သူ့အသက်ကို သွားလွှင့်ပစ်တယ်
Vol. 1 Ch. 298
"ဟူး ... ဟူး ... "
ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ခမ်းနားလှသော ခြံဝန်းတစ်ခု အတွင်းတွင် ချမ်ဝမ်ကွမ်သည် လက်ဖက်ရည်ခွက်ကို ကိုင်၍ သက်ပြင်း အထပ်ထပ် ချလျက်ရှိသည်။ ရှားနိုင်ငံမှ ချမ်ဂိုဏ်း၏ ကုန်သွယ်ရေး အဖွဲ့အစည်းများ အားလုံး ပြောင်းရွှေ့ နိုင်ခဲ့သည်။ ဆုံးရှုံးမှုများ ရှိသော်လည်း လက်ခံနိုင်သည့် အတိုင်းအတာ အတွင်းတွင်သာ ဖြစ်သည်။ စစ်ပွဲမှ အကျိုးအမြတ် တို့လည်း ရရှိခဲ့သေးသောကြောင့် ထိုအကြောင်းကို စိတ်အနှောင့်အယှက် မဖြစ်မိပေ။
သူစိတ်ပူနေသည်မှာ စုလောရွှယ် အကြောင်း ဖြစ်သည်။ နောက်မှ စုလောရွှယ် သေပြီဟု ကျန်းရီ သိရလျှင် မည်မျှဒေါသ ထွက်လိုက်မည်နည်း။
"ဘန်း"
ထိုခဏတွင် တစ်စုံတစ်ယောက်က ခြံဝန်းတံခါးကို ကန်ဖွင့်လာလေသည်။ ချမ်ဝမ်ကွမ် လှမ်းကြည့်လိုက်သော် မျက်လုံးများ ပြူးကျယ်သွားသည်။ အခြေအနေ မကောင်းတော့မှန်း သူသိလိုက်ပေပြီ။ သူသည် ဝတုတ်တုတ် ကိုယ်ကြီး သယ်၍ ခပ်မြန်မြန် ထရပ်လိုက်ပြီး အားယူပြုံးကာ မေးလိုက်သည်။
"အစ်ကိုကြီး ... မင်း ... မင်း ဘာလို့ပြန်လာတာလဲ"
"ဟမ့်"
ကျန်းရီသည် မည်းမှောင်နေသော မျက်နှာထားနှင့် နှာမှုတ်လိုက်သည်။ သူသည် ချမ်ဝမ်ကွမ်ကို စိုက်ကြည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းနဲ့ ကျောင်းအုပ် ဒီလိုကိစ္စကြီးကို ငါ့ဆီ ဘာလို့ အကြောင်းမကြားတာလဲ၊ လောရွှယ် ရှားယွိမြို့မှာ ရှိနေသေးလား"
ချမ်ဝမ်ကွမ်သည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေရင်းမှ ပြန်ဖြေလာသည်။
"အစ်ကိုကြီး ... ဒီကိစ္စက ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ၊ ကျေးဇူးပြုပြီး အလျင်စလို မလုပ်ပါနဲ့ မဟုတ်ရင် ... "
"တော်တော့"
ကျန်းရီသည် လက်ကာပြ၍ ချမ်ဝမ်ကွမ် ပြောနေသည်ကို ရပ်တန့်စေလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်းကို ငါမေးတာ စုလောရွှယ် ရှားယွိမြို့မှာ ရှိနေသေးလား၊ ရှိလား မရှိဘူးလားပဲ ဖြေ"
ချမ်ဝမ်ကွမ်မှာ စိတ်ဓာတ်ကျသည့် အမူအရာနှင့် အံကြိတ်၍ ပြန်ဖြေလိုက်သည်။
"ရှိသေးတယ် ... ငါသူမကို သင်တန်းကျောင်းဆီ ခေါ်လာဖို့ လူလွှတ် ပြီးသွားပြီ၊ ဒါပေမဲ့ သူမက ရှားနိုင်ငံ မရှိတော့ရင် သူမတစ်ယောက် အသက်ရှင်မှာ မဟုတ်ဘူး ဆိုပြီး ပြောတယ် ... ဒါကြောင့် ... "
"ဝှစ်"
ချမ်ဝမ်ကွမ်ပင် စကား မဆုံးလိုက်သေး ကျန်းရီသည် စကားတစ်ခွန်း အော်ပြောခဲ့ပြီး သင်တန်းကျောင်း အပြင်ဘက်သို့ ပြေးသွားခဲ့သည်။
"ရှောင်နူ ... သင်တန်းကျောင်းမှာ ကောင်းကောင်းနေခဲ့"
"အစ်ကိုကြီး"
"သခင်လေး"
ချမ်ဝမ်ကွမ်နှင့် ကျန်းရှောင်နူသည် တစ်ပြိုင်နက်တည်း အော်ဟစ်မိလိုက်သည်။ ကျန်းရှောင်နူသည် ဘာဖြစ်နေသည်ကို မသိသော်လည်း ကိစ္စ အကြီးကြီးမှန်းတော့ သိလေသည်။ သူမသည် ချမ်ဝမ်ကွမ်ကို ကြည့်လိုက်ပြီး တုန်လှုပ်စွာ မေးလိုက်သည်။
"အစ်ကိုကြီးချမ် ... သခင်လေး ဘယ်ကိုသွားတာလဲ"
"ဘယ်ကိုလဲ ဟုတ်လား ... ရှားယွိမြို့က တစ်စုံတစ်ယောက်ကို သွားကယ်မလို့ပေါ့၊ သူက စစ်သည် သန်းပေါင်းများစွာ ပါတဲ့ စစ်တပ်ကို တော်လှန်မလို့ လုပ်နေတယ်၊ သူ့အသက်ကို လွှင့်ပစ်ဖို့သွားတာ ... "
ချမ်ဝမ်ကွမ်သည် မျက်နှာပျက်ပျက်နှင့် အံကြိတ်၍ ရှင်းပြလိုက်သည်။ ထို့နောက် ကျန်းရှောင်နူ အားလည်း ဂရုမစိုက် နိုင်တော့ချေ။ သူ၏ ကိုယ်ဝဝကြီးသည် ကျူးကော့ချမ်ယွမ်၏ အဆောင်ရှိရာသို့ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။ ကျန်းရီ၏ ရူးမိုက်သော အပြုအမူကို တားဆီးနိုင်မည်မှာ ကျူးကော့ချမ်ယွမ်သာ ရှိတော့ကြောင်း သူသိ၍ဖြစ်သည်။
"ဘာ ... သခင်လေးက သူ့အသက်ကို စွန့်ပစ်တော့မလို့"
ကျန်းရှောင်နူသည် ထိတ်လန့်လွန်း၍ ကိုယ်လေး တသိမ့်သိမ့် တုန်လာခဲ့သည်။ သူမသည် ယခုမှ အဆောင်ထဲက ထွက်လာပုံရသော ကျန်းယွင်ဟိုင်အား လျစ်လျူရှု၍ ပြေးထွက်လာခဲ့သည်။
ကျန်းရှောင်နူသည် ကျန်းရီကို မည်သို့ အမှီလိုက် နိုင်မည်နည်း။ သူမ သင်တန်းကျောင်း အပြင်သို့ ရောက်သည်နှင့် ကျန်းရီအား အစအနပင် ရှာမရတော့ချေ။
"ငါဘာလုပ်ရမလဲ ... ငါဘာလုပ်ရမလဲ"
ကျန်းရှောင်နူသည် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ် တစ်ကောင်ပမာ ခံစားနေရသည်။ သူမသည် ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ထု့ိနောက် မျက်လုံးများ တောက်ပသွားကာ တောင်အောက်သို့ ပြေးဆင်းသွားခဲ့သည်။
သူမတွင် အင်အား တစိုးတစိမျှ မရှိရာ တောင်အောက်လမ်းပေါ်သို့ ရောက်ရန် တစ်ရက်နှစ်ရက်မျှ ကြာသွားနိုင်လေသည်။ ထို့ပြင် လမ်း၌ နတ်ဆိုး သားရဲများလည်း တွေ့နိုင်သေးသည်။ သို့သော် သူမသည် အားကုန်သုံး၍ ပြေးဆင်းလာခဲ့သည်။
သူမသည် ကံကောင်းသွား၍ ကင်းလှည့်အဖွဲ့ တစ်ခုနှင့် တည့်တည့်တိုးလေ၏။ သူမသည် ချက်ချင်း အော်ခေါ်လိုက်သည်။
"လူကြီးမင်းတို့ ကျွန်မကို ဟေးယွင်တောင်ဆီ ပို့ပေးလို့ရမလား၊ ကျွန်မမှာ အရေးကြီးကိစ္စ ရှိလို့ပါ "
"ကျန်းရှောင်နူ"
ကင်းလှည့်အဖွဲ့မှ လူများသည် သူမကို ချက်ချင်း မှတ်မိ သွားကြသည်။ ကျန်းရီသည် သင်တန်းကျောင်းတွင် အလွန်ကျော်ကြားရာ သူမကို မသိသူ မရှိပေ။ ယခုအခါ ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူ နှစ်ယောက်လုံးပါ ကျော်ကြားသူများ ဖြစ်နေကြသည်။ ကင်းလှည့်အဖွဲ့မှ လူများသည် သူမတစ်ယောက်တည်း တောင်ပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ထိတ်လန့်သွားကြပြီး သူမဆီ အမြန်သွားလိုက်ကြသည်။
ကျန်းရှောင်နူသည် ပြေးရလွန်း၍ ဟောဟဲပင် ဆိုက်နေချေပြီ။ သူမသည် အလောတကြီး ပြောလိုက်သည်။
"မြန်မြန်လေး ... ကျွန်မကို ဟေးယွင်တောင်ဆီ ခေါ်သွားပေးပါ၊ မဟုတ်ရင် နောက်ကျကုန်လိမ့်မယ်"
"ကောင်းပြီ"
ကင်းလှည့်အဖွဲ့သည် ဘာဖြစ်နေသည်ကို မသိသော်လည်း ကျန်းရှောင်နူထံမှ တောင်းဆိုချက် သေးသေးလေးကို မည်သို့ ငြင်းဆို နိုင်ကြမည်နည်း။ ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့်တွင် ရှိနေသော အဖွဲ့ခေါင်းဆောင်သည် ကျန်းရှောင်နူကို သယ်ဆောင်၍ ဟေးယွင်တောင်ဆီ အစွမ်းကုန် ပြေးလာခဲ့သည်။
ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့်က သယ်ဆောင်ပေးရာ ကျန်းရှောင်နူမှာ အလွန်မြန်ဆန် နေပြီး ဟေးယွင်တောင်သို့ လေးနာရီအတွင်း ရောက်ရှိသွားခဲ့သည်။ ဟေးယွင်တောင်ခြေ အရောက်တွင် ကင်းလှည့်အဖွဲ့ ခေါင်းဆောင်သည် ထိတ်လန့်တကြား အမူအရာနှင့် ရပ်တန့်လိုက်သည်။ အလွန်ကြောက်စရာ ကောင်းသည့် နတ်ဆိုးသားရဲ တစ်ကောင်၏ တည်ရှိမှုကို သူခံစားနေရသည်။ သူတောင်ပေါ် တက်သွားလျှင် အလောင်းပင် မကျန်တော့မည်ကို သူကြောက်နေမိသည်။
"ဖုန်း ... ဖုန်း"
သူတောင်ပေါ်သို့ မတက်လိုက်ရချေ။ တောင်ပေါ်မှ နတ်ဆိုးသားရဲ ဘုရင်သည် ကျန်းရှောင်နူ၏ တည်ရှိမှုကို ခံစားမိ၍ ဆင်းလာခဲ့သောကြောင့် ဖြစ်သည်။ နတ်ဆိုးဘုရင်၏ ပခုံးထက်တွင် ထိုင်နေသော မြေခွေးလေးသည် ကျန်းရှောင်နူအား ခပ်ဝေးဝေးတည်းက စိတ်အာရုံဖြင့် လှမ်းခေါ်လာလေသည်။ ၎င်း၏ ကျောက်မျက်ရတနာနှယ် မျက်လုံးလေးများတွင် ကျန်းရှောင်နူ အဘယ့်ကြောင့် ထိုမျှမြန်မြန် ပြန်ရောက်လာသည်ကို နားမလည်သည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ ထို့ပြင် သူမသည် အခြား လူတစ်ယောက်နှင့် ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
"ရှောင်ဖေး ... ရှောင်ဖေး"
ကျန်းရှောင်နူသည် ကင်းလှည့်အဖွဲ့ ခေါင်းဆောင်အား ချန်ရစ်၍ တောင်ပေါ် ပြေးတက်သွားခဲ့သည်။ နတ်ဆိုးသားရဲ ဘုရင်သည် လက်ကြီးတစ်ဖက်ကို ဆန့်ထုတ်၍ ကျန်းရှောင်နူအား ကောက်ယူကာ ပခုံးပေါ် တင်ပေးလိုက်သည်။ ကင်းလှည့်အဖွဲ့ ခေါင်းဆောင်သည် စိတ်သက်သာရာ ရသည့်အနေဖြင့် သက်ပြင်းချ၍ ကရောသောပါး ပြေးထွက်သွားလေသည်။
"ရှောင်ဖေး ... သခင်လေးက ရှားယွိမြို့ဆီ လူတစ်ယောက်ကို ကယ်ဖို့ သွားတယ်၊ မိုးပြာနဂါး အင်ပါယာနဲ့ နိုင်ငံငါးခုရဲ့ စစ်တပ်တွေက ရှားနိုင်ငံကို ဝိုင်းပြီး တိုက်ခိုက်နေကြတယ်၊ သခင်လေးက သူတို့အားလုံးကို တော်လှန်ပြီး သူ့အသက်ကို စွန့်ပစ်တော့မယ်လို့ အစ်ကိုကြီးချမ်က ပြောတယ် ... ငါဘာလုပ် ရမလဲဟင်"
ကျန်းရှောင်နူသည် မြေခွေးလေးအား ငိုသံလေးနှင့် ပြောပြနေခဲ့သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူမ ဘာလုပ်ရမှန်း တကယ် မသိတော့ပေ။ ထို့ပြင် သူမသည် အကူအညီလည်း မပေးနိုင်ချေ။ သူမတွင် ရွေးချယ်စရာ မရှိဘဲ နတ်ဆိုးသားရဲ မျိုးနွယ်၏ မင်းသမီးလေးအား လာရှာကာ အကူအညီ တောင်းရုံသာ တတ်နိုင်သည်။
"ကျီ ... ကျီ"
မြေခွေးလေး သည်လည်း ဆောက်တည်ရာမရ ဖြစ်နေခဲ့သည်။ သူမသည် အကြိမ် အနည်းငယ် အော်ဟစ်လိုက်ပြီး နတ်ဆိုးဘုရင်အား သူတို့ကို နတ်သမီး တောင်ထွတ်သို့ ပြန်ခေါ်သွားရန်သာ အမိန့် ပေးလိုက်သည်။
သူမသည် တောင်စဉ် သုံးထောင်မှ မထွက်နိုင်သည့် အပြင် အားလည်းနည်းသည်။ သူမလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ နတ်ဆိုးဧကရီအား အကူအညီ သွားတောင်းရန် ဖြစ်သည်။ နတ်ဆိုးဧကရီသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်မလာလျှင် သို့မဟုတ် အကူအညီ မပေးချင်လျှင် သူတို့ ဘာမှ မတတ်နိုင်တော့ဘဲ ကျန်းရီ သူ့အသက်ကို စွန့်ပစ်သည်အား ကြည့်နေရရုံသာ ရှိလေသည်။
***
"အရူး"
ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ အတွင်းဆောင် တစ်နေရာ၌ ကျူးကော့ချမ်ယွမ်သည် ချမ်ဝမ်ကွမ်၏ တင်ပြချက်ကို နားထောင်ပြီးသည်နှင့် စိတ်အာရုံကို ဖြန့်ကြက်၍ ကျန်းရီအား ရှာဖွေလိုက်သည်။ သင်တန်းကျောင်း၏ ပတ်ဝန်းကျင် နယ်မြေ တစ်ခုလုံးကို ရှာဖွေပြီးသော်လည်း သူကျန်းရီကို မတွေ့သေးပေ။ ထို့နောက်မှ သူသည် တစ်စုံတစ်ခုကို သတိရသွားကာ မြေအောက်သို့ စစ်ဆေး ကြည့်လိုက်သည်။ မြေအောက် တစ်နေရာတွင် ကျုံးဝူသားရဲကို စီးနင်း၍ တောင်ဘက်သို့ ဦးတည်၍ ခရီးပြင်း နှင်နေသော ကျန်းရီအား သူတွေ့လိုက်ရလေသည်။
သူသည် ကျန်းရီအား ပြန်လာရန် စိတ်ဖြင့် ဆက်သွယ်၍ ပြောသော်လည်း ကျန်းရီသည် လျစ်လျူရှုလိုက်ပြီး ကျုံးဝူသားရဲကို အရှိန် ပိုမြှင့်လိုက်သည်။ မကြာခင်တွင် ကျန်းရီသည် ကျူးကော့ချမ်ယွမ် စိတ်အာရုံ ဖြန့်ကြက်နိုင်သည့် နယ်နိမိတ် အပြင်ဘက်သို့ ရောက်ရှိသွားလေသည်။
"အရူး ... အရူး"
ကျူးကော့ချမ်ယွမ်သည် ဆယ်စုနှစ် တစ်ခုကျော် ကြာလျှင်တောင် ဒေါသတစ်ခါ ထွက်ချင်မှ ထွက်တတ်သော်လည်း လက်ရှိအချိန်တွင် အလွန် ဒေါသထွက်နေခဲ့သည်။ ကျန်းရီသည် သူအများကြီး မျှော်မှန်းထားသည့် လူငယ်လေးတစ်ဦး ဖြစ်ပြီး သူ့အား ဒုကျောင်းအုပ်ရာထူး ပေးချင်သည်ဟု ပြောခဲ့စဉ်က သူနောက်နေခဲ့ခြင်း မဟုတ်ချေ။ တကယ်တမ်းတွင် ကျန်းရီ၏ ဒန်တျန်းမှ လျှို့ဝှက်ချက်ကို သူသိခဲ့သည်မှာ ကြာလှပေပြီ။
သူ့သက်တမ်းသည် ကုန်ခါနီးနေပြီ ဖြစ်ပြီး သင်တန်းကျောင်းမှ ဒုကျောင်းအုပ်များတွင် မည်သူကမှ ဗာဂျရာ အဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာ မရှိချေ။ ယခုအချိန်တွင် နယ်မြေသည် ပဋိပက္ခများ စစ်ပွဲများ ဖြစ်ပွားနေသည့် အခြေအနေသို့ ရောက်နေပြီး အင်အား ညီမျှမှုသည်လည်း ပြောင်းလဲတော့မည် ဖြစ်သည်။ သူမသေသေးလျှင် ကိစ္စ မရှိသော်လည်း သူသေသွားလျှင် မည်သို့ လုပ်မည်နည်း။ ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် အင်အားကြီး အစောင့်အရှောက် တစ်ယောက် မရှိပါက လတ်လတ်ဆတ်ဆတ် အသားတုံးကြီး တစ်ခုဖြစ်၍ အင်အားစုများ၏ ဝါးမျိုခြင်း ခံလိုက်ရနိုင်သည်။
ကျန်းရီသည် သူရွေးချယ်ထားသော ဆက်ခံသူဖြစ်ပြီး ထိုဆက်ခံသူသည် မိန်းမတစ်ယောက် အတွက် အသက်ကိုရင်း၍ နယ်မြေ တစ်ခုလုံးအား ဆန့်ကျင်ရန် ကြိုးစားနေသည်။ မည်မျှ မိုက်မဲ လိုက်လေသနည်း။ ထိုကိစ္စနှင့် စပ်လျဉ်း၍ ဝိညာဉ်သားရဲ သင်တန်းကျောင်းက သဘောတူပါသည်ဟု ကြေညာချက် ထုတ်ထားပြီး ဖြစ်သည်။
ပုံမှန် အခြေအနေတွင် လူများသည် နတ်ဆိုးဧကရီ၏ ကျောထောက်နောက်ခံ ရှိနေသော ကျန်းရီအား ထိရဲကြမည် မဟုတ်ချေ။
ပြဿနာမှာ လက်ရှိ အခြေအနေများ ဖြစ်သည်။ ကျန်းရီသည် ရှားယွိမြို့သို့ သွား၍ စစ်တပ်ကြီးကို ဆန့်ကျင်လိုက်လျှင် တစ်စစီ ဖြစ်သွားနိုင်သည်။ မိုးပြာနဂါး အင်ပါယာနှင့် နိုင်ငံငါးခု၏ တပ်ပေါင်းစုကြီးသည် အောင်မြင်မှု မရဘဲ ပြန်လာမည် မဟုတ်ချေ။ မဟုတ်ပါက သူတို့၏ ဂုဏ်သိက္ခာများ ဆုံးရှုံးရပေလိမ့်မည်။
ဤကိစ္စသည် လူသားများ အကြားမှ ပြဿနာဖြစ်၍ နတ်ဆိုးဧကရီသည် လူသားများနှင့် ပတ်သက်မှုများ အားလုံး မဖြတ်တောက် ချင်သရွေ့ ဝင်ပါမည် မဟုတ်ချေ။ ကျန်းရီ၏ ခရီးသည် သေချာပေါက် ပြန်လမ်းမဲ့ ခရီးဖြစ်သည်။
"ထားလိုက်တော့၊ ထားလိုက်တော့"
တစ်အောင့်လောက် ကြာသော် ကျူးကော့ချမ်ယွမ်သည် ပင့်သက်ရှိုက်လိုက်ပြီး ရုတ်တရက် ထအော်ဟစ်လိုက်သည်။
"ကျောင်းအုပ်ချီ ... ဒုကျောင်းအုပ်တွေ အားလုံးကို လူစုခိုင်းလိုက်၊ မင်းက သင်တန်းကျောင်းကို ကြီးကြပ်ထားရမယ် ... ဒီကျောင်းအုပ်က သူတို့ကိုခေါ်ပြီး ရှားယွိမြို့ကို ခရီးတစ်ခေါက် ထွက်ဦးမယ်၊ ဆယ်စုနှစ် တစ်ခုကျော်တောင် ကြာသွားပြီ ... ငါ့ရဲ့ အိုမင်းနေတဲ့ အရိုးတွေကို နည်းနည်း လှုပ်ရှားပေးဦးမှ၊ မဟုတ်ရင် ဒီနယ်မြေက သွေးဆာသူ အာဏာရှင် ကျူးကော့ချမ်ယွမ် ဆိုတာကို မေ့သွားကြတော့မယ်"
***