← Chapters

ပြင်းထန်သောတိုက်ပွဲ

Vol. 98 Ch. 1379

ပြင်းထန်သောတိုက်ပွဲ

Vol. 98 Ch. 1379

အဆောင်သခင်တစ်ဦးအဖြစ် နှစ်သန်းချီသော အတွေ့အကြုံနှင့်အတူ ဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်အဆောင်တစ်ခုကို ရေးထွင်းရန်ဟူသည် တစ်မိနစ်၊ နှစ်မိခန့်သာလိုအပ်သည်။

မုဖူရှန်းပင်လျှင် ဒါကိုမလုပ်နိုင်ပေ။

အတွေ့အကြုံကွာဟချက်က ကျယ်ပြောလွန်းသည်။ ပြိုင်ဘက်က အဆောင်သခင်များအကြား ပါရမီရှင်တစ်ဦးဆိုတာကို ပြောနေစရာပင်မလိုသေး။

မုဖူရှန်းအဖို့ တိုက်ပွဲအတွက် အဆောင်များကိုသာ အရူးအမူးအားကိုးနေရန်ဟူသည် မဖြစ်နိုင်ပေ။

အဆောင်များက အသုံး၀င်သော်လည်း ၎င်းတို့က အထောက်အကူအဖြစ်သာ အသုံး၀င်သည်။

ဒါ့အပြင် ဤဂူသင်္ချိုင်းကာကွယ်ရေးအခန်းက နိယာမစွမ်းအားနှင့် ပြည့်နှက်နေပြီး ထိုလူ၏ အဆောင်စုတ်တံကလည်း ဤစွမ်းအားကို အချိန်မရွေး သူ့ကိုယ်ပိုင်အသုံးအဖြစ် ပေါင်းစပ်နိုင်ကာ အဆောင်များအား သရုပ်ဖော်နိုင်သည်။

ပြိုင်ဘက်က အသာစီးရနေသည့်အခြေအနေတစ်ခုတွင် မုဖူရှန်းအတွက် အဆောင်ရေးထွင်းရာ၌ ယှဉ်ပြိုင်ရန် အတင်းခေါင်းမာနေခြင်းက မိုက်မဲလွန်းရာကျသည်မဟုတ်ပေလော။

မုဖူရှန်းအနီး၌ လည်ပတ်နေသည့် ရှေးဟောင်းနတ်မိုးကြိုးခြောက်ခုကို ကြည့်ရင်း သင်္ချိုင်းစောင့်မှာ ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။

"ရှေးဟောင်းနတ်မိုးကြိုးခြောက်မျိုးလား၊ မင်းက ဒီနယ်ပယ်မှာတောင် ရှေးဟောင်းနတ်မိုးကြိုးအများကြီးကို ရယူနိုင်တဲ့အထိ အတော်လေးကံကောင်းခဲ့တာပဲ"

မုဖူရှန်းခပ်ရေးရေးပြုံးရင်း လက်ကို လွှဲယမ်းလိုက်လေရာ ရှေးဟောင်းနတ်မိုးကြိုးခြောက်မျိုးက သူ့၀န်းကျင်၌ လည်ပတ်နေသည့် လျှပ်စီးနဂါးခြောက်ကောင်အဖြစ် ပြောင်းသွားသည်။

ဂူသင်္ချိုင်းအစောင့်မှာ အေးစက်စွာ နှာမှုတ်သည်။

"မင်းလယ်လောက်ထိ ထိန်းချုပ်နိုင်မလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်"

ထိုသို့ပြောပြီးနောက် ဂူသင်္ချိုင်းအစောင့် အဆောင်စုတ်တံကို စတင်လှုပ်ယမ်းရင်း ဟင်းလင်းပြင်ထဲတွင် နောက်ဆက်တွဲပုံရိပ်များစွာကို ဖန်တီးရင်း အဆောင်တစ်ခုကို ရေးဆွဲသည်။

တစ်ချိန်တည်းမှာပင် နဂါးခြောက်ကောင်က ရှေ့သို့တိုးလာကြသည်။

တစ်ကောင်က ထိုအဆောင်ဆီသို့ဦးတည်သွားပြီး ကျန်ငါးကောင်က ဂူသင်္ချိုင်းအစောင့်ထံ တိုက်ရိုက်ဟိန်းလိုက်၏။

နဂါးခန္ဓာများကကြီးမားလွန်းသဖြင့် လျှပ်စီးနဂါးခြောက်ကောင် ဂူသင်္ချိုင်းကာကွယ်ရေးအခန်းအတွင်း မာန်ဟီကာ တိုး၀င်သွားကြစဉ် နေရာတစ်၀က်ကျော်ကိုပင် သိမ်းပိုက်ထားကြလေပြီ။

ဂူသင်္ချိုင်းကာကွယ်ရေးအခန်းတစ်ခုလုံးက လျှပ်စီးများနှင့် လင်း၀င်းနေသည်။

ကမ္ဘာ့သုတ်သင်မိုးကြိုးက ဂူသင်္ချိုင်းအစောင့်တဖြစ်လဲ ကာကွယ်သူအား ဘက်ပေါင်းစုံကနေ လွှမ်းခြုံထားသည်။

ဒါကိုမြင်သောအခါ ထိုလူက အနည်းငယ်အံ့ဩသင့်သွားပုံရသည်။

"မင်းမှာစွမ်းရည်တစ်ချို့တော့ရှိသားပဲ၊ ဒါပေမယ့် မင်းငါ့ကို နည်းနည်းလျှော့တွက်နေပုံပဲ"

လွန်ခဲ့သည့်နှစ်တစ်သန်းက စစ်သည်တစ်ဦးတွင် မုဖူရှန်းထက် အများကြီးပိုမြင့်သည့် နယ်ပယ်တစ်ခုရှိမည်သာ။

သူ့တိုက်ပွဲအတွေ့အကြုံနှင့် ရင်ဆိုင်မည့် နည်းဗျူဟာများကလည်း အလွန်အင်မတန်ကြွယ်၀သည်။

ဂူသင်္ချိုင်းကာကွယ်သူက ခြေအစုံကို ပြင်းထန်စွာပစ်လွှတ်ကာ ခုန်တက်ရင်း သူ့လက်ကမူ အဆောင်စုတ်တံနှင့်အတူ ဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာပုံကြမ်းစတင်ရေးဆွဲနေသည်။

အဆောင်များက တစ်ခုပြီးတစ်ခု စတင်ပုံပေါ်လာကြသည်။

နဂါးငါးကောင် ခေါင်းမော့ပြီး ထိုလူအနားသို့ ပြေးသွားကြစဉ် ထိုအဆောင်များက တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြ၏။ အဖျက်အားက ဂူသင်္ချိုင်းကာကွယ်ရေးအခန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။

သို့သော် မည်သည့်အပျက်အစီးမှမရှိသေး။

သို့စေကာမူ အောက်က အဆောင်၀င်္ကပါထဲတွင် တုန်ခါမှုကို ခံစားခဲ့ရသည်။

၀င်္ကပါအတွင်း ယဲ့ချိုးပိုင်နှင့် တခြားသူများ တစ်ခုခုကို ခံစားမိသဖြင့် ခေါင်းမော့ကာ ၎င်းက စတင်နေပြီဟု တွေးတောနေကြသည်။

ကျိုးပိုင်လုကလည်း ခေါင်းမော့ရင်း သူမ၏နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွား၏။

လျှပ်စီးနဂါးငါးကောင်က ကြေမွသွားပြီး လျှပ်စီးစီးကြောင်းများအဖြစ်ပြောင်းကာ နေရာတိုင်းတွင် ပြန့်ကျဲသွားကြ၏။

ဂူသင်္ချိုင်းကာကွယ်သူနှာခေါင်းရှုံ့ရင်း မုဖူရှန်းရှိရာဘက်သို့ကြည့်လိုက်သောအခါ မုဖူရှန်း ပျောက်ကွယ်သွားတာကိုသာ မြင်လိုက်ရသည်။

သူ နတ်အသိကို အလိုလိုအပြည့်အ၀တိုးချဲ့ရင်း ရုတ်တရက်လှည့်လိုက်စဉ် မုဖူရှန်း သူ့နောက်တွင် ပေါ်လာတာကို တွေ့ရလေတော့သည်။

မုဖူရှန်းလက်သီးဆုပ်လိုက်သောအခါ ပြန့်ကျဲနေသည့် ရှေးဟောင်းနတ်မိုးကြိုးခြောက်ခုစွမ်းအားက ယခုသူ့ညာလကိသီးတစ်ဝိုက် ရစ်ပတ်လာကြသဖြင့် ထိုလူ၏ နောက်ကျောကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

ဂူသင်္ချိုင်းကာကွယ်သူမှာ အဆောင်များကို အမြန်ရေးထွင်းနိုင်သော်လည်း လက်ရှိအခြေအနေတွင် သူအဆောင်တစ်ခုကိုပင် ပြီးမြောက်ရန် မတတ်စွမ်းနိုင်တော့သဖြင့် နောက်ကျော၌ ကာကွယ်ရေးဒိုင်းတစ်ခုအဖြစ် သူ့ဝိဉာဉ်စွမ်းအားကို ယာယီပေါင်းစည်းရန်အတွက် အားကိုးရုံသာ တတ်နိုင်သည်။

မုဖူရှန်း၏လက်သီးကျလာသောအခါ ဒိုင်းက အားအများစုကို စုပ်ယူသွားပြီး တစ်လမချင်းကျိုးပဲ့သွား၏။

ထိုလူမှာလည်း နောက်သို့တိုက်ရိုက်လွင့်စင်သွားရသည်။

ကိုယ်တိုင်က အဆောင်သခင်တစ်ဦးဖြစ်နေသည့်အပေါ် အဆောင်သခင်များ အကြောက်ရဆုံးအရာကို မုဖူရှန်းအတိအကျသိပါသည်။

တစ်ခုပြီးတစ်ခု အဆောင်များက သူ့သိုလှောင်လက်စွပ်ကနေ ထွက်လာကြပြီး ဝိဉာဉ်အမျှင်များအဖြစ်ပြောင်းကာ အဆောင်များအား ကြာပွတ်ရှည်တစ်ခုအဖြစ် အတူတကွချည်နှောင်ရင်း ဂူသင်္ချိုင်းကာကွယ်သူထံ ပစ်လွှတ်လိုက်၏။

ထိုလူမှာ သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်နိုင်စဉ်မှာပင် သူ့ထံပစ်၀င်လာသည့် ထိုအဆောင်များကို မြင်သွားလေရာ သူ့မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူရော်သွား၏။

ထိုအဆောင်များထဲက တစ်ခုမှ ဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်ထက် မနိမ့်ကျပေ။

အနည်းဆုံး ၂၀၊ ၃၀ခန့်ရှိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအဆောင်၂၀၊ ၃၀က မျက်စိကျိန်းဖွယ်လျှပ်စီးနှင့်အတူ ပေါက်ကွဲသွား၏။

ဂူသင်္ချိုင်းကာကွယ်သူမှာ နောက်ဆုတ်ရန် ကြိုးစားသော်လည်း ရုတ်တရက်တောင့်တင်းသွားသည်။

လျှပ်စီးလှံများစွာကသူ့ကို၀န်းရံလာကြပြီး လွှမ်းခြုံကာ အချိန်တိုအတွင်း မရွေ့လျားနိုင်အောင် လုပ်ပစ်သည်။

အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူ့အောက်တည့်တည့်တွင် ကပ်ထားသည့် အဆောင်တစ်ခုကို သူတွေ့လိုက်ရသည်။

လျှပ်စီးလှံများကို ထိုအဆောင်မှတဆင့် ထုတ်လွှတ်နေခြင်းပင်။

မေးခွန်းထုတ်ရန်ပင်အချိန်မရှိဘဲ ဂူသင်္ချိုင်းကာကွယ်သူမှာ ကာကွယ်ရေးအတားအဆီးအဆောင်တစ်ခုကို အလျင်အမြန်ရေးထွင်းရင်း အတားအဆီးတစ်ခုအဖြစ် ပြောင်းပစ်ကာ သူ့ဝိဉာဉ်၏ သိပ်သည်းသောစွမ်းအားနှင့်အတူ ပေါင်းစပ်ပစ်သည်။

မှိတ်တုတ်မှိတ်တုတ်လျှပ်စီးနှင့် တောက်ပနေသည့် ကျာပွတ်ကဲ့သို့အဆောင်က အတားအဆီးကို ထိမှန်သောအခါ ပြင်းထန်သည့် မိုးကြိုးသံက ခန်းမတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွား၏။

ခန်းမထဲတွင် လျှပ်စီးပင်လယ်တစ်ခုအလား ပြောင်းသွားပုံထင်ရပြီး မီးပွားများက လွှမ်းမိုးသွားကြသည်။

လျှပ်စီးမှေးမှိန်သွားသောအခါ ဂူသင်္ချိုင်းကာကွယ်သူ၏ ဖရိုဖရဲဖြစ်နေသည့်ပုံရိပ်က ခန်းမအလယ်တွင်ပေါ်လာသည်။ သူ့ဝိဉာဉ်စွမ်းအင်က ထိုးတက်လာသလို သူ့အမူအရာကလည်း အလွန်ပင်လေးနက်နေပြီး မုဖူရှန်းအား စိုက်ကြည့်လိုက်၏။

"မင်းငါ့အောက်မှာ အဆောင်တစ်ခု ဘယ်တုန်းက ထားခဲ့တာလဲ" သူမေးသည်။

မုဖူရှန်းပြုံးသည်။

"ရိုးရှင်းပါတယ်၊ ခင်ဗျားဆုတ်ခွာမယ့် လမ်းကြောင်းကို တွက်ချက်ပြီး တိုက်ချက်တစ်ခုနဲ့ ခင်ဗျားကို အဲနေရာကို တွန်းပို့လိုက်ရုံပဲလေ"

ဂူသင်္ချိုင်းကာကွယ်သူမှာ အနည်းငယ်ကြက်သေသေသွားပြီးနောက် မယုံနိုင်စွာပြောသည်။

"မင်းအဲဒါကို မင်းငါ့ကို လျှပ်စီးနဂါးတွေနဲ့ စတိုက်ခိုက်တဲ့အချိန်ကတည်းက စီစဉ်ထားခဲ့တာလား"

မုဖူရှန်းခေါင်းညိတ်သည်။

"မဟုတ်ရင်ရော"

"ဒါဆိုမင်း....." ဂူသင်္ချိုင်းကာကွယ်သူမှာ တစ်ခုခုပြောတော့မည့်အချိန် ရုတ်တရက် သူ့အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး အထက်သို့မော့ကြည့်လိုက်စဉ် လျှပ်စီးနဂါးခြောက်ကောင်က သူ့ကို ၀န်းရံနေတာကို တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ့အထက်တွင် မုဖူရှန်း အဆောင်များစွာကိုကိုင်ထားသည်။ ထိုအဆောင်များမှ မိုးကြိုးစွမ်းအားက မိုးကြိုးထိန်းချုပ်အဆောင်ကနေတဆင့် အချင်းချင်းဆက်သွယ်နေကြပြီး သူ့ခေါင်းထိပ်တွင် ဝဲပျံရစ်ဝဲနေသည့် အဖျက်လျှပ်စီးလှံတစ်ခုကို ဖန်တီးသည်။

ဘယ်တုန်းကလဲ၊ ဘာလို့ဒီမှာရှိနေခဲ့တာလဲ!

ဂူသင်္ချိုင်းကာကွယ်သူမှာ ခေါင်းငုံ့ပြီးနောက် မုဖူရှန်းရပ်နေသည့်နေရာဖြစ်သော ရှေ့တည့်တည့်သို့ ပြန်ကြည့်သည်။

မဟုတ်ဘူး၊ ဒါမမှန်ဘူး!

ထိုနေရာအား သူ့နတ်အသိနှင့်လွှမ်းခြုံပစ်သောအခါ သူ့ရှေ့က 'မုဖူရှန်း'က စတင်ပုံပျက်လာပြီး အဆုံးတွင် အောက်သို့ မျောလွင့်သွားသည့် ကုန်ခမ်းသွားသည့် အဆောင်တစ်ခုအဖြစ် ပြောင်းသွား၏။

"မိုးကြိုးကိုယ်ပွားအဆောင်၊ တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်မရှိဘူးဆိုပေမယ့် ပြိုင်ဘက်ကသာ သူတို့ရဲ့နတ်အသိကို အပြည့်အ၀အသုံးမပြုဘူးဆိုရင် သူတို့ကို လှည့်စားနိုင်တယ်" မုဖူရှန်းအပြုံးဖြင့်ပြောသည်။

"ဒါကတကယ့်တိုက်ပွဲမှာ ကျွန်တော်ဒါကို ပထမဆုံးသုံးတာပဲ၊ ကြည့်ရတာ အတော်လေးအလုပ်ဖြစ်ပုံပဲ"

ဂူသင်္ချိုင်းကာကွယ်သူ၏အမူအရာက ကြည့်ရဆိုးလာသည်။

"မင်းကတကယ်ပဲဘယ်သူလဲ၊ ခေးအောစ့်နတ်မင်းဆက်က အဲဒီမွန်းစတားတွေတောင် ဒီလိုအဆောင်တွေကို မဖန်တီးနိုင်ခဲ့ကြဘူး"

မုဖူရှန်းပြုံးသည်။

"ကျွန်တော်ခင်ဗျားကို ဘယ်လိုလုပ် ပြောနိုင်မလဲ၊ ခင်ဗျားကျွန်တော့်အကြောင်း ဖောက်သည်ချလိုက်ရင်ရော"

ဂူသင်္ချိုင်းကာကွယ်သူ "....."

အစ်ကိုကြီး၊ ငါက ဒီနေရာမှာ ထာ၀ရပိတ်မိနေတဲ့ အကြွင်းအကျန်ဝိဉာဉ်လေးတစ်ခုပါကွာ၊ ငါဘယ်လိုလုပ်ဖွင့်ဟနိုင်မှာတုန်း!

ဒီလောက်ထိ သတိထားဖို့လိုလို့လား!

ရန်သူကို တုံ့ပြန်ရန်အချိန်မပေးဟူသော မူကိုအမြဲလိုက်နာသည့် မုဖူရှန်းမှာ လက်သီူဆုပ်ရင်း အောက်သို့ထိုးချလိုက်၏။

ရှေးဟောင်းနတ်မိုးကြိုးကနေ ပြောင်းလဲထားသည့် နဂါးခြောက်ကောင်ကလည်း ဂူသင်္ချိုင်းကာကွယ်သူထံ တိုက်ရိုက်တိုက်ခိုက်ကြသည်။

သူ့ခေါင်းထိပ်က ကမ္ဘာ့သုတ်သင်လှံက တည့်တည့်ပင် ကျဆင်းလာသည်။

ထွက်လမ်းဟူ၍မရှိ။

သူကိုယ့်ကိုကိုယ်ရဲတင်းအောင်လုပ်ရန်သာရှိတော့သည်။

ဂူသင်္ချိုင်းကာကွယ်သူ အသက်ပြင်းပြင်းရှုသည်။

"မင်းက အဲဒီမွန်းစတားတွေနဲ့ ရင်ဆိုင်နိုင်တဲ့ မျိုးဆက်သစ်တွေထဲက တစ်ဦးတည်းသောသူဆိုတာ ငါ၀န်ခံရမယ်"

သူထိုသို့ပြောရင်း လက်မောင်းအစုံကို ဖြန့်လိုက်၏။

မုဖူရှန်း၏ လေးနက်သည့်အကြည့်အောက်တွင် အဆောင်များက သင်္ချိုင်းဂူအခန်း၏ နံရံလေးခုစလုံး၌ စတင်ပေါ်လာကြသည်။

All Chapters