← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၇

စုစန်ယသည် စုရှီ၏ အဖြေကို မလိုအပ်ပေ။သူမသည် အတင်းအဖျင်း ပြောလိုသည့်အမူအရာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ငါကြားတာက အဲ့ဒီလူနှစ်ယောက်က အာ့ကျစ် တွေတဲ့။ အာ့ကျစ် ဆိုတာ ဘာလဲသိလား။ သူတို့က တဏာရူးတွေ၊ လူမိုက်အလုပ်လုပ်နေတာ။ သူတို့က ယောက်ျားအချင်းချင်း ချစ်ကြိုက်နေကြတာကို နင်ယုံနိုင်လား။ ရွံစရာကောင်းလိုက်တယ်နော်၊ ဟုတ်တယ်မှတ်လား။ အပြစ်ကြီးသလောက်နီးပါးပဲ။ ပိုဆိုးတာက သူတို့မိသားစုတွေကိုပါ သက်ရောက်မှုရှိသွားတာပဲ။ ငါကြားတာက မိသားစုနှစ်ခုလုံးကို တစ်ရွာလုံးက အဆက်အသွယ်ဖြတ်ထားပြီး သူတို့ကို နှင်ထုတ်ဖို့တောင် ပြောနေကြတယ်တဲ့။ တကယ်ကို သနားစရာပဲ။ ဒီကိစ္စအတွက် သူတို့ကို အပြည့်အဝအပြစ်တင်လို့မရပေမယ့် ငါ့မိသားစုသာဆိုရင်တော့ ငါ ရွံမိမှာပဲ၊ နင်ရောမထင်ဘူးလား။"

( ‘အာ့ကျစ်’ ၊ ‘အာ့ဝေ့ဇီ’ ၊ ‘အာ့ယီဇီ’ နှင့် ‘အာ့ချောင်ဇီ’ ဟုလည်း သိကြသည်။ ယောကျ်ားလေးမကျ မိန်းကလေးမကျ စရိုက်လက္ခဏာရှိပြီး ယောကျာ်းမဆန်သော သူများကို ခေါ်သည့် နာမည်။ ဒီအခေါ်အဝေါ်က မြောက်ပိုင်းစကားမှလာပြီး ကျား၊မ စရိုက်လက္ခဏာ အတိအကျမရှိသူများကို နှိမ့်ချခေါ်ဝေါ်သော နာမည်ဖြစ်သည်။ ဒီစကားကို ကျားမ လက္ခဏာ အတိအကျမရှိသောသူများဖြစ်သည့် ယောကျ်ားလို နေထိုင်ဝတ်စားသော မိန်းမများ၊ သင်းကွပ်ခံထားရသော ယောကျ်ားများ၊ ကျား၊မ သဘာဝနှစ်မျိုးလုံးရှိသည့် မွေးကတည်းက ယောကျ်ား၊ မိန်းမ မသဲကွဲသော လာက္ခဏာရပ်များ ပါရှိသူများကို ခေါ်ဝေါ်သည်။)

စုစန်ယ စကားပြောနေစဉ်တွင် သူမ၏ စူးရှသောမျက်လုံးများသည် စုရှီ၏မျက်နှာကို စိုက်ကြည့်နေသည်။

သူမသည် စုရှီ၏ အမူအရာသည် တစ်ခဏမျှ အံ့ဩသွားပြီးနောက် တည်ငြိမ်သွားသည်ကို သတိပြုမိလိုက်သည်။

ဒီအချက်က သူမစိတ်ထဲတွင် ဤကောင်မလေး တစ်ခုခုပြောင်းလဲသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သော်လည်း အကြောင်းရင်းကိုမူ သူမ မတွေးတတ်ခဲ့ပေ။

စုရှီသည် တံခါးကိုပိတ်ဆို့ထားသော စုစန်ယ၏ လက်ကို တွန်းဖယ်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ "နင်ဗိုက်မဆာဘူးလား။ အိမ်ကိုစောစောပြန်တော့လေ။"

ထိုသို့ပြောပြီးနောက် သူမသည် 'ဒုန်း' ခနဲအသံနှင့်အတူ တံခါးကို အားဖြင့်ပိတ်လိုက်သည်။

စုစန်ယ၏ စပ်စုသောမျက်လုံးများမှ ကွယ်သွားသည်နှင့် စုရှီ၏ မျက်နှာပေါ်မှ အမူအရာသည် ချက်ချင်း အေးစက်သွားသည်။

စုစန်ယ မှာ တစ်ခုခုမှားယွင်းနေသည်။ သူမသည် သူမ၏ အစ်ကိုနှင့် အစ်ကိုကြီးတို့၏ အခြေအနေကို မည်သို့သိသနည်း။

စုရှီ သိသော ဇာတ်လမ်းဇာတ်ကွက်အရ ဤအချိန်တွင် အစ်ကိုနှင့် အစ်ကိုကြီးတို့သည် သူတို့၏ လျှို့ဝှက်ချက်ကို မထုတ်ဖော်ရသေးပေ။ သို့ဆိုလျှင် အပြင်လူတစ်ယောက်ဖြစ်သော စုစန်ယသည် ဒါကို ဘယ်လိုသိနေသနည်း။

ဖြစ်နိုင်ပါ့မလား…?

"ရှီရှီ၊ ဒါဆို ငါသွားတော့မယ်။ နင်သာ အရမ်းရင်းနှီးနေတဲ့ ယောက်ျားနှစ်ယောက်ကိုတွေ့ရင် သေချာပေါက် သူတို့နဲ့ဝေးဝေးနေနော်။ သူတို့က လူဆိုးတွေ။ နင် ငါ့ကိုပြောပြလို့ရတယ်၊ ငါ နင့်ကို အကြံဉာဏ်ပေးမယ်။"

ဤဂရုစိုက်ဟန်ဆောင်သော စကားများကို နားထောင်ရင်း စုရှီ၏အကြည့်များက စူးရှလာသည်။ စုစန်ယနှင့် ပတ်သက်၍ ဘာတွေဖြစ်နေသည်ဖြစ်စေ တစ်ခုတော့သေချာသည်။

ဝတ္ထုထဲတွင် မူလ စုရှီသည် အပြစ်ကင်းစင်ပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးမှ သူမ၏ အစ်ကိုများကို ဆန့်ကျင်သည့် မကောင်းသောစိတ်ထားရှိသည့် အသုံးချခံဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သွေးထိုးလှုံ့ဆော်တတ်သော စုစန်ယသည် ဤပြောင်းလဲမှုတွင် သိသာထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်မှာ သေချာသည်။

အပြင်ဘက်မှ ထွက်ခွာသွားသော ခြေသံများကိုကြားရင်း စုရှီသည် သူမလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူမ လက်သီးက မာကျောလာသည်!

သူမသည် ဘယ်ညာကြည့်လိုက်သည်။

သူမသည် ဟင်းသီးဟင်းရွက်ခင်း၏ အစွန်းမှ ကျောက်တုံးငယ်တစ်တုံးကို ကောက်ယူလိုက်ပြီး ခြံစည်းရိုးနံရံဘက်သို့ အမြန်လျှောက်သွားကာ ထိုင်ခုံတစ်ခုကို ခုနင်းတက်လိုက်ပြီး ကိုယ်ကို အပြင်သို့ကိုင်းလိုက်သည်။ မနီးမဝေးတွင်ရှိသော စုစန်ယ၏ ကျောပြင်ကို မျက်နှာမူကာ သူမသည် ကျောက်တုံးကို ပေါ့ပေါ့ပါးပါး ပစ်လိုက်သည်။

ရုတ်တရက် 'အ' ဟူသောအော်သံ ပဲ့တင်ထွက်လာပြီး စုစန်ယသည် အမှတ်တမဲ့ဖြင့် မြေကြီးပေါ်သို့ မှောက်လျက်လဲကျသွားခဲ့သည်။ ကံမကောင်းစွာဖြင့် သူမ၏ သွားများသည် အခြားကျောက်တုံးငယ်တစ်တုံးနှင့် ရိုက်မိကာ ရှေ့သွားတစ်ချောင်း ကျိုးသွားခဲ့သည်။

ထိုစဉ် အိမ်နီးချင်းဖြစ်သူ အန်တီ ဝမ်ကွေ့ကျစ်သည် ခြံထဲတွင် ဟင်းသီးဟင်းရွက်များလှန်းနေရင်း ဖွင့်ထားသောတံခါးမှတစ်ဆင့် အရာအားလုံးကို မြင်တွေ့လိုက်ရသည်။

ဝမ်ကွေ့ကျစ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းပြူကြည့်နေသော အိမ်နီးချင်း ကောင်မလေးကို တစ်ချက်ကြည့်လိုက်သည်။ အတွင်းစိတ်ထဲတွင် သူမ စိတ်ပျက်နေမိသည်။ အိမ်နံပါတ်နှစ်မှ တုံးအသောကောင်မလေးသည် ပုံမှန်အားဖြင့် သူမတို့၏ နေရာတွင်သာ အသေးအဖွဲ ဆော့ကစားတတ်သော်လည်း ယခုအခါ ချောင်းမြောင်းတိုက်ခိုက်တတ်နေပြီဖြစ်သည်။

သို့သော် ဤအတွေးများသည် ယခုအချိန်တွင် အရေးမကြီးပေ။ တံခါးဝမှ ကောင်မလေးသည် စု မိသားစုမှဖြစ်သည်။ စုလိုင်ဝမ် မိသားစုတစ်ခုလုံးသည် မည်မျှ အရှက်မရှိပြီး ပြဿနာရှာတတ်သည်ကို ထည့်သွင်းစဉ်းစားကာ ဝမ်ကွေ့ကျစ်သည် ချက်ချင်းလှုပ်ရှားလိုက်သည်။

သူမသည် ကိုင်ထားသော တောဟင်းသီးဟင်းရွက်များကို ချလိုက်ပြီး မာန်ပါပါဖြင့် လျှောက်ထွက်သွားကာ စုစန်ယ၏ မြင်ကွင်းကို အလိုလို ကာကွယ်လိုက်သည်။

တိတ်တဆိတ်ဖြင့် သူမသည် ခြေထောက်ကိုဆန့်ကာ စုရှီ ပစ်လိုက်သော ကျောက်တုံးကို နံရံဘေးရှိ အပျက်အစီးများကြားသို့ တွန်းပို့လိုက်ပြီးမှ ဦးဆောင်၍ စကားပြောလိုက်သည်။

"နင်ဘာဖြစ်နေတာလဲ ကောင်မလေး။ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ဘူးလား။ ကြည့်စမ်း၊ ငါတို့အိမ်ရှေ့မှာ အပင်ပန်းခံညှိထားတဲ့ မြေကြီးကို နင်ဖျက်ပစ်လိုက်ပြီ။ အဲ့ဒါကို ဘယ်လိုလျော်ပေးမလဲ။"

ဤစကားများကိုပြောပြီးနောက် ဝမ်ကွေ့ကျစ်သည် ချောင်းကြည့်နေဆဲဖြစ်သော ရှီရှီ ကို လက်ဝှေ့ယမ်းပြကာ ပြန်သွားရန် အချက်ပြလိုက်သည်။

ဝမ်ကွေ့ကျစ်၏ အမြင်တွင် ရှီရှီ၏ အလိုလိုက်ခံရသောသဘာဝကို သူမ မကျေနပ်သော်လည်း သူမသည် သူမ၏ တူမလေးပင်ဖြစ်သည်။ မိသားစုဝင်များက သူမကို ဝေဖန်နိုင်သော်လည်း အပြင်လူများက မဝေဖန်နိုင်ပေ။ ထို့အပြင် သူတို့၏ စိတ်ကောင်းရှိသောကလေးသည် အကြောင်းမရှိဘဲ စုစန်ယကို တိုက်ခိုက်မည်မဟုတ်ပေ။

ငါတော့ ဘာပြဿနာမှမမြင်ဘူး!

သို့သော် စုလိုင်ဝမ်၏မိသားစုတွင် ကောင်းမွန်သောလူတစ်ယောက်မှ မရှိသောကြောင့် သူတို့သည် သူမ၏အိမ်သို့ ပြဿနာရှာရန် တကယ်လာနိုင်သည်ဟု ခန့်မှန်းရမခက်ပေ။

ဝမ်ကွေ့ကျစ်သည် သူတို့ကိုမကြောက်သော်လည်း သူမ၏ ခင်ပွန်းသည် ရွာမှအမှုထမ်းတစ်ဦးဖြစ်ပြီး သူမကိုယ်တိုင်လည်း အမှုထမ်း၏ ဇနီးဖြစ်သည်။ သူမသည် ထိုမိသားစုနှင့် ပါးစပ်အရမ်းကြမ်းတဲ့ မိန်းမတစ်ယောက်လို ရန်ဖြစ်မနေနိုင်ပေ။ ဒါက အလွန်အရှက်ရစရာဖြစ်လိမ့်မည်။

ဒါကိုသဘောပေါက်သောအခါ ဝမ်ကွေ့ကျစ်သည် လူအများဆီမှ သက်သေများစုဆောင်းရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ သူမသည် အသံကိုမြှင့်ကာ အော်ဟစ်လိုက်သည်။

"လာကြည့်ကြပါဦး၊ အားလုံးပဲ! စုလိုင်ဝမ်ရဲ့ တတိယသမီးက ငါတို့အိမ်ရှေ့မှာ ချိုင့်ခွက်တစ်ခုဖြစ်အောင် လုပ်သွားပြီ။"

ဤမျှကျယ်လောင်သောအသံကြောင့် အနီးအနားမှ အိမ်နီးချင်းများအားလုံးသည် အိမ်နီးချင်းဟုတ်ဟုတ် မဟုတ်ဟုတ် လန့်ဖျပ်ကာ ထွက်လာကြသည်။ စုလိုင်ဝမ် မိသားစုသည် ရွာတွင် ကြောက်စရာကောင်းလောက်အောင် နာမည်ကြီးသည်မှာ အမှန်ပင်!

စုရှီသည် ဝမ်ကွေ့ကျစ်ဆီမှ အချက်ပြမှုကိုရရှိပြီးနောက် သူတို့နှစ်ဦးကို အာရုံမစိုက်တော့ပေ။ သူမသည် ထိုင်ခုံပေါ်မှ လိမ်လိမ်မာမာဆင်းလိုက်ပြီး ထိုင်ခုံမှခြေရာများကို ဖျက်ကာ ပျော်ရွှင်စွာဖြင့် ထိုင်ခုံကို သူမအခန်းသို့ ပြန်သယ်သွားခဲ့သည်။

ချက်ချင်းလက်စားချေလိုက်ရတာ တကယ်ကိုကောင်းလိုက်တာ!

အကြီးဆုံး အဒေါ်သည် စုရှီ၏အမှတ်တရများနှင့် အနည်းငယ်ကွာခြားစွာ မမျှော်လင့်ဘဲ ချစ်စရာကောင်းနေသည်။

သို့သော် ဤတစ်ကြိမ်တွင် အကြီးဆုံး အဒေါ်ကူညီညီ မကူညီညီ စုရှီ ဒုက္ခရောက်မည်မဟုတ်ပေ။ သူမသည် ဤသို့မလုပ်မီ စဉ်းစားပြီးဖြစ်သည်။ လမ်းပေါ်တွင် အလားတူကျောက်တုံးများ အများအပြားရှိပြီး စုစန်ယသည် မည်သည့်ကျောက်တုံးက သူမကို ထိမှန်သည်ကို သိလျှင်ပင် စုရှီ ပစ်လိုက်သည်ဟု မည်သူက သက်သေပြနိုင်မည်နည်း။

ထို့အပြင် သူမသည် စုစန်ယ၏ တင်ပါးကို တမင်ရည်ရွယ်ပြီးပစ်ခဲ့သည်။ ပထမအချက်မှာ ထိုနေရာတွင် အသားရှိသောကြောင့်ဖြစ်ပြီး အားသိပ်မသုံးသရွေ့ ပြင်းထန်သောဒဏ်ရာများ ရရှိမည်မဟုတ်ပေ။ ဒုတိယအချက်မှာ သူမတင်ပါးတွင် အညိုအမည်းစွဲသွားလျှင်ပင် စုစန်ယ သည် အခြားသူများကို ပြရဲမည်လား။ ယနေ့ခေတ် မိန်းကလေးများအတွက် ဂုဏ်သိက္ခာသည် အရေးကြီးသောကြောင့် စုရှီသည် ဤသိမ်မွေ့သောလက်စားချေမှုသည် အလုပ်ဖြစ်မည်ဟု ယုံကြည်သည်။

စုစန်ယသည် မူလကိုယ်၏ အသက်အန္တာရာယ်ထိတောင် လုပ်ကြံခဲ့ကြောင်း သူမအတည်ပြုလိုက်သည်နှင့် သူမသည် ယနေ့ကဲ့သို့ လွယ်လွယ်ကူကူ လွှတ်ပေးမည်မဟုတ်ပေ။

...

မွန်းလွဲပိုင်းက နေ့လယ်စာသည် အလွန်စုံလင်ပြီး သူမအဖွား၏ လက်ရာသည် အလွန်ကောင်းမွန်သည်။ သူမသည် ရှီးယန်နန် မနေ့ညက ယူလာသောငါးကို ချက်ပြုတ်ထားသည်။ ငါးဟင်းရည်ထဲတွင် ရွာမှ တို့ဟူးလုပ်သောမိသားစုတစ်စုဆီမှ လဲလှယ်လာသော တိုဟူးတစ်တုံးလည်း ပါဝင်သည်။

မြက်စားငါးကြင်းနှစ်ကောင်ကို အိုးထဲသို့ထည့်ပြီး တိုဟူးအကြီးတစ်တုံးနှင့်အတူ ကြည်လင်ပြီး အရသာရှိသော ငါးဟင်းရည်တစ်အိုးကို ချက်ပြုတ်ထားသည်။

ပုံမှန်အတိုင်း အစားကောင်း တစ်စိတ်တစ်ပိုင်းကို အကြီးဆုံး ဦးလေး၏ အိမ်သို့ ပို့ပေးခဲ့သည်။ ဤသည်မှာ မိသားစုနှစ်ခုကြားမှ မပြောဘဲထားသော သဘောတူညီချက်ဖြစ်သည်။ သူမအကြီးဆုံး အဒေါ်၏ အဆက်မပြတ် ပွစိပွစိပြောဆိုမှုမှလွဲ၍ ပုံမှန်အားဖြင့် ဦးလေးအိမ်တွင်ရှိသရွေ့ မည်သည့်အရာကောင်းမဆို စုရှီ၏ မိသားစုနှင့် မျှဝေကြသည်။

ရှီးယန်နန်သည် မြေအိုးအလွတ်တစ်လုံးနှင့် ပြန်ရောက်လာသောအခါ စုရှီနှင့် အခြားသူများသည် စားသောက်ဖို့ မစရသေးပေ။

သူသည် စားပွဲဆီသို့ အမြန်လာပြီး သူ့အိတ်ကပ်ထဲမှ မက်မွန်သီးနှစ်လုံးကို ထုတ်ယူကာ စုရှီကို ပေးပြီးမှ သူ့တူကိုကောက်ကိုင်ကာ ပြောလိုက်သည်။ "မစောင့်ဘဲ အရင်စားနှင့်လို့ ပြောထားတယ်လေ။"

အဖွားက ချစ်ခင်သောလေသံဖြင့် ပြောလိုက်သည်။ "ဘာလို့ အလျင်လိုရမှာလဲ။ မိနစ်အနည်းငယ်လေးပဲကို၊ ဟင်းရည် နည်းနည်းထပ်သောက်ဦး။ ငါ့မြေးအလိမ္မာတုံးလေး ပိန်သွားပြီ။"

စုရှီ မက်မွန်သီးကို ယူကြည့်လိုက်သည်။ အသီးသည် အတော်လေးသေးငယ်ပြီး သူမလက်ဖဝါးထဲတွင် ကိုင်ထားနိုင်သည်။ သူမက စပ်စုစွာဖြင့် ပြောလိုက်သည်။

"ဒီလောက်သေးတဲ့မက်မွန်သီးက စားလို့ရလို့လား။"

ရှီးယန်နန် သူ့အစားအစာကို မျိုချပြီးမှ ပြန်ဖြေလိုက်သည်။

"အရင်နှစ်တွေတုန်းက နင် ဒါတွေစားဖူးတယ်လေ၊ မမှတ်မိဘူးလား။ အတူတူပဲ။ တောမက်မွန်သီးတွေက အကြီးကြီးမဖြစ်ဘူး။ အဖျားတွေနီနေတာကို မတွေ့ဘူးလား။ ချိုတယ်။ အခုအချိန်မကျတာ မဟုတ်သေးဘူး၊ ငါသစ်ပင်ပေါ်မှာ စားလို့ရတဲ့ ဒီနှစ်လုံးပဲတွေ့လို့ နင့်ကိုအကုန်ပေးလိုက်တာ။ ကျူးကျီက တောင်းသေးတယ်၊ ငါ သူ့ကိုမပေးခဲ့ဘူး။"

မိသားစု၏ မျက်နှာသာပေးခြင်းကို ခံစားရသည်မှာ အံ့ဩစရာကောင်းလှသည်။ စုရှီသည် မက်မွန်သီးများကို လက်ခံလိုက်ပြီး ပျော်ရွှင်စွာ သူမပန်းကန်ထဲသို့ ခေါင်းစိုက်ကာ ဟင်းရည်သောက်နေပြီးနောက် သူမအဖွားက အစ်ကိုဖြစ်သူ မည်မျှပိန်သည်ကို ပြောခဲ့သည်ကို သတိရလိုက်သည်။

သူမသည် ရှီးယန်နန်၏ ကြွက်သားပြည့်သောခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး သူသည် လူငယ်တစ်ဦး၏ ပိန်သွယ်သောခံစားချက် အနည်းငယ်ရှိနေသေးသော်လည်း ပိန်သည်ဟု မယူဆနိုင်ကြောင်း သူမစိတ်ထဲတွင် တွေးလိုက်သည်။ သူတို့၏ ချောင်လည်သောမိသားစုတွင် သူမနှင့်သူမ အစ်ကိုနှစ်ဦးစလုံးသည် အတော်လေး သန်မာသောခန္ဓာကိုယ်ရှိကြသည်။ ဖြစ်နိုင်သည်မှာ ဒါက ဒီမိသားစု၏ ပုံစံပင်။

"ငါကြားတာ နင် ဒီနေ့ လူတစ်ယောက်ကို ရိုက်တယ်ဆို။"

ရှီးယန်နန်က စားသောက်နေရင်း ရုတ်တရက်ပြောလိုက်သည်။

"ဖွီး… အဟွတ်… အဟွတ်…"

စုရှီက ဘာမှမပြောရသေးခင်မှာ ချန်ရှန်းယွင်က ချောင်းဆိုးလိုက်ပြီး ဟင်းရည် သီးသွားခဲ့သည်။

ရှီးယန်နန်သည် အဖွားကို သီးသွားစေမည်ဟု မမျှော်လင့်ဘဲ အမြန်ထကာ သူမ၏ယကျောကို ပုတ်ပေးလိုက်သည်။ စုရှီလည်း ရေတွင်းဆီသို့ ပြေးသွားပြီး ချိတ်ဆွဲထားသော ရေအေးပုံးကို ဆွဲယူကာ အဖွားကို တိုက်လိုက်သည်။ ခဏအကြာတွင် အဖွားပြန်ကောင်းသွားသည်။

အဖွားက မယုံကြည်နိုင်စွာဖြင့် သူမမြေးမလေးကို ကြည့်ကာ ပြောလိုက်သည်။

"နင် ရန်ဖြစ်ခဲ့တာလား။"

ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ သူမမြေးမလေးသည် ချွဲနွဲ့တတ်ပြီး စိတ်ကောက်တတ်ခြင်းကြောင့် နာမည်ကြီးသော်လည်း သူမမိသားစုရှေ့တွင်သာ ထိုပုံစံဖြစ်သည်။ အမှန်တကယ်တွင် သူမမြေးမလေးသည် ကြောက်တတ်သောကောင်မလေးဖြစ်ပြီး ထိုကြောက်တတ်သောကောင်မလေးသည် ရန်ဖြစ်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။

စုရှီသည် ဤကိစ္စကို ထုတ်မပြောချင်သော်လည်း ရှီးယန်နန်က သိသွားခဲ့သည်မှာ ငါးဟင်းရည်ပို့ပေးစဉ် အကြီးဆုံး အဒေါ် ပြောခဲ့သည်ကြောင့် ဖြစ်နိုင်သည်။

အဖွားနှင့်အစ်ကို၏ စူးစမ်းသောမျက်လုံးများကို မမြင်ဟန်ဆောင်ရင်း သူမ သခွားသီးသုပ်ကို ကောက်ယူကာ ပြောလိုက်သည်။

"ရန်ဖြစ်တာမဟုတ်ပါဘူး၊ သမီး စုစန်ယကို ကျောက်တုံးနဲ့ ပစ်လိုက်တာ။"

ရှီးယန်နန် မျက်ခုံးပင့်လိုက်သည်။

ချန်းရှန်းယွင်လည်း နားမလည်နိုင်ဘဲ ပြောလိုက်သည်။

"ဘာလို့လဲ။ သမီးတို့နှစ်ယောက် ရင်းနှီးနေကြတာမဟုတ်လား။ ရန်ဖြစ်ကြတာလား။"

စုရှီသည် ထမင်းတစ်လုတ်ထပ်စားလိုက်ပြီး မူလပိုင်ရှင်၏ လေသံကို အတုခိုးကာ ကစားသလို ပြောလိုက်သည်။ "သမီး သူနဲ့သူငယ်ချင်းမလုပ်ချင်တော့ဘူး။"

"ဒါက လူတစ်ယောက်ကို ကျောက်တုံးနဲ့ ပစ်လို့ရတယ်လို့ မဆိုလိုဘူး။"

ချန်ရှန်းယွင်က မျက်မှောင်ကြုတ်ကာ သူမမြေးမလေး အကျင့်ဆိုးများ ကူးစက်နေသည်ကို စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

စုရှီသည် သူမအဖွားကို ကြည့်ရင်း သက်ပြင်းချကာ ညည်းညူလိုက်သည်။

"သူက သမီးအစ်ကိုအကြောင်း မကောင်းပြောတယ်၊ သူက သမီးတို့မိသားစုဝင်မဟုတ်ဘူးတဲ့။ သမီး အဲ့ဒါကိုကြားရတာ မကြိုက်ဘူး။"

"ဘာလဲ။ စုစန်ယက ဘာလို့ဒီလောက်မိုက်ရိုင်းရတာလဲ။ နန်နန်က ငါတို့မိသားစုဝင် ဘယ်လိုလုပ် မဟုတ်ရမှာလဲ။ စုလိုင်ဝမ်က သူ့ကလေးတွေကို ဘယ်လိုများမွေးထားတာလဲ။ မဟုတ်ဘူး၊ ငါ သူနဲ့စကားသွားပြောမယ်။"

ချန်ရှန်းယွင်သည် အကြောင်းရင်းကိုကြားသောအခါ ဒေါသပေါက်ကွဲသွားပြီး သူမ၏ ပုံမှန်စိတ်ရင်းကောင်းသည်လည်းညပျောက်ကွယ်သွားသည်။ သူမသည် သူမ၏ ထမင်းနဲ့ ဟင်းကို စွန့်ပစ်ကာ အပြင်သို့ထွက်ရန် အသင့်ဖြစ်နေသည်။

စုရှီနှင့် ရှီးယန်နန်တို့သည်လည်း သူတို့အဖွားကို အမြန်တားလိုက်ကြသည်။

ရှီယန်နန်သည် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း သူသည် ဤအရာများကို သိပ်ဂရုမစိုက်ပေ။ သူသည် ကြီးပြင်းလာစဉ်က ပိုဆိုးသောအရာများကို ကြားခဲ့ဖူးသည်။ ထို့ကြောင့် သူက ပြုံးပြီး စိတ်ချစေရန် ပြောလိုက်သည်။

"အဖွား၊ သူတို့ပြောပါစေ။ ကျွန်တော်တို့ သူတို့လို မတွေးရင်ပြီးတာပဲ။ ကျွန်တော်က ကိုယ့်ကိုယ်ကို အပြင်လူလို့ မသတ်မှတ်ပါဘူး။ ပြီးတော့ ရှီရှီက ကျွန်တော့်အတွက် လက်စားချေပေးခဲ့တယ်။ သူမက သူ့သူငယ်ချင်းနဲ့ ခင်မင်မှုပျက်သွားရုံတင်မကဘူး၊ ကျောက်တုံးပါသုံးခဲ့တယ်။ အကြီးဆုံး အဒေါ်ပြောတာတော့ စုစန်ယက ကျောက်တုံးနဲ့ပစ်လဲကျသွားပြီး ရှေ့သွားတွေတောင် ကျိုးသွားတယ်တဲ့။"

ချန်ရှန်းယွင်သည် သူမစိတ်ထဲတွင် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။ တစ်စုံတစ်ယောက်က သူမကလေးကို မကောင်းပြောနေသည်။ ကိုယ်ရေးကိုယ်တာအရ သူမသည် မကျေနပ်မှုများကို သည်းခံနိုင်သော်လည်း သူမကလေးများနှင့်ပတ်သက်လာလျှင် မခံနိုင်ပေ။

သို့သော် သူမသည် သူမမြေးမလေးကို သဘောတူသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ကောင်းလိုက်တဲ့ရိုက်ချက်။ ငါအရင်က စုစန်ယကို ကောင်းတဲ့ ကောင်မလေးတစ်ယောက်လို့ထင်ခဲ့တာ၊ မကောင်းတဲ့ဝါးကနေ ဝါးညွန့်ကောင်းထွက်တယ်လို့ ထင်ခဲ့တာ။ တကယ်တော့ အဲ့ဒီမိသားစုထဲက ဘယ်သူမှမကောင်းဘူး။ နောက်ဆိုရင် သူတို့နဲ့ မပတ်သက်နဲ့တော့၊ နားလည်လား။"

စုရှီ လိမ်လိမ်မာမာ ခေါင်းညိတ်လိုက်ပြီးနောက် တိတ်တဆိတ် ညည်းညူလိုက်သည်။

"သမီးသိပါတယ် အဖွား။ ပြီးတော့ ဒီတစ်ခါ သမီးနောက်တောင်ကိုသွားတုန်းက သူကပဲ သမီးကိုသွားဖို့ အားပေးခဲ့တာ။ သမီးအမြဲတမ်း သူမက ထူးဆန်းနေပြီး မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ ခံစားမိတယ်။"

"ဘန်း!" ရှီးယန်နန်သည် စားပွဲကိုရိုက်ချလိုက်ပြီး သူ့မျက်လုံးများသည် စုရှီကို ဒေါသဖြင့်စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။ "နင်နောက်ဆိုရင် သူနဲ့ဝေးဝေးနေ၊ ကြားလား။"

ရှီးယန်နန်သည် စုစန်ယက တမင်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဂရုမစိုက်ပေ။ သူသည် သူမကို ကြာမြင့်စွာကတည်းက အကဲခတ်မိပြီး သူမသည် လူကောင်းတစ်ယောက်မဟုတ်ကြောင်း သိသည်။

မူလက ရှီရှီကို အလကားစားသောက်ရန် လှည့်စားခြင်းသာဖြစ်သည်။ ရှီရှီတွင် သူငယ်ချင်း များများစားစားမရှိသောကြောင့် သူမသည် အစားအစာကို သူမနှင့်အဖော်ပြုပေးသည့်အတွက် ဆုအဖြစ် မှတ်ယူခဲ့သည်။

ထိုကောင်မလေးတွင် အခြားအတွေးအခေါ်ကောက်ကျစ်တွေရှိလိမ့်မည်ဟု သူအနည်းငယ်မျှ မမျှော်လင့်ခဲ့ပေ။ ရှီရှီ ကဲ့သို့ တုံးအသောသူပင် မြင်နိုင်သည်ဆိုလိုသည်မှာ စုစန်ယသည် စည်းကျော်လွန်းသွားပြီဖြစ်သည်။

ဤကိစ္စကို သူစောင့်ကြည့်ရန် လိုအပ်ပုံရသည်။ သူတို့သာ သူ့မိသားစု၏ ရတနာလေးကို အနိုင်ကျင့်ရဲလျှင် သူတို့သည် သူ့ကိုအရင်ကျော်ဖြတ်ရမည်ဖြစ်သည်။ ဤသို့တွေးရင်း ရှီယန်နန်၏ မျက်လုံးများက အနည်းငယ်မဲမှောင်သွားသည်။

သူ့စိတ်ထဲတွင် စု မိသားစုသည် သူ့အတွက်အနီးစပ်ဆုံးဖြစ်ပြီး သူသည် သူတို့ကို အမြဲတမ်းကာကွယ်သည်။ ဤကိစ္စကို ဒီအတိုင်းထား၍ မဖြစ်ပေ။ သို့သော် ကောင်မလေးကို ဤအကြောင်းပြောပြရန် မလိုအပ်ပေ။ သူမကို အပြစ်ကင်းစင်စွာဖြင့် ပေါ့ပေါ့ပါးပါးနေခွင့်ပေးလိုက်မည်။ သူနှင့် သူမအစ်ကိုကြီးရှိနေသရွေ့ သူတို့သည် သူမကို အမြဲတမ်းကာကွယ်နိုင်သည်။

…

စားသောက်ပြီးနောက် သုံးယောက်စလုံး ချက်ချင်း မအိပ်သေးဘဲ ခြံဝင်းထဲရှိ ဆီးပင်အောက်တွင် ထိုင်ကာ ဝါးဖျာများခင်းပြီး အေးမြမှုကို ခံစားရန် ခြေထောက်ချိတ်ထိုင်နေကြသည်။

နေသည် ပူပြင်းနေပြီး အခန်းထဲရှိ ပြတင်းပေါက်ငယ်များသည် လေဝင်လေထွက်ကောင်းစွာ မပေးနိုင်ပေ။ ခြံဝင်းသည်မူ ပို၍အေးမြသည်ဟု ခံစားရသည်။

ရှီးယန်နန်သည် မနေ့က စုရှီ မတော်တဆ ဖျက်ဆီးလိုက်သော ဇလုံကို အသုံးအဆောင်ပစ္စည်းများထားသည့်အခန်းမှ ထုတ်ယူပြီး ဆီးပင်အောက်တွင် တချွင်ချွင်အသံဖြင့် စတင်ပြုပြင်နေသည်။

ချန်ရှန်းယွင်သည် ကလေးနှစ်ယောက်ကို ယပ်ခတ်ပေးရင်း စပ်စုစွာ မေးလိုက်သည်။ "ဘာလို့ ခုတလော နင် ပစ္စည်းတွေပြင်နေတာပဲ တွေ့နေရတာလဲ။"

စာအုပ်လှန်နေသော စုရှီ၏လက်သည် ရပ်တန့်သွားသည်။ အပြစ်ရှိသလို ခံစားရသဖြင့် သူမသည် သူမအစ်ကိုနှင့် မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့လိုက်သည်။

ရှီယန်နန်က ပြုံးပြီးပြောလိုက်သည်။

"ကျွန်တော် မကြာသေးခင်က လက်ဝှေ့လေ့ကျင့်နေလို့။ ကျွန်တော့်လက်က အားကောင်းလာပြီး ပစ္စည်းတွေကို မတော်တဆ ချိုးဖဲ့နေမိတာ။ ခဏနေရင် ကျင့်သားရသွားမှာပါ။"

ယုံရမလား မယုံရမလား မသေချာသော အဖွားက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဒီအားကတော့ လွန်လွန်းတယ်။"

စုရှီသည် ညင်သာစွာ ချောင်းဆိုးလိုက်ပြီး သူမ၏ တရုတ်စာအုပ်ကို ချကာ အဖွား၏ အတွေးများကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ရှီးယန်နန်ကို အပြစ်ကင်းစင်ပြီး ဘာမှမသိနားမလည်သော အမူအရာဖြင့် ကြည့်လိုက်သည်။ "အစ်ကို၊ ငါ မေ့တော့မလို့၊ 'အာ့ကျစ်' က ဘာအဓိပ္ပာယ်လဲ။"

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၈

ချန်ရှန်းယွင်သည် သူမမြေးမလေး၏ စကားများကြောင့် အလွန်အံ့ဩသွားကာ ထခုန်မတတ် ဖြစ်သွားခဲ့သည်။ သူမလက်ထဲမှ ယပ်တောင်သည် စုရှီ၏ လက်မောင်းကို တန်းရိုက်ချလိုက်သည်။ သူမ၏ အဘွားက သူမအပေါ် ဒေါသထွက်ခြင်းမှာ ရှားပါးသော ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။

အဘွားချန်းက မျက်လုံးစွေကြည့်ကာ သူမအား ဆူပူကြိမ်းမောင်းလိုက်သည်။ "နင် ဒီစကားတွေ ဘယ်ကကြားလာတာလဲ။ ဒါက နင့်လို ကောင်မလေးတစ်ယောက် ပြောသင့်တဲ့စကားမျိုးလား။"

စုရှီက နာကျင်ဟန်ဆောင်ကာ ရှောင်တိမ်းလိုက်သည်။ "သမီးက သိချင်လို့ပါ။ စုစန်ယက ဒီနေ့ သမီးကိုပြောတယ်။ အိမ်နီးချင်းရွာက ယောကျ်ားနှစ်ယောက် ပေါင်းသင်းနေကြလို့တဲ့၊ သူတို့ကို 'အာ့ကျစ်' လို့ ခေါ်ကြတယ်။ 'အာ့ကျစ်' ဖြစ်လို့ သူတို့ အသတ်ခံလိုက်ရတယ်တဲ့။ သမီး နားမလည်လို့ အစ်ကို့ကို မေးကြည့်တာပါ။"

ထိုစကားများကြောင့် ချန်ရှန်းယွင်မှာ ပို၍ဒေါသထွက်လာပြီး၊ သူမက တုန်ယင်နေသော လက်ညှိုးဖြင့် စုရှီဆီသို့ ညွှန်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။ "အဲ့ဒီ စုစန်ယက တကယ်ပဲ လူကောင်းမဟုတ်ဘူး။ နောင်ဆို နင် သူ့နဲ့ မပတ်သက်ရဘူး၊ ကြားလား။ အကုန်လုံး ရှုပ်ရှုပ်ရှက်ရှက်နဲ့။"

စုရှီက နောက်ထပ်မေးရန် မဝံ့ရဲတော့သည့်အလား နာခံသောပုံစံဖြင့် အပြစ်ကင်းစင်စွာ ခေါင်းညိတ်ပြလိုက်သော်လည်း၊ သူမ၏ မျက်လုံးများကမူ ရှီးယန်နန်ဆီသို့ ခိုးကြည့်နေခဲ့သည်။

ရှီးယန်နန်မှာမူ သူမ၏ မေးခွန်းကို ကြားလိုက်ရသည့်အချိန်မှစ၍ အတွေးထဲတွင် နစ်မြောနေခဲ့သည်။

အမှန်အတိုင်းဆိုရလျှင် ဤခေတ်ကာလတွင် ယောကျ်ားနှစ်ယောက် အတူနေထိုင်ခြင်းအတွက် ရင်ဆိုင်ရသော ဖိအားမှာ သာမန်လူများ ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်နေသည်။ သူမ ဘဝမကူးပြောင်းမီ အတိတ်ဘဝ၌ပင် လိင်တူဆက်ဆံမှုကို လူမှုအသိုင်းအဝိုင်းက ပိုလက်ခံလာသော်ငြားလည်း၊ သည်းမခံနိုင်သူများစွာ ရှိနေသေးသည်။ ရှေးရိုးစွဲဝါဒနှင့် မြေရှင်ပဒေသရာဇ်စနစ်ဆန်သော ဤ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဆိုလျှင် ပြောဖွယ်ရာမရှိတော့ချေ။

အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို တိုင်ကြားပြီး အမှုအခင်းကြီးတစ်ခုဖြစ်လာပါက သူတို့သည် လူမိုက်ရမ်းကားမှုဖြင့် မလွဲမသွေ တရားစွဲခံရပေလိမ့်မည်။

၁၉၆၀ ပြည့်လွန်နှစ်များတွင် လူမိုက်ရမ်းကားမှုအတွက် ပြစ်ဒဏ်များမှာ ပြင်းထန်ပြီး အချို့သောအမှုများတွင် ထင်ရှားကျော်ကြားသောအမှု ဖြစ်လာပါက အိမ်နီးချင်းရွာမှ ယောကျ်ားနှစ်ယောက်ကဲ့သို့ပင် သေဒဏ်ပင် ကျခံရနိုင်ခြေရှိသည်။

သူမ၏ အစ်ကိုသည် အိမ်နီးချင်းရွာမှ ထိုလူနှစ်ဦး၏ ကံကြမ္မာကို ကြားသိပြီး ဖြစ်ရမည်ကို သူမ သိသော်လည်း၊ သူမက ထိုအကြောင်းကို ထပ်ပြောဆိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ ရည်ရွယ်ချက်မှာ အစ်ကိုဖြစ်သူအား စုစန်ယ ကဲ့သို့သော လူမျိုးများကို သတိထားစေရန်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သည် သူစိမ်းများရှေ့တွင် မည်သည့်အရာကိုမျှ ထုတ်ဖော်မပြောသင့်ပေ။

ဘယ်လောက်ကြာသွားသည်မသိ။ စုရှီသည် သူမ၏ စာအုပ်များကို ကြည့်ရင်း ငိုက်မျဉ်းလာသည်ကို သတိပြုမိလိုက်သည်။ ရှီးယန်နန်၏ အနည်းငယ်ဩရှနေသော အသံသည် သူမနားထဲသို့ ရောက်ရှိလာခဲ့သည်။ "သူမက တခြား ဘာတွေပြောသေးလဲ။"

ထိုစကားများကြောင့် စုရှီ တုန်လှုပ်သွားပြီး ချက်ချင်းပင် နိုးကြားသွားသည်။ သူမက ပုံမှန်ထက် ပို၍နက်မှောင်နေသော ရှီးယန်နန်၏ မျက်လုံးများနှင့် ဆုံမိသည်။ စိတ်မပါသော်ငြားလည်း သူမက သွယ်ဝိုက်သောနည်းဖြင့် သတိပေးလိုက်သည်။

"စုစန်ယ လား။ ညီမ သိပ်မမှတ်မိတော့ဘူး။ သူမက ညီမကို သတိထားဖို့ ပြောတဲ့ပုံပဲ။ ယောကျ်ားနှစ်ယောက် အရမ်းရင်းရင်းနှီးနှီးနေတာတွေ့ရင် သူ့ကို ပြန်ပြောပြဖို့ သတိရပါတဲ့။"

ရှီးယန်နန်က သူ၏ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး ခေါင်းညိတ်ကာ ဘာမှထပ်မပြောတော့ဘဲ သူ့အလုပ်ထဲတွင်သာ အာရုံစိုက်နေလိုက်သည်။

စုရှီက ရှီယန်နန် စိတ်အခြေအနေ အလွန်မကောင်းကြောင်းကို သိမြင်နိုင်သည်။ သူမအပေါ် အမြဲကောင်းမွန်ခဲ့သော ဤအစ်ကိုအတွက် သူမ အနည်းငယ်စိတ်မကောင်းဖြစ်မိသော်လည်း၊ ဒီလိုကိစ္စများကို အထူးသဖြင့် ဤကဲ့သို့သော ထူးခြားသည့်ခေတ်တွင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

ထို့အပြင် သူမသည် မူရင်းစာအုပ်ထဲမှ စုရှီ၏ အမြှောက်စာဘဝကံကြမ္မာကို ဆက်မခံယူလိုပေ။ ဤအဖြစ်အပျက်မှတစ်ဆင့် ရှီးယန်နန်သည် သူမအစ်ကိုကြီးနှင့် သူ့ဆက်ဆံရေးအပေါ် သူမအမြင်ကို နားလည်ပြီး သူမ၏ ရပ်တည်ချက်မှာ ထောက်ခံအားပေးသည့်ဖက်မှ ဖြစ်ကြောင်းကို သိရှိသွားလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။

အနည်းဆုံးတော့ တစ်ကမ္ဘာလုံးက သူတို့ကို ဆန့်ကျင်နေလျှင်ပင် သူတို့ချစ်မြတ်နိုးရသော မိသားစုက သူတို့ကို ထောက်ခံအားပေးလိမ့်မည်ဖြစ်ကြောင်း သူတို့အား သိစေချင်ခဲ့သည်။

သို့သော် ယခုအချိန်တွင် ရှီးယန်နန်က တိတ်ဆိတ်နေဆဲဖြစ်သည်။ စုရှီမှာ စိုးရိမ်ပူပန်နေသော်လည်း၊ ပို၍ဖိအားမပေးလိုတော့ပေ။ သူမသည် နောက်ထပ်အခွင့်အရေးကိုသာ စောင့်ဆိုင်းနိုင်တော့သည်။

………………….

စုရှီ ထင်ထားသည်ထက် ထိုအခွင့်အရေးက စောစီးစွာ ရောက်ရှိလာခဲ့သည်။

ညနေပိုင်း၊ ညစာစားပြီးနောက် စုရှီသည် သူမ၏အခန်းသို့ ပြန်ပြီး ဒေါနပင်ဖြင့် အငွေ့စတိုက်နေခဲ့သည်။ နွေရာသီသည် အထူးသဖြင့် ကျေးလက်ဒေသများတွင် ခြင်များစွာကို သယ်ဆောင်လာသည်။ စုရှီ၏ အခန်းတွင် ခြင်ထောင်များရှိသော်လည်း သူမသည် နေ့စဉ် အငွေ့တိုက်ရန် လိုအပ်နေဆဲဖြစ်သည်။

မဟုတ်ပါက သူမ၏ မငြိမ်မသက်သော အိပ်စက်တတ်ပုံကြောင့် နောက်တစ်နေ့တွင် သူမ၏ လက်များ သို့မဟုတ် ခြေထောက်များမှာ ခြင်ကိုက်ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေမည်မှာ မလွဲဧကန်ပင်။ ယခင်နေ့က အခန်းကို အငွေ့မတိုက်ခဲ့သည့် လန်းဆန်းစရာ အတွေ့အကြုံကို ပြန်စဉ်းစားမိရင်း စုရှီ၏မျက်နှာမှာ ပေါက်စီကဲ့သို့ ရှုံ့မဲ့သွားသည်။

အခန်းကို အငွေ့တိုက်ပြီးနောက် သူမသည် ခြင်ထောင်ချလိုက်ကာ တံခါးကို တင်းတင်းပိတ်ပြီးနောက် ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။

သူမသည် အစ်ကိုဖြစ်သူ တံစက်မြိတ်အောက်တွင် ထိုင်ကာ ကောင်းကင်ကို တွေတွေလေးငေးမောရင်း အတွေးနယ်ချဲ့နေသည်ကို တွေ့လိုက်ရသည်။

ရှီးယန်နန်သည် နေ့လယ်က သူမထိုမေးခွန်းကို မေးကတည်းက စိတ်ဓာတ်ကျနေပုံရသည်။

စုရှီက ညင်သာစွာ သက်ပြင်းချလိုက်ပြီး လက်ထဲတွင် မီးလောင်နေဆဲဖြစ်သော ဒေါနပင်ကိုကိုင်ကာ သူ့ပတ်လည်တွင် လျှောက်သွားရင်း သူမအစ်ကို၏ ပတ်ပတ်လည်တွင် ဝဲပျံနေသော ခြင်များကို မောင်းထုတ်လိုက်သည်။ သူမက ဆူငေါက်လိုက်သည်။

"အစ်ကို၊ ဘာလို့ ဒီမှာ လာထိုင်နေတာလဲ။ ခြင်စာကျွေးနေတာလား။ အဘွားရော ဘယ်မှာလဲ။"

"အဖွားက ဦးလေးအိမ်ကို ခရမ်းသီးသွားခူးတယ်။ မနက်ဖြန်ကျရင် ငါတို့စားဖို့ ချက်ပေးမယ်လို့ ပြောသွားတယ်။"

အိမ်ရှိ ပထမအသုတ် ခရမ်းသီးများမှာ ကောင်းစွာမဖြစ်ထွန်းခဲ့ဘဲ၊ နောက်မှစိုက်ပျိုးခဲ့သည်များသာ ပန်းပွင့်စပြုသော်လည်း အသီးမသီးသေးပေ။

"ဒါဆို ဘာလို့ ဒီမှာ ထိုင်နေတာလဲ။ ခြင်ကိုက်တာ မယားဘူးလား။ ရေသွားချိုးတော့၊ အစ်ကို့အခန်းကိုလည်း သမီး အငွေ့တိုက်ထားတယ်။ ခြင်မရှိဘူး။ အစ်ကို ရေချိုးပြီးတဲ့အချိန်ဆို မိုးချုပ်လောက်ပြီ။"

စုရှီက အခြေအနေကို ပေါ့ပါးသွားစေရန် ကြိုးစားရင်း နောက်ပြောင်သောလေသံဖြင့် ပြောလိုက်သည်။

ရှီးယန်နန်က အကူအညီမဲ့စွာ ရယ်မောလိုက်ပြီး လုံ့လဝီရိယရှိသော ကောင်မလေး၏ ခေါင်းကို ပုတ်လိုက်ကာ စုရှီ၏လက်ထဲမှ ဒေါနပင်ကို ယူပြီး ပြောလိုက်သည်။

"နင် ဒီလိုဒုက္ခခံစရာမလိုပါဘူး။ မီးမလောင်အောင် သတိထား။ နောက်တစ်ခါ ကိုယ့်ကိုယ်ကို အတင်းအကျပ်မလုပ်နဲ့၊ နင့်မှာ အစ်ကိုတစ်ယောက်လုံး ရှိတယ်။"

စုရှီက မျက်ဖြူလှန်လိုက်သည်။ ဤမိသားစုသည် မူလကိုယ်ကို ဖန်သားဖြင့် ပြုလုပ်ထားသကဲ့သို့ ဆက်ဆံကြသည်။ "သိပါပြီ၊ မြန်မြန်ရေသွားချိုးတော့။"

ရှီးယန်နန်က ခေါင်းညိတ်လိုက်ပြီး လေးလံသောခြေလှမ်းများဖြင့် လျှောက်သွားရာ ကောင်မလေးက ရေချိုးဆောင်ဘက်သို့ တွန်းပို့လိုက်သည်။ ရုတ်တရက် သူရပ်တန့်လိုက်ပြီး အရေးကြီးသောဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား စုရှီဆီသို့ လှည့်ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။ "ရှီရှီ၊ ယောကျ်ားနှစ်ယောက် အတူတူရှိနေတာကို နင်လည်း ရွံစရာကောင်းတယ်လို့ ထင်လား။ ဒါက… အပြစ်တစ်ခုလား။"

စုရှီမှာ မှင်တက်သွားပြီး စိတ်ခံစားချက်များ တင်းမာလွန်း၍ ပြိုကွဲလုနီးပါးဖြစ်နေသော ထိုလူသားကို ကြည့်နေမိသည်။ ယခုအချိန်တွင် သူ့မျက်လုံးများမှာ မရှင်းမလင်း မှောင်မိုက်နေသော်လည်း စုရှီက အသက်ဆက်ရှင်ရန် ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသည့် တောင်းပန်သော အကြည့်ကဲ့သို့ ဖိနှိပ်ထားသော ပုံပျက်ယိုယွင်းနေမှုကို ခံစားမိနိုင်သည်။

ရုတ်တရက် စုရှီ၏နှာခေါင်းထဲတွင် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။ သူမသည် မည်သူ့ကိုမျှ မကြိုက်ဖူးသောကြောင့် တစ်ကမ္ဘာလုံးကို ဆန့်ကျင်၍ အတူတကွရှိနေရန် ရွေးချယ်ခဲ့သည့် အချစ်မျိုးကို နားလည်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမရင်ထဲမှ နာကျင်မှုသည် ဤအခိုက်အတန့်တွင် သူမအစ်ကို၏ နာကျင်မှု၏ အပုံတစ်ထောင်ပုံတစ်ပုံနှင့်ပင် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။

သူမ ဘယ်လိုတုံ့ပြန်ရမည်ကို မသိဘဲ ခဏတာ တိတ်ဆိတ်နေခဲ့သည်။

ရှယန်နန်၏ မျက်လုံးထဲမှ အလင်းရောင်များ မှေးမှိန်သွားခါနီးတွင် စုရှီ၏ ချိုမြိန်ပြီး ခိုင်မာသော အသံက ပဲ့တင်ထပ်လာသည်။ "ယောကျ်ားနှစ်ယောက် ဒါမှမဟုတ် မိန်းမနှစ်ယောက် အတူတူရှိနေတာက ဘာလို့ ရွံစရာကောင်းရမှာလဲ။ ဘာလို့ ရှုတ်ချပြစ်တင်ခံရမှာလဲ။ ဒါက သူတို့ရဲ့ ကိုယ်ပိုင်ကိစ္စပဲ မဟုတ်ဘူးလား။ သူတို့ ပျော်နေသရွေ့ပေါ့။"

ထိုမိန်းကလေးမှာ အသက် ၁၅ နှစ်သာရှိသေးပြီး သူမ၏ အသံတွင် မိန်းကလေးဆန်သော လေသံများပါဝင်နေသည်။ သူမသည် မရင့်ကျက်သေးဘဲ ကလေးဆန်သော အမူအရာပင် အနည်းငယ်ရှိနေပုံရသည်။ သို့သော် ယခုအချိန်တွင် ရှီးယန်နန်၏ နားထဲ၌မူ ဒါက ကောင်းကင်ဘုံမှ အသံတစ်ခုဖြစ်သည်မှာ သေချာ၏။

သူက ရုတ်တရက် နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းမော့လိုက်ရာ သူ့နက်မှောင်သော မျက်ဆံများသည် စုရှီကို လောင်ကျွမ်းလုမတတ် တဖြည်းဖြည်း ပိုတောက်ပလာခဲ့သည်။

ယခုအချိန်တွင် ရှီးယန်နန်သည် သူ့ဦးခေါင်းထဲ၌ တဝီဝီမြည်သံကိုသာ ခံစားနေရပြီး၊ ဤမမျှော်လင့်ထားသော ပျော်ရွှင်မှုကြောင့် သူ့ရင်ဘတ်ပင် ပြင်းထန်စွာ နာကျင်လာခဲ့သည်။ သူ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ ဖိနှိပ်ထားပြီး ကမ္ဘာလောကကြီးက မထီမဲ့မြင်ပြုသော သူ့စိတ်ခံစားချက်များကို တစ်နေ့တွင် တစ်စုံတစ်ယောက်က အသိအမှတ်ပြုလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ကံကောင်းသည်မှာ သူ့ကို အသိအမှတ်ပြုသောသူမှာ အခြားသူမဟုတ်ဘဲ၊ သူ အလေးထားဆုံးနှင့် ဘယ်တော့မှ မထိခိုက်စေလိုသော သူ့မိသားစုဝင်ပင် ဖြစ်နေသည်။

သူ့ဖခင်မှာ အိမ်နီးချင်းရွာမှ မုဆိုးတစ်ဦးဖြစ်သည်။ သို့သော် သူ သုံးနှစ်သားအရွယ်တွင် သူ့ဖခင်သည် ဝက်ဝံတစ်ကောင်နှင့်တွေ့ပြီး အသက်ရှင်လျက် ပြန်မလာခဲ့ပေ။

သူ့မိခင်မှာ ဒုက္ခဆင်းရဲကို မခံနိုင်ဘဲ ခြောက်လအကြာတွင် သူ့ကိုတစ်ယောက်တည်း ထားခဲ့သည်။ ထို့ကြောင့် သူ ခြောက်နှစ်သားအထိ နှစ်နှစ်ခွဲကြာအောင် သူသည် အနီးအနားရှိ ရွာအချို့တွင် လှည့်လည်သွားလာရင်း သူတစ်ပါး၏ ဧည့်ဝတ်ကျေပွန်မှုကို အားကိုးနေခဲ့ရသည်။

သူ ခြောက်နှစ်သားအရွယ်၊ အိမ်နီးချင်းရွာမှ ပိုကြီးသော ကလေးများနှင့် တောကြက်ဥတစ်လုံးကို လုရင်း ရန်ဖြစ်နေစဉ်တွင် ရည်မွန်သော ၁၁ နှစ်အရွယ် လူငယ်လေး စုတုန်က သူ့ကို ကောက်ရခဲ့သည်။

စုတုန်အကြောင်းပြောရလျှင် သူသည် ငယ်စဉ်ကတည်းက ဤရွာ၏ စံပြကလေးတစ်ဦးဖြစ်သည်—သန့်ရှင်းသည်၊ နာခံတတ်သည်၊ ပညာထူးချွန်သည်၊ ယဉ်ကျေးသည်၊ ရုပ်ရည်ချောမောသည် စသည်ဖြင့် ချီးကျူးထိုက်သော အရာအားလုံးသည် သူနှင့် သင့်လျော်ပုံရသည်။

ရှီးယန်နန်နှင့် ဆန့်ကျင်ဘက်အနေဖြင့် စုတုန်သည် လူတိုင်း၏ အထင်ကြီးလေးစားမှုများကြားတွင် ကြီးပြင်းလာခဲ့သည်။ သူသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သူတို့မြို့နယ်မှ တက္ကသိုလ်ဝင်ခွင့်ရခဲ့သော တစ်ဦးတည်းသော ကလေးဖြစ်ပြီး ပြည်နယ်အလိုက် ထိပ်တန်းအမှတ်ဖြင့် ဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ဤထူးချွန်သော စုတုန်သည် ရှီယန်နန်၏ ညစ်ပတ်စုတ်ပြတ်နေသော အသွင်အပြင်ကို မည်သို့မျှ မနှစ်မြို့သည့်ပုံ မပြခဲ့ပေ။ သူသည် ရှီးယန်နန်လေးကို လက်ဆွဲခေါ်ဆောင်ကာ ဒီညီငယ်လေးကို သူ့မိသားစုဝင်အဖြစ် ထားရှိရန် သူ့စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစွာ ဖော်ပြခဲ့သည်။

ထိုလက်ချင်းချိတ်ထားသည့်အချိန်မှ နွေးထွေးမှုကြောင့်လား၊ သို့မဟုတ် လူငယ်လေး စုတုန်ကို အစပိုင်းတွင် ရင်သပ်ရှုမောဖွယ် ခံစားခဲ့ရသော အထင်အမြင်ကြောင့်လား မသိသော်လည်း၊ ဝံပုလွေပေါက်လေးကဲ့သို့ ကြီးပြင်းလာခဲ့သော ရှီးယန်နန်သည် သူ့နှလုံးသားတွင် စွဲထင်နေသော လောလောလတ်လတ် ကောက်ရထားသည့်"အစ်ကို" စုတုန်၏ဘေးတွင် နေနိုင်ရန်အတွက် သူ၏ ရက်စက်ကြမ်းကြုတ်မှုကို အလိုလို ဖိနှိပ်ထားခဲ့သည်။ သူသည် ထိုလှပသော အစ်ကို၏ဘေးတွင် အမြဲနေနိုင်ရန်အတွက် အနည်းငယ်မျှသာဖြစ်စေ ပိုကောင်းလာရန်သာ မျှော်လင့်ခဲ့သည်။

စုမိသားစုသည် ကြင်နာပြီး နွေးထွေးကြကာ၊ သူ့အပေါ် အမြဲတစေ မကျေမနပ်ပြောဆိုတတ်သော သူတို့၏ အကြီးဆုံးဦးလး၏ဇနီး ဝမ်ကွေ့ကျစ်ပင်လျှင် သူ့ကို အမှန်တကယ် မထိခိုက်စေခဲ့ပေ။ အခြေအနေကောင်းသည့်အခါများတွင် သူမသည် သူ့အား မလုံမလဲဖြင့် အရသာရှိသောစားစရာ တစ်ခုခုကို ပေးတတ်သည်။

ထို့ကြောင့် တဖြည်းဖြည်းနှင့် သူသည် ဤမိသားစုကို နှစ်သက်လာခဲ့သည်။ အသက်ကိုအောင့်၍ နာခံဟန်ဆောင်ခြင်း မပြုတော့ဘဲ၊ သူ၏ ပင်ကိုယ်စရိုက်ကို သတိကြီးစွာဖြင့် တဖြည်းဖြည်း ထုတ်လွှတ်ကာ စမ်းသပ်ကြည့်ခဲ့သည်။ သူ့မိသားစုက သူ့ကို ဘယ်တော့မှ မနှစ်မြို့တော့မည် မဟုတ်ကြောင်း သေချာသွားပြီးနောက်၊ သူသည် သူ့ကိုယ်သူ ဤမိသားစု၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုံးလုံးလျားလျား သတ်မှတ်လိုက်တော့သည်။

သို့သော် စုတုန်မှာမူ ကွဲပြားခြားနားခဲ့သည်။ လူငယ်လေး ရှီးယန်နန်သည် သူ့ကို အဘယ်အရာက ထူးခြားစေသည်ကို မသိသော်လည်း၊ သူသည် ပိုးဖလံမီးတိုးသကဲ့သို့ သူ့အနားသို့ ချဉ်းကပ်ချင်စိတ်ကို အလိုလို ဖြစ်ပေါ်နေခဲ့သည်။ သူသည် ထိုခံစားချက်ကို အမှောင်ထဲတွင် အလင်းရောင်အတွက် သူ၏ကြာရှည်စွာ တောင့်တမှုဟု တစ်ချိန်က ထင်ခဲ့သည်။

သူ အသက် ၁၅ နှစ်ပြည့်ပြီး ယောက်ျားလေးများက ညစ်ညမ်းသော နောက်ပြောင်မှုများ ပြောဆိုကြသည့်အချိန်မှ လူငယ်လေး ရှီးယန်နန်သည် စုတုန့် အပေါ် သူ့ခံစားချက်များ၏ သဘောသဘာဝကို သဘောပေါက်လာခဲ့သည်။ သူ၏အိပ်မက်ထဲမှလူ၊ သူပွေ့ဖက်လိုသောသူမှာ လှပသော စုတုန် ဖြစ်သည်။

ဒီခံစားချက်သည် မလိုမုန်းထားခံနေရမည်ကို သူ သေချာပေါက် သိသော်လည်း၊ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်သလို ထိုကဲ့သို့ ပြီးပြည့်စုံသောလူတစ်ယောက်ကို ရွှံ့နွံထဲသို့ ဆွဲမချလိုတော့ပေ…

"ဖတ်! ဖတ်!" စုရှီက သူမ၏ ကိုယ်ကို လှုပ်ခါလိုက်ပြီး ခြင်များ အနားမကပ်စေရန် ဟန့်တားကာ သူမ လက်ကို မြှောက်၍ သူမအစ်ကို၏ လက်မောင်းကို ရိုက်လိုက်သည်။ အိပ်မွေ့ချခံထားရသကဲ့သို့ ငေးငိုင်နေသော ရှီးယန်နန်သည် လန့်ဖျပ်ကာ နိုးလာခဲ့သည်။

စုရှီက ပြောလိုက်သည်။ "တော်ပြီ အစ်ကို၊ မြန်မြန်ရေသွားချိုးတော့။ မိုးချုပ်နေပြီ။ ကိုယ့်ကိုယ်ကို ကြည့်ဦး၊ ခြင်တွေအများကြီး ကိုက်သွားပြီ။ ဘာဖြစ်နေတာလဲ။ မနက်ဖြန်မှ ပြောလို့မရဘူးလား။ ညီမ အိမ်ထဲဝင်တော့မယ်။ အို... ခြင်တွေ အများကြီးပဲ~"

တံခါးကို ပိတ်ပြီးနောက် စုရှီသည် သူမ၏စာရေးစားပွဲသို့ သွားကာ ရေနံဆီမီးခွက်ကို ထွန်းညှိပြီးနောက် ပြတင်းပေါက်ကို အနည်းငယ် ဖွင့်လိုက်သည်။ ထိုအဟကြားမှတစ်ဆင့် သူမသည် ရေချိုးရန် နာခံစွာ သွားသော သူမ၏ အစ်ကိုကို မြင်လိုက်ရသည်။

နောက်ဆုံးတွင် သူမ စိတ်အေးသွားခဲ့သည်။

…

အခု ည ၇ နာရီကျော်နေပြီဖြစ်သည်။

စုရှီက တကယ် အိပ်မပျော်နိုင်သောကြောင့် တရုတ်စာဖတ်စာအုပ်တစ်အုပ်ကို ထုတ်ယူကာ "တာ့ရယ်" ကို စတင်ရွတ်ဆိုနေခဲ့သည်။ စားပွဲပေါ်ရှိ မက်မွန်သီးနှစ်လုံးကို မြင်လိုက်ရသောအခါ ညစာစားချိန်တွင် သူမအစ်ကို သူမအား ပေးခဲ့သည်ကို သတိရသွားသည်။

မူလက စုရှီသည် သွားတိုက်ပြီးဖြစ်သောကြောင့် မက်မွန်သီးများကို မနက်ဖြန်အတွက် သိမ်းထားရန် စီစဉ်ခဲ့သည်။ သို့သော် ထိုမက်မွန်သီးငယ်များမှ ထွက်ပေါ်နေသော မွှေးရနံ့သင်းသင်းက သူမကို သွေးဆောင်နေပြီး စာကျက်ခြင်းမှ အာရုံလွှဲနေခဲ့သည်။ သူမ သွားရည်ပင် ကျလာခဲ့သည်။

စုရှီသည် ငုံးဥအရွယ်အစားသာရှိသော ဤမက်မွန်သီးငယ်လေးများတွင် ဒီမျှပြင်းထန်သော ဆွဲဆောင်မှုရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ နေ့လယ်က မက်မွန်သီးတွေက ဒီလောက် ဆွဲဆောင်မှုရှိခဲ့လို့လား။

များများစားစား မစဉ်းစားဘဲ မက်မွန်သီးများကို ဆေးကြောပြီးဖြစ်သောကြောင့် သူမသည် တစ်လုံးကို တန်းဆွဲယူကာ ကိုက်ချလိုက်သည်။

မမျှော်လင့်ဘဲ မက်မွန်သီးမှာ ကြွပ်ရွနေပြီး အရသာမှာ သူမတစ်ခါမျှ မခံစားဖူးသော ချိုမြိန်သည့် နတ်သုဒ္ဓါအရသာမျိုး ဖြစ်နေသည်။ အရည်များက သူမ၏ လည်ချောင်းထဲသို့ စီးဝင်သွားသည်နှင့်အမျှ စုရှီသည် ထိန်းမနိုင်သိမ်းမရစွာဖြင့် အကြိမ်အနည်းငယ် မျိုချလိုက်မိသည်။ သူမ သတိပြုမိသောအခါတွင် သူမ၏ လက်ထဲ၌ မက်မွန်သီးအစေ့နှစ်စေ့သာ ကျန်တော့သည်။

အခြားမက်မွန်သီးတစ်လုံး ဘယ်လိုပျောက်ကွယ်သွားသည်ကိုပင် သူမ မသိလိုက်ပေ။

စုရှီ မျက်နှာက အနည်းငယ် နီမြန်းသွားသည်။ သူမသည် ကျူးပါကျဲ ဂျင်ဆင်းသီးစားသကဲ့သို့ အလွန်မြန်မြန်စားနိုင်သည်ကို သူမ မသိခဲ့ပေ။ သို့သော် ဤမက်မွန်သီးများမှာ တကယ်ပင် အရသာရှိလှသည်၊ သူမသည် ဤကဲ့သို့ အရသာရှိသော မက်မွန်သီးမျိုးကို တစ်ခါမျှ မစားဖူးခဲ့ပေ။

သူမ၏ စိတ်ထင်လား၊ အမှန်တကယ်လား မသိသော်လည်း၊ မက်မွန်သီးစားပြီးနောက် သူမ၏ ခန္ဓာကိုယ်ထဲတွင် အမြဲနွေးထွေးနေပြီး စိတ်ထဲတွင် အနည်းငယ် ပို၍ကြည်လင်လာသည်ဟု သူမ ခံစားရသည်။

ထိုအတွေးနှင့်အတူ သူမသည် နှုတ်ခမ်းကိုသပ်လိုက်ပြီး အနည်းငယ် အားမလိုအားမရဖြစ်သွားသည်။ ထို့နောက် သူမသည် မက်မွန်သီးအစေ့များကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး မနက်ဖြန် ခြံထဲတွင် စိုက်ပျိုးရန် စဉ်းစားကာ အနာဂတ်တွင် စားရန် မက်မွန်သီးများ ရှိလာမည်လားဟု တွေးတောနေခဲ့သည်။

ဤလှပသော စိတ်ကူးယဉ်မှုအပြီးတွင် စုရှီသည် သူမ၏ စာအုပ်ကို ကောက်ယူကာ နောက်တစ်ကြိမ် လုံ့လဝီရိယဖြင့် စတင်လေ့လာခဲ့သည်။

All Chapters