← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အပိုင်း ၁

၁၉၆၀ ပြည့်နှစ်၊ ဇွန်လ အစောပိုင်း၌။

ယခုနှစ်၏ နွေရာသီသည် ထူးကဲစွာ ခြောက်သွေ့ခဲ့ပြီး ယခင်နှစ်မှစ၍ မိုးရွာသွန်းမှုမှာလည်း အလွန်နည်းပါးခဲ့သည်။ ကြာရှည်စွာ မိုးခေါင်မှုကြောင့် လယ်ယာမြေများမှာ ကြီးမားစွာ ပျက်စီးခဲ့ရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားနပ်ရိက္ခာရှားပါးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

H ပြည်နယ်၏ မြောက်ပိုင်းတွင် တည်ရှိသော နန်ဟဲ ကွန်မြူနစ်သည် ကံမကောင်းစွာဖြင့် ဤအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။ ကွန်မြူတစ်ခုလုံးသည် ခါးပတ်များကို တင်းတင်းစည်းကာ လုံလောက်သော အစားအစာမရှိသည့် ဒုက္ခများကို ရင်ဆိုင်ရင်း ခက်ခဲကြမ်းတမ်းသောဘဝကို ဖြတ်သန်းခဲ့ရသည်။

ထိုနေ့ နေ့လယ် လေးနာရီခန့်၌။

နေမင်းသည် အနောက်ဘက်သို့ ယိမ်းစပြုနေပြီဖြစ်ပြီး မွန်းတည့်ချိန်ကဲ့သို့ ပူပြင်းလောင်မြိုက်သည့် အရှိန်အဝါမျိုး မရှိတော့ပေ။

စုရှီသည် အိမ်ဝင်းအတွင်းရှိ ရေတွင်းဘေးတွင်ထိုင်ကာ သူမ လဲလှယ်ထားသော အဝတ်အစားများကို လျှော်ဖွပ်နေခဲ့သည်။

သစ်သားဇလုံထဲမှ နောက်ဆုံးအဝတ်တစ်ထည်ကို ရေညှစ်ပြီးနောက်တွင် စုရှီသည် နူးညံ့ဖြူဖွေးသော လက်နှစ်ဖက်ဖြင့် ဇလုံကို တုန်တုန်ယင်ယင် မလိုက်သည်။ သူမ၏ ရည်ရွယ်ချက်မှာ ဇလုံထဲမှရေများကို အနီးအနားရှိ ဟင်းသီးဟင်းရွက်ခင်းပေါ်သို့ သွန်ပက်လိုက်ရန် ဖြစ်သည်။

သို့သော် သစ်သားဇလုံသည် မြေပြင်မှ မကြွမီမှာပင် “ဂျွတ်” ဟူသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စုရှီ၏ နုနယ်သောမျက်နှာလေးမှာ တောင့်တင်းသွားပြီး အသံထွက်ပေါ်လာရာသို့ ငုံ့ကြည့်လိုက်ရာ ထင်သည့်အတိုင်း သူမ လက်ဖဝါးထဲရှိ သစ်သားစလေးတစ်ခုကို တွေ့လိုက်ရသည်။

သူမသည် နှုတ်ခမ်းကို စေ့လိုက်သည်။ သူမ အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ သူမ၏ နူးညံ့ဖြူဖွေးသောလက်များကို မသိစိတ်ဖြင့် အနည်းငယ်ပို၍ ဆုပ်လိုက်မိရာ မူလကတည်းက ကြံ့ခိုင်မှုမရှိသော သစ်သားစလေးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သည်။

စုရှီ၏ မျက်ခုံးများ ပင့်တက်သွားပြီး ခေါင်းကိုက်လာသည်ဟုသာ ခံစားလိုက်ရသည်…

အကြောင်းရင်းကို မသိသော်လည်း လွန်ခဲ့သောရက်အနည်းငယ်က ဤခန္ဓာကိုယ်ထဲတွင် နိုးထလာခဲ့သည့်အချိန်မှစ၍ မူလကတည်းက မသေးလှသော သူမ၏ ခွန်အားသည် တစ်နေ့ထက်တစ်နေ့ ကြီးမားလာခဲ့ရာ သူမလုပ်သမျှအရာတိုင်းကို သတိထားနေရသည့်အထိပင် ဖြစ်သည်။

ထိုသို့သတိထားနေသည့် ကြားမှပင် မကြာသေးမီက သူမ၏ လက်ထဲတွင် ကျိုးပဲ့ပျက်စီးသွားခဲ့သော အရာဝတ္ထုများမှာ မနည်းတော့ချေ။

သစ်သားဇလုံ၏ ကျိုးသွားသော အနားစွန်းကိုကြည့်ရင်း စုရှီ သက်ပြင်းဖွဖွချကာ လက်ဖဝါးထဲမှ သစ်သားစများကို ဖယ်ရှားလိုက်ပြီးနောက် လက်လျှော့လိုက်သောပုံစံဖြင့် သူမ၏ ခွန်အားကို ချိန်ညှိကာ ရေများကို နောက်တစ်ကြိမ် သွန်ရန် ကြိုးစားလိုက်သည်။

ထို့နောက် ကြွေလွယ်ရှလွယ်သော ကလေးငယ်တစ်ဦးကို ကိုင်တွယ်နေရသကဲ့သို့ တစ်ဝက်တစ်ပျက် ပျက်စီးနေသော ဇလုံကို အိမ်၏ ခေါင်မိုးအစွန်းသို့ ရွှေ့ပြောင်းထားလိုက်ပြီး သူမအစ်ကိုပြန်လာလျှင် ပြုပြင်နိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဇလုံသည် သူမကြောင့် နှစ်ခါပြန်မပျက်စီးကြောင်း အတည်ပြုပြီးနောက် စုရှီသည် သက်ပြင်းချကာ မတ်တပ်ရပ်လိုက်ပြီး မျက်လုံးကို မှေးစင်းကာ တောင့်တင်းနေသောလည်ပင်းကို ပြေလျော့စေရန် ခေါင်းကို အကြိမ်အနည်းငယ် စောင်းငဲ့လိုက်၏။ ထို့နောက် ဝါးခြင်းကိုကိုင်ကာ ခြံဝင်း၏ အရှေ့ဘက်ခြမ်းရှိ အဝတ်လှန်းတန်းဆီသို့ ဦးတည်လိုက်သည်။

နံရံအနီးသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမ ဘေးအိမ်မှ လွင့်ပျံလာသော မွှေးပျံ့သည့်ရနံ့ကို ရလိုက်သည်။ စုရှီသည် ယခင်ဘဝက အငတ်ဘေးကို မကြုံဖူးသော်ငြား စားစရာ ရှားပါးသော ဤခေတ်ကြီးထဲ၌ စားချင်စဖွယ်ရနံ့ကြောင့် တံတွေးမြိုချလိုက်မိသည်။

စုရှီသည် သူမခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသော လောဘကိုတွန်းလှန်ရန် အဝတ်တစ်ထည်ကို ကောက်ကိုင်လိုက်ပြီး အဝတ်ကြေမွနေသည့်နေရာများကို ခါထုတ်ကာ ဝါးလုံးတန်းပေါ်သို့ ဖြန့်တင်လိုက်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ ‘ဒီလောက်မွှေးနေတာ၊ ဦးလေးတို့အိမ်မှာ ဘာဟင်းကောင်းတွေ ချက်စားနေလဲ မသိဘူး။’

သို့သော် မူလပိုင်ရှင်၏ မှတ်ဉာဏ်များထဲမှ အနည်းငယ်ကပ်စေးနည်းသော အဒေါ်ဖြစ်သူက သူမအား ကျွေးမွေးခြင်း ရှိ၊ မရှိကို ထည့်မတွက်ဘဲ၊ ဤဆင်းရဲသောခေတ်တွင် စုရှီသည် သူတစ်ပါး၏ ကောင်းမွန်သောအစားအစာကို အရသာခံ စားချင်စိတ်မရှိခဲ့ပေ။

ထို့ကြောင့် သူမသည် ထိုဆွဲဆောင်မှုရှိသောရနံ့နှင့် ဝေးရာသို့သွားရန် စိတ်ပိုင်းဖြတ်ကာ ခြေလှမ်းများကို ပိုသွက်လက်စေလိုက်သည်။

နောက်ဆုံး အဝတ်တစ်ထည်ကို ဝါးလုံးတန်းပေါ်တွင် လှန်းပြီးနောက် စုရှီသည် ရှပ်အင်္ကျီတစ်ထည်၏ ကော်လံပေါ်မှ တွန့်ကြေရာများကို ညှိရန် လက်ကို မြှောက်လိုက်သည်။ ထို့နောက်မှသာ သူမသည် လှည့်ထွက်လာပြီး ဝါးတောင်းကို အသုံးအဆောင် ပစ္စည်းများထားရာ အခန်းထဲတွင် ထားလိုက်သည်။

အခန်းထဲမှထွက်လာပြီးနောက် စုရှီသည် ကောင်းကင်ကို မော့ကြည့်ကာ အချိန်ကိုခန့်မှန်းပြီး ညစာချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးမရှိပေ။ ရေနံဆီဖိုးသက်သာစေရန် မိသားစုတိုင်းသည် ညစာကို စောစောစားလေ့ရှိကြသည်။

မီးဖိုချောင်ထဲတွင်။

စုရှီသည် အိုးထဲ၌ ဂျုံနက်မုန့်ညက်သားများရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ခေါက်ဆွဲမလုပ်တတ်သော်လည်း ပွဖောင်းနေသော မုန့်နှစ်သားသည် သူမအဘွားက ကြိုတင်၍ တဆေးဖောက်ထားခြင်းဖြစ်မည်ကို မြင်တွေ့နိုင်သည်။

ထို့ကြောင့် သူမသည် ဗီရိုထဲမှ သန့်ရှင်းသော အဝတ်စတစ်စကို ထုတ်ယူကာ စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်ပြီး အိုးထဲမှ မုန့်နှစ်သားကို ဆွဲထုတ်ကာ အဝတ်စပေါ်သို့ တင်လိုက်သည်။

ပြီးနောက် သူမသည် ရေစည်ထဲမှ ရေကိုခပ်ယူကာ မြေအိုးကို ဆေးကြောသန့်စင်လိုက်သည်။ သူမသည် ဟင်းရည်ကျဲကျဲနှင့် ရေအနည်းငယ်ဖြင့် ဆန်ပြုတ်ပြုတ်ရန်၊ ထို့နောက် ဦးလေးဖြစ်သူ၏ အိမ်သို့သွားကာ အဘွားကိုခေါ်ပြီး ဂျုံနက်မုန့် ပြုလုပ်ပေးရန် အကူအညီတောင်းဖို့ စီစဉ်ထားသည်။ ထိုသို့ဆိုလျှင် ပို၍စားသောက်နိုင်ပေလိမ့်မည်။

သူမသည် အိုးထဲသို့ရေဖြည့်ကာ၊ နှံစားပြောင်းနှင့် ဆန်ကွဲအနည်းငယ်ထည့်ပြီး လေးလံသော အဖုံးဖြင့် အုပ်ကာ ခုံပုလေးပေါ်တွင်ထိုင်၍ မီးဖိုထဲသို့ ကောက်ရိုးများထည့်လိုက်သည်။

စုရှီသည် မီးစာအနည်းငယ်ကို အလဟဿဖြုန်းတီးပြီး နောက်ဆုံး၌ မီးမွှေးနိုင်ခဲ့သည်။ မီးဖိုထဲသို့ ကောက်ရိုးများထည့်နေရင်း သူမသည် သက်ပြင်းဖွဖွချလိုက်မိသည်။

စုရှီသည် ဤကမ္ဘာ၌ မွေးဖွားလာသောသူ မဟုတ်ခဲ့ပေ။

မဟုတ်ဘူး!

နည်းပညာပိုင်းအရ ပြောရလျှင် ဤခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်သည် ဤကမ္ဘာနှင့် သက်ဆိုင်ခြင်းမရှိပေ။

စုရှီသည် ဤခေတ်မှ ဆယ်စုနှစ်အနည်းငယ်ကွာဝေးသော ၂၁ ရာစုမှ လာခဲ့ခြင်းဖြစ်သည်။

အသင့်အတင့်ချမ်းသာသော မိသားစုတွင် မွေးဖွားခဲ့ပြီး သူမ၏ ကန့်သတ်ထားသော မှတ်ဉာဏ်များအရ အသက် ၈ နှစ်အရွယ်အထိ သူမ၏ ငယ်ဘဝ အစောပိုင်းကာလသည် ပျော်ရွှင်မှုနှင့် ကြည်နူးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ၏ ဖခင်သည် နိုင်ငံတကာတွင် အတိုင်းအတာတစ်ခုအထိ ကျော်ကြားသော ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားတစ်ဦးဖြစ်ပြီး၊ သူမ၏ မိခင်မှာ တရုတ်တိုင်းရင်း ဆေးသမားတော်တစ်ဦး ဖြစ်သည်။

ငယ်ရွယ်သော စုရှီသည် တစ်ဦးတည်းသော သမီးဖြစ်သောကြောင့် ချစ်ခြင်းမေတ္တာများဖြင့် ပျိုးထောင်ခံခဲ့ရသော ချစ်စရာကောင်းသည့် ကြွေရုပ်လေးတစ်ရုပ် ဖြစ်ခဲ့သည်။ သို့သော် ကောင်းသောအချိန်များသည် ကြာရှည်မခံခဲ့ပေ။ စုရှီ အသက် ၈ နှစ်အရွယ်တွင် သူမ၏မိခင်သည် ဆေးကုသမှု မတော်တဆမှုတစ်ခု၌ အသက်ဆုံးရှုံးခဲ့သည်။

ဇနီးသည်၏ သေဆုံးမှုကြောင့် စိတ်နှလုံးကြေကွဲနေသော စုရှီ၏ဖခင်သည် နောက်ဆက်တွဲ ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုတွင် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရသည်။ သူသည် ပွဲကိုရှုံးနိမ့်ရုံသာမက ပြင်းထန်သောဒဏ်ရာများပါ ရရှိခဲ့ပြီး သူ့လက်ဝှေ့သမားဘဝကို အဆုံးသတ်စေခဲ့သည်။

အရမ်းနီးစပ်နေခဲ့တာ!

ခြေတစ်လှမ်းပဲ!

ခြေတစ်လှမ်းလေးပဲ!!!

သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့!

ကမ္ဘာ့အဆင့်မီ လက်ဝှေ့ပွဲရဲ့ အထွတ်အထိပ်ကို ရောက်ဖို့!

သူမ ဖခင်သည် ထိုနှစ်ထပ်ကွမ်း ထိုးနှက်ချက်ကို လက်မခံနိုင်ဘဲ စိတ်ဓာတ်ကျဆင်းသွားခဲ့သည်။ စိတ်ရှိလက်ရှိ အရက်သောက်ရာတွင် အချိန်ကာလတစ်ခုကြာအောင် သူ့ကိုယ်သူ နှစ်မြှုပ်ထားပြီးနောက် သူသည် သူ၏နောက်ဆုံး ခေါင်းမာမှုအားလုံးကို ၈ နှစ်အရွယ်သမီးလေးအပေါ်သို့ ပုံချခဲ့သည်။

သူမဖခင်စိတ်ထဲတွင် သမီးဖြစ်သူ၏ သွေးကြောထဲရှိ သွေးများသည် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ဦးဖြစ်လာရန် အရည်အချင်းများ သေချာပေါက်ရှိနေသည်ဟု ယုံကြည်နေခဲ့သည်။

ထိုအခိုက်အတန့်မှစ၍ နေ့စဉ်နေ့တိုင်း မင်းသမီးလေးကဲ့သို့ ဆံပင်စည်းကြိုးနှင့် ဖောင်းကားသောစကတ်ကိုဝတ်ဆင်ကာ မင်းသမီးလေးတစ်ပါးကဲ့သို့ နူးညံ့သိမ်မွေ့သော စုရှီ၏ဘဝသည် ကမ္ဘာမြေတုန်ခါလောက်သည့် ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

မိခင်၏ သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ပျက်အားငယ်မှုမှ မလွတ်မြောက်နိုင်မီမှာပင် သူမဖခင်သည် သူမ၏ ဆံပင်ကို အတင်းရိတ်ပစ်ပြီး ရက်စက်ကြမ်းကြုတ်ကာ ရှည်လျားသော လေ့ကျင့်မှုများထဲသို့ ဆွဲသွင်းခဲ့သည်။

အစပိုင်းတွင် စုရှီသည် မျက်နှာပေါ်မှ ညိုမည်းစွဲနေသော ဒဏ်ရာဒဏ်ချက်များဖြင့် ငိုယိုနေခဲ့ပြီး မိခင်၏ နူးညံ့မှုကို အသည်းအသန် ရှာဖွေခဲ့ရာမှ နောက်ဆုံးတွင် တိတ်ဆိတ်ပြီး တည်ငြိမ်သော အမူအရာသို့ ပြောင်းလဲသွားကာ လက်သီးထိုးခြင်းနှင့် မဆုတ်မနစ် ရှေ့သို့တိုးခြင်းကိုသာ သိရှိတော့သည်။ စုရှီသည် ခံစားချက်ကင်းမဲ့ပြီး မာကျောသော မိန်းကလေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်နည်းနည်းနှင့်တော့ သူမ၏ ဖခင်သည် မှန်ကန်ခဲ့သည်။

စုရှီသည် သူမ၏ နူးညံ့သောမိခင်နှင့် တူသော်လည်း သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာမူ ဖခင်ဖြစ်သူထံမှ တစ်ပုံစံတည်း ကူးယူထားခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူမသည် ဤအလုပ်ဖြင့် အသက်မွေးရန် မွေးဖွားလာသူဖြစ်သည်။ ဆိုလိုသည်မှာ သူမသည် လက်ဝှေ့နယ်ပယ်တွင် ပါရမီရှိပြီး ထိုအချက်က သူမအား ရွယ်တူများကြားတွင် လျင်မြန်စွာ ထင်ပေါ်ကျော်ကြားစေခဲ့သည်။

သူမသည် တစ်သက်လုံး အဆက်မပြတ် နပန်းလုံးခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့ဖြင့် ရုန်းကန်ရလိမ့်မည်ဟု ထင်ခဲ့သည်။ သူမသည် သူငယ်ချင်း၊ အချစ် သို့မဟုတ် မိသားစုသံယောဇဉ်ကို မလိုအပ်ခဲ့ပေ။

သူမ၏ ဘဝတစ်ခုလုံးသည် သူငယ်ချင်း၊ အချစ် သို့မဟုတ် မိသားစုသံယောဇဉ် ကင်းမဲ့စွာဖြင့် အဆက်မပြတ်သော ပွဲများနှင့် ပြိုင်ဆိုင်မှုများတွင် ရုန်းကန်ရလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ဖခင်၏ မျှော်လင့်ချက်များကို လိုက်နာပြီး ကမ္ဘာ့အထွတ်အထိပ် အမျိုးသမီးလက်ဝှေ့ချန်ပီယံဖြစ်လာသရွေ့ သူမသည် ကိုယ်ပိုင်ဘဝကို ရရှိနိုင်မည်ဖြစ်သည်။

ဟုတ်ပါ၏။ သူမသည် လက်ဝှေ့ကိုမကြိုက်ပေ။

သူမဖြစ်ချင်သည်မှာ... သူမ၏ မိခင်ကဲ့သို့ ဒဏ်ရာရသူများနှင့် သေလုမျောပါးဖြစ်နေသူများကို ကူညီရသော ဆရာဝန်တစ်ဦးပင်။

သို့သော် ကံကြမ္မာတွင် အခြားအစီအစဉ်များ ရှိနေပုံရသည်။ မိခင်သေဆုံးပြီးနောက်တွင်ပင် ကြင်နာမှုမရှိဘဲ ဖခင်နှင့်သမီးကြားက နွေးထွေးမှုကို ဖြတ်တောက်ခဲ့သည်။

သို့သော် သူမဖခင်သည် ထိုနေရာတွင်ရပ်၍ သူမကိုကြည့်နေသရွေ့ သူမတွင် စိတ်ပိုင်းဖြတ်မှုရှိခဲ့သည်။ သူမသည် နောက်ကြောင်းပြန်လှည့်ကြည့်ရန် မလိုအပ်ခဲ့ပေ။ သူမသည် ရဲရင့်စွာ ရှေ့သို့သာဆက်သွားခဲ့သည်။ ထို့ကြောင့် ဤဘဝသည် သူမလိုချင်သော ဘဝမဟုတ်သော်လည်း၊ ဖခင်၏ အိပ်မက်ဖြစ်နေသော်လည်း၊ သူမသည် အစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။

သို့သော် သူမအသက် ၁၈ နှစ်အရွယ်တွင် သူမဖခင်သည် အရက်အလွန်အကျွံသောက်သုံးမှုကြောင့် မမျှော်လင့်ဘဲ သေဆုံးသွားခဲ့သည်။

အဆိုးဆုံးမှာ သူမဖခင်သည် နောက်ဆုံးအကြိမ် မျက်စိမှိတ်သွားသည့်တိုင်အောင် သူမ ကမ္ဘာ့စင်မြင့်ပေါ်သို့ ခြေလှမ်းချသည်ကို မမြင်သွားခဲ့ရခြင်းပင်ဖြစ်သည်။

ဖခင်သေဆုံးပြီးနောက် စုရှီသည် သူမ၏ဝမ်းနည်းမှုအားလုံးကို နှလုံးသားအောက်ခြေသို့ ဖိနှိပ်ထားပြီး သူမကိုယ်သူမ ပိုပြင်းထန်စွာ လေ့ကျင့်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ်တွင် သူမသည် နောက်ဆုံး၌ လက်ဝှေ့ချန်ပီယံနှင့် ကမ္ဘာ့အဆင့်မီ လက်ဝှေ့သမားအဖြစ် သရဖူဆောင်းနိုင်ခဲ့သည်။

သူမ၏ ဖခင်သည် ထိုအချိန်က သူမဘဝ၏ အထွတ်အထိပ် အခိုက်အတန့်ကို မမြင်ခဲ့ရသော်လည်း၊ သူမသည် သူမ၏နှလုံးသားထဲမှ ဤ “သူမ” ကို အပြီးတိုင် အဆုံးသတ်ခဲ့သည်။

သူမအား ဘဝကိုပေးခဲ့သော ဖခင်အပေါ် အကြွေးတင်ခဲ့သည်များကို သူမပြန်ဆပ်ခဲ့ပြီးဖြစ်သည်။

နောက်ပိုင်းတွင်။

ခေတ္တခဏ စိတ်ရှုပ်ထွေးမှုများ ဖြစ်ပွားပြီးနောက် နည်းပြ၏ ဖြောင်းဖျမှုများရှိသော်လည်း စုရှီသည် ပြတ်ပြတ်သားသား အနားယူခဲ့သည်။

သူမသည် သူမဘဝ၏ ပထမအနှစ် ၂၀ ကို ဖခင်၏ အိပ်မက်အတွက် ရှင်သန်ခဲ့သော်လည်း၊ ယခုအခါ ဖခင်၏ အိပ်မက်မှာ အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်သည်။ သူမစိတ်ထဲတွင် သူမသည် သူမကိုယ်တိုင်အတွက် ရှင်သန်လိုသည်။ သူမသည် လွန်ခဲ့သောနှစ်များက ရပ်ဆိုင်းထားခဲ့သော ဆေးပညာလေ့လာမှုကို ဆက်လုပ်လိုခဲ့သည်။

သို့သော်လည်း။

ကံကြမ္မာသည် သူမအပေါ် နောက်တစ်ကြိမ် လှည့်စားခဲ့ပြန်သည်။

အနားယူပြီးနောက် ရှစ်နှစ်အကြာ ဆေးရုံ၌ ပထမဆုံးနေ့တွင် လမ်းဖြတ်ကူးနေသော ကလေးတစ်ဦးကို ကယ်တင်ရန်ကြိုးစားရင်း သူမသည် ကားတိုက်ခံရပြီး ၁၉၆၀ ခုနှစ်ဆီသို့ ပြန်ရောက်သွားခဲ့သည်။

မူလပိုင်ရှင်၏ မိသားစုတွင် မိသားစုနောက်ခံအချို့ရှိပြီး ဤငတ်မွတ်ခေါင်းပါးသော ခေတ်တွင် လုံလောက်စွာမစားနိုင်ပေ။ စားရသည်မှာ ဆန်လုံးညိုနှင့် ဆန်ကွဲများရောနှောထားခြင်းသာဖြစ်သည်။ ဆယ်စုနှစ်များစွာအကြာပ ကမ္ဘာပေါ်ရှိ အစားအစာများနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

….

သူမသည် မီးညှပ်ကို ကျွမ်းကျင်မှုမရှိစွာ အသုံးပြုရင်း မီးဖိုမှ မီးပွားများကို မီးလင်းဖိုထဲသို့ ပင့်ထည့်လိုက်သည်။ စုရှီ နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိပြန်သည်။

ရက်အနည်းငယ်ကြာ ညှိယူပြီးနောက်၊ သူမသည် အချိန်နှင့်နေရာကို ဖြတ်ကျော်လာခဲ့သည့် အဖြစ်မှန်ကို လက်ခံနိုင်ခဲ့ပြီဖြစ်သည်။

သူမသည် သူမကိုယ်သူမ နှစ်သိမ့်ရုံသာတက်နိုင်ခဲ့သည်။ ‘ဖြစ်လာမှတော့ မထူးတော့ဘူး၊ အလိုက်သင့်ပျော်အောင်နေလိုက်တာပဲ ကောင်းပါတယ်လေ။’

မည်သို့ပင်ဆိုစေကာမူ၊ အသက်နှစ်အနည်းငယ် ငယ်သွားခြင်းသည် ထိုမျှဆိုးရွားသည်တော့ မဟုတ်ပေ။

သို့သော်လည်း... ဤဘဝမှာလည်း သူမတွင် မိဘရှိခြင်း၏ ကောင်းချီးကို မခံစားခဲ့ရသေးပေ။

လေးလံသော သစ်သားအိုးဖုံးသည် အနည်းငယ်ရွေ့လျားသွားပြီး စုရှီ၏ လွင့်မျောနေသော အတွေးများကို နှောင့်ယှက်လိုက်သည်။ သူမသည် လက်ထဲမှနောက်ဆုံးကောက်ရိုးကို မြေပြင်သို့ အမြန်ပစ်ချလိုက်ပြီး လက်ကိုခါကာ အဖုံးကိုမရန် လျင်မြန်စွာ ထရပ်လိုက်သည်။

ဆန်ပြုတ်များ မလျှံကျမီ အနီးရှိယောက်မကိုယူကာ အိုးကို အကြိမ်အနည်းငယ် မွှေပြီးနောက် ညင်သာစွာ ပြန်အုပ်လိုက်ကာ မီးဖိုပေါ်ရှိကျန်နေသော မီးပွားများဖြင့် ဆန်ပြုတ်ကို ဖြည်းဖြည်းချင်းကျက်စေရန် ထားလိုက်သည်။

ဆန်ပြုတ်သည် နူးအိခါနီးဖြစ်လာသောအခါ စုရှီ သူမအဘွားဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် စုရှီသည် သူမအဘွားကို သွားမရှာမီ နောက်တစ်ကြိမ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မီးဖိုမှ မီးကျီးခဲများ ကျကျန်ခဲ့ခြင်း ရှိ၊ မရှိ သေချာစွာ စစ်ဆေးလိုက်သည်။ ဘေးကင်းလုံခြုံကြောင်း သေချာသွားမှ မတ်တပ်ရပ်ကာ မီးဖိုချောင်မှ ထွက်ခဲ့သည်။

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၂

"ဖြောင်း!" ဟူသော ရိုက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

စုရှီသည် သူမ အကြီးဆုံး ဦးလေးအိမ်၏ မီးဖိုချောင်တံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အတွင်းမှ မြင်ကွင်းကြောင့် နေရာမှာပင် တောင့်ခနဲ ရပ်တန့်သွားခဲ့သည်။

အကြီးဆုံးဦးလေး၏ ဇနီးသည်က သူမအဘွားလက်ကို ပုတ်ထုတ်လိုက်ခြင်းဖြစ်ပြီး သူမ၏ ဖယောင်းရောင်သန်းနေသော မျက်နှာထက်တွင် မထီမဲ့မြင်ပြုသော အမူအရာများ ပြည့်နှက်နေသည်။ သူမက ဆူပူကြိမ်းမောင်းလိုက်သည်။

"အဘွား ခုနလေးတင် အဲ့ဒီအီကြာကွေး တစ်ခုမြည်းပြီးပြီလေ။ ဘာလို့ ထပ်ယူဖို့လုပ်နေတာလဲ။ ဒါက တန်ဖိုးရှိတဲ့ဟာ။ အဘွားက ဒါကို ထပ်စားရဲသေးတာလား။ ဒါတွေက ကလေးတွေအတွက်။ ဒီလောက်အသက်ကြီးနေပြီကို ကလေးတွေနဲ့ လာပြိုင်နေရလား။"

အဘွားအိုသည် ရှက်ရွံ့စွာဖြင့် သူမလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အရှက်ရခြင်းနှင့် စိတ်မကောင်းခြင်းတို့ကြောင့် သူမ မျက်နှာသည်လည်း နီရဲတက်လာခဲ့သည်။ သူမ၏နှုတ်ခမ်းများမှာ အကြိမ်ပေါင်းများစွာ ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး ဘာပြောရမှန်းမသိ ဖြစ်နေရှာသည်။ အချိန်အတော်ကြာပြီးနောက်မှ သူမက ပြောနိုင်ခဲ့သည်။

"ငါ... ငါက ရှီရှီနဲ့ နန်နန်အတွက် တစ်ခုယူပေးချင်လို့ပါ။ သူတို့လည်း အီကြာကွေးကြိုက်ကြတယ်။ သူတို့ နောက်ဆုံးတစ်ခေါက် စားခဲ့ရတာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေ။"

အကြီးဆုံးဦးလေး၏ ဇနီးသည်က ထိုရှင်းပြချက်ကိုကြားတော့ မျက်ဖြူလှန်လိုက်ပြီး သူမခင်ပွန်းနှင့် သွေးမတော်သားမစပ်သော ဒီမိထွေးကို အရေးပါသူတစ်ဦးအဖြစ် မမှတ်ယူချေ။ သူမက လှောင်ရယ်လိုက်သည်။

"ကောင်းပြီလေ၊ အဲ့ ရှီရှီဆိုတဲ့ ကောင်မလေးအတွက်တော့ တစ်ခုယူသွားလိုက်၊ ဘာပဲဖြစ်ဖြစ် သူက ငါတို့ စု မျိုးရိုးရဲ့သွေးသားပဲကိုး။ ဒါပေမယ့် ဟိုအပြင်က ကောင်စုတ်လေး ရှင်းနန်ကို ဘာလို့ထည့်ပေးရမှာလဲ။ သူက ဒီလိုတန်ဖိုးရှိတဲ့ဟာကို စားဖို့ ဘာအခွင့်အရေးရှိလို့လဲ။"

အဘွားအို ချန်ရှန်းယွင်သည် စကားပြောကောင်းသူတစ်ဦးမဟုတ်ပေ။ သူမသည် တစ်သက်လုံး နူးညံ့သိမ်မွေ့သော စိတ်ထားရှိပြီး မည်သို့ငြင်းခုံရမည်ကို မသိခဲ့ချေ။ ဒါကိုကြားသောအခါ သူမမျက်နှာမှာ ပိုနီရဲလာခဲ့သည်။ သူမ တုံ့ဆိုင်းနေပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်သည်။

"ယန်နန်... ယန်နန်က ကလေးကောင်းတစ်ယောက်ပါ။ ပြီးတော့ ဒီဂျုံမှုန့်က ငါယူလာတာလေ။"

အကြီးဆုံးဦးလေး၏ ဇနီး ဝမ်ကွေ့ကျစ်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ နောက်ထပ်စကားအချို့ ပြောတော့မည်အပြုတွင် တံခါးဝမှ ဆူညံသံတစ်ခုက သူမ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

သူမ လှည့်ကြည့်လိုက်သောအခါ ကောင်မစုတ်လေး စုရှီသည် အေးစက်သော မျက်နှာထားဖြင့် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ နက်မှောင်ပြီး မဲမှောင်သော မျက်လုံးများက ဝမ်ကွေ့ကျစ်ကို စိုက်ကြည့်နေသည်။

တူမဖြစ်သူက သူမအဖွားကို ဆူပူနေသည်ကို မြင်သွားခြင်းသည် အနည်းငယ် ရှက်စရာကောင်းလှသည်။ သို့သော် သူမသည် လူကြီးတစ်ဦးဖြစ်သည်ဟု ယူဆကာ ဝမ်ကွေ့ကျစ်သည် ခါးကိုမတ်လိုက်ပြီး အပြုံးတစ်ခုကို ဆင်မြန်းကာ နာကျင်မှုကို ကြိတ်မှိတ်ခံရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ရှီရှီ ရောက်လာတာလား။ မြန်မြန်ဝင်ခဲ့လေ။ နင့်ရဲ့ဝမ်းကွဲက ဒီည ကလေးတွေခေါ်ပြီး ပြန်လာမှာ။ ငါ့မြေးက အခု မြို့သားဖြစ်နေပြီဆိုတော့ သိပ်မလာကြဘူး။ ငါ အီကြာကွေးလေးတွေ ကြော်ထားတာ။ လာပြီး တစ်ခုလောက်မြည်းကြည့်ပါဦး။"

တံခါးဘောင်မှ ခုလေးတင် ဆွဲခွာလာသော သစ်သားတုံးကြီးတစ်ခုကို ကျောတွင်ပိုးထားသည့် စုရှီသည် ဟန်ဆောင်ပန်ဆောင်ပြုံးပြီး ပြောလိုက်သည်။

"အကြီးဆုံးအဒေါ်၊ ကျွန်မအတွက် နည်းနည်းလောက် ထည့်ပေးလို့ရမလား။ ကျွန်မ အိမ်မှာ ဆန်ပြုတ်ပြုတ်နေလို့။ အကြာကြီးမနေနိုင်ဘူး၊ ဒီမှာမစားတော့ဘူး။"

'နောက်ထပ် နည်းနည်းတဲ့လား။ နင့်ကိုယ်နင် ဘယ်သူများမှတ်နေလဲ။'

ဝမ်ကွေ့ကျစ်၏ နှလုံးသားသည် နာကျင်စွာ တဆတ်ဆတ်လှုပ်သွားခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် မိသားစုများစွာသည် စားမလောက် သောက်မလောက်ဖြင့် နေထိုင်နေရပြီး အချို့မှာ အငတ်ဘေးပင် ဆိုက်နေကြသည်။ သူတို့မိသားစု၏ အခြေအနေသည် ရွာထဲတွင် အကောင်းဆုံးဖြစ်လင့်ကစား တစ်နှစ်ပတ်လုံး ကောင်းမွန်သော အစားအစာကို ရှားရှားပါးပါးသာ စားရပြီး အီကြာကွေးဆိုလျှင် ပြောဖွယ်ရာပင်မရှိချေ။

သူမ၏ ချက်ပြုတ်သည့်လက်ရာ ကောင်းမွန်သောကြောင့်သာ တော်တော့သည်။ သူမကိုယ်တိုင် မလုပ်ပါက ဤကောင်မစုတ်လေးက အခွင့်အရေးယူသွားမည်ကို သူမ စိုးရိမ်မိသည်။

"ဒါနဲ့ အကြီးဆုံးအဒေါ်ပြောသလိုပဲလေ၊ ကျွန်မက စု မျိုးရိုးရဲ့ သွေးသားအရင်းဖြစ်ပြီးတော့ ဒီဂျုံမှုန့်ကလည်း ကျွန်မတို့အိမ်က ယူလာတာပဲ။ ယုတ္တိရှိရှိပြောရရင် ကျွန်မတို့မိသားစုက တစ်ဝက်ရသင့်တယ်။ မဟုတ်ရင်တော့ ကျွန်မ ဦးလေးနဲ့ နောက်မှ စကားသွားပြောလိုက်မယ်။"

စုရှီ စကား မဆုံးသေးခင်မှာပင် ဝမ်ကွေ့ကျစ်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူမ၏ အဘိုးကြီးက ဤကောင်မစုတ်လေးကို သမီးအရင်းပမာ တန်ဖိုးထားသည်။ အထူးသဖြင့် သူမ ယောက်ျား၏ ဒုတိယညီ ကွယ်လွန်ပြီးနောက်တွင် ဤကောင်မလေးကို ပို၍ပင် အကာအကွယ်ပေးလာခဲ့သည်။ အကယ်၍ သူမက ဖြစ်ခဲ့သည်များကို သွားတိုင်လိုက်ပါက သူသည် ဤကောင်းမွန်သော အရာအားလုံးကို ထိုကောင်မလေးဆီ ပေးလိုက်မည်မဟုတ်ပါလား။

ဤသို့သော အတွေးများဖြင့် ဝမ်ကွေ့ကျစ်၏ အရေတွန့်နေသော မျက်နှာပေါ်တွင် ဂန္ဓမာပန်းကဲ့သို့သော အပြုံးများက ချက်ချင်း ဝေဆာသွားသည်။ သူမက တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောလိုက်သည်။

"ရော့! ရော့! အကြီးဆုံးအဒေါ်က မင်းကို မပေးဘူးလို့ မပြောပါဘူး၊ အကြီးဆုံးအဒေါ်က ငါတို့ ရှီရှီကို အများကြီး ဂရုစိုက်ပါတယ်။"

ထိုသို့ပြောပြီးနောက် သူမသည် ကျွမ်းကျင်စွာဖြင့် ကြွေပန်းကန်လုံးတစ်လုံးကို ထုတ်ယူကာ အံကြိတ်ရင်း နှစ်ခုကို ယူ၍ ပန်းကန်လုံးထဲ ထည့်လိုက်သည်။ ထို့နောက် စုရှီ၏ မျက်နှာသေကို တစ်ချက်ကြည့်ပြီးနောက် အလိုမကျစွာဖြင့် နောက်တစ်ခုကို ထပ်ယူကာ ပန်းကန်လုံးထဲထည့်၍ စုရှီဆီသို့ ကမ်းပေးလိုက်သည်။

ဤတစ်ကြိမ်တွင် စုရှီသည် ဝမ်ကွေ့ကျစ်ကို အခက်တွေ့အောင် မလုပ်ခဲ့ပေ။ သူမသည် ကြွေပန်းကန်လုံးကို အဆင်သင့်ယူလိုက်ပြီး ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကြီးဆုံး အဒေါ်။ အကြီးဆုံးအဒေါ်က ကျွန်မကို ဂရုအစိုက်ဆုံးဆိုတာ ကျွန်မသိပါတယ်။ ကျွန်မတို့ပြန်ပြီး ညစာချက်လိုက်ဦးမယ်။"

ချန်ရှန်းယွင်သည် သူမ၏မြေးမလေးကို ချစ်ခင်စွာကြည့်၍ ပြုံးလိုက်သည်။

"အေးပါကွယ်။" ဟူသော အသံနှင့်အတူ သူမသည် စုရှီ၏ ခြေလှမ်းများနောက်သို့ လိုက်ကာ အပြင်သို့ ထွက်သွားခဲ့သည်။

ဝမ်ကွေ့ကျစ်သည် အဝေးတစ်နေရာမှ စုရှီ၏ နူးညံ့သောအသံကို ကြားနေရသေးသည်။

"အဘွား၊ နောက်ကျရင် မြေးကို ပန်ကိတ်လုပ်နည်း သင်ပေးပါဦး။"

"မြေးက ငယ်ငယ်လေးရှိသေးတာ၊ ဒီလိုအရာတွေနဲ့ စိတ်ရှုပ်ခံနေစရာမလိုပါဘူး။ ပန်းကန်လုံးက ပူနေလား။ အဘွားကိုပေး။ စာကိုပဲ အာရုံစိုက်။ ကောလိပ်ကျောင်းသူတစ်ယောက်အဖြစ် ပြန်လာရင်ကို တော်ပါပြီ။"

"မပူပါဘူး။ မြေး ကြီးလာပြီပဲ၊ အဘွားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဟင်းချက်တာလည်း သင်ချင်တယ်။"

"အိုး၊ အဘွားရဲ့ လိမ္မာတဲ့မြေးမလေးရယ်..."

ဝမ်ကွေ့ကျစ်သည် မီးဖိုချောင်တံခါးမှ ခေါင်းပြူထွက်ကာ အဖွားနှင့်မြေးမလေးတို့၏ စကားပြောဆိုမှုကို နားထောင်ရင်း စိတ်ထဲတွင် ချဉ်နေမိသည်။

သူတို့နှစ်ဦး ခြံဝင်းထဲမှ ထွက်သွားသည်ကို သေချာအောင်ကြည့်ပြီးနောက် သူမသည် မထီမဲ့မြင်ဖြင့် တံတွေးထွေးလိုက်သည်။ ရှီရှီ၏ အဆင့်ဖြင့် ကောလိပ်တက်မည်တဲ့လား။ အိပ်မက်သာမက်နေလိုက်ဟု သူမတွေးလိုက်သည်။

ထို့နောက် သူမလှည့်ကြည့်လိုက်ရာ တံခါးဘောင်မှ အပိုင်းကြီးတစ်ခု ပဲ့ထွက်နေသည်ကို တွေ့လိုက်ရသည်။

သူမ ဒေါသထွက်သွားသည်။

"အား! ဘယ်မသာကောင်က ငါ့တံခါးကို ဖျက်သွားတာလဲ။"

စုရှီ၏ အိမ်သည် ဝမ်ကွေ့ကျစ်၏အိမ်နှင့် နံရံတစ်ခုသာ ခြားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူမ အိမ်ပြန်ရောက်ခဲ့သည်။

အဘွားအိုသည် ဆီမီးခွက်ကို မီးဖိုချောင်ဗီရိုထဲတွင် ထားလိုက်ပြီး အိုးဖုံးကိုဖွင့်ကာ ကျက်လုနီးပါးဖြစ်နေသော ဆန်ပြုတ်ကိုကြည့်၍ သစ်သားဇွန်းဖြင့် မွှေလိုက်သည်။ ထို့နောက် စုရှီကို ကြည့်လိုက်သည်။ သူမသည် နူးညံ့ကြင်နာမှုနှင့် ဂုဏ်ယူမှုတို့ ရောယှက်နေသော ခံစားချက်ဖြင့် ပြောလိုက်သည်။

"တို့ ရှီရှီက တကယ်ကို တော်တာပဲ။ ကိုယ့်ဘာသာ ချက်တတ်ပြုတ်တတ်နေပြီ။ ဒါပေမယ့် သမီးက ငယ်သေးတယ်။ နောက်တစ်ခါ အရမ်းခေါင်းမာမနေနဲ့။ ကိုယ့်ကိုယ်ကို အပူလောင်မခံမိအောင် ဂရုစိုက်။ အဘွားပြန်လာပြီး ချက်တာကိုစောင့်။ ရှီရှီက သမီးအစ်ကိုလိုပဲ ကောလိပ်တက်ရမှာ။ ဒီလိုကြမ်းတမ်းတဲ့အလုပ်တွေကို ဘယ်လိုလုပ်လို့ဖြစ်မှာလဲ။"

အဘွားအို၏ ပွစိပွစိပြောဆိုနေမှုကို နားထောင်ရင်း စုရှီ သည် ပြုံးရုံသာပြုံးနေပြီး သူမ၏ စကားများကို သဘောတူခြင်း၊ မတူခြင်း တစ်စုံတစ်ရာ မပြုခဲ့ပေ။

အသက် ၁၅ နှစ်အရွယ်သည် ၂၁ ရာစု အနာဂတ်တွင်ဖြစ်စေ၊ ၁၉၆၀ ပြည့်လွန်နှစ်များ၏ ပစ္စုပ္ပန်တွင်ဖြစ်စေ၊ ငယ်သည်ဟု မသတ်မှတ်တော့ချေ။

အထူးသဖြင့် ယခုအချိန်တွင် စောစောစီးစီး အိမ်ထောင်ပြုကြသော မိန်းကလေးများသည် ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ဝန်းကျင် ရှိကြသည်။

"အဘွား၊ မြေး သခွားသီးနှစ်လုံးလောက် သွားခူးပြီး ဆားဖြူးထားလိုက်မယ်။"

အဘွားအို မုန့်နှစ်နယ်နေသည်ကို မြင်သောအခါ သူမအနေဖြင့် များစွာအကူအညီမပေးနိုင်မှန်း သိသော စုရှီ က အကြံပြုလိုက်သည်။

ချန်ရှန်းယွင်သည် ညစာအတွက် အရံဟင်းများများစားစား ရှိမည်မဟုတ်ဟု တွေးကာ ခေါင်းညိတ်လိုက်သည်။

"သွားလေ၊ ခြံထဲမှာပဲ ခူးလိုက်။ သီးသန့်မြေကွက်ဘက်ကို မသွားနဲ့။ သတိထား၊ ဝါးလုံးတွေနဲ့ မခြစ်မိစေနဲ့။"

စုရှီ သဘောတူလိုက်သည်။ သူမ သီးသန့်မြေကွက်ဘက်သို့ သွားရန် အစီအစဉ်မရှိခဲ့ပေ၊ အကြောင်းမှာ ထိုနေရာသည် သူမတို့အိမ်နှင့် အနည်းငယ် အလှမ်းဝေးသေးသောကြောင့်ဖြစ်သည်။

စုမိသားစုအကြောင်း ပြောရမည်ဆိုလျှင် သူတို့သည် ဟုန်ချီတပ်မဟာတွင် ချမ်းသာကြွယ်ဝရုံသာမက၊ နန်ဟဲ ကွန်မြူနစ် တစ်ခုလုံးတွင်ပါ ချောင်လည်သော မိသားစုအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

စု မိသားစု၏ အကြီးအကဲဖြစ်သော ဦးလေး စုချန်ကျုံးသည် ဟုန်ချီတပ်မဟာ ထုတ်လုပ်ရေး၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ စုရှီ၏ဖခင် စုချန်ရှောင်းနှင့် သူမ၏ မိခင် ကျိုးလန် တို့သည်လည်း စစ်မှုထမ်းများ ဖြစ်ကြသည်။

ထိုသို့သော နောက်ခံအခြေအနေများဖြင့် ရှုပ်ထွေးသောကာလတစ်ခုတွင် သူတို့သည် လူကြိုက်များပြီး အလုပ်ကြိုးစားရုံသာမက ချမ်းသာကြွယ်ဝကြသည်။

စု မိသားစု၏ ဘိုးဘေးများအကြောင်းကို အဝေးကြီးပြန်မကြည့်လျှင်ပင် စုရှီ၏အဘိုးသည် အနီးအနားပတ်ဝန်းကျင်တွင် လေးစားကြည်ညိုခံရသော တရုတ်တိုင်းရင်းဆေးဆရာကြီးတစ်ဦးဖြစ်ပြီး သူ၏ ထူးချွန်သော အပ်စိုက်ကုထုံးပညာကြောင့် ကျော်ကြားသည်။

အဘိုး စုယောင်ကျူးသည် အတော်အသင့် ချောင်လည်သော မိသားစု၌ မွေးဖွားလာခဲ့သည်။ သူငယ်စဉ်က ကျောင်းဆရာအိုကြီးတစ်ဦးထံတွင် နှစ်အနည်းငယ် ပညာသင်ကြားခဲ့ပြီး စာပေလေ့လာရာ၌ ပါရမီအနည်းငယ် ပါရှိကြောင်း ပြသခဲ့သည်။

စုယောင်ကျူး ဟူသော နာမည်ကိုကြည့်ရုံဖြင့် အဘိုးဖြစ်သူသည် သူ့မျိုးဆက်များအပေါ် မျှော်လင့်ချက်ကြီးမားကြောင်း ခံစားနိုင်သည်။ အဘိုးအိုသည် သူ့သားသည် နန်းတွင်း စာမေးပွဲကိုအောင်မြင်ပြီး အရာရှိတစ်ဦး ဖြစ်လာရန် မျှော်လင့်ခဲ့သည်။

သို့သော် ကံကြမ္မာသည် ခန့်မှန်းမရနိုင်ပေ။ ၁၉၀၅ ခုနှစ်၊ အဘိုးဖြစ်သူ အသက် ၁၉ နှစ်အရွယ် စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေချိန်၌ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့သော နန်းတွင်း စာမေးပွဲစနစ်သည် ရုတ်တရက် ဖျက်သိမ်းခြင်းခံခဲ့ရသည်။

ထိုအချိန်က စု မိသားစုတွင် အနည်းငယ်သော ချမ်းသာကြွယ်ဝမှုရှိသော်လည်း ဧက ရာပေါင်းများစွာသော မြေယာပိုင်ဆိုင်သည့် မြေရှင်မိသားစုများနှင့် နှိုင်းယှဉ်လျှင် သူတို့သည် သာမန်အိမ်ထောင်စုတစ်ခုသာ ဖြစ်သည်။ သူတို့သည် အဘိုးဖြစ်သူကို ပညာဆက်သင်ကြားရန် ပြည်ပသို့ပို့ဆောင်ရန် မတတ်နိုင်ခဲ့ပေ။

စိတ်ဓာတ်ကျနေသော တစ်ဦးတည်းသောသားဖြစ်သူ အဘိုးသည် ထိုအချိန်က ရှုပ်ထွေးသော အခြေအနေကို နားမလည်နိုင်ခဲ့ပေ။ သူ့သားကို မသိကျွမ်းသောနေရာသို့ ပို့ဆောင်ရန် စိတ်မလိုလားသည့်အပြင် သူ့သားသည် အိမ်ထောင်ပြုရန် အရွယ်ရောက်နေပြီဖြစ်သောကြောင့် သူ့အာရုံကိုပြောင်းကာ သူ့သားကို သူ့လမ်းညွှန်မှုအောက်တွင် ဆေးပညာသင်ကြားစေရန် ဆုံးဖြတ်ခဲ့သည်။

ဤသို့ဖြင့် ငယ်ရွယ်ပြီး အသိတရားခေါင်းပါးသော စုယောင်ကျူးသည် သူ့ဖခင်၏ စီစဉ်မှုအတိုင်း အိမ်ထောင်ပြုကာ သားသမီးများ ရရှိခဲ့ပြီး ဖခင်၏ ဆေးပညာကို အမွေဆက်ခံခဲ့သည်။ သူသည် ဖခင်ကဲ့သို့ ပါရမီမရှိသော်လည်း အခြေခံရောဂါများကို ကုသနိုင်ဆဲဖြစ်ပြီး ဒေသတွင်း အသိအမှတ်ပြုမှု အနည်းငယ် ရရှိခဲ့သည်။

ကောင်းမှုစုဆောင်းသော မိသားစုသည် ကောင်းချီးမင်္ဂလာများ သေချာပေါက်ရရှိမည်သာ ဖြစ်သည်။

စု မိသားစုသည် မျိုးဆက်နှစ်ဆက်တိုင်အောင် ဆေးဆရာများဖြစ်ခဲ့ကြပြီး များစွာသောအသက်များကို ကယ်တင်ခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က မြေယာပြုပြင်ပြောင်းလဲရေး ကာလအတွင်း မြေရှင်များကို ပစ်မှတ်ထားတိုက်ခိုက်ချိန်တွင် သာမန်ချောင်လည်သော အိမ်ထောင်စုဖြစ်သည့် စု မိသားစုသည် ရွာသားများနှင့် စေတနာကောင်းရှိသူများ၏ အကာအကွယ်ပေးခြင်းခံခဲ့ရပြီး ဆင်းရဲသားတောင်သူလယ်သမားများအကြားတွင် ခွဲခြားသတ်မှတ်ခြင်း ခံခဲ့ရသည်။

အဘိုး စုယောင်ကျူးတွင် ဇနီးနှစ်ဦးရှိခဲ့သည်။ သူ့ပထမဇနီးသည် သားတစ်ဦးနှင့် သမီးတစ်ဦး မွေးဖွားပေးခဲ့သည်။ ကံမကောင်းစွာဖြင့် သူမသည် သူတို့ သား ဆယ့်တစ်နှစ်အရွယ်တွင် ဒုတိယမြောက်ရင်သွေးဖြစ်သော သမီးလေးမွေးဖွားစဉ်က သွေးလွန်ခြင်းကြောင့် ကွယ်လွန်ခဲ့သည်။

ထိုအချိန်က စုယောင်ကျူးသည် အသက်သုံးဆယ်ကျော်အရွယ်၊ ရုပ်ရည်ချောမောပြီး အရည်အချင်းကောင်းမွန်သော လူငယ်တစ်ဦးဖြစ်သည်။ သားသမီးနှစ်ဦးရှိလင့်ကစား သူ့ကိုလက်ထပ်လိုသော မိန်းမပျိုများ မရှားပါးခဲ့ပေ။

သို့သော် အဘိုးအိုသည် မကောင်းသော မိန်းမတစ်ဦးနှင့် လက်ထပ်မိပါက သူ့ကွယ်လွန်သူဇနီး၏ သားသမီးများ၏ ကောင်းကျိုးချမ်းသာကို အန္တရာယ်ဖြစ်စေနိုင်မည်ကို စိုးရိမ်ခဲ့သည်။ ရှုပ်ထွေးမှုများကို ရှောင်ရှားရန် သူသည် ထိုကိစ္စကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီး ကလေးများကြီးပြင်းလာသောအခါ ထည့်သွင်းစဉ်းစားမည်ဟု ပြောခဲ့သည်။

ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ကြာပြီးနောက်၊ သူ့အကြီးဆုံးသား အသက် ၁၈ နှစ်အရွယ်သို့ရောက်သောအခါ စုယောင်ကျူးသည် နောက်ဆုံးတွင် သူမမိသားစု၏ ဆင်းရဲနွမ်းပါးသော အခြေအနေများကြောင့် 'အပျိုကြီး' ဟုသတ်မှတ်ခံရသော အသက် ၂၂ နှစ်အရွယ် ချန်ရှန်းယွင်နှင့် လက်ထပ်ခဲ့သည်။ သူမသည် စုရှီ၏ အဘွားလည်း ဖြစ်သည်။

ချန်ရှန်းယွင်နှင့် စုယောင်ကျူးတို့၏ အသက်ကွာခြားမှုမှာ ဆယ်နှစ်ကျော်ရှိသော်လည်း သူတို့သည် ခင်ပွန်းကြီးနှင့် ဇနီးငယ်၏ ဂန္ထဝင်စုံတွဲများကဲ့သို့ပင် ဖြစ်ပြီး သူတို့၏ ဆက်ဆံရေးမှာ သာယာအဆင်ပြေခဲ့သည်။

သူမ၏ လင်ပါသားထက် လေးနှစ်သာကြီးသော်လည်း ချန်ရှန်းယွင်သည် စိတ်ထားကောင်းမွန်ပြီး လူတိုင်းနှင့် အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနိုင်ခဲ့သည်။

ချန်ရှန်းယွင်သည် သူမ၏ ဘဝတွင် သားတစ်ဦးတည်းသာ ရှိခဲ့ပြီး ထိုသူမှာ စုရှီ၏ဖခင် စုချန်ရှောင်း ဖြစ်သည်။

စုချန်ရှောင်း မွေးဖွားချိန်တွင် သူ့အဖေတူအမေကွဲ အစ်ကို စုချန်ကျုံးသည် အိမ်ထောင်ကျနှင့်နေပြီဖြစ်သည်။ ထိုခေတ်အခါက မောင်နှမများစွာရှိခြင်းသည် အင်အားကြီးမားခြင်း၏ လက္ခဏာဖြစ်သော်လည်း သူတို့ဖခင်မှာ သူ့မျိုးဆက်တွင် တစ်ဦးတည်းသောသား ဖြစ်ခဲ့သည်။ သူကိုယ်တိုင်လည်း သားတစ်ဦးနှင့် သမီးတစ်ဦးသာရှိပြီး မောင်နှမနှစ်ဦးသည် အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် အပြန်အလှန်ကူညီထောက်ပံ့ကြရန် မျှော်လင့်ခဲ့သည်။

စုရှီ၏ အဘိုးသည် ပညာရှိတစ်ဦးဖြစ်သည်။ မိသားစုကြီးတစ်ခုအဖြစ် အချိန်ကြာမြင့်စွာ အတူနေထိုင်ခြင်းသည် ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည်ကို သူနားလည်သည်။

ထို့ကြောင့် အကြီးဆုံးသား အိမ်ထောင်ပြုပြီး မကြာမီတွင် သူသည် မိသားစုကို ခွဲရန် ဆုံးဖြတ်ခဲ့သည်။ သူသည် သူ့စုဆောင်းငွေအားလုံးကို အသုံးပြု၍ နံရံတစ်ခုခြားကာ ထင်ရှားပေါ်လွင်သည့် အုတ်ကြွပ်အိမ်နှစ်လုံးကို ဆောက်လုပ်ခဲ့သည်။ ယခု စုရှီ မြင်တွေ့နေရသော အိမ်ကြီးများပင် ဖြစ်သည်။

…….

သခွားသီးများ ခူးပြီးနောက် စုရှီသည် သခွားသီးများကို အေးမြသော ရေတွင်းရေဖြင့် ဆေးကြောလိုက်သည်။ သူမသည် သခွားသီးတွေကို မီးဖိုချောင်ထဲသို့ ယူသွားပြီး သန့်ရှင်းသော တောင်းတစ်ခုထဲတွင် ထည့်ထားလိုက်သည်။ သူမ နံရံတွင် ချိတ်ဆွဲထားသော စဉ်းတီတုံးနှင့် ဓားကို လှမ်းယူမည်အပြုတွင် သူမ၏ အဘွားက တားလိုက်သည်။

"ထားလိုက်ပါ၊ ဓားကို မကိုင်နဲ့၊ အဘွားရဲ့မြေးလိမ္မာလေးရယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သမီးမေ့လဲသွားတုန်းက အဘွား ရွာစွန်က မုန့်အာဆီမှာ သေချာ သွားမေးခဲ့တယ်။ သူက ပြောတယ်၊ ဒီနှစ်မှာ သမီးရဲ့ကံကမကောင်းဘူးတဲ့၊ သွေးထွက်သံယိုဖြစ်ကိန်းရှိတယ်တဲ့။ သတိထား၊ သမီးသာ သုံးရက်ငါးရက်လောက် အိပ်ရာထဲလဲနေရင် အဘွား မခံစားနိုင်ဘူး။"

သူမစကားပြောနေစဉ်တွင် အဘွားအိုသည် လွန်ခဲ့သောလအနည်းငယ်က ကွယ်လွန်သွားသော သူမ၏ ချွေးမဖြစ်သူကို သတိရသွားပြီး သူမ၏ မျက်လုံးများမှာ နီရဲလာရပြန်သည်။

အဘိုးအိုသည် ကွယ်လွန်သွားခဲ့ပြီး သူမသားနှင့်ချွေးမသည်လည်း ထွက်ခွာသွားခဲ့သည်။ ကျန်ရစ်ခဲ့သော မြေးသုံးယောက်သာမရှိလျှင် သူမ ခံစားနိုင်မည်မဟုတ်ပေ။

စုရှီသည် အဘွားအို၏ အယူသီးသောစကားများကို နားထောင်ခဲ့ပြီး သူမအဘွားကို ပဒေသရာဇ်ခေတ် အစွဲအလမ်းကြီးမှုအကြောင်း သတိပေးတော့မည်အပြု သူမအဘွား မျက်ရည်သုတ်နေသည်ကိုမြင်သောအခါ တုံ့ဆိုင်းသွားသည်။

အကြောင်းတစ်ခုခုကြောင့် သူမ လည်ချောင်းထဲ ဆို့နင့်လာသလို ခံစားလိုက်ရသည်။ သူမ အသက် ပြင်းပြင်းရှူလိုက်သည်။ သူမသည် ခက်ခက်ခဲခဲဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

"မြေး မကိုင်တော့ပါဘူး။ ဆေးပြီးတော့ ဟိုမှာထားလိုက်ပြီ။ အဘွား ပန်ကိတ်လုပ်တဲ့အခါ မီးမွှေးပေးမယ်လေ။"

"အေး! တို့ ရှီရှီက တကယ်ကို သိတတ်လိုက်တာ။"

အဘွားအိုသည် မျက်ရည်များ ထပ်ကျတော့မည်ကို မြင်သောအခါ စုရှီက အမြန်မေးလိုက်သည်။

"အဘွား၊ သမီးရဲ့အစ်ကို ဘယ်သွားလဲဟင်။ တစ်နေကုန် သူ့ကိုမတွေ့မိဘူး။"

ဤသို့ကြားသောအခါ ချန်ရှန်းယွင်သည် ငိုနေရာမှ ရပ်သွားပြီး သူမ မျက်နှာထက်တွင် ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသည်။ သူမက ပြောလိုက်သည်။

"နန်နန်လား၊ အဲ့ကလေးက သမီးမကြာသေးခင်က စိတ်မကြည်မလင်ဖြစ်နေတယ်လို့ ကြားတယ်။ သမီးရဲ့ကျန်းမာရေးကို စိတ်ပူလို့ ဒီနေ့လည်က ချောင်ယန့် မြစ်ဘက်ကို ငါးသွားဖမ်းတယ်။ သူ ငါးရခဲ့ရင် သမီးအတွက် ငါးဟင်းချိုချက်ပေးမယ်။"

All Chapters