ရတနာများအားရယူခြင်း၊ ကြွယ်၀သည့်ရိတ်သိမ်းမှု
Vol. 98 Ch. 1385
မိုလင်းက ဤနေရာရှိရတနာများကို သိမ်းပိုက်ရန် ရည်ရွယ်ထားတယ်ဆိုတာ ရှင်းနေသည်။
ဒါ့အပြင် မိုမိသားစုစွမ်းအားနှင့်ဆိုပါက သူတို့ဤလူများနောက်က ဂိုဏ်းများ သို့မဟုတ် မိသားစုများအား လုံး၀မကြောက်ကြပေ။
ရောက်လာသောသူများ၌ ဟုန်ကျန်းနှင့် ပထမတန်းစားဂိုဏ်းများက ပါရမီရှင်များ အပါအ၀င် မလိုလားမှုနှင့် စိတ်ပျက်အားငယ်သည့် အမူအရာများကို ပြသကြသည်။
သူတို့ဂိုဏ်းများကို တျန်းဂျီတိုက်ကြီးတွင် ပထမတန်းစားဂိုဏ်းများဟုခေါ်ကြပြီး ကြိုက်တာကိုလုပ်နိုင်သော်လည်း မိုမိသားစုကဲ့သို့ အင်အားစုတစ်ခုကို ရင်ဆိုင်ရခြင်းကမူ မတူညီသည့်ဇာတ်လမ်းတစ်ခုပင်။
မိုမိသားစုက တျန်းဂျီတိုက်ကြီးပေါ်က အင်အားစုအားလုံး၏အထက်တွင် ရပ်တည်နေသည်။
သူတို့၏နှစ်သန်းရာချီသည့်အမွေအနှစ်ဖြစ်စေ၊ တစ်ဦးကစစ်တပ်တစ်တပ်ကို ဖန်တီးနိုင်သည့် ကြောက်မက်ဖွယ်ရာခွန်အားဖြစ်စေ ၎င်းတို့က တခြားအင်အားစုများအား လေးစားစွာပင် နောက်ဆုတ်စေသည်။
မိုလင်း အကြည့်ပြောင်းကာ ယဲ့ချိုးပိုင်နှင့် သူ့အုပ်စုကိုကြည့်လိုက်၏။ သူတို့ထံ၌ အင်မော်တယ်အော်ရာက အလျှံပယ်ရှိနေသေးတာကို မြင်ရသောအခါ သူပြုံးသည်။
"ကြည့်ရတာ မင်းတို့သဲလွန်စကို အစောပိုင်းကတည်းက သတိထားမိပုံပဲ"
ဒဏ်ရာအများစုကနေ ပြန်သက်သာလာပြီဖြစ်သည့် ရှောင်ဟိုင် မိုလင်းကို ထူးမခြားနားစွာကြည့်ရင်းပြောသည်။
"သူတို့ကမင်းကိုကြောက်လောက်ပေမယ့် ငါတို့ကတော့မကြောက်ဘူး"
တခြားသူများမှာ အနည်းငယ်ထိတ်လန့်သွားကြ၏။
ရှောင်ဟိုင်နှင့်သူ့လူများက ဝိဉာဉ်အနှစ်သာရကျောင်းတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်နေလျှင်ပင် သူတို့က မိုမိသားစု၏ သိသာထင်ရှားသည့်စွမ်းအားနှင့် အလှမ်းဝေးနေသေးသည်။
ဒီလိုယုံကြည်မှုမျိုးကို သူဘယ်ကရလာတာလဲ၊ ဒါမှမဟုတ် ဒါကမိုက်မဲလွန်းတာလား!
သို့စေကာမူ မိုလင်းက ဒေါသမထွက်ဘဲ ယင်းအစား ခပ်တိုးတိုးရယ်မောလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။
"ဘာမှမဖြစ်ပါဘူး၊ ဒီရတနာတွေထဲမှာ မင်းတို့အတွက်လည်း ဝေစုရှိပါတယ်၊ မင်းတို့အသုံး၀င်တာတစ်ခုခုတွေ့ရင် အလိုရှိသလို ယူလို့ရတယ်"
အမ်!
ဒီလိုပြောဖို့အရမ်းလွယ်တာလား!
ထိုစဥ်ဟုန်ကျန်း၀င်ပြောသည်။
"ငါတို့လည်းကူညီပေးခဲ့တာပဲမလား၊ ငါတို့ရဲ့အင်မော်နယ်အော်ရာကိုသာ ထည့်မသွင်းပေးထားဘူးဆိုရင် မင်းသားကျိရှောင်ကို အနိုင်ယူဖို့အတွက် ဒီရုပ်သေးကို ဘယ်လိုသုံးနိုင်မှာလဲ"
မိုလင်း ဟုန်ကျန်းကို ခံစားချက်တစ်ခုမှ မပါ၀င်သော ထူးမခြားနားသည့်အကြည့်ဖြင့်သာ စိုက်ကြည့်လိုက်၏။
ဤသည်က ဟုန်ကျန်းအားကျောရိုးတစ်လျှောက်အေးစိမ့်သွားစေပြီး အကြည့်ကို ရှောင်ရှားကာ နောက်ထပ်ဘာတစ်ခုမှ မပြောရဲတော့ပါ။
ရှောင်ဟိုင်နှင့်တခြားသူများမှာလည်း ပဟေဠိဖြစ်နေကြပြီး မိုလင်းသူတို့ကို ဘာကြောင့်ခြားနားစွာဆက်ဆံနေရသလဲဆိုတာ အံ့ဩသင့်နေကြသည်။
ထိုအချိန်မှာပင် မိုလင်းအသံပို့လာသည်။
"မင်းတို့က ကျိုးရွှမ်ရဲ့မိတ်ဆွေတွေဆိုတော့ ငါမိုလင်းရဲ့မိတ်ဆွေတွေလို့လည်း ပြောလို့ရတယ်လေ၊ ဒါကြောင့်တခြားသူတွေနဲ့ မတူဘူး"
ယင်းနောက်တွင် အိမ်ရှေ့မင်းသားရယ်မောကာပြောသည်။
"မင်းတို့ရဲ့ပထမဆုံးတာ၀န်ကို မှတ်မိသေးလား၊ အဲဒီစောင့်ကြပ်ရေးလုပ်ငန်းစဉ်အတွင်းမှာ ငါရုပ်သေးနှစ်ရုပ်ကို သုံးခဲ့သေးတယ်လေ၊ အဲဒီရုပ်သေးနှစ်ရုပ်က ညီအစ်ကိုမိုလင်းဆီက လက်ဆောင်တွေလေ"
"အခုလေးတင် ညီအစ်ကိုမိုလင်း ငါ့ကို ရုပ်သေးတွေထဲကို အင်မော်တယ်အော်ရာအများကြီးမထည့်သွင်းဘဲ တစ်ခုခုလုပ်နေတဲ့ပုံပေါက်အောင်ပဲ ထည့်သွင်းဖို့ သတိပေးခဲ့တယ်၊ ငါမင်းတို့ကို သတိပေးချင်ပေမယ့် မင်းတို့သတိထားမိတာကိုမြင်တော့ ဘာတစ်ခုမှ မပြောလိုက်တာပါ"
"ဒါပေမယ့် ကျေးဇူးပြုပြီးဒါကို လျှို့ဝှက်ထားပေးပါ၊ ညီအစ်ကိုမိုလင်းနဲ့ ငါ့ရဲ့ခင်မင်ရင်းနှီးမှုကို အခုထုတ်ဖော်ပြောလို့ မရသေးဘူး"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများတစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသလို မုဖူရှန်းကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
တကယ်တမ်းတွင် ဒီနှစ်ယောက်က မိတ်ဆွေများဖြစ်နေခြင်းပင်။
ကံကောင်းစွာပင် ရန်သူမဟုတ်ခဲ့ပါ။ မဟုတ်ပါက မုဖူရှန်းသွေးအန်ရလောက်သည်။
ခေးအောစ့်နယ်မြေတွင် ရောက်သည်မှာ မကြာသေးသည့်တိုင် တျန်းဂျီတိုက်ကြီးက အားအကောင်းဆုံးအင်အားစု၏ ဒေါသကို ဆွမိသွားမည်ဆိုပါက အနာဂတ်၌ သူတို့အမြီးများကိုပင် ခြေထောက်ကြား၌ တိတ်တိတ်ပုန်းထားရနိုင်သည်။
အနည်းဆုံးလက်ရှိတွင် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန်ဟူသည် မဖြစ်နိုင်ပါ။
ဒီတဒင်္ဂမှာပင် မိုလင်း အသံပို့လွှတ်မှုကို မသုံးဘဲကျယ်လောင်စွာပြောသည်။
"ကောင်းပြီ၊ အားလုံးပဲ၊ လွတ်လွတ်လပ်လပ်ရွေးချယ်ကြပါ"
ယဲ့ချိုးပိုင်နှင့်တခြားသူများ ရတနာပုံထဲက စတင်ရွေးချယ်နေတာကို ကြည့်ရင်း ဟုန်ကျန်းနှင့် ကျန်သောသူများမှာ မျက်လုံးများပင် နီရဲနေကြသည်။
သူတို့အတော်ကြာအလုပ်များခဲ့ကြပြီး သေရေးရှင်ရေးအကျပ်အတည်းများကိုပင် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ကြရသော်လည်း အဆုံးတွင် ဘာတစ်ခုမှ မရခဲ့ပေ။
ယခုတွင်မူ ထိုလူအနည်းငယ်က ရွှေရောင်တောက်ပနေသည့်ရတနညပုံထဲကနေ ဈေး၀ယ်နေသည့်အလား ရွေးချယ်နေတာကို သူတို့စောင့်ကြည့်နေရသည်။
အံကြိတ်ရင်း ဟုန်ကျန်းအရင်ဆုံးထရပ်ပြီး မိုလင်းကိုဦးညွတ်သည်။
"ငါအရင်ထွက်သွားသင့်ပြီ"
သို့စေကာမူ မိုလင်းကမတုံ့ပြန်ပေ။
ဒါကိုမြင်သော် ဟုန်ကျန်း၏မကျေနပ်မှုက ပိုနက်ရှိုင်းလာပြီး မိုလင်းအား အာဃာတအပြည့်တစ်ချက်ကြည့်ရင်း ဂူသင်္ချိုင်းထဲကနေ ထွက်သွားလေတော့သည်။
ဤသည်ကိုမြင်ပြီးနောက် တခြားသူများကလည်း တွန့်ဆုတ်ကာ အလွန်ပင်စိတ်ပျက်နေသည့်အမူအရာများဖြင့် ထွက်သွားရုံသာ တတ်နိုင်တော့သည်။
လူတိုင်းထွက်သွားကြပြီးနောက် ယဲ့ချိုးပိုင်နှင့် သူ့အဖော်များက စတင်ရွေးချယ်ကြသည်။
ယဲ့ချိုးပိုင်ဓား၁၁ချောင်းကိုရွေးခဲ့သည်။ အားလုံးက ဘိုးဘေးနယ်ပယ်အထွတ်အထိပ်တွင်ရှိပြီး ရှေးဟောင်းရွှေဓားအိမ်ထဲတွင် အံကိုက်ဖြစ်နေသည်။
အနာဂတ်တွင် ရှေးဟောင်းရွှေဓားအိမ်၏ စွမ်းအားက သိသိသာသာတိုးတက်လာမည်ဖြစ်သော်လည်း ယဲ့ချိုးပိုင်အတွက် ထိန်းချုပ်ရန် လိုအပ်ချက်များကလည်း အလွန်မြင့်မားလာပေလိမ့်မည်။
အရင်ကရထားသည့် တိမ်ဖုံးဓားနှင့် ဓားအရိုးကိုပါ ပေါင်းစပ်ပါက ဒီဂူသင်္ချိုင်းအား စူးစမ်းရှာဖွေခြင်းကနေ ယဲ့ချိုးပိုင်၏ ရိတ်သိမ်းမှုက အတော်လေးအကျိုးဖြစ်ထွန်းသည်ဟု ဆို၍ရသည်။
ရှီရှန်းကမူ ရတနာနှစ်ခုကိုရွေးချယ်ခဲ့သည်။ တစ်ခုက ကြယ်တိုက်ပွဲချပ်၀တ်ဖြစ်ပြီး ကျန်တစ်ခုက ကြယ်နတ်ဘုရားကျောက်စိမ်းဆွဲသီးဖြစ်သည်။
ကြယ်စွမ်းအားပါ၀င်သည့် နတ်ပစ္စည်းများက အတော်လေးရှားပါးလေရာ အပိုင်းအစနှစ်ခုရှိနေခြင်းက မဆိုးပေ။
ကြယ်တိုက်ပွဲချပ်၀တ်က ဘိုးဘေးနယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်ပြီး ကြယ်စွမ်းအားကို ထည့်သွင်းရုံမျှနှင့် အသက်သွင်းနိုင်သည်။ ၄င်းက ရှီရှန်း၏ အမြန်နှုန်းနှင့် စွမ်းအားကို အားဖြည့်ပေးသည်သာမက ကြယ်စွမ်းအားကိုပါ တိုးမြှင့်ပေးသည်။
ကြယ်နတ်ဘုရားကျောက်စိမ်းဆွဲသီးကမူ နတ်တပိုင်းအဆင့်ပစ္စည်းတစ်ခုဖြစ်သည်။ သာမန်နေ့များတွင် ကြယ်စွမ်းအားဖြင့် ဖြည့်စွက်မှုနှင့်အတူ မျှော်လင့်မထားသည့် တိုက်ခိုက်မှုတစ်ခုက ရှီရှန်းကို အန္တရာယ်ဖြစ်လာစေပါက ၄င်းက ကြယ်နတ်ဘုရားအတားအဆီးကို အလိုအလျောက် ထုတ်လွှတ်ပေးလိမ့်မည်။
ထို့နောက် နတ်တပိုင်းအဆင့်က အားအပြည့်ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိသည်။
သို့စေကာမူ တစ်ကြိမ်သုံးပြီးနောက်တွင် ပြန်ဖြည့်ရန်လိုသည်။ အပြည့်အ၀ဖြည့်ရန်အတွက် အနည်းဆုံးကိုးရက်လိုအပ်သည်။
ဒုတိယလုပ်ဆောင်ချက်က ရှီရှန်း ကျောက်စိမ်းဆွဲသီးကို ကြယ်စွမ်းအားနှင့် ဖြည့်ပေးနေစဉ် ကြယ်နတ်ဘုရားကျောက်စိမ်းဆွဲသီးကလည်း ရှီရှန်း၏ ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ပေးသည်။
တတိယလုပ်ဆောင်ချက်က ကြယ်နတ်ဘုရားပုံရိပ်ယောင်ကို ထုတ်လွှတ်ရန်ဖြစ်ပြီး ၎င်း၏ခွန်အားက ရှီရှန်း၏ ကြယ်စွမ်းအားအရည်အသွေးနှင့် နယ်ပယ်နှင့်အတူ တိုးမြှင့်လာပေလိမ့်မည်။ ရှီရှန်း၏လက်ရှိခွန်အားက နတ်ဧကရာဇ်နယ်ပယ်အထွတ်အထိပ်အဆင့်ဖြစ်ပြီး ခေးအောစ့်ကြယ်မှတ်တမ်းရှိတာကိုပါ ထည့်တွက်ပါက သူဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်ရှိ ကြယ်နတ်ဘုရားတစ်ပါးကို ဆင့်ခေါ်နိုင်သည်။
အထက်အကန့်အသတ်က နတ်တပိုင်းနယ်ပယ်သာဖြစ်သော်လည်း ရှီရှန်းအတွက် လက်ရှိအချိန်တွင် ဒါကလုံလောက်ပါသည်။
ရှောင်ဟိုင်ကမူ ဆေးလုံးနှစ်လုံးနှင့် ရေခဲပန်းတစ်ပွင့်ပါ၀င်သည့် အဆုံးမဲ့အေးစိမ့်သောလေကို ထုတ်လွှတ်နေသော ပုလင်းတစ်ပုလင်းကို ယူလိုက်သည်။
မိုလင်း၏ရှင်းပြချက်အရ ပုလင်းထဲက ရေခဲပန်းကို ရေခဲမူလအစကနေ သိပ်သည်းထားခြင်းဖြစ်ပြီး ရေခဲဒြပ်စင်ကျင့်ကြံသူများအတွက် ကံကောင်းမှသာ ရှာတွေ့နိုင်မည့် အံ့ဖွယ်ပစ္စည်းတစ်ခုဖြစ်သည်။
ရှောင်ဟိုင်ချက်ချင်းသိမ်းဆည်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ထာ၀ရနတ်ဆိုးခန္ဓာ၏ ဒုတိယအလွှာက ရေခဲဖြစ်လေရာ ဒီရေခဲပန်းကို ထာ၀ရနတ်ဆိုးခန္ဓာအား မြင့်တင်ရန်အတွက် သူအသုံးပြုနိုင်လောက်သည်။
မုဖူရှန်းမှာ မိုးကြိုးသဘာရတနာမျိုးစုံကို ကောက်ယူခဲ့သည်။
၎င်းတို့ထဲတွင် ကျင့်ကြံခြင်းအတွက် အပြစ်အနာအဆာမဲ့ရှေးဦးမူလကျောက်တုံးများလည်းပါ၀င်သည်။
အဆိုပါပစ္စည်းများက အံ့ဩစရာကောင်းလေရာ ပိုများပါက ပိုကောင်းသည်။
ဖန်ချန်း နတ်တပိုင်းအဆင့်နှင့် ဘိုးဘေးနယ်ပယ်အထွတ်အထိပ်အဆင့် အစီအရင်စာလိပ်များစွာကို ယူခဲ့သည်။
နောက်ပိုင်းတွင် သူအစီအရင်များထဲက ဝိဉာဉ်များအား ကျင့်ကြံရန်အတွက် စုပ်ယူနိုင်သည်။
လူတိုင်းရွေးချယ်ပြီးသွားကြတာကို မြင်ရသောအခါ ကျန်ရစ်ခဲ့သည့် ရတနာပုံကြီးကို ထပ်ကြည့်ရင်း မိုလင်းပြုံးသည်။
"ကျိုးရွှမ် မင်းတို့ကို အရမ်းတန်ဖိုးထားတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ၊ လောဘလည်းမကြီးသလို စိတ်မရှည်တာမျိုးလည်း မရှိဘူး"
ယဲ့ချိုးပိုင်ပြုံးကာပြန်ဖြေသည်။
"လူတစ်ယောက်က ကိုယ်ကိုက်နိုင်တာထက် ပိုမဝါးနိုင်ဘူးတဲ့၊ ငါတို့အတွက် အသုံး၀င်တာကို ယူတာကလုံလောက်ပါပြီ"
ဟုန်ကျန်းကဲ့သို့လူမျိုးများသာဆိုပါက ဒီနေရာကအရာတိုင်းကို ယူဆောင်ရန်အတွက် တွန့်ဆုတ်နေမည်မဟုတ်။
ထို့ကြောင့်ယခုလိုလုပ်ဆောင်ခြင်းက မမှားပေ။
ဤသို့လောဘကြီးမှုက စိတ်အခြေအနေကို မလွှဲရှောင်သာသက်ရောက်စေမည်သာ။
ကျင့်ကြံသူများအတွင် အရေးအကြီးဆုံးအချက်တစ်ချက်က စိတ်အခြေအနေဖြစ်သည်။
"ကောင်းပြီ၊ မင်းတို့တစ်ခုခုလိုအပ်လာခဲ့တယ်ဆိုရင် ငါ့ဆီလာခဲ့ပါ" မိုလင်းပြောပြီး သစ်ခေါက်အပိုင်းတစ်ပိုင်းနှင့်တူသည့် အရာတစ်ခုကို ထုတ်ယူလိုက်၏။
၎င်းကသစ်ခြောက်ပုံပေါ်သော်လည်း မည်မျှပင်အားသုံးဖျစ်ညှစ်ပါစေ မကျိုးပေ။
"ဒါကမိုမိသားစုရဲ့တုံကင်တစ်ခုပါ၊ မင်းတို့ ဒီတုံကင်ကိုပြမှသာ မိုမိသားစုက မင်းတို့ကို အသိအမှတ်ပြုမှာ"
"အားလုံးပဲ၊ နောက်မှထပ်တွေ့ကြတာပေါ့"
ထိုသို့ပြောပြီးနောက် မိုလင်း ဒီနေရာကနေ တိုက်ရိုက်ထွက်သွားသည်။
ကျန်ရှိနေသည့်ရတနာပုံကြီးမှ သူပစ္စည်းတစ်ခုတစ်လေမျှပင် ယူမသွားဘဲ ယင်းအစား မင်းသားကျိရှောင်၏ ဝိဉာဉ်ကိုသာ ယူဆောင်သွားခဲ့သည်။