← Chapters

ရည်ရွယ်ချက် တော်တော်ကြီးတာပဲ

Vol. 8 Ch. 78

ရည်ရွယ်ချက် တော်တော်ကြီးတာပဲ

Vol. 8 Ch. 78

(ငါဘာလုပ်ရတော့မလဲ)

ပတ်ဝန်းကျင်၏ ထူးဆန်းသော မျက်လုံးများစွာကြောင့် ယင်ချင်းယွမ် ချက်ချင်းပင် သွေးအန်ထွက်တော့မတက် စိတ်ဆင်းရဲမှုကို ခံစားလိုက်ရသည်။

သူသည် မူလက နတ်ဆိုးဂိုဏ်း၏ အရည်အချင်းရှိသော တပည့် ရှန်ဝူကျိနှင့် ပူးပေါင်းလိုက်ပါက တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နေရာကို လွယ်ကူစွာ ရနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် မထင်ထားစွာပင် အခြေအနေက ရုတ်တရက်ပြောင်းပြန်ဖြစ်သွားခဲ့ပြီး အနိုင်ရနေပြီးသား အောင်မြင်မှုကြီးသည် နာရီဝက်အတွင်းမှာပဲ အရာအားလုံး အပြီးတိုင် ပျက်စီးသွားခဲ့သည်။

တစ်ခုကောင်းသေးသည်မှာ အစောပိုင်းက သူ၏အပြုအမူများ အားလုံးသည် အနည်းငယ် သံသယဝင်ဖွယ်ကောင်းသော်ငြား ရှန်ဝူကျိဘက်တော်‌သားဟု အပြည့်အဝ စွပ်စွဲလို့မရသေးချေ။ ဆင်ခြေ တစ်ချို့နှင့် ဤအခြေအနေမှ ရုန်းထွက်ဖို့ ဖြစ်နိုင်ပါသေးသည်။

ထို့ကြောင့် ယင်ချင်းယွမ်တစ်ယောက် ရှန်ဝူကျိကို မြန်မြန်သေပြီး ပြန်လည်မွေးဖွားပါစေဟုသာ ဆုတောင်းနိုင်တော့သည်။ ထိုမှသာ တိမ်ကြွေဂိုဏ်းကို သစ္စာဖောက်ထားသော သူ၏အပြစ်များကို ဖော်ထုတ်ခံရလိမ့်မည် မဟုတ်ချေ။ ထိုသို့မဟုတ်လျှင် အရာအားလုံး ပျက်စီးသွားနိုင်၏။

(ဒါတွေအားလုံးက ဟိုသူတောင်းစားရဲ့အမှားပဲ)

ယင်ချင်းယွမ်တစ်ယောက် ခန်းမအတွင်း၌ မျက်နှာထားတစ်ချက်မပြောင်းဘဲ ရပ်နေဆဲဖြစ်သော ချီယွမ်ကို လှမ်းကြည့်ရင်း နှလုံးသားတစ်ခုလုံး လူသတ်အရိပ်အငွေ့များနှင့် မုန်းတီးမှုများ ပြည့်လျှံသွားခဲ့သည်။

တစ်ခုခုကို သတိထားမိသွားပုံပေါက်သော ယင်ချင်းယွမ်သည် ချက်ချင်းပင် အနည်းငယ် မျက်မှောင်ကျုံ့ပြီး ချီယွမ်ရှိရာသို့လျှောက်လာရင်း အေးစက်စွာ မေးလိုက်၏။

“ချီတ ငါ့ရဲ့ သား ယင်ဟောင် ပျောက်နေတာ နည်းနည်းကြာပြီ။သူ မပျောက်သွားခင်မှာ တာဝန်ခန်းမကနေ မင်းကို တာဝန်တစ်ခု သူကိုယ်တိုင်ပေးခဲ့တယ်လို့ ငါကြားတယ်။ သူဘယ်နေရာမှာလဲ မင်းသိသလား။”

“ဪ အကြီးအကဲက ဂိုဏ်းတူအကိုအကြောင်း မေးနေတာလား။”

ချီယွမ်သည် မပြောင်းလဲသော မျက်နှာထားဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“သူဘယ်သွားလိုက်လဲ ကျွန်တော်လည်း မသိဘူးရယ်။ ဖြစ်နိုင်တာ သူက မကောင်းတဲ့ကိစ္စတွေအများကြီး လုပ်ခဲ့တော့ ထုတ်ဖော်ခံရမှာစိုးပြီးတော့ ထွက်ပြေးသွားတာနေမှာပေါ့။”

“မင်းဘယ်လိုတောင်ပြောရဲတာလဲ။ ငါ့ရဲ့သားက အမြဲတမ်းဖြောင့်မတ်တဲ့သူတစ်ယောက်ပဲ။ ဘယ်လိုလုပ်မှားယွင်းတဲ့ ကိစ္စကို လုပ်ရဲရမှာလဲ။”

ယင်ချင်းယွမ်၏ မျက်နှာ တစ်ခုလုံး ချက်ချင်းပင် မဲမှောင်သွားကာ လေသံက ပိုမို အေးစက်လာတော့၏။

“သူက ဂိုဏ်းအပြင်ဘက်ကို ခရီးသွားနေတာပဲ ဖြစ်ရမယ်။ သူပြန်ရောက်လာတဲ့ အချိန်ကျရင် မင်းကို သင်ခန်းစာပေးခိုင်းဦးမယ်။”

လက်ရှိတွင် ဂိုဏ်းသားများအားလုံး ကြည့်နေသည် ဖြစ်လေရာ ယင်ချင်းယွမ်တစ်ယောက် ဘယ်လိုပင် မုန်းတီးမှုကို ခံစားနေရပါစေ၊ တိုက်ရိုက်တိုက်ခိုက်ဖို့ မဖြစ်နိုင်သေးချေ။ ထို့ကြောင့် သည်းခံဖို့သာ ရွေးချယ်ခဲ့ပြီး အနာဂတ်တွင် သေချာပေါက် ပြန်ပေးဆပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။

ချီယွမ် အဖက်မလုပ်စွာ ပခုံးတွန့်ပြလိုက်ရင်း နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

“ကောင်းပြီ ဒါဆိုရင် ကျွန်တော်စောင့်နေမယ်လေ”

ထို့နောက်တွင် စကားလမ်းကြောင်းလွှဲလိုက်လေကာ

“ဒါပေမယ့် အကြီးအကဲယင်လည်း ရှိနေတာဆိုတော့ ကျွန်တော် မေးခွန်းတစ်ခုမေးကြည့်ချင်တယ်။”

ယင်ချင်းယွမ်၏ မျက်နှာထားက အနည်းငယ်ခက်ထန်သွားရင်း ချီယွမ်ကို သတိကြီးစွာ လှမ်းကြည့်လိုက်ပြီးမှ အေးစက်စွာပြောလိုက်သည်။

“မင်းဘာပြောချင်တာလဲ ပြောလိုက်။ ဝေ့လည်ကြောင်ပတ်လာလုပ်မနေနဲ့”

တောက်ပသော အပြုံးတစ်ခုနှင့် ချီယွမ် ခေါင်းညိမ့်ပြလိုက်ရင်း ပုံမှန်လိုပဲ မေးလိုက်သည်။

“ဒါဆိုရင် အကုန်လုံးရဲ့ အရှေ့မှာရှင်းပြပေးပါဦး။ ကျွန်တော်တို့ တိမ်ကြွေဂိုဏ်းရဲ့ ပြီးပြည့်စုံလှတဲ့ တပည့်အသစ်ခန့်အပ်ဖို့တာဝန်ရှိတဲ့ အကြီးအကဲယင်က ဘာကြောင့်များ နတ်ဆိုးဂိုဏ်းသားတစ်ယောက်ကို အခုလို လုပ်ကြံနိုင်ဖို့ ဂိုဏ်းထဲဖိတ်ခေါ်ခဲ့ရတာလဲ။”

ထိုစကားလုံးများထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားကာ လူအများစုသည် ထိတ်လန့်မှုများပြည့်နေသော မျက်နှာများဖြင့် ယင်ချင်းယွမ်ကို မယုံကြည်နိုင်စွာ လှည့်ကြည့်လာကြသည်။

ယင်ချင်းယွမ်၏ အစောပိုင်းက သံသယဝင်ဖွယ် အပြုအမူများကြောင့် တိမ်ကြွေဂိုဏ်းသားများအားလုံးသည် ချီယွမ်ပြောစကားကို ယုံကြည်ဖို့ ပိုမိုစိတ်အားထက်သန်နေကြသည်။

ချီယွမ်၏ သူရဲကောင်းဆန်သော ဖြေရှင်းပေးမှုကြောင့်သာ မဟုတ်ဘူးဆိုလျှင် တိမ်ကြွေဂိုဏ်းတစ်ခုလုံး နတ်ဆိုးဂိုဏ်းသားတစ်ယောက်ကို ကောင်းကင်တာအိုသားတော်အဖြစ် ပူဇော်ပသနေရင်း ဖျက်ဆီးခံလိုက်ရမည့် အကျိုးဆက်ကို မတွေးရဲပါချေ။

တိမ်ကြွေဂိုဏ်းတစ်ခုလုံး ရက်စက်စွာ မဖျက်ဆီးခံရလျှင်တောင်မှ ဤကိစ္စသည် အရှက်ရစရာ ကိစ္စတစ်ခုအဖြစ်နှင့် တစ်သက်လုံးခေါင်းမထောင်နိုင်အောင် အကုန်လုံး၏ လှောင်ပြောင်ခြင်းကိုခံရမည်ဖြစ်လေရာ စစ်မှန်သော ဂိုဏ်းများကြားတွင် ဘယ်သောအခါမှ ထပ်မံရပ်တည်နိုင်တော့မည် မဟုတ်ပေ။

“ယင်ချင်းယွမ် ရှင်က သစ္စာဖောက်လား။”

ချီယွမ်၏ ဘေးတွင်ရပ်နေသော ပိုင်ရှီရို့သည်လည်း မူလက အံ့အားသင့်သွားခဲ့ပြီးမှ ချက်ချင်းပင် သူမ၏ လှပသော မျက်နှာသည် အေးစက်သွားကာ ဒေါသတကြီး အော်ဟစ်တော့သည်။

“ကျွန်မရဲ့ အဖေက အကြီးအကဲကို အရမ်းတန်ဖိုးထားခဲ့တယ်။ ဒါပေမယ့် ဒီလိုလှည့်ဖြားတဲ့ ကိစ္စကို ဘယ်လိုတောင် လုပ်ရက်တာလဲ။ အကြီးအကဲမှာ အသိစိတ်မရှိတော့ဘူးလား။”

ထိုမြင်ကွင်းကြောင့် မြေပြင်ပေါ်မှ ပြန်ထလာပြီးသော ဖန်ကဲစွေ့က လက်ပိုက်လိုက်ကာ ပွဲကြည့်ပရိတ်သတ်တစ်ယောက်၏ ဟန်ပန်ကို အပြည့်အဝဖော်ကျူးရင်း လျှာဝင်ရှည်လိုက်သည်။

“ဘာတွေမေးဖို့ လိုနေဦးမှာလဲ။ ဒီကောင်က ညီမလေးအဖေရဲ့ နေရာကို ယူပြီးတော့ ဂိုဏ်းခေါင်းဆောင်ဖြစ်လာချင်နေတာ အသိအသာကြီးပဲကို။ ရွှေအမြုတေနယ်ပယ်ပဲရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်ကများ အာဏာလိုချင်နေသေးတယ်။ ရည်မှန်းချက်တော်တော်ကြီးသားပဲ။”

“ချီတ မင်းဘယ်လို အဓိပ္ပါယ် မရှိတာတွေလာပြောနေတာလဲ။”

အချင်းချင်း သိနေကြသော အကြီးအကဲများပါ မသိမသာ ဝန်းရံလာသည်ကို သတိထားမိသည်နှင့် ယင်ချင်းယွမ်၏ မျက်နှာထားသည် မဲမှောင်သွားကာ ဒေါသတကြီး ပြောလိုက်တော့သည်။

“မဟုတ်တဲ့ စွပ်စွဲချက်တွေနဲ့ ငါ့ကို နာမည်မဖျက်နဲ့။ ငါက အဲ့ဒီလိမ်ညာလှည့်ဖြားတဲ့ နတ်ဆိုးဂိုဏ်းသားကို ကောင်းကင်သားတော်လို့ ထင်မှတ်သွားပြီး သူ့အစားပြောဆိုခဲ့မိတာပဲ။ ငါလုပ်ခဲ့တာတွေအားလုံးက တိမ်ကြွေဂိုဏ်းသား သုံးထောင်လုံးအတွက် စဉ်းစားပြီးလုပ်ခဲ့တာ။ မင်းငါ့ကို ဘယ်လိုလုပ် အပြစ်တင်စွပ်စွဲရက်တာလဲ။ ငါ့ကိုပူးပေါင်းတယ်လို့ စွပ်စွဲရအောင် မင်းမှာဘာသက်သေရှိလို့လဲ။”

“ဘာလဲ သက်သေလိုချင်တာလား။”

ချီယွမ်သည် ပြန်လည်ရန်ဖြစ်ဖို့ ပျင်းရိလွန်းစွာပင် အင်္ကျီအတွင်းမှ မှတ်တမ်းတင်ထားသော မန္တန်စာရွက်တစ်ခုကို တိုက်ရိုက်ထုတ်ယူလိုက်သည်။ အသက်သွင်းလိုက်သည်နှင့် ရင်းနှီးသော အသံတစ်ခုလုံးက ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့လာခဲ့သည်။

“မကြာခင်က ဂိုဏ်းထဲမှာ ကျုပ်ကိုလူတစ်ချို့က ပစ်မှတ်ထားလာခဲ့တယ်။ ကျုပ်ရဲ့ တက်လမ်းကို ပိတ်ဆို့နေတာပဲ။ ကျုပ်ရဲ့ အကျိုးအမြတ် တစ်ချို့ ယုတ်လျော့သွားမှာကို စိတ်ထဲမရှိပါဘူး။ ဒါပေမယ့် ကျုပ်တို့ရဲ့ မဟာအစီအစဉ်ကြီးကို ထိခိုက်လာမယ်ဆိုရင်တော့ ငြိမ်ခံနေလို့ မဖြစ်တော့ဘူး”

ထိုရှင်းလင်းပြတ်သားသော အသံကို အကုန်လုံး ပြီးပြည့်စုံစွာ ကြားလိုက်ရသည်။

စာကြောင်းနှစ်ကြောင်းသာဆိုသော်ငြား စကားသံကိုနားထောင်ရသလောက် ထိုသူသည် နတ်ဆိုးဂိုဏ်းဖြစ်သော ယင်ရှဂိုဏ်းအား အလွန်အမင်း မြှောက်ပင့်ပြောဆိုထားသည်။ တစ်ဖက်ရှိ ယင်ရှဂိုဏ်းဘက်က သူ၏စကားသံကို မကြားရပေမဲ့ သေချာပေါက် ထိုသူကို ပြန်လည်ချီးကျူးနေလောက်သည်ပင်။

ယင်ချင်းယွမ်တစ်ယောက် အလွန်အမင်း အံ့ဩမှင်သက်သွားလေရဲ့။

“ဘုရားရေ မင်းက တစ်ကယ်ပဲ သစ္စာဖောက်ပေါ့။”

ယင်ချင်းယွမ် မတုံ့ပြန်နိုင်ခင်မှာပဲ မျက်စိဒေါက်ထောက်ကြည့်နေသော အတွင်းခန်းမ အကြီးအကဲများသည် ချက်ချင်းပင် တင်းကျပ်စွာ ချည်နှောင်လိုက်သည်။

ထူးဆန်းသော အကြည့်များ ကြားမှ ချီယွမ် တည်ငြိမ်စွာ နောက်ဆုတ်လိုက်ရင်း တိတ်တဆိတ်သက်ပြင်းချလိုက်သည်။

(မင်းကြိုက်တဲ့ လူကို ပြဿနာရှာလို့ရတယ်။ ဒါပေမယ့် မိန်းမ တစ်ယောက်ကိုတော့ ပြဿနာသွားမရှာနဲ့။ အထူးသဖြင့် နတ်ဆိုးဂိုဏ်းက မိန်းမတစ်ယောက်ပဲ။ သူမရဲ့ နှလုံးသားက အပ်ပေါက်ထက်တောင် သေးငယ်သေးတယ်။)

ချီယွမ်သည် ဖူကျိုးမြို့မှ တိမ်ကြွေဂိုဏ်းအတွင်းသို့ လာနေသော အချိန်တွင် ကောင်းကင်ထက်မှ ထိုမန္တန်စာရွက်သည် အလိုအလျောက် ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်အတွင်းသို့ တိုက်ရိုက်ကျရောက်လာခဲ့သည်။ အလွန်တန်ဖိုးရှိသော ထိပ်သီးအဆင့် ဆက်သွယ်ရေး မန္တန်စာရွက်ကို ကြည့်လိုက်သည်နှင့် ဘယ်သူပေးခဲ့မှန်းသိသာနေပါ၏။

ကျိချန်အာ၏ အဓိက ရည်ရွယ်ချက်သည် ရှင်းလင်းပါသည်။ အနာဂတ်တွင် ကြုံတွေ့လာရမည့် ကိစ္စတွေကို ဖြေရှင်းနိုင်ရန်အတွက် တစ်ဖက်သာ ကြားရသော မန္တာန်စာရွက်ကို ပေးထားခဲ့ပြီး ချီယွမ်ကလည်း ချက်ချင်းပင် သူမ၏ ဆိုလိုရင်းကို သဘောပေါက်ခဲ့သည်။

(ကျိချန်အာက ယင်ချင်းယွမ်ကို အသက်ဆက်မရှင်စေချင်ဘူး)

ထိုသို့ဖြင့် ချီယွမ်လည်း ရွေးချယ်စရာမရှိတော့ချေ။ ယင်ဟောင်လည်း သွားခဲ့တာ ကြာပြီဆိုသည့်အတွက် ဖခင်ဖြစ်သူ ယင်ချင်းယွမ်ကိုပါ ပို့ပေးလိုက်ရင် အဖေနှင့်သား ပြန်လည်ပေါင်းစည်းနိုင်ပြီး ကိစ္စကောင်းတစ်ခုဖြစ်လာမည်မလား။

(ဘယ်လိုပဲဆိုဆို အဲ့ဒီ ယင်သားအဖက ကောင်းတဲ့လူတွေမှ မဟုတ်တာပဲ။ နှစ်ယောက်လုံးက အကျင့်ပျက်ယုတ်မာကြပြီး ငါနဲ့ ငါ့ရဲ့မိန်းကလေးတွေကိုလည်း အနှောက်အယှက်ပေးခဲ့တယ်။ သူတို့က အကြိမ်တစ်သောင်းလောက် သေမယ်ဆိုရင်တောင်မှ ငါဝမ်းနည်းနေမှာ မဟုတ်ဘူး။)

ချီယွမ် တိတ်တဆိတ် တွေးတောလိုက်သည်။

အခုချိန်တွင် ချီယွမ်အတွက် စိတ်အနှောက်အယှက် ပေးနေသော တစ်ခုတည်းသောအရာက ဆက်သွယ်ရေးအဆောင်မန္တာန်စာရွက်ပင်။ အကယ်၍ ထိုနတ်ဆိုးမသည် အတိတ်က ပတ်သက်မှုအတွက် မကျေမနပ်ဖြစ်လာပြီး တစ်ရက်ကျ အပြစ်တင်ပြောဆိုလာခဲ့လျှင် ဘယ်လိုလုပ်မလဲ။

(ဖြစ်နိုင်တာ...သူမ ငါ့ကို တိတ်တဆိတ်ကူညီနေတာက အစီအစဉ်တစ်ခုခု ရှိနေတာများလား)

ထိုအချိန်မှာပဲ အစီအရင်ဝိဉာဉ်သည် မှိုင်းညို့နေသော မျက်နှာဖြင့် ခန်းမအတွင်းသို့ ပြန်ရောက်လာခဲ့သည်။ မြေပြင်ပေါ်တွင် ဒူးထောက်ရုန်းကန်နေသော ယင်ချင်းယွမ်ကို တစ်စက်တောင် လှည့်မကြည့်ဘဲ ခပ်တိုးတိုးရေရွတ်လိုက်၏။

“ငါခဏလေး သတိလွတ်သွားခဲ့တဲ့ဟာကို အဲ့ဒီနတ်ဆိုးကောင်က ကိုယ့်ရဲ့ ကိုယ်ပိုင်နတ်ဆိုးဝိဉာဉ်ကို ဖျက်ဆီးရင်း ငါ့ရဲ့ သေစေနိုင်တဲ့ရိုက်ချက်ကို ဖျက်ဆီးပြီး လွတ်မြောက်သွားမယ်လို့ ထင်မထားဘူး။ ဒါပေမယ့် ဘယ်လိုပဲနေနေ အဲ့ဒီနတ်ဆိုးကောင်လည်း သူ့ရဲ့ အတွင်းဝိဉာဉ်ကို ဆုံးရှုံးလိုက်ရတော့ သူ့ရဲ့ကျင့်ကြံမှု ၈၀ရာခိုင်နှုန်း ပျက်စီးသွားပြီ။ ကံကောင်းပြီး အသက်ရှင်နေရင်တောင်မှ ဂိုဏ်းကို ပြဿနာလာရှာနိုင်မှာ မဟုတ်ဘူး။”

ထိုအချိန်တွင် ချန်းလန်တောင်၏ ဖုံးကွယ်နေသော မြေအောက်လှိုင်ဂူအတွင်း၌

အမဲရောင်မြူခိုးငွေ့များက လေတစ်ဝက်မှာ ပေါ်လာခဲ့ပြီး ဂူအတွင်းသို့ တွားသွားဝင်ရောက်လာကာ အဆုံးတွင် ကောက်ကျစ်သော မျက်နှာထားရှိသော အနက်ရောင်ဝတ်စုံနှင့် ယောက်ျားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

“ထွီ”

မြေပြင်ပေါ် ခြေချပြီးသည်နှင့် ရှန်ဝူကျိ ပါးစပ်အပြည့် သွေးတစ်လုတ်အန်လိုက်ရသည်။ သူ၏အရှိန်အဝါသည် အပြင်းအထန်အားနည်းနေကာ မျက်နှာတစ်ခုလုံးသေလောက်အောင် ဖြူဖျော့နေ၏။ လေတစ်ချက်တိုက်လိုက်တာနှင့် သူ၏ အသက်မီးဇာကုန်ဆုံးတော့မလို အချိန်မရွေးလဲကျနိုင်လောက်သည်ထိ မောပန်းနေခဲ့သည်။

သေခြင်းတရားမှ လွတ်မြောက်လာသည့်တိုင်အောင် ရှန်ဝူကျိ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုတစ်စက်မှ ရှိမနေခဲ့ချေ။ ခံစားချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် နှုတ်ခမ်းထောင့်မှ သွေးစကို သုတ်လိုက်ရင်း အတွင်းအခြေအနေကို အသေးစိတ် အတည်ပြုပြီးသည်နှင့် အနည်းငယ် မျက်မှောင်ကျုံ့သွားကာ မျက်နှာက ပိုမိုမဲမှောင်လာတော့သည်။

တစ်ဖက်လူ၏ တိုက်ခိုက်မှုကို နတ်ဆိုးသိုင်းအား အသုံးပြုရင်း သူ၏ ဝိဉာဉ်နှင့် ပြောင်းလဲခဲ့သော်ငြား အကျိုးဆက်က အလွန်အမင်းပြင်းထန်လှ၏။

သူ၏ ကျင့်ကြံမှုသည် အခြေခံတည်ထောင်ခြင်းနယ်ပယ်သို့ တိုက်ရိုက်ကျဆင်းသွားရုံတင်သာမက နတ်ဆိုးဝိဉာဉ်ပေါက်ကွဲမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း အပေါက်ရာများပြည့်နှက်လာကာ တာအိုအခြေခံလည်း ပြင်းထန်စွာ ပျက်စီးခဲ့ရသည်။

အရင်အခြေအနေကို ပြန်ရောက်ချင်လျှင် မရေမတွက်နိုင်သော တန်ဖိုးကြီး ဆေးလုံးများနှင့် ရှားပါးရတနာများကို စားသုံးဖို့အပြင် အနည်းဆုံးနှစ်တစ်ရာလောက် ကျင့်ကြံဖို့ လိုအပ်နေလေပြီ။

များစွာလှသော ဆုံးရှုံးမှုများကြောင့် ဒူပေဒံပေခံနိုင်လှချည်ရဲ့ဆိုသော ရှန်ဝူကျိသည်ပင် မခံစားနိုင်လောက်သော နာကျင်မှုကို နှလုံးသားအတွင်း၌ ခံစားနေရသည်။

“ချီတ ပြီးတော့ တိမ်ကြွေဂိုဏ်း ငါအခုပဲ ကျိန်ဆိုတယ်။ မင်းရဲ့ဝိညာဉ်ကို ဆွဲဆန့်ပြီး တစ်စစီလုပ်ပစ်မယ်။ မင်းကို မဖျက်ဆီးရ သေးသ၍ ငါအနားမယူဘူး။ မင်းစောင့်နေလိုက်ပါ။ တစ်ရက်ကျရင်....”

ရှန်ဝူကျိ တစ်ယောက် ဒေါသအရိပ်များ ပြည့်ဝနေသော မျက်လုံးများဖြင့် အံကြိတ်ကာ အကြမ်းပတမ်း ကြိမ်းမောင်းလိုက်သည်။ ထိုအချိန်မှာပဲ သူ၏နားအတွင်းသို့ သံစဉ်ကဲ့သို့ ချိုမြသော မိန်းကလေး အသံတခု ဝင်ရောက်လာ၏။

“ဂိုဏ်းတူ အကိုရှန်၊ အကိုပဲ အ‌စောတုန်းက ကျွန်မကို မီးပေါင်းဖိုအဖြစ် အသုံးချမယ်လို့ ပြောသွားတာ မဟုတ်ဘူးလား။ ဘာလို့ ဒီနေရာမှာ ပုန်းနေရတာလဲ။ အော်..ပြီးတော့ ဘယ်သူ့ကို သတ်မယ်လို့ပြောလိုက်တာ။ ဘာလဲ ဒီညီမလေးက ကူညီပေးရမလား”

( ကျိချန်အာပဲ )

ထိုအသံကို ကြားသည်နှင့် ရှန်ဝူကျိ၏ မျက်စံများ ကျဉ်းမြောင်းသွားပြီး နှလုံးသား တစ်ခုလုံး နှစ်မြှုပ်သွားလေတော့သည်။

……

All Chapters