အရှင်ချင်းဖန် ရောက်လာခြင်း...
Vol. 55 Ch. 800
" ရောက်လာတဲ့ ချင်းတမန်တော်က လွှမ်းမိုးခြင်းအဆင့်ပဲ။ " လင်းယွမ်က အရပ်ရှည်သော လူကု ကြည့်ပြီး ချင်းတမန် သုံးယောက်ထဲတွင် နှစ်ယောက်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တွင် ရှိပြီး တစ်ယောက်က လွှမ်းမိုးခြင်းအဆင့်တွင် ရှိနေသည်။
" ဒီရင်းမြစ်ကမ္ဘာရဲ့ အခြေခံအုတ်မြစ်က တကယ်ကို အံ့ဩစရာပဲ။ " လင်းယွမ်က အနည်းငယ် အံ့ဩစွာ တွေးလိုက်၏။
ချင်းဖန်နယ်မြေက ကျယ်းဝန်းသော်လည်း ဖရိုဖရဲဟင်းလင်းပြင်ရှိ စကြာဝဠာတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ သို့သော် ၎င်းက အစွမ်းထက်သူများစွားကို လက်ခံထားနိုင်သည်။
" အဲ့ဒါ လီယန်ကျင့်စဉ်ကြောင့်လား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
လီယန်ကျင့်စဉ်က လီယန်ရှေးဟောင်းနိုင်ငံ၏ သက်ရှိများတွင် နိယာမများအား နားလည်နိုင်မှုကို မြှင့်တင်ပေးသောကြောင့် အစွမ်းထွက်သူများ ထွက်ပေါ်လာနိုင်ခြေကို များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။
" တကယ်ရော ဖြစ်နိုင်ပါ့မလား။ " အရပ်ရှည်သော လူက အနီရောင်မှန်ကို စိုက်ကြည့်နေသည်။ သူက လီယန်မျိုးစေ့ပင်လယ်၏ လှိုင်းများကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေသည်။
" စီနီယာအကိုရဲ့ လက်ရှိအဆင့်နဲ့တောင် လီယန်မျိုးစေ့ ဒီလောက်အများကြီးကို စုစည်းနိုင်မှာမဟုတ်ဘူး။ " အရပ်ရှည်သော လူက စိတ်ထဲမှ တွေးလိုက်သည်။
စီနီယာအကိုဆိုသည်မှာ အရှင်ချင်းဖန်၏ ပထမဆုံး တပည့်ဖြစ်ပြီး ချင်းဖန်နယ်မြေတွင် အရှင်ချင်းဖန်ပြီးလျှင် ဒုတိယနေရာတွင် ရှိနေသော ဖုန်းဝမ်ရှင်းပင် ဖြစ်သည်။ သူက အသက်ငါးရာမပြည့်မီ လီယန်မျိုးစေ့ ခုနှစ်ရာကျော်ကို စုစည်းနိုင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူ၏ လီယန်မျိုးစေ့ လက်ရှိအရေအတွက်က တိုးလာသည်မှာသေချာသည်။ သို့သော် အနီရောင်မှန်ပေါ်မှ လီယန်မျိုးစေ့ပင်လယ်နှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
" အသက်ငါးရာမပြည့်ခင် ဒီလို ဘယ်လိုလုပ် လုပ်နိုင်ခဲ့တာလဲ။ " အခြားချင်းတမန်တော်တစ်ယောက်ကလည်း နားလည်ရခက်ခဲနေသည်။
လီယန်ရှေးဟောင်းနိုင်ငံမှ ပေးအပ်ထားသော အမွေအနှစ်ဖြစ်သည့် အနီရောင်မှန်က မှားယွင်းနိုင်မည်မဟုတ်ပေ။ လီယန်မျိုးစေ့များဖြင့် ဖွဲ့စည်းထားသောပင်လယ်တစ်ခု၊ ယုရန်က တစ်နှစ်ကြာတိုင်း လီယန်မျိုးစေ့များကို စုစည်းခဲ့တာလား။
ချင်းတမန်တော်များ မသိသည်မှာ လင်းယွမ်က ထိုလီယန်မျိုးစေ့များကို တစ်နှစ်အတွင်း စုစည်းခဲ့ခြင်းသာ ဖြစ်သည်။ သူက အသက်ရှူချိန်အနည်းငယ် ကြာတိုင်း လီယန်မျိုးစေ့တစ်ခုကို စုစည်းခဲ့ခြင်းဖြစ်သည်။
" စီနီယာအကို အခု ဘာလုပ်ရမလဲ။ " အရပ်ရှည်သောလူက နေရာတွင် ရပ်တန့်နေသည်ကို မြင်သောအခါ ရှီစုန်က လျင်မြန်စွာ မေးလိုက်သည်။
" ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ " အရပ်ရှည်သော လူက ရှီစုန်ကို တစ်ချက်ကြည့်လိုက်သည်။
" ကျွန်တော်လား။ " ရှီစုန်က စဉ်းစားလိုက်သည်။ " အရှင်ကို ဆက်သွယ်ရမလား။ "
" မလိုဘူး။ " အရပ်ရှည်သော လူက ခေါင်းခါလိုက်ပြီး သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။ " အရှင်က သိနေလောက်ပြီ။ "
လီယန်ရှေးဟောင်းမှန်များက လက်အောက်ခံမှန်များနှင့် အဓိကမှန်ဟူ၍ ခွဲခြားထားသည်။ ချင်းတမန်တော်များက ချင်းဖန်နယ်မြေကို လှည့်လည်သောအခါ လက်အောင်ခံမှန်များကို ယူဆောင်လာကြသည်။အဓိကမှန်က အရှင်ချင်းဖန်၏ လက်ထဲတွင် ရှိနေသည်။
ချင်းဖန်နယ်မြေ၏ အလယ်တွင် ခမ်းနားထည်ဝါသော မြို့တစ်ခုရှိနေသည်။ ၎င်းက ကြီးမားကျယ်ပြန့်လှပြီး အစွမ်းထက်သူများစွာက ဝင်ထွက်နေကြသည်။
မြို့အတွင်းရှိ ချင်းဖန်စံအိမ်တွင် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ခြေချိတ်ထိုင်နေပြီး မျက်ခုံးများကြားတွင် အပြာရောင်မီးတောက်တစ်ခု လင်းလက်နေသည်။ သူက အရှင်ချင်းဖန်ဖြစ်ပြီး မဟာအရှင်သခင်ချင်းဖန်ဟုလည်း ခေါ်ကြသည်။
" ဟမ် " အရှင်ချင်းဖန်က ရုတ်တရက် မျက်လုံးများဖွင့်ပြီး သူ၏ မျက်ခုံးများကြားရှိ အပြာရောင်မီးတောက်က လင်းလက်သွားကာ အနီရောင်မှန်တစ်ချပ်က သူ၏ ရှေ့တွင် ပေါ်လာသည်။
" လီယန်မျိုးစေ့ ၁၀၃၆၃ ခုကို အသက်ငါးရာမပြည့်ခင် ပေါင်းစည်းနိုင်ခဲ့တာလား။ " အရှင်ချင်းဖန်က ထိတ်လန့်တုန်လှုပ်သွားသည်။
မှန်၏ မျက်နှာပြင်က အနီရောင်အလင်း ထွက်ပေါ်လာပြီး လီယန်မျိုးစေ့များနှင့် ဖွဲ့စည်းထားသော ပင်လယ်တစ်ခု ပေါ်လာသည်။ လီယန်ရှေးဟောင်းနိုင်ငံတွင် လီယန်မျိုးစေ့များက နိယာမများကို နားလည်းခြင်း၏ သင်္ကေတဖြစ်ရုံသာမက ပိုမိုနက်ရှိုင်းသော အဓိပ္ပါယ်လည်း ရှိနေသည်။
" ဒီလိုပါရမီရှင်မျိုးကို ချင်းဖန်နယ်မြေမှာ တစ်ခါမှမမြင်ဖူးခဲ့ဘူး။ လီယန်ရှေးဟောင်းနိုင်ငံမှာတောင် မရှိခဲ့ဘူး။ " အရှင်ချင်းဖန်က တွေးလိုက်သည်။
" အဲ့ဒီနေရာကလား။ " အရှင်ချင်းဖန်၏ အကြည့်က ယုမိသားစုနှင့် တုန်ယန်မိသားစုတို့နေထိုင်ရာဒေသသို့ ရောက်ရှိသွားသည်။
" အဲ့ဒါ ယိုကျူးနဲ့ ရှီစုန်တို့ သွားတဲ့နေရာပဲ။ "
အရပ်ရှည်သော လူက ယိုကျူးဖြစ်ပြီး အရှင်ချင်းဖန်၏ တပည့်တစ်ယောက်ဖြစ်သကဲ့သို့ အလေးထားခံရသူလည်း ဖြစ်သည်။
" ငါကိုယ်တိုင် သွားကြည့်မယ်။ " အရှင်ချင်းဖန်က မသေချာသောကြောင့် ကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လီယန်ရှေးဟောင်းမှန်က အမှားအယွင်းမရှိနိုင်သော်လည်း သူက ထပ်မံအတည်ပြုချင်သေးသည်။
ယုမိသားစု၏ အပြင်ဘက်တွင် တုန်ယန်မိသားစု၏ ဘိုးဘေးများက အဝေးတစ်နေရာတွင် ရှိနေသည်။
" ချင်းတမန်တော် သုံးယောက်လုံးက အခု ယုမိသားစုထဲမှာပဲ။ " တုန်ယန်မိသားစု၏ ဘိုးဘေးတစ်ယောက်က ပြောလိုက်သည်။
သူက ကြောင်းကျိုးနိယာမတွင် ကျွမ်းကျင်ပြီး ချင်းတမန်တော်သုံးယောက်နှင့် သက်ဆိုင်သော ကြောင်းကျိုးဆက်နွယ်မှုကို မှေးမှိန်စွာ ခံစားနိုင်သည်။ သို့သော် အနည်းငယ် ဝေးကွာလျှင် သူက ဘာမှခံစားနိုင်မည်မဟုတ်ပေ။
ချင်းတမန်တော်သုံးယောက်ကလည်း ကြောင်းကျိုးဆက်နွယ်မှုများကို ဖုံးကွယ်ရာတွင် ကျွမ်းကျင်ကြပြီး သူတို့၏ နေရာအတိအကျကို ခြေရာခံရန် မဖြစ်နိုင်ပေ။ ယခု အကွာအဝေးက အလွန်နီးနေသောကြောင့်သာ သူက အနည်းငယ် အာရုံခံမိခဲ့ခြင်းဖြစ်သည်။
" မှန်တယ်။ " တုန်ယန်မိသားစု၏ ဘိုးဘေးတစ်ယောက်က မသက်မသာ ခံစားလိုက်ရသည်။
ယခင် ချင်းတမန်တော်နှစ်ယောက် ရုတ်တရက် ထွက်သွားခြင်းက ယုမိသားစုနှင့် ပက်သက်နေနိုင်သည်ဟု သူတို့က ခန့်မှန်းခဲ့ကြသည်။ ယခု ချင်းတမန်တော် သုံးယောက်က ယုမိသားစုတွင် အမှန်တကယ် ရှိနေကြသည်။
" ချင်းတမန်တော်တွေက ယုမိသားစုကို ဘာလို့သွားကြတာလဲ။ " တုန်ယန်မိသားစု၏ ဘိုးဘေးများက စိတ်ရှုပ်ထွေးနေကြသည်။ သူတို့က လီယန်မျိုးစေ့ ဆယ်ခုပါရမီရှင် တုန်ယန်မန်ကို လျစ်လျူရှုပြီး ယုမိသားစုကို ရောက်လာကြတာလား။
" ယုမိသားစုမှာလည်း လီယန်မျိုးစေ့ ဆယ်ခုပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတာလား။ " တုန်ယန်မိသားစု၏ ဘိုးဘေးတစ်ယောက်က ထင်ကြေးပေးလိုက်သည်။
" မဖြစ်နိုင်ဘူး။ ငါဖန်တီးထားတဲ့ အမှောင်ဆင်းသက်ခြင်းစွမ်းအားက ဒီလောက် လွယ်လွယ်နဲ့ ပြန်ကောင်းနိုင်မှာမဟုတ်ဘူး။ " တုန်ယန်မိသားစု၏ ဘိုးဘေးတစ်ယောက်က မျက်မှောင်ကြုတ်နေသည်။ အမှောင်ဆင်းသက်ခြင်းစွမ်းအားက သူကျင့်ကြံသော လမ်းစဉ်မှ ဆင်းသက်လာသော ထူးခြားသည့် စွမ်းအားဖြစ်သည်။
ထိုစွမ်းအားက တာအိုရှာဖွေခြင်းအဆင့်တူများထဲမှာပင် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေပြီး တာအိုရှာဖွေခြင်းအဆင့်အောက်မှ ယုရန်ဆိုလျှင် ပြောစရာပင် မလိုပေ။ ယုရန်က အသက်ရန်အတွက်ပင် ကြိုးစားအားထုတ်မှုများစွာ လိုအပ်ပြီး လီယန်မျိုးစေ့ဆယ်ခုကို စုစည်းရန် မဖြစ်နိုင်ပေ။
" မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ မင်းဖန်တီးထားတဲ့ အမှောင်ဆင်းသက်ခြင်းစွမ်းအားက အနိုင်မယူနိုင်တဲ့အဆင့်မှ မဟုတ်တာ။ " တုန်ယန်မိသားစု၏ ခေါင်းဆောင်ဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်သည်။
ချင်းတမန်တော်သုံးယောက်၏ အပြုအမူကို ကြည့်လျှင် အဖြစ်နိုင်ဆုံးမှာ ယုမိသားစုမှ ယုရန်ကလည်း လီယန်မျိုးစေ့ဆယ်ခု ပါရမီရှင်တစ်ယောက် ဖြစ်နေခြင်းပင်ဖြစ်သည်။
" နှမြောစရာပဲ။ အစကတည်းက သေချာလုပ်ပြီး လွတ်မြောက်နိုင်တဲ့ လမ်းစအားလုံးကို ဖြတ်တောက်ခဲ့သင့်တယ်။ " အမှောင်ဆင်းသက်ခြင်းစွမ်းအားကို ဖန်တီးခဲ့သော ဘိုးဘေးက ရေရွတ်လိုက်သည်။
" အခုတော့ နောက်ကျသွားပြီ။ " တုန်ယန်မိသားစု၏ ခေါင်းဆောင်ဘိုးဘေးက ပြောလိုက်သည်။ " ဒါပေမယ့် ငါတို့ မန်အာကလည်း လီယန်မျိုးစေ့ ဆယ်ခုပါရမီရှင်ပဲ။ ယုမိသားစုက လူငယ်နဲ့ အဆင့်တူဖြစ်ရင်တောင် ငါတို့ ကြောက်စရာမလိုဘူး။ "
" မှန်တယ်။ အဲ့ဒီယုမိသားစုက လူငယ်က ကံကောင်းလို့ လီယန်မျိုးစေ့ဆယ်ခုကို မတော်တဆ စုစည်းနိုင်ခဲ့တာပဲ။ ငါတို့မန်အာနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ "
တုန်ယန်မိသားစု၏ ဘိုးဘေးများက စကားပြောနေကြချိန်တွင် ရုတ်တရက် ပြင်းထန်သော အပူလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များက တောင့်တင်းသွားကြပြီး သူတို့၏ အမြင်တွင် အပြာရောင်မီးတောက်များက ကောင်းကင်နှင့် မြေကြီးကြားတွင် ပြည့်နှက်သွားခဲ့သည်။
" အပြာရောင်မီးတောက်..."
" ဒါ အရှင်ချင်းဖန်ရောက်လာတာလား။ "
" အရှင်ချင်းဖန်လား။ "
" မဟာအရှင်သခင်ချင်းဖန်။ " တုန်ယန်မိသားစု၏ ဘိုးဘေးများက အံ့အားသင့်သွားကြပြီး သူတို့၏ စိတ်များ တုန်ယင်သွားကြသည်။ အပြာရောင်မီးတောက်များက ထိန်းချုပ်ထားခြင်းမရှိလျှင် သူတို့က မီးတောက်များကို မြင်လိုက်သည်နှင့် ပြာမှုန့်များဖြစ်သွားပေလိမ့်မည်။
" အရှင်ချင်းဖန်ကပါ ယုမိသားစုကို ရောက်လာတာလား။ "
သူတို့က ယုမိသားစုအတွင်း သူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်သော အရာတစ်ခု ဖြစ်ပျက်နေသည်ကို သိလာကြသည်။ အရှင်ချင်းဖန်ကိုယ်တိုင် ဆင်းသက်လာအောင် ယုမိသားစုမှာ ဘယ်လိုကိစ္စမျိုး ဖြစ်ပျက်နေတာလဲ။
" အရှင်ချင်းဖန်က ယုမိသားစုကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။ " တုန်ယန်မိသားစု ဘိုးဘေးများ၏ စိတ်ထဲတွင် ထိုမေးခွန်းတစ်ခုနှင့် ပြည့်နှက်နေသည်။