အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၉
နောက်တစ်နေ့ နံနက်စောစော၌
မနက်ငါးနာရီတွင် ကောင်းကင်သည် မလင်းသေးဘဲ အနည်းငယ် မှုန်မှိုင်းနေသေးသည်။
စုရှီကို အစ်ကိုဖြစ်သူက နှိုးလိုက်သဖြင့် သူမသည် ရွာပတ်လည်တွင် အတူတူပြေးလွှားရင်း အိပ်ချင်မူးတူးဖြင့် လိုက်ပါသွားခဲ့သည်။
"မနေ့က အိပ်ရေးမဝဘူးလား။ ဘာလို့ ဒီလောက်တောင် ပင်ပန်းနေတာလဲ။"
ရှီးယန်နန်က စုရှီ၏ ဘေးတွင် ပြေးလွှားရင်း စိုးရိမ်စွာဖြင့် မေးလိုက်သည်။
စုရှီသည် အနည်းငယ် မူးဝေနေဆဲဖြစ်ပြီး၊ သူမ၏ သေးသွယ်သော ခြေထောက်နှစ်ချောင်းကသာ အသိစိတ်မဲ့စွာ လှုပ်ရှားနေကာ သူမ၏ ပါးစပ်မှ အားနည်းစွာဖြင့် ပြန်ဖြေလိုက်သည်။
"မနေ့ညက ရှုပ်ရှုပ်ရှက်ရှက် အိပ်မက်တစ်ခုမက်လို့ အိပ်လို့မကောင်းခဲ့ဘူး။"
"ဘာအိပ်မက်မက်လို့လဲ။"
"..."
စုရှီ က သူမ၏ လက်ကိုမြှောက်ကာ မျက်နှာကို ပွတ်သပ်လိုက်ပြီး၊ သူမကိုယ်သူမ နိုးထလာစေရန် ပါးကို အသာအယာ အကြိမ်အနည်းငယ် ပုတ်လိုက်သည်။
အိပ်မက်၏ အကြောင်းအရာနှင့်ပတ်သက်၍ သူမ ဘယ်လိုပြောရမည်ကို လုံးဝမသိခဲ့ပေ။ သူမသည် ဘဝနောက်ပြန်ဆုတ်သွားပြီး မက်မွန်ပန်းနတ်မိစ္ဆာတစ်ပိုင်း ဖြစ်သွားသည်ဟု အိပ်မက်မက်ခဲ့ကြောင်း ပြောနိုင်ပါ့မလား။ သူမသည် မက်မွန်ပင်များ၊ မက်မွန်သီးများ သို့မဟုတ် မက်မွန်ပန်းများနှင့် အချိန်ကြာကြာနေလေလေ၊ ပိုလှပလာလေ ဖြစ်သည်။
သူမ၏ မျက်နှာသည် နီရဲလာပြီး ထိုအကြောင်းကို မပြောနိုင်ခဲ့ပေ။ မနေ့ညက အရသာရှိသော မက်မွန်သီးများကြောင့်သာ ထိုသို့သော အိပ်မက်များကို မက်ခဲ့ခြင်းဖြစ်သည်ဟု သူမ သေချာနေသည်။
ထိုမက်မွန်သီးများ၏ အရသာရှိပုံကို စဉ်းစားမိရင်း စုရှီ သည် တံတွေးမျိုချမိကာ ပြောလိုက်သည်။
"ဘာအိပ်မက်မက်လဲ မေ့သွားပြီ၊ အစ်ကို။ အဲ့ဒီမက်မွန်ပင်က ဘယ်မှာလဲ။ မနေ့က အစ်ကိုပေးတဲ့ မက်မွန်သီးတွေက အရမ်းအရသာရှိတာပဲ။ ညီမ အားတဲ့အခါ သွားခူးချင်တယ်။"
ကောင်မလေး တံတွေးမျိုချလိုက်သည့်ပုံစံကြောင့် ရှီးယန်နန် ရယ်မောမိသွားပြီး စုရှီ၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။
"အဲ့ဒါတော့ စဉ်းတောင်မစဉ်းစားနဲ့။ အဲ့ဒီအပင်က ရှာရလွယ်တာမဟုတ်ဘူး။ တနင်္ဂနွေနေ့ အစ်ကိုကျောင်းကပြန်လာတဲ့အထိစောင့်၊ တောင်ပေါ်မှာ အစ်ကိုခူးခဲ့ပေးမယ်။"
"ကိုယ့်ဘာသာကိုယ် ခိုးမသွားနဲ့နော်။"
"..."
"ကြားလားလို့။"
"...ကြားပါတယ်။"
စုရှီက အကြောင်းအရာ ပြောင်းလိုက်သည်။ "အစ်ကို့ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နီးနေပြီနော်။"
ရှီယန်နန် က ချွေးစက်များစီးကျနေသည်ကို သုတ်ရန် သူ့အင်္ကျီအနားစကို မတင်လိုက်ပြီးမှ ပြန်ဖြေသည်။
"အင်း၊ တစ်လတောင် မကျန်တော့ဘူး။"
"အတိအကျ ဘယ်တော့လဲ။"
"နောက်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ၊ ဘာလို့လဲ။"
စုရှီသည် လက်ရှိတက္ကသိုလ်ဝင်ခွင့်စာမေးပွဲသည် နောက်ပိုင်းမျိုးဆက်များထက် တစ်လနောက်ကျသည်ကို ယခုမှ သဘောပေါက်သွားသည်။
"ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းမေးကြည့်တာ။ အစ်ကို ဘယ်တက္ကသိုလ်ကို လျှောက်ဖို့ စဉ်းစားထားလဲ။"
သူလျှောက်ထားလိုသော တက္ကသိုလ်အကြောင်းရောက်လာသောအခါ ရှီးယန်နန်သည် လူငယ်တစ်ယောက်၏ စိတ်အားထက်သန်မှုကို အနည်းငယ်ပြသခဲ့သည်။ သူ၏ပန်းတိုင်မှာ ရှင်းလင်းနေသည်။
"စစ်တက္ကသိုလ်။"
မူလစာအုပ်ထဲတွင်လည်း ရှီးယန်နန် စစ်တက္ကသိုလ်တက်ခဲ့သောကြောင့် စုရှီ အံ့ဩမနေခဲ့ပေ။ "အမျိုးသားကာကွယ်ရေး နည်းပညာတက္ကသိုလ်လား။"
ရှီယန်နန် အံ့အားသင့်သွားသည်။ "နင်က ဒီကျောင်းကိုလည်း သိတာလား။"
စုရှီက သူမ၏အစ်ကိုကို မျက်ဖြူလှန်ပြလိုက်သည်။ "သမီးလည်း နောက်နှစ်အနည်းငယ်ကြာရင် တက္ကသိုလ်တက်မှာလေ၊ ဒါကြောင့် ထိပ်တန်းတက္ကသိုလ်တွေကိုတော့ သေချာပေါက် အာရုံစိုက်ထားရမှာပေါ့။"
ရှီးယန်နန်က ရယ်မောလိုက်ပြီး သူ့လက်ကြီးဖြင့် စုရှီ၏ခေါင်းကို ပုတ်လိုက်သည်။ "ဒါဆိုရင်တော့ နင် ကြိုးစားရမှာပေါ့။ နင့်ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင်တော့ ထိပ်တန်းတက္ကသိုလ်ကို မဝင်နိုင်ဘူး။"
"သမီးကို အထင်မသေးနဲ့။"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အစ်ကို့အမှားပါ။ ငါတို့မိသားစုရဲ့ ရှီရှီ လေးက အတော်ဆုံးပဲ။"
"ကလေးကို ချော့နေတာမို့လို့လား။"
"ဟားဟား..."
……
ရှီးယန်နန်သည် နံနက်စာစားပြီးနောက် တစ်ပတ်စာရိက္ခာများဖြင့် သူ၏စက်ဘီးပေါ်သို့ ခုန်တက်ကာ စုရှီကို ကျောင်းသို့ လိုက်ပို့ခဲ့သည်။
စုရှီ၏ကျောင်းသည် အိမ်နှင့်သိပ်မဝေးလှပေ၊ သို့မဟုတ်ပါက မူလကိုယ်သည် နေ့စဉ်ကျောင်းသို့ ခြေကျင် သွားလာနိုင်မည်မဟုတ်ပေ။
ကျောင်းသို့ရောက်သောအခါ စုရှီသည် သူမ၏အစ်ကိုကို နှုတ်ဆက်ကာ သူမ၏ ကျောင်းလွယ်အိတ်နှင့် နေ့လယ်စာကို သယ်ဆောင်ပြီး သူမ၏ မှတ်ဉာဏ်များအတိုင်း လိုက်ကာ စာသင်ခန်းကို ရှာဖွေခဲ့သည်။
အလယ်တန်း တတိယနှစ်တွင် စာသင်ခန်းတစ်ခန်းတည်းသာရှိပြီး ကျောင်းသားစုစုပေါင်း သုံးဆယ့်နှစ်ဦးရှိကာ မိန်းကလေး ခြောက်ဦးသာ ပါဝင်သည်။
သူမနှင့် တူတူထိုင်သော ဆံပင်တိုနှင့် ဝဝကစ်ကစ် ကောင်မလေးသည် ရောက်နှင့်နေပြီဖြစ်သည်။
"ရှီရှီ၊ နင်ရောက်လာပြီလား။ ဒီနေ့ ဘာလို့နောက်ကျနေတာလဲ။" ဝမ်ရှောက်သည် အတန်းပိုင်ဆရာနှင့် တရုတ်စာဆရာဖြစ်သော ဆရာမဟွမ်၏ သမီးဖြစ်ပြီး ကျောင်းဝန်ထမ်းအဆောင်တွင် နေထိုင်သောကြောင့် သူမသည် အမြဲတမ်းစောစောရောက်တတ်သည်။
စုရှီသည် ပထမဆုံးအချိန်အတွက် လိုအပ်သောစာအုပ်ကိုထုတ်ယူပြီးမှ သူမ၏ ကျောပိုးအိတ်ကို စားပွဲခုံထဲသို့ ထိုးထည့်ကာ ပြောလိုက်သည်။
"ဒီနေ့ အိပ်ရာထနောက်ကျသွားလို့။ ပထမတစ်ချိန်က သင်္ချာနော်။"
"ဟုတ်တယ်၊ သင်္ချာ။ ငါ့အမေက မနက်ကတည်းက အရင်ပေးထားတဲ့ အိမ်စာစစ်မယ်လို့ ပွစိပွစိပြောနေတယ်။ နင် အိမ်စာပြီးပြီလား။"
"ငါ ပြီးပြီ။" ကျောင်းပြန်တက်ရခြင်းက သူမကို အနည်းငယ် မသက်မသာ ဖြစ်စေသော်လည်း သူမသည် ကျောင်းသူတစ်ယောက်၏ တာဝန်များကို လိုက်နာနေဦးမည်ဖြစ်သည်။
စုရှီ စကားပြောပြီးနောက် ဝမ်ရှောက် သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။ သူမ အနည်းငယ် နားမလည်ဖြစ်ကာ ပြောလိုက်သည်။ "ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲ။"
ဝမ်ရှောက်က တခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။ "ငါ့စိတ်ထင် နှစ်ရက်လေးအတွင်းမှာ နင်က ပိုပြီးတော့တောင် ဆွဲဆောင်မှုရှိလာသလိုပဲ။"
စုရှီက သူမနောက်နေသည်ဟုထင်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "နင့်ရဲ့ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။"
ဝမ်ရှောက်က ဆက်ပြောခဲ့သည်။ "ငါသတိထားမိတာ နင် အသား နည်းနည်းပိုဖြူလာသလားလို့။ အသားဖြူရင် အပြစ်အနာအဆာတွေကို ဖုံးကွယ်နိုင်တယ်လို့ ပြောကြတာ မဆန်းပါဘူး။ နင်က အရင်ကတည်းက ရုပ်လှပြီးသား၊ အခု အသားအရေ ပိုဖြူလာတော့ ပိုတောင်လှလာတယ်။"
စုရှီသည် သူမ၏ စားပွဲဖော်ဘက်သို့ ခေါင်းလှည့်လိုက်ပြီး အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ နှစ်ရက်သာရှိသေးသည်၊ သူမ ဘယ်လိုသိသိသာသာ ဖြူလာနိုင်မည်နည်း။ ထို့အပြင် သူမသည် သူမ၏ အသားအရေကို တမင်တကာ ဖြူအောင်ကြိုးစားခဲ့ခြင်းမရှိပေ။
"နင့်မျက်ခမ်းထောင့်မှာ ပန်းရောင်အမှတ်အသားလေးက ဘာဖြစ်လို့လဲ။" စုရှီ ဘာမှမပြောရသေးခင်မှာ ဝမ်ရှောက်က သူမကို အနီးကပ်စစ်ဆေးကြည့်ရှုကာ အနားသို့ အနည်းငယ်တိုးလာသည်။
မသက်မသာခံစားရသဖြင့် စုရှီသည် နောက်သို့ဆုတ်ရန် ကြိုးစားသော်လည်း ဝမ်ရှောက်က သူမကို ဖမ်းဆွဲထားပြီး အနီးကပ်ကြည့်ရှုပြီးနောက် အံ့ဩတကြီးပြောလိုက်သည်။
"နင့်ရဲ့ညာဘက်မျက်လုံးထောင့်အောက်မှာ ပန်းရောင်အမှတ်အသားတစ်ခုရှိတယ်။ မှဲ့တစ်လုံးလိုပဲ၊ မက်မွန်ပန်းပုံစံမျိုးဖြစ်နိုင်တယ်… ဒါမှမဟုတ် ဇီးပန်းပုံစံလည်းဖြစ်နိုင်တယ်။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ သိပ်မသိသာပေမယ့် ငါ့လို အလှတရားကို သတိထားမိတတ်တဲ့သူမျိုးမှပဲ မြင်နိုင်မှာ။"
စကားပြောပြီးနောက် စုရှီ မယုံမည်ကိုစိုးရိမ်သောကြောင့် သူမကျောပိုးအိတ်ထဲမှ မှန်ငယ်လေးတစ်ချပ်ကိုထုတ်ကာ စုရှီ လက်ထဲသို့ပေးပြီး ကိုယ်တိုင်ကြည့်ရန် အမူအရာဖြင့် ပြလိုက်သည်။
စုရှီက သံသယတစ်ဝက်ဖြင့် မှန်ကိုယူပြီးနောက် သူမ၏ ညာဘက်မျက်လုံးထောင့်တွင် ပဲစေ့အရွယ် ပန်းရောင်မှဲ့တစ်ခုကို အမှန်တကယ်တွေ့လိုက်ရသည်။ အရောင်သည် အလွန်ဖျော့ပြီး ဂရုတစိုက်မကြည့်ပါက မမြင်နိုင်ပေ။
ဒါဖြစ်နိုင်ပါ့မလား… မနေ့ညက အိပ်မက်က တကယ်ဖြစ်နေတာလား။
ဒါဘယ်လိုဖြစ်နိုင်မှာလဲ။
*မှန်ကွဲသံ*
"အိုး! ရှီရှီ၊ မြန်မြန်လွှတ်လိုက်။ မှန်ကွဲသွားပြီ။ နင် ဘာဖြစ်သွားသေးလဲ။ နင့်လက် မရှဘူးမလား။"
ဝမ်ရှောက်က စုရှီ၏လက်ကို ဖြဲကြည့်လိုက်ပြီး ဒဏ်ရာမရှိသည်ကိုတွေ့မှ စိတ်သက်သာရာရသွားသည်။ စိတ်အေးသွားပြီးနောက် သူမ ချက်ချင်းတောင်းပန်လိုက်သည်။
"ငါတောင်းပန်ပါတယ် ရှီရှီရယ်။ မှန်ကကွဲနေမှန်း ငါမသိခဲ့ဘူး။ ကံကောင်းလို့ နင့်လက် ဘာမှမဖြစ်တာ။"
စုရှီ ရှက်သွားသည်။ မှန်ကွဲနေခြင်းမဟုတ်ဘဲ၊ သူမ ခဏအကြာက လန့်သွားပြီး သူမ၏ ခွန်အားကို ထိန်းချုပ်ရန် မေ့သွားခဲ့ခြင်းဖြစ်သည်။
သို့သော် ဤအရာကို ရှင်းပြရန်မလွယ်ကူပေ။ သူမသည် ဟန်ကိုယ်ဖို့သာ ပြုံးပြနိုင်ပြီး ဘာပြောရမည်ကို မသိခဲ့ပေ။ နေ့လယ်စာစားချိန်တွင် ဝမ်ရှောက်အတွက် မှန်အသစ်တစ်ချပ်ဝယ်ပေးရန် သူမ စီစဉ်လိုက်သည်။
ကံကောင်းစွာဖြင့် ပထမအတန်းချိန်အတွက် ခေါင်းလောင်းထိုးလာသဖြင့် သူမ စိတ်ထဲ ရှုပ်ထွေးနေသော်လည်း စာသင်ကြားမှုကို အာရုံစိုက်နားထောင်ခဲ့သည်။
မနေ့က အိပ်မက်ထဲတွင် သူမသည် မူလဇာတ်ကောင် "စုရှီ" ဖြစ်ခဲ့သည်ကို သူမသတိရသည်။ သို့သော် ပြင်ပအင်အားစုများကြောင့် ငယ်ရွယ်သော စုရှီသည် အချိန်မတိုင်မီ သေဆုံးခဲ့ရသည်။
ယခု အချိန်နှင့်နေရာကို ကျော်ဖြတ်လာပြီးနောက် သူမသည် သူမ၏ အတိတ်က ကိုယ်ကို အစားထိုးကာ သူမ၏ သွေးမျိုးရိုးကို အသက်ဝင်စေပြီး သူမကို မက်မွန်ပန်းနတ်မိစ္ဆာတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
ဒါဆို သူမရဲ့ ခွန်အားတွေ တိုးလာတာက သူမ လူသားမဟုတ်တော့လို့လား။
မဟုတ်ဘူး… အဲ့ဒါ မဖြစ်နိုင်ဘူးမလား။
…ဒါက တကယ်လား ဒါမှမဟုတ် သူမရဲ့စိတ်ကူးယဉ်မှုတစ်ခုသက်သက်လား။
သူမ အနည်းငယ် ထိတ်လန့်သွားသည်။
စုရှီသည် တစ်နေ့တာလုံး စိတ်ရှုပ်ထွေးမှုများနှင့်အတူ ကျောင်းဆင်းခေါင်းလောင်းသံမြည်သည်အထိ ကြံ့ကြံ့ခံနိုင်ခဲ့သည်။
သူမသည် သူမ၏ စားပွဲဖော်ကို နှုတ်ဆက်ကာ ကျောပိုးအိတ်ကို ကောက်ယူပြီး ကျောင်းအပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။
သူမသည် မက်မွန်ပန်းများနှင့် ပတ်သက်သည့်အရာတစ်ခုခုကို အာရုံခံနိုင်လားဆိုသည်ကို အတည်ပြုရန် လိုအပ်သည်၊ သူမ မက်မွန်ပန်းတို့နှင့် ဆက်စပ်သောအရာ တစ်ခုခုအနားသို့ ချဉ်းကပ်လိုက်ရုံပင်။
ကျေးလက်လမ်းများပေါ်တွင် တောမက်မွန်ပင်များ အတော်အတန်ရှိသည်။
စုရှီ မက်မွန်ပင်များအကြောင်း စဉ်းစားလိုက်တိုင်း ရှင်းပြမရသော လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုက သူမကို ဦးတည်ရာတစ်ခုသို့ ဆွဲခေါ်နေခဲ့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သော ခံစားချက်နောက်သို့ လိုက်ရုံဖြင့် သူမ မက်မွန်ပင်ကို တိကျစွာ ရှာဖွေနိုင်ခဲ့သည်။
မက်မွန်ပင်တစ်ပင်သို့ ချဉ်းကပ်လိုက်တိုင်း သူမဘာမှမလုပ်လျှင်ပင်၊ အနီးတွင် ရပ်နေရုံမျှဖြင့် မနေ့က မက်မွန်သီးများစားခဲ့စဉ်ကကဲ့သို့ လန်းဆန်းမှုကို ခံစားရသည်။
ဒါ တကယ်ဖြစ်နိုင်ပါ့မလား။
အမယ်လေး ဘုရား ဘုရား … ဒါက မယုံနိုင်လောက်အောင် အံ့ဩစရာကောင်းလိုက်တာ။
ဘဝကူးပြောင်းမှုတစ်ခုအပြီးတွင် သူမ တကယ်ကြီး မတူညီတဲ့ မျိုးစိတ်တစ်ခုအဖြစ် တန်းပြောင်းလဲသွားခဲ့သည်လား။
သူမသည် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသလား မသိသောကြောင့် စုရှီသည် သူမလက်ကို မြှောက်ကာ သေးငယ်သော အမွှေးပွမက်မွန်သီးတစ်လုံးကို ညှစ်ကြည့်လိုက်၏။ သူမသည် နတ်မိစ္ဆာတစ်ပိုင်းဖြစ်နေပြီဖြစ်သောကြောင့် ဤမက်မွန်သီးငယ်လေးသည် ချက်ချင်းရင့်မှည့်သွားပြီး အရွယ်ရောက်ပြီး မက်မွန်သီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်ဟု သူမ စိတ်ကူးကြည့်နိုင်မလားဟု တွေးလိုက်သည်။
ထို့နောက်၊ သူမ၏ အထိန်းအကွတ်မဲ့သော စိတ်ကူးယဉ်မှုအတွက် သူမကိုယ်တိုင် ညင်သာစွာရယ်မောခြင်းမပြုမီ၊ သူမ၏ လက်ထဲရှိ ငုံးဥအရွယ် အစိမ်းရောင်မက်မွန်သီးသည် မျက်စိဖြင့်မြင်နိုင်သောအရှိန်ဖြင့် သိသိသာသာကြီးထွားလာပြီး မက်မွန်သီးတစ်ခုလုံးမှ မွှေးပျံ့သောမက်မွန်ရနံ့များ ထုတ်လွှတ်ကာ သူမလက်ထဲသို့ သဘာဝအတိုင်း ကျဆင်းလာခဲ့သည်။
...ဂလု!
တပ်မက်မှုကြောင့်ဖြစ်စေ အံ့အားသင့်မှုကြောင့်ဖြစ်စေ စုရှီ တံတွေးတစ်လုပ်ကို မျိုချလိုက်မိသည်။
ထို့နောက်လောဘတကြီးနဲ့ နောက်ထပ် မက်မွန်သီးငယ်လေးတစ်လုံးကို ထိလိုက်၏။
သူမ ကျောပိုးအိတ်ထဲတွင် အနီရောင်မက်မွန်သီးကြီး ကိုးလုံးထည့်ပြီးနောက် စုရှီ အနည်းငယ် ခေါင်းကိုက်သလို ခံစားလိုက်ရသည်။ ဤနတ်မိစ္ဆာတစ်ပိုင်းစွမ်းအားဟုခေါ်သော အရာက အကန့်အသတ်မရှိခြင်း မဟုတ်သည်မှာ ထင်ရှားသည်။
သို့သော် သူမ ကျောပိုးအိတ်ထဲမှ မက်မွန်သီးများကိုကြည့်ရင်း စုရှီသည် ကျေနပ်သောခြေလှမ်းများဖြင့် အိမ်သို့ ပျော်ရွှင်စွာ လျှောက်သွားခဲ့သည်။
သို့သော် အိမ်နှင့်မနီးမဝေး၌ သူမဆီသို့ လာနေသော ချောမောသော လူတစ်ယောက်ကြောင့် သူမလန့်သွားသည်။
"အစ်ကိုကြီး၊ ဘာလို့ ပြန်ရောက်နေတာလဲ။"
ကျော့ရှင်း၍ လှပကာ လောကတွင် ပြိုင်ဘက်ကင်း၏။*
[ ဤအသုံးအနှုန်းကို လူတစ်ဦးတစ်ယောက်၏ ထူးကဲသော အလှတရား သို့မဟုတ် ကျက်သရေရှိမှုကို ချီးကျူးရန် မကြာခဏအသုံးပြုလေ့ရှိပြီး ထိုပုဂ္ဂိုလ်သည် လောကတွင် တုနှိုင်းဖွယ်ရာ ဒုတိယတစ်ယောက်မရှိအောင် ထူးချွန်ပြောင်မြောက်ကြောင်း ဖော်ညွှန်းသည်။ ]
အတိတ်ဘဝတွင် စုရှီသည် ဤစာကြောင်းကို သိပ်နားမလည်ခဲ့ပေ။ လောကကြီးထဲမှာ ရုပ်ရည်သွင်ပြင်တစ်ခုတည်းနှင့်ပင် အလွန်အမင်း ရင်သပ်ရှုမောဖွယ်ကောင်းသော လူတစ်ယောက် ဘယ်လိုများရှိနိုင်မည်နည်း။
သို့သော် ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီအနက်ကို ဝတ်ဆင်ထားသော စုတုန်က ညင်သာသော အပြုံးတစ်ခုဖြင့် လျှောက်လှမ်းလာနေသည်ကို မြင်ပြီးနောက်တွင်တော့ စုရှီသည် သူမက ဗဟုသုတနည်းပါးပြီး ကမ္ဘာကြီးကို မမြင်ဖူးသေးကြောင်း ဝန်ခံလိုက်ရသည်။
ထိုလူသည် အရပ် ၁.၈၅ မီတာခန့် မြင့်သည်။ သူ့ကိုယ်ဟန်အနေအထားမှာ မြင့်မား၍ ကျော့ရှင်းပြီး သူ၏မျက်နှာသွင်ပြင်များမှာ ထူးကဲစွာ လှပနေသည်။ သူ၏ မည်းနက်နေသော ဆံပင်တိုများက ဖြူဖျော့နေသော အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဖီးနစ်ငှက်၏ မျက်လုံးများကဲ့သို့သော မျက်ဝန်းများတွင် အပြုံးရိပ်များလွှမ်းခြုံလျက်ရှိပြီး ဖြောင့်စင်းသော နှာတံနှင့် မိသားစုဝင်များကို မြင်တွေ့ရ၍ ပျော်ရွှင်မှုကြောင့် အပေါ်သို့ကော့ညွှတ်နေသော နှုတ်ခမ်းပါးတစ်စုံကို ပိုင်ဆိုင်ထားသည်။
စုတုန်က လက်မြှောက်၍ သူ့ညီမလေး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး သူမ လွယ်အိတ်ကို ယူလိုက်သည်။ သူက ညင်သာသောအပြုံးဖြင့် နွေးထွေးစွာ ပြောလိုက်သည်။
"ဘာဖြစ်နေတာလဲ။ အစ်ကိုတို့တွေ မတွေ့တာ လအနည်းငယ်ကြာသွားတော့ မင်းအစ်ကိုကြီးကို မမှတ်မိတော့ဘူးလား။"
စုရှီ - "…"
သူမ သူ့ကို မမှတ်မိခြင်းမဟုတ်ဘဲ သူမ အစ်ကိုကြီးက အလွန်အမင်း ခန့်ညားလွန်းနေသောကြောင့် ဖြစ်သည်။ ထိုသို့ခန့်ညားလွန်းခြင်းက သူမအနေဖြင့် မတရားလိုက်တာဟု ခံစားရသည်အထိပင် ဖြစ်သည်။
ဤအရာသည် ဖန်ဆင်းရှင်မှ ချီးမြှင့်ပေးသနားသော အလှတရားဖြစ်ပြီး ထိုအလှတရား၏ အရှိန်အဝါမှာ အလွန်လွှမ်းမိုးနိုင်လွန်းသည်။ ထိုကဲ့သို့သော မျက်နှာမျိုးကို ခုခံနိုင်စွမ်းမရှိသေးသည့်အတွက် သူမကို ခွင့်လွှတ်စေလိုသည်။ "အစ်ကိုကြီး ဘာလို့ ဒီအချိန်ကြီး ပြန်လာတာလဲ။"
စုတုန့်၏ လွတ်နေသောလက်တစ်ဖက်က စုရှီ၏ ပုခုံးပေါ်သို့တင်လိုက်ပြီး သူ့ညီမကို အိမ်သို့လမ်းလျှောက်ပြန်ရန် ညင်သာစွာ တိုက်တွန်းလိုက်သည်။
"အစ်ကို့ကို ခရိုင်ဆေးရုံကို ပြောင်းရွှေ့လိုက်ပြီ။ နောက်ဆိုရင် ညီမလေးကို မကြာခဏ ပြန်လာတွေ့နိုင်တော့မှာ။"
အမှန်တကယ်တွင် သူ့မိဘများ သေဆုံးသွားသည့်သတင်းကို လက်ခံရရှိပြီးနောက် သူသည် သူ့ဇာတိမြို့သို့ ပြန်လာရန် စတင်ပြင်ဆင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အကြီးဆုံးသားဖြစ်ပြီး သူ့အဖွားနှင့် မောင်နှမနှစ်ယောက်စလုံးမှာ သူ့တာဝန်ပင်ဖြစ်သည်။
စုရှီ အံ့အားသင့်သွားခဲ့သည်။ "ပေကျင်းက ဆေးရုံမှာ အစ်ကို အဆင်ပြေနေတာ မဟုတ်ဘူးလား။ ခရိုင်ကို ပြောင်းလာတာက အစ်ကိုကြီးရဲ့ အလုပ်အကိုင် တိုးတက်မှုကို ကန့်သတ်ထားသလို ဖြစ်မသွားဘူးလား။ ဒါက ညီမတို့တွေကြောင့်လား…။"
စုတုန်က သူ၏ရှည်လျားပြီး ဖြူဖွေးသော လက်ချောင်းများကို မြှောက်ကာ သူ့ညီမလေး၏ နဖူးကို ခပ်ဖွဖွလေး ခေါက်လိုက်ပြီး သူ့ခံစားချက်များကို အပြုံးဖြင့် ဖော်ပြလိုက်သည်။
"ရှီရှီလေး အရွယ်ရောက်လာပြီပဲ။ အစ်ကိုပြန်လာတာ မင်းတို့ကြောင့်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အစ်ကိုက ဆရာဝန်တစ်ယောက်လေ မြို့ကြီးတွေမှာ ဆရာဝန်မရှားပါဘူး။ ဒါပေမယ့် ဒီမှာတော့ ဆေးကုသမှုစံနှုန်းတွေက အများကြီးနိမ့်တယ်။ မြို့တော်က အစ်ကို့ကို လွမ်းနေမှာမဟုတ်ပေမယ့် အစ်ကို့ဇာတိမြို့မှာတော့ အစ်ကို အကျိုးပြုနိုင်ဖို့ မျှော်လင့်တယ်။ ရှီရှီ နားလည်နိုင်ရဲ့လား။"
စုရှီ ခေါင်းညိတ်လိုက်သည်။ သူမဘယ်လိုလုပ် နားမလည်ဘဲ ရှိနိုင်မည်နည်း။ ဤသည်မှာ သူမအစ်ကိုကြီး၏ ခံစားချက်ပင်ဖြစ်သည်။
"အစ်ကိုကြီး ပြန်လာတာကို ဒုတိယ အစ်ကိုကော သိလား။"
ထိုစကားကိုကြားသောအခါ စုတုန်၏ မျက်လုံးများက တစ်ချက်လက်သွားပြီးနောက် သူက နွေးထွေးစွာ ပြောလိုက်သည်။
"မသိသေးဘူး။ အစ်ကို မနက်ဖြန်မှ ခရိုင်ဆေးရုံကို စာရွက်စာတမ်းကိစ္စတွေ သွားလုပ်ပြီး သူ့ကိုတွေ့ဖို့ ကျောင်းကို သွားလိုက်မယ်။"
"ဒုတိယ အစ်ကို အရမ်းပျော်သွားမှာပဲ။"
"ဟားဟား။ ဒါဆို ရှီရှီ ကကော ပျော်လား။"
"အစ်ကိုကြီး သမီး အခု ၁၅ နှစ်ရှိပြီ။ ကလေးတစ်ယောက်ကို စကားပြောသလိုမျိုး သမီးကို ပြောနေတာ ရပ်လို့ရမလား။"
"ကောင်းပြီ ဒါ အစ်ကို့အမှားပါ။ ရှီရှီလေးက အခု လူကြီးဖြစ်နေပြီပဲ။"
စုရှီ - "….."
အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၁၀
စုရှီ အိမ်ပြန်ရောက်ပြီးနောက် အကြီးဆုံး ဦးလေး၏ မိသားစုလည်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ မြို့နယ်မှ သူမ၏ ဝမ်းကွဲအစ်ကိုပင်လျှင် သူ့ကလေးကိုခေါ်၍ လာရောက်ခဲ့သည်။ လူအယောက်နှစ်ဆယ်ကျော် စုရုံးနေကြသဖြင့် အငွေ့အသက်မှာ အမှန်တကယ် ပျော်စရာကောင်းလှသည်။
သူ့ညီဖြစ်သူ စုချန်းရှောင် (စုရှီ၏ ဖခင်) ၏ မိသားစုလေးနှင့် နှိုင်းယှဉ်ပါက အကြီးဆုံး ဦးလေး စုချန်းကျုန်းတွင် သားလေးယောက်ရှိပြီး သမီးတစ်ယောက်မှ မရှိပေ။
သူမ၏ အကြီးဆုံးဝမ်းကွဲအစ်ကိုသည် ခရိုင်၏ သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် အလုပ်လုပ်ပြီး ဒုတိယဝမ်းကွဲအစ်ကိုမှာ မြို့နယ်၏ ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမတွင် အလုပ်လုပ်သည်။ တတိယဝမ်းကွဲအစ်ကိုမှာ ခရိုင်၏ နိုင်ငံပိုင်စားသောက်ဆိုင်တွင် စားဖိုမှူးဖြစ်ပြီး စတုတ္ထဝမ်းကွဲအစ်ကိုမှာ မြို့နယ်၏ မူလတန်းကျောင်းတွင် ဆရာတစ်ဦးဖြစ်သည်။
ဤခေတ်အခါတွင် တည်ငြိမ်သောအလုပ်တစ်ခုရှိခြင်းသည် အထင်ကြီးစရာကောင်းလှသည်။ အကြီးဆုံး ဦးလေး၏ သားလေးယောက်စလုံးတွင် ထိုကဲ့သို့ တည်ငြိမ်သောအလုပ်များ ရှိနေခြင်းကို အနီးအနားရှိ ရွာများက အားကျနေကြသည်။
ဟုတ်ပေသည်။ လူတိုင်းအတွက် ကံတရားက မျက်နှာသာမပေးခဲ့ပေ။ သူ့ကိုယ်ပိုင်အရည်အချင်းဖြင့် ကျောင်းဝင်ခွင့်ရခဲ့သော စတုတ္ထဝမ်းကွဲအစ်ကိုမှလွဲ၍ ကျန်ဝမ်းကွဲအစ်ကိုများအားလုံးကို စုရှီ၏ ဖခင်က ကူညီပေးခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ စုချန်းရှောင်သည် သူ့အသက်ကိုမစွန့်လွှတ်မီ ဒုတိယဌာနခွဲမှူးရာထူးအထိ ရောက်ရှိခဲ့သည်။
အကြီးဆုံး ဦးလေးနှင့် စုရှီ၏ ဖခင်တို့သည် အစကတည်းကပင် အလွန်ရင်းနှီးကြသည်။ ထိုအကြောင်းများကြောင့်ပင် သူတို့သည် စုရှီ၏ မိသားစုကို ကြိုဆိုရန် ပို၍ပင် စိတ်အားထက်သန်နေကြသည်။
ယခု စုတုန် ခရိုင်သို့ ပြန်လည်ပြောင်းရွှေ့လာသောအခါ သူတို့သည် အရာအားလုံးကို ချက်ချင်းဘေးဖယ်ထား၍ အတူထမင်းစားရန် ရောက်လာကြခြင်းဖြစ်သည်။
သူ့တူနှင့်တူမ ဝင်လာသည်ကိုမြင်သောအခါ အကြီးဆုံး ဦးလေး စုချန်းကျုန်းက စုရှီကို အပြုံးဖြင့် လက်ယပ်ခေါ်လိုက်သည်။
"ရှီရှီ ဒီရက်ပိုင်း ဘယ်လိုနေလဲ။ ကျန်းမာရေးကော ကောင်းသွားပြီလား။"
အကြီးဆုံး ဦးလေးမှာ အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သော်လည်း ထိုအသက်အရွယ်တွင် မျှော်လင့်ထားသည့် အိုမင်းရင့်ရော်ခြင်းလက္ခဏာများမရှိဘဲ တက်ကြွလန်းဆန်းနေပုံရသည်။
စုရှီ ပြုံးကာ စုချန်းကျုန်း၏ ဘေးတွင် သွားထိုင်ပြီး ပြောလိုက်သည်။ "သမီး နေကောင်းနေတာ အတော်ကြာပါပြီ။ ဦးလေးကို စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်။"
စုချန်းကျုန်းတွင် သမီးမရှိသလို မြေးမလေးတစ်ယောက်ပင်မရှိပေ။ သားလေးယောက်မှ မွေးဖွားလာသော မြေးယောက်ျားလေးတစ်သိုက်နှင့်အတူ သူသည် သူ့ကွယ်လွန်သူ ညီလေး၏ မိသားစုမှ နူးညံ့သိမ်မွေ့သော တူမလေးကို အထူးအချစ်ပိုခဲ့သည်။ ယခု သူ့ညီ ကွယ်လွန်သွားသောအခါ အရွယ်ရောက်ပြီးသော တူနှစ်ယောက်နှင့် နှိုင်းယှဉ်လျှင် ထိုမိန်းကလေးကို သူ ပို၍ပင် စိတ်မချနိုင်ဖြစ်မိသည်။ မည်သို့ပင်ဖြစ်စေ ယောက်ျားလေးများမှာ ကြမ်းတမ်းစွာ ကြီးပြင်းလာကြသော်လည်း မိန်းကလေးများမှာမူ ကွဲပြားပြီး နူးညံ့သိမ်မွေ့ကြသည်။
စုချန်းကျုန်းသည် သူ့အိတ်ကပ်ထဲမှ သကြားလုံးအနည်းငယ်ကိုထုတ်ကာ စုရှီဆီ ပေးပြီး ပြောလိုက်သည်။
"ဒါလေးတွေယူပြီး စားလိုက်ဦး။ အကြီးဆုံး ဦးလေးက သမီးအတွက် ယူလာတာ ဒီနေ့ လူတစ်ယောက်ဆီကနေ လဲလာတာ။"
စုရှီသည် သူမအကြီးဆုံး ဦးလေး၏ ကြမ်းတမ်းမည်းညစ်ပြီး အသားမာတက်နေသော လက်များထဲတွင် သကြားလုံးအနည်းငယ်ကို ကိုင်ထားသည်ကို ကြည့်လိုက်သည်။ သူမ နှလုံးသားမှာ နူးညံ့သွားပြီး မဆိုင်းမတွပင် ယူလိုက်သည်။
သူမ၏ မှတ်ဉာဏ်များထဲတွင် ဒီအကြီးဆုံး ဦးလေးသည် မူလကိုယ်အား အရသာရှိသော မုန့်များကို မကြာခဏ ပေးလေ့ရှိပြီး သူ့သားအရင်းများနှင့် မြေးများကိုပင် သူမနောက်တွင် ထားခဲ့သည်။
ဘေးတွင် ဆောင့်ကြောင့် သို့မဟုတ် ဒီတိုင်းထိုင်နေကြသော ဝမ်းကွဲအစ်ကိုများနှင့် တူများက သူတို့၏ ဖခင်/အဘိုး၏ ဘက်လိုက်သောသဘောထားကို ကျင့်သားရနေပြီဖြစ်ပြီး မျက်ခုံးတစ်ချက်မပင့်ဘဲ သူတို့ ပြောလက်စ အကြောင်းအရာများကို ဆက်ပြောနေကြသည်။
စုရှီသည် သကြားလုံးတစ်လုံးကို အခွံခွာ၍ ပါးစပ်ထဲသို့ထည့်ပြီး အရသာခံလိုက်သည်။ ဤအချိန်တွင် သကြားလုံးမာများမှာ အနာဂတ်၏ အရသာမျိုးစုံနှင့်နှိုင်းယှဉ်လျှင် အထူးတလည် အရသာမရှိသော်လည်း စုရှီကမူ ထိုသကြားလုံးများကို နှစ်ခြိုက်စွာ စားသုံးနေဆဲဖြစ်သည်။
ရုတ်တရက် သူမ ကျောပိုးအိတ်ထဲမှ မက်မွန်သီးများကို သတိရလိုက်သည်။ ကိုးလုံးသာရှိသော်လည်း အကယ်၍ ခွဲဝေလိုက်ပါက လူတစ်ယောက်လျှင် မက်မွန်သီးတစ်လုံး၏ သုံးပုံတစ်ပုံခန့် ရရှိနိုင်သေးသည်။
သူမသည် ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ သူမ အခန်းသို့ ပြန်ပြေးသွားလိုက်သည်။ အမှန်ပင် စားပွဲပေါ်တွင် လွယ်အိတ်တစ်လုံးကို တွေ့လိုက်ရသည်။ သို့သော် လွယ်အိတ်အပြင် သရေစာမုန့်များစွာလည်း ရှိနေသည်။ စဉ်းစားစရာမလိုဘဲ ထိုမုန့်များသည် သူမ ဖခင်နှင့် အသက်အရွယ် မတိမ်းမယိမ်းရှိသော သူမ၏ ဝမ်းကွဲအစ်ကိုကြီးများက ယူဆောင်လာခဲ့ခြင်းဖြစ်သည်ကို သူမ သိသည်။ ကျောပိုးအိတ်ထဲမှ စာအုပ်များကို ထုတ်ပြီးနောက် သူမ မက်မွန်သီးများကို ရေဆေးရန် ရေတွင်းသို့ သယ်သွားခဲ့သည်။
"အိုး။ ဒီမက်မွန်သီးက မသေးဘူးပဲ ဘယ်ကရတာလဲ။"
စုရှီသည် ဆေးကြောပြီးသော မက်မွန်သီးများကို ဟင်းသီးဟင်းရွက်တောင်းဖြင့် မီးဖိုချောင်သို့ ယူဆောင်လာခဲ့သည်။ သူမ၏ ယောင်းမက ထိုသို့ အသွင်အပြင်ကောင်းမွန်သော မက်မွန်သီးများကို မြင်သောအခါ အံ့အားသင့်ကာ မေးလိုက်သည်။
ဒုတိယယောင်းမကလည်း လှည့်၍ပြုံးကာ ပြောလိုက်သည်။
"ဒါ မေနီမျိုးလား။ ဘယ်မှာဝယ်တာလဲ။ ဈေးကြီးလား။ ငါလည်း နည်းနည်းလောက် သွားဝယ်ချင်လို့။"
စုရှီသည် မက်မွန်သီးများကို အကြီးဆုံး အဒေါ်ဝမ်ဆီသို့ပေးကာ လိမ်လည်၍ ပြောလိုက်သည်။ "ကျောင်းကအပြန်လမ်းမှာ အဘိုးကြီးတစ်ယောက် ရောင်းနေတာတွေ့လို့။ နည်းနည်းပဲကျန်တော့တာနဲ့ အကုန်ဝယ်လာလိုက်တာ။ တစ်လုံးကို တစ်ပြားပဲ။"
"တစ်လုံးကို တစ်ပြား။" အကြီးဆုံးယောင်းမက အသက်ရှူမှားသွားသည်။ ယခုအချိန်တွင် ကြက်ဥတစ်လုံးပင် နှစ်ပြားပေးရသည်။ ဤဖြုန်းတီးသောကလေးမမှာ ငွေသုံးရန် အလွန်ဝန်မလေးပေ။
စုရှီက ထိုစကားများကို ပြောလိုက်သောအခါ ဝမ်ကွေ့ကျစ်သည် ကုန်ကျစရိတ်ကို ဂရုမစိုက်တော့ပေ။ သူမ ပိုက်ဆံဖြင့် သုံးစွဲခြင်းမဟုတ်သောကြောင့် သူမသည် လျင်မြန်စွာပင် စဉ့်နီတုံးနှင့် ဓားကို သန့်စင်လိုက်သည်။ သူမ တရပ်စပ် လှုပ်ရှားလျက် မက်မွန်သီးကိုးလုံးကို ရှင်းလင်းပြတ်သားသော အစိတ်လေးများအဖြစ် လှီးဖြတ်လိုက်သည်။
လှီးဖြတ်ပြီးနောက် မွှေးကြိုင်ပြီး ဆွဲဆောင်မှုရှိသော မက်မွန်သီးရနံ့သည် သေးငယ်လှသော မီးဖိုချောင်ထဲသို့ ပျံ့နှံ့သွားသည်။ အမျိုးသမီးအချို့သည် သူမတို့ သရည်ကို မထိန်းနိုင်ဘဲ သူမတို့၏ အလုပ်များကို စွန့်ပစ်ကာ စားပွဲပေါ်ရှိ လှီးဖြတ်ထားသော မက်မွန်သီးများကို ချက်ချင်း အကုန်စားပစ်ချင်သည့်အလား စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။
တတိယယောင်းမက ပွင့်လင်းစွာ ပြောလိုက်သည်-
"ဟယ် ဒီမက်မွန်သီးတွေ ဈေးကြီးမယ်ဆိုတာ ငါသိသားပဲ။ ဒီအနံ့ကတော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမရဖူးဘူး။"
စုရှီသည် ပိုကြီးပုံရသော အစိတ်တစ်စိတ်ကိုယူ၍ သူမ အဖွားဆီသို့ ပေးလိုက်သည်။ ထို့နောက် သူမသည် အကြီးဆုံးအဒေါ်နှင့် အခြားယောင်းမအနည်းငယ်ကို ပေးလိုက်သည်။ ကျန်ရှိသော အစိတ်များကို တောင်းထဲသို့ထည့်၍ အပြင်သို့ သယ်ထုတ်သွားသည်။
လူတိုင်းကို တစ်စိတ်စီပေးခဲ့ပြီး ပိုလျှံနေသော တစ်စိတ်ကိုမူ လူတိုင်းက စုရှီကို အလိုက်သိစွာ ပေးလိုက်ကြသည်။
ထို့ကြောင့် စုရှီသည် တစ်ယောက်တည်း မက်မွန်သီးအစိတ်နှစ်စိတ် စားလိုက်ရသည်။
လူတိုင်း မက်မွန်သီးများရရှိပြီးနောက် သူတို့သည် ဂျင်ဆင်းသစ်သီးကို မျိုချသည့် ကျူးပါကျဲ၏ ပုံစံကို သရုပ်ပြကာ စုပေါင်း၍ ပြဇာတ်တိုတစ်ပုဒ်ကို ဖျော်ဖြေတင်ဆက်ကြသည်။
စားသောက်ပြီးနောက် သူတို့က အာမေဋိတ်သံဖြင့် ပြောလိုက်ကြသည်။
"ဒါတွေက အမတမျိုးနွယ်တွေရဲ့ မက်မွန်သီးတွေများလား။ ဒီလောက်အရသာရှိတဲ့ မက်မွန်သီးမျိုး တစ်ခါမှမစားဖူးဘူး။"
"ဟုတ်တယ် ဟုတ်တယ်။ အရသာကို သိပ်မခံစားလိုက်ရသေးဘူး ပျောက်သွားပြီ။ နည်းနည်းလေး နည်းလွန်းတယ်။ ညီမလေး ဒီမက်မွန်သီးတွေကို ဘယ်ကဝယ်တာလဲ။"
စတုတ္ထသားက ထိုမေးခွန်းကို မေးလိုက်သည်နှင့် တပြိုင်နက် အကြီးဆုံး အဒေါ်သည် မီးဖိုချောင်ထဲမှ ထွက်လာပြီး ပြန်ပြောလိုက်သည်။
"တစ်လုံးကို တစ်ယွမ်တဲ့ မင်းတို့ အရသာခံခွင့်ရတာကိုပဲ တော်တော်ကောင်းနေပြီ။ ဘာလဲ။ မင်းတို့က ထပ်ဝယ်ချင်သေးလို့လား။ အခု အပြင်မှာ မိသားစုဘယ်လောက်များများ ထမင်း မစားနိုင်ကြတာကို မင်းတို့မမြင်ဘူးလား။ မင်းတို့ကတော့ သိပ်ကို အလိုလိုက်ခံထားရတာပဲ။"
စတုတ္ထသားက ရယ်မောလိုက်သည်။ "ဒီအရသာက တစ်လုံးကို တစ်ယွမ်တော့ တန်ပါတယ်။ တစ်နှစ်ကို မက်မွန်သီးနည်းနည်းလောက်တော့ ဝယ်နိုင်ပါသေးတယ်။ အမေ ဒီမက်မွန်သီးတွေစားပြီးတော့ မနေ့က စာရွက်တွေစစ်ဖို့ ညဉ့်နက်တဲ့အထိနေလို့ အိပ်ငိုက်နေတာတွေ ပျောက်သွားသလိုပဲ။"
အဒေါ်ဝမ်က ပန်းကန်များကို စားပွဲပေါ်တင်လိုက်ပြီး သူမ၏ စနောက်တတ်သော စတုတ္ထသားကို ဆူပူလိုက်သည်။
"မင်းက အသက်ရှည်ဆေး စားလိုက်ရတယ်များ ထင်နေတာလား။"
ထိုအချိန်တွင် အကြီးဆုံး ဦးလေးကလည်း ပြောလိုက်သည်။
"ငါလည်း ခန္ဓာကိုယ်က ပေါ့ပါးသွားသလိုပဲ ခံစားရတယ်။"
အဒေါ်ဝမ်သည် ရှုပ်နေသော အဘိုးကြီးကို ကြည့်ကာ စကားပင်မပြောနိုင်တော့ဘဲ သူတို့သားအဖကို အရေးစိုက်လုပ်ဖို့ ပျင်းသွားတော့သည်။ သူမသည် ပန်းကန်များယူရန် အခန်းထဲသို့ပြန်ဝင်သွားကာ သူမသားများနှင့် မြေးများကို တိုက်တွန်းလိုက်သည်။
"ညစာက အဆင်သင့်ဖြစ်လုနီးပါးပဲ အိမ်ထဲကို မြန်မြန်သွားပြီး ထိုင်ခုံတွေယူခဲ့ကြ။"
လူတိုင်း စတင်လှုပ်ရှားခဲ့ကြသည်။ အကြီးဆုံး ဦးလေးဘေးတွင်ထိုင်နေသော စုရှီသည် မက်မွန်သီး၏ နောက်ဆုံးတစ်ကိုက်ကို မျိုချလိုက်ပြီး သူမ၏ အောင်မြင်မှုနှင့် ကျော်ကြားမှုကို ဖုံးကွယ်ထားလိုက်သည်။ သူမ ခန္ဓာကိုယ်ထဲရှိ နွေးထွေးသော စီးဆင်းမှုကို ခံစားရင်း သူမသည် နှုတ်ခမ်းကိုသပ်လိုက်ကာ ကျေနပ်မှု မရှိသေးသလို ဖြစ်နေသည်။ သူမသည် နေ့တိုင်း ဤမက်မွန်သီးအနည်းငယ်ကို စားနိုင်လျှင် ကောင်းမည်ဟု တွေးလိုက်မိသည်။ သူမ၏ အစ်ကိုများက သူတို့ ခြံထဲသို့ မက်မွန်ပင်တစ်ပင်ကို ပြောင်းရွှေ့စိုက်ပျိုးပေးနိုင်လျှင် ပို၍ပင်ကောင်းမည်။ မက်မွန်သီးရာသီကုန်သွားသည့်တိုင် မက်မွန်ပင်တစ်ပင်တော့ ကျန်ရှိနေမည်ဖြစ်သည်။ သူမက ချေးများတတ်သူတစ်ယောက် မဟုတ်ပေ။
…
နောက်တစ်နေ့မနက်၌။
စုရှီ အိပ်ရာမှနိုးပြီးနောက် ဘာမှမလုပ်သေးပေ။ သူမ ပထမဆုံးလုပ်သည့်အရာမှာ မှန်ကိုယူ၍ သူမ မျက်နှာကို ကြည့်ခြင်းဖြစ်သည်။
အမှန်ပင် သူမမျက်လုံးထောင့်အောက်ရှိ ပန်းရောင်မက်မွန်ပန်းပွင့်ပုံ မှဲ့ခြောက်သည် မနေ့ကထက် အနည်းငယ်ပို၍ အရောင်ရင့်လာသည်။ ကျန်သည့်အရာများအတွက်မူ သူမသည် မည်သည့်ပြောင်းလဲမှုကိုမျှ သတိမပြုမိပေ။
သူမ စိတ်ထဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရိုးရိုးသားသားပြောရလျှင် မနေ့ကမှ ယခုအချိန်အထိသာ သူမသည် လုံခြုံမှုတစ်မျိုးကို ခံစားလိုက်ရသည်။ သူမ အမှန်တကယ် မျိုးစိတ်ပြောင်းသွားခဲ့သည်မှာ ထင်ရှားသည်။
သို့သော် သေခြင်းတရားနှင့် နှိုင်းယှဉ်လျှင် မျိုးစိတ်ပြောင်းလဲခြင်းသည် ဘာမှမဟုတ်ပေ။ အနည်းဆုံးတော့ သူမသည် အသက်ရှင်နေပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ပိုကောင်းမွန်ပြီး ပိုသန်မာလာနေသည်။
စုရှီသည် မှန်ချထားလိုက်ပြီး အခန်းမှထွက်ကာ သူမ၏ နေ့စဉ် နံနက်ခင်းပြေးခြင်းကို စတင်လိုက်သည်။ သို့သော် ယနေ့တွင်မူ အပြေးဖော်သည် ဒုတိယ အစ်ကိုမှ အစ်ကိုကြီးသို့ ပြောင်းလဲသွားသည်။
နံနက်စာစားပြီးနောက်
စုရှီသည် သူမအစ်ကိုကြီး စုတုန်က သူတို့ဦးလေးဆီမှ ငှားလာသော စက်ဘီး၏ နောက်ခုံတွင် ထိုင်လိုက်ပြီး ကျောင်းဂိတ်သို့ ရောက်သောအခါ အံ့အားသင့်စရာမရှိဘဲ သူက အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။
ဟုတ်ပေသည်၊ ထိုအုတ်အော်သောင်းတင်းဖြစ်မှုသည် စုရှီကို ရည်ညွှန်းခြင်းမဟုတ်ပေ။ စုရှီသည် ဆွဲဆောင်မှုရှိသော်လည်း သူမသည် ငယ်ရွယ်သေးပြီး အပြည့်အဝမဖွံ့ဖြိုးသေးသောကြောင့် စုတုန်၏ ရုပ်ရည်သွင်ပြင်က လူများအပေါ် သက်ရောက်မှုရှိသလောက်နှင့် အလှမ်းဝေးနေသေးသည်။
အချိန်တိုလေးအတွင်းမှာပင် ကျောင်းဂိတ်တွင် လူအနည်းငယ် စုရုံးလာကြပြီး ယောက်ျားလေးရော မိန်းကလေးပါ ပါဝင်ကာ အများစုမှာ ကျောင်းသား၊ကျောင်းသူများဖြစ်ကြသလို ဆရာ၊ ဆရာမများစွာလည်း ပါဝင်သည်။
တိုက်ဆိုင်စွာပင် စုရှီ၏ အတန်းပိုင်ဆရာမ၊ ဆရာမ ဟွမ် သည် ယခင်က စုတုန်ကို သင်ကြားခဲ့ဖူးသည်။ စုတုန်က သူ့ညီမကို ကျောင်းသို့လိုက်ပို့သည်ကို ကြည့်ရင်း ဆရာမ ဟွမ်၏အမူအရာသည် အလွန်ချစ်ခင်ကြင်နာနေပြီး စုရှီသည် သူမ၏ မှတ်ဉာဏ်ထဲတွင် ထိုသို့သောအမူအရာမျိုးကို တစ်ခါမျှမမြင်ဖူးခဲ့ပေ။
အမှန်စင်စစ် အသက်အရွယ်မရွေး ခန့်ညားသောယောက်ျားများအပေါ် လူတို့၏ လေးစားအားကျမှုသည် မော်ဒန်ခေတ်တွင်သာမက ခေတ်အဆက်ဆက်တွင်လည်း တည်ရှိနေသည်ပင်။
စုတုန်သည် ဆရာမ ဟွမ်ကို ယဉ်ကျေးစွာနှုတ်ဆက်ပြီးနောက် စက်ဘီးပေါ်သို့တက်ကာ ဆေးရုံသို့ ဦးတည်ထွက်ခွာသွားသည်။
စုရှီသည် ဆရာမ ဟွမ်၏ ဘေးမှလိုက်ကာ စာသင်ခန်းသို့ အတူလျှောက်သွားခဲ့ကြသည်။ "မင်းအစ်ကိုမှာ ရည်းစားရှိလား။" စာသင်ခန်းသို့ မရောက်မီလေးတွင် ဆရာမ ဟွမ်က ရုတ်တရက်မေးလိုက်သည်။
စုရှီ အနည်းငယ်ကြောင်သွားပြီး သူမ အစ်ကိုသာ လူလွတ်ဖြစ်ပါက တစ်စုံတစ်ယောက်နှင့် မိတ်ဆက်ပေးရန် အသင့်ရှိနေသော ရဲဘော်တစ်ဦး၏ အမူအရာဖြင့်ရှိနေသော ဆရာမ ဟွမ်ကို ကြည့်လိုက်သည်။ သူမ မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။
"သူ ရည်းစားရှိတယ်လို့ ကြားတယ်။"
မည်သို့ပင်ဆိုစေကာမူ သူမ၏ အမြင်တွင် အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့သည် နောက်ဆုံးတွင် ရည်းစားဖြစ်ကြမည်ဖြစ်သောကြောင့် ယခု ရည်းစားရှိသည်ဟုပြောခြင်းသည် တိကျပြီး သူမ၏ အစ်ကိုအတွက် မလိုအပ်သော ဒုက္ခများကို သက်သာစေမည်ဖြစ်သည်။
ဆရာမ ဟွမ်၏မျက်နှာသည် ကံကောင်းမှုကြီးတစ်ခုကို လွဲချော်သွားသကဲ့သို့ ချက်ချင်း နောင်တများဖြင့် ပြည့်နှက်သွားခဲ့သည်။
စုရှီ - "…"
……
အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
စုတုန်သည်လည်း ခရိုင်ဆေးရုံတွင် အလုပ်စဝင်နေပြီဖြစ်သည်။ ခရိုင်မြို့သည် ဟုန်ချီတပ်ဖွဲ့မှ မိုင်လေးဆယ်ကျော်ကွာဝေးပြီး နေ့စဉ်သွားလာရန်မှာ သိသာစွာပင် လက်တွေ့မကျပေ။ သို့သော် စုတုန်သည် ခရိုင်ဆေးရုံမှ အရေးတကြီး လိုအပ်နေသော အရည်အချင်းမြင့် ဘွဲ့ရတစ်ဦးဖြစ်သည်။ သူ ခရိုင်ဆေးရုံတွင် အလုပ်လုပ်သည့် ပထမဆုံးနေ့မှာပင် ဆေးရုံက ထိုအရည်အချင်းရှိသူကို ထိန်းသိမ်းထားရန် အိမ်တစ်လုံး ချထားပေးခဲ့သည်။
ထိုအိမ်သည် အိပ်ခန်းတစ်ခန်းပါသော နေရာငယ်လေးတစ်ခုဖြစ်ပြီး စတုရန်းမီတာ သုံးဆယ်အောက်သာ ကျယ်ဝန်းသည်။ သို့သော် လူတစ်ယောက်အတွက်မူ ဒါသည် သေချာပေါက် ကျယ်ဝန်းလှသည်။ ခရိုင်မြို့တွင် မိသားစုများစွာသည် လူအများအပြားအတွက် စတုရန်းမီတာ ဆယ်ဂဏန်းကျော်သာရှိသော နေရာများတွင် နေထိုင်ကြသည်ကို သတိပြုသင့်သည်။
ထိုအချိန်တွင် စုရှီသည် သူမ၏ နောက်ဆုံးစာမေးပွဲများကို ဖြေဆိုပြီးစီးခဲ့ပြီး လက်ရှိတွင် အိမ်၌ အားလပ်ရက်အနားယူနေသည်။ သူမသည် ခရိုင်အထက်တန်းကျောင်းသို့ တက်ရောက်နိုင်ခြင်းရှိမရှိ သိရှိရန် အဖြေများကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။
ဇူလိုင်လ ၈ ရက်နေ့သည် တနင်္ဂနွေနေ့ဖြစ်သည်။
နံနက် ရှစ်နာရီခွဲတွင် စာကျက်ခြင်း၏ ဖိအားမှ လွတ်မြောက်နေသော စုရှီသည် သူမအဘိုးထားခဲ့သော အပ်စိုက်ကုထုံးစာအုပ်တစ်အုပ်ကို ကိုင်ကာ ကြိမ်ပုခက်ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေခဲ့သည်။
သူမသည် စာအုပ်ထဲမှ အပ်စိုက်ကုထုံးနည်းစနစ်များကို အလွတ်ကျက်မှတ်ရန် ရုန်းကန်နေရသည်။ သူမ၏ ယခင်ဘဝတွင် သူမသည် အနောက်တိုင်းဆေးပညာကို သင်ယူခဲ့ပြီး တရုတ်တိုင်းရင်းဆေးပညာနှင့် ရင်းနှီးခြင်းမရှိပေ။ လက်ရှိပတ်ဝန်းကျင်က တရုတ်တိုင်းရင်းဆေးပညာကို ဆန့်ကျင်နေသော်လည်း စုရှီသည် အပိုတစ်ခုခုသင်ယူထားခြင်းက အရှုံးမရှိဟု တွေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ စစ်မှန်စွာ အမွေဆက်ခံလာသော တရုတ်တိုင်းရင်းဆေးပညာသည် အတော်လေးစွမ်းအားကြီးပြီး နိုင်ငံ့ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်သေးသည်။
ချန်ရှန်းယွင်သည် အကြီးဆုံး ဦးလေး၏ အိမ်မှ ပြန်လာပြီး သစ်ပင်အရိပ်အောက်ရှိ သူမမြေးမလေးကို ကြည့်ကာ မေးလိုက်သည်။
"ရှီရှီ သမီးဦးလေး ခဏနေ ခရိုင်မြို့ကိုသွားမှာ။ အပျင်းပြေအောင် သူနဲ့အတူ လိုက်သွားမလား။"
စုရှီ ခေါင်းခါကာ ပြောလိုက်သည်။ "သမီး မသွားချင်ဘူး။ ခရိုင်မြို့မှာ စိတ်ဝင်စားစရာ ဘာမှမရှိဘူး။"
ချန်ရှန်းယွင်သည် စုရှီဘေးရှိ ထိုင်ခုံတစ်လုံးပေါ်တွင်ထိုင်ကာ သူမ အိမ်တွင်ဖျော်ထားသော ဂန္ဓမာပန်းခြောက်လက်ဖက်ရည်ကို အနည်းငယ် သောက်လိုက်ပြီးနောက် ပြောလိုက်သည်။
"သမီး မသွားချင်ရင်လည်း မသွားနဲ့ပေါ့။ သမီးက ဒီရက်ပိုင်း စာတွေကြိုးစားနေတာဆိုတော့ ခရိုင်မြို့မှာ နည်းနည်းလောက် အပန်းဖြေနိုင်မယ်လို့ အဖွားကတွေးနေတာ။ ပြီးတော့ အဖွားဆီမှာ အထည်လက်မှတ်တချို့ရှိတယ်။ သမီးကြိုက်တဲ့အစတစ်စကို ရွေးပြီး ပန်းပွင့်ဂါဝန်တစ်ထည် ချုပ်လို့ရတယ်။"
ပြီးခဲ့သည့်အပတ်က သူမ၏ အစ်ကိုကြီးက မက်မွန်ပင်တစ်ပင်ကို ရွှေ့ပြောင်းစိုက်ပျိုးပေးခဲ့သည့်အချိန်မှစ၍ စုရှီသည် အားလပ်ချိန်ရတိုင်း မက်မွန်ပင်နားတွင်သာ နေထိုင်နေခဲ့သည်။
သူမ၏ လက်ရှိအသားအရေသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့တောက်ပနေပြီး သူမသည် ထိုအသားအရေကို အလွန်နှစ်သက်သည်။ ထို့ကြောင့် သူမ သွားချင်သည့် အခြားနေရာမရှိပေ။
လှပလာခြင်းက မကောင်းဘူးလား။
"နန်နန် ဒီကလေးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေတော့မှာ။ ဘာလို့ အားလပ်ရက်မှာ အိမ်ပြန်ပြီး အစားကောင်းကောင်းစား အားမဖြည့်လဲ မသိဘူး။ ဒီတနင်္ဂနွေမှာ ပြန်မလာဘူးလို့ပဲ စာပို့တယ်။ ဘာတွေဖြစ်နေမှန်းကို မသိဘူး။" ချန်ရှန်းယွင်သည် သူမ မြေးကို အိမ်အတင်း မပြန်ခိုင်းသော်ငြား တဗြစ်တောက်တောက် မပြောဘဲ မနေနိုင်ပေ။
စုရှီ၏မျက်လုံးထဲတွင် အတင်းအဖျင်း ပြောလိုသော အရိပ်အယောင်တစ်ခု လက်ခနဲဖြစ်သွားသည်။ သူမ ချက်ချင်းထထိုင်ကာ မေးလိုက်သည်။
"ဦးလေးက ဒုတိယအစ်ကိုအတွက် အစားအသောက် အထူး သွားပို့ပေးတာလား။"
"အထူးတလည်ရယ်တော့ မဟုတ်ဘူး။ လမ်းကြုံလို့ ဖြစ်မှာပါ။ သမီးဦးလေးက ကွန်မြူနတီမှာ အစည်းအဝေးရှိလို့ သမီး ဒုတိယအစ်ကိုဆီ ယူသွားပေးဖို့ အဖွားကခိုင်းလိုက်တာ။"
"ဒါဆို သမီး လိုက်သွားမယ်။"
ချန်ရှန်းယွင် ရယ်မောကာ ဆူလိုက်သည်။ "သမီးကတော့လေ! ဒီကောင်မလေး ဘာလို့ ရုတ်တရက်ကြီး လိုက်သွားချင်ရတာလဲ။"
စုရှီက စိတ်ထဲမှတွေးလိုက်သည်။ 'ဟုတ်တယ်လေ အစကတော့ ဦးလေးက ဒုတိယအစ်ကိုဆီ သွားမယ်မှန်းမှ မသိခဲ့တာ။ ဒုတိယ အစ်ကိုက တနင်္ဂနွေနေ့ကြ အစ်ကိုကြီးဆီမှာပဲ နေမှာ သေချာတယ်။ ဟီးဟီး…’