ကျိုးပိုင်လုနှင့် မုဖူရှန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 98 Ch. 1384
လူတိုင်းအနီးကပ်စောင့်ကြည့်နေကြစဉ် အသွားနှစ်ဖက်ပါဧရာမဓားနှင့် ရှောင်ဟိုင်၏ ပုံရိပ်တို့က နောက်သို့လွင့်စင်သွားကြသဖြင့် သူတို့အလိုမတူစွာ ခေါင်းခါယမ်းလိုက်မိကြသည်။
"ခွန်အားက လုံလောက်အောင် အားကောင်းမနေတာကို သိတာတောင် ဘာလို့ မင်းသားကျိရှောင်ကို ရန်စရတာလဲ" တစ်ယောက်ပြောသည်။
"ဘာလို့ မိုလင်းကို သူ့ကိုတားဆီးဖို့အတွက် ရုပ်သေးကို သုံးခွင့်မပေးရတာလဲ"
"ဒီအသေခံစစ်ဆင်ရေးတစ်ခုက တကယ်ကို မလိုအပ်တာပါကွာ"
သူတို့မျက်လုံးထဲတွင် ရှောင်ဟိုင်က သံသယမရှိ ကြမ္မာဆိုးဆိုက်ကပ်သွားလေပြီ။
သို့သော် ထိုတဒင်္ဂမှာပင် ကျိုးပိုင်လုနှင့် မုဖူရှန်းတို့ ဘေးချင်းယှဉ်ပြီး ရပ်လိုက်ကြသည်။
မုဖူရှန်း ဖန်တီးခြင်းနတ်အဆောင်နှစ်ခုကို ချက်ချင်းထုတ်ယူကာ တစ်ခုကို ကျိုးပိုင်လုထံကပ်လိုက်ပြီး ကျန်တစ်ခုကို သူ့ကိုယ်ပေါ် ကပ်လိုက်၏။
ကျိုးပိုင်လု၏ နယ်ပယ်ကလည်း ရုတ်တရက်ဆိုသလို ဘိုးဘေးနယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။
ကိုယ်ထဲက ထိုးထွက်နေသည့်အဆုံးမဲ့စွမ်းအားကို အာရုံခံမိသောအခါ ကျိုးပိုင်လုတွင် အံ့ဩသင့်နေရန်အတွက်ပင် အချိန်မရှိဘဲ သူမမျက်လုံးများမှ ရွှေမီးတောက်များက ပေါက်ကွဲထွက်လာကြသည်။
အကြောင်းရင်းစွမ်းအားက ထိုးတက်သွားပြီး မီးလျှံရောင်စုံကြိုးများအဖြစ် သိပ်သည်းကာ အသွားနှစ်ဖက်ပါ ဧရာမဓားအား တိုက်ရိုက်ရစ်ပတ်လိုက်ကြ၏။
မုဖူရှန်း၏အမူအရာကလည်း လေးနက်သွားပြီး လက်အစုံကိုဖွင့်လိုက်သည်။
ရှေးဟောင်းနတ်မိုးကြိုးခြောက်ခု၏စွမ်းအားက တစ်ပြိုင်နက်တည်း ပေါက်ကွဲသွား၏။
ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုး၊ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး၊ တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုး၊ သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုးနှင့် မဟာဒြင်စင်ငါးခုအဆုံးသတ်နတ်မိုးကြိုးတို့က ရုတ်ချည်းဆိုသလို လျှပ်စီးကွင်းခြောက်ခုအဖြစ် ပြောင်းသွားပြီး နှစ်ဖက်သွားဧရာမဓားကို ရစ်ပတ်ထားသည့် မီးလျှံရောင်စုံကြိုးများနှင့် ပေါင်းစပ်သွားသည်။
ဓားလက်ကိုင်၊ လက်ရန်းနှင့်ဓားသွားတို့က ရစ်ပတ်ခံလိုက်ရသဖြင့် မံမီတစ်ခုနှင့်ပင် တူနေသည်။
နှစ်ဦးသား၏ ပူးပေါင်းအားထုတ်မှုအောက်တွင် အသွားနှစ်ဖက်ပါဧရာမဓား၏ အမြန်နှုန်းက ဖြည်းဖြည်းချင်းနှေးကွေးလာခဲ့သည်။
ဤအခိုက်အတန့်မှာပင် ရှောင်ဟိုင်ကိုယ်ကို ရပ်ကာ ချက်ချင်းဆိုသလို ဘေးသို့ ကွေ့ချိုးလိုက်၏။
အသွားနှစ်ဖက်ပါဧရာမဓားက ရှောင်ဟိုင်အား ဖြတ်ကျော်သွားလေတော့သည်။
ဒါကိုမြင်သော် မင်းသားကျိရှောင်၏ မျက်နှာက အလွန်အမင်းမည်းမှောင်သွားခဲ့သည်။
သို့စေကာမူ ကျိုးပိုင်လုနှင့်မုဖူရှန်းတို့က အသွားနှစ်ဖက်ပါဧရာမဓားကို ချည်နှောင်ခြင်းအား မရပ်ခဲ့ကြပေ။ သူတို့ အကြည့်ချင်းဖလှယ်ကြပြီးနောက် တစ်ဦးကိုတစ်ဦး ခေါင်းညိတ်ပြကြသည်။
ထို့နောက်တစ်ချက်အော်ဟစ်ရင်း နှစ်ယောက်သားအားသုံးဆွဲလိုက်ကြ၏။
သူတို့ အသွားနှစ်ဖက်ပါဧရာမဓား၏ ဦးတည်ချက်ကို ပြောင်းပစ်ရန်အတွက် စီစဉ်နိုင်ခဲ့ကြပြီး မင်းသားကျိရှောင်ဆီသို့ ပိုင်းဖြတ်စေသည်။
မင်းသားကျိရှောင် အေးစက်စွာနှာမှုတ်ရင်း ခြေတွန်းအားတစ်ချက်နှင့်အတူ အသွားနှစ်ဖက်ပါဧရာမဓားအား ဖမ်းကိုင်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ့ပုံစံအနေအထားကို သူအနည်းငယ်ပြောင်းပစ်သည်။ အသွားနှစ်ဖက်ပါဧရာမဓားထိပ်က သူ့ရင်ဘတ်ကို ဖြတ်သန်းသွားစဉ် သူ့လက်ဖဝါးက ဓားလက်ကိုင်ကို ဖမ်းကိုင်မိသည်။
ကျိုးပိုင်လုနှင့်မုဖူရှန်းတို့ အတူတကွ စည်းတံဆိပ်တစ်ခုဖန်တီးကြသည်။
မီးလျှံရောင်စုံကြိုးများက ထိုအခိုက်အတန့်၌ ပြင်းထန်သည့် အကြောင်းရင်းစွမ်းအားနှင့်အတူ ပေါက်ကွဲသွားကြသည်။
ထို့နောက် လျှပ်စီးကွင်းများကလည်း တစ်ချိန်တည်းမှာပင် အားကောင်းသည့် မိုးကြိုးစွမ်းအားတစ်ခုကို ထုတ်လွှတ်သည်။
စွမ်းအင်နှစ်ခုစလုံးက မင်းသားကျိရှောင်၏ လက်ဖဝါးပေါ်၌ ဆက်တိုက်ပေါက်ကွဲသွားကြ၏။
မင်းသားကျိရှောင်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူဒေါသတကြီးတစ်ချက်ဟိန်းကာ အင်မော်တယ်အော်ရာက ပြင်းထန်စွာတိုးတက်လာပြီး စွမ်းအားနှစ်ခုစလုံးကို တစ်ချိန်တည်းမှာပင် ဖိနှိပ်ပစ်သည်။
အသွားနှစ်ဖက်ပါဧရာမဓားက မင်းသားကျိရှောင်၏ ထိန်းချုပ်မှုအောက်သို့ ထပ်မံကျရောက်သွားရပြန်သည်။
သို့သော် ထိုတိုက်ချက်က မင်းသားကျိရှောင်အား ဒဏ်ရာအနည်းငယ်ရစေသည်။ သူလက်ဖဝါးကိုငုံ့ကြည့်လိုက်လေရာ မီးလောင်ကျွမ်းခံထားရသည့် အသားနှင့် ပြည့်နှက်နေတာကို တွေ့လိုက်ရသည်။
ဒါကိုမြင်သော် မင်းသားကျိရှောင်၏ မျက်နှာက အလွန်အမင်းကြည့်ရဆိုးသွားခဲ့သည်။
သူ ထိုလူငယ်မျိုးဆက်တစ်ဦးပြီးတစ်ဦးကြောင့် ဆော့ကစားခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခု သူတို့ကိုပင် သူမကိုင်တွယ်နိုင်သေးလေရာ ဒါက ဂုဏ်ယူ၀င့်ကြွားရသည့် မင်းသားကျိရှောင်အတွက် သည်းမခံနိုင်စရာပင်။
နောက်ကကြည့်ရှုသူများကလည်း ထိတ်လန့်ကာစိတ်ရှုပ်ထွေးနေကြ၏။ သူတို့အများကြီးလုပ်နိုင်ကြလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။
မိုလင်းအနည်းငယ်မျက်မှောင်ကြုတ်သည်။
သူထုတ်လွှတ်လိုက်သည့်ရုပ်သေးက ပရိသတ်တစ်ဦးအလား သူတို့၏တင်ဆက်မှုကို စောင့်ကြည့်ရုံသက်သက်သာဖြစ်သည်။
ခေါင်းလှည့်ရင်း သူထိုကြီးမားသည့်ရုပ်သေး၏ ရင်ဘတ်ကိုကြည့်လိုက်လေရာ အပေါက်သုံးပေါက်က ပြည့်လုနီးပါးပင် ဖြစ်နေလေပြီ။
ဤအချိန်တွင် နောက်ကျောက လူအများအပြားက အားနည်းပင်ပန်းနေကြပြီဖြစ်ကာ တစ်ချို့ကမူ မြေပြင်တွင်ပင် လဲပြိုကျရင်း အင်မော်တယ်အော်ရာ ပြတ်တောက်သွားသည့်အပေါ် ဆက်မတိုက်ခိုက်နိုင်ကြတော့ပါ။
ထို့နောက် ကျိုးပိုင်လု မုဖူရှန်းအား လှည့်ကြည့်ပြီးမေးသည်။
"ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုမလား"
မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။ ယခုလိုပူးပေါင်းဆောက်ရွက်မှုမျိုးကို သူတစ်ခါမှ မလိုချင်ခဲ့ပေ။
မင်းသားကျိရှောင် ဒေါသတကြီးအော်ဟစ်ရင်း မုဖူရှန်းနှင့်ကျိုးပိုင်လုထံ ပြေး၀င်သွားသည်။ သူတို့ ရန်သူကို ဆက်လက်ရင်ဆိုင်ရန် ပြင်ဆင်နေစဉ် မိုလင်းရုတ်တရက် အော်ဟစ်လိုက်၏။
"လုံလောက်ပြီ၊ အင်မော်တယ်အော်ရာထည့်သွင်းမှုက ပြီးသွားပြီဆိုတော့ မင်းတို့အခုဆုတ်လို့ရပြီ"
ထိုစကားလုံးများကိုကြားသောအခါ ကျိုးပိုင်လုနှင့် မုဖူရှန်းတို့နှစ်ဦးစလုံး နောက်ဆုတ်သွားကြသည်။
ဒီတဒင်္ဂမှာပင် ဧရာမရုပ်သေး၏ ကိုယ်ခန္ဒာကနေ ကြီးမားသည့်စွမ်းအားတစ်ခု ပေါက်ကွဲသွားခဲ့သည်။
ထိုစွမ်းအားက မင်းသားကျိရှောင်နှင့် တန်းတူနီးပါးပင်။
ရုပ်သေးက ကြီးအားသော်လည်း ၎င်း၏ လှုပ်ရှားမှာများက အတော်လေးမြန်ဆန်သွက်လက်ပြီး တစ်လှမ်းတည်းနှင့် မင်းသားကျိရှောင်ရှေ့တွင် ပိတ်ဆို့လိုက်၏။
ရုပ်သေးကိုစိုက်ကြည့်ရင်း မင်းသားကျိရှောင်၏မျက်နှာက ကြည့်ရဆိုးနေသည်။
တူညီသည့်နယ်ပယ်နှင့်အဆင့်အတွင်း ဗုဒ္ဓကျင့်ကြံသူများပင်လျှင် ရုပ်သေးများကို အနိုင်ယူရန်အတွက် အတော်လေးခက်ခဲသည်ဟု ဆိုကြသည်။
ရုပ်သေးများတွင် အသက်မရှိ၊ ဝိဉာဉ်မရှိသဖြင့် နာကျင်မှုကို မခံစားရသလို အင်မော်တယ်အော်ရာကုန်ခမ်းမှုကြောင့် အားနည်းသွားခြင်းဟူသည်မရှိချေ။
ဒါ့အပြင် မင်းသားကျိရှောင်၏ ဝိဉာဉ်နှင့်ခန္ဓာက အပြည့်အ၀မကောင်းလာသေးဘဲ သူသုံးတာမှန်သမျှကိုလည်း ဖြည့်ဆည်းရန်အတွက် မည်သည့်အရင်းအမြစ်မှမရှိချေ။
မင်းသားကျိရှောင်ရပ်လိုက်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆကြည့်ကာ ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်တစ်ခုချပြီးနောက် ထူးမခြားနားစွာပြောသည်။
"ကောင်းပြီ၊ ဒါကပြီးသွားပြီ၊ မင်းတို့ ဒီကပစ္စည်းတွေယူပြီး ဂူသင်္ချိုင်းထဲကနေ ထွက်သွားနိုင်တယ်"
ဒါကိုကြားသောအခါ လူတိုင်း၏မျက်နှာက အံ့ဩသင့်မှုများနှင့် လင်း၀င်းသွားကြ၏။
ဒါက မင်းသားကျိရှောင် အရှုံးကို ၀န်ခံလိုက်ပြီဟု ဆိုလိုနေခြင်းပင်။
သို့သော် မိုလင်းက လက်မခံဘဲ ယင်းအစား အပြုံးဖြင့်ပြောသည်။
"စီနီယာနောက်နေတာဖြစ်ရမယ်၊ ကျုပ်ပန်းတိုင်က ဒီရတနာတွေမဟုတ်ပါဘူး၊ ပိုအရေးကြီးတာကခင်ဗျားပါ"
ငါလား!
မင်းသားကျိရှောင်၏မျက်နှာက ပြောင်းလဲသွား၏။
"မင်းဘာလုပ်ချင်တာလဲ"
"စီနီယာရဲ့ဝိဉာဉ်ထဲမှာ ခေးအောစ့်နတ်မင်းဆက်နဲ့ ဆက်စပ်တဲ့ကိစ္စတွေ၊ ပြီးတော့ ကျုပ်တို့ကလန်ခေါင်းဆောင် အတော်လေးတန်ဖိုးထားတဲ့အရာတွေလိုမျိုး လျှို့ဝှက်ချက်များစွာရှိရမယ်၊ ဒီတော့ ကျေးဇူးပြုပြီး သေလိုက်ပါ" မိုလင်းပြောရင်း ဘေးကင်းသည့်အပြုံးတစ်ပွင့်ကို ပြသသည်။
"ဒါပေမယ့် စီနီယာကလည်း သေချင်တဲ့ပုံစဲကို ဆုံးဖြတ်လို့ရပါတယ်၊ ခင်ဗျားရဲ့ဝိဉာဉ်ကို ကျုပ်တို့ကို အလိုတူတူနဲ့ ကမ်းလှမ်းပေးမလား ဒါမှမဟုတ် ကျုပ်ရဲ့ရုပ်သေးက ခင်ဗျားကိုအရင်သတ်ပြီးမှ ဝိဉာဉ်ကို ထုတ်ယူရမလား"
မင်းသားကျိရှောင်အတော်လေး မကျေမနပ်ဖြစ်နေပုံရသည်။
"မင်းငါ့ကိုသတ်နိုင်မယ်ဆိုတာ ဒီလောက်ထိ ယုံကြည်မှုရှိနေတာလား"
မိုလင်းပြုံးသည်။
"ကျုပ်ယုံကြည်မှုရှိ၊ မရှိဆိုတာ စီနီယာကောင်းကောင်းသိပါတယ်၊ ကျုပ်အတွက် ဒီထက်ပြောစရာမလိုပါဘူး"
မင်းသားကျိရှောင် "ဒါဆိုစမ်းကြည့်တာပေါ့"
နောက်ထပ်ဘာတစ်ခုမှမဆိုတော့ဘဲ မိုလင်း ရုပ်သေးကို ထိန်းချုပ်ပြီး မင်းသားကျိရှောင်အား စတင်တိုက်ခိုက်သည်။
လူတိုင်းရုပ်သေးကိုကြည့်ရင်း သူတို့၏ အမူအရာများက လေးနက်နေကြ၏။
မိုမိသားစုက အမည်နာမနှင့် အမှန်တကယ်ထိုက်တန်သည်။ အစပိုင်းတွင် ရုပ်သေးကမင်းသားကျိရှောင်နှင့် တန်းတူညီမျှရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရုပ်သေး၏ တိုက်ခိုက်မှုက အမြင့်ဆုံးတွင် ရှိနေသေးပြီး မင်းသားကျိရှောင်ကမူ တဖြည်းဖြည်းအားနည်းလာခဲ့သည်။
အဆုံးတွင် ဆန္ဒမရှိသည့်အမူအရာဖြင့် မင်းသားကျိရှောင်မှာ ရုပ်သေး၏ သေအောင်ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။
မိုလင်းခုန်ထွက်သွားပြီး မင်းသားကျိရှောင်၏ ဝိဉာဉ်ကို စင်ကြယ်သည့် ကျောက်စိမ်းပုလင်းတစ်ခုထဲ သိမ်းဆည်းလိုက်သည်။
ဤအခိုက်အတန့်၌ ပင်မဂူသင်္ချိုင်းခန်းမ၏ အမိုးကြက်၌ အပေါက်တစ်ပေါက်ပွင့်သွားသဖြင့် အပြင်သို့ဦးဆောင်နေသည့် လမ်းကြောင်းဖြစ်ပုံရသည်။
ဒါကိုမြင်သော် မိုလင်းအပြုံးဖြင့်ပြောသည်။
"လူကြီးမင်းတို့၊ ရန်သူကသေပြီဆိုတော့ ထွက်ချိန်တန်ပါပြီ"
လူတိုင်း၏မျက်နှာများက စိတ်လှုပ်ရှားမှုနှင့်ပြည့်နှက်သွားကြပြီး တောက်ပနေသည့် ရတနာများအား လှည့်ကြည့်လိုက်ကြ၏။
ယင်းနောက်တွင် ရုတ်တရက် မိုလင်းပြောသည်။
"အိုး၊ ဟုတ်သားပဲ၊ မင်းတို့ဒီရတနာတွေကို ထားခဲ့သင့်တယ်၊ ဘာပဲဆိုဆို မင်းတို့ရဲ့ အင်မော်တယ်အော်ရာကလည်း ကုန်ခမ်းနေပြီမလား"
ဒါကတကယ့်ရည်ရွယ်ချက်ပေတည်း။
ယဲ့ချိုးပိုင်နှင့်တခြားသူများကလည်း သဘောပေါက်သွားကြသည်။
မည်သည့်အတွက်ကြောင့် ရုပ်သေးကို အင်မော်တယ်အော်ရာအဆက်မပြတ် ထည့်သွင်းပေးရန်အတွက် လူများကို ဆွဲဆောင်ခဲ့လေသနည်း။
ဤသည်က လူတိုင်းကို အားနည်းသည့်အခြေအနေတွင် ထားခဲ့ရန်ဖြစ်ပြီး အနည်းငယ်အားကောင်းသောသူများတွင် သူတို့ခွန်အားငါးဆယ်ရာခိုင်နှုန်းထက် အပိုမရှိတော့သဖြင့် မိုလင်းအား မည်သို့မည်ပုံ ယှဉ်ပြိုင်နိုင်မည်နည်း။
ရှိနေသောသူတိုင်း၏ အမူအရာများက ရုတ်ချည်း အကျဉ်းတန်သွားကြသည်။
ဒီတဒင်္ဂမှာပင် ဟုန်ကျန်း လက်မခံနိုင်သဖြင့်ပြောလာသည်။
"မိုလင်း၊ ဒါကနည်းနည်းများလွန်းမနေဘူးလား၊ ဘာပဲဆိုဆို ငါတို့အားလုံး အားထုတ်ခဲ့ကြတာပဲ၊ ငါတို့က စွပ်ပြုတ်ရဲ့ဝေစုလေးတောင် မရနိုင်ဘူးလား၊ ငါတို့အင်အားစုတွေက စုဝေးပြီး မိုမိသားစုကို တိုက်ခိုက်မှုကို မင်းမကြောက်ဘူးလား"
မိုလင်းကမူ ကမ္ဘာပေါ်၌ ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရသည့်အလား ရယ်မောလိုက်သည်။
"မင်းတို့ရဲ့အကြီးအကဲတွေသာ သဘောတူရင် တရားမျှတမှုကို ရယူဖို့အတွက် မိုမိသားစုက မင်းတို့ကို ကြိုဆိုပါတယ်"
ဒါကိုကြားသော် လူတိုင်းတိတ်ဆိတ်သွားကြ၏။
ထျန်းဂျီတိုက်ကြီး၌ မိုမိသားစု၏ ဩဇာလွှမ်းမိုးမှုက သူတို့စိန်ခေါ်နိုင်သည့် အရာတစ်ခုမဟုတ်ပေ။