← Chapters

အကောင်းစားဆေးလုံး ငါးဆယ်ထုတ်ပေး

Vol. 8 Ch. 79

အကောင်းစားဆေးလုံး ငါးဆယ်ထုတ်ပေး

Vol. 8 Ch. 79

“ ဂိုဏ်းတူညီမလေးကျိ အရင်တုန်းက ငါဒီတိုင်းစနေတာပါ။ စိတ်ထဲမထားပါနဲ့ ”

ထို့နောက်တွင် ရှန်ဝူကျိသည် အတင်းအကျပ်ပြုံးလိုက်ပြီး

“ ဒါ့အပြင် ငါအခု တိမ်ကြွေဂိုဏ်းက လူတွေဆီမှာ သရုပ်မှန်မိသွားခဲ့ပြီး အပြင်းအထန်ဒဏ်ရာရထားတယ်။ ဒီလို သေရေးရှင်ရေးအခြေအနေမှာ ညီမလေးက ငါ့ကို နောက်ကျောဓားနဲ့ မထိုးလောက်ဘူးမလား။ ငါကမင်းရဲ့ အကြံအစည်ကို မဖျက်ဆီးခဲ့ဘူးလေ။ ဒီလိုဆိုမှတော့ ဒီဂိုဏ်းတူအကိုကို ကျေးဇူးပြုပြီး လွှတ်ပေးလို့ရမလား။ ”

ရှန်ဝူကျိ တစ်ယောက် အလွန်အမင်းထိတ်လန့်ပြီး ကြောက်လန့်နေသော်ငြား သူ့ကိုယ်သူ ဂိုဏ်းတူအကိုဟူသော ဂုဏ်ပုဒ်ကို ထုတ်ဖော်ပြသရင်း အန္တရာယ်မပြုနိုင်သည့်ပုံစံ ဟန်ဆောင်ကာ တစ်ဖက်သူထံမှ မရှိနိုင်သော သနားညှာတာမှုတစ်ချို့ကို ရယူနိုင်ဖို့ ကြိုးစားလိုက်သည်။

သန့်စင်ဂိုဏ်းသားတစ်ယောက်အနေနှင့် သန့်စင်ဂိုဏ်း၏ လုပ်ရိုးလုပ်နည်းကို ကောင်းမွန်စွာနားလည်ပါသည်။ သန့်စင်ဂိုဏ်းဘက်မှ ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်ခြင်းကို အားပေးအားမြောက်မပြုသော်ငြား တားမြစ်မှုတော့ မပြုထားခဲ့ချေ။

ထို့အပြင် ဤနေရာသည် သန့်စင်ဂိုဏ်းနှင့် မိုင်ပေါင်းသိန်းချီပြီး ဝေးကွာသည်။ သူ၏ဝိညာဉ်မီးတောက် ငြိမ်းသွားမှန်း ဂိုဏ်းဘက်မှ ရှာတွေခဲ့ပြီး စုံစမ်းရန် လူလွှတ်လာလျှင်တောင်မှ ဤနေရာသို့ ရောက်လာလျှင် ရက်လည်ကိုတောင် ကျော်ပြီးလောက်ပြီ ဖြစ်သည်။ ဘယ်လိုလုပ် တရားခံကို ရှာတွေ့နိုင်မှာလဲ။

ဖြစ်နိုင်မည်ဆိုလျှင် ဤဂိုဏ်းတူညီမလေးထက် ရာချီသော စစ်မှန်ဂိုဏ်းများ၏ ဂိုဏ်းသားများနှင့်သာ တွေ့ဆုံချင်ပါဘိ။

“ ဟား နင်က ငါ့ရဲ့အကြံအစည်တွေကို မဖျက်ဆီးဘူးလို့ ပြောရဲတယ်နော်။ ”

စကားသံဆုံးသည်နှင့် သိမ်သွယ်ပြီး ကျက်သရေရှိသော ပုံရိပ်သည် အမှောင်ထဲမှ ခပ်ဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမ၏ အသားအရည်သည် နှင်းလိုဖြူဖွေးကာ ထင်းရှင်းသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ ညအချိန်တွင် ပွင့်အာနေသော ခရမ်းရောင်ကြာပွင့်တစ်ခုနှယ် အသက်ရှူမှားလောက်အောင် လှပပေ၏။

ပုံမှန်အားဖြင့် ယခုကဲ့သို့ အသက်ရှူမှားလောက်စရာ မိန်းကလေးကို မြင်တွေ့လျှင် တဏှာကြီးသော ရှန်ဝူကျိသည် အကြိမ်ရေတစ်ချို့ စနောက်ကျီစယ်မိမှာဖြစ်သည်။ အခုတော့ ထိုကြမ်းတမ်းသော စုန်းမကို ဒေါသထွက်စေအောင် ပြုလုပ်မိမှာ စိုးသည့်အတွက် ကြည့်တောင်မကြည့်ရဲတော့ချေ။ ရှန်ဝူကျိသည် ဦးခေါင်းကို နှိမ့်ချရင်း အကြိမ်ကြိမ်အခါခါ တောင်းပန်တော့သည်။

“ ဂိုဏ်းတူညီမလေးကျိ ဒီတစ်ခေါက်က တကယ်ကို ငါ့အပြစ်ပါ။ မင်းငါ့ရဲ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် ဒီတစ်ဘဝလုံး မင်းရဲ့ရန်သူ လုံးဝဖြစ်မလာဘူးလို့ ငါ့နှလုံးသားထဲကနေ ကျိန်ဆိုပါတယ်။ ပြီးတော့ ဒီအချိန်အတွင်းမှာ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်အဖြစ် ဖုံးကွယ်ပြီး ငါစုဆောင်းထားသမျှ ငွေကြေးရတနာတွေအားလုံးကို မင်းကိုပေးပါ့မယ်။ ဂိုဏ်းတူညီမလေး ဘယ်လိုသဘောရလဲ။ ”

သေမင်းရှေ့မှောက် ကျရောက်နေသည်ဖြစ်၍ ရှန်ဝူကျိ၏ အသံသည် တုန်ယင်နေသလို ချွေးစီးများသည် ပါးပြင်ထက်သို့ တစ်လုံးချင်းစီးကြလာ၏။

“ နင့်ရဲ့အသက်ကို ချမ်းသာပေးရမယ် ဟုတ်လား ”

ကျိချန်အာ၏ နှုတ်ခမ်းက အေးစက်စွာ ပြုံးသွားရင်း သူမ၏လေသံက ပိုမိုကျောချမ်းဖွယ်ကောင်းလာ၏။

“ နင်သာ တိမ်ကြွေဂိုဏ်းအထိ ရောက်လာပြီး ငါ့ရဲ့အစီအစဉ်ကို ဖျက်ဆီးဖို့ မကြိုးစားဘူးဆိုလျှင် ငါလည်း တိမ်ကြွေဂိုဏ်းကနေ ထွက်သွားပြီး အဘွားချီကို အကူအညီတောင်းရမှာ မဟုတ်ဘူး။ ငါသာဒီနေရာမှာ နေနေမယ်ဆိုရင် အဲ့ဒီအပင်က အလွယ်တကူ လွတ်မြောက်သွားစရာလား။ ငါလည်း ပုံရိယောင်ထဲ ကျသွားပြီးတော့ တစ်ဘဝလုံး ထိခိုက်နစ်နာစေမယ့် အဲ့ဒီဆုံးရှုံးမှုကို ခံရမှာတောင် မဟုတ်ဘူး။ အဲ့တာတွေ အားလုံးက နင့်ကြောင့် စတင်တာလို့တောင် ပြောလို့ရတယ်။ ငါ့ရဲ့နှလုံးသားထဲက အမုန်းတရားတွေကို ချိုးနှိမ်ပြီး နင့်ကိုမသတ်ဘဲ ဘယ်လိုလုပ် နေနိုင်မှာလဲ”

( ဘာ )

ရှန်ဝူကျိ အလွန်အမင်း အံ့အားသင့်နေခဲ့သော်ငြား သူမ၏ စကားလုံးများအတွင်းမှ လူသတ်အရိပ်အငွေ့များကို အာရုံခံမိခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည် အကြမ်းပတမ်းတုန်ယင်သွားကာ အံကြိတ်လိုက်ရင်း

“ ကျိချန်အာ ငါက ရှန်အိမ်တော်ရဲ့ အကြီးဆုံးသားဆိုတာ မမေ့နဲ့။ မင်းငါ့ကို သတ်မယ်ဆိုရင် ငါ့အဖေက မင်းကို လွှတ်ပေးမယ်ထင်လား။ ကျိအိမ်တော်နဲ့ ရှန်အိမ်တော်ကြားမှာ စစ်ပွဲစချင်နေတာလား။ ”

ကျိချန်အာသည် အေးစက်စွာ ပြုံးလိုက်ရင်း

“ အရေးမပါတဲ့ စကားတွေ လာပြောမနေနဲ့။ နင်လိုကောင်က စစ်ပွဲစဖို့ လုံလောက်မယ်ထင်နေလား။ နင့်အဖေမှာ သားက နင်တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး။ နင်သေသွားရင် နင့်ရဲ့အကိုတွေကတောင်မှ ငါ့ကိုကျေးဇူးတင်ရင် တင်နေမှာပေါ့။ “

ပြောပြီးသည်နှင့် သူမသည် သိမ်သွယ်သော လက်တစ်ဖက်ကို ပေါ့ပါးစွာ မြှောက်လိုက်ရင်း ဖျော့တော့သော လက်ချောင်းထိပ်များဖြင့် လေကိုထိလိုက်သည်။

ရှန်ဝူကျိ၏ မျက်ခုံးစပ်တွင် သွေးစက်ကြီးတစ်ခု ထွက်ပေါ်လာကာ သူ၏မျက်လုံးများ ချက်ချင်းပင် နက်ရှိုင်းလာ၏။

အခုလိုသေခါနီး အခြေအနေမှာတောင်မှ ရှန်ဝူကျိ၏ မျက်နှာသည် မယုံကြည်နိုင်မှုများနှင့် အေးခဲနေပြီး ဘာအမှားများလုပ်ခဲ့လို့ ကျိချန်အာက အခုလိုမျိုး သူ့ကိုသတ်ဖို့ရန် စိတ်ပိုင်းဖြတ်ထားမှန်း နားမလည်နိုင်ဖြစ်နေတော့သည်။

ရှန်ဝူကျိကို ဖြေရှင်းပြီးသည်နှင့် ကျိချန်အာသည် လက်ဖဝါးကို ဖွင့်လိုက်ကာ ဝိညာဉ်ကိုပြီးပြည့်စုံစွာ ဆွဲထုတ်လိုက်သည်။

“ အား ”

အဆက်မပြတ်ကျရောက်လာသော ချိုးဖောက်မှုများကြောင့် အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာရင်း ရှန်ဝူကျိ၏ ဝိညာဉ်သည် ချက်ချင်းပင် ဗလာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ဘိုးဘေးကြီး ဆင်းသက်လာလျှင်တောင်မှ သူ၏ဝိညာဉ်ကို ပြန်လည်ခေါ်ဆောင်လာနိုင်မည်

မဟုတ်တော့ချေ။

ထို့နောက်တွင် ကျိချန်အာသည် စိတ်ဝိညာဉ်မီးတောက်တစ်ခုကို ဖန်တီးရင်း ရှန်ဝူကျိ၏ အလောင်းကို ခြေစလက်စမကျန်အောင် ဖျက်ဆီးခဲ့သည်။ ပြာမှုန့်တစ်မှုန့်တောင် မကျန်တော့ချေ။

ထို့နောက်တွင် သူမသည် မှုခင်းဖြစ်ရာနေရာကို အကြိမ်ကြိမ်စစ်ဆေးလိုက်သည်။ ခြေရာလက်ရာ မကျန်တော့မှန်း အတည်ပြုပြီးချိန်မှသာ စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး မြေပြင်ပေါ်တွင် ပြုတ်ကျနေသော သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။

“ နင့်ကို သတ်လိုက်ရင်တောင်မှ ဒီပစ္စည်းတွေက ငါ့ဟာဆိုတာ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ”

ကျိချန်အာ ခပ်တိုးတိုး ရေရွှတ်လိုက်ရင်း သိုလှောင်အိတ်ပေါ်တွင် ရှန်ဝူကျိထားထားသော အမှတ်အသားကို ပုံမှန်လိုမျိုး ဖျက်ဆီးလိုက်ကာ နတ်အာရုံဖြင့် အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ သူမ၏မျက်လုံးက ဝင်းလက်သွားပြီး မျက်နှာထက်တွင် ပျော်ရွှင်မှုတစ်ချို့ ဝင်ရောက်လာ၏။

( ရှန်ဝူကျိက ဂိုဏ်းတွေအများကြီးဆီကနေ ခိုးယူထားခဲ့တယ်။ ဒီကောင့်ရဲ့ ချမ်းသာမှုက တော်တော်လေး အံ့ဩဖို့ကောင်းတာပဲ )

( ဒီအရင်းအမြစ်တွေသာ ရပြီဆိုရင် ငါအဆင့်ကိုးဆင့် သန့်စင်ထားပြီးတဲ့ ပုံရိပ်တစ်ထောင် နတ်ဘုရားဆေးလုံးနဲ့ လဲလှယ်လို့ ရသွားပြီ။ ဒါဆိုရင် ပုံရိပ်တစ်ထောင်ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ်ကို ငါရလာတော့မယ်။ )

ထိုအချိန်တွင် တိမ်ကြွေဂိုဏ်းအတွင်း၌

“ တင် တိမ်ကြွေဂိုဏ်းအတွင်းက အခက်အခဲကို ဖြေရှင်းပြီး နတ်ဆိုးဂိုဏ်းရဲ့ လူယုံများကို ရှာဖွေပါဆိုတဲ့ အဓိကတာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဆုလာဘ်ဖြစ်တဲ့ အမှတ် ၈၀၀၊ နဲ့အတူ ဂိုဏ်းတူအစ်မပိုင်ရှီရို့ရဲ့ နှစ်သက်မှုကလည်း လုံလောက်အောင် မြင့်တတ်သွားပါပြီ။ ဒါ့ကြောင့် ကောင်းကင်အဆင့် နှစ်ကိုယ်တွဲကျင့်ကြံရေး သိုင်းတစ်ခုဖြစ်တဲ့ ယင်ယန်အသွင်ပြောင်းခြင်း သိုင်းပညာကို ချီးမြှောက်လိုက်ပါတယ်။ ”

စနစ်၏ သတိပေးချက်ပြီးသည်နှင့် အနည်းငယ်ထူးဆန်းနေသော ပိုင်ရှီရို့၏ အကြည့်ကို ချီယွမ်ချက်ချင်းပင် သတိထားမိသွားကာ အံ့ဩသွားခဲ့သည်။ သူမ၏မျက်လုံးအတွင်းတွင် နူးညံ့မှုများဖြင့် အကြင်အနာတွေ ယိုဖိတ်နေလေရဲ့။

“ ဂိုဏ်းတူမောင်လေးချီ ဒီတစ်ခေါက် မင်းရဲ့ကျေးဇူးတွေပဲ။ ဂိုဏ်းထဲမှာရှိနေတဲ့ သစ္စာဖောက်နဲ့ နတ်ဆိုးဂိုဏ်းသားတွေကို မောင်လေးသာ မဖော်ထုတ်ဘူးဆိုရင် အမတို့ တိမ်ကြွေဂိုဏ်းက ကြီးကြီးမားမားဆုံးရှုံးရတော့မှာ။ ”

ပိုင်ရှီရို့၏ မျက်လုံးများက နီရဲနေခဲ့ပြီး မျက်ရည်များစိုစွတ်နေသော မျက်လုံးများဖြင့် ကျေးဇူးတင်စွာ ချီယွမ်ကို ကြည့်နေခဲ့သည်။

“ ဒါတင်မကဘူး။ မောင်လေးသာ အစီအရင်ဝိညာဉ်ရဲ့ စိတ်ထဲက အစိုင်အခဲကြီးကို မဖြေရှင်းထားဘူးဆိုရင် အစီအရင်ဝိညာဉ်သခင်ကြီးက အချိန်မှီ အမအဖေကို ကယ်ပေးမှာမဟုတ်ဘူး။ အဖေသေနေလောက်ပြီ…”

ပိုင်ရှီရို့တစ်ယောက် မျက်စိရှေ့က ကောင်လေးအပေါ် ကျေးဇူးတင်မှုများ ပိုမိုများပြားလာပြီး သူမ၏ခံစားချက်များကိုပင် မထိန်းချုပ်နိုင်တော့ပေ။ ချက်ချင်းဆိုသလို ချီယွမ်၏ လက်မောင်အတွင်းသို့ ပစ်ဝင်ရင်း မျက်ရည်များ အဆက်မပြတ်စီးကျလာတော့၏။

ချီယွမ်တစ်ယောက် နှာခေါင်းဝသို့ လာရောက်ကျီစယ်သော လန်းဆန်းသည်မွှေးရနံ့ကို ချက်ချင်းပင် ခံစားမိလိုက်ပြီး နူးညံ့နွေးထွေးသော ခန္ဓာကိုယ်က သူ့အပေါ်ဖိထားလေရာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးလည်း အလိုအလျောက် တောင့်တင်းနေတော့သည်။ ထိတ်လန့်နေသော်ငြား တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားရင်း အမျိုးသားကောင်း တစ်ယောက်အနေနှင့် ဆက်လက်ပြုမူနိုင်ဖို့ စိတ်ထဲမှ အကြိမ်ကြိမ်သတိပေးလိုက်သည်။

သို့သော်ငြား အကြောင်းအရင်း မသိပေမဲ့ ပိုင်ရှီရို့နှင့် ထိတွေ့လိုက်ရင်း ဘာကြောင့်ရယ်မသိ သူ၏နှလုံးသားအတွင်းတွင် မတောင့်ခံနိုင်သော ခံစားချက်တစ်မျိုးကို ခံစားရသည်။

( ဖြစ်နိုင်တာ ဒီတိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းတူအမမှာ ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောင်ပုံကို ပိုင်ဆိုင်ထားတာလား)

ချီယွမ်၏ ခန္ဓာကိုယ်သည် အစွမ်းမဲ့သန့်စင်ခြင်း တာအိုခန္ဓာကိုယ် ဖြစ်လေရာ ထိုခန္ဓာကိုယ်တည်ဆောက်ပုံ ရှိထားခြင်းကြောင့် သွေးနှင့်စွမ်းအင်များပြားပြီး ယန်စွမ်းအင်ဓာတ်များပြားကာ ကျင့်ကြံမှုတွင် လျင်မြန်သည်။ ထို့အပြင် သူ့လိုမျိုး ထူးခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ဆိုင်ထားသည့် မိန်းကလေးများအတွက် သဘာဝအလျောက် ဆွဲငင်မှုတစ်ချို့ရှိသည်။ သို့သော်ငြား လူအများ၏ မျက်စိရှေ့တွင် ဖြစ်နေသည့်အတွက် ချီယွမ်အများကြီး မစဉ်းစားရဲချေ။ အငယ်ကောင်က ခေါင်းထောင်စပြုလာပြီမို့ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် ပိုင်ရှီရို့ကို လက်မောင်းအတွင်းမှ ညင်သာစွာ ဖယ်ရှားလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

“ ဂိုဏ်းတူအမပိုင်၊ အမရဲ့အဖေကို အရင်သွားကြည့်လိုက်ပါ။ နတ်ဆိုးစွမ်းအင်နဲ့ တိုက်ခိုက်ခံထားရတော့ အသိစိတ်ပျောက်နေတယ်။ ဒါပေမဲ့ အစီအရင်ဝိညာဉ်သခင်ကြီး ဝင်ဖြေရှင်းပေးထားတာမို့ မကြာခင် နိုးလာလောက်မှာပါ။ ”

ထိုအချိန်မှသာ ပိုင်ရှီရို့ သတိရသွားဟန်ရှိပြီး သူမ၏ လှပသော မျက်နှာသည် အနည်းငယ်နီရဲသွားကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် သူမက အနောက်လှည့်သွားပြီး သတိမေ့နေသော ပိုင်ချင်းဝူရှိရာသို့ တွန့်ဆုတ်စွာ သွားလိုက်တော့သည်။

“ ညီကို ”

ပိုင်ရှီရို့ ထွက်သွားသည်နှင့် ဖန်ကဲစွေ့ ချက်ချင်းပင်ထွက်ပေါ်လာကာ မနာလိုမှုများ ပြည့်နေသော မျက်ဝန်းများဖြင့် ချီယွမ်ကို ကြည့်လာလေရဲ့။

“ မင်းလိုမျိုး သာမန်ရွက်ကြမ်းရေကျို ရုပ်ရည်နဲ့ ကျင့်ကြံဆင့်လည်း နိမ့်တဲ့သူက ဆွဲဆောင်တဲ့နေရာမှာ ဆရာကြီးဖြစ်နေမယ်လို့ မထင်ထားဘူး။ ဒီလိုမိန်းမလှလေးကိုတောင် အလွယ်တကူ အနိုင်ယူနိုင်တယ်ဆိုတော့ မင်းကတော်တော်လေး အံ့ဩဖို့ကောင်းတာပဲ”

( မင်းရဲ့စောက်ခွက်နဲ့ ဘယ်သူ့ကို ရွက်ကြမ်းရေကျိုလို့ လာပြောနေတာလဲ။ )

ချီယွမ်အထင်သေးစွာ မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း အေးစက်စွာပြောလိုက်သည်။

“ မင်းရဲ့ပျောက်သွားတဲ့ ပစ္စည်းကို ပြန်မရှာတော့ဘူးလား။ ဒီမှာ ဘာလုပ်နေတာလဲ”

ဖန်ကဲစွေ့က ပထမဦးဆုံး ဆန်းကြယ်သော အပြုံးတစ်ခုထုတ်ပေးလာပြီး ထို့နောက်တွင် ဝတ်ရုံကိုပြင်လိုက်ရင်း တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ ညီကို ပြန်မိတ်ဆက်ပေးမယ်။ တစ်ကယ်တော့ ကျုပ်က ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖန်ကဲစွေ့ပဲ။ မင်းလက်ခံထားတဲ့ ငါးရောင်စပ် တံဆိပ်ပြားက တကယ်တော့ ကျုပ်ရဲ့ဟာပါ။ ကျေးဇူးပြုပြီး ပြန်ပေးလို့ရမလား။ ”

“ အိုး အဲ့လိုလား ”

ချီယွမ်သည် ထိုသူကို အတင်းအကျပ်ပြုံးထားသော အပြုံးတစ်ခုနှင့် လှမ်းကြည့်လိုက်ရင်း

“ ဒါပေမဲ့ ဘယ်လိုပြောရမလဲ။ ဒီရက်ပိုင်းထဲ လူလိမ်တွေ အရမ်းများတယ်။ အခုတင် ကျွန်တော်တို့ တိမ်ကြွေဂိုဏ်းက ဆုံးရှုံးမှုကို ခံစားလိုက်ရတာ မဟုတ်ဘူးလား။ ဒါကို ခင်ဗျားက လာပြီးတော့ ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော်လို့ ပြောနေတယ်။ ဘာသက်သေရှိလို့လဲ။ ”

ဖန်ကဲစွေ့ ချက်ချင်းပင် စိတ်လှုပ်ရှားလာကာ

“ ကျုပ်ကဖန်ကဲစွေ့ပါ ဆိုနေ… ဘယ်လို သက်သေပြပေးရအုံးမှာလဲ”

ထို့နောက်တွင် ဖန်ကဲစွေ့သည် တစ်ခုခုကို သတိရသွားသည့်နှယ် အလျင်အမြန်ပြောလိုက်သည်။

“ ဟုတ်သားပဲ၊ မကြာခင်မှာ အဲ့ဒီသန့်စင်နယ်မြေရဲ့ တပည့်နှစ်ယောက် ဒီကိုရောက်လာမှာမလား။ သူတို့ကို မေးလိုက်လေ။ ”

“ သူတို့နှစ်ယောက်က ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တပည့်တွေလို့ ကျွန်တော် ဘယ်တုန်းက ပြောခဲ့လို့လဲ။ ”

ထို့သို့ဖြင့် ချီယွမ်သည် စိတ်တက်ကြွနေသော ဖန်ကဲစွေ့ကို ရေအေးဖြင့် လောင်းချလိုက်သည့်နှယ် ကျယ်လောင်စွာ ပြောလိုက်သည်။

“ သူတို့ကို သန့်စင်ဂိုဏ်းရဲ့ တပည့်တွေလို့ပဲ ပြောခဲ့တာ။ ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တပည့်လို့ ပြောခဲ့လို့လား။ တစ်ကယ်တော့ သူတို့က ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တပည့်တွေပါ။ ဘယ်လိုလုပ် ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို သိနိုင်မှာလဲ။ ”

“ အာ ”

ထိုစကားကြောင့် ခန်းမအတွင်းရှိ လူများအားလုံး ထိတ်လန့်သွားကြကာ ချီယွမ်ကို မယုံကြည်နိုင်မှုများ ပြည့်နေသော မျက်လုံးများဖြင့် ပြူးပြဲပြီး ကြည့်လာကြသည်။ သူတို့၏ တစ်ဘဝလုံးတွင် မကြုံတွေ့ဖူးသော လူထူးဆန်းကြီးကို မြင်တွေ့လိုက်ရသည့်နှယ် အံ့ဩနေကြလေ၏။

( ဘုရားရေ ဒါဆိုရင် ဟိုနတ်ဆိုးဂိုဏ်းသားလည်း ဒီငနဲသားလေးဆီမှာ လှည့်စားခံရပြီး သေရတာလား။ )

ဖန်ကဲစွေ့၏ မျက်နှာထားက ချက်ချင်းပင်အေးခဲသွားကာ အလွန်ရှုပ်ထွေးနေသော အကြည့်ဖြင့်

“ ဒါဆိုရင် ပြောပါဦး၊ ကျုပ်က ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော်မှန်း ဘယ်လိုသက်သေပြရမှာလဲ။ ”

ချီယွမ် ခပ်ဖွဖွပြုံးလိုက်ရင်း

“ တစ်ကယ်တော့ ကျွန်တော်က ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ သူတော်စင်အဆင့် အထူးဆေးလုံးဖြစ်တဲ့ ထူးခြားကောင်းကင်ခန္ဓာကိုယ်ယဉ်းပါးခြင်း ဆေးလုံးကို ကြားဖူးနေတာ ကြာပါပြီ။ အဲ့တာက အရမ်းကို အဖိုးတန်ပြီး အဆင့်အတန်းမြင့်တိုင်းလည်း အသုံးပြုချင်သလို အသုံးပြုလို့မရဘူး။ ကျွန်တော့်ရဲ့ သန်မာမှုကို စမ်းသပ်ဖို့အတွက် အဲ့ဒီဆေးလုံး ငါးဆယ်ပေးမယ်ဆိုရင် ခင်ဗျားကို ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော်လို့ ယုံကြည်ပေးမယ်။ ”

“ မင်းက ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဉ်ပါးခြင်းဆေးလုံးကို လိုချင်နေတာလား”

ဖန်ကဲစွေ့၏ မျက်လုံးများက အရိုင်းဆန်စွာ တွန့်လိမ်သွားတော့သည်။

……

All Chapters