ငါချီတကိုပဲယုံတယ်
Vol. 8 Ch. 73
( အစီအရင်ဝိညာဉ်လား )
ရုတ်တရက် ပေါ်ပေါက်လာသော ထိုဝိညာဉ်ကြောင့် ရှန်ဝူကျိ၏ မျက်နှာထားသည် ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။
တိမ်ကြွေဂိုဏ်အတွင်း၌ ဝိညာဉ်အခြေတည် နယ်ပယ်ရှိသော အစီအရင်ဝိညာဉ်တစ်ယောက် ပုန်းကွယ်နေလိမ့်မည်ဟု လုံးဝကို မမျှော်လင့်ထားခဲ့ချေ။ ယခုခံစားချက်သည် လူသစ်ရွာရှိ အသစ်ကလေးများအား ပျော်ရွှင်စွာအနိုင်ယူ ဖိနှိပ်နေချိန်တွင် ရုတ်တရက် အင်အားကြီးသော ဗီလိန်ဘော့စ်နှင့် ရင်ဆိုင်လိုက်သကဲ့ရသို့ပင်။
( ဒီအခြေအနေက နည်းနည်းတော့ ထူးဆန်းနေပြီ။ မျိုးမစစ်ကောင် ငါ့ကိုဘယ်လိုတောင် လိမ်ရဲတာလဲ။ )
ရှန်ဝူကျိ၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားကာ ယင်ချင်းယွမ်ကို စူးရဲနေအောင် လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ယင်ချင်းယွမ် တစ်ကိုယ်လုံး ချွေးများရွဲနစ်နေခဲ့ပြီး နှစ်တစ်သောင်းကြာအောင် ပုန်းကွယ်နေခဲ့သော အစီအရင်ဝိညာဉ်က ဘာကြောင့် ရုတ်တရက်ကြီး အရေးကြီးအချိန်ကျမှ ပေါ်ပေါက်လာခဲ့မှန်း စဉ်းစားလို့မရနိုင်ခဲ့ချေ။
လွန်ခဲ့သော နှစ်တစ်ထောင်အတွင်းတွင် တိမ်ကြွေဂိုဏ်းသည် အလွန်ပြင်းထန်သော ကပ်ဘေးကြီးများအား ကျော်ဖြတ်ခဲ့ရ၏။ ဤတစ်ခေါက်ထက်ပင် ပိုမိုပြင်းထန်သေးသည်။ သို့သော်ငြား အစီအရင်ဝိညာဉ်သည် ပုံမှန်အတိုင်း ပုန်းမြဲပုန်းနေပြီး ရန်သူတွေကို ဝင်ရောက်အနိုင်ယူခွင့် ပေးရင်း ဂိုဏ်း၏သန်မာမှုကို နိမ့်ကျစေခဲ့သည်။ သူ၏လုပ်ဆောင်မှုသည် တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းသားများအပေါ်ပင် မုန်းတီးနေဟန်ပဲ။
ထိုကိစ္စသည် တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းသားများအားလုံးစိတ်ထဲတွင် အရိုးစွဲနေပြီ ဖြစ်လေရာ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် သွားရောက်ပြီး အစီအရင်ဝိညာဉ်နှင့် ဆက်သွယ်ဖို့ ကြိုးစားခဲ့တာတောင်မှာ အချည်းအနှီးသာ ဖြစ်ခဲ့ပြီး အစီအရင်ဝိညာဉ်ကို ပိုမိုစိတ်တိုစေခဲ့သည်။
ထို့ကြောင့် ပုန်ကန်မည့်အစီအစဉ်ကို ရေးဆွဲချိန်တွင် ယင်ချင်းယွမ်သည် အစီအစဉ်ဝိညာဉ်ကို ထည့်သွင်းပြီး မစဉ်းစားခဲ့မိဘူး။ ယနေ့မှာတော့ တိမ်ကြွေဂိုဏ်းက ဒုက္ခတောင် သေချာမကျရောက်ရသေးဘဲ အစီအရင်ဝိညာဉ်က ရုတ်တရက်ပေါ်ပေါက်လာပြီး အခြေအနေကို ပြောင်းလဲနေလေ၏။
အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်တွင် ပိုင်ရှီရို့ ပထမဦးဆုံး သတိဝင်လာကာ ပျော်ရွှင်မှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့်
“ သခင်ကြီးရဲ့ အကူအညီအတွက် တစ်ကယ်ပဲ ကျေးဇူးတင်ပါတယ် ”
သူမသည် အစီအရင်ဝိညာဉ်ရှိရာသို့ ဦးညွှတ်အရိုအသေပေးလိုက်ရင်း အလွန်လေးစားနေသော အသံဖြင့် ပြောလိုက်သည်။ အစီအရင်ဝိညာဉ်သာ အချိန်မီရောက်မလာခဲ့ပါက ကြုံရမည့် အကျိုးဆက်ကို စဉ်းစား၍မရနိုင်ပါချေ။
“ ကျွန်မရဲ့အဖေကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးက အရမ်းကိုကြီးမားလွန်းလို့ ဒီတစ်သက်ဆပ်နိုင်တော့မယ် မထင်ပါဘူး ”
“ ဘာမှမဟုတ်ပါဘူး ”
အစီအရင်ဝိညာဉ်က ပုံမှန်လိုမျိုး လက်တစ်ဖက်ယမ်းပြလိုက်ကာ
“ အဲ့ဒီတုန်းက တိမ်ကြွေဂိုဏ်းက ဂိုဏ်းသားမဟုတ်ဘူးဆိုတာကို သက်သေပြနိုင်ခဲ့လို့ မဟုတ်ဘူးဆိုရင် မင်းတို့ရဲ့အသက်ကို ငါစိတ်ဝင်စားနေမှာ မဟုတ်ဘူး။ ”
“ သက်သေပြနိုင်သွားပြီလား ”
တစ်ခြားသူများအားလုံး ရှုပ်ထွေးနေသော်ငြား ပိုင်ရှီရို့တစ်ယောက်သာ နားလည်စွာဖြင့် အံ့ဩတကြီး မေးခွန်းထုတ်လာခဲ့သည်။
“ သခင်ကြီး အဲ့ဒီအမှုရဲ့ တစ်ကယ့်တရားခံကို ရှာတွေ့သွားပြီလား ”
“ ရှာတွေ့တာ ငါမဟုတ်ဘူး ”
အစီအရင်ဝိညာဉ်သည် ခေါင်းယမ်းရင်း ဒေါသတကြီး ပြောဆိုလိုက်သည်။
“ အဲ့ဒီသူခိုးမြက်ပင်ကို ရှာဖို့အတွက် ဟိုကောင်လေးချီ ငါ့ကိုကူညီခဲ့တာ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ သူခိုးစုတ်က ထွက်ပြေးသွားသေးတယ် ဟူး ”
“ ဂိုဏ်းတူမောင်လေးချီကလား ”
ပိုင်ရှီရို့ အနည်းငယ် ပါးစပ်ဖွင့်ဟသွားကာ အလွန်အမင်းအံ့အားသင့်သွား၏။
သူမသည် ထိုအဖြစ်အပျက်ကို စုံစမ်းရန်အတွက် မရေမတွက်နိုင်အောင် ကြိုးစားခဲ့သော်ငြား အချည်းနှီးသာ ဖြစ်ခဲ့ပြီး ခိုင်မာသော သက်သေတစ်ခုတောင် ရှာမတွေ့ခဲ့ချေ။ တခြားသူထံမှ တိတ်တဆိတ်ဖော်ထုတ်ပေးခဲ့မည်ဟု လုံးဝကို မမျှော်လင့်မိတာပင်ဖြစ်သည်။
( ဖြစ်နိုင်တာက.. ဖြစ်နိုင်တာ ဂိုဏ်းတူမောင်လေးချီက ငါ့ကြောင့် စုံစမ်းပေးခဲ့တာလား )
သူမ၏ နှလုံးသားတစ်ခုလုံးကို ချိုမြိန်သော ခံစားချက်များ ဖုံးလွှမ်းသွားလေရဲ့။
ပိုင်ရှီရို့ အတွေးလွန်နေစဉ်မှာပဲ အစီအရင်ဝိညာဉ်သည် မရေမရာမျက်နှာထား ဖြစ်နေသော ရှန်ဝူကျိကို လှမ်းကြည့်လိုက်ကာ လေသံနိမ့်ဖြင့် မေးလိုက်သည်။
“ မင်းက ဘယ်သူလဲ ”
ရှန်ဝူကျိ၏ မျက်နှာထားသည် မပြောင်းမလဲဖြင့် အေးစက်စွာ ပြန်ပြောလိုက်သည်။
“ ကျုပ်က ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖန်ကဲစွေ့ပဲ။ ဂိုဏ်းရဲ့ခရီးစဉ်ကြောင့် လှည့်ပတ်သွားနေရတဲ့ အချိန်မှာ ဒီနေရာကို မတော်တဆရောက်လာခဲ့ပြီး ဂိုဏ်းခေါင်းဆောင် ပိုင်းချင်းဝူက နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ သူတစ်ယောက်ဆိုတာ ရှာတွေ့ခဲ့တယ်။ သူရဲ့ပြစ်မှုက ခွင့်လွှတ်ပေးလို့မရဘူး။ ဒီနေရာရဲ့ အစီအရင်ဝိညာဉ်တစ်ယောက်အနေနဲ့ ခင်ဗျားက သူ့ကို ကာကွယ်ချင်နေတာလား ”
တစ်ကယ်တော့ ဝိညာဉ်အခြေတည်နယ်ပယ် ဝိညာဉ်တစ်ယောက် ပေါ်ပေါက်လာခြင်းသည် သတိကြီးစေသော်ငြား ခြောက်လှန့်ဖို့တော့ မစွမ်းသာသေးချေ။
အစီအရင်ဝိညာဉ်အများစုသည် ဂိုဏ်း၏စည်းကမ်းများနှင့် ဆက်နွယ်ခံရခြင်းကြောင့် သူတို့၏ ပင်မတာဝန်သည် ဂိုဏ်း၏အစီအရင်ကို အသက်သွင်းရန်နှင့် ရန်သူများလက်မှ ကာကွယ်ပေးရန်သာဖြစ်သည်။ အစီအရင်ကို တစ်စုံတစ်ယောက်က မတိုက်ခိုက်သရွေ့ သူတို့အနေနှင့် လူများကို ထိခိုက်အောင် ပြုလုပ်ခွင့်မရှိချေ။
ထို့အပြင် သူ၏လက်ရှိသရုပ်မှန်သည် ထူးခြားကောင်းကင်သန့်စင်နယ်မြေ၏ တာအိုသားတော်ဖြစ်သည်။ အစီအရင်ဝိညာဉ်က ရူးသွပ်ပြီး သေလမ်းရှာချင်ရင်တောင်မှ တိမ်ကြွေဂိုဏ်းတစ်ခုလုံးဘက်မှ ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည်။
သရုပ်မှန်ကို ပြောကြားပြီးသည့်တိုင်အောင် အစီအရင်ဝိညာဉ်က ချက်ချင်းမျက်မှောင်ကြုတ်သွားကာ ခပ်တိုးတိုး ပြန်ပြောလာ၏။
“ တာအိုသားတော် ဟုတ်လား။ ဒီကောင်က နောက်ခံတော့ ကောင်းသားပဲ ”
ထိုအရာကြောင့် ပိုင်ရှီရို့ ကြောက်လန့်သွားကာ အလျင်အမြန်ရှင်းပြလာခဲ့သည်။
“ အစီအရင်ဝိညာဉ်သခင်ကြီး ကျွန်မရဲ့အဖေကို အဲ့ဒီလူရဲ့ မကောင်းတဲ့နည်းလမ်းတွေနဲ့ အဆိပ်ခပ်ထားတာပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် ဒီလိုမျိုး ပြောင်းလဲသွားရတာ။ သူကသေချာပေါက် ချုပ်နှောင်ခြင်းနတ်ဆိုးသိုင်းကို ကျင့်ကြံတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ”
ရှန်ဝူကျိ အေးစက်စွာ ပြုံးလိုက်ရင်း
“ မင်းကသူ့သမီးပဲ။ သေချာပေါက် သူ့ဘက်က ပြောပေးမှာပေါ့။ ဒီလောက် သက်သေခိုင်လုံနေတာကို ဘာလို့ ငြင်းချင်နေတာလဲ ”
ရှန်ဝူကျိ၏ အကြည့်သည် လှောင်ပြောင်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပိုင်ရှီရို့ကို လှမ်းကြည့်လိုက်ကာ
“ ဂိုဏ်းတူညီမလေးပိုင် မင်းပဲ ငါ့စိတ်တိုင်းကျ အပြစ်ပေးခံမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာလဲ အခုမှ ကတိဖျက်ချင်နေတာလား။ မင်းသာလိမ်လိမ်မာမာနဲ့ ကျုပ်ကျေနပ်အောင် လုပ်ပေးမယ်ဆိုရင် ကျုပ်ဘက်က ညှာတာမှုပြပြီးတော့ မင်းအဖေရဲ့ အသက်ကို ချမ်းသာကောင်း ချမ်းသာပေးမှာပေါ့ “
“ ရှင်… ”
ပိုင်ရှီရို့ ဒေါသကြောင့် တုန်ယင်သွားကာ အံကြိတ်ရင်း ကြိမ်းဝါးလိုက်သည်။
“ စည်းမရှိတဲ့ အကျင့်မကောင်းတဲ့ကောင် နင့်ကိုခစားမယ့်အစား ငါအသေခံပစ်လိုက်မယ်”
တစ်ချိန်တည်းမှာပဲ ခန်းမအတွင်းရှိ လူများစွာသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြကာ စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ကြချေ။
“ လုံလောက်ပြီ ”
ထိုအချိန်တွင် အစီအရင်ဝိညာဉ်သည် ပိုင်ချင်းဝူ၏ နဖူးထက်မှ လက်ကို ခပ်ဖြည်းဖြည်းဖယ်ရှားလိုက်ပြီး တွေးဆစွာပြောလိုက်သည်။
“ တစ်ကယ်ပဲ ဂိုဏ်းခေါင်းဆောင်ရဲ့ ဝိညာဉ်နယ်ပယ်ထဲမှာ နတ်ဆိုးချီတစ်ချို့ ဝင်ရောက်နေတယ်။ ဒါပေမဲ့ နတ်ဆိုးသိုင်းကို ကျင့်ကြံထားတယ်ဆိုတဲ့ လက္ခဏာရပ် မရှိသေးဘူး။ မင်းတို့အားလုံးက သိချင်နေပါတယ် ဆိုမှတော့ ငါအဘိုးကြီးက ဖြေရှင်းချက်တစ်ခု ပေးရမှာပေါ့။ ဒါပေမဲ့ ဒီအခြေအနေမှာ ငါလူတစ်ယောက်ရဲ့ စကားကိုပဲ ယုံတယ်။ သူ့ကိုသာ ဝင်ခွင့်ပေးမယ်ဆိုရင် ဒီကိစ္စကို ဖြေရှင်းလို့ ရကောင်းရနိုင်လိမ့်မယ်။ ”
“ ဘယ်သူလဲ ”
အကုန်လုံး အံ့ဩသွားကြသည်။
( ဒီလောက် ဘဝင်မြင့်တဲ့ ဝိညာဉ်ဆီကနေ အခုလို ယုံကြည်မှုကြီးရသွားတာ ဘယ်သူများလဲ )
အစီအရင်ဝိညာဉ်သည် နူးညံ့စွာ သက်ပြင်းချလိုက်ရင်း နာမည်တစ်ခုကို တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
“ ချီတ ”
ထိုအချိန်တွင် ဖူကျိုးမြို့က ထွက်ပြီးသည်နှင့် ချီယွမ်သည် အချိန်မဖြုန်းခဲ့ဘဲ တိမ်ကြွေဂိုဏ်းအပြင်ဘက်သို့ တောင်ဝင်ပေါက်မှတစ်ဆင့် ဂိုဏ်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်တော့မည့် အချိန်မှာပဲ ပုံရိပ်တစ်ခုသည် မိုးကြိုးတစ်ခုလိုမျိုး လျင်မြန်စွာ ပေါ်ပေါက်လာကာ သူ့ထံသို့ အရှိန်ဖြင့်ရောက်ရှိလာ၏။ ချီယွမ် အနားသို့ ရောက်လာသည်နှင့် ထိုပုံရိပ်သည် လွတ်မြောက်အစွမ်းကို ပိတ်သိမ်းလိုက်ကာ ရပ်တန့်လိုက်သည်။
( သူဘာလို့ ဒီနေရာကို ရောက်နေတာလဲ )
ရောက်လာသူကို မြင်သည်နှင် ချီယွမ်၏ မျက်ခွံသည် အနည်းငယ် လှုပ်သွားကာ တိတ်တဆိတ်သတိထားလိုက်သည်။
“ ကျင့်ကြံသူမိတ်ဆွေ၊ ဒီနေရာက တိမ်ကြွေဂိုဏ်းလားဆိုတာ မေးလို့ရမလား ”
ပြောဆိုသူသည် အသက်နှစ်ဆယ်သာရှိဦးမည့် ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး ကျောက်စိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ထူးခြားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သေးငယ်သောမျက်လုံး၊ နှခေါင်းပြားပြားနှင့် ထိုသူ၏ရုပ်သည် ကြည့်လိုက်ပါက အမွှေးမပါသော ကြွက်တစ်ကောင်နှင့် ဆင်တူသည်။ အနည်းငယ် သေချာကြည့်လိုက်လျှင်တော့ ပထမအမြင်ထက် ပိုမိုကြည့်ကောင်းသလို ထင်ရနိုင်ပါ၏။
သို့သော်ငြား ချီယွမ်သည် ထိုသူက သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်မှန်း သိသည်။
ထိုသူသည် သန့်စင်နယ်မြေကြီး ခုနှစ်ခုမှ ထူခြားကောင်းကင်သန့်စင်နယ်မြေ၏ တာအိုသားတော် အစစ် ရေမရောသည့် ဖန်ကဲစွေ့ပင်။
…..