← Chapters

သွေးဆက်များ ပြတ်တောက်သွားခြင်း

Vol. 1 Ch. 300

သွေးဆက်များ ပြတ်တောက်သွားခြင်း

Vol. 1 Ch. 300

စစ်တပ်သည် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။ နောက်တစ်နေ့တွင် မိုးပြာနဂါး အင်ပါယာမှ စစ်တပ်အပြည့်အဝ ရောက်လာပြီးဖြစ်သည်။ အဓိက အကြောင်းအရင်းမှာ ၎င်းတို့သည် စစ်တပ် အသေးလေးကိုသာ စေလွှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုစစ်တပ်တွင် စစ်သည် သုံးသောင်းသာ ရှိသော်လည်း စစ်သည် သုံးသိန်းပါသော စစ်တပ်ထက်ပင် ကြမ်းရမ်းကြလေသည်။ စစ်သည်များ အားလုံးသည် အနိမ့်ဆုံး ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့်များ ဖြစ်ကြပြီး ရှစ်ထောင်မှာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ ဖြစ်ကြသည်။ တစ်ထောင်ခန့်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်များ ဖြစ်ကြသည်။

မကြာခင်တွင် ရှန်ဝူနိုင်ငံမှ စစ်သည် နှစ်သိန်းပါသော တပ်မကြီးတစ်ခုလုံး ရောက်ရှိလာခဲ့သည်။ ဦးဆောင်လာသူမှာ ရှားဝူဟွေ့ဖြစ်ပြီး သူ့ဘေးတွင် လက်ထောက်အနေဖြင့် ရှန်ဝူနိုင်ငံ၏ ကျော်ကြားလှသော စစ်သူကြီးတစ်ဦး ပါလာလေသည်။ ထိုသူမှာ ရှန်ဝူနိုင်ငံ၏ စစ်သူကြီးချုပ် ဆယ်ဦးထဲမှ တစ်ဦးဖြစ်သော ထိုက်ရှစ်ဂိုဏ်းမှ ထိုက်ရှစ်ကျန်း ဖြစ်သည်။ သူသည် ရှန်ဝူနိုင်ငံ၏ မြောက်ဘက်ပိုင်းကို စောင့်ရှောက်ရပြီး ဤတစ်ခေါက်တွင် ရှားဝူဟွေ့၏ လက်ထောက်အဖြစ် စေလွှတ်ခံခဲ့ရသည်။

ရှာထင်ဝေ့သည် ရှားဝူဟွေ့အား အလွန် အရေးပေးသည်။ သူသည် ရှားဝူဟွေ့အား စစ်တပ်ကို ဦးဆောင်စေ၍ သူ့ယခင်က အရှက်ရမှုများကို ဖာထေးရန်နှင့် ဂုဏ်ပြန်တက်စေရန် အခွင့်အရေး ပေးခဲ့သည်။ တစ်ချိန်တည်းမှပင် ရှားဝူဟွေ့အား စစ်မှုရေးရာတွင် အောင်ပွဲရရှိရန်နှင့် စစ်တပ်၏ ထောက်ခံမှု ရရှိစေရန် အခွင့်အရေး ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

ကျန်းရီ၏ ယခင် လုပ်ရပ်များကြောင့် စစ်တပ်ထဲတွင် ရှားဝူဟွေ့၏ ဂုဏ်သတင်းမှာ အောက်ဆုံးအထိ ထိုးကျသွားခဲ့သည်။ သတင်းအား ပိတ်ဆို့ခဲ့သော်လည်း ဟိုမှသည်မှဖြင့် စစ်တပ်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။ စစ်တပ်ထံမှ လေးစားချစ်ခင်မှု အပြည့်အဝ မရရှိပါက ရှားဝူဟွေ့ နန်းတက်လျှင်တောင် ပလ္လင်ပေါ်တွင် လုံခြုံစွာ စိတ်အေးလက်အေး ထိုင်နိုင်မည် မဟုတ်ချေ။

ရှားယွိမြို့သို့ တတိယမြောက် ရောက်လာသည်မှာ ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအို တစ်ဦး ခေါင်းဆောင်သည့် စစ်သည်နှစ်သိန်းပါသော စစ်တပ်ဖြစ်သည်။ ဤတစ်ကြိမ် တိုက်ခိုက် ချေမှုန်းရာတွင် အကြမ်းတမ်းဆုံးမှာ ကျင်းရှန်နိုင်ငံဖြစ်သည်။ နတ်ဆိုးသားရဲများ ထကြွ သောင်းကျန်းစဉ်က သူတို့သည် အတော်လေး ထိခိုက်ဆုံးရှုံးခဲ့သဖြင့် အငြိုးများနှင့် ရောက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ညှာတာထောက်ထားခြင်း လုံးဝမရှိချေ။

နေ့လယ်ပိုင်းတွင် ရှန်မိနိုင်ငံ၊ မြောက်ဘက်လျန်နှင့် မြောက်ဘက်မန့်နိုင်ငံတို့ ရောက်လာကြသည်။ ကြည့်လေရာ နေရာတွင် စစ်သည်များရှိနေပြီး စစ်တပ်ကြီးများမှာ မဆုံးနိုင်အောင် ရှိနေသည်။

စစ်တပ်များသည် ရှားယွိမြို့ကို ဘက်ပေါင်းစုံမှ ဝန်းရံထားကြပြီး နေရာလွတ်လေး တစ်ခုတောင် ချန်မထားချေ။ ပျားတစ်ကောင်ပင် ပျံထွက်ရန် မဖြစ်နိုင်သည့် အနေအထားပင်။

ရှားယွိမြို့၏ မြို့တံတိုင်းများထက်တွင် စစ်သည်များ ရှိနေကြပြီး မြို့ပြင်တွင်လည်း စစ်သည်များ အပြည့်ရှိနေသည်။ အားလုံးသည် စစ်တိုက်ရန် အသင့်အနေအထား ဖြစ်နေကြသည်။ မြို့ထဲတွင် ရှားနိုင်ငံ၏ ကျန်ရစ်သော စစ်သည်သုံးသိန်း ရှိနေလေသည်။ ရှားနိုင်ငံ၏ စစ်သည်များသည် လက်တွင် အနက်ရောင် အဝတ်စများကို ချည်နှောင်ထားကြပြီး သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးကြပြီ ဖြစ်သည်။

စုဂိုဏ်းမှ လူများ၏ အကာအကွယ်နှင့် စုတိဝမ်သည် မြောက်ဘက် မြို့တံတိုင်းထက်သို့ တက်လာခဲ့သည်။ သူ့ဘေးတွင် နှင်းကြာပန်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် ဝတ်စုံဖြင့် စုလောရွှယ်က အဖော်ပြု လိုက်ပါလာသည်။ သူတို့အားလုံး၏ မျက်နှာများသည် ကြောက်စရာကောင်းအောင် တည်ငြိမ်လို့နေသည်။

သူတို့သည် ပြန်လည်ပြင်ဆင်ခွင့် မရှိတော့သည့် မတရားမှုကို အကြောင်းပြချက်မရှိ ခံစားရပြီး မိုးပြာနဂါး အင်ပါယာနှင့် နိုင်ငံငါးခု၏ တိုက်ခိုက်ခြင်း ခံရသည်။ သူတို့ နိုင်ငံ ပျောက်ကွယ်သွားတော့မည့် ခဏတွင် ရှားနိုင်ငံမှလူများ ဘာတွေးနေကြမည်ကို ခန့်မှန်းကြည့်၍ ရနိုင်ပါသည်။

အောက်မှ အဆုံးအစမဲ့သော စစ်တပ်ကြီးကို ကြည့်ရုံမျှနှင့် ချပ်ဝတ်များ၊ လက်နက်များမှ ရောင်ပြန်ဟပ်နေသည့် အငွေ့အသက်များကို ခံစားနိုင်ကြလေသည်။ နေရာတိုင်းမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကြောင့် စုတိဝမ်သည် လေအေးများကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ အရက်ဒဏ်ကြောင့် ဖြူဖျော့နေပြီးသား ဖြစ်သော သူ့မျက်နှာသည် ယခုမူ သွေးတစ်စမှ မရှိတော့ချေ။

"ရှားဝူဟွေ့"

စုလောရွှယ်သည် နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခု တွဲခိုနေသော ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ချောမောသော လူငယ်ထံ အကြည့်ရောက် သွားခဲ့သည်။ ရှန်ဝူနိုင်ငံမှ အနှီအိမ်ရှေ့စံသည် သူမကို တစ်ဘဝလုံး ကာကွယ်ပေးမည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။ ယခု သူသည် စစ်တပ်တစ်ခုကို ဦးဆောင်၍ မွေးရပ်မြေကို နင်းခြေကာ သူမ၏ မိသားစုကို သတ်ဖြတ်တော့မည်။

"ဖုန်း ... ဖုန်း ... ဖုန်း"

စစ်တပ်ခြောက်ခု၏ ဦးဆောင်သူများသည် မြို့မြောက်ဘက်တွင် စီတန်း၍ ရပ်နေကြသည်။ စုတိဝမ် ပေါ်ထွက်လာသည်ကို မြင်သောအခါ မိုးပြာနဂါး အင်ပါယာမှ စစ်သူကြီးလုံသည် သူစစ်မြင်းကြီးကို စီးနင်း၍ ရှေ့သို့ တက်လာခဲ့သည်။ သူသည် ကြောက်စရာ အငွေ့အသက်တို့ ဖြာထွက်နေသော လှံကြီးကို ကိုင်မြှောက်၍ အော်ဟစ်လိုက်သည်။

"စုတိဝမ် ... မင်းက မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ်၊ နတ်ဆိုးဧကရီရဲ့ သမီးကို ပြန်ပေးဆွဲတယ်၊ နတ်ဆိုးသားရဲတွေ ပုန်ကန်ထကြွအောင် လုပ်တယ်၊ နယ်မြေကို ဆိုးဆိုးဝါးဝါး အခြေအနေ ဖြစ်စေခဲ့တယ်၊ ဒီလို အမှားတွေ လုပ်ထားတာတောင် ဖြေရှင်းချက်မပေးဘဲ နေသေးတယ် ... မြန်မြန် မြို့တံခါးကိုဖွင့်ပြီး အညံ့ခံလိုက်၊ မင်းအသက်ကို ချမ်းသာပေးမယ် ... မဟုတ်ရင် ရှားယွိမြို့မှာ သွေးချောင်း စီးစေရမယ်"

ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအိုကြီး သည်လည်း မြင်းကိုစီး၍ ရှေ့တက်ကာ အော်ဟစ်လာသည်။

"စုတိဝမ် ... အဲဒီကပ်ဘေးမှာ ကျင်းရှန်နိုင်ငံက အသက်တွေအများကြီး ဆုံးရှုံးခဲ့ရတယ်၊ ဒီသွေးကြွေးကို ငါပြန်ယူမှာ ... မြို့တံခါးကိုဖွင့်ပြီး လက်နက်မချရင် ရှားယွိမြို့ တစ်မြို့လုံးကို မညှာတာပဲ သတ်ပစ်မယ်လို့ ဒီအဘိုးကြီးက ကျိန်ဆိုတယ်"

စစ်တပ်ကို ဦးဆောင်လာသူ အသီးသီးသည် ရှေ့တက်၍ ကိုယ်ကျင့်သိက္ခာဖြင့် ကျိန်ဆိုကြတော့သည်။ သူတို့အားလုံးသည် စုတိဝမ် အညံ့ခံလျှင် သူ့အသက်ကို ချမ်းသာပေးမည် ဟူသော အဓိပ္ပာယ် မရှိသည့် စကားကို တူညီစွာ ပြောဆိုခဲ့ကြသည်။ ရှားနိုင်ငံတွင် စစ်တပ်တစ်ခု ရှိနေသေးပြီး နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော သိုင်းသမားများ ရှိနေသေးသည်။ သူတို့သာ ထိပ်တိုက်တွေ့ကြလျှင် တပ်ပေါင်းစုကြီးဘက်မှ နိုင်မည်မှာ ကျိန်းသေသည်။ သို့သော်လည်း စစ်သည်တစ်ထောင်ခန့် သူတို့သတ်နိုင်တိုင်း စစ်သည်သုံးရာခန့် ကျဆုံးမည်မှာ သေချာသလောက် ရှိနေသည်။ ထို့ကြောင့် စစ်တပ်အင်အား အကျအဆုံးမရှိဘဲ မြို့ကို သိမ်းနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

မထင်မှတ်ထားစွာ ရှားဝူဟွေ့သည် တိတ်ဆိတ်နေခဲ့ပြီး မြို့တံတိုင်းထက်မှ စုလောရွှယ်နှင့် စုတိဝမ်ကိုသာ ကြည့်နေလေသည်။ ယခင်က အလှည့်အပြောင်းများစွာ ကြုံတွေ့ရပြီးနောက် ရှားဝူဟွေ့သည် ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။ သူ တစ်ခုကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ စကားများထက် ဓားများက ပို၍ ထိရောက်သည်ဟုပင်။

စုတိဝမ်သည် ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်ယင်နေပြီး သူဘာမှ မပြောနိုင်ခင်တွင် စုလောရွှယ်သည် လှောင်ပြုံးပြုံးလိုက်ပြီး အတွင်းအားသုံး၍ စကားပြောလာခဲ့သည်။

"ရှားဝူဟွေ့ ... ရှန်ဝူနိုင်ငံရဲ့ တာဝန်ကျ တပ်မှူးအနေနဲ့ ရှင်ဘာမှ မပြောတော့ဘူးလား ဒါမှမဟုတ် အပြစ်ရှိသလိုများ ခံစားနေရလို့လား"

"ဟားဟားဟား"

စုလောရွှယ်၏ လှောင်ပြောင်မှုကို ရှားဝူဟွေ့သည် မျက်နှာ တစ်ချက်တောင် ပျက်သွားခြင်းမရှိဘဲ ကျယ်လောင်စွာ ရယ်မော၍ တုံ့ပြန်လိုက်သည်။

"ဝူဟွေ့မှာ ဘာအပြစ်ရှိလို့လဲ၊ မင်းရဲ့ခမည်းတော်က ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့လို့ လူတိုင်းက အပြစ်တင်ကြတာ၊ ဝူဟွေ့က မင်းသမီးလောရွှယ်ကို လက်ထပ်ချင်ခဲ့ပြီး ဆယ်စုနှစ် တစ်ခုကျော်ကြာ ကြိုတွေးပြီး ပျော်ရွှင်ခဲ့ရတယ် ဒါပေမဲ့ ကောင်းကင်က ဒါကို လက်မခံခဲ့ဘူး၊ ကိုယ့်ကျင့်သိက္ခာနဲ့ ခံစားချက်ဆိုရင် ရှေ့တစ်ခုကိုပဲ ကိုယ်ရွေးတယ် ... ကိုယ်ဒီနေ့ ရောက်လာတာက တရားမျှတမှုအတွက်"

"ဟမ့်"

စုတိဝမ်သည် နှာခေါင်းရှုံ့လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ခုကို သဘောပေါက် သွားခဲ့ပြီး တစ်ခုခုကို ပြန်တွေးမိသွားခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်က တိုက်ပွဲအတွင်း စုတိဝမ် အဖမ်းခံခဲ့ရသည်။ ရှားနိုင်ငံသည် များစွာ အကုန်ကျခံ၍ စုတိဝမ်ကို ပြန်ရွေးခဲ့ရသည်။ ထို့ပြင် စုတိဝမ်၏ စွမ်းရည်များသည် အရမ်းကြီး မထူးချွန်ခဲ့သော်လည်း ထိုနှစ်များက လွန်စွာတိုးတက်ခဲ့ပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်သို့တောင် ရောက်ရှိခဲ့သည်။

စုတိဝမ်သည် မြေခွေးလေးကို ပြန်ပေးဆွဲရာတွင် အဘယ့်ကြောင့် စုတိကော ပါဝင်ပတ်သက် နေခဲ့သည်ကို မသိသော်လည်း ယခု သူသဘောပေါက် သွားခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်က စုတိကောသည် သူ့အား သစ္စာဖောက်ခဲ့သည်။ စုတိကောသည် ရှန်ဝူနိုင်ငံ၏ နယ်ရုပ်တစ်ရုပ်သာ ဖြစ်နေခဲ့သည်။ သူသည် အမှောင်ထဲမှလူ၏ ကစားခြင်းကို ခံနေခဲ့ရသည်။ မြေခွေးလေးကို ပြန်ပေးဆွဲမှု၏ ကြိုးကိုင်သူသည် အရန် အစီအစဉ်အနေနှင့် ရှားနိုင်ငံအား ချောက်ချရန် ကြိုတင် ပြင်ဆင်ထားခဲ့သည်။

"ကျန်းပိုင်လီ"

ပုံရိပ်တစ်ခုသည် စုတိဝမ်၏ စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ ထိုပုံရိပ်သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် အတွင်း သူ့အား ညတိုင်း ခြောက်လှန့်နေခဲ့သည်။ ရှန်ဝူနိုင်ငံမှ အနှီ ဉာဏ်ကြီးရှင်ကသာ ဤသို့သော ပရိယာယ်အား ဆင်နိုင်စွမ်းနှင့် တကယ်လုပ်ရဲသည့် သတ္တိရှိလိမ့်မည် ဖြစ်သည်။

အရာအားလုံးအား ရှင်းလင်းသွားသော်လည်း စုတိဝမ်သည် ဆိတ်ဆိတ်သာ နေခဲ့လိုက်သည်။ လက်ရှိ အခြေအနေတွင် တစ်ခုခု ပြောပါကလည်း အသုံးမဝင်တော့ပေ။ သူ့တွင် သက်သေလည်း မရှိချေ။ သူ့အား မြင်မြင်သမျှကို ကိုက်ရန် ကြိုးစားနေသည့် ခွေးရူးတစ်ကောင်ဟုသာ လူတိုင်းက တွေးကြမည်ဖြစ်သည်။

သူသည် ရယ်မောလိုက်ပြီး အသံအား အတွင်းအားဖြင့် ကျယ်စေလိုက်သည်။

"အရေးမပါတာတွေ ဘာလို့ပြောနေမှာလဲ၊ မင်းတို့တိုက်ချင်ရင် လာလေ ... ရှားနိုင်ငံက သူရဲကောင်းအဖြစ်နဲ့ စစ်ပွဲထဲမှာပဲ သေကြမယ်၊ လွယ်လွယ် ဒူးထောက်မယ့် အရှုံးသမားတွေ မဟုတ်ဘူး၊ မင်းတို့တွေ ဖန်တီးခဲ့တဲ့ ရှားနိုင်ငံရဲ့ ဒီအရှက်ရမှုကို အနာဂတ်မှာ ငါတို့စုဂိုဏ်းရဲ့ မျိုးဆက်တွေက ပြန်ပေးဆပ်လိမ့်မယ်"

"ဟားဟားဟား"

ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအိုကြီးသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လှောင်ပြောင်သည့် အမူအရာနှင့် ပြောလာခဲ့သည်။

"စုတိဝမ် ... မင်းတို့စုဂိုဏ်းက နယ်မြေကို ပြန်လာပြီး လက်စား ချေနိုင်ဦးမယ်လို့ မျှော်လင့်နေတာလား၊ အိပ်မက်ပဲ မက်နေလိုက် ... ထွက်ပြေးသွားတဲ့ မင်းတို့စုဂိုဏ်းသား ကိုးရာကျော်လုံး အသတ်ခံလိုက် ရပြီးပြီ၊ မယုံရင် အိမ်ရှေ့စံမင်းသား ဝူဟွေ့နဲ့ စစ်သူကြီးလုံကို မေးကြည့်ပါလား"

"ဖြီး ...”

ထိုသတင်းအား ကြားလိုက်သော် စုတိဝမ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ပါးစပ်မှသွေးများ အန်ထွက်လာသည်။ သူ့ကိုယ်သည် ပျော့ခွေလာပြီး သတိလစ်သွားခဲ့သည်။

"မယ်တော် ... မောင်တော်နဲ့ ညီမတော်တို့ ...”

စုလောရွှယ်၏ ကိုယ်လေးသည်လည်း တုန်ယင်သွားခဲ့ပြီး မျက်နှာတွင် သွေးတစ်စမှ မကျန်တော့ပေ။ သူသည် ယောင်ယမ်း၍ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားပြီး လဲကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။ စုဂိုဏ်းသားများ၏ မျက်နှာများ အားလုံးမှာ ဖြူဖျော့နေကြပြီး မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်လာကြသည်။

ထွက်ပြေးသွားသော မျိုးဆက်များအားလုံး အသတ်ခံလိုက် ရသည်ဆိုလျှင် စုဂိုဏ်း၏ အနာဂတ်သွေးဆက်များ လုံးဝပြတ်တောက်သွားပြီ ဖြစ်သည်။ တစ်ဂိုဏ်းလုံး အသတ်ခံလိုက်ရသည် ဖြစ်ပြီး ပြန်လည် ဦးမော့လာရန် အခွင့်အရေး လုံးဝမရှိတော့ချေ။

"သတ်"

စုဂိုဏ်းမှ အကြီးအကဲ တစ်ယောက်ထံမှ လူသတ်ငွေ့များ ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် တစ်ဖက်သွား ဓားရှည်ကြီးကို ဓားအိမ်အတွင်းမှ ဆွဲထုတ်၍ ရန်သူစစ်တပ်ထံ ပြေးဝင်သွားခဲ့သည်။

***

All Chapters