အချိန်မရွေး စတင်တော့မည့် တိုက်ပွဲကြီး
Vol. 1 Ch. 299
"လောရွှယ် ... ငါရောက်တဲ့အထိ တောင့်ခံထားပါ"
ရှားနိုင်ငံ မြောက်ဘက်နယ်စပ်၏ မြေအောက်ကီလိုမီတာ တစ်ရာခန့် အကွာတွင် ကျန်းရီသည် ကျုံးဝူသားရဲကို စီးနင်း၍ နေ့မနား၊ ညမနား ခရီးဆက်လျက်ရှိသည်။ ကျန်းရီ၏ မျက်လုံးများမှာ သွေးနီရောင် ပေါက်နေသည်။
ကျန်းပိုင်လီသည် ကျန်းရီသည်လည်း ရီဖျောင်ဖျောင်နည်းတူ သူတို့ရင်ထဲတွင် မကောင်းဆိုးဝါးဆန်သည့် သဘာဝတစ်မျိုး ရှိသည်ဟု ပြောခဲ့ဖူးသည်။ ငယ်စဉ်က ဖိနှိပ်ခံရသော နေ့ရက်များသည် သူ့ရင်ထဲတွင် မကောင်းဆိုးဝါး စိတ်များ ပေါက်ဖွား လာစေခဲ့သည်။ ထိုစိတ်မိစ္ဆာတို့သည် သတ်ဖြတ်ခြင်း အင်အားကို နားလည် သဘောပေါက်မှုနှင့် ပေါင်းစပ် လိုက်သောအခါ သူ၏ စိတ်နေစိတ်ထား အပေါ် အများကြီး သက်ရောက်မှု ရှိလာခဲ့သည်။
အတိတ်တွင် ဖြစ်ပါက သူဤမျှ စိတ်လိုက်မာန်ပါ လုပ်မည်မဟုတ်ချေ။ ရှားနိုင်ငံသည် စုလောရွှယ်နှင့် ရှားဝူဟွေ့၏ မဟာမိတ်ပြု လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကင်းလှည့် အဖွဲ့ထံမှ သူကြားသောအခါ သူလုံးဝ ရူးသွပ်သွားခဲ့သည်။
ရှားနိုင်ငံသည် မိုးပြာနဂါး အင်ပါယာနှင့် နိုင်ငံငါးခု ပူးပေါင်း တိုက်ခိုက်ခြင်းကို ခံရတော့မည်ဖြစ်၍ ရှန်ဝူနိုင်ငံကို ကြောက်လန့်ခြင်း မရှိတော့ပေ။ စုလောရွှယ်သည်လည်း မဟာမိတ်ပြု လက်ထပ်ပွဲမှ ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ထားရန် မလိုတော့ချေ။ သူတို့နှစ်ယောက်ကြားမှ အတားအဆီးကြီးသည် လုံးဝကွယ်ပျောက်သွားပြီ ဖြစ်၍ ကျန်းရီသည် အရာအားလုံးကို လွှတ်ချကာ ရှားယွိမြို့သို့ အပြေးလာခဲ့ခြင်း ဖြစ်သည်။
ကျန်းရီသည် စုလောရွှယ်အပေါ် ကျေးဇူးကြွေးများလည်း ရှိပြီး သူမအားလည်း ချစ်ခင်နှစ်သက်သည်။
ရှန်ဝူနိုင်ငံရှိ အိမ်ရှေ့စံ အိမ်တော်တွင် ရှိခဲ့စဉ် ရှားဝူဟွေ့သည် စုလောရွှယ်၏လက်ကိုကိုင်၍ ရွှေစားပွဲဆီ လျှောက်လှမ်းသွားစဉ် အခါက မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ပျက် အားငယ်မှုတို့ကို ခံစားခဲ့ရသည်။ ရှားယွိမြို့ တော်ဝင်နန်းတော်ထဲတွင် ကျင်းပသော စားသောက်ပွဲ အခမ်းအနားတွင် သူရောက်သွားသော ခဏ၌ စုလောရွှယ်၏ တောက်ပသွားသော မျက်လုံးတစ်စုံနှင့် လှပသော အပြုံးတစ်ခုကို သူမြင်တွေ့ခဲ့ရသည်။
"တစ်စုံတစ်ယောက်ကို စကားတစ်ခွန်း ပြောပေးစေချင်တယ် တောင်းပန်ပါတယ်၊ လောရွှယ် သူ့ကို စိတ်ပျက်စေခဲ့မိတယ်၊ နောက်ဘဝဆိုတာ ရှိခဲ့ရင် လောရွှယ် သူ့ကျေးကျွန် အဖြစ်နဲ့ တစ်ဘဝလုံး အဖော်ပြု အမှုထမ်းပေး ပါ့မယ်လို့"
စုလောရွှယ် နောက်ဆုံးပြောခဲ့သော စကားတစ်ခွန်းသည် ကျန်းရီအား သူမရင်ထဲမှ ခံစားချက်များနှင့် သူ့အပေါ်ထားရှိသော ချစ်ခြင်းတို့ကို ခံစားမိစေခဲ့သည်။ သူသာ သူမကို သွားမရှာလျှင် သူတို့နှစ်ယောက်သည် နောင်ဘဝမှသာ ပြန်လည်ပေါင်းဆုံခွင့် ရမည်ကို သူစိုးရိမ်မိသည်။
"စုလောရွှယ် ... အနာဂတ်မှာ တစ်စုံတစ်ယောက်က မင်းကို ရန်ပြုရဲရင် အဲဒီလူကို ငါအရှင်လတ်လတ် အရေခွံ ဆုတ်ပစ်မယ် ... ဂိုဏ်းတစ်ဂိုဏ်းက မင်းကို ရန်ပြုရင် အဲဒီဂိုဏ်း တစ်ခုလုံးကို ငါသတ်ပစ်မယ် ... နိုင်ငံတစ်ခုက မင်းကိုရန်ပြုရင် အဲဒီနိုင်ငံ တစ်ခုလုံးကို ငါဖျက်ဆီးပစ်မယ်"
ကျန်းရီသည် ထိုကတိကို စုလောရွှယ်အား ပေးခဲ့သည်။ ယခုထိုကတိကို သူဖြည့်ဆည်း ပေးရတော့မည် ဖြစ်သည်။ သူ့မိသားစုအတွက် သူသည် ရှန်ဝူနိုင်ငံကို သစ္စာဖောက်မှု ကျူးလွန်ခဲ့သည်။ သူချစ်သော မိန်းကလေးအတွက် တစ်လောကလုံးကို ဆန့်ကျင်ရန် သူတွေဝေနေမည် မဟုတ်ချေ။
သေခြင်းတရားသည် သူကြောက်သော အရာမဟုတ်ပေ။
သူငယ်စဉ်က ကျန်းယွင်ဟိုင် သင်ကြား ပေးခဲ့ဖူးသည်။ သေခြင်းတရားသည် သိုင်းသမားတိုင်း၏ နောက်ဆုံးပန်းတိုင် ဖြစ်သည်။ သေရမည်ကို ကြောက်သောသူသည် ဘယ်သောအခါမှ ဘဝတွင် ကြီးကြီးမားမား မအောင်မြင်နိုင်။ သေခြင်းရှင်ခြင်း အခြေအနေ များစွာကို မဖြတ်ကျော်ဖူးသူအား သိုင်းသမားအစစ်ဟု မခေါ်တွင်နိုင်ပေ။
ကျင့်ကြံခြင်း လမ်းကြောင်းသည် ကောင်းကင်ဘုံကို ဖီဆန်၍ ကံတရားကို ပြောင်းလဲသည့် လမ်းကြောင်းဖြစ်သည်။ အမြင့်ဆုံးနေရာသို့ တက်လှမ်းဖို့ရန် သေခြင်းတရားကို ကြောက်ရွံ့နေ၍ မရချေ။
လက်ရှိ အခြေအနေတွင် စစ်သည် တစ်သန်းကျော်သည် ရှားနိုင်ငံအား အဘက်ဘက်မှ ဝါးမျိုနေကြပြီး နောက်ဆုံးအနေဖြင့် ရှားယွိမြို့တွင် စုစည်းကြလိမ့်မည်။ စစ်တပ်များတွင် ဗာဂျရာအဆင့်များ ပါမလာသော်လည်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များ မြောက်မြားစွာ ပါလာလိမ့်မည်။
ကျန်းရီ၏ လက်ရှိအင်အားသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်နှင့် ယှဉ်နိုင်ရုံသာရှိပြီး လက်နက် ရတနာများ၏ အကူအညီပါ ပေါင်းမှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်ကို သတ်ပစ်နိုင်ရန် အခွင့်အရေးရမည် ဖြစ်သည်။ စစ်သည်တစ်သန်းကျော် ပါဝင်သော စစ်တပ်မဆိုနှင့်၊ သိန်းဂဏန်းခန့် ကပင် သူ့အား အလွယ်လေး အမှုန့်ခြေ ပစ်နိုင်သည်။
အရေးအကြီးဆုံးမှာ ဤစစ်တပ်သည် လွန်ခဲ့သော နှစ်တစ်သောင်း အတွင်းတွင် ပထမဆုံးအကြိမ် အင်အားစုကြီးများ စုစည်းခဲ့သော တပ်ပေါင်းစုကြီး ဖြစ်သည်။ နှစ်တစ်သောင်းကျော် အတွင်း မိုးပြာနဂါး အင်ပါယာသည် အစွယ်များ ထုတ်ပြလာသော ပထမဆုံး အကြိမ်လည်း ဖြစ်သည်။ ကျန်းရီသည် မိုးပြာနဂါး အင်ပါယာ၏ ကင်းထောက်သံတမန် ဖြစ်ပြီး အင်ပါယာသည် သူ့အပေါ် ကျေးဇူးကြွေးကြီး တင်နေသည်။ သို့သော် ဤကဲ့သို့ အခြေအနေမျိုးတွင် မင်းသမီး လင်းရွှယ်သည် အခြားနိုင်ငံများ နည်းတူ သူ့မျက်နှာအား ထောက်ထားနေမည် မဟုတ်ပေ။ သူရှားယွိမြို့သို့ သွားရဲလျှင် မိုးပြာနဂါး အင်ပါယာနှင့် သံယောဇဉ် ဖြတ်ရန်၊ လက်အောက်ခံ နိုင်ငံငါးခုကို ဆန့်ကျင်ရန် ပြင်ဆင်ထားရမည် ဖြစ်သည်။
ထိုအကြောင်းကို ကျန်းရီသေချာ နားလည်သော်လည်း နှစ်ခါပြန် စဉ်းစားမနေပေ။ သူအချစ်ဆုံး မိန်းကလေး တစ်ယောက်သည် ရှားယွိမြို့တွင် ရှိနေသည်။ ယခုအချိန်သည် ထိုမိန်းကလေး၏ အထီးအကျန်ဆုံးနှင့် အားငယ် ဝမ်းအနည်းဆုံးသော အချိန်ဖြစ်ပြီး သူမသည် သူမ၏အသက်ကိုပင် စွန့်လွှတ်ရန် ပြင်ဆင်နေသည်။ သူသည် သူမအနားတွင် ရှိနေရမည်ဖြစ်ပြီး သူမကို မကယ်နိုင်လျှင်တောင် သူမနှင့် အတူသေရန် ဆန္ဒရှိလေသည်။
ကျန်းရှောင်နူကို ဆေးကုပေးပြီး ဖြစ်သလို ကျန်းယွင်ဟိုင်အားလည်း ပြန်ရှာတွေ့ခဲ့ပြီ ဖြစ်သည်။ နှစ်ယောက်လုံးသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် ဘေးကင်းစွာ နေထိုင်နေကြပြီ ဖြစ်သည်။ ကျန်းရီတွင် အနာဂတ်အတွက် စိုးရိမ်စရာများ မကျန်တော့ပေ။ ထို့ကြောင့် စိတ်တုံးတုံးချကာ သူထွက်လာခဲ့ခြင်း ဖြစ်သည်။
"ဘွတ်အဲ ... ဘွတ်အဲ ..."
ဟွမ်ကြီးသည် ဆွဲဆွဲငင်ငင် မြည်တမ်းလိုက်သည်။ ၎င်း၏ ဦးခေါင်းပေါ်မှ ဦးချိုကြီး ခြောက်ခုသည် အဝါရောင်အလင်းများ ထုတ်လွှတ်ရင်း ကျောက်တုံးများ၊ မြေသားများကို အမှုန့်အဖြစ် ပြောင်းလဲပေး နေလေသည်။
မြေအောက် လိုဏ်ခေါင်းသည် အနည်းငယ် စိုစွတ်နေပြီး ဟွမ်ကြီး၏ ပြေးနှုန်းသည် လေတဟူးဟူး တိုးစေ၍ ကျန်းရီ၏ ဝတ်ရုံစများမှာ တဖျပ်ဖျပ် လွင့်နေတော့သည်။ သူ့နှလုံးသည် လျင်မြန်စွာ ခုန်နေသည်။ သူသည် ဟွမ်ကြီးအား မြေပေါ်တက်ခိုင်း၍ တည်နေရာအား သတ်မှတ်ချင်သော်လည်း နောက်ကျသွားမည်ကို စိုးရိမ်နေခဲ့သည်။ သူသည် စိတ်မှန်းဖြင့်သာ တည်နေရာကို တွက်ချက်၍ ခရီးဆက်ခဲ့သည်။
သုံးရက် ...
သူရှားယွိမြို့သို့ ရောက်ရန် အချိန်သုံးရက်သာ လိုသည်။ ဤသည်မှာ တောင်စဉ်သုံးထောင်၏ အောက်တည့်တည့်မှ ခရီးဆက်နေသောကြောင့် ဖြစ်သည်။ တောင်စဉ် သုံးထောင်ကိုသာ ကွေ့ပတ်သွားနေလျှင် အချိန် ပိုကြာလိမ့်မည်။
"မြန်မြန် ... ဟွမ်ကြီး ... အရှိန်မြင့်ဦး"
သူသည် ဟွမ်ကြီးအား အဆက်မပြတ် လောဆော်နေခဲ့သည်။ သူ့မျက်လုံးများသည် အေးစက်သော သတ်ဖြတ်ခြင်း အငွေ့အသက်တို့ဖြင့် တောက်ပနေသည်မှာ မှိန်ဖျော့ဖျော့ လိုဏ်ခေါင်းထဲတွင် အလွန်ကြောက်စရာ ကောင်းနေတော့သည်။
***
ရှားနိုင်ငံသည် အလွန်အခြေအနေ ဆိုးဝါးနေခဲ့သည်။ မိုးပြာနဂါး အင်ပါယာနှင့် နိုင်ငံငါးခုသည် ရှားယွိမြို့သို့ တိုက်ရိုက် မချီတက်ကြပေ။ သူတို့သည် အချင်းချင်း နားလည်မှုနှင့် နိုင်ငံ အစွန်အဖျားမှ မြို့များကိုသာ တစ်ခုချင်း သိမ်းပိုက်နေကြသည်။
မိုးပြားနဂါး အင်ပါယာနှင့် နိုင်ငံငါးခုသည် ရှားနိုင်ငံအား ဖျက်ဆီး ပစ်ချင်ကြသည်။ သူတို့သည် နိုင်ငံတစ်ခုအား ဖျက်ဆီးပစ်တော့မည် ဆိုလျှင် သင်ခန်းစာ ပေးပြီးမှသာ အပြီးတိုင် ဖျက်ဆီးပစ်မည် ဖြစ်သည်။
စစ်ချီလျှင် မြို့သည် ခုခံနေပါက စစ်တိုက်သူတို့သည် သွေးနှင့်ဆေးပစ်မည်၊ မြို့စားများ၊ ဂိုဏ်းကြီးများမှ ပိုင်ဆိုင်သော ရတနာများအား သိမ်းပိုက်ကြမည်။ သို့သော် စစ်တပ်များသည် ယဉ်ကျေးကြလေ့ ရှိပြီး သာမန် ပြည်သူများအား ဓားပြတိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ မလုပ်ကြသလို၊ မြို့ကို အမှုန့်ခြေ ဖျက်ဆီးခြင်းလည်း မလုပ်ကြပေ။
ယခုကိစ္စတွင်မူ ရှားနိုင်ငံ၏ ပြည်သူပြည်သား တစ်သန်းကျော်သည် သတ်ဖြတ်ခံခဲ့ရပြီး မြို့ပေါင်းများစွာတို့သည် နာလန်မထူနိုင်အောင် ဖျက်ဆီးခံရသည်။ ထိုပြည်သူ တစ်သန်းကျော်တွင် တစ်ဝက်ခန့်မှာ စစ်တပ်မှဖြစ်ကြပြီး တစ်ဝက်ခန့်မှာ သာမန်ပြည်သူများ၊ ဂိုဏ်းကြီး ဂိုဏ်းငယ်များမှ ကျန်ရစ်သော အဖွဲ့ဝင်များ ဖြစ်ကြသည်။
စစ်ဘေးရှောင် ပြည်သူများသည် ခြေဦးတည့်ရာ ထွက်ပြေးကြသည်။ ထို့ကြောင့် တောင်စဉ်သုံးထောင်တွင် ဒုက္ခသည် စခန်းများ များပြားနေခြင်း ဖြစ်သည်။ သူတို့သည် တောင်စဉ်သုံးထောင်တွင် နတ်ဆိုးသားရဲများ သတ်ဖြတ်ခြင်း ခံရနိုင်သည်။ သို့သော် ရှားနိုင်ငံတွင် လှည့်လည် သွားလာနေပါက ရန်သူစစ်တပ်၏ အမှုန့်ခြေခြင်း ခံရနိုင်သည်။
နိုင်ငံအသီးသီးမှ စစ်တပ်တို့ကို ဦးဆောင် လာသူတို့သည် ဉာဏ်များကြပြီး ရှားယွိမြို့ကို မတိုက်ကြသေးပေ။ ရှားယွိမြို့သည် ရှားနိုင်ငံ၏ နောက်ဆုံး ခံတပ်ဖြစ်ပြီး သိုင်းသမား အမြောက်အမြား တစ်စုတည်း ရှိနေကြသည်။ သူတို့သည် အခြားမြို့များကို အရင်သိမ်း၍ သိမ်းစရာမြို့ မကျန်တော့သောအခါမှ စုပေါင်းကာ ရှားယွိမြို့ကို တိုက်ခိုက်ကြမည်။
ရှားနိုင်ငံ နယ်စပ်မြို့များတွင် စစ်ပွဲ၏ အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ စုတိဝမ်သည် သတင်းတစ်ခု ရတိုင်း သတိလစ်လုနီးပါး ဖြစ်ဖြစ်သွားခဲ့သည်။ သို့သော် သူနိုင်သည့်အရာ မရှိချေ။ သူသည် ရှားယွိမြို့ကို အသက်နှင့်ရင်း၍ စောင့်ရှောက်နေပြီး အံ့ဖွယ်ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်လာသည်ကို စောင့်နေရုံ သို့မဟုတ် အသတ်ခံရသည်ကို စောင့်နေရရုံသာ ဖြစ်သည်။
မွန်းတည့်ချိန်သို့ ရောက်လာခဲ့သည်။ စစ်တပ် ခြောက်ခုသည် ရှားနိုင်ငံ၏ မြို့များအားလုံးကို သိမ်းပိုက်ပြီးပြီ ဖြစ်၍ အခြားဘယ်မြို့မှ မကျန်တော့ချေ။
ရှားယွိမြို့မှတစ်ပါး ရှားနိုင်ငံ၏ မြို့များအားလုံး ကျဆုံးသွားပြီဖြစ်သည်။ စစ်တပ် ခြောက်ခုသည် နေ့ဝက် အနားယူကြပြီး ညနေအချိန်တွင် ရှားယွိမြို့ဆီ ဘက်ပေါင်းစုံမှ စတင် ချီတက်ကြသည်။ ရှားယွိမြို့ကျလျှင် ရှားနိုင်ငံအား နှိမ်နင်းခံလိုက် ရသော နိုင်ငံအဖြစ် တရားဝင် ကြေညာနိုင်ပြီ ဖြစ်သည်။
စစ်တပ်များ အားလုံးသည် မြင်းတပ်များ ဖြစ်ကြသည်။ မြောက်ဘက်လျန်နှင့် မန့်နိုင်ငံတို့သည် ထူးဆန်းသော သားရဲအမျိုးအစား တစ်မျိုးတည်းကို စီးနင်းလာကြသည်။ ထိုသားရဲများသည် လေကဲ့သို့ လျင်မြန်ကြပြီး ရှားနိုင်ငံ၏ မြေပေါ်တွင် သံမဏိ ခွာကြီးများဖြင့် ဒုန်းစိုင်းလာကြသည်။ နောက်တစ်နေ့ညတွင် နိုင်ငံသုံးခုမှ ရှေ့ပြေးတပ်များသည် ရှားယွိမြို့ အပြင်ဘက်သို့ ရောက်နေကြပြီ ဖြစ်သည်။
ရှေ့ပြေးတပ် သုံးခုသည် စတင် မတိုက်ခိုက်ကြသေးပဲ ရှားယွိမြို့နှင့် ဆယ်မိုင်အကွာတွင် စခန်းချနေကြသည်။ သူတို့သည် စစ်တက်အားလုံး ရောက်လာမှသာ ရှားယွိမြို့ကို အဘက်ဘက်မှ ဝိုင်း၍ တိုက်ခိုက်ကြမည် ဖြစ်သည်။
သန်းခေါင်တွင် စစ်တပ်များ တစ်ခုပြီးတစ်ခု ရောင်လာကြသည်။ မြင်းခွာသံတို့သည် သေမင်းတံခါး ခေါက်သံအလား ရှားယွိမြို့အတွင်းရှိ မြို့သူမြို့သားများ၏ စိတ်နှလုံးကို တုန်လှုပ်စေသည်။
မြို့တံတိုင်းများ ထက်တွင် ရှားနိုင်ငံမှ စစ်သည်များသည် အပြင်ဘက်တွင် တစ်စုတစ်စည်းတည်း ရှိနေသော စစ်တပ်အသီးသီးကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး အလွန်ကြီးမားသော သားရဲကြီး တစ်ကောင်က ရှားယွိမြို့ကို အချိန်မရွေး ဝါးမျိုလာတော့မည်ဟု ခံစားနေကြ ရသည်။
တိုက်ပွဲကြီး တစ်ခုသည် အချိန်မရွေး စတင်လေတော့မည်။
***