ကျွန်တော်တို့တွေ့တောင်မတွေ့ဖူးဘူး
Vol. 8 Ch. 74
ထိုသူက သူ့ကို မမှတ်မိသဖြင့် ချီယွမ်၏ သတိထားနေမှုတို့ အနည်းငယ် ပြေလျော့သွားကာ ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဒီနေရာက တိမ်ကြွေဂိုဏ်းပါ"
သို့သော်ငြား ချီယွမ် အနည်းငယ် သိချင်လာခဲ့သည်။
[ဘာလို့ ဒီကောင်က ဒီနေရာကို ရောက်လာတာလဲ၊ ဖြစ်နိုင်တာက တိမ်ကြွေဂိုဏ်းထဲမှာ ငါမသိတဲ့ အပျော်အိမ်တစ်ခု ရှိနေလို့လား]
"နောက်ဆုံးတော့ ရှာတွေ့ပြီ"
ထိုကျောက်စိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် ချက်ချင်းပင် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်ရင်း ချီယွမ်ကို ပြန်ကြည့်လိုက်သည်။
"ကျွန်တော့ နာမည်က ဖန်ကဲစွေ့… အာ မှားလို့ ဖန်ကျန်းကောပါ၊ ဒီဘက်က ညီအကိုရဲ့ နာမည်ကိုရော သိလို့ရမလား"
ချီယွမ်၏ မျက်နှာထားသည် အေးခဲသွားလေ၏။
(ဘုရားရေ၊ ဒီကောင့်ရဲ့ နာမည်တုကတောင်မှ တော်တော်လေး ထူးခြားပြီး ကိုယ့်အရည်အချင်းနဲ့ လုံးဝလိုက်ဖက်တယ်၊ တကယ်ကို ဖန်ကျန်းကောဆိုတဲ့ နာမည်အတိုင်း နှာဗူးကောင်ပဲ)
"ကျွန်တော့်နာမည်က ချီတပါ၊ ဒီတိမ်ကြွေဂိုဏ်းရဲ့ အတွင်းတပည့်တစ်ယောက်ပါ"
တစ်ဖက်လူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းကြောင့် ချီယွမ် အနည်းငယ် မျက်လုံးများ ကျဉ်းမြောင်းသွားရင်း အလိုက်သင့် သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ပြောရလျှင် သူ၏သရုပ်မှန်ကလည်း ဖုံးကွယ်ထားတာဖြစ်ပြီး သူတို့နှစ်ယောက်စလုံးသည် ညီမျှပါသည်။ ဘယ်သူက အကြီး၊ ဘယ်သူက အငယ်ဆိုပြီး အချင်းချင်း ထုတ်ဖော်ဖို့ မလိုအပ်ပါချေ။
"ဒါဆိုရင် ညီအကိုချီပေါ့၊ တိုက်ဆိုင်လိုက်တာ"
ဖန်ကျန်းကော၏ မျက်လုံးက ချက်ချင်းပင် ဝင်းလက်သွားကာ ရင်းနှီးစွာဖြင့် ခြေတစ်လှမ်းတိုးပြီး ချီယွမ်၏ ပခုံးကို လက်တစ်ဖက်တင်လိုက်ရင်း နွေးထွေးစွာ ပြောလိုက်သည်။
"ကျွန်တော်က ညီအကိုချီရဲ့ နာမည်ကို ကြားထားတာ ကြာပြီ၊ ဒါကြောင့် တိမ်ကြွေဂိုဏ်းကို လာလည်ချင်နေတာ၊ ဒီနေ့ ဒီလိုမျိုး တွေ့ရမယ်လို့ ထင်မထားဘူး၊ တကယ်ကို ရေစက်ပဲနော်။ ဘဝကြီးက ဆန်းကြယ်လိုက်တာ"
ဖန်ကျန်းကော၏ အနည်းငယ် ရွံစရာကောင်းသော မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်ပေါက်လာကာ သူ၏ပုံစံသည် နှစ်များစွာ ဝေးကွာခဲ့ရသော ငယ်သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ဝမ်းပန်းတသာ ဖြစ်နေသည်။
"ခဏလေး၊ ကျွန်တော်တို့က သိကြလို့လား"
ချီယွမ်တစ်ယောက် ကျောရိုးတစ်လျှောက်လုံး အေးစက်သွားရင်း ဖန်ကျန်းကော၏ လက်မောင်းကြားမှ ချက်ချင်း ရုန်းကန်လိုက်သည်။
"ပြောရရင် ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးဘူးလေ"
[ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ ဒီတာအိုသားတော်က ရူးသွားတာလား]
"ဟားဟား၊ ဒါပေါ့ ဒါပေါ့ ကျွန်တော်တို့ မသိကြသေးဘူး"
ဖန်ကျန်းကော ရယ်မောလိုက်ကာ...
"ဒါပေမဲ့ ကျွန်တော်က ထူးဆန်းတဲ့ လူတစ်ယောက်ရယ်၊ သူရဲကောင်းတွေနဲ့ မိတ်ဆွေဖွဲ့ရတာကို အရမ်းသဘောကျတယ်၊ ဒီနေ့ ကံကောင်း တိုက်ဆိုင်ပြီး တွေ့ဆုံခဲ့ရမှတော့ ညီအကို စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့ တိမ်ကြွေဂိုဏ်းထဲသွားပြီးတော့ တစ်နေရာရာမှာ စကားပြောကြရအောင်လေ"
[မင်းကိုယ်မင်း သူရဲကောင်းတွေနဲ့ မိတ်ဆွေလုပ်ရတာ ကြိုက်တယ်လို့ ပြောထွက်ရဲတယ်နော်၊ ပြည့်တန်ဆာတွေနဲ့ ဆက်သွယ်ရတာကိုပဲ ပိုကြိုက်တာ မဟုတ်ဘူးလား]
ချီယွမ် အတင်းအကြပ် ပြုံးလိုက်ရင်း...
"တာအိုကျင့်ကြံသူမိတ်ဆွေဖန်၊ ခင်ဗျား ဘာလိုချင်လဲသာ ပြောလိုက်ပါ၊ ကျွန်တော် အလုပ်များနေတယ်၊ ခင်ဗျားနဲ့ အရေးမပါတဲ့ စကားတွေ ဆွေးနွေးဖို့ အချိန်မရှိဘူး"
ပြောပြီးသည်နှင့် ချီယွမ်သည် လှည့်ထွက်ဖို့ ပြင်လိုက်၏။
"ဟေး၊ ခဏစောင့်ပါဦး"
ချီယွမ်၏ တုံ့ပြန်မှုကြောင့် ဖန်ကျန်းကော အလွန်အမင်း ကြောက်ရွံ့သွားကာ အလျင်အမြန် ဖမ်းဆွဲရင်း အနေခက်စွာ ပြောလိုက်တော့သည်။
"ညီအကို အမှန်တိုင်း ပြောရမယ်ဆိုရင် မင်းတို့ရဲ့ဂိုဏ်းထဲမှာ ကျွန်တော် ပစ္စည်းတစ်ခု ကျန်နေခဲ့တယ်၊ ကျေးဇူးပြုပြီး ရှာဖွေခွင့် ပေးနိုင်မလား"
[သူက တိမ်ကြွေဂိုဏ်းထဲ ဝင်ချင်နေတာလား]
ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားကာ သံသယအချို့နှင့် မေးလိုက်သည်။
"ခင်ဗျား ဘာကို ပျောက်သွားတာလဲ"
"အာ..."
ဖန်ကျန်းကောသည် အနည်းငယ် အနေခက်စွာဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်ရင်း...
"တောင်းပန်ပါတယ်၊ မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ဖို့အတွက် ဒီကိစ္စက လျှို့ဝှက်ဖို့ လိုနေသေးတယ်"
ထို့နောက်တွင် ဖန်ကျန်းကောသည် သူ၏ ရင်ဘတ်ကို ပုတ်လိုက်ရင်း ယုံကြည်မှုရှိစွာ ပြောလိုက်၏။
"ဒါပေမယ့် စိတ်အေးအေးနေပါ ညီအကိုချီ၊ ကျွန်တော်က စကားတည်တဲ့ လူတစ်ယောက်ပဲ၊ ကျွန်တော် ဒီနေရာမှာ ပစ္စည်းတစ်ခု ရှာချင်တယ်၊ အဲ့ဒါပါပဲ၊ တိမ်ကြွေဂိုဏ်းကို လုံးဝ ထိခိုက်အောင် လုပ်မှာမဟုတ်ပါဘူး"
တစ်ဖက်လူသည် မလှုပ်ရှားသေးသောကြောင့် ဖန်ကျန်းကော တစ်ခုခုကို တွေးမိသွားဟန် ရှိသည်။ အရင်ဦးဆုံး ကြည့်ရှုသူ ရှိမရှိ စစ်ဆေးပြီးချိန်မှ သိုလှောင်လက်စွပ်အတွင်းကနေ ဝိညာဉ်ကျောက်တုံးတစ်အိတ် ထုတ်ယူပြီး ချီယွမ်၏ လက်အတွင်းသို့ ထည့်ပေးလိုက်၏။
"ဒါက သေးငယ်တဲ့ လက်ဆောင်လေးပါ၊ ကျွန်တော်က ညီအကိုရဲ့ အကူအညီကို လိုအပ်နေတဲ့လူပဲ၊ ပစ္စည်းရှာပြီးပြီဆိုရင် ဒီထက်ပိုပြီး ထိုက်ထိုက်တန်တန် ဆုပေးဦးမှာပါ"
"အို၊ ဟုတ်လား"
ချီယွမ် အနည်းငယ် ဝင်းလက်သွားသော မျက်လုံးများဖြင့် ဝိညာဉ်ကျောက်တုံးအိတ်ကို စစ်ဆေးလိုက်သည်။ အနည်းငယ် တွန့်ဆုတ်ပြီးနောက်တွင် ထိုအိတ်ကို ဘေးဖယ်လိုက်ပြီး ခက်ခဲစွာ သဘောတူရသလို ဟန်ဆောင်လိုက်တော့သည်။
"ဒါဆိုရင်လည်း ကောင်းပါပြီ၊ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ တိမ်ကြွေဂိုဏ်းက ခင်ဗျား သွားချင်သလို သွားလို့ရတဲ့နေရာတစ်ခု မဟုတ်ဘူး၊ အထဲရောက်တာနဲ့ မလိုအပ်ဘဲ လျှောက်သွားဖို့ ခွင့်မပြုဘူး၊ ကျွန်တော့်ရဲ့ဘေးမှာပဲ နေနေရမယ်၊ တစ်နေရာရာကို သွားချင်ရင်လည်း ကျွန်တော့်ကို ကြိုပြောရမယ်"
တာအိုသားတော်တစ်ယောက် ဖြစ်သည့်သူ့အတွက် တစ်ဖက်သူက သဘောမတူလျှင်တောင်မှ ဖန်ကျန်းကောသည် တိမ်ကြွေဂိုဏ်းအတွင်းသို့ ခိုးဝင်ဖို့ နည်းလမ်းများစွာ ရှိပါသည်။
ထို့ကြောင့် ချီယွမ်၏ တောင်းဆိုချက်ကို သဘောတူခဲ့ပြီး နောက်မှ မီးစင်ကြည့်ကဖို့ ဆုံးဖြတ်ထားသည်။
"ကောင်းပြီ ကောင်းပြီ၊ ဝင်ခွင့်ပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ ညီအကို"
ချီယွမ် သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်နှင့် ဖန်ကျန်းကော၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် ဝင်းလက်သွားကာ ချီယွမ်၏ နောက်မှ စိတ်လှုပ်ရှားစွာဖြင့် တိမ်ကြွေဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုက်၏။
"ကြည့်လိုက် ဂိုဏ်းတူမောင်လေးချီပဲ"
"ဂိုဏ်းတူညီလေးချီ မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီ၊ မင်းကို စောင့်နေတာ ငါတို့ တော်တော်ကြာနေပြီ"
ဂိုဏ်း၏ အစီအရင်ကြီးကို ကျော်ဖြတ်ပြီး အတွင်းသို့ ဝင်ရောက်လာသည်နှင့် တိမ်ကြွေဂိုဏ်း၏ များစွာသော တပည့်များသည် ချီယွမ်ကို လာရောက်နှုတ်ဆက်ကာ စိတ်လှုပ်ရှားမှုများဖြင့် ပြောလာကြသည်။
[ငါအခုမှ ပြန်ရောက်တာကို ငါ့ကို လာကြိုနေကြတယ်လား၊ ငါက ဂိုဏ်းမှာ ဒီလောက်တောင် နာမည်ကြီးသွားပြီလား]
ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် အံ့သြသွားကာ တပည့်တစ်ယောက်ကို ခေါ်ယူပြီး မေးလိုက်တော့သည်။
"မင်းတို့ ငါ့ကို ဘာလို့ စောင့်နေတာလဲ"
"ဂိုဏ်းတူအကိုချီ အကိုမသိပေမဲ့ ဒီနေရာမှာ ကြီးကြီးမားမားကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်"
ထိုတပည့်က ချီယွမ်ကို လေးစားမှုတစ်ချို့ဖြင့် ကြည့်လာကာ အလျင်အမြန် ပြောဆိုလိုက်သည်။
"အစီအရင်ဝိညာဉ်က ဂိုဏ်းတူအကိုကြီးကို အထူးတလည် တောင်းဆိုခဲ့တာ၊ ဒါကြောင့် ပင်မအဆောင်မှာ ဂိုဏ်းတူအကိုကို လူတွေအားလုံး စောင့်နေကြတယ်"
"အစီအရင်ဝိညာဉ် ဟုတ်လား"
ထိုစကားကြောင့် ချီယွမ် ပိုမိုအံ့သြသွား၏။
[အဲ့ဒီဘိုးတော်က ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ၊ အဲ့ဒီဘိုးတော် မကိုင်တွယ်နိုင်တာ ဘာရှိလို့လဲ၊ ဘာကြောင့် ငါ့ကို အထူးတလည် တောင်းဆိုရတာလဲ]
သံသယဝင်နေသေးသော်ငြား ချီယွမ်သည် ဘေးတွင်ရှိနေသော ဖန်ကျန်းကောကိုပါ အတူခေါ်ရင်း တိမ်ကြွေဂိုဏ်း၏ ပင်မခန်းမသို့ သွားလိုက်တော့သည်။
ထိုနေရာအနီးသို့ ရောက်လာသည်နှင့် တပည့်များစွာ စုဝေးနေသော ခန်းမကို တွေ့လိုက်ရ၏။ သူတို့၏ပုံစံသည် ကြောက်ရွံ့နေဟန်ရှိကာ စိတ်လှုပ်ရှားမှုနှင့် ရှုပ်ထွေးမှုများ ပြည့်နေသော မျက်နှာထားများ ဖြစ်နေကြသည်။ တစ်ချို့၏ မျက်နှာသည် သေလောက်အောင် ဖြူဖျော့နေပြီး အသက်ရှူသံပင် မမှန်ကန်ကာ တာအိုနှလုံးသားပင် ဒုက္ခထဲ ကျရောက်နေဟန်ပင်။
"ဘာတွေ ဖြစ်နေခဲ့တာလဲ"
ချီယွမ် နှလုံးတစ်ချက် ဆောင့်ခုန်သွားရင်း စနစ်ပြောခဲ့သော ကပ်ဘေးကြီးကို စဉ်းစားမိသွားသည်။
"ချီတ ရောက်လာပြီ"
ချီယွမ် ပေါ်လာသည်နှင့် တိမ်ကြွေဂိုဏ်းရှိ တပည့်များအားလုံး စိတ်ဝင်တစား နားစွင့်သွားကြကာ ချီယွမ်ကို အာရုံစူးစိုက်လာကြသည်။ ချက်ချင်းပဲ ချီယွမ်အတွက် လမ်းဖယ်ပေးလိုက်ကြ၏။
"ဂိုဏ်းတူမောင်လေးချီ"
ထိုအချိန်မှာပဲ ပင်မအဆောင်အတွင်း၌ အဝါဖျော့ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လှပသော မိန်းကလေးသည် ချီယွမ်ကို မြင်သွားခဲ့ပြီး လှပသော မျက်ဝန်းအတွင်း၌ ပျော်ရွှင်မှုတစ်ချို့ ချက်ချင်းပဲ ဝင်ရောက်လာခဲ့သည်။
"ဂိုဏ်းတူအစ်မပိုင်"
ချီယွမ် ပိုင်ရှီရို့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
ချီယွမ်၏ စကားမဆုံးခင်မှာပဲ ဘေးမှာ ရပ်နေသော ဖန်ကျန်းကောသည် အလောတကြီး ရှေ့တိုးလာကာ...
"နှုတ်ဆက်ပါတယ် နတ်သမီးလေး၊ နတ်သမီးလေးရဲ့ အသက်နဲ့ ကျင့်ကြံမှုနယ်ပယ်ကို မေးခွင့်ရှိမလား"
"အမနဲ့ မြန်မြန်လိုက်ခဲ့၊ အစီအရင်ဝိညာဉ်က မောင်လေးကို စောင့်နေတယ်"
ပိုင်ရှီရို့သည် ဖန်ကျန်းကောကို တစ်စက်ကလေးမှ အဖက်မလုပ်ဘဲ ချီယွမ်၏ လက်ကိုသာ ဆွဲခေါ်ရင်း ခန်းမအတွင်းသို့ ဦးဆောင်သွားလိုက်သည်။
"ဟိတ်ဟိတ် ညီအကို၊ ငါ့ကို စောင့်ပါဦး"
ဖန်ကျန်းကော တစ်ယောက် အစက ကြောင်ပြီး ရပ်ကျန်ခဲ့သော်ငြား ချက်ချင်းပဲ ကျရောက်လာသော တပည့်များစွာ၏ မရင်းနှီးသော အကြည့်များကြောင့် အလျင်အမြန် ပြေးလိုက်ရတော့သည်။
ခန်းမအတွင်းသို့ ချီယွမ် ဝင်လာသည်နှင့် အကုန်လုံးသည် လှည့်ကြည့်လာခဲ့သည်။ ထိုင်နေသော အစီအရင်ဝိညာဉ်က ချက်ချင်းပင် ထရပ်လာကာ...
"မိတ်ဆွေချီ မင်းရောက်လာတာ အချိန်ကိုက်ပဲ၊ မင်းဖြေရှင်းပေးရမဲ့ ခေါင်းကိုက်စရာကိစ္စတစ်ခု ရှိနေတယ်"
ပြောပြီးသည်နှင့် အစီအရင်ဝိညာဉ်သည် သိပ်မဝေးသော နေရာတွင် ရှိနေသော လူတစ်ယောက်ကို လက်ညှိုးထိုးလိုက်ကာ တည်ငြိမ်နေသော မျက်နှာထားဖြင့်...
"သူက ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖန်ကဲစွေ့ပဲ၊ သူက ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူကို နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ လူတစ်ယောက်လို့ စွပ်စွဲထားတယ်၊ ဒီစွပ်စွဲချက်က ငါတို့ တိမ်ကြွေဂိုဏ်းတစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်၊ မင်းသေချာလေး စုံစမ်းပေးမှရမယ်"
ချီယွမ်၏ မျက်နှာထားသည် ချက်ချင်းပင် ထူးဆန်းသွားလေရဲ့။
[ငါ့မျက်စိရှေ့ကကောင်က ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖန်ကဲစွေ့ဆိုရင် ငါ့အနောက်မှာ ရပ်နေတဲ့ကောင်ကရော ဘာကောင်လဲ]
…….