အလွယ်တကူယုံကြည်ပေးလို့ မရဘူး
Vol. 8 Ch. 80
"ညီကို၊ မင်း နောက်နေတာမလား"
ဖန်ကဲစွေ့ တစ်ယောက် ချီယွမ်အား ထူးဆန်းစွာ ကြည့်လိုက်ရင်း အလွန်အခက်တွေ့နေသော မျက်နှာထား ဖြစ်ပေါ်လာတော့သည်။
“ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံးကို စျေးပေါ်က ဂေါ်ဖီထုပ်လို ဝယ်လို့လွယ်တယ် ထင်နေလား။ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ ရတနာသိုက် တစ်ခုလုံးကို လှန်လှောပစ်ရင်တောင်မှ အဲဒီဆေးလုံး ၅၀ရဖို့ မဖြစ်နိုင်ဘူး"
ချီယွမ် သက်ပြင်းချလိုက်ကာ အလွန်အခက်တွေ့နေသော မျက်နှာထားဖြင့်
"ဒါဆိုရင် ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်က ဘယ်လိုလူကြီးလဲ။ ဘာလို့ ဆေးလုံးလေး နည်းနည်းလေးကိုတောင် မထုတ်နိုင်ရတာလဲ။ ဒီလိုကျ ကျွန်တော့်ဘက်က ယုံကြည်ပေးဖို့ ခဲယဥ်းသွားပြီ"
"ဟာဒါက..."
ဖန်ကဲစွေ့ တွန့်ဆုတ်လာတော့၏။
ခန်းမအတွင်းတွင် ဝိညာဉ်အခြေတည်နယ်ပယ် အစီအရင်ဝိညာဉ်တစ်ဦး ရှိနေလေရာ သူ၏မာနကို ခဝါချပြီး ဤနေရာကို အတင်းအကျပ် တိုက်ခိုက်ရင်တောင်မှ အလုပ်ဖြစ်တော့မည် မဟုတ်ချေ။
သို့သော်ငြား ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံး၅၀က ပိုမိုမဖြစ်နိုင်သော အရာပဲ။ သူ့ကိုယ်သူ ရောင်းချလိုက်လျှင်တောင်မှ ထိုဆေးလုံး၅၀ကို ဖန်တီးမပေးနိုင်ဘူး။
တစ်ဖက်သူသည် တွန့်ဆုတ်နေသောကြောင့် ချီယွမ်သည် တွေးဆပေးဟန်ဖြင့် နှာခေါင်းကို ထိတွေ့လိုက်ကာ…
"ဒါဆိုရင် ညီကိုဖန်၊ ဒီတံဆိပ်ပြားက ကျွန်တော့်အတွက် အသုံးမဝင်ဘူးဆိုပေမဲ့ ကျွန်တော်က ဒီအတိုင်းကြီး ပေးပစ်လိုက်လို့လည်း မရဘူးလေ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် နောက်ကျရင် တစ်ကယ့် ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်က ကျွန်တော့်ကို လာရှာပြီး တောင်းနေရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျွန်တော် အခက်မတွေ့ဘူးလား။ ဒါကြောင့် လုံခြုံဖို့အတွက် ကျင့်ကြံရေးလောကတစ်ခုလုံး သိသွားအောင် ပျောက်ဆုံးမှုနဲ့ ရှာတွေ့မှု သတိပေးချက်ကို သတင်းလွှင့်လိုက်ရအောင်။ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော် ပိုင်ဆိုင်တဲ့ တံဆိပ်ပြားကို ကျွန်တော် ရှာတွေ့ထားတယ်ဆိုပြီး အကုန်လုံးကို သိခွင့်ပေးလိုက်ပါ။ ပြီးလို့ ၃လအတွင်း အဲ့ဒီတံဆိပ်ပြားကို ဘယ်သူမှ လာမယူဘူးဆိုရင် ကျွန်တော်ပေးမယ်။ တစ်ကယ်လို့ တစ်ကယ့် တာအိုသားတော်အစစ် ပေါ်လာပြီး ကျွန်တော့်ကို ပြဿနာရှာမယ်ဆိုရင် ကျွန်တော်လည်း လွတ်လမ်းရှာရမှာပေါ့။ ဒါကြောင့် ညီကို နားလည်မယ်လို့ ထင်ပါတယ်"
"ညီကို၊ မင်း လုံးဝ ဒီလိုလုပ်လို့ မဖြစ်ဘူး"
ချီယွမ်၏ စကားကို ကြားသည်နှင့် ဖန်ကဲစွေ့၏ မျက်နှာထားက ပြင်းထန်စွာ ပြောင်းလဲလာကာ အလျင်အမြန်တားဖို့ ကြိုးစားလိုက်သည်။
အကယ်၍ ထိုသတိပေးချက်သာ ထုတ်လွှင့်လိုက်ပါက ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ ဂုဏ်သိက္ခာရှိလှသော တာအိုသားတော်က သူ၏တံဆိပ်ပြားကို ပျောက်ဆုံးသွားခဲ့ပြီး တစ်စုံတစ်ယောက်ထံမှ ရှာတွေ့ခြင်း ခံထားရသည်ဟူသော သတင်းကို ကျင့်ကြံရေးလောက တစ်ခုလုံး သိသွားကြမည်ပင်။
ကောင်းမွန်သော ဂုဏ်သတင်းသည် လူတွေနားထဲရောက်ဖို့ ခဲယဥ်းပြီး သတင်းဆိုးက လေလိုမျိုး လျင်မြန်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်.. ကျင့်ကြံရေးလောက၌ အတင်းအဖျင်းပြောရတာ ကြိုက်နှစ်သက်သူ အများအပြား ရှိသည်။ ထိုသူတို့၏ ချဲ့ကားပြောဆိုမှု အနည်းငယ်လောက်နှင့်ဆိုလျှင် ထိုသေးငယ်သောကိစ္စက ပြဿနာအကြီးကြီး ဖြစ်သွားနိုင်ပါ၏။
တာအိုသားတော်ဖြစ်သော သူ့ကို အလွန်အမင်း စော်ကားပြောဆိုရုံတင်မက သူတို့၏ ထူးခြားကောင်းကင် သန့်စင်နယ်မြေကြီး တစ်ခုလုံးပါ အရှက်ရလိမ့်မည်။ ထို့အပြင် ထိုတံဆိပ်ပြားကို အပျော်အိမ်တော်တွင် အလည်အပတ်သွားနေရင်း ပျောက်ဆုံးခဲ့သည်ဖြစ်လေရာ သတင်းပျံ့သွားပါက ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးလာလိမ့်မည်ပင်။
ထိုအတွေးများကြောင့် ဖန်ကဲစွေ့ ချက်ချင်းပင် ရုန်းကန်နေတာ ရပ်လိုက်တော့သည်။ အလွန်နာကျင်နေသော မျက်နှာထားဖြင့် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူကာ အံကြိတ်လိုက်ရင်း..
"ညီကို၊ မင်း ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံးကို လိုချင်တယ်လို့ ပြောခဲ့တယ်မလား။ ကျုပ်မှာ အလုံး၅၀တော့ မရှိဘူး။ ဒါပေမဲ့ ၃လုံးတော့ ရှိပါတယ်။ မင်း အကုန် ယူလိုက်လို့ရတယ်"
ဖန်ကဲစွေ့၏ နှလုံးသားသည် သွေးရှင်ရှင် ထွက်နေလေရဲ့။
ထိုဆေးလုံး၃လုံးသည် သန့်စင်နယ်မြေ၏ တာအိုသားတော် ဖြစ်လာတုန်းက အထူးဆုအဖြစ် ပေးအပ်ခြင်းခံထားရသော ဆေးလုံးပင်ဖြစ်သည်။ ထိုဆေးလုံးက အလွန်အဖိုးတန်သည် ဖြစ်လေရာ အမြဲတမ်း စားသုံးဖို့ တွန့်ဆုတ်နေခဲ့ပြီး ဝိညာဉ်အခြေတည်နယ်ပယ်သို့ အဆင့်တက်နိုင်ချိန်မှသာ အသုံးပြုရန် ရည်ရွယ်ထားသည်။ အခုလိုမျိုး တစ်စုံတစ်ယောက်၏ လက်ထဲသို့ ပေးအပ်လိုက်ရမည်လို့ လုံးဝကို မတွေးထားခဲ့ချေ။
ဤကျင့်ကြံရေးလောကတွင် ရှားပါးမှုနှင့် အကျိုးသက်ရောက်မှုပေါ် မူတည်ပြီး ဆေးလုံးများကို အဆင့်၇ဆင့် ခွဲခြားထားသည်။
အဝါရောင် ဆေးလုံး၊ နက်နဲသိမ်မွေ့ခြင်း ဆေးလုံး၊ ကမ္ဘာမြေကြီး ဆေးလုံး၊ ကောင်းကင် ဆေးလုံး၊ သူတော်စင် ဆေးလုံး၊ တာအို ဆေးလုံး၊ မသေမျိုး ဆေးလုံး..ဟူ၍ပင်။
အဝါရောင်အဆင့် ဆေးလုံးသည် အဆင့်အနိမ့်ဆုံးဖြစ်ပြီး ရှာဖွေဖို့ လွယ်ကူသည်။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများ အသုံးများကြသော ထိုချီစုပ်ယူခြင်း ဆေးလုံးသည် အဆင့်နိမ့် အဝါရောင်အဆင့် ဆေးလုံးများဖြစ်ပြီး မည်သည့်ဆေးဆရာမဆို အလွယ်တကူ ဖန်တီးတတ်ကြသည်။
အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူများ အသုံးပြုကြသော အခြေခံတည်ထောင်ခြင်းအဆင့် ဆေးလုံးသည် အလယ်အလတ်အဆင့် သိမ်မွေ့နက်နဲခြင်း ဆေးလုံးဖြစ်ပြီး ထိုဆေးလုံးများကို သိမ်မွေ့နက်နဲခြင်းအဆင့် ဆေးဆရာများသာ ဖန်တီးနိုင်ကြသည်။
ထိုထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံးသည် ကျင့်ကြံသူများကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား ထိန်းညှိနိုင်ရန် ကူညီပေးပြီး ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို ကြီးမားစွာ တိုးတက်စေသည်။ ထိုဆေးလုံးသည် သူတော်စင်အဆင့် အဆင့်နိမ့် ဆေးလုံးသာ ဖြစ်သော်ငြား ကောင်းကင်အဆင့် ဆေးလုံးများထက် သာလွန်သည်။
ထို့အပြင် ချီယွမ်သည် ကောင်းကင်လမ်းစဥ် လျှောက်လှမ်းဖို့အတွက် ပြုပြင်ဖန်တီးခြင်း ကောင်းကင်ဆေးလုံးကို ရှာဖွေနေရတာဖြစ်ပြီး ထိုဆေးလုံးသည် သူတော်စင်နယ်ပယ် အဆင့်မြင့်ဆေးလုံး ဖြစ်လေရာ ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံးထက် ပိုမိုရှားပါးပြီး ဝိညာဉ်ကျောက်တုံးနှင့်ပင် ဝယ်ယူ၍ မရနိုင်ချေ။
"ဒါပေါ့ ဒါပေါ့"
ထိုအဖိုးဖြတ်၍ မရသော ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးပုလင်းကို လက်ခံချိန်တွင် ချီယွမ်၏ မျက်နှာထားသည် တည်ငြိမ်နေသော်ငြား သူ၏ စိတ်ထဲမှာတော့ အလွန်အမင်း ပျော်ရွှင်နေခဲ့သည်။
(ငါတော့ ပွပြီဟေ့)
သူသည် အခြေအနေကို စမ်းသပ်ချင်ရုံသာဖြစ်ပြီး ထိုကောင်လေးထံတွင် ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံး၃လုံး ရှိနေလိမ့်မည်ဟု လုံးဝကို မထင်မှတ်ထားခဲ့ချေ။
ဆေးလုံးအတွင်းမှ အရည်အချင်းကို အတည်ပြုပြီးသည်နှင့် ထိုတာအိုသားတော်အပေါ် ကြည့်ရှုသော ချီယွမ်၏ အကြည့်သည် ကြင်နာမှုများ တိုးမြင့်လာကာ ရှားပါးပြီး အဖိုးထိုက်သော ဝိညာဥ်တစ်ကောင်ကို ကြည့်နေသည့်နှယ် ကြည့်ရှုလိုက်တော့သည်။
"ညီကို၊ ငါ မင်းလိုချင်တဲ့ ဆေးလုံးပေးပြီးပြီဆိုတော့ မင်း ငါ့ကို ယုံကြည်ပြီမလား"
ချီယွမ် လက်ခံလိုက်သည်နှင့် ဖန်ကဲစွေ့သည် အလျင်အမြန် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း တောင်းဆိုလာ၏။
"၅ရောင်စပ် တံဆိပ်ပြားကို ကျေးဇူးပြုပြီး မြန်မြန်ပေးတော့။ ကျုပ် ခေါင်းရှင်းဖို့အတွက် ပျော်ရွှင်ဖွယ်ခြံဝင်းတစ်ခုကို အခုသွားဖို့ လိုနေပြီ"
အခုလို အခြေအနေမျိုးတွင် နူးညံ့သော မိန်းကလေးများ၏ နွေးထွေးသော ပွေ့ဖက်မှုကသာ သူ၏ နာကျင်နေသော နှလုံးသားကို ဖြေလျှော့ပေးနိုင်တော့မည်။
ချီယွမ် အနည်းငယ် ပြုံးလိုက်ရင်း ထိုဆေးပုလင်းကို သိုလှောင်အိတ်အတွင်းသို့ တည်ငြိမ်စွာ သိမ်းလိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ ရင်းနှီးနေမှုကြောင့် ၃လုံးနဲ့ပဲ ဖြေလျှော့ပေးလိုက်မယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က ဒီလို ရိုးရိုးသားသားနဲ့ ယုံကြည်ပေးခဲ့တဲ့အတွက် တာအိုသားတော် ဘက်ကလည်း တံဆိပ်ပြားတစ်ခု ပေးသင့်တယ်လို့ ထင်တယ်။ တာအိုသားတော်ရဲ့ ခါးမှာချိတ်ထားတဲ့ ကျောက်စိမ်းဆွဲပြားက တော်တော်လေး လှတယ်နော်"
"ဘာ"
ချီယွမ်၏ စကားမဆုံးခင်မှာဘဲ ဖန်ကဲစွေ့ အံ့သြတကြီး ပါးစပ်ကို လက်ဖဝါးဖြင့် အုပ်လိုက်ရင်း လက်တစ်ဖက်က ခါးမှာချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲပြားကို ဆုပ်ကိုင်လိုက်ကာ ချီယွမ်ကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။
"ဒီနာမည်ကြီး ကျောက်စိမ်းဆွဲပြားက ထိပ်သီးအဆင့် ခုခံရေး မှော်ရတနာတစ်ခုပဲ။ မင်း စဥ်းတောင်မစဥ်းစားနဲ့"
တစ်ဖက်သူ၏ သတိပေးမှုကြောင့် ချီယွမ်သည် ဖြူစင်စွာ ပြုံးပြလိုက်ရင်း ရင်ဘတ်ကို ပုတ်လိုက်ကာ ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်၏။
"စိတ်မပူပါနဲ့။ ကျွန်တော်က အဲ့ဒါကို မလိုချင်ပါဘူး။ ဆိုလိုချင်တာက အဲ့ဒိီတံဆိပ်ပြားကို ကျွန်တော့်ဆီမှာ အပေါင်အနေနဲ့ ထားခဲ့ပါ။ အခြေအနေတွေ တည်ငြိမ်သွားရင် ကျွန်တော် ပြန်ပေးပါ့မယ်။ တွေးကြည့်လေ။ လက်ရှိမှာ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက ချီသန့်စင်ခြင်း နယ်ပယ်မှာပဲ ရှိသေးတယ်။ တာအိုသားတော်လိုမျိုး ဂုဏ်သိက္ခာရှိတဲ့ ဝိညာဉ်အခြေတည် ကျင့်ကြံသူတစ်ယောက်က ကျွန်တော် ပစ္စည်းခိုးယူနိုင်လိမ့်မယ်လို့ တွေးမှာမဟုတ်ဘူး ဟုတ်တယ်မလား။ ကျွန်တော် နောက်ပိုင်း လောဘတက်လာပြီး လုယူချင်တယ် ဆိုရင်တောင်မှ တာအိုသားတော် အလွယ်လေး ကျွန်တော့်ကို ရိုက်နှက်ပြီး ပြန်ယူလို့ ရတာပဲလေ။ ဒါက အဓိပ္ပါယ်မရှိဘူးလား"
ချီယွမ်သည် ပြောပြီးသည်နှင့် သိုလှေင်အိတ်အတွင်းမှ ၅ရောင်စပ် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ကာ ဖန်ကဲစွေ့အရှေ့တွင် လှုပ်ယမ်းပြလိုက်သည်။
"ကျွန်တော့်ဆီကို ပြန်လာခဲ့ပါ။ ၃လနေရင် ဒီတံဆိပ်ပြားကို ပြန်ပေးမယ်။ အစီအရင်ဝိညာဉ် သခင်ကြီးလည်း ဒီကိစ္စတွေမှာ ဘာမှပါဝင်မှာ မဟုတ်ပါဘူး"
(ဟုတ်တယ်။ အမှန်ပဲ။ ချီတက ချီသန့်စင်ခြင်း နယ်ပယ်ပဲ ရှိသေးတာ။ ချီတက ငါ့ကို လှည့်စားပါ့မလား)
ဖန်ကဲစွေ့ ခဏမျှ တွေးတောပြီးသည်နှင့် ချီယွမ်၏ စကားများကို သဘောတူလိုက်သည်။ ချက်ချင်းပင် ခါး၌ ချိတ်ဆွဲထားသော ကျောက်စိမ်းပြားကို ဖြုတ်ယူရင်း ချီယွမ်ကို ကမ်းပေးလိုက်၏။
"မင်း သေချာဂရုစိုက်ပါ။ လုံးဝ မပျောက်စေနဲ့"
ချီယွမ် ခေါင်းညိတ်ရင်း အပြုံးတစ်ခုဖြင့် ကျောက်စိမ်းပြားကို ဆွဲယူကာ ၅ရောင်စပ် တံဆိပ်ခေါင်းကို ပြန်ပေးလိုက်သည်။
"စိတ်မပူပါနဲ့။ ဒီလောက်ကောင်းတဲ့ မှော်ရတနာကို ကျွန်တော်က ဘာကြောင့် အပျောက်ခံရမှာလဲ"
တာအိုသားတော်ဖြစ်ကြောင်း တံဆိပ်ခေါင်းကို ပြန်ရသည့်တိုင်အောင် ဖန်ကဲစွေ့တစ်ယောက် ထင်ထားသလောက် မပျော်ရွှင်ခဲ့ပေ။ ထိုအစား သူသည် ငိုယိုချင်နေတော့၏…
"ကောင်းပါပြီ ညီကို။ ဒါဆိုရင် ကျုပ်သွားတော့မယ်။ နောက်မှ တွေ့ကြတာပေါ့"
ထိုသို့ဖြင့် ဖန်ကဲစွေ့သည် အတင်းအကျပ် ပြုံးလိုက်ရင်း တံဆိပ်ပြားကို တွန့်ဆုတ်စွာ လက်ခံလိုက်သည်။ လက်နှစ်ဖက်ယှက်ကာ ချီယွမ်ကို နှုတ်ဆက် ပြီးသည်နှင့် ချက်ချင်းပင် လှည့်ထွက်သွားတော့၏။
သူ၏ခြေသံက လေးလံကာ အထီးကျန်နေပြီး အပျော်အိမ်အတွင်းသို့ လည်ပတ်ပြီးမှ အားအင်ရော ငွေရော လုံးဝကုန်ဆုံးသွားသော လူတစ်ယောက်နှင့် ဆင်တူသည်။
ထိုအချိန်တွင် တိမ်ကြွေဂိုဏ်း၏ ခန်းမအတွင်းရှိ လူများအားလုံး၏ မျက်နှာကတော့ လွန်စွာ ရှုပ်ထွေးနေလေရဲ့။
ဤနေရာတွင် ရှိနေသော ဘယ်သူကမှ အရူးတစ်ယောက် မဟုတ်ချေ။ သိုလှောင်အိတ်အတွင်းမှ ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံးကို ထုတ်ယူလိုက်သည်နှင့် ထိုသူသည် ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော်မှန်း အထင်အရှား သက်သေပြနေပြီးသားပင်။
ဘယ်လိုပဲဆိုဆို ထူးခြားကောင်းကင် ခန္ဓာကိုယ်ယဥ်ပါးခြင်း ဆေးလုံး၃လုံးကို ပိုင်ဆိုင်ထားသည့်သူက ဂိုဏ်းအတွင်းမှာ သေချာပေါက် အဆင့်မြင့်နေရာကို ရယူထားနိုင်သူဖြစ်သည်။ ထို့အပြင် ထိုကောင်လေးသည် ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံမှု ရှိနေသည့်အတွက် တာအိုသားတော်မှ မဟုတ်လျှင် ဘယ်သူဖြစ်နိုင်မှာလဲ။
ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော် ရောက်ရှိလာမှုကိုက တိမ်ကြွေဂိုဏ်းအတွက် အလွန်ကို ကြီးမားစရာ ကိစ္စတစ်ခုဖြစ်ပြီး အာရုံစိုက်မှု အများကြီး ရရှိနေပြီးသားပင်။
သို့သော်ငြား ထိုသို့ အရေးပါသောအချိန်တွင် တိမ်ကြွေဂိုဏ်းသည် အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသည့်အတွက် တာအိုသားတော် ရောက်လာတာတောင်မှ အများကြီး စိတ်မလှုပ်ရှားနေခဲ့ချေ။
ဘယ်သူ့ကို အပြစ်တင်ရမလဲ မသိတော့ဘဲ အဖြစ်အပျက်တိုင်းသည် မမျှော်လင့်ထားစွာ ဖြစ်ပျက်နေလေရာ အကုန်လုံး မောပန်းနေတော့သည်။ တစ်ချိန်လုံး ပွင့်ဟနေခဲ့ရသော မေးရိုးများကြောင့် အံ့သြမှုက တိုက်စားသွားကာ သူတို့၏ မေးရိုးပင် လှုပ်ရှားလို့ မရတော့ဟန်ဘဲ။
"အဟွတ် အဟွတ်"
ထိုအချိန်မှာပဲ အလွန်အမင်း တိတ်ဆိတ်နေသော ခန်းမအတွင်းသို့ သတိမေ့စွာ လဲလျောင်းနေခဲ့သော ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူ၏ ကြမ်းတမ်းသော ချောင်းဆိုးသံသည် ပျံ့နှံသွားခဲ့သည်။ ပိုင်ချင်းဝူ နိုးလာသော်ငြား သူ၏ မျက်လုံးများကတော့ ဝေဝါးနေဆဲပင်။