← Chapters

ကြီးမားသော

Vol. 30 Ch. 437

ကြီးမားသော

Vol. 30 Ch. 437

ခွေးကြီး၏မေးခွန်းကြောင့် ကောင်းမင်၏ဦးရေပြားထုံထိုင်းသွားသည်။သူက ခွေးကြီးကို လေ့လာလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ သွေးစက်များပိုထည့်လိုက်ပြီး လူစားလဲမခံထားကြောင်း သေချာစေလိုက်သည်။

“မင်း ရွှမ်ဝမ်ကို မမှတ်မိဘူးလား ၊ သူက မင်းနဲ့အတူ စုံစမ်းစစ်ဆေးရေးဌာနချုပ်ကို သွားခဲ့တာမဟုတ်ဘူးလား”

ကောင်းမင် သူ့လက်ကို ခွေးကြီးဆီလှမ်းလိုက်သည်။ သူက ခွေးကြီးကို စိတ်ဖတ်ရန် သားစားကြူးနတ်ဘုရား၏ စွမ်းအားကိုသုံးချင်နေသည်။

“အဘွားရှန်း ၊ ဘော့စ်ကျန်း ၊ ကာယဆရာ နဲ့ ငါ…ငါတို့လူနည်းနည်းလောက်ပဲ ဌာနချုပ်ကို သွားခဲ့ကြတာ ၊ မင်းပြောတဲ့ အဲ့ဒီရွှမ်ဝမ်က ဘယ်သူလဲ”

ခွေးကြီးက တဖြည်းဖြည်းအာရုံစူးစိုက်လိုက်သည်။သူ အလွန်စိတ်ရှုပ်ထွေးနေခြင်းဖြစ်သည်။

“ကျန်းတင်းနဲ့ငါက တခြားလူတွေလွတ်အောင် နောက်မှာနေခဲ့ကြတာ ၊ အခု ချိန်းထားတဲ့နေရာမှာ သူတို့ မင်းကို စောင့်နေလောက်တယ် “

ကောင်းမင် ခေါင်းငြိမ့်၍ သူ့နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုကို ဖိနှိပ်လိုက်သည်။ဒီတစ်ကြိမ်တွင် သူရရှိခဲ့သောအရာများကို တဖြည်းဖြည်းတွက်ချက်ချင်သော်လည်း ရွှမ်ဝမ့်ပျောက်ဆုံးမှုက သူ့အား ဖိအားအများအပြားဖြစ်နေစေသည်။ အရိပ်များ သိပ်သည်းသွား၏။ကောင်းမင်သည် မူမမှန်ဖြစ်ရပ်ကို ချိတ်ပိတ်လိုက်သည်။ သူ့နောက်ကျောမှ ချိန်းကြိုးများက လူနေရပ်ကွက်တစ်ခုလုံးပျံ့နှံ့သွားသည်။ ဆွဲဆောင်မှုရှိသော အသားနံ့သည် ထာဝရဘဝအိမ်ရာနဲ့ လူချမ်းသာရပ်ကွက်ကို လွှမ်းခြုံသွားသည်။

အရိပ်ထဲတွင် ဧရာမလက်ကြီးများ ထွက်ပေါ်လာကြသည်။သားစားကြူးနတ်ဘုရားသည် ညကောင်းကင်ကြီးတစ်ခုလုံးကို ဆန့်ကျင်လိုသည့်အလား သူ့ပါးစပ်ကို ဖွင့်ဟလိုက်သည်။ ကံကြမ္မာအကြည့်ကြောင့် ဒဏ်ရာရထားသော သူ့ခန္ဓာကိုယ်မှာ အပြည့်အဝကောင်းမွန်ပြီဖြစ်သည်။ နတ်ဘုရားနှစ်ပါး၏ ဝိညာဉ်အကြွင်းအကျန်နှင့် နှလုံးတို့ကို ဝါးမြိုလိုက်ပြီးနောက် ယင်းသည် သားစားကြူးနတ်ဘုရားတစ်ခါမှ မရောက်ရှိခဲ့ဘူးသော အသန်မာဆုံးအခြေအနေဖြစ်လာတော့သည်။

အဆုံးမရှိသော ဖြစ်နိုင်ခြေများကိုကြည့်ရှုရင်း ကောင်းမင်သည် အတိတ်တစ်လျှောက်ပြန့်ကျဲနေသော အသားကိုစုစည်းလိုက်သည်။နတ်ဘုရား၏နှလုံးသားနှင့်အတူ ရှိနေသော အသတ်အဖြတ်အရှိန်အဝါသည် ဖိနှိပ်မရနိုင်တော့ပေ။

နတ်ဘုရားဟူသည် ခန့်ညားပြီး ကြင်နာရမည်ဟု မည်သူပြောသနည်း။ရက်စက်၍ လူမဆန်လှသော မကောင်းဆိုးဝါးတစ်ကောင်ပင်လျှင် နတ်ဘုရားဖြစ်နိုင်သည်။

“ဒီမူမမှန်မှုထဲက လူတိုင်းကို နှိပ်စက်ခန်းထဲဆွဲခေါ်သွားလိုက် ၊ လိုက်နာဖို့ ငြင်းနေတဲ့ကောင်တွေကို ငါကိုယ်တိုင် ဖြောင်းဖျမယ်”

နတ်ဘုရားမျက်နှာလေးခုက ပြုံးလိုက်သည်။ကြီးမားလှသော သူ့ခန္ဓာကိုယ်ကြီးကို ဖြေလျော့သွားစေပြီး လက်တစ်ဖက်ချင်းစီက ထူးဆန်းသည့်အမှတ်အသားတစ်ခု ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်သည် အမှောင်ထုထဲ ပျောက်ကွယ်လာပြီး အသားနံ့ဖြတ်သန်းသွားသောနေရာတိုင်း သန္ဓေပြောင်းသွားသည်။သို့သော်လည်း ထိုသန္ဓေပြောင်းမှုမှာ သားစားကြူးနတ်ဘုရားအတွက် ထူးခြားသည်။တစ်စုံတစ်ယောက်က ယင်းကို ခုခံပါက သူတို့၏ အသွေးအသားများသည် ကိုယ်ပိုင်အသိစိတ် ရရှိလာမည်ဖြစ်သည်။ သူတို့၏ သွေးကြောများအတွင်းနှင့် အရေပြားအောက်တွင် သားစားကြူးနတ်ဘုရား၏ ရုပ်တုများ စတင်ကြီးထွားလာမည်ဖြစ်သည်။

ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို ထိန်းချုပ်မှုမလွတ်သွားစေရန် အမြဲတမ်း ထိန်းချုပ်ထားခဲ့သည်။ သို့သော်လည်း ဤမူမမှန်ဖြစ်ရပ်နှင့် တွေ့ကြုံပြီးနောက် ကောင်းမင်သည် နတ်ဘုရားကို ထိန်းချုပ်နိုင်သည်အထိ အလုံအလောက် သန်မာလာခဲ့သည်။ သူ့တွင် ယခင်စိုးရိမ်မှုများ မရှိတော့ချေ။

ကောင်းမင်သည် ထာဝရဘဝအိမ်ရာသို့ ပြန်လာလိုက်ပြီး စိုးရိမ်ပူပန်နေသော လူအုပ်ကြီးကို ပြောလိုက်သည်။

“ကျုပ် ဌာနချုပ်နဲ့ ညှိနှိုင်းခဲ့ပြီးပြီ ၊ ခင်ဗျားတို့ထဲက တစ်ယောက်ကိုမှ မသတ်ဘူး ၊ ည မှောင်လာရင် ခင်ဗျားတို့ကို လွှတ်ပေးမယ်”

ဟယ်ကျင်း ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။ သူ ဓားကို ပြန်ချလိုက်သည်။ သူသည် မူလက ကောင်းမင်၏မျက်နှာသာကို ရရန် ယွမ်ဟွေ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ဝမ်ကျား၏အမူအရာမှာ ရှုပ်ထွေးနေလေသည်။ သူသည် စုံစမ်းစစ်ဆေးရေးဌာန အဖွဲ့ဝင်တစ်ဦးအနေဖြင့် မူမမှန်ဖြစ်ရပ်ထဲ ဝင်လာခဲ့သော်လည်း သူ့မဟာမိတ်များသာ သူ့ကို အမဲလိုက်နေခဲ့သည်။

“ဝမ်ကျား၊ မင်းရဲ့လျှို့ဝှက်ချက်တွေကို ငါ စိတ်မဝင်စားဘူး၊ လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ အသက်ကိုလည်း ငါဂရုမစိုက်ဘူး၊ မင်း စုံစမ်းစစ်ဆေးရေးဌာနမှာ ဆက်လုပ်လို့ရတယ် ဒါမှမဟုတ် ဟန်ဟိုင်းမှာ မင်းအတွက် လမ်းကြောင်းအသစ်တစ်ခု ရှာလို့ရတယ် ၊ ဒါမှမဟုတ်... မင်းရှင်းလုကို ပြန်လို့ရတာတောင် ဖြစ်နိုင်တယ်”

ကောင်းမင်၏စကားများတွင် နက်နဲသောအဓိပ္ပာယ်များ ပါဝင်သည်။ ဟန်ဟိုင်းရှိ လူတိုင်း၏ မှတ်ဉာဏ်သည် အတုအယောင်ဖြစ်ကြောင်း သူသိသည်။ မည်သူကမျှ ဤမြို့ထဲမှ အမှန်တကယ် မထွက်ခွာခဲ့ဖူးပေ ။

“မင်း အဲ့ဒါကို စိတ်ပူစရာမလိုပါဘူး”

ကောင်းမင်ရှေ့တွင်ပင် ဝမ်ကျားသည် အသားနံ့ရှိသော လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။

“မင်း ကျေနပ်ပြီလား”

ဝမ်ကျား၏မျက်လုံးများက အရာများစွာကို မြင်နိုင်သည်။သူသည် ကောင်းမင်၏စိုးရိမ်မှုကို လျော့ချစေရန် သားစားကြူး နတ်ဘုရား၏ရနံ့ကို တက်ကြွစွာ ရှူသွင်းလိုက်သည်။

ကောင်းမင်သည် ဝမ်ကျားကို ကျော်၍ အဖွဲ့တစ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ခင်ဗျား စုံစမ်းစစ်ဆေးရေးဌာနမှာ နေရာတစ်ခုမရှာနိုင်ခဲ့ရင် ကျုပ်က အမြဲတမ်း ကြိုဆိုနေမှာပါ”

အဖွဲ့တစ်ခေါင်းဆောင်သည် ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူသည် ဝမ်ကျားဘက် ရပ်တည်ရန် ခိုင်မာစွာ ရွေးချယ်လိုက်သည်။

အရာအားလုံးက သူထင်ထားသည်ထက် ပိုမြန်စွာဖြစ်ပျက်နေသည်။ ညှဉ်းပန်းနှိပ်စက်ခန်း၏ အမှတ်အသားသည် လူတိုင်းအပေါ် ကျန်ရှိနေခဲ့သည်။ သူတို့ခြေထောက်အောက်ရှိ အရိပ်သည် ညှဉ်းပန်းနှိပ်စက်ခန်း၏ အစိတ်အပိုင်းဖြစ်သည်။ ထိုနေရာတစ်ခုလုံးသည် သားစားကြူးနတ်ဘုရား၏ အသွင်ပြောင်းလဲခံထားရပြီးဖြစ်သည်။ ကောင်းမင်သည် ဝမ်ကျား၏အမူအရာမှာ အများစုထက် ပို၍ နာကျင်နေသည်ကို သတိပြုမိသည်။ တစ်ခါတစ်ရံတွင် အမှန်တရားကိုမြင်နိုင်သည့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားရခြင်းသည် ကောင်းမွန်သောအရာမဟုတ်ပေ။

“ငါ အကျဉ်းသားတွေ အများကြီးရထားတယ် ၊ သူတို့က လေ့ကျင့်ရည်ပြည့်ဝပြီးသားလူတွေပဲ ၊ သူတို့ထဲက တစ်ယောက်ချင်းစီက သာမန်လူ အယောက်တစ်ရာနဲ့ယှဉ်လို့ရတယ်”

အသားနံ့က လှုပ်ရှားစီးဆင်းနေသည်။ ကောင်းမင် လူချမ်းသာရပ်ကွက်သို့ ဦးတည်သွားလိုက်သည်။ အဆောက်အအုံ ၃ မှ တိုက်ခိုက်သံများက သူ့အာရုံကို ဖမ်းစားသွားသည်။

ကျောင်းသားကောင်စီမှ လူများမှာ ဆုတ်ခွာသွားကြပြီဖြစ်သည်။ အဆောက်အအုံ ၃ပတ်ပတ်လည်တွင် ကျန်ရှိသော အသက်ရှင်ကျန်ရစ်သူများ စုဝေးနေကြသည်။ အနာဂတ်နတ်ဘုရား၏သရဲတက်တူး ဖိနှိပ်မှုက ရုတ်တရက် ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ယင်းသည် အဆောက်အအုံ၃ နှင့် သက်ဆိုင်နေသည်မှာ သေချာလှသည်။ အန္တရာယ်အရှိဆုံးအချိန်တွင် မည်သူကမျှ သူတို့ကို အကူအညီပေးရန် ရောက်မလာခဲ့ကြပေ။ သို့သော်လည်း စစ်ပွဲဆုလာဘ်များကို သိမ်းပိုက်ရတော့မည့်အချိန်တွင် သူတို့သည် သွေးနံ့ရသော ငါးမန်းများကဲ့သို့ပင်ပင်။ ကျိန်စာသင့်ပစ္စည်းများစွာကို စုဆောင်းထားသည့် ဖန်လီနှင့် စီဆန်းတို့ကို သူတို့ ဝိုင်းထားကြသည်။

“ညီလေး ၊ ငါတို့က မိသားစုတွေပဲလေ ၊ မင်း ငါ့ကို ဘာလို့စိမ်းစိမ်းကားကား လုပ်နေရတာလဲ”

တောင်ဘက်ဆိပ်ကမ်း စုံစမ်းစစ်ဆေးရေးဌာန၏ အကြီးအကဲ ဝမ်ချန်းယီက ရှေ့တွင်ရပ်နေခဲ့သည်။ သူသည် ဝမ်ကျား၏ အကြီးဆုံးဦးလေး၏သားဖြစ်ပြီး ဝမ်ကျားအဘိုး၏ အနှစ်သက်ဆုံး မြေးဖြစ်သည်။

စိတ်ဝင်စားစရာကောင်းသည်မှာ သူ့ကို ဆန့်ကျင်နေသူမှာ ဝမ်ကျား ဖြစ်သည်။

“အစ်ကိုကြီး၊ ခင်ဗျားက အခုမှ ကျုပ်ကို မိသားစုအဖြစ် အသိအမှတ်ပြုတာလား ၊ ကျုပ်ခင်ဗျားဆီ အကူအညီတောင်းခဲ့တုန်းက ခင်ဗျားကျုပ်ကို ဘယ်လို လျစ်လျူရှုခဲ့လဲဆိုတာ မှတ်မိနေသေးတယ်”

ဝမ်ကျားသည် သူ့လက်ထဲက ဓားမြှောင်ကို ဖုံးကွယ်ထာားရန် သူ့အင်္ကျီလက်ကို ချလိုက်သည်။

“မိသားစုရဲ့ နှစ်စဉ်ဘိုးဘေးအောက်မေ့ပွဲနေ့ စုဝေးတဲ့အခါတိုင်း ခင်ဗျားက အမြဲတမ်းရှေ့ဆုံးမှာ ရပ်နေတာလေ ၊ ခင်ဗျားက ကျုပ်ရဲ့တည်ရှိမှုကိုတောင် သတိထားမိခဲ့ဖူးလား”

“အဲ့ဒါကို ငါတို့ အိမ်ပြန်ရောက်မှ ပြောကြတာပေါ့ ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မိသားစုပဲလေ၊ အပြင်လူတွေ ငါတို့ဆီက အကျိုးအမြတ်တွေကို လုယူသွားစရာအကြောင်းမရှိဘူး”

ဝမ်ချန်းယီသည် ဖန်လီနှင့် စီဆန်းတို့ ရှာတွေ့ခဲ့သည့် ကျိန်စာသင့်ပစ္စည်းသေတ္တာများနှင့် ရွှံ့ရုပ်တု အပိုင်းအစများကို စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများတွင် သွေးများ ပြည့်နေလေသည်။

“ဝမ်ကျား၊ မင်းသူငယ်ချင်းတွေကို ငါ့ဆီ ခေါ်လာခဲ့ပါ ၊ ငါမင်းကို လမ်းပြပေးပြီး အပြင်ကို ခေါ်ထုတ်သွားပေးမယ်”

“ငါတို့ ဒါကို အတူတူ ရှာတွေ့ခဲ့တာပဲ ၊မင်းတို့က အားလုံးကို လိုချင်နေတာတော့ နည်းနည်း လောဘကြီးလွန်းနေတာ မဟုတ်ဘူးလား”

ရှန့်ထျန်းက ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။ “ဟုတ်ပါတယ်၊ ငါ မင်းကို ဒုက္ခများအောင် မလုပ်ပါဘူး ၊ ငါ ပစ္စည်းရဲ့ သုံးပုံတစ်ပုံပဲ လိုတယ် ၊ အဲ့ဒါကို ပေးရင် မင်းရဲ့လုံခြုံရေးကို ငါအာမခံတယ်”

“အရင်ဆုံး ခင်ဗျားကိုယ်ခင်ဗျား ကာကွယ်နိုင်အောင် လုပ်သင့်တယ်”

ဝမ်ကျားက မထီမဲ့မြင် ပြန်ပြောလိုက်သည်။ သူသည် ပျက်စီးနေသော ရုပ်အလောင်းတစ်ခုကို နင်းလိုက်ပြီး

“ခင်ဗျား လိုချင်ရင် လာယူလေ”

ဝမ်ကျားကို ဝိုင်းထားသည့် အင်အားစုသုံးစုထဲတွင် စီတုအန်းတစ်ယောက်သာ ဘာမှ ဝင်မပြောခဲ့ခြင်းဖြစ်သည်။ အသားနံ့က ရုတ်တရက် သူတို့ကို ဝိုင်းရံလိုက်သောအခါ သူ့နှာခေါင်းပေါက်များ တရှုံ့ရှုံ့လှုပ်ရှားသွားသည်။

“ဌာနရဲ့ ဒီလူရွေးပွဲကြီးက အများကြီးအထောက်အကူ ဖြ‌စ်စေခဲ့တာ သေချာတာပဲ”

ကောင်းမင်၏အေးစက်စက် အသံက နောက်ဘက်မှ ထွက်လာလေသည်။ သူတို့ အုပ်စု သတိထားမိလိုက်သည့်အခါ သူသည် သူတို့နောက်နားကို ရောက်လုနီးပြီဖြစ်သည်။

“ပုံမှန်ဆိုရင် ဟန်ဟိုင်းမှာ ဒီလောက်များတဲ့လက်ရွေးစင်တွေကို စုစည်းဖို့ ငါ့အတွက် အများကြီး ကြိုးစားရမှာ”

သူတို့ထဲက တချို့က ဆုတ်ခွာချင်ကြသော်လည်း အရိပ်များထဲက ချိန်းကြိုးများ ပစ်ထွက်လာသည်။ သူတို့သည် ချက်ချင်း ချည်နှောင်ခံလိုက်ရသည်။

ဝမ်ချန်းယီပတ်ဝန်းကျင်ရှိ လုံခြုံရေးအဖွဲ့ဝင်များသည် အမှောင်စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့သည် သူတို့၏ကျိန်စာသင့်ပစ္စည်းများကို ခြေမွလိုက်ကြသည်။ သရဲတက်တူးနှင့်တူသည့် တစ်စုံတစ်ခုက သူတို့၏ခန္ဓာကိုယ်ထဲတွင် ကပ်တွယ်လိုက်လေသည်။ ထိုလူများသည် ဝမ်ချန်းယီကို ကယ်တင်ရန်အတွက် သူတို့ကိုယ်သူတို့ စတေးကြမည့်သူများ ဖြစ်သည်။

“ကျုပ်က ဒီစကားပြောဖို့ ရောက်လာတာပဲ ၊ ဘယ်သူမှ သေစရာမလိုပါဘူး”

ကောင်းမင်သည် အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ ဤသည်မှာ သူ မြင်ခဲ့ရသည့် အနာဂတ်ဖြစ်သည်။

သားစားကြူးနတ်ဘုရား၏ အရိပ်က ညနှင့် ချိတ်ဆက်သွားသည်။ လက်ရှစ်ချောင်းက ဝိညာဉ်ချိန်းကြိုးများကို ဆွဲယူလိုက်သည်။ နတ်ဘုရားသည် လက်ရွေးစင်လူများကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဆွဲခေါ်သွားလိုက်တော့သည်။

ကြောက်မက်ဖွယ်ရာ အဆောက်အအုံများနှင့် သန်းပေါင်းများစွာသော ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ဝိညာဉ်များ တုန်ယင်သွားလေသည်။ သူတို့ရှေ့က ထိုလူသားသည် အနာဂတ်နတ်ဘုရားထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေချေသည်။

(ကောင်းမင်ရဲ့သူငယ်ချင်း ဝမ်ကျားနဲ့ လုံခြုံရေးအဖွဲ့ဝင် ဝမ်ကျားတို့က မျိုးရိုးနာမည် ‘ဝမ်’ စာလုံးပေါင်းမတူပါဘူး ၊အသံထွက် ဆင်တာပါ)

All Chapters