောက်ရွမ်၊ ဝမ်ရှန်းယု၊ ရှီထျန်းကျီနှင့် အံ့ဖွယ်မိုးကောင်းကင် ပါရမီရှင်လေးဦး …
သူတို့က ဤခေတ်အခါ၏ ထူးကဲလှသော ပါရမီရှင်များဖြစ်ကာ စွမ်းအားကလည်း ပြိုင်ဖက်ကင်းလှသည်။ အားလုံးက ထာဝရဘုရင် ဖြစ်လာဖို့ အလားအလာရှိကြလေသည်။
သူတို့က ဒီနေ့ရောက်လာခြင်းမှာ ရှန်ထျန်းနှင့်အတူတူ နတ်ဘုရားလောကဆီ လိုက်ရန် ဖြစ်၏။ ရှန်ထျန်းက ထိုအရာကို မြင်ပြီး ရင်ထဲထိမိသွားသည်။
“ အားလုံး သေချာတွေးကြည့်ပြီးပြီလား။ ဒီခရီးမှာ ငါတို့ သေမလား၊ ရှင်မလားတောင် မသေချာဘူး ”
နယ်မြေငါးခုက ကပ်ဘေးကြီး ခံစားခဲ့ရသော်လည်း နတ်ဘုရားလောကမှ တပ်ကူ ရောက်မလာခဲ့ပေ။ ဆိုလိုသည်မှာ နတ်ဘုရားလောကတွင်လည်း အခြေအနေများက သိပ်မဟန်လောက်ပေ။
နတ်ဘုရားလောကတွင်လည်း ကပ်ဘေးနှင့် ရင်ဆိုင်နေရတာမျိုး ဖြစ်နေနိုင်သည်။ ဤခရီးကြောင်းက အန္တရာယ်အပြည့် ဖြစ်နေလေ၏။
အကယ်၍ အလျှင်စလို ဝင်ရောက်သွားလျှင် သူတို့က သေခြင်းရှင်ခြင်း အခြေအနေများနှင့် ကြုံတွေ့နိုင်လာသည်။
ရှန်ထျန်း၏ စကားကို ကြားကာ အားလုံးက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်ကြသည် “ ငါတို့ ကောင်းကင်ခုံရုံးထဲ ဝင်မယ်။ ငါတို့အသက်တွေနဲ့ နတ်ဘုရား နတ်ဧကရာဇ်နောက်လိုက်ဖို့ တောင်းဆိုပါတယ် ”
ရှန်ထျန်းက ကောင်းကင်ခုံရုံး၏ ပိုင်ရှင်ဖြစ်လေသည်။ ယခု သူက နတ်ဧကရာဇ်လည်း ဖြစ်လာပြီဖြစ်၍ ကမ္ဘာကနေ နတ်ဘုရား နတ်ဧကရာဇ်အဖြစ် အသိအမှတ်ပြုလို့ ရလေပြီ။
ရှန်ထျန်းက သူတို့အား နက်နက်ရှိုင်းရှိုင်းကြည့်လိုက်မိသည် “ ကောင်းပြီလေ။ သွားကြစို့ ”
အုပ်စုလိုက် အထွတ်အထိပ် ကောင်းကင်သစ်ပင်ဆီ သွားလိုက်ကြသည်။ ဤသည်မှာ နတ်ဘုရားလောကဆီ လမ်းကြောင်း ဖြစ်၏။
အထွတ်အထိပ် ကောင်းကင်သစ်ပင်ထိပ်မှ အံ့ဖွယ်အလင်းတန်း ထွက်ပေါ်လာပြီး တိမ်ပင်လယ်ထဲ ထိုးဖောက်သွားသည်။ ထိုအလင်းတန်းက မိုးမြေနှင့် စွမ်းအားကြီးကမ္ဘာတစ်ခုကို ဆက်သွယ်ထားသည့် အနှိုင်းမဲ့ စွမ်းအားတွေ သယ်ဆောင်ထားသည်။
အားလုံး၏ အကြည့်များက ဝေဝါးလာပြီးနောက် ဆန်းကြယ်သည့် နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။ သူတို့အမြင်ကြည်လင်လာသည့်အခါ သူတို့က ရှေးဟောင်းလမ်းတစ်ခုပေါ် ပေါ်လာကြောင်း သတိထားမိလိုက်ကြသည်။
ဤနေရာကို ရောင်စုံအလင်းများဖြင့် လွှမ်းခြုံထားသောကြောင့် အင်မတန် ဆန်းကြယ်လှသည်။
ရှေးဟောင်းလမ်းက ရှည်လျားကာ အဆုံးမဲ့နေသည်။ သို့သော်လည်း အကန့်အသတ်မဲ့ ကြယ်တာရာကောင်းကင်ဖြင့် ဝန်းရံထားပုံပေါ်၏။
အားလုံးက သူတို့ နတ်ဘုရားလောကဆီ သွားတော့မည်မှန်း သိကာ စိတ်လှုပ်ရှားလာကြသည်။ သူတို့က ရှန်ထျန်းနောက်လိုက်သွားကြ၏။
ထာဝရဘုရင်ကျစ်ဝေက ပြောလိုက်သည် “ထျန်းအာ ငါတို့ထွက်လာပေမဲ့ နယ်မြေငါးခုက အရမ်းလုံခြုံနေတယ်လို့တော့ ယူဆလို့ မရသေးဘူး။ တစ်ခုတည်းသော နည်းလမ်းက ဒါကို ခွဲထုတ်လိုက်ပြီးတော့ ဒီအဆုံးမဲ့အာကာပြင်ကို ဖြတ်သွားဖို့ပဲ…
နတ်ဘုရားလောကနဲ့ ဆက်သွယ်နိုင်ဖို့ အထွတ်အထိပ် ကောင်းကင်သစ်ပင်ပဲ ချန်ထားလိုက်ရင် ရပြီာ။ ဒီနည်းနဲ့ ဘယ်သူမှ နယ်မြေငါးခုကို ဘယ်သူမှ ရှာတွေ့မှာ မဟုတ်တော့ဘူး။ အဲဆိုတော့ ဘေးကင်းလုံခြုံလာလိမ့်မယ် … ”
နယ်မြေငါးခု၏ အကာအရံက ပျက်စီးသွားပြီဖြစ်၍ မိစ္ဆာဝိညာဉ်များက အချိန်မရွေး ကျူးကျော်လာနိုင်သည်။
ပါရမီရှင်များစွာ ထွက်သွားသောကြောင့် နယ်မြေငါးခုက အုတ်မြစ် ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် မိစ္ဆာဝိညာဉ်မျိုးနွယ်မှ အင်အားစုများကို ခုခံဖို့ မလုံလောက်ချေ။
သိပ်မကြာခင် ထာဝရဘုရင် ကျစ်ဝေက ခေါင်းခါကာ “ ငါတို့ နယ်မြေငါးခုကို ခွဲထုတ်ဖို့ အထွတ်အထိပ် စွမ်းအား လိုနေသေးတယ်။ ငါတို့စွမ်းအားနဲ့ မလုံလောက်သေးဘူး။
ကြည့်ရတာ ငါ တခြားလူတွေဆီကနေ အကူအညီတောင်းရတော့မှာပဲ ”
ယခင် အထွတ်အထိပ် ထာဝရဘုရင် ၃၆ ဦးက သူ့ခန္ဓာကိုယ်များကို တာအိုအဖြစ် ပြောင်း၍ နယ်မြေငါးခုကို ကာကွယ်ပေးဖို့ တုံ့ဆိုင်းမနေခဲ့ချေ။ သူတို့၏ လက်ရှိအနေအထားဖြင့် လုပ်ရန် ခက်ခဲနေသေး၏။
ရှန်ထျန်း၏ အကြည့်တို့က တောက်ပလာကာ “ကျွန်တော်မှာ အကြံတစ်ခုရှိတယ် ”
သူက ထိုအကြောင်းကို တွေးမိပြီး ကြိုတင်ပြင်ဆင်ထားခဲ့၏။ သူက လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်ယူလိုက်ပြီး အသက်သွင်းလိုက်သည်။
ဤသည်မှာ ပထမလူသားဧကရာဇ်၏ မဟာအသုံးအဆောင် ဖြစ်၍ ပြိုင်ဖက်ကင်း စွမ်းအားများ ပါဝင်နေသည်။
ရှန်ထျန်းက လူသားဧကရာဇ် ရုပ်ခန္ဓာ ပိုင်ဆိုင်ထားပြီး စွမ်းအားအပြည့်အဝ ထုတ်လွှင့်နိုင်လေသည်။ ဤစွမ်းအားဖြင့် သူက နယ်မြေငါးခုကို အပြည့်အဝ ခွဲထုတ်နိုင်လိမ့်မည်။ အကြောင်းမှာ လူသားဧကရာဇ် စည်းတံဆိပ်သည် နယ်မြေငါးခု၏ ဝိညာဉ်ကြောများကို ထိန်းချုပ်ထားနိုင်သလို ကမ္ဘာ၏ သဘာဝအရင်းအမြစ်ကိုလည်း ထိန်းချုပ်နိုင်လေ၏။
“လေဟာနယ် ခွဲထုတ်ခြင်း ”
ရှန်ထျန်းက လူသားဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းလိုက်သည်။ ထိုစဉ် ရှေးဟောင်းစည်းတံဆိပ်များ ပြောက်ကျားထွက်ပေါ်လာကာ တောက်ပလာသည်။ သူတို့ဆီမှ အံ့ဖွယ်အလင်းတန်း ထွက်လာပြီး နယ်မြေငါးခုကို ဖုံးလွှမ်းသွားသည်။
ဝုန်း
အဆုံးမဲ့ မဟာတာအိုများက ကောင်းကင်ထဲ လွှင့်မျှောနေလေသည်။
ဤသည်မှာ ကမ္ဘာ၏ စွမ်းအားအရင်းအမြစ်ဖြစ်ပြီး ကျယ်ပြောလွန်းကာ တိုင်းတာမရနိုင်ပေ။
နယ်မြေငါးခုကို မဟာတာအိုသင်္ကေတများဖြင့် ဝန်းရံထားပြီး ဝုန်းခနဲ အသံမြည်ကာ အဝေးသို့ ရွေ့သွားကြသည်။ ထိုအရာက ဘာအမှတ်အသားမှ မပါဘဲ အာကာပြင်ထဲ ဝေ့ဝဲနေပြီး နယ်မြေငါးခုအား ပြင်ပလောကနှင့် သီးသန့်ခွဲထုတ်ထားနိုင်လိုက်သည်။
အထွတ်အထိပ် ကောင်းကင်သစ်ပင်တစ်ခုတည်းသာ နတ်ဘုရားလောကနှင့် ဆက်သွယ်ဖို့ ကျန်ရှိနေလေ၏။
ထိုအရာအားလုံး လုပ်ပြီးနောက် အားလုံးက သက်ပြင်းချလိုက်ကြသည်။ ယခု သူတို့က ဘာမှစိုးရိမ်စရာ မရှိတော့ပေ။
………….....
ရှန်ထျန်းက မသေမျိုးလမ်းကို ကြည့်ကာ အကြည့်တို့ ပြင်းပြလာသည်။
“သွားကြစို့ … ကမ္ဘာအသစ်က ငါတို့ကို စောင့်ကြိုနေပြီ ”
လူအုပ်စုလိုက် လျှောက်လှမ်းသွားကြကာ အဆုံးသတ်တွင် သူတို့က မသေမျိုးလမ်းအဆုံး၌ ပျောက်ကွယ်သွားကြသည်။
ပြီးပါပြီရှင့် …
ရှန်ထျန်းလေးကို အားပေးလာကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် …