ငါ ... ကျန်းရီရဲ့ အလောင်းကို နင်းသွားမှရမယ်
Vol. 1 Ch. 301
"သတ်"
စုဂိုဏ်းသားများ အားလုံး ရူးသွပ်သွားကြသည်။
သူတို့၏ နှလုံးသားများထဲမှ နာကြည်း မုန်းတီးမှုများ လျှံထွက်လာလေ၏။ ရန်သူ၏ သွေးများကသာ သူတို့၏ နှလုံးသားများကို ငြိမ်းအေးနိုင်စွမ်း ရှိလေသည်။ သူတို့သေလျှင်တောင် ရန်သူများစွာကို သတ်ပြီး စုဂိုဏ်းသားများ အတွက် လက်စားချေ၍ တိုက်ပွဲတွင် ဂုဏ်သရေရှိရှိ သေမည်ဖြစ်သည်။
ဝှစ် ... ဝှစ်
စုဂိုဏ်းသားများ စတင် တိုက်ခိုက်သည်နှင့် မြို့တံတိုင်းထက်မှ ရှားနိုင်ငံ စစ်သည်တို့ကလည်း လှုပ်ရှား လိုက်ကြလေသည်။ မြို့ထဲမှ သုံးသိန်းသော စစ်သည်တို့သည် စစ်သည် တစ်သန်းပါသော စစ်တပ်ကို မည်သည့်နည်းနှင့်မှ တွန်းလှန်နိုင်စရာ အကြောင်း မရှိချေ။ သို့သော် သူတို့အားလုံးသည် အသက်ကိုရင်း၍ ရှားနိုင်ငံ၏ ဂုဏ်သရေအတွက် သေသည့်တိုင် တိုက်ပွဲဝင်သွားမည် ဖြစ်လေသည်။
"တိုက်ကြ"
မိုးပြာနဂါး အင်ပါယာမှ စစ်သူကြီးလုံနှင့် ကျန်စစ်တပ်ငါးခုမှ ဦးဆောင်သူများသည် လက်မြှောက်ကာ အမိန့်ကိုယ်စီ ပေးလိုက်ကြသည်။ မရေမတွက်နိုင်သော စစ်သည်များသည် လူသတ်ငွေ့များ ထွက်ပေါ်လာကြပြီး စစ်ဗုံသံများနှင့်အတူ ရှေ့သို့ တက်လာကြသည်။
ဘန်း ...
ထိုခဏတွင် စစ်တပ်နှစ်ခု အကြားမှ မြေပြင်သည် ပွင့်ထွက်သွားခဲ့ပြီး အဝါရောင်သားရဲကြီး တစ်ကောင် ပေါ်ထွက်လာခဲ့သည်။
သားရဲကြီး၏ ကိုယ်ပေါ်တွင် ဆူးချွန်အတန်းလိုက်ကြီး ရှိ၍ ဆူးချွန်နှစ်ခု အကြားတွင် အစိမ်းရောင်ဝတ် လူငယ်လေးတစ်ယောက် ထိုင်နေခဲ့သည်။ သူသည် ရဲရဲနီနေသော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားခဲ့ပြီး အဝတ်အစားများမှာ ဖရိုဖရဲ ဖြစ်နေလေသည်။ သူ့ဆံပင်များမှာလည်း ရှုပ်ပွနေခဲ့ပြီး မျက်လုံးတစ်စုံမှာမူ သွေးနီရောင် တောက်နေခဲ့သည်။ လူငယ်မှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ပုံ ပေါက်နေလေသည်။
ကျန်းရီသည် အချိန်မီ ရောက်လာခဲ့သည်။ သူ၏ သွေးနီရောင် မျက်လုံးတစ်စုံသည် ဝေ့ဝဲသွားခဲ့ပြီး မြို့တံတိုင်းထက်တွင် အန္တရာယ်ကင်းစွာ ရှိနေသေးသော စုလောရွှယ်ကို မြင်သောအခါမှ သူ့ကိုယ်မှာ ပေါ့ပါးသွား၍ သက်ပြင်းချနိုင်သည်။
ရှားနိုင်ငံနှင့် တပ်ပေါင်းစုကြီးဘက်မှ စစ်တပ် နှစ်ခုလုံးသည် ရှေ့ဆက် ပြေးလာကြသောအခါ သူသည် စစ်တပ်နှစ်ခု အကြားတွင် အကြောက်အလန့်မရှိ တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူသည် ထွက်ပြေးမည့်ဟန် လုံးဝမရှိဘဲ အတွင်းအားသုံး၍ အစွမ်းကုန် အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံး ဒီကင်းထောက် သံတမန်အတွက် ရပ်လိုက်ကြ"
"ကျန်းရီ"
"ကင်းထောက် သံတမန်ကျန်း"
အံ့သြတကြီး ရေရွတ်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။ မိုးပြာနဂါး အင်ပါယာ၏ စစ်သူကြီးလုံသည် လက်မြှောက်ကာ တိုက်ခိုက်မည်ကို ရပ်တန့်စေလိုက်သည်။ စစ်ဗုံသံများလည်း ရပ်တန့်သွားခဲ့ပြီး မိုးပြာနဂါး အင်ပါယာ၏ စစ်တပ်မှာ ရပ်တန့်လိုက်ကြသည်။
"အားလုံး ပြန်လာကြ"
ထိုခဏတွင် စုလောရွှယ်၏ အော်ဟစ်အမိန့်ပေးသံ ထွက်ပေါ်လာခဲ့သည်။ သူမ၏ လှပသော မျက်လုံးတစ်စုံသည် ကြယ်လေးများလို တလက်လက် တောက်ပနေခဲ့သည်။ သူမ၏ အမိန့်သည် စုတိဝမ်၏ အမိန့်လောက် သက်ရောက်မှု မရှိသော်လည်း အရှေ့ဆုံးမှ စုဂိုဏ်းသားများ ရပ်တန့်လိုက်သောကြောင့် အနောက်မှ စစ်သည်များကလည်း ရပ်တန့်လိုက်ကြ ရသည်။
ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအိုကြီးသည် မျက်မှောင်ကြုတ်၍ စစ်တပ်အား ရပ်တန့်ရန် လက်ဟန်ပြလိုက်သည်။ ကျန်စစ်တပ်များကို ဦးဆောင်သူများ သည်လည်း အလားတူ အမိန့်များ ပေးလာကြသောကြောင့် ရှားဝူဟွေ့မှာ ရွေးစရာမရှိတော့ပဲ အံကြိတ်၍ ရပ်တန့်ရန် အမိန့်ပေးလိုက် ရသည်။
စစ်တပ်ကြီးနှစ်ခု ထိပ်တိုက်တွေ့ခါနီးမှ လူတစ်ဦးကြောင့် ရပ်တန့်သွားခဲ့သည်။
စစ်သည်များတွင် အံ့အားသင့်သော အကြည့်တို့ ရှိနေကြသည်။ ကျုံးဝူသားရဲကြီး၏ ကျောထက်မှ ကျန်းရီကို မြင်သောအခါ သူတို့ပို၍ အံ့အားသင့်ကုန်ကြသည်။ စစ်သူကြီးများ၏ ကျန်းရီ၏ နာမည်ကို အံ့သြတကြီး ရေရွတ်သံများမှာ စစ်တပ်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နံပါတ်တစ် ကျောင်းသား၊ နိုင်ငံအဆင့်ပြိုင်ပွဲ၏ ပထမဆုရှင်၊ ရှန်ဝူနိုင်ငံ၏ သစ္စာဖောက်၊ မိုးပြာနဂါး အင်ပါယာ၏ ကင်းထောက်သံတမန်၊ နယ်မြေ၏ ကယ်တင်ရှင် ... .
ကျန်းရီသည် အတော်လေး ကျော်ကြားသည်ကိုတော့ သူတို့ ဝန်ခံရပေမည်။ သူ့ကျော်ကြားမှုမှာ သူ့အဖေ ကျန်းပိုင်လီအောက် မလျော့ပေ။ သို့သော် စစ်တပ်နှစ်ခုကို သူ ရပ်တန့်စေနိုင်သည့် အဓိက အကြောင်းအရင်းမှာ သူ၏ ကျောထောက်နောက်ခံသည် နတ်ဆိုးသားရဲ မျိုးနွယ်၏ ဧကရီ ဖြစ်နေခြင်းကြောင့် ပင်တည်း။
ကြယ်ကောင်းကင်မြို့မှ လက်ဝါးချက်သည် နတ်ဆိုးဧကရီမှ ကျန်းရီအား ပေးအပ်ခဲ့သော လက်ဆောင်ပင် ဖြစ်ချေသည်။ ထိုဖြစ်ရပ်သည် နတ်ဆိုးဧကရီနှင့် ကျန်းရီအကြားရှိ ဆက်ဆံရေးကို လူတိုင်းအား ရှင်းရှင်းလင်းလင်း သိသွားစေခဲ့သည်။
တောင်စဉ်သုံးထောင်မှ တစ်စုံတစ်ယောက်၏ တိုက်ခိုက်ဖျက်ဆီးနိုင် စွမ်းအားသည် နယ်မြေတစ်ခုလုံးအား သွေးကြောင်သွားစေသည်။ ထို့ကြောင့် ကျန်းရီ ရုတ်တရက် ပေါ်ထွက်လာချိန်တွင် သူတို့အားလုံး အလျင်စလို မလုပ်ရဲကြပေ။
လူတိုင်းသည် တစ်ခဏ အေးခဲသွားကြသော်လည်း မကြာခင်တွင် သတိပြန်ဝင် လာကြသည်။ ကျန်းရီသည် နတ်ဆိုးဧကရီအား နောက်ခံရထားပြီး မိုးပြာနဂါး အင်ပါယာမှ မင်းသမီးလင်းရွှယ်၏ အထူးချီးမြှောက်ခြင်း ခံထားရသော်လည်း ယခုဖြစ်ရပ်မှာ လူသားများအကြားမှ စစ်ပွဲဖြစ်သည်။ ထို့ပြင် သူတို့သည် မြေခွေးလေးကို ပြန်ပေးဆွဲမှု၏ ကြိုးကိုင်သူကို လာရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးဧကရီ ဤဖြစ်ရပ်ကို သိသွားလျှင်တောင် ဝင်မပါလောက်ပေ။
မင်းသမီး လင်းရွှယ်မှာမူ ...
မိုးပြာနဂါး အင်ပါယာသည် ဤဖြစ်ရပ်ကို အသုံးချ၍ အင်ပါယာ၏ ဂုဏ်သတင်းကို မြှင့်တင်ရန်နှင့် အုပ်ချုပ်သူအနေဖြင့် အင်အားကို ပြသရန် ဆန္ဒရှိနေသည်။ မင်းသမီး လင်းရွှယ်သည် ကျန်းရီကို မည်မျှပင် အရေးပေးပေး ဤကိစ္စအား နောက်ဆုတ်ပေးမည် မဟုတ်ချေ။
"ကောင်းကင်က မင်းကို လမ်းတစ်ခုပေးပေမဲ့ မင်းက တံခါးမရှိတဲ့ ငရဲတွင်းကို ခုန်ချဖို့ လုပ်နေတယ်"
ရှားဝူဟွေ့၏ မျက်လုံးများထဲတွင် နာကြည်းရိပ်များ ရှိနေပြီး သူ့နှုတ်ခမ်းထောင့်များမှာ ကွေးတက်သွားခဲ့ပြီး အေးစက်စက် အပြုံးတစ်ပွင့်ကို ဖန်တီးလိုက်လေသည်။ သူသည် ပါးစပ်ကိုဖွင့်ကာ စကားဆိုလာခဲ့သည်။
"ကျန်းရီ ... မင်းက ရှားနိုင်ငံကို ကူညီပြီး တပ်ပေါင်းစုကြီး တစ်ခုလုံးကို ဆန့်ကျင်ဖို့ လုပ်နေတာလား၊ အပြစ်သားတွေဘက်က နေတော့မလို့လား၊ ဒါမှမဟုတ် မင်းလည်း အဲဒီအမှုရဲ့ ကြိုးကိုင်သူတွေထဲက တစ်ယောက်ဖြစ်ပြီး မြေခွေးလေးကို ကယ်တာကလည်း မင်းရဲ့ သရုပ်ဆောင်ကွက်တွေထဲက တစ်ခုများလား၊ မင်းရဲ့နောက်မှာ နတ်ဆိုးဧကရီသာ ရှိမနေခဲ့ဘူးဆိုရင် မင်းဘာလို့ အဲဒီလောက် ကံကောင်းသွားမှာလဲ၊ ဘာလို့ နယ်မြေတစ်ခုလုံးက မြေခွေးလေးကို မရှာနိုင်ဘဲ မင်းတစ်ယောက်ကပဲ ရှာနိုင်သွားတာလဲ"
ရှားဝူဟွေ့၏ စကားသည် လူတိုင်းအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ထိုစကားမှာ ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း သေသေချာချာ စဉ်းစားလိုက်ပါလျှင်မူ အဓိပ္ပာယ် ရှိနေလေသည်။ လူတိုင်းသည် ကျန်းရီအား ကြည့်လိုက်ကြပြီး သူ့ဖြေရှင်းချက်ကို စောင့်နေကြလေသည်။
ကျန်းရီသည် ရှားဝူဟွေ့ကို လှည့်၍ပင် မကြည့်ဘဲ လုံးဝလျစ်လျူရှု ထားခဲ့သည်။ သူသည် မိုးပြာနဂါး အင်ပါယာမှ စစ်သူကြီးလုံနှင့် ကျန်စစ်တပ်များမှ ခေါင်းဆောင်များကို ကြည့်ကာ ပြောလိုက်သည်။
"ဒီကိစ္စကို ကြားလာခဲ့ပေမဲ့ သေချာတော့ မရှင်းသေးဘူး၊ ရှားနိုင်ငံကလွဲပြီး ဘယ်သူမဆို ဒီကိစ္စရဲ့ ကြိုးကိုင်သူ ဖြစ်နိုင်တယ်၊ ဒါကို ခင်ဗျားတို့ အားလုံးလည်း သိမယ်လို့ ကျွန်တော်ထင်တယ် ... လူသားမျိုးနွယ်ရဲ့ တရားမျှတမှု အတွက်လို့ ခေါင်းစဉ်တပ်ပြီး မိုးပြာနဂါး အင်ပါယာနဲ့ နိုင်ငံငါးခုက အားအနည်းဆုံး နိုင်ငံအပေါ်မှာ အခွင့်အရေးယူတယ်။ ဒါကိုအစွမ်းအစ ရှိတယ်လို့ သတ်မှတ်တာလား၊ ခင်ဗျားတို့အားလုံး မရှက်ကြဘူးလား၊ ခင်ဗျားနိုင်ငံတွေက လူသားတွေကျတော့ လူတွေဖြစ်ပြီး ရှားနိုင်ငံရဲ့ ပြည်သူတွေကျတော့ လူတွေမဟုတ်ဘူးလို့ ဆိုလိုချင်နေတာလား"
ကျန်းရီသည် စကားကို အဆုံးသတ်လိုက်သည်။ သူ၏စကားတွင် အင်အားတစ်မျိုး ပါဝင်နေပြီး မှော်အစွမ်း တစ်ခုပမာ လူတိုင်း၏ရင်ထဲတွင် ပဲ့တင်ထပ် သွားလေသည်။
လူအများစုသည် တိတ်ဆိတ်သွားကြသည်။ မိုးပြာနဂါးအင်ပါယာမှ စစ်သူကြီးလုံသည် မျက်နှာထား အမျိုးမျိုး ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အံကြိတ်၍ ပြောလာလေ၏။
"ကင်းထောက် သံတမန်ကျန်း ... ဒါက အင်ပါယာ တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်ပါ၊ ဒီစစ်သူကြီးကို အခက်တွေ့အောင် မလုပ်ပါနဲ့၊ ဒီစစ်သူကြီးက အမိန့်ကိုပဲ နာခံရတာပါ ... သံတမန်အရှင်က ကျွန်တော်တို့ကို တားနေမယ်ဆိုရင် ကျွန်တော့်မှာ ရွေးစရာမရှိဘဲ ဆန့်ကျင်ရပါလိမ့်မယ်"
ရှားဝူဟွေ့သည် သတိဝင်လာခဲ့သည်။ သူသည် အစက စကားတစ်ခွန်းပြော၍ အမှန်တရားဘက်မှ ရပ်တည်ကာ ကျန်းရီအား ဖိအားပေးချင်ခဲ့သည်။ စကားပြောနေခြင်းသည် အသုံးမဝင်ပေ။ သမိုင်းကို အနိုင်ရသူများကသာ ရေးခွင့်ရှိလေသည်။ သူတို့ ကျန်းရီကို သတ်ဖြတ်ပြီး ရှားယွိမြို့ကို သိမ်းပိုက်လိုက်လျှင် အားလုံးပြီးသွားပြီ ဖြစ်သည်။ သူသည် ချက်ချင်း အော်ဟစ်လိုက်သည်။
"ကျန်းရီ ... အခုချက်ချင်း ထွက်သွားစမ်း၊ မသွားရင် မင်းကိုပါ ကြံရာပါအနေနဲ့ သတ်မှတ်ပြီး သတ်ရလိမ့်မယ်"
ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအိုကြီး သည်လည်း ဓားရှည်တစ်ချောင်းကို ဆွဲထုတ်ကာ မေးလိုက်သည်။
"ကျန်းရီ ... မင်း နောက်ဆုတ်မှာလား၊ မဆုတ်ဘူးလား အခုချက်ချင်းဖြေ"
"ကျန်းရီ"
ထိုအခိုက်အတန့်တွင် မြို့တံတိုင်းထက်မှ စုလောရွှယ်သည် ရုတ်တရက် စကားပြော လာခဲ့သည်။ သူမ၏ ကျန်းရီအား ကြည့်နေသော မျက်လုံးများထဲတွင် ချစ်ခင်မြတ်နိုးမှုများ ပြည့်လျှံနေခဲ့သည်။ သူမ၏ မျက်နှာထက်တွင်လည်း နောင်တကင်းသော အပြုံးလေး ရှိနေခဲ့သည်။
ကျန်းရီသည် နောက်ဆုံး အချိန်လေးတွင် ပေါ်ထွက်လာခဲ့ပြီး သူ့တွင် သူမအတွက် စစ်သည် တစ်သန်းကိုတောင် ဆန့်ကျင်မည့် ရည်ရွယ်ချက် ရှိနေခဲ့သည်။ သူမ နောင်တမရှိဘဲ သေနိုင်ပြီဖြစ်သည်။ သူမသည် ကျန်းရီအား အချည်းနှီးဖြစ်ကာ မသေစေချင်ပေ။ သူမသည် အပြုံးလေးနှင့် ပြောလိုက်သည်။
"ရှင်သွားသင့်တယ် ... ဓားပြတွေ၊ လူဆိုးတွေနဲ့ စကားပြောလို့ ဘာအသုံးဝင်မှာလဲ။ ရှင် လောရွှယ်ကို အလေးအနက် ထားသေးရင် ချက်ချင်းထွက်သွားပါ၊ ရှင်မသွားရင် ကျွန်မ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူး ... နောက်ဘဝဆိုတာ ရှိခဲ့ရင် ရှင့်ကို စိတ်မပျက်စေတော့ပါဘူး ...”
"နောက်ဘဝ ... ဒီဘဝကိုတောင် ငါမထိန်းချုပ်နိုင်ရင် နောက်ဘဝကို ဘာအတွက် စိတ်ကူးနေတော့မှာလဲ"
ကျန်းရီသည် စုလောရွှယ်၏ မျက်လုံးများထဲ ကြည့်နေခဲ့သည်။ သူ့မျက်ဝန်းများတွင် ဆုံးဖြတ်ပြီးသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။ ကျန်းရီသည် ရယ်မောကာ ပြောလိုက်သည်။
"စုလောရွှယ် ... ငါမင်းကို ပေးထားတဲ့ကတိကို မှတ်မိသေးလား၊ ငါအဲဒီကတိကို အခု ဂုဏ်ယူစွာနဲ့ ဖြည့်ဆည်းပေးတော့မယ်။ ဒီလူတွေက မင်းကို နာကျင်အောင် လုပ်ချင်နေမှတော့ သူတို့အားလုံး ... သေ ... သင့် ... တယ်"
ကျန်းရီသည် အတွင်းအားများကို ရူးသွပ်စွာ ထုတ်ဖော်လိုက်ပြီး သူစီးထားသော ကျုံးဝူသားရဲကြီး ကွယ်ပျောက်သွားခဲ့သည်။ မီးနဂါးဓားသည် လင်းလက် တောက်ပလာခဲ့ပြီး ဓားပတ်လည်တွင် နဂါးနှစ်ကောင်က ငြိမ်သက်စွာ ကူးခပ်နေခဲ့သည်။
သူ့မျက်လုံးများသည် သွေးနီရောင် တောက်လာခဲ့ပြီး သူ့ကိုယ်မှ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အင်အားများ ထွက်ပေါ်လာကာ စစ်တပ်နှစ်ခု အကြားရှိ မြေကွက်လပ်ကို လွှမ်းခြုံသွားခဲ့သည်။ သူသည် ကောင်းကင်ထံ မော့ကာ အော်ဟစ်လိုက်သည်။
"လာကြလေ၊ မင်းတို့ ရှားယွိမြို့ကို ချေမှုန်းချင်ရင် ငါ ... ကျန်းရီရဲ့ အလောင်းကို နင်းသွားမှ ရမယ်"
***