← Chapters

ကျွန်တော် သွားမယ်

Vol. 30 Ch. 446

ကျွန်တော် သွားမယ်

Vol. 30 Ch. 446

“ဦးလေး၊ ဦးလေးက ကျွန်တော်တို့ကို အရမ်းစိတ်ဝင်စားနေသလိုပဲနော်”

မျက်မှန်တပ်ထားသော ကျောင်းသားသည် ယဉ်ကျေးပြီး ရင့်ကျက်သူဖြစ်သည်။ သူသည် ကောင်းမင်အား ရူးသွပ်နေသည်ဟု မခံစားရသော်လည်း လူကောင်းတစ်ယောက်ဟုလည်း မခံစားမိပေ။

“မလာနိုင်တဲ့ ကျောင်းသားရဲ့ နာမည်ကို မင်းတို့မှတ်မိလား”

ကောင်းမင်၏ အဝတ်အစားများသည် ယူနီဖောင်းဝတ် စုံစမ်းရေးမှူးများနှင့် မတူပေ။ သူသည် ရဲကို ကူညီနေသည့် ပုဂ္ဂလိက စုံစမ်းရေးမှူးနှင့် ပိုတူနေသည်။

“ကောင်းမင်က ကျန်းမာရေးမကောင်းဘူးလေ ၊ သူက ဘယ်ပွဲကိုမှ ကျွန်တော်တို့နဲ့အတူ မလိုက်ဘူး”

ဒုတိယတန်းမှ မိန်းကလေးတစ်ယောက်က ကောင်းမင်ကို ပြန်ဖြေလိုက်သည်။

“သူက ကျွန်မတို့ရဲ့ အတန်းစာကြည့်တိုက်မှူးပါ ၊ သူက စာအုပ်တွေနဲ့ တစ်ယောက်တည်း နေရတာကို သဘောကျပါတယ်”

“ကောင်းမင်က ကျောင်းပြောင်းလာတဲ့ ကျောင်းသားပါ ၊ ကျွန်မကြားတာက သူ ကျွန်မတို့ကျောင်းကို မလာခင်တုန်းက ကောင်းမင်ဆိုတဲ့ နာမည်ကို မသုံးခဲ့ဘူးတဲ့”

မျက်နှာတွင် အစက်အပြောက်များရှိနေသော မိန်းကလေးတစ်ယောက်က ထပ်ဖြည့်ပြောလိုက်သည်။

“သူ ပြောင်းလာရတဲ့ အကြောင်းရင်းကလည်း အရမ်းလျှို့ဝှက်ဆန်းကြယ်ပါတယ် ၊ တချို့က သူ့ကို အနိုင်ကျင့်ခံရတာလို့ ပြောတယ် ၊ တချို့ကတော့ သူ့အပေါ်မှာ ရှင်းပြလို့မရတဲ့ အရာတစ်ခုခု ဖြစ်ခဲ့တယ်လို့ ပြောကြတယ်၊ ကောလာဟလတစ်ခုကတော့ ကောင်းမင်ဟာ တားမြစ်ဂိမ်းကို စွဲလမ်းနေပြီး အမြဲတမ်း ကျောင်းပြေးနေတာတဲ့”

“အဲ့ဒီ ကောလာဟလတွေကို နားမထောင်ပါနဲ့”

မျက်မှန်တပ်ကျောင်းသားက အလေးအနက်ပြောလိုက်သည်။

“ကောင်းမင်က အရမ်းလိမ္မာပြီး စာတော်တယ်၊ သူက ဓာတုဗေဒနဲ့ ဇီဝဗေဒမှာ အမြဲတမ်း အမှတ်ပြည့်ရတယ် ၊ သူက တစ်ယောက်တည်း နေရတာကို ကြိုက်ရုံပါပဲ”

ကျောင်းသားများသည် ပျောက်ဆုံးနေသော ကျောင်းသားအကြောင်း ပြောစရာစကားများစွာ ရှိပုံရသည်။ သူတို့သည် စိုးရိမ်ပူပန်နေသော အငွေ့အသက်ကို အောင်မြင်စွာ လျော့ပါးစေခဲ့သည်။

“ကောင်းမင် ၊ ကောင်းမင်”

(ဘာသာပြန်မှတ်ချက် - ဤနေရာတွင် မင်ဟူသောနာမည်သည် စာလုံးပေါင်းမတူပါ ၊ MC ကောင်းမင်ရဲ့မင်က ကံကြမ္မာကိုဆိုလိုတာဖြစ်ပြီး ကျောင်းသားကောင်းမင်ရဲ့မင်က လျင်မြန်သော၊သွက်လက်သော ၊ ထက်မြက်သောဟု ဆိုလိုပါသည်)

ကောင်းမင်သည် လီစန်းဆေးရုံတွင် ရရှိခဲ့သော အချက်အလက်များကို အမှတ်ရလိုက်သည်။ သူသည် သူ၏နာမည်ကို မေ့သွားခဲ့ပုံရသည်။ ကောင်းမင်ဟူသောနာမည်သည် ကံကြမ္မာက ပေးခဲ့သော နာမည်ဖြစ်သည်။

“ဒီမှာ ဖုန်းလိုင်းမမိဘူး ၊ ကျွန်မက သူ့အတွက် ပွဲဓာတ်ပုံတချို့ ရိုက်ပို့ပေးဖို့ စီစဉ်ထားတာ”

မျက်နှာတွင် အစက်အပြောက်များရှိနေသော မိန်းကလေးမှာ ကြင်နာတတ်သူဖြစ်သည်။ သူမသည် တစ်ချိန်က ကောင်းမင်၏ခုံချင်းကပ်ဖြစ်သည်။

“ကောင်းမင်က တားမြစ်ဂိမ်းတစ်ခုကို စွဲလမ်းနေတယ်လို့ မင်းတို့ပြောခဲ့တယ်နော် ၊ အဲ့ဒီတားမြစ်ထားတဲ့ ဂိမ်းက ဘာများလဲ”

ကောင်းမင်သည် ဝမ်ကျားဆီမှ သူ၏စုံစမ်းရေးမှူးအဖွဲ့သည် ဟန်ဟိုင်းသို့ ပြန်ခေါ်မခံရခင် ရှင်းလု၏ တားမြစ်ဂိမ်းတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရကြောင်း ကြားခဲ့ရဖူးသည်။

“ဒါက (ဘန်းထားတဲ့)တားမြစ်ထားတဲ့ ခြောက်ခြားဂိမ်းတစ်ခုပါ ၊ အဲ့ဒီမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ အများကြီးနဲ့ သရဲတွေ ၊ ခြောက်ခြားစရာတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာတစ်ခု ရှိတယ်တဲ့ ၊ အဲဒါကို တားမြစ်ထားပေမဲ့ လူတော်တော်များများကတော့ သီးသန့် ကစားနေကြတုန်းပဲ ၊ ကောလာဟလတွေအရတော့ အဲ့ဒီဂိမ်းက တခြားလက်တွေ့ကမ္ဘာတစ်ခုနဲ့ ချိတ်ဆက်ထားတယ်တဲ့”

မျက်နှာတွင် အစက်အပြောက်များရှိသော မိန်းကလေးက ထိုအကြောင်းကို ကောင်းကောင်းသိပုံရသည်။

“အဲ့ဒီဂိမ်းကို ကြိုက်တဲ့သူတွေက လက်တွေ့ဘဝကို စိတ်ပျက်ပြီး ပျင်းရိငြီးငွေ့နေတဲ့ အသုံးမကျတဲ့ လူတွေပါ”

ပြတင်းပေါက်နားတွင် ထိုင်နေသည့် စာအတော်ဆုံး ကျောင်းသားတစ်ယောက်က စာအုပ်တစ်အုပ်ကို ချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့က အရှိတရားကနေ ထွက်ပြေးပြီး တခြားအရှိတရားတစ်ခုမှာ သူတို့ရဲ့မျှော်လင့်ချက်ကို ထားချင်နေကြတာလေ ၊ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ ၊ သူတို့လိုလူတွေက တခြားကမ္ဘာမှာလည်း အမြောက်စာပဲ ဖြစ်နေဦးမှာပဲ”

“လီဝမ် နင့်ကို ဘယ်သူမှ မမေးဘူးနော်”

မျက်နှာတွင် အစက်အပြောက်များရှိသော မိန်းကလေးသည် ယခင်က ထိုဂိမ်းကို ကစားဖူးပုံရသည်။ သူမက ပြန်ပက်လိုက်သည်။

“လက်တွေ့ဘဝနှစ်ခု ရှိတာက မဆိုးဘူးလို့ ငါထင်တယ် ၊ ဒါ့အပြင် အခု ငါတို့ ဖြစ်နေတာကလည်း အဲ့ဒီတားမြစ်ဂိမ်းနဲ့ မဆင်ဘူးလား ၊ မပျံ့လွင့်နိုင်တဲ့ မြူထူထူကြီး၊ ရဲမဟုတ်တဲ့ ယူနီဖောင်းဝတ် လူအုပ်စုတစ်စုနဲ့ ရာဇဝတ်သားတွေ အများကြီး ပုန်းခိုနေနိုင်တဲ့ လူသူမရှိတဲ့ မြို့ငယ်လေး...”

သူမ ပြောနေရင်း အရှိန်နှေးသွားသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏အကြည့်များက သူမဆီ ရောက်လာသောကြောင့်ပင်။ သူတို့ရဲ့ မျက်လုံးများတွင် အတွေးတစ်ခု ပေါ်လာတော့သည်။

“ချီးပဲ… ငါတို့က တကယ်ကြီး တားမြစ်ဂိမ်းထဲ ရောက်နေတာလား”

ကျောင်းသားများက ပြတင်းပေါက်မှ အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။ မြူခိုးထဲတွင် အဆောက်အဦများ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလေသည်။သူတို့သည် လေထဲတွင် ပျောက်ကွယ်သွားခဲ့သော သူတို့၏သူငယ်ချင်းများကို သတိရမိသွားသည်။

မျက်မှန်တပ်ထားသော ကောင်လေးက ကောင်းမင်အား NPC တစ်ယောက်ကဲ့သို့ ကြည့်နေလေသည်။ ဟန်ဟိုင်းအပြင်ဘက်မှ လာသော ထိုလူများသည် ဤကဲ့သို့ အခြေအနေမျိုးနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။

အမှန်တကယ်တွင် ကောင်းမင်သည်ပင် ထိုမိန်းကလေး၏ စကားကို ကြားသောအခါ မိမိကိုယ်ကို သံသယဝင်သွားသည့် အခိုက်အတန့်တစ်ခု ရှိသွားသည်။ သူသည် NPC တစ်ယောက် ဖြစ်နေနိုင်မလား။

ကံကြမ္မာသည် ဟန်ဟိုင်းရှိ လူတိုင်းအတွက် ဇာတ်ညွှန်းကို ရေးသားထားခဲ့သည်။ အရိပ်ကမ္ဘာသည် ဟန်ဟိုင်းကို ကျူးကျော်ပြီး ဤမြို့ကြီးကို မူမမှန်မှုများဖြင့် ပြည့်နှက်နေသော ဧရာမခြောက်ခြားဂိမ်းတစ်ခုအဖြစ် ပြောင်းလဲပစ်လိမ့်မည်။

သူ၏စိတ်ထဲတွင် လျှပ်စီးများ ပြိုးပြိုးပျက်ပျက် လက်သွားသည်။ ကောင်းမင်နှင့် ရွှမ်ဝမ်တို့ လီစန်းဆေးရုံမှ လွတ်မြောက်လာပြီးနောက် ရွှမ်ဝမ်က သူ့အား ထူးဆန်းသည့်အရာတစ်ခု ပြောပြခဲ့သည်။ လူနာခန်းများထဲမှ တစ်ခုတွင် ရွှမ်ဝမ်သည် အထူးမြေပုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုမြေပုံတွင် မြို့များအားလုံး ပါဝင်သော်လည်း ဟန်ဟိုင်းရှိသင့်သည့်နေရာတွင် ပင်လယ်သာ ရှိနေခဲ့သည်။

“အဲ့ဒီမြေပုံက တကယ့်မြေပုံလား ၊ ဟန်ဟိုင်းက မတည်ရှိဘူးလား ၊ ဒါဆို ဒီကျောင်းသားတွေနဲ့ ယာဉ်မောင်းက ဟန်ဟိုင်းအကြောင်း ဘယ်လို သိကြတာလဲ”

ကောင်းမင်သည် အနက်ရောင်မြူခိုးကို ကြည့်လိုက်ပြီး သူ၏နှလုံးသားထဲမှ အေးစက်မှုတစ်ခု ထွက်ပေါ်လာတော့သည်။ သူသည် ယာဉ်မောင်းဖြစ်သူ ကားအပြင်ဘက်တွင် ပြောခဲ့သော စကားဝိုင်းကို သတိရလိုက်သည်။ သူသည် ဟန်ဟိုင်းက တည်ရှိနေသော မြို့တစ်မြို့ဖြစ်ကြောင်း မသိစိတ်က ယုံကြည်နေပုံရသော်လည်း သူသည် ပြင်ပလူတစ်ယောက်ဖြစ်သည်။

အနက်ရောင်မြူတွေက သူတို့ရဲ့မှတ်ဉာဏ်ကို ပြောင်းလဲလိုက်တာလား။ အနက်ရောင်မြူတွေက ဟန်ဟိုင်းကို ရောက်လာတဲ့သူတိုင်းရဲ့ မှတ်ဉာဏ်ကို ဖျက်ဆီးနေတာလား။ သူတို့အတွက် ကံကြမ္မာက ပြင်ဆင်ထားတဲ့ ဇာတ်ညွှန်းကို လက်ခံနိုင်ဖို့ အရာအားလုံးကို ကျိုးကြောင်းဆီလျော်အောင် ကြိုးစားနေတာလား။

အနက်ရောင်မြူက ပိုးကောင်များကဲ့သို့ သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏စွမ်းအားကို မထုတ်ဖော်ဝံ့ပေ။ သို့သော် သူ ထိုသို့မလုပ်လျှင် အနက်ရောင်မြူက သူ့ကို တဖြည်းဖြည်း ဖျက်ဆီးလိမ့်မည်ဖြစ်သည်။ သို့သော်လည်း သူသာ တစ်ခုခုလုပ်လိုက်လျှင် အနက်ရောင်မြူခိုးက ကောင်းမင်ကို ပစ်မှတ်ထားလာပြီး ပြောမပြနိုင်သောလူများကို ဆွဲဆောင်လာနိုင်သည်။

ကောင်းမင်သည် လက်သီးဆုပ်လိုက်ပြီး ဌာနချုပ်မှ ခွေးကြီးသယ်ဆောင်လာသော သတင်းစကားကို တွေးလိုက်သည်။ သူနှင့် ကျန်းတင်းတို့သည် ဌာနချုပ်ရှိ ကြောက်စရာအကောင်းဆုံး အဆောက်အဦးထဲသို့ ဝင်ခဲ့ကြသည်။ ခွေးကြီးက ကျန်းတင်းကို ဘာမြင်ခဲ့လဲဟု မေးသောအခါ သူသည် အမှန်တရားဟူသော စကားလုံးတစ်လုံးတည်းကိုသာ ပြောခဲ့သည်။

သူ့ကိုယ်ပေါ်တွင် ဆောင်ထားသော လူသေဓာတ်ပုံများကို ထိတွေ့လိုက်ပြီးနောက် ကောင်းမင် တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ ဟန်ဟိုင်းသာ အစစ်အမှန်မဟုတ်ဘူးဆိုရင်။ မြို့တော်က လူသေတွေ ပြည့်နေခဲ့ရင်။

မည်သည့်အရာကမှ သူ့အား ကံကြမ္မာကိုသတ်ဖြတ်ခြင်းကို တားဆီးနိုင်မည်မဟုတ်ပေ။ မည်သည့်အရာကမှ သူ့အား အိပ်မက်ကနိုးထလာပြီး အစစ်အမှန်ကမ္ဘာကို မြင်တွေ့ခြင်းမှ တားဆီးနိုင်မည်မဟုတ်ပေ။

ဘတ်စ်ကားပေါ်ရှိ ကျောင်းသားများသည် သူတို့အချင်းချင်း ပြောဆိုနေကြသည်။ သူတို့သည် အလားတူ ရုပ်ရှင်များ သို့မဟုတ် (anime) များကို အများကြီးကြည့်ဖူးကြပုံရသည်။ ကျောင်းသားများသည် များစွာကြောက်ရွံ့နေခြင်းမရှိချေ။ သူတို့အများစုမှာ စိတ်လှုပ်ရှားနေကြလေသည်။

မျက်မှန်တပ်ကျောင်းသားနှင့် လီဝမ်တို့သည် ကောင်းမင်ကို စိုက်ကြည့်နေကြသည်။ သူတို့က ကောင်းမင်သည် NPC တစ်ယောက်ဖြစ်ကြောင်း သတ်မှတ်ထားပြီးပုံရသည်။

“ဟိုင်း ၊ ကျွန်တော်တို့ ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”

လီဝမ်က ယဉ်ကျေးစွာ မေးလိုက်သည်။

“ဒါမှမဟုတ်၊ ခင်ဗျားအတွက် ကျွန်တော်တို့ကို တစ်ခုခုလုပ်ပေးစေချင်ပါသလား”

“မင်းတို့ ငါ့ကို ကောင်းမင်လို့ ခေါ်လို့ရတယ်”

ကောင်းမင် စကားပြောလိုက်သောအခါ ကျောင်းသားများ တိတ်ဆိတ်သွားကြသည်။ သူတို့အတန်းထဲတွင် ရှိစဉ်ကထက်ပင် ပိုမိုအာရုံစိုက်လိုက်ကြသည်။

“အခန်း ၁၃က ကျောင်းသားငါးယောက် ဟိုတယ်ထဲမှာ ပျောက်ဆုံးနေတယ် ၊ သူတို့ကို ရှာဖို့ ငါနဲ့အတူ လိုက်မယ့် ကျောင်းသားတချို့ လိုအပ်တယ်”

ကျောင်းသားများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မျက်မှန်တပ်ကျောင်းသားက ပထမဆုံး ထရပ်သူဖြစ်သည်။

“ဒါက ကျွန်တော်တို့အတွက် ပထမဆုံး မစ်ရှင်လား ၊ ကျွန်တော် သွားမယ်”

All Chapters