← Chapters

ဒီကိစ္စကိုသည်းမခံနိုင်ဘူး

Vol. 8 Ch. 72

ဒီကိစ္စကိုသည်းမခံနိုင်ဘူး

Vol. 8 Ch. 72

“တာအိုသားတော် ဘာလုပ်နေတာပါလဲ”

ထူးဆန်းလာသော အနေအထားကြောင့် ပိုင်ချင်းဝူ၏ မျက်လုံးများက ချက်ချင်း စူးရဲသွားပြီး ထိတ်လန့်လာတော့သည်။ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရင်း အနက်ရောင်မြူခိုးကြားမှ ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။ သို့သော်ငြား ပိုမိုကျယ်ပြန့်လာသော အနက်ရောင်အငွေ့များက သူ့ကိုတင်းကျပ်စွာ ပိတ်လှောင်လာခဲ့သည်။

ထိုအနက်ရောင်အငွေ့များ ဖုံးလွှမ်းသွားသည်နှင့် ကြွက်သား၊ အရိုးနှင့် အသား သာမက ခန္ဓာထုထည် မရှိသော ဝိဉာဉ်ဖြစ်နေလျှင်တောင်မှ နေရာမှာ ပိတ်မိနေခဲ့ပြီး လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

“ဟီးဟီးဟီး’”

ရှန်ဝူကျိက တဟီးဟီးရယ်မောရင်း တည်ငြိမ်စွာပြောလာလေရဲ့။

“တိမ်ကြွေဂိုဏ်းဘက်က ရိုးရိုးသားသားနဲ့ ထူးခြားကောင်းကင် သန့်စင်နယ်မြေကို ဆုတွေ‌ပေးအပ်ခဲ့တာဆိုတော့ ကျုပ်ဘက်ကလည်း ဆုတစ်ခုပြန်ပေးရမှာပေါ့ လက်ခံလိုက်”

“မဟုတ်ဘူး ဒါက..ဒါက နတ်ဆိုးသိုင်းပညာပဲ မင်းကဖန်ကဲစွေ့ မဟုတ်ဘူး”

ပိုင်ချင်းဝူ သဘောပေါက်သွားသည်နှင့် အံ့ကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ပြန်လည်တိုက်ခိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အမဲရောင်များ ဖုံးလွှမ်းသွားခဲ့ပြီမို့ ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်သွားလေ၏။

ကြမ်းတမ်းသော တိုက်ခိုက်သံသည် တစ်ခြားသော တပည့်များ၏ အာရုံကိုပါ ဆွဲဆောင်မိသွားပြီး မကြာမီမှာပဲ ခန်းမအတွင်းသို့ အစောင့်တစ်အုပ်ပြေးဝင်လာကာ အထဲကမြင်ကွင်းကို မြင်သည်နှင့် အကုန်လုံးမှင်သက်သွားကြသည်။

“ဘာဖြစ်နေတာလဲ”

“ဂိုဏ်းခေါင်းဆောင်”

“ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို ဘာလုပ်လိုက်တာလဲ။ သူ.. သူဘာလို့ ဒီလိုမျိုးဖြစ်သွားတာလဲ။”

ချက်ချင်းပင် ခန်းမတစ်ခုလုံးဆူညံပွက်လောရိုက်သွားပြီး အပြေးရောက်လာခဲ့သော တပည့်များအားလုံး ကြောက်ရွံ့သွားကြကာ ဘာဆက်လုပ်ရမလဲမသိကြတော့ချေ။

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့အားလုံး ချက်ချင်းပင်ရှေ့တိုးကာ ဂိုဏ်းခေါင်းဆောင်အား တိုက်ခိုက်ခဲ့သည့် တရားခံကိုတားမြစ်ရမည်ပင်။ သို့သော်ငြား တစ်ဖက်သူသည် တိမ်ကြွေဂိုဏ်းသို့ ဖုန်းကွယ်ပြီးရောက်ရှိလာသော အဆင့်အတန်းမြင့်မားသည့် ဧည့်သည်တော်ဖြစ်သည့်အတွက် အထူးလေးစားစွာ ဆက်ဆံရမည်ဟု အမိန့်လည်းရရှိထားပြန်သေးသောကြောင့် ဘယ်သူကမှ ရှေ့မတိုးရဲကြပေ။ ထို့အပြင် အမိန့်ထုတ်ခဲ့သူကိုယ်တိုင်ကလည်း ဂိုဏ်းခေါင်းဆောင်ပင် ဖြစ်နေသေး၏။

တပည့်တွေအားလုံးအလွန်အမင်း အံ့အားသင့်နေခဲ့ကြပြီး ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ ဝိဉာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူ တာအိုသားတော်ကို မတိုက်ခိုက်ရဲကြတော့ချေ။

ထိုအချိန်တွင် ရှန်ဝူကျိကတော့ ပင်မထိုင်ခုံတွင် ထိုင်မြဲထိုင်နေပြီး အခါးရည်ကို ဇိမ်ကျစွာ သောက်နေရင်း ပတ်ဝန်းကျင်၏ မတူညီသော အကြည့်များစွာကို လုံးဝလျစ်လျူရှုထားခဲ့သည်။

မကြာမီမှာပဲ ဆူညံသံများကြားထဲသို့ အကြီးအကဲ ယင်ချင်းယွမ် ဦးဆောင်သော များစွာသော အကြီးအကဲတစ်အုပ်သည် ရောက်ရှိလာခဲ့သည်။ အပြီးသတ် ဖိနှိပ်ခံလိုက်ရသော ဂိုဏ်းခေါင်းဆောင်ပိုင်ချင်းဝူ၏ ပုံစံကြောင့် ယင်ချင်းယွမ်၏ မျက်လုံးအတွင်းတွင် ပျော်ရွှင်မှုတစ်ချို့ ဖြတ်ပြေးသွားကာ အော်ဟစ်လိုက်သည်။

“မင်းတို့ ဒါ ဘာလုပ်နေတာလဲ။ တာအိုသားတော်ကို လေးလေးစားစား ဆက်ဆံဖို့ ငါ မပြောထားဘူးလား”

တပည့်များအားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြကာ ယင်ချင်းယွမ်အတွက် လမ်းဖယ်ပေးလာကြသည်။

ထိုအချိန်မှာပဲ တိမ်ကြွေဂိုဏ်း၏ နောက်ထပ်အကြီးအကဲတစ်အုပ် ထပ်မံရောက်ရှိလာ၏။ ဂိုဏ်းခေါင်းဆောင်၏ အခြေအနေကို မြင်သည်နှင့် အလွန်အမင်း ကြောက်ရွံ့သွားကြကာ နေရာမှာတင် မှင်သက်သွားကြသည်။

“ဂိုဏ်းခေါင်းဆောင်”

သတိပြန်ဝင်လာသည်နှင့် ပိုင်ချင်းဝူကို သစ္စာရှိသောအကြီးအကဲများသည် ချက်ချင်းပင် ဒေါသထွက်သွားကြကာ ရှေ့တိုးပြီး ရှင်းပြချက်ပေးဖို့ တောင်းဆိုချင်ခဲ့သည်။

“ဖန်ကဲစွေ့ ငါတို့တိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ။ တိမ်ကြွေဂိုဏ်းကို အင်အားမရှိတဲ့ ဂိုဏ်းတစ်ခုလို့ ထင်နေသလား။”

“ငါတို့ရဲ့ ဂိုဏ်းထဲမှာ တပည့်ထောင်ချီပြီးရှိတယ်။ ဒါ့အပြင် ဘိုးဘေးကြီးကိုယ်တိုင် ချမှတ်ပေးတဲ့ အစီအရင်ကြီးတစ်ခုတောင်ရှိနေသေးတယ်။ မင်း ငါတို့ကို ရှင်းပြချက်မပေးဘူးဆိုရင် ငါတို့ဘက်ကလည်း သေတဲ့အထိ တိုက်ခိုက်မှာ။ ဒါကနှစ်ဖက်လုံးအတွက် ပျက်စီးကိန်းပဲ။”

“ဟုတ်တယ် ငါတို့ဘက်က မင်းကို အတတ်နိုင်ဆုံး လေးစားမှုနဲ့ သစ္စာရှိမှု ပြသခဲ့ကြတယ်။ ဒါပေမယ့် မင်းက ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်ကို အဆိပ်ခတ်ရဲတယ်။ ဒီကမ္ဘာက တရားမျှတမှု မရှိဘူး။ ထူးခြားကောင်းကင် သန့်စင်နယ်မြေထိ တက်ရမယ်ဆိုရင်တောင်မှ ငါတို့ရဲ့ ဂိုဏ်းခေါင်းဆောင်အတွက် တရားမျှတမှုကို ငါတို့ကိုယ်တိုင်ရှာပေးမယ်။”

စစ်မှန်သော စကားလုံးများထွက်ပေါ်လာသည်နှင့် အခြေအနေသည် ထိန်းချုပ်မှုမှ လွတ်ကင်းလုနီးပါးဖြစ်သွားခဲ့သည်။ ရှန်ဝူကျိက ရုတ်တရက် အေးစက်စွာရယ်မောလိုက်ကာ ကျောချမ်းဖွယ် လေသံဖြင့်…

“တိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူက မကောင်းတဲ့ နတ်ဆိုးသိုင်းကို တိတ်တဆိတ်လေ့ကျင့်ခဲ့ပြီး နတ်ဆိုး လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်။ ကျုပ်ဆီမှာ ဖော်ထုတ်ခံလိုက်ရတော့ အမုန်းတရားတွေနဲ့ ကျုပ်ကို ထိခိုက်အောင် လုပ်ဖို့ ကြံစည်ခဲ့တယ်။ ဒါကြောင့် ကျုပ်ကိုယ်တိုင် အနိုင်ယူခဲ့ရတာပဲ။ အခု ခင်ဗျားတို့အားလုံးက ပြဿနာရှာချင်နေကြတယ်ဆိုတော့ ဘာလဲ။ တိမ်ကြွေဂိုဏ်းမှာရှိတဲ့ လူတွေအားလုံးက ပိုင်ချင်းဝူနဲ့ ပူးပေါင်းနေတဲ့ ကြံရာပါတွေလား။ ဒီလိုဆိုမှတော့ အနာဂတ်မှာ ပြဿနာကနေ ရှောင်ရှားဖို့အတွက် ထူးခြားကောင်းကင် သန့်စင်နယ်မြေဘက်ကို လူလွှတ်ခိုင်းပြီး တိမ်ကြွေဂိုဏ်းတစ်ခုလုံးကို အခုပဲ ဖျက်ဆီးခိုင်းပစ်မယ်။”

ထိုစကားလုံးများ ထွက်လာသည်နှင့် ခန်းမတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

(တိမ်ကြွေဂိုဏ်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းခေါင်းဆောင်က နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းနေတယ်)

ထိုချဲ့ကားလွန်းပြီး မဖြစ်နိုင်စရာကောင်းလှသော စွပ်စွဲချက်သည် ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော်၏ ပါးစပ်ထံမှ ထွက်ပေါ်လာခဲ့တာဖြစ်သည်။ သန့်စင်နယ်မြေဘက်မှ တာဝန်ယူအပြစ်လာခဲ့လျှင် ပိုင်ချင်းဝူကိုယ်တိုင် ဒဏ်ခတ်ခံရရုံတင်သာမကဘူး။ တိမ်ကြွေဂိုဏ်းတစ်ခုလုံးပါ ပူးပေါင်းပါဝင်မိပြီး အမြစ်ပြတ်ဖျက်ဆီးခြင်းကိုခံရနိုင်သည်။ ထိုအချိန်မှာတော့ ပိုင်ချင်းဝူ၏ သစ္စာအရှိဆုံးဆိုသော အကြီးအကဲများပင် မနေနိုင်အောင် တွန့်ဆုတ်သွားခဲ့ပြီး အရှိန်အဟုန်သည်လည်း လျော့နည်းသွားတော့သည်။

“အဓိပ္ပါယ်မရှိတာ။ ကျွန်မရဲ့အဖေက အမြဲတမ်း ရိုးသားဖြောင့်မတ်ပြီး မှန်ကန်တဲ့သူတစ်ယောက်ပဲ။ အဖေက နတ်ဆိုးကျင့်ကြံသူတွေကို မွေးရာပါ ရန်သူတစ်ယောက်လိုမျိုး မုန်းတီးတယ်။ သူလိုလူတစ်ယောက်က နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

ထိုအချိန်မှာပဲ အသက်ရှုသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေသော ခန်းမအတွင်းသို့ ရှင်းလင်းသော အမျိုးသမီးသံတစ်ခုသည် ပဲ့တင်ထပ်သွားခဲ့သည်။ အသံလာရာသို့ ကြည့်လိုက်သည်နှင့် ခန်းမအပြင်ဘက်တွင် ရပ်နေသော ပိုင်ရှီရို့ကိုတွေ့လိုက်ရ၏။

ပိုင်ရှီရို့၏ မျက်လုံးများသည် ရှန်ဝူကျိအပေါ်မှာသာ စူးရဲစွာ ကျရောက်နေခဲ့ပြီး သူမ၏ မျက်နှာတစ်ခုလုံးက မခံမရပ်နိုင်ခြင်းကြောင့် မဲမှောင်နေသည်။

“ရှင်က အရှင်းအလင်းကြီးကို စွပ်စွဲအပြစ်တင်နေတာပဲ။ ရှင့်ဘက်မှာသာ ဖုံးကွယ်ထားတဲ့အရာ မရှိဘူးဆိုရင် ကျွန်မရဲ့အဖေကို ချက်ချင်းပဲလွှတ်ပေးလိုက်။ လူကြားထဲမှာ စစ်ဆေးခံမယ်။ အမှန်တရားကို ဒီနေရာမှာရှိနေတဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းတူညီအကို ညီအမတွေအားလုံး ကြားစေရမယ်။”

“တော်တော်လေး လျှာစောင်းထက်တဲ့ မိန်းမလှပါလား”

ရှန်ဝူကျိသည် ရယ်သွမ်းလိုက်ကာ စနောက်စွာဖြင့် ဆက်ပြောလိုက်၏။

“အကယ်လို့ ကျုပ်က မင်းအဖေကို လွှတ်ပေးခဲ့ပြီး သူကချုပ်နှောင်ခြင်း နတ်ဆိုးသိုင်းကို ကျင့်နေတယ်လို့ သက်သေရလာခဲ့ရင်ကော မင်းဘာလုပ်မလဲ။”

ပိုင်ရှီရို့၏ နူးညံ့သောခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်သွားကာ သူမ၏ နှလုံးသားတစ်ခုလုံး မသက်မသာခံစားလိုက်ရသည်။

သို့သော်ငြား သူမ၏ မျက်နှာထားကတော့ တည်ငြိမ်နေဆဲဖြစ်ပြီး ခိုင်မာပြတ်သားစွာဖြင့် တစ်လုံးချင်းပြောဆိုလိုက်သည်။

“ကျွန်မရဲ့အဖေက သူ့ရဲ့ တစ်ဘဝလုံးကို ဂိုဏ်းမှာပဲ မြှုပ်နှံထားခဲ့တာ။ ဒီလို နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

“တစ်ကယ်လို့ ကျွန်မအဖေကသာ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံနေသူတစ်ယောက်မှန်း သက်သေပြနိုင်တယ်ဆိုရင် သူ့ရဲ့ သမီးဖြစ်တဲ့ ကျွန်မကော အပြစ်ပေးမှုကို တိုက်ရိုက်လက်ခံမယ်။”

“ဟားဟားဟား”

ထိုစကားကိုကြားသည်နှင့် ရှန်ဝူကျိ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“ကောင်းတယ် မင်းဘက်က ဒီလိုပြောလာပြီဆိုမှတော့ ကြင်နာလှတဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုစရာလား။”

ရှန်ဝူကျိသည် ပြုံးနေရင်းဖြင့် အင်္ကျီစကို ပေါ့ပါးစွာ ခေါက်လိုက်သည်။ ထို့နောက်တွင် ခန့်ညားပြီး ကျယ်ပြန့်သော သန့်စင်စွမ်းအင်လှိုင်းသည် သူ၏ လက်ဖဝါးအတွင်းမှ ထွက်လာကာ ပိုင်ချင်းဝူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ စီးဆင်းသွား၏။

နောက်တစ်စက္ကန့်မှာပဲ...

ထိုသန့်စင်သော အင်အားသည် ပိုင်ချင်းဝူ၏ ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ လည်ပတ်ပြီးသည်နှင့် ဝန်းရံထားသော အမဲရောင် အငွေ့များလည်း လျင်မြန်စွာပျောက်ကွယ်သွားပြီး နှင်းတောင်ပို့ပေါ်သို့ နွေးထွေးသော နေရောင် ကျရောက်လိုက်သည့်နှယ် ပိုင်ချင်းဝူ၏ အေးခဲနေသော အရေပြားနှင့် အရိုးအစစ်များပင် ဖြည်းညှင်းစွာ ပြေလျော့လာခဲ့သည်။

“အဖေ”

“ဂိုဏ်းခေါင်းဆောင်”

ပိုင်ချင်းဝူ ပြန်လည် လှုပ်ရှားနိုင်ခဲ့ချိန်မှသာ အကုန်လုံး စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး အပြေးသွားလိုက်ကြသည်။

ထိုခေါ်သံများကြားတွင် ပိုင်ချင်းဝူ၏ မျက်လုံးသည် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ နဂိုက မှိန်ဖျော့နေသော မျက်စံများသည် ရုပ်ချည်းပင် မဲနက်သွားကာ အဖြူရောင်တစ်စက်ကလေးတောင် မတွေ့ရတော့ဘဲ နတ်ဆိုးဝင်ပူးခံရသလိုမျိုး ဖြစ်သွားလေရဲ့။

ပိုင်ချင်းဝူ၏ နဂိုကတည်ငြိမ်သော ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း တွန့်လိမ်လာကာ ရက်စက်ကြမ်းတမ်းမှုများ ပြည့်ဝနေသည့် အရှိန်အဝါကြီး လျှံထွက်လာခဲ့သည်။

“သတ် သတ် မင်းတို့အားလုံးကို သတ်ပစ်မယ်”

ချက်ချင်းပင် သားရဲတစ်ကောင်လိုမျိုး ဟိန်းသံကြီး အော်ဟစ်လိုက်ပြီး ဦးတည်ရာဘက်အားလုံးသို့ လက်မြှောက်ကာ အကြမ်းပတမ်း တိုက်ခိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် ပိုင်ရှီရို့၏ မျက်နှာသည် အလွန်အမင်းဖြူဖျော့သွားရင်း ဖခင်ဖြစ်သူကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတော့သည်။

“အဖေ ဘာဖြစ်နေတာလဲ။ ထပါတော့”

တခြားသော တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူများအားလုံး ထိတ်လန့်သွားကြကာ အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

ထိုအချိန်မှာပဲ ရှန်ဝူကျိက မဲ့ရွဲ့လိုက်ရင်း..

“တွေ့လား ဒါက ချုပ်နှောင်ခြင်း နတ်ဆိုးသိုင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးပဲ။ မိသားစုကိုတောင်မေ့သွားပြီး နောက်ဆုံးမှာ ရူးသွပ်သွားလိမ့်မယ်။”

ပြောပြီးသည်နှင့် ရှန်ဝူကျိ၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခုထွက်ပေါ်လာကာ လက်တစ်ဖက်မြှောက်လိုက်ရင်း မဟူရာအလင်းတန်းများ ထုတ်ပေးနိုင်သော သွေးနီရောင်ဓားရှည်ကို ရုတ်တရက်ထွက်ပေါ်စေလိုက်ရင်း ပိုင်ချင်းဝူ၏ ဦးတည်ရာဘက်သို့ ရိုက်ချဖို့ပြင်ဆင်လိုက်သည်။

“ကျွန်မရဲ့အဖေကို မသတ်နဲ့”

ပိုင်ရှီရို့၏ မျက်နှာက ပိုမို ဖြူဖွေးသွားခဲ့ပြီး အလျင်အမြန် ရှေ့တိုးလိုက်သည်။

ထိုအချိန်မှာပဲ..

ဘန်း

ရုတ်တရက်ဆိုသလို ကောင်းကင်ထက်မှ အဖြူရောင်အလင်းတန်းများစွာ ဖြာကျလာခဲ့ပြီး သွေးနီရောင်ဓားရှည်ကို အလင်းစက်များသဖွယ် ချိုးဖျက်လိုက်ရင်း မြေပြင်ပေါ်သို့ တစ်စဆီ ပြုတ်ကျသွားစေခဲ့သည်။

(ဘယ်သူလဲ)

ရှန်ဝူကျိ မျက်မှောင်ကြုတ်သွားပြီး တရားခံကို စိုက်ကြည့်လိုက်သည်။

“ဘယ်လိုတောင် အသုံးမကျတဲ့အမှိုက်ကောင်တွေလဲ။ မင်းတို့ မျက်စိရှေ့မှာ မင်းတို့ ဂိုဏ်းခေါင်းဆောင်ကိုသတ်ဖို့ လုပ်နေတာကို ငကြောက်လိုမျိုး လုပ်နေရသလား။ ဒီမြင်ကွင်းကို ပိုင်ယန်ကျိမြင်သွားလို့ကတော့ ချက်ချင်းပဲ အုတ်ဂူထဲကနေ ထလာလောက်တယ်။”

စိတ်ဆိုးနေသာ လေသံပြီးသည်နှင့် ငယ်ရွယ်သော ပုံရိပ်တစ်ခု ခပ်ဖြည်းဖြည်း ထွက်ပေါ်လာကာ ခန်းမအတွင်းရှိ ပိုင်ချင်းဝူ၏ အေးခဲနေသော ပုံစံကို အလွယ်တကူ သက်သာစေလိုက်သည်။

“အစီအရင်ဝိဉာဉ်ပဲ”

အစီအရင် ဝိဉာဉ်ကိုမြင်သည်နှင့် တိမ်ကြွေဂိုဏ်း၏ ကျင့်ကြံသူများအားလုံး ကြောင်အသွားကြကာ မယုံကြည်နိုင်သော မျက်နှာထားများ ဖြစ်သွားကြလေရဲ့။

(နှစ်တစ်ထောင်ကျော်တောင် တိတ်ဆိတ်နေခဲ့ပြီးမှ ငါတို့ရဲ့ ဒဏ္ဍာရီလာ အစီအရင် ဝိဉာဉ်က နောက်ဆုံးတော့ ပြန်ပေါ်လာပြီပဲ။)

……..

All Chapters