← Chapters

ရုပ်ကဖြင့်နွားရုပ်နဲ့ပြဿနာ တော်တော်ရှာတာပဲ

Vol. 8 Ch. 75

ရုပ်ကဖြင့်နွားရုပ်နဲ့ပြဿနာ တော်တော်ရှာတာပဲ

Vol. 8 Ch. 75

“ဘယ်လိုတောင် လုပ်ရဲတာလဲကွ”

ချီယွမ် အနည်းငယ် အံ့အားသင့်နေချိန်မှာပဲ အနောက်မှာ ရှိနေသော ဖန်ကဲစွေ့သည် ရုတ်တရက် အရှေ့တိုးလာကာ မတရားခံထားရသော မျက်နှာထားနှင့် ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။

“မင်းဘယ်နေရာက ရောက်လာတာလဲ။ ဘာကိစ္စ ငါ့ပုံစံဟန်ဆောင်....အဲလေ..မဟုတ်ဘူး။ ဘာကိစ္စ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော် ပုံစံ ဟန်ဆောင်ရတာလဲ။ မင်းကိုဘယ်သူက သတ္တိတွေ ပေးထားတာလဲ”

ဖန်ကဲစွေ့၏ ရုတ်တရက် ထွက်လာသော အသံသည် အကုန်လုံးကို ထိတ်လန့်သွားစေရာ အကုန် လှည့်ကြည့်လာခဲ့ကြပြီး ဂိုဏ်း၏ပင်မခန်းမဆောင် အတွင်းသို့ အပြင်လူတစ်ယောက် ရောက်နေမှန်း သတိထားမိ လိုက်ကြသည်။

( ဘုရားရေ သူ ဘယ်လိုလုပ် ရောက်လာတာလဲ)

ရှန်ဝူကျိသည်လည်း ချီယွမ်၏ နောက်၌ရပ်နေသော ဖန်ကဲစွေ့ကို သတိထားမိလိုက်ပြီး နှလုံးတစ်ချက် ခုန်သွားကာ ခံစားချက် မကောင်းတော့ပေ။

“ရုပ်ဆိုးတဲ့ကောင် မင်း ဘယ်နေရာက ရောက်လာတာလဲ”

အပြစ်ရှိစိတ်ကို အနည်းငယ် ခံစားပြီးသည်နှင့် ရှန်ဝူကျိ လျင်မြန်စွာ သတိဝင်လာခဲ့ပြီး ချက်ချင်းပင် မျက်နှာကို မဲ့ရွဲ့လိုက်ရင်း ယဉ်ကျေးမှု မရှိစွာ အော်ဟစ်လိုက်သည်။

နတ်ဆိုးဂိုဏ်း၏ ထူးချွန်သော တပည့်တစ်ယောက် အတွက်ဘယ်လို အခြေအနေမျိုးမှာ မဆို တည်ငြိမ်အောင် ဖန်တီးခြင်းနှင့် အမှားကို အမှန်အဖြစ် ပြောင်းလဲပြီး တစ်ဖက်လူအား အပြစ်တင်သော ပညာရပ်တွင် ရှန်ဝူကျိသည် ထူးခြား ကောင်းမွန်သော အရည်အချင်းကို ပိုင်ဆိုင်ထားသည်။ လက်ရှိ အခြေအနေသည် သူ့၏ အသိစိတ်ကို လုံးဝဆုံးရှုံးစေရန် မလုံလောက် သေးပါချေ။

ထို့အပြင် အနည်းငယ် ထူးဆန်းစွာပင် ရှန်ဝူကျိ၏ ဘေး၌ရှိနေသော အစေခံမလေး လေးယောက်သည် တိတ်ဆိတ်စွာရပ်နေရင်း နူးညံ့သော မျက်လုံးများဖြင့် တစ်ခြား ဘယ်အရာကိုမှ မမြင်ရတော့သည့်နှယ် ဖန်ကဲ‌စွေ့ကို ကြည့်နေကြသည်။

“ဘယ်ကောင့်ကို ရုပ်ဆိုးတဲ့ကောင်လို့ ခေါ်လိုက်တာလဲ။ မင်းယုံလား ငါ့မင်းကို အခုပဲ ရိုက်ပစ်မယ်”

စော်ကား ခံလိုက်ရသောကြောင့် ဖန်ကဲ‌စွေ့ ချက်ချင်းပဲ စွေ့စွေ့ခုန် သွားကာ အင်္ကျီလက်ကို ပင့်တင်ရင်း တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်သည်။

“ညီအကိုကျန်းကော စိတ်အေးအေးထားပါ”

ဖန်ကဲစွေ့ မလှုပ်ရှားနိုင်ခင်မှာပဲ ချီယွမ် အလျင်အမြန် ဖမ်းဆွဲလိုက်ရသည်။

“မင်းခုနက အဲ့ဒီလူကို ဟန်ဆောင်နေတယ်လို့ ပြောခဲ့တယ်မလား။ မင်းမှာ ဘာသက်သေ ရှိလဲ”

“သေချာပေါက် အဲ့ဒီကောင်က ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော် မဟုတ်ဘူး”

ထိုအချိန်တွင် ဖန်ကဲစွေ့၏ မျက်နှာတစ်ခုလုံးသည် ဒေါသကြောင့် နီရဲနေကာ ရှန်ဝူကျိအား အံကြိတ်ပြီး လှမ်းကြည့်လိုက်သည်။

“ငါ့ကိုယုံပါ။ ထူးခြားကောင်းကင် သန့်စင်နယ်‌မြေရဲ့ တာအိုသားတော်က သူ့လို လုံးဝမဟုတ်ဘူး။ သူကအတုပဲ”

ရှန်ဝူကျိက မျက်နှာကို မဲ့ရွဲ့လိုက်ရင်း ယဉ်ကျေးမှု တစ်စက်မရှိပဲ လှောင်ပြောင်လိုက်သည်။

“ဒါဆိုရင် ပြောပါအုန်း။ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်က ဘယ်လိုပုံစံလဲ”

ထိုစကားကို ကြားသည်နှင့် ဖန်ကဲစွေ့ ချက်ချင်းပင် ကျောဖြောင့်လိုက်ရင်း မောက်မာစွာ ပြောလိုက်သည်။

“ငါ့လို ချောမော တည်ကြည် ခန့်ညားတဲ့ပုံစံပဲ”

ချက်ချင်းပင် ခန်းမအတွင်းရှိ လေထုသည် ထူးဆန်းသွားလေရဲ့။ အစီအရင်ဝိညာဥ်မှ လွဲ၍ခန်းမအတွင်းရှိ ကျန်သောသူများအားလုံးသည် ဖန်ကဲစွေ့အား အရူးတစ်ယောက်လို ကြည့်နေသည့်နှယ် ကြည့်လာကြသည်။

( ဒီကောင်က ရုပ်ဆိုးရုံတင်မကဘူး ဉာဏ်လည်း မကောင်းပါလား။ အင်အားကြီးတဲ့ သန့်စင်နယ်မြေရဲ့ တာအိုသားတော် တစ်ယောက်က ဒီလိုမျိုး မြွေပါလို မျက်နှာနဲ့ ကျောက်ကပ် မကောင်းတဲ့ သူတောင်းစားရုပ် ထွက်နေစရာလား။ သန့်စင်နယ်မြေရဲ့ ဂုဏ်သိက္ခာတော့ ကျတော့မှာပဲ အေ )

တစ်ကယ်တော့ သန့်စင်နယ်မြေကြီး ခုနှစ်ခုမှလွဲလျှင် ကျင့်ကြံရေး လောက၏ လူများစွာသည် တာအိုသားတော်များ၏ ပုံစံကို မမြင်ဖူးကြချေ။ တာအိုသားတော်များ၏ ပုံစံတူ ပန်းချီကားချက်များအား ရှာဖွေတွေ့ရှိ နိုင်ပါသော်ငြား ထိုအရာများ အားလုံးသည်ပညာရှင်များ၏ ခေတ်သစ်အလှအပ အမြင်နဲ့လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ဖန်တီးထားသော တစ်ဆင့်မြင့် ရုပ်ရည်များ ဖြစ်နေလေ၏။

ထူးခြားကောင်းကင် နယ်မြေအတွက်လည်း သူတို့၏ တာအိုသားတော်သည် အလွန်ထူးချွန်သော အရည်အချင်းကို ပိုင်ဆိုင်ထားပါသော်ငြား ရုပ်ရည်ပိုင်းတွင်တော့ ငြင်းဆို၍ မရနိုင်အောင် ရုပ်ဆိုးလှသည်။ မေးခွန်းထုတ်ဖွယ် ရုပ်ရည်အား အတိအကျရေးသား ဖော်ထုတ် ခိုင်းလိုက်ပါက ဂိုဏ်း၏ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုပါ ထိခိုက်လာနိုင်သည်။ ထို့ကြောင့်ထူးခြားကောင်းကင် သန့်စင်နယ်မြေဘက်က တာအိုသားတော်ကို ဂုဏ်ဖော်ပြောဆိုရာတွင် ခန့်ညားလောက်သော ဆန်းကြယ်မှုကို ပိုင်ဆိုင်ထားပြီး လျှို့ဝှက်သောလုပ်ရပ်များသာ လုပ်တတ်သည်ဟု အမွှန်းတင်ကြခဲ့သည်။ ရုပ်ရည်နှင့်ပတ်သတ်ပြီး မဖော်ပြခဲ့ချေ။

“မင်းတို့ ဘာကြည့်နေကြတာလဲ။ တာအိုသားတော် တစ်ယောက်က ဒီလိုရုပ်မျိုးရှိလို့ မရဘူးလား”

ပတ်ဝန်းကျင်၏ သံသယ ဝင်နေသော မျက်လုံးများကြောင့် ဖန်ကဲစွေ့ ပိုမို ဒေါသထွက်လာကာ ချီယွမ်၏ လက်ကို ဆွဲရမ်းလိုက်ရင်း

“ညီအကို အဲ့ဒီလူက အတုအယောင်ပဲ။ မင်းငါ့ကို ယုံရမယ်”

“ပြဿနာရှာနေတာရပ်လိုက်တော့”

ချီယွမ်သည် ရွံရှာစွာဖြင့် လက်ကိုဆွဲထုတ်လိုက်ရင်း ဘေးမှာရပ်နေသော ရှန်ဝူကျိကို နွေးထွေးသော မျက်နှာဖြင့် ပြောလိုက်သည်။

“ညီအကို ကျွန်‌တော့်ရဲ့ မိတ်ဆွေက ခင်ဗျားကို တာအိုသားတော်တစ်ယောက် မဟုတ်ဘူးလို့ စွပ်စွဲနေတယ်။ ကျွန်တော် လုံးဝ သဘောမတူပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ဂုဏ်သတင်းကို ရှင်းလင်းနိုင်ဖို့နဲ့ကျွန်တော့်ရဲ့ မိတ်ဆွေ ပါးစပ်ပိတ်သွားဖို့ အတွက် တာအိုသားတော်ရဲ့ သရုပ်မှန်ကိုပြဖို့ သက်သေ တစ်ခုတော့ပေးပါ”

“တာအိုသားတော်သာ ပြပေးနိုင်မယ်ဆိုရင် ဒီကောင်ကို အခုပဲ အဆက်အသွယ်ဖြတ်ပြီး တာအိုသားတော် အပြစ်ပေးဖို့ ချက်ချင်း လွှဲပေးပါ့မယ်လို့ ကတိပေးပါတယ်”

“ညီအကို ငါမင်းကို ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေတစ်ယောက်လို့ စဉ်းစားခဲ့တာမင်းငါ့ကို ဘယ်လိုလုပ် လုပ်ရက်တာလဲ”

ဖန်ကဲစွေ့သည် ချီယွမ်အား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ရင်း သူ၏မျက်လုံးသည် တဖြည်းဖြည်းနီရဲလာကာ အစွန့်ပစ် ခံလိုက်ရသော လူငယ်လေးတစ်ယောက်ပမာ မျက်နှာငယ်လေး ဖြစ်လာတော့သည်။

သို့သော်ငြား ချီယွမ်သည် သတိမထားမိစွာပင် ရှန်ဝူကျိအား စိုက်ကြည့်နေလိုက်၏။

"အိုး ဟုတ်လား"

ရှန်ဝူကျိ မျက်ခုံးတစ်ဖက် ပင့်သွားရင်း ဖန်ကဲစွေ့ကို ဘေးတစောင်း လှမ်းကြည့်လိုက်ကာ ခပ်မဲ့မဲ့ ပြုံးလိုက်သည်။

“မင်းကိုယ်တိုင် ပြော‌တာနော်။ ကျုပ်သာ ပြနိုင်မယ်ဆိုရင် မင်းတို့ တိမ်ကြွေဂိုဏ်းဘက်က ဒီရုပ်ဆိုးတဲ့ ကောင်ကို ကျုပ်ဆီ လွှဲပေးရမယ်။ ပြီးတော့မှ စကားပြောင်းလို့ မရဘူး”

ထိုအချိန်တွင် ရှန်ဝူကျိသည် အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။

( ချီတက ကံကောင်းတဲ့ကောင်ပဲ။ တိမ်ကြွေဂိုဏ်းရဲ့ အကူအညီနဲ့သာ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်အစစ်ကို ငါဖမ်းလို့ ရခဲ့လို့ကတော့ အိပ်နေရင်းတောင် ထရယ်လောက်တယ် )

ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားလောက်စရာ အောင်မြင်မှုကြီးကို ရရှိမည်ဆိုပါက သန့်စင်ဂိုဏ်း အတွင်းတွင် အလွန်အမင်း ကျော်ကြားနိုင်ရုံ တင်သာမကဘူး၊ လူငယ် မျိုးဆက်သစ်များ ကြားတွင် နံပါတ်တစ် အစွမ်းအစရှိသူအဖြစ် သတ်မှတ်ခံလိုက်ရပြီး သန့်စင်ဂိုဏ်း၏ တာအိုသားတော် တစ်ယောက် မလွဲမသေ ဖြစ်လာနိုင်သည်။

ပြင်းထန်လှသော အောင်မြင်မှုကြီးသည် လက်တကမ်းတွင် ကျရောက်နေသည့်အတွက် ရှန်ဝူကျိ ချက်ချင်းပင် အင်္ကျီအတွင်းမှ တာဝန်သားတော် တံဆိပ်ပြားကို ထုတ်ယူရင်း အကုန်လုံးမြင်နိုင်အောင် မြင့်မြင့် မြှောက်ပြလိုက်သည်။

“ဒါက ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော် တံဆိပ်ပြားပဲ။ နက္ခတ် ကျောက်စိမ်းဖြစ်တဲ့ ငါးရောင်စပ် ကျောက်စိမ်းကနေ ဖန်တီးထားတာမို့ အလွန်ဖိုးရှိပြီး အတုလုပ်လို့ မရဘူး။ ဒီတံဆိပ်ပြားနဲ့ဆိုရင် ကျုပ်ရဲ့သရုပ်မှန်ကို သက်သေပြလို့ ရပြီမလား”

“ကျွန်‌တော် ကြည့်ပါရစေ”

ချီယွမ် ရှေ့တိုးလိုက်ရင်း ရှန်ဝူကျိ၏ လက်အတွင်းမှ လက်ဖဝါးအရွယ်ခန့် တံဆိပ်ပြားကို ယူလိုက်သည်။

“ညီအကို ဒါက ကျွန်တော် ပျောက်သွားတဲ့ ပစ္စည်းပါ။ ကျွန်တော့်ကို မြန်မြန်ပေး”

တံဆိပ်ပြားကို မြင်သည့်နှင့် ဖန်ကဲစွေ့ ချက်ချင်းပင် စိတ်လှုပ်ရှားလာကာ ရှေ့တိုးပြီး လုယူဖို့ ပြင်ဆင်လိုက်သည်။ သို့သော်ငြား ဝိညာဉ်အခြေတည် နယ်ပယ်ရှိသော အစီအရင်ဝိညာဉ်၏ ကန်ချက်ကို ခံလိုက်ရကာ မြေပြင်နှင့် ပြင်းထန်စွာ ဝင်ဆောင့်သွားလေရဲ့။

“မင်း အခုသေချာပြီဆိုရင် တံဆိပ်ပြားကို မြန်မြန်ပြန်ပေးတော့”

တစ်ဖက်သူ၏ စစ်ဆေးမှု ပြီးခါနီးမှာပဲ ရှန်ဝူကျိသည် အလျင်အမြန် တောင်းဆိုလာခဲ့သည်။ သို့သော် ရှန်ဝူကျိ၏ စကားဆုံးသည်နှင့် ချီယွမ်ကလည်း ဘေးရှိ အစီအရင် ဝိညာဉ်နားသို့ အလျင်အမြန် တိုးကပ်လိုက်ပြီး လက်ထဲရှိ တံဆိပ်ပြားကို သိမ်းဆည်း လိုက်သည်။

ရှန်ဝူကျိ “...”

အ‌ခြေအနေကို သဘောပေါက်သည်နှင့် ရှန်ဝူကျိ ဒေါသတကြီး ဖြစ်သွားကာ ကြိမ်းမောင်းလိုက်တော့သည်။

“မင်းဘာကို ဆိုလိုချင်တာလဲ။ ကျုပ်ရဲ့ တံဆိပ်ပြားကို အခုချက်ချင်း ပြန်ပေးစမ်း။ မဟုတ်ဘူးဆိုရင် မင်းတို့အားလုံး ခက်ခဲသွားလိမ့်မယ်နော်”

သို့သော်ငြား ချီယွမ်သည် အဖက်မလုပ်စွာပင် နှာခေါင်းကို တို့ထိရင်း

“အင်း တောင်းပန်ပါတယ်။ တံဆိပ်ပြားက အတုဖြစ်နေတယ်။ ဒါပေမယ့် တာအိုသားတော်ရဲ့ ပုံစံကို ကြည့်ရတာ ရိုးသားတဲ့ လူတစ်ယောက်နဲ့တူတယ်။ ဒါကြောင့် မရေမရာ ဖြစ်နေတာပါ။ ဒီကိစ္စက တော်တော်လေး အရေးကြီးတယ်ဆိုတော့ စစ်ဆေးဖို့အတွက် ထူးခြားကောင်းကင် သန့်စင်နယ်မြေအထိ ကျွန်တော်ယူသွားပေးလို့ရတယ်။ စိတ်မပူပါနဲ့ ကျွန်တော်က အမြဲတမ်း ရိုးသားပြီး ယုံကြည်လို့ ရပါတယ်။ ဒါက အတုဖြစ်နေရင် တောင်မှ ကျွန်တော်ပြန်လာပြီး ပေးမှာပါ”

ခန်းမအတွင်းရှိ အဖြစ်အပျက်ကို ကြည့်နေသော တပည့်များနှင့် အကြီးအကဲများအားလုံး ကြောင်အ သွားလေရဲ့။

……

All Chapters