အိမ်မက်သရဲ၏ မျက်လုံး
Vol. 30 Ch. 438
“ကောင်းမင်”
ဝမ်ချန်းယီနှင့် ရှန့်ထျန်းတို့သည် ကောင်းမင်ကို တစ်ချိန်တည်း မှတ်မိလိုက်ကြသော်လည်း သူတို့၏ တုံ့ပြန်မှုများမှာ လုံးဝကွဲပြားသည်။
မြို့ဟောင်းတွင်နေထိုင်သည့် ရှန့်ထျန်းက သူ့လူများကို ချက်ချင်း လက်နက်ချခိုင်းလိုက်သည်။ သူ့အမူအရာသည် ကြင်နာလာပြီး ရင်းနှီးဖော်ရွေလာသည်။
ဝမ်ချန်းယီသည် သူ၏မျက်လုံးများတွင် သတိထားမှုကို ထုတ်ဖော်လာသည်။ သူသည် ကောင်းမင်အကြောင်းကို သူ့မိသားစုပြောသည်ကို ကြားဖူးခဲ့သည်။ ကောင်းမင်၏ဆုငွေသည် စုံစမ်းစစ်ဆေးရေးဌာနရှိ စီတုအန်းပြီးလျှင် ဒုတိယဖြစ်သည်။ သူသည် အန္တရာယ်ရှိသော ရာဇဝတ်သားတစ်ယောက်ဖြစ်သည်။
“အနာဂတ်နတ်ဘုရားကို သတ်ခဲ့တာက ကျုပ်ပဲ ၊ အဲ့ဒီပစ္စည်းတွေကို ရှာခိုင်းခဲ့တာလည်း ကျုပ်ပါပဲ ၊ ခင်ဗျားတို့က တစ်စိတ်တစ်ပိုင်း လိုချင်သေးတာလား”
ကောင်းမင်က ချောမွေ့သောအသံဖြင့် မေးလိုက်သည်။
အစောပိုင်းက အလွန်ဝံ့ကြွားမောက်မာနေခဲ့သော ရှန့်ထျန်းသည် သူ့လက်များကို လျင်မြန်စွာ ခါယမ်းလိုက်သည်။
“ခင်ဗျားက ရေသေဖိုရမ်ကို တည်ထောင်ခဲ့ပြီး မူမမှန်ဖြစ်ရပ်တွေကို ရှင်းလင်းမယ့်နည်းလမ်းကို ကိုယ်ကျိုးမငဲ့ ဝေမျှပေးခဲ့တယ် ၊ခင်ဗျားက လူအများကြီးကို ကူညီခဲ့တဲ့အတွက် ဟန်ဟိုင်းရဲ့ ကယ်တင်ရှင်ပါပဲဗျာ”
ရှန့်ထျန်းသည် ရိုးရိုးသားသားပြောခြင်း ဟုတ်မဟုတ်မရှင်းလင်းပေ။ သူသည် ကောင်းမင်ဆီသို့ တက်ကြွစွာ လျှောက်သွားပြီးနောက် သူ၏လူများကို ကောင်းမင်ပတ်လည်တွင် ရပ်ခိုင်းလိုက်သည်။ သူသည် ကောင်းမင်ဘက်က ရပ်တည်ရန် စီစဉ်ထားပုံ ပေါ်သည်။
“ကောင်းမင် ၊ ကျုပ်တို့နှစ်ယောက်လုံးက မြို့ဟောင်းကဆိုတော့ တစ်ယောက်ကိုတစ်ယောက် ကျောထောက်နောက်ခံ လုပ်ပေးသင့်တယ် ၊ တခြားဇုန်တွေက လူတွေက ငါတို့ကို အနိုင်ကျင့်ချင်နေတာဆိုတော့လေ”
“ကျုပ်ညီငယ်လေးက ငယ်ရွယ်ပြီး မရင့်ကျက်သေးပါဘူး၊ ကျုပ် ဒီမူမမှန်ဖြစ်ရပ်ထဲမဝင်ခင် အဖေနဲ့ အဘိုးက ခင်ဗျားနဲ့တွေ့ရင် သူ့ကို ဂရုစိုက်ပေးတဲ့အတွက် ကိုယ်တိုင်ကျေးဇူးတင်သင့်တယ်လို့ ပြောလိုက်ပါတယ် ၊ အချိန်ရရင် ကျင်းဟိုင်စုံစမ်းစစ်ဆေးရေးဌာနကို အချိန်မရွေး လာရောက်လည်ပတ်နိုင်ပါတယ်ဗျာ ၊ ခင်ဗျားက ကျုပ်တို့ရဲ့ ထာဝရမိတ်ဆွေပါပဲ”
ဝမ်ချန်းယီသည် အလွန်ထက်မြက်သည်။ သူ လှုပ်ရှားလိုလျှင်ပင် အပေါ်ယံယဉ်ကျေးမှုကို ထိန်းသိမ်းထားရမည်ကို သူသိသည်။
သူတို့၏သဘောထား အပြောင်းအလဲကို မြင်လိုက်ရသောအခါ ကျိန်စာသင့်ပစ္စည်းသေတ္တာကို သယ်ဆောင်လာသည့် စီဆန်းက စိတ်ရှုပ်ထွေးသွားသည်။ယင်းသည် သူကြည့်ဖူးသည့် ရုပ်ရှင်များနှင့် မတူပေ။ လူဆိုးများက သူတို့အား ဆက်လက်လှောင်ပြောင်သင့်သည် မဟုတ်လော။
သားစားကြူးနတ်ဘုရား၏ မျက်နှာလေးခုသည် ကောင်းမင်နှင့် တူညီသောအမူအရာရှိနေလေသည်။ တစ်စုံတစ်ယောက်သည် လုံလောက်စွာ သန်မာလာသောအချိန်တွင် မိတ်ဆွေအသစ်များကို သဘာဝအတိုင်း ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ဤလူများသည် မည်သို့ ကိုယ်ပိုင်အတွေးများ ရှိနေကြမည်ကို ကောင်းမင်ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူတို့အား ညှဉ်းပန်းနှိပ်စက်ခန်းတွင် အမှတ်အသားခတ်နှိပ်ထားပြီးသောကြောင့် ဖြစ်သည်။ ဤလူများ မရှိပါက သူ၏ဘဝသည် မည်မျှပျင်းစရာကောင်းလိမ့်မည်နည်း။
“ဖန်လီ၊ ကျိန်စာသင့်ပစ္စည်း နှစ်သေတ္တာနဲ့ အနာဂတ်နတ်ဘုရားရဲ့ နာရီတွေကို သူတို့ကို လက်ဆောင်ပေးလိုက်ပါ”
ကောင်းမင်က ဤအရာများသည် သူ့အတွက် ဘာမှမဟုတ်သကဲ့သို့ ပြောလိုက်သည်။
ရှန့်ထျန်း ခုန်ထွက်လာသောအခါ ဖန်လီ ဘာမှမပြောခဲ့ပေ။
“ကျုပ်တို့ ဘာမှ မလုပ်ခဲ့ရပါဘူးဗျာ ၊ အနာဂတ်နတ်ဘုရားကို ခင်ဗျားတစ်ယောက်တည်းသတ်ခဲ့တာပါ ၊ ဒီပစ္စည်းတွေက ခင်ဗျားဟာပါပဲ ၊ ကျုပ်တို့ ခင်ဗျားဆီက ဘယ်ယူလို့ဖြစ်ပါ့မလဲ”
“ရပါတယ် ၊ ခင်ဗျားတို့ လုံလောက်တာထက် ပိုပေးခဲ့ပြီးပါပြီ”
ကောင်းမင် ချိန်းကြိုးများကို ဆွဲထုတ်လိုက်သည်။ ချိန်းကြိုးအသစ်များတွင် မတူညီသော အမည်များကို ထွင်းထုထား၏။ သားစားကြူးနတ်ဘုရားမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ပိုမို ပြင်းထန်လာသည်။
သူတို့သည် ကောင်းမင်နှင့် ညှိနှိုင်းရမည်ကို မကြောက်ကြပေ။ ညှိနှိုင်းစရာ ဘာမှမရှိမည်ကိုသာ သူတို့ ကြောက်ကြခြင်းဖြစ်သည်။
ဝမ်ချန်းယီသည် သူ့အသိစိတ် ပြောင်းလဲမှုကို ခံစားမိလိုက်သည်။ သူသည် ပြန်တိုက်ခိုက်လိုသော်လည်း သူ၏ ‘မဟာမိတ်များ’ ကို စိုးရိမ်မိသည်။ ရှန့်ထျန်းက အလွန်ကောက်ကျစ်သည် မဟုတ်လော။
စီတုချန်သည် ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ ကောင်းမင် အဆောက်အအုံ ၃ မှ ထွက်လာပြီကို သူသိလိုက်ချိန်တွင် သူတို့အတွက် အခြေအနေမကောင်းတော့ကြောင်း နားလည်သွားသည်။
“ဌာနချုပ်နဲ့ အပေးအယူလုပ်ပြီးသွားရင် ခင်ဗျားတို့ကို လွှတ်ပေးမယ်”
အသားမီးဖိုထဲတွင် ဝိညာဉ်မီးတောက်များ တဖျစ်ဖျစ်လောင်ကျွမ်းနေလေသည်။ ကောင်းမင်၏ အသံက လူတိုင်း၏နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ “
ဒီကစပြီး ကျုပ်တို့က မိတ်ဆွေတွေပဲ၊ ဒါကြောင့် ကျုပ်ကို ဒုက္ခဖြစ်စေမယ့် အရာတွေ မလုပ်ကြဖို့ မျှော်လင့်ပါတယ်”
ချိန်းကြိုးများကို မီးဖိုထဲပစ်ထည့်၍ ပြန်ဆယ်ယူပြီးနောက် လူတိုင်းသည် သူတို့နတ်ဘုရားရှေ့မှနောက်လိုက်များသဖွယ် ကောင်းမင်၏ စကားများကို လိုက်နာလိုစိတ်များ ခံစားလာရသည်။ သူတို့၏ခန္ဓာကိုယ်များသည် သားစားကြူးနတ်ဘုရား၏ စိမ့်ဝင်ထိုးဖောက်ဝင် ခံခဲ့ရပြီး ဖြစ်သည်။ သန္ဓေပြောင်းခြင်းကို အချိန်မရွေး စတင်နိုင်သော်လည်း ကောင်းမင်သည် ၎င်းကို နှောင့်နှေးထားစေသည်။ သူသည် ဟန်ဟိုင်းရှိ လူတိုင်းကို သားစားကြူးနတ်ဘုရား၏ နောက်လိုက်များအဖြစ် ပြောင်းလဲလိုခြင်းမရှိပေ။ ညှဉ်းပန်းနှိပ်စက်ခန်းသည် ကြီးမားသော်လည်း ၎င်းတွင် စွမ်းရည်ကန့်သတ်ချက်များ ရှိနေသေးသည်။
“ကောင်းမင်၊ အဆောက်အအုံ ၁ မှာ လုံခြုံရေးအဖွဲ့ဝင်တချို့တလေ ကျန်သေးတယ် ၊ သူတို့က အနောက်ဘက်ဆိပ်ကမ်း စုံစမ်းစစ်ဆေးရေးဌာနတွေက ထိပ်တန်းလက်ရွေးစင်တွေပဲ ၊ ခင်ဗျားကို သူတို့ဆီ ခေါ်သွားပေးမယ်”
ဝမ်ချန်းယီသည် အကြီးအကဲဝမ်၏ တန်ဖိုးအထားရဆုံး ဂျူနီယာဖြစ်ရသည်မှာ အကြောင်းရင်း ရှိသည်။သူသည် လူတိုင်း ပင်လယ်ထဲရောက်နေချိန်တွင် ကမ်းခြေနှင့်အနီးဆုံးသူများက ကယ်တင်ခံရရန် အခွင့်အရေး အများဆုံးရှိကြောင်း နားလည်ထားသည်။ ဤမူမမှန်ဖြစ်ရပ်တွင် ကောင်းမင်သည် ကမ်းခြေဖြစ်သည်။
နေ့လယ်ခင်း နောက်ပိုင်း၌ မူမမှန်ဖြစ်ရပ်ထဲရှိ သက်ရှိလူသားတိုင်းသည် အနည်းဆုံးတစ်ကြိမ်တော့ ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဝင်ရောက်ခဲ့ရသည်။ ဌာနချုပ်သည် ထိုကြီးမားလှသော လူရွေးပွဲကြီးကို ကိုင်တွယ်ရန် လက်ရွေးစင်များစွာစုဆောင်းခဲ့ပြီး သူတို့အားလုံးကို ကောင်းမင်ထံ ပို့ဆောင်ပေးခဲ့လေသည်။
နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းအောက်သို့ ကျဆင်းသွားသောအခါ ထာဝရဘဝအိမ်ရာ အပြင်ဘက်တွင် အနက်ရောင်ကားများစွာ ပေါ်လာတော့သည်။ ကျင်းထောင်ရှန်း ပြန်ရောက်လာခြင်းဖြစ်သည်။ သူသည် ပို၍ပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူ့မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေခဲ့သည်။ ပြတင်းပေါက်မျာား ပိတ်ထားသော အနက်ရောင်ကားများကို ကောင်းမင် မြင်လိုက်သောအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဌာနချုပ်သည် ဤကားများကို ဟန်သဲ့ကိုယ်ပိုင်ကျောင်းသို့ အနီရောင်မိုးကာအင်္ကျီကို ပို့ဆောင်ရန် အသုံးပြုခဲ့သည်။
“ဒီတစ်ခါ ကားတွေထဲမှာ ဘာတွေပါပါလိမ့် ၊ နောက်ထပ် အနီရောင်တစ္ဆေလား ဒါမှမဟုတ် တခြားတစ်ခုခုလား”
လမ်းမီးတိုင်များမှ အလင်းတန်းများ လိမ်ယှက်သွားသည်။ ကောင်းမင်နောက်တွင် ဝမ်ကျားနှင့် ဟယ်ကျင်းတို့ လိုက်ပါလာကြသည်။ သူတို့သည် ထာဝရဘဝအိမ်ရာ၏ အရိပ်ထိုးနေသော ခြံဝင်းထဲတွင် ရပ်လိုက်ကြသည်။ ကျင်းထောင်ရှန်းသည် မူမမှန်ဖြစ်ရပ် အပြင်ဘက်တွင် တစ်ကိုယ်တည်း စောင့်ဆိုင်းနေ၏။ နေဝင်ချိန်၏ အလင်းတန်းသည် သူ့အပေါ်သို့ ထွန်းလင်းနေခဲ့သည်။
“ကောင်းမင်၊ ဌာနချုပ်က လူတစ်ယောက်က မင်းနဲ့ တွေ့ချင်နေတယ်”
ကျင်းထောင်ရှန်းက အပေးအယူအကြောင်း မပြောချေ။ သူ၏ပထမဆုံး နူတ်ထွက်ဝါကျသည် ကောင်းမင်ကို အံ့အားသင့်သွားစေသည်။
“မင်း အဆင်မပြေဘူးလို့ ထင်ရင် ဟန်ဟိုင်းမြို့အစွန်းနားက အနက်ရောင်မြူခိုးနားမှာ တွေ့လို့ရတယ်”
ကောင်းမင် ခေါင်းခါလိုက်သည်။ သူသည် စုံစမ်းစစ်ဆေးရေး ဌာနချုပ်ကို နည်းနည်းမှပင် မယုံကြည်ပေ။
“အနက်ရောင်မြူခိုးတွေက ဟန်ဟိုင်းထဲကို ပျံ့နှံ့နေတယ် ၊ မြို့ပြင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ ငါတို့ မသိဘူး ၊ အခုအခြေအနေက အရမ်းအန္တရာယ်များနေပြီ”
“အဲ့ဒါက ခင်ဗျား မနေ့ကပြောခဲ့တဲ့ စကားမဟုတ်ပါဘူး”
“ဌာနချုပ်က အနက်ရောင်မြူခိုးတွေကို အတူတူလေ့လာနိုင်ဖို့ မျှော်လင့်ချက်နဲ့ လူရွေးပွဲကို စီစဉ်ခဲ့တာပဲ ၊ မင်းရဲ့ စွမ်းရည်ကိုလည်း ပြသခဲ့ပြီးပြီပဲ ၊ ဒါကြောင့် ငါတို့ရဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုက ပိုညီမျှပြီး တရားမျှတလိမ့်မယ်”
ကျင်းထောင်ရှန်းသည် နေလုံးကြီး အပြည့်အဝ မဝင်သွားမချင်း စောင့်ဆိုင်းနေပြီးနောက် သူ့နောက်က ကားများကို ထာဝရဘဝအိမ်ရာထဲသို့ ဝင်လာရန် အချက်ပြလိုက်သည်။
ကားများ၏ရှေ့ပိုင်းသည် အရိပ်နှင့်ထိတွေ့လိုက်သောအခါ ပထမဆုံးကားက ၎င်း၏တံခါးများကို ဖွင့်လိုက်သည်။ အနက်ရောင် သေတ္တာတစ်ခုကို အလယ်တွင် ပြင်ဆင်ထား၏။ ကျင်းထောင်ရှန်း၏ အမိန့်အရ ကားထဲရှိ လုံခြုံရေးအဖွဲ့ဝင်များသည် သေတ္တာပတ်လည်ရှိ အကာအကွယ်အလွှာများကို ဖွင့်လိုက်ကြသည်။ ဧရာမသေတ္တာကြီးထဲတွင် အလောင်းပတ်သည့်အထည်စများ ထည့်ထားသည်။ အထည်များအားလုံးကို ဆွဲထုတ်လိုက်သောအခါ ခြောက်သွေ့နေသော လူ့ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်း သေတ္တာထဲမှ ထွက်သွားသည်နှင့် ဦးခေါင်းက မျက်လုံးများဖွင့်လိုက်သည်။ နောက်ကျိနေသောသွေးများ စတင်စီးဆင်းလာပြီး အရိပ်များသည် ရေကြီးမှုထဲရှိ လှိုင်းလုံးများကဲ့သို့ ဦးခေါင်းပတ်လည်တွင် စုဝေးလာကြသည်။
“သူ့မှာ အိပ်မက်သရဲနဲ့ နီးစပ်တဲ့ စွမ်းအား ရှိနေတယ် ၊ ဒါကြောင့် ငါတို့က သူ့ကို ဒီလို ပို့ဆောင်ရတာပဲ”
ကျင်းထောင်ရှန်းက ကျန်းတင်း၏ဦးခေါင်းကို အရိပ်ထဲသို့ ပစ်ချလိုက်သည်။ ဘော့စ်ကျန်းသည် အရိပ်ကို စုပ်ယူလိုသော်လည်း သူ့ဦးခေါင်းထဲတွင် တစ်စုံတစ်ခုထည့်သွင်းထားသောကြောင့် သူ ရပ်တန့်သွားသည်။
“အပေးအယူနဲ့ ငါတို့ရဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်အောင်သေချာစေဖို့အတွက် ဌာနချုပ်က မင်းရဲ့ မိတ်ဆွေကို မွမ်းမံမှုသေးသေးလေးတစ်ခုလုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်”
ကျင်းထောင်ရှန်းက ကျန်းတင်း၏ ဘယ်ဘက်မျက်လုံးကို ညွှန်ပြလိုက်သည်။
“သူ မကြာခင် အိပ်မက်သရဲဖြစ်လာတော့မယ် ၊ အဲ့ဒီစွမ်းအားကို ခံစားနိုင်အောင်ကူညီပေးဖို့ ငါတို့က ဌာနချုပ်က အိပ်မက်သရဲရဲ့ မျက်လုံးကို သူ့မျက်လုံးအိမ်ထဲ ထည့်သွင်းပေးခဲ့တယ် ၊ ငါတို့က မင်းကို ခြိမ်းခြောက်ဖို့ ဒီလိုလုပ်နေတာ မဟုတ်ပါဘူး ၊ ငါတို့က မင်းကို အနက်ရောင်မြူခိုးတွေထဲ ဝင်စေချင်ရုံ သက်သက်ပါပဲ”