← Chapters

ဖြေရှင်းလိုက်တော့ ငါပင်ပန်းနေပြီ

Vol. 8 Ch. 76

ဖြေရှင်းလိုက်တော့ ငါပင်ပန်းနေပြီ

Vol. 8 Ch. 76

(နေဦး။ ငါ ဒီကောင့်ဆီမှာ လှည့်စားခံရတော့မယ်)

ရှန်ဝူကျိ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ သူသည် လက်ရှိတွင် ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော်တစ်ယောက် ဖြစ်သည့်အတွက် တံဆိပ်ပြားကို ချီတလို ချီသန့်စင်ခြင်း နယ်ပယ်သာ ရှိသေးသည့် ကျင့်ကြံသူငယ်လေးက ဆွဲယူခံရခဲ့လျှင်တောင်မှ အခုလိုမျိုး ဒေါသတကြီး မပြုမူသင့်သေးပေ။

ချီတသည် သူ့အား ဟန်ချက်ပျက်အောင် ဖန်တီးရင်း အဖြစ်မှန်ကို စုံစမ်းချင်နေဟန်ပင်။

ရှန်ဝူကျိ သဘောပေါက်သွားသည်နှင့် ချက်ချင်းပင် လူသတ် အရိပ်အငွေ့များ ထွက်ပေါ်လာကာ ခြိမ်းခြောက်သော လေသံဖြစ်သွားသည်။

"မင်း ဘာလုပ်နေလဲ သိရဲ့လား။ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ စည်းမျဉ်းအရ တာအိုသားတော် တစ်ယောက်ရဲ့ တံဆိပ်ပြားကို ပေါ်ပေါ်ထင်ထင် ဆွဲလုတာက သေစေနိုင်လောက်တဲ့ အပြစ်ဒဏ်ပဲ။ မင်းတို့ရဲ့ ကျရှုံးနေပြီးသား တိမ်ကြွေဂိုဏ်းဘက်က ဒီကောင့်ကို အခုလိုမျိုး လုပ်ချင်တာလုပ်ခွင့် ပေးထားမယ်ဆိုရင် မင်းတို့တွေနဲ့ ဒီကောင်နဲ့ တစ်ဖွဲ့တည်းပဲလို့ ကျုပ် ယုံကြည်ပေးလိုက်မယ်။ တိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ ပြစ်မှုကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ဒီတိမ်ကြွေဂိုဏ်း တစ်ခုလုံးကို မြှုပ်နှံပစ်ဖို့ လုံလောက်နေပြီ"

ရှန်ဝူကျိ၏ စကားကို ကြားသည်နှင့် အခန်းအတွင်းရှိ အကြီးအကဲများစွာသည် ချက်ချင်းပင် မျက်နှာထား ပြောင်းသွားကြကာ ဖြေလျှော့ဖို့ ကြိုးစားကြတော့သည်။

"တာအိုသားတော် အထင်လွဲနေပါပြီ။ ဒါက ချီတရဲ့ ကိုယ်ပိုင်လုပ်ဆောင်ချက်ပါ။ တိမ်ကြွေဂိုဏ်းနဲ့ တစ်စက်မှ မသက်ဆိုင်ပါဘူး"

"ဂိုဏ်းတူမောင်လေးချီ၊ မင်း တံဆိပ်ပြားကို မြန်မြန်ပြန်ပေးလိုက်ပါ။ မင်းလုပ်နေတာက ငါတို့အားလုံးကို သတ်နေတာနဲ့ အတူတူပဲ"

"ဟုတ်တယ်။ တံဆိပ်ပြားကို ချက်ချင်း ပြန်ပေးလိုက်။ ပြီးတဲ့အချိန်ကျမှ အကျိုးဆက်ကို မတောင့်ခံနိုင်ဘဲ ဖြစ်လိမ့်မယ်"

ဆူညံသံများ တစ်စတစ်စ ထွက်ပေါ်လာသည့်အတွက် ယင်ချင်းယွမ် ရှေ့ထွက်ဖို့ အချိန်ကျပြီမှန်း သဘောပေါက်လိုက်ကာ ချက်ချင်းပင် ချီယွမ်ရှိရာသို့ တည့်တည့်လျှောက်သွားရင်း အေးစက်စွာ အော်ဟစ်လိုက်သည်။

"ငါ အရင်ကလည်း ပြောဖူးတယ်။ ဒီကောင်က အကျင့်မကောင်းတဲ့ သိုးနက်တစ်ကောင်ပဲ။ ကြည့်လိုက်။ အခုတစ်ခေါက်လည်း ငါတို့အားလုံးကို ကပ်ဘေးကြီး ယူဆောင်လာခဲ့ပြီမလား။ ချီတ မင်းကိုယ်မင်း တိမ်ကြွေဂိုဏ်းရဲ့ တပည့်တစ်ယောက်လို့ စဥ်းစားသေးတယ်ဆိုရင် တာအိုသားတော်ရဲ့ တံဆိပ်ပြားကို ချက်ချင်းပြန်ပေးပြီး ဒူးထောက်တောင်းပန်လိုက်။ မဟုတ်လို့ကတော့ မင်းရဲ့ ကံကြမ္မာ အကျိုးလှမယ် မထင်ဘူး။ ဂိုဏ်းတစ်ခုလုံးရဲ့ ရှင်သန်မှုအတွက် ဒီအကြီးအကဲက ရွေးချယ်စရာ မရှိဘဲ မင်းကို အရင်ဆုံး ရှင်းပစ်ရလိမ့်မယ်"

ပြောပြီးသည်နှင့် ယင်ချင်းယွမ်သည် ဘေးတွင်ရှိနေသော အစီအရင်ဝိညာဥ်ကို အရင်ဦးဆုံး အရိုအသေ ပေးလိုက်ရင်း လေးစားစွာ ပြောလိုက်သည်။

"အစီအရင်ဝိညာဉ် သခင်ကြီး၊ ကျွန်တော်က တပည့်သစ် ခေါ်ဆောင်ရေးအတွက် တာဝန်ရှိတဲ့ အကြီးအကဲ ယင်ချင်းယွမ်ပါ။ အခု ဂိုဏ်းတစ်ခုလုံးက အန္တရာယ်ထဲကို ကျရောက်နေတယ်။ ဒီနေရာမှာ နည်းနည်းလေး မှားသွားတာနဲ့ ဂိုဏ်းသား၃ထောင်လုံးရဲ့ အသက်ပါ အန္တရာယ်ထဲ ကျသွားလိမ့်မယ်။ ဒါ့အပြင် သခင်ဘိုးဘေးကြီး ဖန်တီးခဲ့တဲ့ အစီအရင် အခြေခံလည်း ဖျက်ဆီးခံလိုက်ရမှာပဲ။ ဒါကြောင့် တောင်းဆိုပါတယ် သခင်ကြီး။ ချီတကို ကျွန်တော်တို့ဘက်ကို လွဲပေးပါ။ ဒီကပ်ဘေးကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်ပြီဆိုရင် တိမ်ကြွေဂိုဏ်းဘက်က သခင်ကြီးကို ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုပြီး မျိုးဆက်တိုင်း မျိုးဆက်တိုင်း ခစားပါ့မယ်။ သခင်ကြီးရဲ့ အမိန့်ကို ဘယ်တော့မှ ကလန်ကဆန် မလုပ်ပါဘူး"

ထိုစကားလုံးများသည် အကျိုးအကြောင်းသင့်ပြီး ရိုးသားပုံပေါက်သောကြောင့် တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူများထံမှပင် ချက်ချင်း ထောက်ခံချက်ကို ရရှိသွားခဲ့သည်။

"အကြီးအကဲယင်က စဥ်းစားတာ မှန်တယ်။ ဒီလို အရေးကြီးနေတဲ့အချိန်မှာ အကြီးအကဲယင်လို ရှေ့ထွက်ပြီး ဖြေရှင်းပေးမယ့်လူကို လိုအပ်နေတာပဲ"

"ဟုတ်တယ်။ အဲ့ဒီတပည့်က မစဥ်းစားဘဲ လုပ်ချင်တာ လုပ်နေတာ။ ဒီကောင့်ကိုသာ လွှတ်ထားပေးလိုက်မယ်ဆိုရင် မကြာခင်မှာ ပြဿနာတွေ တက်လာလိမ့်မယ်။ ဒီကောင့်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှရမယ်"

"ရှင်..ရှင်တို့တွေ လွန်နေပြီ"

ချီယွမ် စကားမပြောနိုင်ခင်မှာပဲ ဘေးမှာရပ်နေသော ပိုင်ရှီရို့သည် ရှေ့တိုးလာကာ ဒေါသများ ပြည့်နှက်နေသော လှပသည့် မျက်ဝန်းဖြင့် အကုန်လုံးကို လှည့်ပတ်ကြည့်ရှုရင်း ဒေါသတကြီး ပြောဆိုလိုက်သည်။

"ကျွန်မရဲ့အဖေက အခုထိ သတိမရသေးဘူး။ ဒါကို ရှင်တို့အားလုံးက အဲ့ဒီတာအိုသားတော်ဆိုတဲ့ လူကို ကြောက်ဖို့ပဲ သိနေကြတာလား။ ရှင်တို့က အသုံးမကျရုံတင် သာမကဘူး။ ဂိုဏ်းတူမောင်လေးချီကိုပါ ခက်ခဲအောင် လုပ်ချင်နေကြတယ်။ သူက ကူညီဖို့ လုပ်နေတဲ့သူနော်။ ဂိုဏ်းတူမောင်လေးချီကို အပြစ်ပေးချင်တဲ့ ဘယ်သူမဆို ကျွန်မလက်ထဲက လတစ်စင်းရဲ့ အေးစက်မှု ဓားသွားကို ခံစားလိုက်ကြ"

ပိုင်ရှီရို့သည် ပြောပြီးသည်နှင့် သွယ်တန်းသော လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ အပြာဖျော့ရောင် လင်းနေသော ဓားတစ်ချောင်း ပေါ်ထွက်လာခဲ့သည်။ သူမက ချက်ချင်းပင် ချီယွမ်ကို ကာလိုက်၏။

ဖန်ကဲစွေ့သည်လည်း မြေပြင်ပေါ်မှ အလူးအလိမ့် ထလာရင်း ကိုယ့်ကိုယ်ကို ဖုန်ခါပြီးသည်နှင့် ချီယွမ်၏ ဘေးသို့ လျှောက်လာရင်း မဲ့ရွဲ့ပြီး ပြောလိုက်တော့သည်။

"ငတုံးတစ်သိုက်၊ မင်းတို့ရဲ့ ဦးနှောက်တွေက ကျင့်ကြံခြင်းထဲ ပါသွားကြပြီလား။ ညီကို မင်း ဒီတိမ်ကြွေဂိုဏ်းမှာ မနေတော့တာ ကောင်းမယ်။ ငါနဲ့အတူ ထူးခြားကောင်းကင် သန့်စင်နယ်မြေကို ပြန်လိုက်ခဲ့။ မင်းအတွက် လက်ရွေးစင် တပည့်ဖြစ်လာဖို့ ငါ လမ်းရှာပေးမယ်"

ထိုခံ့ညားသော စကားလုံးများသည် လူအုပ်ကို ချက်ချင်းပင် ဆူညံသွားစေကာ ဆဲရေးသံများ စတင်ထွက်ပေါ်လာတော့၏။

"မျိုးမစစ်ကောင်၊ မင်း ဘယ်သူ့ကို ငတုံးလို့ ခေါ်လိုက်တာလဲ"

"မင်းကမှ ငတုံး။ မင်းအဖေကမှ ငတုံး။ မင်းတို့ တစ်မျိုးလုံးတစ်ဆွေလုံးကမှ ငတုံး"

"ဂိုဏ်းကို ခိုးဝင်တဲ့ သူခိုးတစ်ကောင်ကများ မောက်မာပြနေတယ်။ အသက်ရှင်ရတာ ပျင်းနေပြီလား"

"ပါးစပ်ပိတ်ကြစမ်း"

ထိန်းချုပ်မှု လွတ်ကင်းလုနီးပါး ဖြစ်လာသော အခြေအနေကြောင့် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အစီအရင်ဝိညာဥ်သည် ရုတ်ခြည်းပင် အကုန်လုံးကို ဟန့်တားလိုက်သည်။

အကုန်လုံး နာခံစွာ ပါးစပ်ပိတ်လိုက်ကြသဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေရဲ့။

အစောပိုင်းကမှ အကန်ခံထားရသော ဖန်ကဲစွေ့ပင် တိတ်ဆိတ်သွားခဲ့သည်။

လက်ရှိတွင် သူသည် တိမ်ကြွေဂိုဏ်း၏ နယ်မြေအတွင်း ရောက်ရှိနေသည်ဖြစ်လေရာ ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့်သာ ရှိသေးသော အစီအရင်ဝိညာဥ် တစ်ဦးကပင် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ရှိနေလေ၏။

တိတ်ဆိတ်မှုကို ကြားရချိန်မှသာ အစီအရင်ဝိညာဥ် နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့နေသော လေသံဖြင့်..

"ဒီအဘိုးကြီးက တစ်ကယ်ကို ကံဆိုးတာပဲ။ ငါ အပြင်ထွက်လာတာနဲ့ ဒီလောက် တောင်လိုပုံနေတဲ့ ဒုက္ခကြီးနဲ့ ရင်ဆိုင်ရမယ်လို့ ထင်မထားဘူး။ ဒီလိုသာ သိလို့ကတော့ ငါ့ရဲ့ဂူထဲမှာပဲ ပုန်းနေပြီး ငြိမ်းငြိမ်းချမ်းချမ်း နေနေပါတယ်"

ထို့နောက်တွင် အစီအရင်ဝိညာဥ်၏ အကြည့်သည် ချီယွမ် ရှိရာသို့ ရောက်သွားပြီး တစ်လုံးချင်း ပြောလိုက်သည်။

"ကောင်စုတ်လေး၊ မင်းရဲ့အသက်ကိုတော့ မလိုအပ်ဘဲ စွန့်စားမှာ မဟုတ်ဘူးဆိုတာ ငါ သေချာသိတယ်။ အခု ဒီလိုဖြစ်နေပြီဆိုမှတော့ မင်း ဘာကြောင့်လုပ်သလဲ အကြောင်းအရင်း ရှိရမယ်။ အခု ဒီကိစ္စက မင်း ဖြေရှင်းဖို့ လိုအပ်နေပြီ။ ဒီအဘိုးကြီး တော်တော်လေး ပင်ပန်းနေပြီကွ။ မြန်မြန်လုပ်တော့"

အစီအရင်ဝိညာဥ်၏ စကားလုံးများကြောင့် ခန်းမ တစ်ခုလုံးသည် ထပ်မံ တိတ်ဆိတ်သွားတော့သည်။ အကုန်လုံးက ချီယွမ်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ကြပြီး ကိုယ့်၏နားကိုပင် သံသယဝင်လာကြ၏။

(ဘုရားရေ ဒါက ငါတို့ ခန့်မှန်းထားတာနဲ့ ဘာလို့ လွဲနေရတာလဲ။ ချီတက အကုန်လုံးရဲ့ အပြစ်တင်မှုအောက်မှာ ကျရှုံးသွားပြီး ဒူးထောက်တောင်းပန်ရင်း အသနားခံရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဖြေရှင်းခွင့်က သူ့လက်ထဲ ပြန်ရောက် သွားတာလဲ။ ဘယ်လိုလုပ် ဒီအခြေအနေတွေ ဖြစ်ကုန်ရတာလဲ။ ဆန်းကြယ်လိုက်တာ)

(ပိုဆိုးတာက အဲ့ဒီကောင် ချီတကို အစီအရင်ဝိညာဥ်က ထောက်ပံ့ပေးနေတော့ သူက ဒီနေရာမှာ အသန်မာဆုံး ဖြစ်နေပြီ)

ထိုအချိန်တွင် ရှန်ဝူကျိ၏ မျက်နှာသည် အေးခဲသွားကာ ဒေါသတကြီး ဖြစ်လာတော့၏။

(သောက်သုံးမကျတဲ့ အစီအရင်ဝိညာဥ်ကောင်ရဲ့။ ချီတက မင်းအဖေမလို့လား။ အဲ့လောက်တောင် ယုံနေလား)

အစီအရင်ဝိညာဥ်၏ စကားလုံးများကြောင့် ချီယွမ် ပထမတော့ အံ့အားသင့်သွားခဲ့သည်။ ထို့နောက်တွင် အနေခက်စွာဖြင့် နှာခေါင်းကို ထိလိုက်ရင်း

"သခင်ကြီး ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"တစ်ကယ်တော့ သရုပ်မှန်ကို အတည်ပြုဖို့အတွက် ထူးခြားကောင်းကင် သန့်စင်နယ်မြေအထိ သွားဖို့ မလိုအပ်ပါဘူး။ ထူးခြားကောင်းကင် သန့်စင်နယ်မြေက တပည့်တစ်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းလိုက်ရင် လုံလောက်ပြီမလား"

ချီယွမ်သည် ပြောပြီးသည်နှင့် သိုလှောင်အိတ်အတွင်းမှ အနည်းငယ် ရှုံ့တွကာပုံပျက်နေသော ခေါင်းပြတ်ကို ထုတ်ယူရင်း အကုန်လုံးကို ပြလိုက်သည်။

(ဘာ ဘာတွေဖြစ်နေတာလဲ)

သွေးလန့်ဖွယ် မြင်ကွင်းကြောင့် အကုန်လုံး မျက်လုံးများ ပြူးကျယ်သွားကြကာ ချီယွမ်၏ ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ကြချေ။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဖူကျိုးမြို့က ဝမ်အိမ်တော်ရဲ့ အကြီးအကဲခေါင်းဆောင်မလား"

ထိုခေါင်းပြတ်ကို ယင်ချင်းယွမ် ပထမဦးဆုံး မှတ်မိသွားခဲ့ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ချီယွမ်ကို မယုံကြည်နိုင်စွာဖြင့် သရဲတစ်ကောင်ကို ကြည့်ရှုနေသည့်နှယ် ကြည့်လိုက်တော့သည်။

"ဝမ်အိမ်တော်ရဲ့ အကြီးအကဲခေါင်းဆောင် ဝမ်ထျန်းသဲက ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ။ ဘယ်လိုလုပ် သူ့ရဲ့ခေါင်းက မင်းလက်ထဲမှာ ရှိနေရတာလဲ"

ထိုစကားလုံးများကြောင့် ကျန်သောသူများအားလုံး သဘောပေါက်သွားကြကာ အလွန်အမင်း အံ့အားသင့်သွားကြသည်။

(အဲ့ဒီကောင် ရူးနေတာလား။ ချီသန့်စင်ခြင်း နယ်ပယ်ပဲ ရှိသေးတဲ့ ကျင့်ကြံသူငယ်လေး တစ်ယောက်က ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ ဦးခေါင်းကို လူကြားထဲမှာ ထုတ်ပြလိုက်တယ်ပေါ့)

ထိုချဲ့ကားလွန်းပြီး မယုံကြည်နိုင်စရာ မြင်ကွင်းသည် အကုန်လုံး၏ နားလည်နိုင်စွမ်းကို ချိုးဖောက်သွားခဲ့သည်။

ချီယွမ် တစ်ချက်ရယ်လိုက်ရင်း ဦးခေါင်းပြတ်ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ ထို့နောက်တွင် တည်ငြိမ်စွာဖြင့်

"မကြာသေးခင်က စစ်ဆေးရေးခန်းမကနေ ကျွန်တော် တာဝန်တစ်ခု ရခဲ့တယ်။ အဲ့ဒီတာဝန်အရ ဖူကျိုးမြို့ကို သွားပြီးတော့ ကျင့်ကြံသူတွေ ပျောက်နေတဲ့ကိစ္စကို စုံစမ်းခဲ့ရတယ်။ တာဝန်ကို လက်ခံပြီးတာနဲ့ ဖူကျိုးမြို့ကို ကျွန်တော် သွားခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သန့်စင်နယ်မြေရဲ့ တခြားတပည့်နှစ်ယောက်က ဖြေရှင်းပြီးသွားမှန်း ကျွန်တော် တွေ့ခဲ့ရတယ်။ ပြဿနာအရင်းအမြစ်က ဝမ်အိမ်တော်ရဲ့ မိသားစုခေါင်းဆောင် ဝမ်ထျန်းသဲက သူ့ရဲ့သက်တမ်းကို မြင့်တင်နိုင်ဖို့ နတ်ဆိုးသိုင်းပညာတစ်ချို့ကို အသုံးပြုနေခဲ့တာပဲ။ အဲ့ဒီပျောက်သွားတဲ့ ကျင့်ကြံသူတွေအားလုံးက ဝမ်အိမ်တော်မှာ တိတ်တဆိတ် ဖမ်းဆီးခံထားရတာ။ သူတို့ရဲ့အသားနဲ့ သွေးကို အသုံးပြုပြီး ဝမ်ထျန်းသဲက သူ့အသက်ကို တိုးမြင့်ခဲ့တာပဲ"

"ဒါကြောင့် အဲ့ဒီအဖြစ်အပျက် ပြီးတဲ့နောက်မှာ ဝမ်အိမ်တော်တစ်ခုလုံး အရေးယူခံလိုက်ရပြီး သန့်စင်နယ်မြေရဲ့ တပည့်တွေလက်အောက်မှာ မကောင်းတဲ့ခေါင်းဆောင် ဝမ်ထျန်းသဲ အသတ်ခံလိုက်ရတယ်။ ကျွန်တော်က ပြောတတ်ဆိုတတ်တဲ့ လူတစ်ယောက်ဆိုတော့ အဲ့ဒီတပည့်နှစ်ယောက်နဲ့လည်း အဆင်ပြေခဲ့တယ်။ ကျွန်တော်ကလည်း တာဝန်ကြောင့် ရောက်လာတာလို့ ပြောပြလိုက်တော့ သူတို့က သဘောထားကြီးစွာနဲ့ ကျွန်တော့်အတွက် သက်သေရအောင်ဆိုပြီးတော့ ဝမ်အိမ်တော် ခေါင်းဆောင်ရဲ့ ခေါင်းကို လက်ဆောင်ပေးခဲ့တာပဲ"

ချီယွမ်၏ စကားကို ကြားသောအချိန်မှသာ အကုန်လုံး ရုတ်တရက် သဘောပေါက်သွားခဲ့ကြပြီး သူတို့၏ ပခုံးထက်မှ လေးလံနေသော သောကကို ဖယ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

(ဒါက အဓိပ္ပါယ်ရှိတယ်။ တစ်ကယ်လို့ ဒီကောင်သာ သူကိုယ်တိုင် ခေါင်းဖြတ်လာတာလို့ ပြောမယ်ဆိုရင် လုံးဝကို အဓိပ္ပါယ်မရှိတဲ့ စကားကြီးဖြစ်သွားမှာ။ သူ့ကို ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး)

ချီယွမ် အနည်းငယ် ပြုံးလိုက်ရင်း သိုလှောင်အိတ်အတွင်းမှ ဆက်သွယ်ရေး မန္တန်စာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။

"သေချာပေါက် ကျွန်တော် ဆိုလိုချင်တာ အဲ့ဒါမဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက သန့်စင်နယ်မြေရဲ့ အဲ့ဒီတပည့်နှစ်ယောက်က အခု ဖူကျိုးမြို့မှာ ရှိနေသေးတယ်။ ရွှေအမြုတေ ကျင့်ကြံသူ တစ်ယောက်အတွက် တိမ်ကြွေဂိုဏ်းကနေ ဖူကျိုးမြို့ကို လာဖို့ဆိုရင် ၁နာရီတောင် ကြာမှာမဟုတ်ဘူး။ သူတို့ကို ရှာပြီးတော့ အတည်ပြုနိုင်မယ်ဆိုရင် ဒီကိစ္စကို ဖြေရှင်းလို့ ရသွားပြီမလား"

(ထူးခြားသန့်စင်နယ်မြေရဲ့ ရွှေအမြုတေနယ်ပယ် နှောင်းပိုင်းအဆင့် တပည့် နှစ်ယောက်တဲ့လား)

ရှန်ဝူကျိ၏ မျက်နှာထားသည် လွန်စွာ ပြောင်းလဲသွားခဲ့ပြီး ခြေဖဝါးမှ ဦးခေါင်းအထိ ကြက်သီးမွေးညှင်းများ ထလာတော့သည်။

ထိုသို့သော ကျင့်ကြံမှုနယ်ပယ်သည် သန့်စင်နယ်မြေအတွင်းတွင် လက်ရွေးစင် တပည့် ဖြစ်လာနိုင်၏။ သူတို့သာ အသိအမှတ်မပြုဘူးဆိုရင် အန္တရာယ်ကြီး ကျရောက်သွားနိုင်သည်။

ထိုအချိန်တွင် ခန်းမအတွင်းရှိ လူအားလုံးသည် ချီယွမ်၏ ပုံပြင်မှာ နစ်မြောနေခဲ့ကြပြီး ဖူကျိုးမြို့ရှိ ကျင့်ကြံသူနှစ်ယောက်ကို ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တပည့်နှစ်ယောက်အဖြစ် ထင်မှတ်လိုက်ကြတော့သည်။

……

All Chapters