← Chapters

မိုမိသားစု၏ ရုပ်သေးနည်းစနစ်များ

Vol. 98 Ch. 1382

မိုမိသားစု၏ ရုပ်သေးနည်းစနစ်များ

Vol. 98 Ch. 1382

"အိုး၊ မင်းတို့မှာ အမြင်တစ်ချို့ရှိပုံပဲ" မုဖူရှန်းနှင့်ကျိုးပိုင်လုတို့အကြားက စကားကို ကြားပြီးနောက် မင်းသားကျိရှောင် အေးစက်စွာရယ်မောရင်းပြောသည်။

"ကြည့်ရတာ မင်းတို့ဝိဉာဉ်က အတော်လေးအားကောင်းပုံပဲ၊ ငါဒီကလူတိုင်းရဲ့ စွမ်းအားကို စုပ်ယူလိုက်တာနဲ့ ငါ့ကိုယ်ပိုင်ဝိဉာဉ်က ပြန်လည်ပြည့်၀သွားမှာဖြစ်သလို ငါ့ပြန်လည်မွေးဖွားမှုဆိုတာကလည်း ထောင့်စွန်း‌တစ်နေရာကို ရောက်လာလိမ့်မယ်"

မင်းသားကျိရှောင် အစက ဤဂူသင်္ချိုင်းကို တည်ဆောက်ကတည်းက အဆိုပါစိတ်ကူးကို စိတ်ထဲတွင် တေ့မှတ်ထားခဲ့သည်။

အနာဂတ်မျိုးဆက်များမှ ပါရမီရှင်များကို ကံကြမ္မာများသိမ်းပိုက်ရန် မျှော်လင့်ချက်နှင့် ဂူသင်္ချိုင်းထဲသို့ ၀င်ရန်အတွက် ဆွဲဆောင်ရန်ဖြစ်ပြီးနောက် သူတို့ဝိဥာဉ်ကို မိမိ၏ပြန်လည်မွေးဖွားမှုအတွက် စုပ်ယူရန်ဖြစ်သည်။

မင်းသားကျိရှောင်၏ စကားလုံးများကို ကြားသောအခါ လူတိုင်းနားလည်သွားကြ၏။

သူတို့က ဒီနေရာတွင်အခွင့်အလမ်းများအား ဖမ်းဆုပ်ချင်နေကြစဉ် မင်းသားကမူ သူတို့ဝိဉာဉ်ကို သူ့ပြန်လည်မွေးဖွားမှုအတွက် သုံးရန်ရည်ရွယ်ထားသည်။

ဒီနေရာက အခွင့်အလမ်းတစ်ခုမဟုတ်ဘဲ ထောင်ချောက်တစ်ခုပေတည်း။

မင်းသားကျိရှောင်ရှေ့တိုးလာစဉ် ဧရာမအော်ရာတစ်ခုက ရှေ့သို့ပေါက်ကွဲသွား၏။

ဤအော်ရာက နတ်တပိုင်းနယ်ပယ်ကို မရောက်သေးသည်အထိ အတော်လေးနီးစပ်သည်။

၎င်းအော်ရာကို ရင်ဆိုင်ရသောအခါ ရှိနေသောသူတိုင်း၏ အမူအရာများက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကြသည်။

ယခုလိုစွမ်းအားမျိုးကို သူတို့ဘယ်လိုလုပ်ရင်ဆိုင်နိုင်မည်နည်း။

သူတို့ထဲက အမြင့်ဆုံးက ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်ပြီး အရေအတွက်အသာစီးရလျှင်ပင် မင်းသားကျိရှောင်အား ကျော်လွှားရန်ဟူသည် မဖြစ်နိုင်ပေ။

သူကလက်ဖဝါးတစ်ဖက်တည်းနှင့် သူတို့၏ သေခြင်းရှင်ခြင်းများကို ခြယ်လှယ်နိုင်လောက်သည်။

ဤအခိုက်အတန့်၌ လူအများစုက စိတ်ပျက်အားငယ်နေသည့်အကြည့်များကို ပြသကြသည်။

ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်၊ ရှီရှန်းနှင့် ဖန်ချန်းတို့ကမူ မုဖူရှန်းကို ကြည့်လိုက်ကြသည်။

သူတို့အကြည့်က 'မင်းဒါကို ကိုင်တွယ်နိုင်တယ်မလား'ဟု မေးနေသည့်အသွင်။

မုဖူရှန်း၏မျက်ခုံးများက အဆက်မပြတ်တုန်ယင်နေပြီး တွေးနေသည်။ သူတို့တကယ်ပဲ ငါ့ကို ဒီနေရာမှာ ကိရိယာတစ်ခုအဖြစ် သုံးနေတာလား!

မင်းသားကျိရှောင်ကို အမှန်တကယ်အနိုင်ယူရန်ဟူသည် ဝှက်ဖဲများစွာကို ထုတ်ဖော်ရန်လိုအပ်သည်ဟု ဆိုလိုနေခြင်းပင်။

သို့သော် ယခုတခြားနည်းလမ်းလည်း ရှိပုံမပေါ်။ သူလှုပ်ရှားပြီးနောက် ရှိနေသောသူများအပေါ် နတ်ဝိဉာဉ်အကန့်အသတ်များ ထည့်ထားရုံသာရှိတော့သည်။

မုဖူရှန်းတွေးနေတာကို တခြားသူများသာသိမည်ဆိုပါက သူ့၏ရဲတင်းမှုကြောင့် သူတို့တုန်လှုပ်သွားကြပေလိမ့်မည်။

ဤနေရာရှိလူတိုင်းက တျန်းဂျီတိုက်ကြီး၏ ပါရမီရှင်များဖြစ်ကြပြီး သူတို့အားလုံးက မဟာအင်အားစုများစွာက ကျောထောက်နောက်ခံပေးထားသည်။

သို့တိုင် သူကရှိနေသောသူတိုင်းအပေါ် နတ်ဝိဉာဉ်အကန့်အသတ်များချထားရန် စီစဉ်ခဲ့လေရာ ဒါက တခြားသူများအတွက် တွေးတော၍ပင် မရနိုင်သည့်အရာတစ်ခုပင်။

မုဖူရှန်းတစ်ယောက်သာလျှင် ယခုလိုစိတ်ကူးမျိုးကို တွေးမိပေလိမ့်မည်။

မုဖူရှန်း သူ့ဆရာစိုက်ပျိုးထားခဲ့သည့် အကန့်အသတ်များကို ထပ်မံဖွင့်လှစ်တော့မည့်အချိန် အစိမ်းရင့်ရောင်၀တ်ရုံ၀တ်ထားသည့်လူတစ်ယောက် ဖြည်းဖြည်းချင်းထွက်လာသည်။

သူ‌ကရှေ့ဆုံးသို့လျှောက်သွားသည်။

ထိုလူကိုမြင်သောအခါ လူတိုင်းအနည်းငယ်ထိတ်လန့်သွားသလို မုဖူရှန်းကလည်း ထိုလူဘယ်လိုလဲဆိုတာ သိနိုင်ရန်အတွက် ရပ်လိုက်သည်။

မင်းသားကျိရှောင်နှာခေါင်းရှုံ့သည်။

"အိုး၊ မင်းအရင်ဆုံးသေချင်လို့လား၊ ကြည့်ရတာ ဒီမျိုးဆက်မှာ သတ္တိရှိတဲ့လူတွေရှိသေးပုံပဲ"

အစိမ်းရင့်ရောင်၀တ်ရုံထဲက အမျိုးသားတစ်ဦး၏အသံတစ်သံထွက်လာသည်။

"ဒီလိုသေကိုသေရမယ့်စကားမျိုးက လိုမှမလိုအပ်တာ၊ ကျုပ်ကြိုးစားကြည့်ရမယ်"

စကားပြောပြီးနောက် ထိုလူခေါင်းဆောင်းကို မပြီး မျက်နှာကိုဖော်ထုတ်လိုက်လေရာ သစ်သားမျက်နှာဖုံးတစ်ခု တပ်ဆင်ထားတာကို တွေ့လိုက်ရသည်။

ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်အော်ရာက ထိုတဒင်္ဂမှာပင် ရှေ့သို့ ပေါက်ကွဲသွားခဲ့သည်။

ထိုလူ၏အော်ရာကထူးခြားပြီး တခြားသူများကဲ့သို့ ပြင်းထန်ခြင်း သို့မဟုတ် ရန်လိုခြင်းမျိုးမရှိဘဲ ယင်းအစား အရာတိုင်းကို ထိန်းချုပ်နေသည့် ခံစားချက်ကို ပေးဆောင်သည်။

သူ့၀န်းကျင်က အင်မော်တယ်အော်ရာက သူ့တည်ရှိမှုကြောင့် ခြယ်လှယ်ခံနေရသည့်အသွင်။

လူတိုင်းထိုလူအား ပဟေဠိဖြစ်နေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

သို့စေကာမူ ဟုန်ကျန်းနှင့် တခြားထိပ်တန်းပါရမီရှင်များမှာမူ ဤအော်ရာကို ခံစားမိသောအခါ တဖြည်းဖြည်းလေးနက်လာကြသည်။

ဤအချိန်မှာပင် အိမ်ရှေ့မင်းသားကလည်းပြောလာသည်။

"ဒီလူက မိုမိသားစုက လူတစ်ယောက်ဖြစ်လောက်တယ်"

ထန်ကျုံ့ကျောက်ခေါင်းညိတ်သည်။

"ဒီအင်မော်တယ်အော်ရာမျိုးက မိုမိသားစုအတွက် ထူးခြားတယ်၊ ဒီလိုနောက်ဆုံးအဆင့်မှာပဲ သူခြေတစ်လှမ်းလှမ်းလိမ့်မယ်ဆိုတာ တကယ်မျှော်လင့်မထားတဲ့အရာပဲ"

"မိုမိသားစုလား" ယဲ့ချိုးပိုင်စိတ်၀င်တစားမေးသည်။

"မင်း သူတို့အကြောင်းပြောတာကိုပဲ ငါကြားဖူးတယ်၊ မိုမိသားစုက တကယ်ပဲဘာလဲ"

ထိုစကားလုံးများကိုကြားသောအခါ ထန်ကျုံ့ကျောက်စတင်ရှင်းပြသည်။

"မိုမိသားစုက ဒီနေ့တျန်းဂျီတိုက်ကြီးရဲ့ ရှေးအကျဆုံးအင်အားစုတစ်ခုလို့ ပြောလို့ရတယ်၊ မင်းသားတိုင်းပြည်ပျက်စီးမှုကိုလည်း မိုမိသားစုက ဦးဆောင်ခဲ့တာပဲ"

"လွန်ခဲ့တဲ့နှစ်တစ်သန်းက တျန်းဂျီတိုက်ကြီးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေခဲ့သလို ဒီနေ့မှာတောင် မိုမိသားစုကို တန်းတူမရှိ ထိပ်တန်းအင်အားစုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြတယ်"

အိမ်ရှေ့မင်းသားကလည်း စကားဝိုင်းထဲ ပါ၀င်လာသည်။

"မိုမိသားစုရဲ့အတတ်ကျွမ်းဆုံးစွမ်းရည်က သူတို့ရဲ့ရုပ်သေးနည်းစနစ်တွေပဲ၊ အဲဒါက လူတစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခုဖွဲ့စည်းဖို့ ရုပ်သေးတွေ ဖန်တီးထိန်းချုပ်ခြင်းလို့ ပြောရင်တောင် အချည်းနှီးကြွားနေတာလို့ပြောလို့မရဘူး"

"အရင်က အဇူရာနဂါးမြို့အပြင်ဘက်မှာ ငါသုံးခဲ့တဲ့ရုပ်သေးကို မိုမိသားစုဆီက ငှားထားတာလေ၊ မင်းတို့လည်း အရည်အသွေးကို သတိထားမိမှာပါ" သူဆက်ပြောသည်။

ဒါကိုကြားသော် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများခေါင်းညိတ်ကြသည်။

ရုပ်သေးတစ်ရုပ်အတွက် ထိုအဆင့်ကို ရောက်ရန်ဟူသည် လက်မှုပညာက အတော်လေးထက်မြက်သိမ်မွေ့သည်ဟု ဆို၍ရသည်။

ဆိုရပါက ဤတျန်းဂျီတိုက်ကြီး၌ မိုမိသားစု၏ အဆင့်အတန်းက ထိပ်တန်းဖြစ်ပြီး သူတို့ခွန်အားနှင့် အမွေအနှစ်ကလည်း အလားတူပင်။

ဤသည်ကိုကြားသောအခါ မုဖူရှန်း အရေးယူဆောင်ရွက်မည့်စိတ်ကူးကို တစ်ခဏမျှ စွန့်လွှတ်လိုက်သည်။

မင်းသားကျိရှောင် မိုမိသားစုကလူကို စူးစိုက်ကြည့်နေရင်း နှလုံးသားထဲတွင် နက်ရှိုင်းစွာ ထွင်းထုထားသည့် အလွန်ရင်းနှီးသော အော်ရာကို ခံစားလိုက်ရလေရာ ရှေ့သို့အားကောင်းသည့်ခြေလှမ်းတစ်လှမ်းလှမ်းကာ လည်ပင်းကိုဆန့်ရင်း ဒေါသတကြီးအော်ဟစ်သည်။

"မိုမိသားစု......"

ဤအော်သံထဲတွင် ကောင်းကင်ကိုပင် လောင်ကျွမ်းပစ်စေနိုင်သည့် အဆုံးမဲ့မကျေနပ်မှုနှင့် ဒေါသဖြင့်ပြည့်နှက်နေသည်။

မိုလင်း မင်းသားကျိရှောင်ကိုကြည့်ရင်း ထူးမခြားနားစွာပြောသည်။

"ကြည့်ရတာ စီနီယာက ကျုပ်ရဲ့မိုမိသားစုကို မှတ်မိနေသေးပုံပဲ"

"ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်" မင်းသားကျိရှောင်သုံးကြိမ်တိုင်တိုင်ပြောပြီး တစ်ကြိမ်စီက အရင်ကထက် ကျယ်လောင်ကာ သူ့အကြည့်က ကောက်ကျစ်လာသည်။

"နှစ်ပေါင်းများစွာကြာသွားပြီး‌တဲ့နောက်မှ ငါထွက်လို့ရတာနဲ့ ပထမဆုံးလုပ်ချင်တဲ့အရာက မင်းတို့မိသားစုကို ရှင်းပစ်ဖို့ပဲ၊ ဒီနှစ်သန်းချီအတွင်းမှာ မင်းတို့မိသားစု ပျက်စီးမသွားဖို့ ငါအမြဲဆုတောင်းခဲ့တယ်၊ ကြည့်ရတာ ကောင်းကင်က ‌ငါ့ကို ကောင်းချီးပေးနေသေးပုံပဲ"

"မိုမိသားစုက နှစ်တစ်သန်းတောင်ကြာခဲ့တာလား၊ ဒီအတွက် စီနီယာကို ကျေးဇူးတင်ပါတယ်" မိုလင်းပြန်ဖြေသည်။

မင်းသားကျိရှောင်နောက်တစ်လှမ်းရှေ့တိုးပြီး ပခုံးပေါ်တွင် အသွားနှစ်ဘက်ပါသည့် ဧရာမဓားကိုတင်လိုက်စဉ် ထူထဲချွန်ထက်သည့်အော်ရာက မိုလင်းတစ်ဦးတည်းထံ တိုက်ရိုက်ဦးတည်သွား၏။

"ဒီလိုဆိုမှတော့ ငါမင်းနဲ့စလိုက်မယ်"

ဤအခိုက်မှာပင် မိုလင်းကလည်းပြောသည်။

"အားလုံးပဲ၊ ရှေ့ဆက်ဖို့အတွက် ငါမင်းတို့ရဲ့ အကူအညီကို လိုနေသေးတယ်"

ထိုသို့ပြောပြီး မိုလင်း လက်အစုံနှင့် စည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်စဉ် ရုတ်တရက် သူ့ရှေ့တွင် ဧရာမသတ္တဝါကြီးတစ်ကောင်ပေါ်လာသည်။

၎င်းက လူသားပုံစံရုပ်သေးတစ်ခုပေတည်း။

ရုပ်သေးက သတ္တုကဲ့သို့တောက်ပသည့် အလင်းကိုထုတ်လွှတ်ရင်း အတော်လေးမာကျောပုံပေါ်ပြီး ရင်ဘတ်နေရာ၌ စက်ဝိုင်းပုံသဏ္ဍာန်အပေါက်သုံးပေါက်ရှိသည်။

မိုလင်းပြောသည်။

"အားလုံးပဲ၊ မင်းတို့ရဲ့အင်မော်တယ်အော်ရာကို ရုပ်သေးထံထည့်သွင်းလိုက်ကြ၊ အဲဒီအပေါက်နေရာသုံးခုစလုံး ပြည့်သွားတာနဲ့ ပြိုင်ဘက်က ရုပ်သေးကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"

လူအုပ်စုက အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း လက်ရှိအချိန် သူတို့တွင် တခြားရွေးချယ်စရာများမရှိသဖြင့် မိုလင်းကို ယုံကြည်ရန်အတွက် ရွေးချယ်ရုံသာ တတ်နိုင်ကြသည်။

မဟုတ်ပါက ဤနေရာတွင်ရှိနေသောသူတိုင်း သေကြရပေလိမ့်မည်။

ဒါကိုသဘောပေါက်သောအခါ လူအုပ်က သူတို့၏အင်မော်တယ်အော်ရာများကို အပေါက်များဆီသို့ စတင်ပို့လွှတ်ကြသည်။

ပထမအပေါက်တွင် အင်မော်တယ်အော်ရာများက မကြာခင်သိပ်သည်းသွားပြီး အရည်ကဲ့သို့ပင် ဖြည့်လိုက်၏။

ဤအချိန်မှာပင် မင်းသားကျိရှောင်ကလည်း အေးစက်စွာနှာခေါင်းရှုံ့ရင်း ရှေ့တက်ကာ မိုလင်းထံ ပြေး၀င်သွားသည်။

မိုလင်း၏အမူအရာက တည်ငြိမ်နေပြီး နောက်ထပ် တံဆိပ်တစ်ခုကို ဖန်တီးလိုက်စဉ် ရုတ်ချည်းဆိုသလို ဘိုးဘေးနယ်ပယ် နောက်ပိုင်းအဆင့်ရုပ်သေးများစွာက မင်းသားကျိရှောင်ရှေ့တွင် ပေါ်လာကြကာ သူ့ခြေလှမ်းများအား ပိတ်ဆို့ထားသည်။

နောက်ကလူများမှာ ချီးကျူးစကားမဆိုဘဲ မနေနိုင်တော့။

ဆိုရိုးစကားအတိုင်းပင် မိုမိသားစု၀င်တစ်ဦးက စစ်တပ်တစ်တပ်ကို အမှန်တကယ် တစ်ယောက်တည်းဖွဲ့စည်းနိုင်သည်။

ယခုလိုအဆင့်မြင့်ရုပ်သေးများစွာကို တစ်ချိန်တည်းတွင် ထိန်းချုပ်နိုင်သည့်အပေါ် သူတစ်ဦးတည်းက ရှိနေသောပါရမီရှင်တိုင်းအား တားဆီးနိုင်လောက်သည်။

ဒီတဒင်္ဂမှာပင် ကျိုးပိုင်လုကလည်း မျောလွင့်သွားစဉ် အကြောင်းရင်းအားအမျှင်စများက မင်းသားကျိရှောင်ထံ ပျံသန်းသွား၏။

ယဲ့ချိုးပိုင် မုဖူရှန်းကို စနောက်နေသည့်အသွင်ကြည့်လိုက်သည်။

"ဘာလဲ၊ မင်းကူညီဖို့အစီအစဉ်မရှိဘူးလား"

မုဖူရှန်းလက်ဝှေ့ယမ်းကာပြောသည်။

"အခြေအနေဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ကြရအောင်၊ ဒါ့အပြင် တစ်ခုခုမှားနေသေးတော့ အစ်ကိုတို့ အင်မော်တယ်အော်ရာကို ထည့်သွင်းတဲ့အချိန် နည်းနည်းထိန်ချန်ထားဖို့ သတိရပါ"

All Chapters