← Chapters

သတင်းကောင်းကိုစောင့်နေမယ်

Vol. 8 Ch. 71

သတင်းကောင်းကိုစောင့်နေမယ်

Vol. 8 Ch. 71

“မင်းတို့ လုပ်ခဲ့တာ ကောင်းတယ်”

ထိုလူနှစ်ယောက်၏ ကိုင်တွယ် ဖြေရှင်းခဲ့ပုံကို နားထောင်ပြီးသည်နှင့် ချီယွမ် ခေါင်းညိတ်လိုက်ရင်း ရှားရှားပါးပါး ချီးကျူးစကား ပြောလိုက်သည်။

အကယ်၍ သန့်စင်နယ်မြေကြီး ခုနှစ်ခုကသာ ရိုးသားဖြောင့်မတ်ပြီး ကျေးဇူးသိတတ်သော အမျိုးကောင်းသားများနှင့် ပြည့်နှက်နေပါက ထိုရိုင်းစိုင်းပြီး ကောက်ကျစ်သော နတ်ဆိုး ကျင့်ကြံသူများထံတွင် ဝါးမျို ခံလိုက်ရမှာ ကြာပြီပင်။ ယခုကဲ့သို့ ကျင့်ကြံရေးလောကတွင် ခိုင်မာသော အခြေကုပ် နေရာကို အရယူရင်း နှစ်သောင်းချီကြာအောင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။

တစ်နည်းပြောရလျှင် သန့်စင်နယ်မြေကြီး ခုနှစ်ခုအနေနှင့် ယနေ့ထိတိုင်‌အောင်ရှိ‌နေရခြင်း အကြောင်းအရင်းက တင်းကျပ်သော စည်းကမ်းနှင့် ရက်စက်သော နည်းလမ်းကြောင့်သာ ဖြစ်၏။ ရှင်းလင်းခံရသော ကိစ္စရပ်နှင့် ကြုံတွေ့လျှင် ညှာတာမှု တချက်မှမပြသပဲ ဖြေရှင်းတတ်ကြသည်။

ဝမ်အိမ်တော်၏ အကြီးအကဲ ခေါင်းဆောင်ထံမှ မကောင်းသော လုပ်ရပ်ကို မိသွားသည်နှင့် ဝမ်အိမ်တော်၏ ကံကြမ္မာသည်လည်း ပိတ်သိမ်းခံလိုက်ရကာ ထပ်မံမြင့်တက်နိုင်ဖို့ အခွင့်အရေး မရှိတော့ချေ။

ဝမ်အိမ်တော်မှ လွတ်မြောက်သွားသူ တစ်ချို့ရှိလျှင်တောင်မှ ကျင့်ကြံမှု လမ်းစဉ်ကို ပြင်းထန်စွာ ပိတ်ဆို့ခံလိုက်ရခြင်းကြောင့် အနာဂတ်တွင် ကျင့်ကြံသူတစ်ယောက် ဘယ်သောအခါမှ ဖြစ်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့်ပြောရလျှင် ဝမ်အိမ်တော်အတွက် ဖူကျိုးမြို့တွင် ပြန်လည်ရပ်တည်နိုင်ဖို့ လုံးဝကို မဖြစ်နိုင်တော့ဘူး။

“ကောင်းတယ်။ ကြည့်ရတာ သက်သေလည်း ခိုင်မာပြီနဲ့ တူတယ်။ ဒီပြာမှုန့်တွေကို စုဆောင်းခဲ့ရတာ အကျိုးတော့ မယုတ်ဘူးပဲ”

လာရောက်စစ်ဆေးသူထံမှ သဘောတူညီမှု ရရှိသည့်နှင့် လီမင်ဝမ်နှင့် ကျန်းချိုက်ချမ်း အလွန်အမင်း ပျော်ရွှင်သွားကြသည်။

“ညီအကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဂိုဏ်းကိုပြန်ရောက်တဲ့ အချိန်ကျရင် သွားသောက်ပြီးတော့ ပျော်ကြရအောင်လေ။ ကျုပ်ဝယ်တိုက်ပါ့မယ်”

လီမင်ဝမ်သည် စိတ်လှုပ်ရှားစွာဖြင့် အခွင့်အရေးကို အရယူရင်း ချီယွမ်နှင့် မိတ်ဆွေ ဖွဲ့ဖို့ ကြိုးစားလိုက်သည်။

ချီယွမ်ထံမှ တုံ့ပြန်ချက် မရခင်မှာပဲ ကျန်းချိုက်ချမ်းက လီမင်ဝမ်ကို ဆောင့်ကန်လိုက်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်ရင်း ပြောလာလေ၏။

“ဟေ့ လီမင်ဝမ် မင်းရူးသွားပြီလား။ သေချာပေါက် မင်းကငါ့ကိုဝယ်တိုက်သင့်တာလေ။ ပြဿနာတွေအားလုံးက မင်းရှာထားထားပဲ။ ငါရှင်းရှင်းလင်းလင်း ပြောထားမယ်နော် လီမင်ဝမ်။ မင်းအရင်တစ်ခေါက်က ငါ့ကို ဘာကြောင့်ရိုက်ခဲ့လဲဆိုတာ ရှင်းပြလို့ မရလို့ကတော့ ငါမင်းနဲ့ အဆက်အသွယ် ဖြတ်ပစ်မယ်”

ချီယွမ်သည် ထိုနှစ်ယောက်လုံးကို ပြောစရာစကားမဲ့စွာ သက်ပြင်းချလိုက်ရင်း အတည်အတံ့ ပြောလိုက်တော့သည်။

“ကြည့်ရတာ မင်းတို့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ဖို့ ဆုံးဖြတ်ချက်က မှန်နေပုံပဲ။ မှတ်ထားပါ။ အပြင်ရောက်လာရင် မင်းတို့က ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တပည့်တစ်ယောက်လို့ ဘယ်တော့မှ မပြောနဲ့။ ရှက်ဖို့ အရမ်းကောင်းတယ်”

ချီယွမ်၏ စကားကြောင့် ရန်ဖြစ်နေသော နှစ်ယောက်သား ချက်ချင်းပင် ရပ်တန့်သွားကြပြီး လီမင်ဝမ်က ရှုပ်ထွေးစွာ လှည့်မေးလာခဲ့သည်။

“ဘာကိုဆိုလိုတာလဲဟင်။ ထိုက်ရွှမ်း သန့်စင်နယ်မြေက ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်သီးဂိုဏ်းတွေထဲက တစ်ခုပါ။ သန့်စင်နယ်မြေက လုံးဝကို ရှက်ဖို့မကောင်းပါဘူး”

“မင်းတို့နှစ်ယောက် နားလည်မှု လွဲနေပြီ။ မင်းတို့နှစ်ယောက်ကပဲ ထိုက်ရွှမ်း သန့်စင်နယ်မြေကို အရှက်ရစေမှာ”

ချီယွမ်သည် ထိုနှစ်ယောက်နှင့် စကား အကုန်မခံတော့ပဲ အင်္ကျီအတွင်းမှ တံဆိပ်ပြား တစ်ခုကိုထုတ်ယူရင်း ပုံမှန်လို ပစ်ပေးလိုက်သည်။

“မင်းတို့ ဂိုဏ်းကိုပြန်ရောက်ရင် ဒီတံဆိပ်ပြားကို တာဝန်ခန်းမကို ပြလိုက်။ မင်းတို့ တာဝန်ပြီးမြောက်တယ်လို့ သတ်မှတ်ပြီး မင်းတို့ကို ဆုလာဘ်ပေးလိမ့်မယ်”

ထို့နောက်တွင် ချီယွမ်သည် ထိုနှစ် ယောက်အား လက်ယမ်းပြရင်းထွက်ခွာဖို့ ပြင်လိုက်သည်။

“ညီအကို ခဏ စောင့်ပါဦး”

ချီယွမ် ခြေမလှမ်းရသေးခင်မှာပဲ ကျန်းချိုက်ချမ်းက အလျင်အမြန် အော်ဟစ်လာကာ..

“ဘာကိစ္စလဲ”

ချီယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ကျန်းချိုက်ချမ်းသည် ဘေးမှာရှိနေသော လီမင်ဝမ်နှင့် အကြည့် ဖလှယ်လိုက်ကာ ချီယွမ်၏ အနားသို့ အနည်းငယ် တိုးကပ်လာရင်း အပြုံးအပြည့်ဖြင့် ပြောလိုက်သည်။

“ရိုးရိုးသားသား ပြောရမယ်ဆိုရင်ဒီတာဝန်က အရမ်းကို လွယ်ကူလွန်းတယ်။ ကျုပ်တို့ လှည့်ပတ်ပြီး ရှာဖွေဖို့တောင် မလိုအပ်ခဲ့ဘူး။ တာဝန်ပေးတဲ့ အချိန်ထဲက ပစ်မှတ်ကိုလည်း တိတိကျကျ ပြောပေးခဲ့တယ်။ ဒီတော့နည်းနည်းလေး အရှက်ရဖို့ကောင်းနေတာပေါ့”

ချီယွမ် မျက်ခုံးတဖက် ပင့်သွားပြီး အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“မင်းတို့ ဘာကိုဆိုလိုချင်တာလေ”

ကျန်းချိုက်ချမ်းသည် အနည်းငယ် အနေခက်စွာ ပြုံးလိုက်ရင်း

“သခင်ကြီးတို့ဖက်က အရမ်းကို ရက်ရက်ရောရော ပေးကမ်းထားမှတော့ ကျုပ်တို့လည်း တစ်ခုခု ပြန်ပြီး လုပ်ပေးချင်တယ်။ မဟုတ်ရင် အရည်အချင်းအမှတ် နှစ်သောင်းတောင် ယူရတာက လိပ်ပြာ မလုံသလို ခံစားရတယ်”

ထိုမထင်ထားသော စကားလုံးများကြောင့် ချီယွမ် ပိုမို စိတ်ဝင်စားလာခဲ့သည်။

“ပြောလိုက် မင်းဘာလုပ်ချင်တာလဲ”

ကျန်းချိုက်ချမ်းသည် ပတ်ဝန်းကျင်ကို တည်တံ့စွာ စစ်ဆေးလိုက်ရင်း ဘယ်သူမှ ကြည့်ရှု့မနေတာ သေချာသည့် အချိန်ကျမှ ဆန်းကြယ်စွာဖြင့် ပြောလာခဲ့သည်။

“ ကျုပ်တို့ ဝမ်အိမ်တော်ရဲ့ခေါင်းဆောင် ဝမ်ထျန်းသဲ အသုံးပြုခဲ့တဲ့ နတ်ဆိုးသိုင်းကို ရှာတွေ့ခဲ့တယ်။ အဲ့ဒါက သူဖန်တီးထားတာ မဟုတ်ဘူး။ သူ့ကို တစ်ယောက်ယောက်က သင်ပေးထားတဲ့ ပုံစံမျိုးပဲ။ အဲ့ဒီလူက ဝမ်ထျန်းသဲထက် ပိုပြီး အဆင့်မြင့်ရမယ်။ ဝမ်ထျန်းသဲက သူ ရသမျှ သွေးနဲ့အသား အဆီအနှစ်ထဲက ခုနှစ်ဆယ်ရာခိုင်နှုန်းကို အဲ့ဒီလူဆီ ပေးရတယ်။ သူ့အတွက်က သုံးဆယ်ရာခိုင်နှုန်းပဲရခဲ့တာ”

“အဲ့ဒီသဲလွန်စတွေ နောက်ကိုလိုက်လိုက်မယ်ဆိုရင် ဖူကျိုးမြို့မှာ နောက်ထပ် ငါးကြီးတစ်ကောင် ရှိနေသေးတယ်လို့ သက်သေပြလိုက်တာပဲ။ အဲ့ဒီငါးကြီးက တစ်ကယ်တော့ မြို့အရှင်စံအိမ်နဲ့ ဆက်နွယ်နေတာ။ ကျုပ်တို့သာ ဆက်လက်စုံစမ်းပြီး နောက်ကွယ်က တရားခံကို ဖော်ထုတ်မယ်ဆိုရင် ကျုပ်တို့ရဲ့ လုပ်ဆောင်မှုကို သက်သေပြလို့ရပြီမလား”

ပြောနေရင်းဖြင့် ကျန်းချိုက်ချမ်းသည် ရယ်မောလိုက်သည်။

“ ကျုပ်တို့သာ ဒီတာဝန်ကို ဆောင်ရွက်နိုင်တယ် ဆိုရင် တာဝန်ပေးခဲ့တဲ့ အကြီးအကဲလည်း ကျုပ်တို့ကို ထူးချွန်တယ်လို့ တွေးသွားပြီး အနာဂတ်မှာ တာဝန်ကောင်းတွေ ရပြီဆိုတာနဲ့ ကျုပ်တို့ကိုပဲ ပေးတော့မှာပေါ့။ အဲ့လိုမထင်မိဘူးလား”

( နောက်ထပ် ငါးကြီးတစ်ကောင် ဟုတ်လား )

ချီယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့သော်ငြား အတည်အတံ့ မတွေးတောခဲ့ပေ။

သူသည် တိမ်ကြွေဂိုဏ်းဘက်မှ ပေးအပ်လာသော တာဝန်ကို ဆောင်ရွက်ရန် အတွက်သာ ထိုက်ရွှမ်း သန့်စင်နယ်မြေတွင် တာဝန် ထပ်မံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယခု ရလဒ်သည်ပင် တိမ်‌ကြွေဂိုဏ်း၏ လိုအပ်ချက်ကို လွန်စွာ ကျော်လွန်နေပြီး ဖြစ်လေရာ နောက်ကွယ်က ငါးကြီးကို ရှာဖွေခြင်းက မလိုအပ်တော့ချေ။

သို့သော်ငြား ချီယွမ်သည် ထိုနှစ်ယောက်၏ မကောင်းမှုကို သုတ်သင်ချင်သော တက်ကြွမှုများအား မချိုးနှိမ်လိုသည့် အတွက် ခေါင်းညိတ်လိုက်တော့သည်။

“ကောင်းပြီလေ။ ဒါဆို သတင်းကောင်း စောင့်နေမယ်”

ထိုနှစ်ယောက်ကို အနည်းငယ်အားပေးပြီးသည်နှင့် ချီယွမ်သည် ချက်ချင်းပင် လှည့်ထွက်လိုက်ကာ တိမ်ကြွေဂိုဏ်းသို့ ပြန်သွားလိုက်သည်။

( ငါက ပုံရိပ်တစ်ထောင် ကြယ်မြက်ပင်ကို ကယ်တင်ပြီးတော့ အရန်တာဝန်ပဲ ပြီးသေးတယ်။ ငတုံးစနစ်ရဲ့ ပထမတာဝန်ကို မပြီးသေးဘူး။ အဲ့စနစ် ပြောချင်တဲ့ ကပ်ဘေးကြီးဆိုတာ ဘာကိုဆိုလိုချင်တာလဲ )

ချီယွမ်သည် တိမ်ကြွေဂိုဏ်းသို့ သွားနေရင်း တိတ်တဆိတ် တွေးတောနေခဲ့သည်။

ထိုအချိန်တွင် တိမ်ကြွေဂိုဏ်း၏ ပင်မခန်းမ၌

“ခင်ဗျားတို့ ပြင်ဆင်နေတာ ဘယ်လိုရှိပြီလဲ”

ရှန်ဝူကျိသည် ပင်မထိုင်ခုံတွင် ပုံမှန်လိုမျိုး ဝင်ထိုင်လိုက်ရင်း ဘေးမှာရပ်နေသော တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူကို လှမ်းမေးလိုက်သည်။

သူ၏နောက်ရှိ လှပသော အစေခံ လေးယောက်သည် ပေါ့ပါးသော ဝတ်စုံများကြားမှ နုယွစွာဖြင့် ပုခုံးနှင့် လက်မောင်းများကို နှိပ်နှယ်ပေးရင်း ပြုစုနေကြသည်။

သိပ်မဝေးသော နေရာတွင် ရှိနေသော ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူသည် ခေါင်းပင်မော့မကြည့်ရဲပေ။ အင်္ကျီ အတွင်းမှ ခန့်ညားပြီး ဈေးကြီးဟန်ရသော သိုလှောင်အိတ် တစ်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး အစေခံ လေးယောက်ထံ လေးစားစွာ ပေးလိုက်သည်။

“တာအိုသားတော် တောင်းဆိုထားတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ထိပ်သီးအဆင့် မှော်လက်နက်တွေကို ပြင်ဆင်ပြီးပါပြီ။ ဒါပေမယ့်…”

ပိုင်ချင်းဝူ ခဏမျှ ရပ်တန့်သွားပြီး အတင်းအကြပ် ပြုံးလိုက်ရင်း..

“ဒါပေမယ့် တိမ်ကြွေဂိုဏ်းဘက်က လှပတဲ့ အပျိုတော်အယောက်နှစ်ဆယ်ကိုတော့ ဆက်သလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ ရိုးသားမှုကို ထောက်ထားပြီးတော့ ဒီတောင်းဆိုမှုကို လက်လျှော့ပေးလို့ရမလား”

“အဲ့လိုလား”

ရှန်ဝူကျိသည် အစေခံမလေးထံမှ သိုလှောင်အိတ်ကို လှမ်းယူကာ နတ်အာရုံဖြင့် ပုံမှန်လိုမျိုး စစ်ဆေးလိုက်သည်။ ထို့နောက်တွင် သူ၏မျက်နှာထားသည် ချက်ချင်းပင် မဲမှောင်လာကာ

“ဒါဆိုရင် ခင်ဗျားတို့က ကျုပ်လိုချင်တဲ့ အရာကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ ဆိုလိုချင်တာမလား”

“တာအိုသားတော် အထင်လွဲနေပါပြီ”

မဖော်ရွေလှသော ထိုလေသံကြောင့် ပိုင်ချင်းဝူ အသက်တစ်ချက်ရှုသွင်းကာ လေသံနိမ့်ဖြင့်ရှင်းပြဖို့ ပြင်လိုက်သည်။

"တစ်ကယ်လို့ တာအိုသားတော်သာ ကျွန်‌တော်တို့ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးမယ် ဆိုရင် ကျွန်တော်တို့ တိမ်ကြွေဂိုဏ်းဘက်ကနေ တာအိုသားတော်ရဲ့ ခရီးစရိတ်အတွက် နောက်ထပ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးထောင်ပေးဖို့ ဆန္ဒရှိပါတယ်"

“ခင်ဗျားတို့က တော်တော်လေး စဉ်းစားပေးသားပဲ”

ရှန်ဝူကျိသည် အပြုံးတစ်ခုဖြင့်ဆက်လက် ပြောဆိုလိုက်သည်။

“ဒီလိုဆိုမှတော့ ကျုပ်လည်း ဒုက္ခမပေးတော့ပါဘူး။ တာအိုသားတော် ဖြစ်တဲ့ ကျုပ်က တခြားသူတွေကို အာဏာပြနေတယ်လို့ အပြောခံရလို့ ဘယ်ဖြစ်မလဲ။ ဒါပေမယ့် ကျုပ်မှာ တောင်းဆိုချက် နောက်တစ်ခု ရှိသေးတယ်။ ကြည့်လိုက်”

ရှန်ဝူကျိသည် ပြောပြီးသည်နှင့် ဘေးမှာရပ်နေသော ပိုင်ချင်းဝူကို ကျောက်စိမ်းပြား တစ်ခု ကမ်းပေးလိုက်သည်။

“ခင်ဗျားသာ ဒါကို လုပ်နိုင်တယ်ဆိုရင် ကျုပ် ချက်ချင်းထွက်သွားမယ်။ ပြီးတော့ အဆင့်မြင့် ဝိညာဉ်‌ကျောက်တုံး ငါးထောင်ကိုလည်း မယူဘူး”

“အိုး ဟုတ်လား”

မထင်ထားခဲ့သည်မို့ ပိုင်ချင်းဝူ လျင်မြန်စွာဖြင့် ကျောက်စိမ်းပြားကို လှမ်းယူကာ စစ်ဆေးလိုက်သည်။ ထိုအချိန်မှာပဲ.....

ဟူး..

ချက်ချင်းပင် ကျောက်စိမ်းပြားထံမှ အနက်ရောင် အလင်းများ ဖြာထွက်လာကာ မဲနက်နေသော အနက်ရောင်အငွေ့များသည် ပိုင်ချင်းဝူကို ပိတ်ဆို့လိုက်တော့၏။

…….

All Chapters