← Chapters

အရာအားလုံးကို လောင်းကြေးထပ်မယ်

Vol. 30 Ch. 442

အရာအားလုံးကို လောင်းကြေးထပ်မယ်

Vol. 30 Ch. 442

“ခင်ဗျား တစ်ခုခု ရှာတွေ့ခဲ့လား”

ကောင်းမင် စိတ်လှုပ်ရှားသွားသည်။ သူ ယန်ရှီကျီးထံမှ အဖြေတစ်ခုရလိမ့်မည်ဟု မထင်ခဲ့ပေ။ သူမအတွက် စိုးရိမ်ပူပန်နေသော်လည်း စူးစမ်းချင်စိတ်လည်း ဖြစ်နေသည်။

ယန်ရှီကျီးက ချက်ချင်းပြန်မဖြေဘဲ သူမသိသော ကောင်းမင်နှင့်အတူတူဟုတ်မဟုတ် စစ်ဆေးသကဲ့သို့ ကောင်းမင်ကို အလေးအနက် ကြည့်လိုက်သည်။

“ဘာလို့လဲ ၊ ခင်ဗျား အနက်ရောင်မြူတွေထဲမှာ တခြား ကောင်းမင်တွေကို မြင်ခဲ့လို့လား”

ကောင်းမင်သည် သူမ၏စိုက်ကြည့်မှုကြောင့် စိတ်မသက်မသာ ဖြစ်သွားသည်။

“ဘာလို့ အခုလိုအချိန်မျိုးမှာ အဲ့လိုစကားမျိုး ပြောရတာလဲ...”

ယန်ရှီကျီးက သူမခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ပြသည်။

“အနက်ရောင်မြူခိုးတွေမှာ အသိစိတ် ရှိတယ် ၊ အဲ့ဒါက ဝိညာဉ်ပြာတွေ စုစည်းထားသလိုမျိုး ဒါမှမဟုတ် အထူးစိတ်ဆန္ဒတစ်ခုရဲ့ အသွင်သဏ္ဌာန်လိုမျိုး ဖြစ်နိုင်တယ်”

“ခင်ဗျား ပြောတာကို ကျွန်တော်နားမလည်ဘူး ၊ ခင်ဗျားကို ဘယ်သူထိခိုက်စေခဲ့လဲဆိုတာပဲ ပိုစိတ်ဝင်စားမိတယ် ၊ အနက်ရောင် မြူခိုးထဲမှာ ဘယ်လိုအန္တရာယ်တွေ ပုန်းကွယ်နေတာလဲ”

ကောင်းမင် စိုးရိမ်နေခြင်းဖြစ်သည်။ သူ၏အရေးကြီးသော မိတ်ဆွေများသည် အနက်ရောင် မြူခိုးထဲ ပိတ်မိနေကြသည်။ ယန်ရှီကျီးပင် ဒဏ်ရာရခဲ့ပါက အဘွားရှန်းနှင့် ကျန်လူများ မည်သို့ ရှင်သန်နိုင်မည်နည်း။

“ငါ့ကို ဘာကထိခိုက်စေခဲ့လဲဆိုတာ မင်းကို ထုတ်ပြောလို့မရဘူး ၊ သူ အဲ့ဒါကို ကြားသွားပြီး မင်းကို မြင်လိုက်တာနဲ့ မင်းကိုလိုက်ရှာပြီး သတ်ပစ်လိမ့်မယ်”

ယန်ရှီကျီးက ကောင်းမင်အား အရေးကြီးသော သတင်းတစ်ခုကို ထုတ်ပြလိုက်သည်။

“ပြောလို့မရတဲ့သူလား”

ယန်ရှီကျီးသည် ခေါင်းမခါသလို ခေါင်းလည်း မညိတ်ခဲ့ပေ။ သူမဘာသာ ရေရွတ်လိုက်သည်။

“ငါ အနက်ရောင်မြူထဲ ဝင်ခဲ့ပါတယ် ၊ ဒါပေမဲ့ ငါ ဟန်ဟိုင်းကနေ မထွက်ခဲ့ဘူး ၊ ငါ ဟန်ဟိုင်းကနေ ထွက်ခွာဖို့ ကြိုးစားနေချိန်မှာ ဒဏ်ရာရခဲ့တာပဲ”

ကောင်းမင် ချက်ချင်းပင် သူမ၏အဓိပ္ပာယ်ကို ဖမ်းဆုပ်မိသွားသည်။ ဟန်ဟိုင်းကနေ ထွက်ခွာတော့မှသာ တိုက်ခိုက်ခံရတာလား။

“ငါ အနက်ရောင်မြူထဲ ဝင်လိုက်တာနဲ့ လမ်းပျောက်သွားတယ် ၊ အနက်ရောင် မြူခိုးအနက်ပိုင်းထဲက တစ်ယောက်ယောက်က ငါ့နာမည်ကို ခေါ်ခဲ့တယ် ၊ အဲ့ဒါက ငါ့ရဲ့ အသုံးမကျတဲ့သားရဲ့ အသံနဲ့တူတယ် ၊ ဒါပေမဲ့ သူ့ကို စီတုအန်းက သတ်ပစ်ခဲ့တာ ငါသိတယ် ၊ သေသွားတဲ့သူက အဲ့ဒီမှာ ဘာလို့ ပေါ်လာရတာလဲ”

ယန်ရှီကျီးသည် သူမ၏လက်များကိုစိုက်ကြည့်ရန် အကြည့်ကို ပြန်ရုပ်လိုက်သည်။

“မင်း မြူထဲမှာ မတူညီတဲ့ အရာတွေအများကြီးကို မြင်ရလိမ့်မယ် ၊ အဲ့ဒါက လုံးဝဗီဇပြောင်းသွားတဲ့ ကမ္ဘာတစ်ခုနဲ့ တူတယ်။

“ဟန်ဟိုင်းက လူတွေနဲ့ သရဲတွေဟာ အမည်မသိတဲ့ မှတ်ဉာဏ်တစ်မျိုးနဲ့ ခတ်နှိပ်ခံထားရတယ် ၊ ငါတို့ အနက်ရောင်မြူတွေထဲ ဝင်တဲ့အခါ ငါတို့ရဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ ဝိညာဉ်တွေက အနက်ရောင် မြူခိုးတွေကြောင့် ဖျော့တော့သွားလိမ့်မယ် ၊ ဖျော့တော့တယ်ဆိုတာက ထူးဆန်းတဲ့ဖော်ပြချက်တစ်ခု ဖြစ်ပေမဲ့ အမှန်တရားနဲ့ အနီးစပ်ဆုံးပဲ ၊ ငါတို့ဟာ အနက်ရောင်မြူခိုးတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အထိ ဖျော့တော့သွားလိမ့်မယ်”

ယန်ရှီကျီး၏ဒဏ်ရာများက အနက်ရောင်မြူခိုးများ ယိုစိမ့်ထွက်နေခဲ့သည်။ သူမသည် တချို့အရာများကို မပြောနိုင်သောကြောင့် လှည့်ပတ်၍ပြောဆိုခဲ့သည်။

“ဒါကြောင့် အနက်ရောင်မြူတွေထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားချင်ရင်လည်း လွယ်ပါတယ် ၊ မင်း မြူခိုးကို တက်တက်ကြွကြွလက်ခံပြီး မင်းခန္ဓာကိုယ်ထဲ ဝင်ခွင့်ပြုဖို့ပဲလိုတယ် ၊ သာမန်လူတွေ နားမလည်နိုင်တဲ့ စွမ်းအားမျိုးကို ဘယ်တော့မှ မထုတ်ဖော်ပါနဲ့”

ယန်ရှီကျီးသည် ကောင်းမင်အား ရှင်သန်နိုင်မည့်နည်းလမ်းကို ပြောပြလိုက်သည်။ ၎င်းသည် စုံစမ်းစစ်ဆေးရေးဌာနက မပြောပြခဲ့သည့် အရာဖြစ်သည်။

“သာမန်လူတစ်ယောက်အဖြစ် ဖြစ်ဟန်ဆောင်တာလား”

“ဟုတ်တယ် ၊ အဲ့ဒီမှာ မင်းက သူတို့ထက် ပိုသန်မာတာမဟုတ်ရင် စွမ်းအားက ဘာအဓိပ္ပာယ်မှ မရှိဘူး ၊ အဲ့ဒါမတိုင်ခင် မင်း လူအလို ဟန်ဆောင်ထားရမယ် ၊ မင်း မူမမှန်တဲ့လက္ခဏာတစ်ခုခု ဖော်ထုတ်မိလိုက်တာနဲ့ အနက်ရောင်မြူခိုးတွေရဲ့ တိုက်ခိုက်တာခံရလိမ့်မယ်၊ ပြီးတော့ အဲ့ဒါက ပိုကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေရဲ့အာရုံကိုလည်း ဆွဲဆောင်သွားလိမ့်မယ်”

ယန်ရှီကျီးက အံကြိတ်ပြောသည်။

“အဲ့ဒါကို ခုခံဖို့ မကြိုးစားနဲ့ ၊ အနည်းဆုံး အခုတော့ မဟုတ်သေးဘူး ၊ အနက်ရောင်မြူခိုးက ကံကြမ္မာရဲ့…”

ယန်ရှီကျီးသည် ထိုဝါကျကို အဆုံးသတ်နိုင်ခြင်း မရှိခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူမ၏ ဒဏ်ရာများမှ ရုတ်တရက် အနက်ရောင်မြူများ ထွက်လာသောကြောင့် ဖြစ်သည်။ ကောင်းမင်ကို ကာကွယ်ရန် ယန်ရှီကျီးသည် ကောင်းမင်အား ကျောင်းအုပ်ကြီးရုံးခန်းထဲမှ ပစ်ထုတ်လိုက်သည်။ သစ်သားတံခါးက ပိတ်သွား၏။

တံခါး လုံးဝပိတ်မသွားခင် ယန်ရှီကျီးက နောက်ဆုံးသတိပေးချက်တစ်ခု ပြောလိုက်သည်။

“သူတို့ ထပ်မစောင့်နိုင်တော့ဘူး ၊ မင်း သွေးနီရောင်မြို့တော်အသစ်ကို ရှာမှရမယ်…”

“သူက သွေးနီရောင်မြို့တော်ပိုင်ရှင်တွေအကြောင်း ပြောနေတာလား”

ပိတ်နေသော တံခါးကို ကြည့်၍ ယန်ရှီကျီး၏အော်ဟစ်သံကို နားထောင်ရင်း ကောင်းမင်သည် တံခါးကို အရိုအသေပေးလိုက်ပြီး ထွက်ခွာသွားသည်။ သူသည် မူလက ယန်ရှီကျီးကို အကူအညီတောင်းလိုသော်လည်း သူမသည် အနက်ရောင်မြူထဲတွင် ဒဏ်ရာရခဲ့ပြီးဖြစ်သည်။

“ငါ တခြားအကူအညီတွေကို သိသေးလား”

ကောင်းမင် သူ၏သေဆုံးခြင်း မှတ်ဉာဏ်များကို ပြန်တွေးလိုက်သည်။ သူ၏အနာဂတ် တစ်ခုစီတွင် သရဲများနှင့်များစွာသောလူများ ရှိခဲ့သည်။ သို့သော် ကောင်းမင်သည် ဒီတစ်ကြိမ်တွင်တော့ အလွန်မြန်ဆန်နေခဲ့သည်။ ဆိုလိုသည်မှာ ဖြစ်ရပ်ဆိုးစတင်မှုသည် ရှေ့သို့ ဆွဲခေါ်ခံခဲ့ရသည်။ သူ ရရှိမည့် အကူအညီများစွာသည် ကြီးထွားရန် အချိန်မကျသေးပေ။

“အရင်က ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်းတိုင်းဟာ စိတ်ပျက်အားငယ်စရာ အခြေအနေတွေဆီကိုပဲ ဦးတည်ခဲ့တယ် ၊ ဒါပေမဲ့ ဒီသံသရာစက်ဝန်းကတော့ အကြမ်းဆုံး ဖြစ်မယ်ထင်တယ်”

ကောင်းမင် ကောင်းကင်ကို ကြည့်လိုက်သည်။

“အတိတ်၊ မှတ်ဉာဏ်နဲ့ ကောင်းကင် ဒါတွေအားလုံး အတုအယောင်ဖြစ်နေပုံပဲ”

ကောင်းမင် ဆက်မနေတော့ပေ။ သူသည် အသားသစ်ပင်၏အစေ့သုံးစေ့ကို သီလလုံခြုံရေးမြို့သို့ သယ်ဆောင်သွားသည်။ ညသန်းခေါင်ယံတွင် သီလလုံခြုံရေးမြို့နှင့် အနီးဆုံးမှတ်တိုင်တွင် မီးအိမ်တစ်လုံး ရှိနေသည်။ စွန့်ပစ်ထားသော ထိုင်ခုံများဘေးတွင် လူအနည်းငယ် ရပ်နေကြသည်။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ဟိုလျှောက်ဒီလျှောက် ဖြစ်နေကြသည်။

အဝေးမှ ဟွန်းသံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း လှည့်ကြည့်လိုက်ကြသည်။ ရွေ့လျားနေသော ခေါင်းတလားများနှင့်တူသည့် အနက်ရောင်ယာဉ်များသည် နောက်ဆုံးတွင် မှတ်တိုင်ဘေး၌ ထိုးရပ်လာကြသည်။

“လူတိုင်း ရောက်ကြပြီလား”

မိန်းမဆန်သောအသံက လူတိုင်းကို တုန်လှုပ်သွားစေသည်။ သူတို့က ချက်ချင်း ကားများထံ ရွှေ့သွားကြသည်။

“ကောင်းမင်တော့ အခုထိ မရောက်သေးဘူး”

အရပ်ဝတ်ဖြင့် စုံစမ်းရေးမှူးက ခေါင်းငုံ့လိုက်သည်။

“သူ ကျုပ်တို့ဆီ လာတွေ့မှာမဟုတ်ဘူး ၊ ဘာပဲဖြစ်ဖြစ် အရင်တုန်းက ကျုပ်တို့ သူ့ကို လှည့်စားခဲ့ဖူးတာပဲ”

“သူ မလာရင် ဒီနေရာကို သူမပါဘဲ ဝင်မယ်”

ကျင်းထောင်ရှန်းသည် သူ၏ညစ်ပတ်နေသော လက်အိတ်များကို လွှင့်ပစ်လိုက်ပြီး ပြင်းပြင်းထန်ထန်ကိုက်ခံထားရသော သူ့လက်ချောင်းများကို ကြည့်လိုက်သည်။ အနီးရှိ စုံစမ်းရေးမှူးများက အကြည့်လွှဲလိုက်ကြသည်။

“ငါ့လက်တွေက သွေးပြည်တွေနဲ့ ဖုံးနေပြီ ၊ ငါ လက်အိတ်တွေ ဘယ်နှစ်စုံသုံးပြီး စွန့်ပစ်ပါစေ အရေးမပါတော့ဘူး”

ဘယ်သူမှ ဘာမှ မပြောရဲပေ။ သတ္တိရှိသော အဖွဲ့ဝင်တစ်ဦးက ကျင်းထောင်ရှန်းကို တိတ်တဆိတ်ကြည့်လိုက်သည်။ ထိုလူ၏ပြီးပြည့်စုံပြီး လှပသောမျက်နှာတွင် သေးငယ်သော အမာရွတ်တစ်ခု ရှိနေလေသည်။ ထိုလူ၏နူးညံ့သော အသားအရေအောက်တွင် ထိုအဖွဲ့ဝင် အရင်က မမြင်ဖူးသည့် သရဲတက်တူးတစ်ခု ပေါ်လာခဲ့သည်။

ကျင်းထောင်ရှန်းက သူ့ကိုယ်ပိုင် သရဲတက်တူး ရခဲ့တာလား။

အရူးသွပ်ဆုံးသုတေသီက နောက်ဆုံးတော့ သူ့ရဲ့ တက်တူးကို ရွေးချယ်လိုက်ပြီလား။

စုံစမ်းရေးမှူး၏အကြည့်များက ဟိုဟိုဒီဒီကစားလိုက်ပြီး ကျင်းထောင်ရှန်းမေးစေ့အောက်သို့ ရွေ့သွားကာ ကျင်းထောင်ရှန်း၏ညှပ်ရိုးကို မြင်လိုက်ရသည်။ သရဲတက်တူးက ပိုမို ရှင်းလင်းလာသည်။ သို့သော်လည်း တက်တူးတွင် မျက်လုံးတစ်လုံး ပျောက်နေပုံရသည်။

မျက်လုံးလား။

ကမ္ဘာကြီးက သွေးနီရောင်အဖြစ် ပြောင်းလဲသွား၏။ စုံစမ်းရေးမှူးသည် ရုတ်တရက် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူ အော်ဟစ်ပြီး ကြမ်းပြင်ပေါ် လဲကျသွား၏။ သူ၏မျက်လုံးများမှ သွေးများစီးထွက်နေသည်မှာ မရပ်တန့်နိုင်တော့ပေ။

“သူ့ကို ပါးစပ်ပိတ်ထားလိုက်”

ကျင်းထောင်ရှန်း အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူသည် မှတ်တိုင်ရှိ တစ်ခုတည်းသော မီးအိမ်ကို ကောက်ယူ၍ အဝေးသို့လျှောက်သွားလိုက်သည်။

အနက်ရောင်မြူခိုးများသည် စုဝေးနေသော ကားအုပ်စုမှ မီတာ၆၀၀ ခန့် ဝေးသည်။ ယမန့်နေက ကျင်းထောင်ရှန်း ဒီနေရာကို လာခဲ့စဉ်က မြူခိုးသည် မီတာ ၁၀၀၀ ကျော် ဝေးသေးသည်ကို သူမှတ်မိသည်။

“ဒါက ပိုနီးလာနေတာပဲ”

ချောင်းဆိုးသံတစ်ချက်နှင့်အတူ လုံခြုံရေးအဖွဲ့ဝင်နှစ်ဦးက ပြုပြင်ထားသော တွန်းလှည်းတစ်ခုကို သူ့ဆီသို့ တွန်းပို့လိုက်သည်။

လှည်းပေါ်ရှိ အနက်ရောင်အဝတ်စကို ဆွဲဖယ်လိုက်သောအခါ ဝမ်ကျားပေါ်လာသည်။

“မင်းရဲ့မျက်လုံးတွေက မြူထဲကို ဘယ်လောက်အထိ မြင်နိုင်လဲ”

ကျင်းထောင်ရှန်းသည် ဝမ်ကျား၏အနေအထားကို ပြုပြင်ရန် တွန်းလှည်းကို ချိန်ညှိလိုက်သည်။

“မီတာ ၃၀ လောက်”

“အရမ်းကောင်းတယ် ၊ ငါတို့ ဒီကိစ္စကို ဖြေရှင်းပြီးရင် ဌာနချုပ်က မင်းတို့အားလုံးကို လွှတ်ပေးပြီး မင်းတို့ပေါ်က ကျိန်စာတွေကို ဖယ်ရှားပေးလိမ့်မယ်”

ကျင်းထောင်ရှန်း တစ်ဝက်တစ်ပျက် ကတိပေးလိုက်သည်။

ဝမ်ကျားသည် သူ့ကို တစ်စက်ကလေးမှ မယုံကြည်ပေ။

“မင်း ငါတို့အားလုံးကို သတ်ပစ်မှာ မဟုတ်တာ သေချာရဲ့လား”

“မသတ်ပါဘူး”

ကျင်းထောင်ရှန်းသည် တခြားတစ်ခုခု ထပ်ပြောချင်သေးသော်လည်း သူ့ကိုယ်ပေါ်ရှိ သရဲတက်တူးကြောင့် နောက်လှည့်လိုက်ပြီး ဟန်ဟိုင်းဘက်သို့ တစ်ချိန်တည်းကြည့်လိုက်သည်။

လူအပြည့်ပါသောဘတ်စ်ကားသည် သူတို့ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာနေခြင်းဖြစ်သည်။ ယာဉ်မောင်းသည် ကောင်းမင်မှလွဲ၍ တခြားသူမဟုတ်ပေ။

All Chapters