← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အပိုင်း ၂၉

လှေဆိုက်ကပ်ရာနေရာမှ မိသားစုခြံဝင်းဆီသို့ စုရှီ တစ်နာရီနီးပါးခန့် လမ်းလျှောက်ခဲ့ရသည်။

သူမ၏ အစ်ကိုအတွက် ချထားပေးသော ခြံဝင်းတံခါးဝသို့ ကြိမ်သေတ္တာတစ်လုံးကိုဆွဲကာ ရောက်ရှိသွားချိန်တွင် တံခါးခေါက်ရန်ပင် အချိန်မရလိုက်ပေ။

ခြံဝင်းတံခါးသည် အတွင်းဘက်မှ ပွင့်လာခဲ့ပြီး စုရှီ သည်လည်း အလိုလိုပြုံးလိုက်မိကာ ဟင်းသီးဟင်းရွက်ခင်းထဲတွင် ကြက်သွန်မြိတ်များ ရိတ်သိမ်းရန် ပြင်ဆင်နေသော ချန်ရှန်းယွင်နှင့် မမျှော်လင့်ဘဲ အကြည့်ချင်းဆုံသွားခဲ့သည်။

သူမ၏ အဘွားသည် ခေါင်းပေါ်တွင် ကောက်ရိုးဦးထုပ်ဆောင်းထားပြီး လက်ထဲတွင် ဝါးတောင်းတစ်လုံးကို ကိုင်ထားသည်။ သူမသည် တံခါးဝရှိ မြေးမလေးကို ကြောင်ကြည့်နေရင်း အနည်းငယ်မှင်သက်နေပုံရသည်။

မြေးမလေးက သူမကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ပွေ့ဖက်လိုက်သည့်အခါမှ အဘွားဖြစ်သူသည် မျက်ရည်များ ကျလာခဲ့သည်။

ချန်ရှန်းယွင်သည် အံ့အားသင့်ခြင်း၊ ဝမ်းသာခြင်းများနှင့်အတူ မျက်ရည်များ တသွင်သွင်စီးကျလာခဲ့သည်။ သူမသည် လက်ထဲရှိ မဲနယ်ရောင်အဝတ်စကိုပင် ဂရုမစိုက်တော့ပေ။ ထိုအဝတ်စကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး မြေးမလေး၏ လွတ်နေသောလက်တစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ကာ အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။

“နင်က လူလည်မလေး၊ ရောက်လာတာကို နင့်အစ်ကိုကို ဘာလို့လာမကြိုခိုင်းတာလဲ။ ဒီကို ဘယ်လိုရောက်လာတာလဲ။” သူမ မိနစ်အနည်းငယ်ကြာအောင် ငိုလိုက်ရယ်လိုက်ဖြစ်နေခဲ့သည်။

စုရှီက အဘွား၏ ရိုက်ချက်များကို နာကျင်ဟန်ဖြင့် ရှောင်တိမ်းလိုက်သည့်အခါမှ ချန်ရှန်းယွင်သည် မြေးမလေးနှင့် ပြန်တွေ့ရသည့် ပျော်ရွှင်မှုမှ သတိပြန်ဝင်လာခဲ့သည်။ သူမ စုရှီ၏ လက်မောင်းကို လက်ဖြင့်ပုတ်ပြီး ပြောလိုက်သည်။

“ဒီကလေး ပိုပိုပြီး သတ္တိကောင်းလာတယ်။ ဒီလိုခေါင်တဲ့နေရာကို တစ်ယောက်တည်းလာတယ်၊ လမ်းပျောက်မှာလည်း မကြောက်ဘူး။”

စုရှီသည် နာကျင်ဟန်ဆောင်ရင်း အဘွား၏ ရိုက်ချက်များကို ချိုမြိန်ပြီး ရိုးသားသော အပြုံးလေးဖြင့် ရှောင်တိမ်းလိုက်သည်။ သူမ၏ နက်မှောင်သော မျက်ဝန်းများသည် စူးရှတောက်ပသော ကြယ်ရောင်များဖြင့် ပြည့်နှက်နေသကဲ့သို့ တောက်ပနေခဲ့သည်။

နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရပြီးနောက် ယခုအခါတွင် သူမသည် မိသားစုနှင့်အတူ နေထိုင်နိုင်ပြီဖြစ်သည်။ သူမ ဘယ်လိုလုပ် မပျော်ဘဲ နေမည်နည်း။

သို့သော် ယခုလုပ်ဆောင်ရန် ပိုအရေးကြီးသော ကိစ္စများရှိနေသည်။ စုရှီသည် သူမ အဘွား၏ မျက်ရည်များကို သုတ်ပေးရန် လက်ကိုမြှောက်လိုက်သည်။ “အဘွား၊ သမီး အရင်ဆုံးသွားပြီး သတင်းပို့လိုက်ဦးမယ်။ ပြန်လာမှ စကားပြောကြမယ်။ အပြင်မှာ စစ်သားနှစ်ယောက် သမီးကို စောင့်နေကြတာ။ သူတို့က အထဲဝင်ပြီး နားမှာမဟုတ်ဘူး။”

ထိုသို့ကြားသောအခါ ချန်ရှန်းယွင်သည် ငိုနေတာကိုရပ်လိုက်ပြီး မျက်ရည်များကို ဖြစ်သလိုသုတ်လိုက်ကာ သူမကို တိုက်တွန်းလိုက်သည်။

“ဘာလို့ စောစောက မပြောတာလဲ။ မြန်မြန်သွား၊ သူတို့အလုပ်ကို ကြန့်ကြာအောင်မလုပ်နဲ့။ ပြန်လာရင် အဘွားက သမီးအတွက် အရသာရှိတာတွေ ချက်ထားပေးမယ်။”

စုရှီ နှုတ်ခမ်းစူကာ မှာလိုက်သည်။ “အဘွား၊ သမီး အဘွားလုပ်တဲ့ ပန်ကိတ်စားချင်တယ်၊ အာလူးချောင်းကြော်နဲ့ ကြက်ဥလိပ်ပါရင် ပိုကောင်းမယ်။”

အဘွားသည် မျက်လုံးများကိုမှေးစင်းကာ ရယ်မောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ။ အဘွားလုပ်ပေးမယ်၊ အထဲမှာ အသားနှုတ်နှုတ်စင်းလေးတွေပါ ထည့်ပေးမယ်။”

ထိုသို့ပြောပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမသည် အိမ်ထဲသို့ အမြန်ပြေးဝင်သွားခဲ့ပြီး စကားတစ်ခွန်းကိုသာ ချန်ထားခဲ့သည်။ “နှစ်မိနစ်လောက်စောင့်ဦး။”

စုရှီသည် သူမအဘွား အဘယ့်ကြောင့် အိမ်ထဲသို့ ပြန်ဝင်သွားသည်ကို မသိသောကြောင့် G ပြည်နယ်မှ ဝယ်လာသော သစ်သီးခြောက်အိတ်ငယ်နှစ်လုံးကို ကြိမ်သေတ္တာထဲမှ ထုတ်ယူရင်း အလုပ်များနေလိုက်သည်။

သူမသည် နောက်ကျ သူမဆီ လာလည်မည့် စစ်သားငယ်လေးများအား စေတနာလက်ဆောင်အဖြစ် ပေးရန် စီစဉ်ထားသည်။

သူမ သေတ္တာကို ပိတ်လိုက်ပြီးနောက် အဘွားသည်လည်း လက်ထဲတွင် သကြားလုံးအချို့ကို ကိုင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

စုရှီ ယသည် နားလည်သဘောပေါက်သွားပြီး သူမ၏ သစ်သီးခြောက်များကို အဘွား၏ အိတ်ထဲသို့ ထည့်ပေးလိုက်ကာ အဘွားက စစ်သားငယ်လေးများအား ဖြန့်ဝေပေးသည်ကို စောင့်နေလိုက်သည်။

အတန်ငယ် တွန်းထိုးငြင်းဆန်ပြီးနောက်တွင်တော့ အဆုံး၌ အဘွားသည် သံသယမရှိ အောင်နိုင်သူဖြစ်ခဲ့သည်။

ဒီရှားပါးသောကာလများတွင် သကြားလုံးများသည် ရှားပါးသော မုန့်ပဲသရေစာတစ်ခုဖြစ်သည်။

စစ်သားငယ်လေးများသည် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ်သာရှိသေးပြီး အရွယ်မရောက်သေးသော ကလေးများဟုပင် သတ်မှတ်နိုင်သည်။ သူတို့သည် မငြင်းဆန်နိုင်ဘဲ အရသာရှိသော မုန့်တစ်ထုပ်ကို မလွှဲမရှောင်သာဖြင့် ပျော်ရွှင်စွာ လက်ခံလိုက်ကြသည်။

ထို့နောက် စုရှီသည် သူတို့နှင့်အတူ အတွင်းရေးမှူးဝမ်၏ ရုံးခန်းသို့ လိုက်သွားခဲ့ပြီး သုံးလှမ်းလှမ်းတိုင်း တစ်ခါပြန်လှည့်ကြည့်ခဲ့သည်။

ထိုအချိန်တွင် အဘွားသည် သူမမြေးမလေး ထွက်သွားသည်ကို ကြည့်နေပြီးနောက် တောင်းတစ်လုံးကိုကိုင်ကာ သူတို့မိသားစုပိုင် ဟင်းသီးဟင်းရွက်ခင်းဆီသို့ ပျော်ရွှင်စွာ လျှောက်သွားခဲ့သည်။

ဟင်းသီးဟင်းရွက်ခင်းသို့ ရောက်သောအခါ စစ်သားဇနီးအချို့သည် လယ်ကွင်းထဲတွင် ဟင်းသီးဟင်းရွက်များ ခူးဆွတ်နေကြသည်ကို တွေ့လိုက်ရသည်။

အဘွား ချန်ရှန်းယွင်သည် ဤနေရာသို့ ရောက်နေသည်မှာ နှစ်ဝက်သာရှိသေးပြီး တောသူအဘွားတစ်ဦးဖြစ်သော်လည်း သူမ၏ ဖော်ရွေသောစိတ်ထား၊ သန့်ရှင်းသပ်ရပ်မှုနှင့် ထူးချွန်သော ချက်ပြုတ်စွမ်းရည်တို့ကြောင့် ဒီနေရာတွင် လူချစ်လူခင်ပေါများခဲ့သည်။

သေချာပေါက် အရေးကြီးဆုံး အကြောင်းအရင်းမှာ သူမတွင် အရည်အချင်းရှိပြီး ရုပ်ရည်ချောမောသော မြေးယောက်ျားလေး နှစ်ယောက်ရှိပြီး ထိုနှစ်ယောက်စလုံးသည် လူလွတ်များ ဖြစ်နေသောကြောင့်ပင်။

ဒီကျွန်းပေါ်တွင် အလားအလာကောင်းပြီး ချောမောသော လူငယ်နှစ်ဦးကို မည်သူက မသိဘဲနေမည်နည်း၊ အထူးသဖြင့် အစ်ကိုကြီးဖြစ်သူ စုတုန်သည် နတ်သားတစ်ပါး လူ့ပြည်သို့ သက်ဆင်းလာသကဲ့သို့ ကောင်းကင်ဘုံမှ ရုပ်ရည်မျိုးရှိသည်။

ကျွတ်စ် ကျွတ်စ် ကျွတ်စ်၊ ဤကျွန်းပေါ်ရှိ အိမ်ထောင်မရှိသေးသော မိန်းကလေးများနှင့် ဇနီးငယ်များသည် ဆရာဝန် စုတုန်ကို မြင်လိုက်သည်နှင့် ခြေလှမ်းများပင် မရွေ့နိုင်ကြတော့ပေ။

ချန်ရှန်းယွင်၏ ချွေးမဖြစ်လိုသော အမျိုးသမီးငယ်များ အများအပြားရှိသော်လည်း အရေအတွက် အတိအကျကိုမူ မသိနိုင်ပေ။

ချန်ရှန်းယွင်သည် သူတို့ဘက်သို့ ရောက်သွားသည်နှင့် စစ်သားဇနီးသည်အချို့က သူမကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြသည်။ အနည်းငယ် အသက်ကြီးသော စစ်သားဇနီးတစ်ဦးက ရယ်မောပြီး ပြောလိုက်သည်။

“အိုး၊ အဒေါ် ချန်၊ ဒီနေ့ စိတ်အရမ်းကြည်နေပုံပဲနော်။ အဲ့ဒီအပြုံးက ပျောက်ကိုမသွားဘူး။”

ချန်ရှန်းယွင်သည် အလွန်ပျော်ရွှင်နေပြီး သတင်းကို မျှဝေချင်နေသည်။ သူမက ဘာကိုမှ မဖုံးကွယ်ဘဲ ပြောလိုက်သည်။ “အာ၊ ငါ့မြေးမလေး ကျွန်းပေါ်ကို ရောက်လာလို့လေ။ ငါအရမ်းပျော်နေတာ။”

အမျိုးသမီးတစ်စုသည် စိတ်ဝင်တစား နားထောင်နေကြပြီး အစောပိုင်းက မေးခွန်းမေးခဲ့သော အစ်မကြီးဝူ၏ မျက်နှာက လင်းလက်သွားသည်။ သူမ၏ အိမ်သည် ချန်ရှန်းယွင်၏ အိမ်ဘေးတွင်ရှိသည်။

အရင်တစ်ခေါက စကားစမြည်ပြောဆိုရင်း ချန်ရှန်းယွင် သည် G ပြည်နယ်တွင် ဘွဲ့လွန်ကျောင်းသူအဖြစ် ပညာသင်ကြားနေသော မြေးမလေးတစ်ယောက်ရှိကြောင်း မတော်တဆ ပြောမိခဲ့သည်။

နောက်ပိုင်းတွင် သူမက အဘိုးကြီးဝူအား သူတို့မိသားစုအကြောင်း မေးမြန်းသောအခါ ဘွဲ့လွန်ကျောင်းသားများသည် ဘွဲ့ကြိုကျောင်းသားများထက် ပို၍ ဗဟုသုတကြွယ်ဝကြောင်း သိရှိခဲ့ရသည်။

ဤသို့တွေးမိသောအခါ အဒေါ်ဝူသည် သူမပေါင်ကို ပုတ်လိုက်ပြီး သူမ၏ဝိုင်းစက်သောမျက်နှာသည် မနာလိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ “အာ၊ အဒေါ် ချန်၊ အဒေါ့်မြေးမလေးက မဟာဘွဲ့တက်နေတဲ့တစ်ယောက်ဟုတ်လား။ သူမက နွေရာသီကျောင်းပိတ်ရက်အတွက် လာလည်တာလား။”

အဒေါ်ဝူသည် ဖော်ရွေပွင့်လင်းပြီး အသံကျယ်သည်။ သူမ၏ ကျယ်လောင်သောအသံကြောင့် အနီးအနားရှိ လယ်ကွင်းများထဲမှ စစ်သားဇနီးအချို့သည်လည်း လှမ်းကြည့်လာကြသည်။

စပ်စုသူများက တိုက်ရိုက်မေးမြန်းကြပြီး အဒေါ်ဝူ၏ ရှင်းပြချက်အပြီးတွင် လူတိုင်းက ချန်ရှန်းယွင်ကို မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက် အစ်မကြီးချန်က ပြုံးပြီး မေးလိုက်သည်။

“အဒေါ် ချန်၊ အဒေါ့်မြေးမလေးအကြောင်း ပြောပါဦး။ ဘာလို့ ကျွန်မတို့ကို မြင်ဖူးအောင် ဘာလို့ ခေါ်မလာတာလဲ။”

“ဟုတ်တယ်၊ အဒေါ် ချန်၊ အဒေါ့်ကလေးတွေကို ဘယ်လိုများ ပြုစုပျိုးထောင်ထားလဲဆိုတာ ကျွန်မတို့ကို ကြည့်ခွင့်ပေးပါဦး။ အားလုံးက ထူးချွန်ကြတာပဲ။”

“ဟုတ်ပါ့၊ အဒေါ် ချန်၊ အဒေါ့်မြေးမလေးက နွေရာသီအတွက် လာလည်တာလား။”

ချန်ရှန်းယွင်သည် သခွားသီးအနည်းငယ်ကို ခူးဆွတ်ပြီး စုရှီ စားရန်အတွက် အိမ်သို့ယူသွားမည့် တောင်းထဲသို့ ထည့်လိုက်သည်။ သူမ၏ မြေးမလေးသည် ဒီအသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ကြိုက်နှစ်သက်သည်။

မေးခွန်းများကို ကြားသောအခါ သူမ မော့ကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

“မဟုတ်ဘူး၊ ရှီရှီက ဒီနှစ်ဘွဲ့ရတယ်။ သူမက ကျွန်းပေါ်မှာ အလုပ်လာလုပ်တာ။ အခု အတွင်းရေးမှူး ဝမ်ဆီမှာ သတင်းသွားပို့နေတယ်။ နောင်ကျရင် တွေ့ခွင့်ရမှာပါ။”

အဒေါ်ဝူသည် သူမလိုအပ်သော ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ပြီး လယ်ကွင်းအစွန်းတွင်ရပ်ကာ ချန်ရှန်းယွင်ကို စောင့်နေခဲ့သည်။ ဤသို့ကြားသောအခါ သူမက အံ့ဩတကြီး ပြောလိုက်သည်။

“အိုး၊ ကျွန်မတို့ကျွန်းပေါ်မှာပဲ.. တိုက်ဆိုင်လိုက်တာ။ အဒေါ့်မြေးမလေးက အသက် ၂၀ ပဲရှိသေးတာ မှတ်လား။ အသက် ၂၀ အရွယ် ဆရာဝန်မလေးတစ်ယောက်၊ အိုး၊ ဒါကတော့ တကယ်ကို အထင်ကြီးစရာပဲ။”

အဒေါ်ဝူသည် စိတ်ခံစားချက်များ မထိန်းနိုင်ဖြစ်သွားရသည်။ သူမတွင်လည်း သားသမီးများရှိသည်။ အကြီးဆုံးက ၂၆ နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံးက ၁၈ နှစ်ဖြစ်သည်။ အငယ်ဆုံးသမီးမှလွဲ၍ ကျန်သူများမှာ ယောက်ျားလေးများဖြစ်သည်။

ဤကောင်ဆိုးလေးများထဲမှ တစ်ယောက်မျှ အိမ်ထောင်ဖက် မရှာရသေးပေ။ သူမသည် အခြားသူများတွင် မြေးမလေးများရှိသည်ကို အားကျသော်လည်း သူမကိုယ်သူမ သတိမူမိသည်။

ဆရာဝန် စုတုန်၏ ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် သူ့ညီမသည်လည်း အလွန်လှပလိမ့်မည်။ သူမသာ ရုပ်မလှလျှင်ပင် သူမ၏ အသက်အရွယ်ကို ထည့်သွင်းစဉ်းစားပါက သူမသည် အလွန်ပင် အထင်ကြီးစရာကောင်းလှသည်။ သူမက သူမ၏ သားသမီးများကို နှိမ့်ချနေခြင်းမဟုတ်ဘဲ သူမ၏ ကလေးများနှင့် ထူးချွန်သော စုမိသားစုကြားရှိ ကွာဟချက်ကို ရှင်းရှင်းလင်းလင်း မြင်နေခြင်းသာဖြစ်သည်။

အဒေါ်ဝူ ကဲ့သို့ ရှင်းလင်းစွာတွေးခေါ်နိုင်သူများရှိသကဲ့သို့ စိတ်မရှင်းလင်းသူများလည်း ရှိနေခဲ့သည်။ သူတို့သည် သူတို့၏ တူတော်မောင်များသည်လည်း ထူးချွန်သည်ဟု ယုံကြည်ကြသည်။

သူတို့ထဲတွင် အစ်မကြီးနှစ်ဦးသည် သူတို့မိသားစုမှ သင့်တော်သော ယောက်ျားလေးများနှင့် စိတ်ကူးထဲတွင် သဘောတူထားပြီးဖြစ်သည်။

စု မိသားစုက သဘောတူမတူကိုမူ သူတို့၏ အမြင်တွင် စိုးရိမ်စရာမဟုတ်ပေ။ အမျိုးသမီးတစ်ဦးသည် မည်မျှပင် ထူးချွန်စေကာမူ အိမ်မှုကိစ္စ ကျွမ်းကျင်သူတစ်ဦးဖြစ်လျှင်တောင်မှ အိမ်ထောင်ပြုရန် လိုအပ်သည်သာဖြစ်သည်။

ထို့အပြင် သူတို့၏ မိသားစုတွင် မြို့အိမ်ထောင်စုစာရင်းနှင့် ပြည့်စုံသော အရည်အချင်းများရှိသည်။ သူမကဲ့သို့ မိဘမဲ့တစ်ဦးကို တစ်စုံတစ်ယောက်က ရွေးချယ်ခဲ့မည်ဆိုပါက ကြီးမားသောကံကောင်းခြင်းပင်ဖြစ်သည်။ မိန်းကလေးတစ်ယောက်အနေဖြင့် ငြင်းပယ်ရန် အကြောင်းမရှိပေ။

အတင်းအဖျင်းပြောခြင်းသည် လူ့သဘာဝပင်ဖြစ်သည်။

စုရှီသည် အတွင်းရေးမှူဝမ်ဆီ သတင်းပို့ပြီး အိမ်ပြန်ရောက်သောအခါ ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် ပူလောင်သော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။

သူမသည် အလိုလို ရပ်တန့်သွားပြီး အနည်းငယ် တုံ့ဆိုင်းနေမိသည်။ သူမ ခြံဝင်းမှားဝင်မိတာလား။

ဤမယုံကြည်နိုင်သော အတွေးသည် ခဏသာ တည်ရှိခဲ့သည်။ စုရှီသည် သူမနေရာမှန်သို့ ရောက်နေကြောင်း သေချာသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အဘွားချန်သည်လည်း သကြားညိုရည်ကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

မြေးမလေး ပြန်လာသည်ကိုမြင်သောအခါ ချန်ရှန်းယွင် ပြုံးပြီး လက်ပြလိုက်သည်။

“ရှီရှီ၊ မြန်မြန်လာ၊ အဘွားနဲ့အတူ သကြားညိုရည် လိုက်ချပေးပါဦး။”

စုရှီ တုံ့ဆိုင်းသွားပြီး အဒေါ်ကြီးများ၏ ပူလောင်သောအကြည့်များကို ရင်ဆိုင် ပြုံးပြလိုက်ကာ သူမအဘွားနောက်မှ မီးဖိုချောင်ထဲသို့ လိုက်သွားခဲ့သည်။

အဘွားနှင့်မြေးမလေးတို့ ထွက်သွားသည်နှင့် ထိုနေရာသည် ပွက်လောရိုက်သွားတော့သည်။

“အို ဘုရားရေ။”

“ဆရာဝန် စုတုန်ကို နတ်သားတစ်ပါးလို့ ထင်ထားတာ မထင်မှတ်ဘဲ သူ့ညီမကလည်း အရမ်းလှတာပဲ။ သူ့အစ်ကိုထက် လုံးဝမလျော့ဘူး။ သူတို့မိဘတွေက ဒီလောက်ရုပ်ချောတဲ့ ကလေးတွေရအောင် ဘယ်လိုများ မွေးထားလဲ မသိဘူး။”

“ဟုတ်ပါ့။ ငါ့ကလေးသုံးယောက်ကိုသာကြည့်။ ပုံမှန်ဆိုရင်တော့ သူတို့က ကြည့်ကောင်းတယ်လို့ထင်တာပဲ၊ ဒါပေမဲ့ စုမောင်နှမနဲ့ ယှဉ်လိုက်ရင်တော့ ငါ့ရဲ့ရုပ်ဆိုးတဲ့ကလေးသုံးယောက်ကို ငါကြည့်တောင်မကြည့်နိုင်တော့ဘူး။”

“အိုး၊ ဒီကောင်မလေးက လှလိုက်တာ၊ အရမ်းလှတာပဲ။ ငါ့တစ်သက်မှာ ဒီလောက်ရုပ်ချောတဲ့ မိန်းကလေးမျိုး မမြင်ဖူးဘူး။”

“ဒါကတော့ အခုကိစ္စကြီးဖြစ်ပြီ။ ကျွန်းပေါ်က ကောင်လေးတွေအကုန်လုံး လေပေါ်လမ်းလျှောက်နေကြတော့မှာ... ဟားဟားဟား။”

သူမ ရေခပ်ရန် အပြင်မထွက်ခြင်းက ပိုကောင်းမည်ဟု ထင်သည်။ သူမသည် လက်အုပ်ချီကာ အဘွားအား သနားညှာတာမှုတောင်းခံသည့်ဟန်ဖြင့် ပြုလုပ်လိုက်သည်။

‘အဘွား ပင်ပန်းသွားပြီ၊ ကျေးဇူးပါပဲ’

သူမ ရှက်နေသောကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် သူမသည် အနည်းငယ် အနေရခက်သွားသောကြောင့်ဖြစ်သည်။ ဤအဒေါ်ကြီးများသည် အလွန်စကားများသည်။ သူမကို အာရုံစိုက်မှုများမှ ခဏရှောင်တိမ်းခွင့်ပေးပါဦးလား။

ကျေးဇူးတင်စရာ ကောင်းစွာဖြင့် သူမသည် မနက်ဖြန်တွင် အလုပ်စဝင်ရတော့မည်ဖြစ်သည်။

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၃၀

နံနက် ၆ နာရီတွင်။

ခြံဝင်းထဲမှ ဆူညံသံများ ထွက်ပေါ်လာနေပြီဖြစ်ရာ စုရှီ သည် အေးမြသောဖျာပေါ်တွင် တစ်ဖက်သို့လှည့်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လျက် နောက်ဆုံး၌ အိပ်ချင်မူးတူး မျက်လုံးများဖြင့် ထထိုင်လိုက်သည်။

ဆယ်ရက်ကျော်ကြာအောင် လှည့်ပတ်သွားလာနေခဲ့ရပြီးနောက် သူမ မနေ့ညကမှ ကောင်းကောင်းမွန်မွန် အိပ်ခွင့် ရရှိခဲ့သည်။

အခြေအနေများကသာ ခွင့်ပြုမည်ဆိုလျှင် သူမ မွန်းတည့်ချိန်အထိ အိပ်စက်အနားယူလိုစိတ် ရှိနေခဲ့သည်။

စုရှီသည် ခုတင်တိုင်ကိုမှီကာ မျက်လုံးများကို မှေးစင်းထားလိုက်သည်။ ခဏအကြာတွင် သမ်းဝေလိုက်ပြီး မျက်ဝတ်များကို သုတ်ကာ သူမ၏ ဆံပင်နက်နက်များကို စုစည်းလိုက်သည်။ ထို့နောက် ခုတင်အစွန်းသို့ ရွှေ့ကာ ဖိနပ်စီးပြီး အပြင်သို့ ထွက်လာခဲ့သည်။

တံခါးဖွင့်၍ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ပြေးလွှားလေ့ကျင့်ရာမှ ပြန်လာသော သူမအစ်ကို စုတုန့်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။

ထိုအမျိုးသားသည် နူးညံ့သော အပြုံးဖြင့် အလင်းရောင်ကို နောက်ခံထားကာ လျှောက်လှမ်းလာသည်မှာ ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော နတ်သားတစ်ပါးအလားပင်။

စုရှီသည် သူမအစ်ကို၏ ချောမောသောရုပ်ရည်ကို ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုရင်း ပြောလိုက်သည်။ "ပြေးလာတာလား"

စုတုန်သည် လည်ပင်းတွင်ပတ်ထားသော တဘက်ကိုယူ၍ ချွေးများကိုသုတ်ကာ ညီမဖြစ်သူကို နူးညံ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ "ဟုတ်တယ်၊ မနက်ဖြန်ကစပြီး ညီမလေးလည်း ကိုကြီးနဲ့အတူတူ ပြေးရမယ်"

စုရှီသည် အစ်ကိုဖြစ်သူကို နှာခေါင်းရှုံ့ပြလိုက်သော်လည်း ကန့်ကွက်ခြင်းမရှိပေ။

နံနက်ခင်း ပြေးလွှားလေ့ကျင့်ခြင်းသည် နှစ်ပေါင်းများစွာကြာသည်အထိ လုပ်လာသောကြောင့် သူမ၏အကျင့်တစ်ခု ဖြစ်နေခဲ့ပြီး ဆရာဝန်တစ်ယောက်အနေဖြင့် ခံနိုင်ရည်ရှိရန် လိုအပ်သည်။

ထမင်းစားနေစဉ် အဖွားက မေးလိုက်သည်။ "ရှီရှီ၊ ယန်နန် သူ့တာဝန်ကနေ ပြန်လာတဲ့အခါ အဖွားနဲ့ အတူတူနေလေ။ အဆင်မပြေဘူးဆိုရင်လည်း အဘွားရဲ့ အိပ်ခန်းအကျယ်ကို အခန်းခွဲလိုက်လို့ရတယ်"

ထိုမိန်းကလေးငယ်သည် ကြီးပြင်းလာခဲ့ပြီဖြစ်ပြီး အဘွားချန်က သူမ၏ လွတ်လွတ်လပ်လပ်နေလိုမှုကို နားလည်သည်။

အမှန်တကယ်တွင် ရှီးယန်နန်၏ အဆင့်အရ သူသည် သီးသန့်အိမ်တစ်လုံး တောင်းဆိုနိုင်သည်။

အဓိကအားဖြင့် ထိုကျွန်းသည် ဧရိယာကျယ်ဝန်းပြီး အခြေအနေများ ခက်ခဲကြမ်းတမ်းကာ စစ်မှုထမ်းများနှင့်အတူ လိုက်ပါနေထိုင်လိုသော မိသားစုဝင်များ များများစားစား မရှိသောကြောင့်ဖြစ်သည်။ စုတုန်ကလည်း ဆေးရုံမှပေးသော အိမ်ရာကို ငြင်းပယ်ခဲ့သောကြောင့် သူ့အား တပ်ရင်းအဆင့် သုံးခန်းတွဲ ခြံဝင်းတစ်ခု ပေးအပ်ခဲ့သည်။

စုရှီသည် ဆန်ပြုတ်ကို ဖြည်းညင်းစွာသောက်ရင်း တည်ငြိမ်နေဆဲဖြစ်သော သူမ၏ အစ်ကိုကို တစ်ချက်လှမ်းကြည့်ကာ နှုတ်ခမ်းကိုစေ့လိုက်သည်။

"မလိုပါဘူး။ အစ်ကို ယန်နန် ပြန်လာတဲ့အခါ အစ်ကိုကြီးနဲ့ အတူတူနေခိုင်းလိုက်"

ထိုစကားကိုကြားသောအခါ ချန်ရှန်းယွင်က စနောက်လိုက်သည်။ "ဒီကလေးမလေးကတော့၊ နင့်အစ်ကိုရဲ့အခန်းက ငါနေတဲ့ အဓိကအိပ်ခန်းလောက်တောင် မကျယ်ဘူး။ နင့်အစ်ကိုတွေကို နေ့တိုင်း အနိုင်မကျင့်စမ်းပါနဲ့"

စုရှီက စိတ်ထဲမှတွေးလိုက်သည် - ဒါက အနိုင်ကျင့်တာမဟုတ်ဘူး။ ဒုတိယအစ်ကိုသာ သိသွားရင် သူမကို ကျေးဇူးတောင် တင်ဦးမှာ။

ဤသို့တွေးမိသောအခါ သူမ၏ တက်ကြွသော မျက်လုံးနက်များထဲတွင် ကောက်ကျစ်သော အလင်းရောင်တစ်ချက် လက်သွားသည်။ "အစ်ကို ယန်နန်က သမီးအနိုင်ကျင့်တယ်လို့ ထင်မှာမဟုတ်ပါဘူး။ သူက သမီးကို ကျေးဇူးတောင် တင်နိုင်သေးတယ်။ ဟုတ်တယ်မဟုတ်လား အစ်ကိုကြီး"

"ယန်နန်က နင့်ကို ဘာအတွက် ကျေးဇူးတင်ရမှာလဲ။ သူ့အခန်းကို ယူလိုက်လို့ ကျေးဇူးတင်ပါတယ်လို့ ပြောရမှာလား"

စုရှီသည် ပျော်ရွှင်သော အပြုံးဖြင့် ဆန်ပြုတ်ကို အေးအေးဆေးဆေး စားသုံးနေသော သူမ၏ အစ်ကိုကို ကြည့်ကာ ပြောလိုက်သည်။ "ဟုတ်သားပဲ အစ်ကိုကြီး၊ အစ်ကို နန်နန်က ညီမကို ဘာအတွက် ကျေးဇူးတင်ရမှာလဲဟင်"

ပန်းကန်ထဲမှ ဆန်ပြုတ်ကိုကုန်အောင် သောက်ပြီးနောက် စုတုန်သည် တူကိုချကာ ပါးစပ်ကိုတည်ငြိမ်စွာသုတ်ပြီး သူ့ရဲ့ စပ်စုတက်တဲ့ ညီမလေးကို ပြုံးလျက် ကြည့်လိုက်ကာ နွေးထွေးစွာ ပြောလိုက်သည်။

"ကိုကြီးလည်း သိချင်သားပဲ၊ ယန်နန်က ညီမလေးကို ဘာအတွက် ကျေးဇူးတင်မှာလဲဆိုတာ။ လာစမ်းပါဦး၊ အစ်ကိုကြီးကို အသေးစိတ်ပြောပြ"

စုရှီ အငိုက်မိသွားခဲ့သည်။ 'ကျွတ်စ်၊ အစ်ကိုကြီးက တကယ့်မြေခွေးအိုကြီးပဲ။'

'သူကများ တိုက်ခိုက်တဲ့ဖက်ကလား?' ( Gong လားလို့ ပြောချင်တာပါ

ဤသို့တွေးကာ စုရှီ၏ မျက်လုံးများသည် လှည့်ပတ်နေပြီး စုတုန့်ဆီသို့ နားမလည်နိုင်သော အကြည့်များဖြင့် ရံဖန်ရံခါ ကြည့်နေမိသည်။

ဤသို့ တည့်တည့်စိုက်ကြည့်ခြင်းသည် တည်ငြိမ်လှသော စုတုန်ကိုပင် မသက်မသာဖြစ်စေပြီး သူ့ကိုယ်ကို မသိမသာ ရွှေ့လိုက်သည်။

သည်းမခံနိုင်တော့သည့်အဆုံး သူသည် သူ၏ သွယ်လျဖြူဖွေးသော လက်ချောင်းများကို မြှောက်ကာ ညီမဖြစ်သူ၏ ခေါင်းကို ခေါက်လိုက်သည်။

စုရှီသည် အမူအရာပိုပိုဖြင့် ခေါင်းကိုကိုင်ကာ ညည်းညူနေစဉ် စုတုန်က ကြည်လင်သာယာသောအသံဖြင့် သတိပေးလိုက်သည်။ "နောက်ကျဖို့ နာရီဝက်ပဲ လိုတော့တယ်။ ဒီနေ့က ညီမလေး အလုပ်ဆင်းရမယ့် ပထမဆုံးနေ့နော်"

ထိုစကားကိုကြားသော် စုရှီ ရုတ်တရက် ပြဿနာရှာနေတာ ရပ်သွားပြီးပန်းကန်ကိုကောက်ကိုင်ကာ အစားကို မြန်စားပြီး အခန်းထဲသို့ သွား၍ လိုအပ်သောစာရွက်စာတမ်းများကို ယူလိုက်သည်။ ထို့နောက် သူမ၏ အစ်ကိုကြီးကို အလုပ်သို့ ဆွဲခေါ်သွားတော့သည်။

လမ်းတွင် သူမတို့ လူများစွာနှင့် တွေ့ဆုံခဲ့ပြီး စုရှီ သည် သူမအစ်ကို၏ လူကြိုက်များမှုကို နောက်တစ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။

စုတုန်၏ ရုပ်ရည်ချောမောမှုသည် သူမ၏ အနာဂတ်က အိုင်ဒေါများနှင့် များစွာကွာခြားခြင်းမရှိပေ။

အသက်အရွယ်၊ ကျားမ မရွေး လူတိုင်းသည် သူနှင့် စကားပြောဆိုရသည်ကို နှစ်သက်ကြသည်။

သို့သော် ယနေ့တွင် စုတုန်နှင့် စကားပြောဆိုသူတိုင်းသည် သူ့ဘေးရှိ မိန်းကလေးဆီသို့ အကြည့်မရောက်ဘဲ မနေနိုင်ကြပေ။

အများအားဖြင့် နူးညံ့သော်လည်း တစ်ယောက်တည်းနေရသည်ကို ပိုနှစ်သက်သော ဆရာဝန် စုတုန်သည် မမျှော်လင့်ဘဲ မိန်းကလေးတစ်ယောက်ကို အတူခေါ်လာခဲ့သည်။

ထို့အပြင် သူမသည် အလွန် ရင်သပ်ရှုမောဖွယ်ကောင်းသော မိန်းကလေးဖြစ်ပြီး အမှန်တကယ်ပင် ထူးခြားလှသည်။

ပို၍အံ့ဩစရာကောင်းသည်မှာ ဆရာဝန် စု၏ဘေးတွင် ရပ်နေသည့်တိုင် ထိုမိန်းကလေး၏ ရုပ်ရည်သည် မှေးမှိန်မသွားခြင်းပင်။

သူတို့နှစ်ဦးသည် ဒရာမာဇာတ်လမ်းများထဲကလို ကံကြမ္မာက အထူးဖန်တီးပေးထားသည့် စုံတွဲကဲ့သို့ပင် အလွန်လိုက်ဖက်လှသည်။

အချို့သူများကမူ ဤလှပသော မိန်းကလေးကို မြင်ရခြင်းကြောင့် နှလုံးသားမည်မျှ ကွဲကြေသွားမည်ကို တွေးတောခြင်းမှ မလွန်ဆန်နိုင်ခဲ့ကြပေ။

လူတိုင်းက သူမကို ဆရာဝန် စု၏ ချစ်သူဖြစ်နိုင်သည်ဟု ထင်နေစဉ်တွင် သူက ပြုံးလျက် သူမသည် သူ့ညီမဖြစ်ကြောင်းနှင့် သူမသည်လည်း ဆရာဝန်တစ်ယောက်ဖြစ်ကြောင်း လူတိုင်းကို မိတ်ဆက်ပေးခဲ့သည်။

လူအုပ်ကြီးသည် အံ့ဩမှုဖြင့် ပေါက်ကွဲသွားတော့သည်။

ဆရာဝန် စုတုန်တွင် ညီမတစ်ယောက်ရှိမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။ ညီမတစ်ယောက်ရှိခြင်းသည် ကိစ္စတစ်ခု၊ သို့သော် ဤမျှလှပပြီး အရည်အချင်းရှိသော မိန်းကလေးငယ်တစ်ယောက်ရှိခြင်းမှာမူ အခြားကိစ္စတစ်ခုဖြစ်သည်။ လူအများစုသည် အသိပညာရှိသူများကို လေးစားအားကျကြသည်။

ထို့ကြောင့် စုရှီက ပြုံးပြုံးရွှင်ရွှင် တုံ့ပြန်နေသော်လည်း သူမနှင့် တကယ်တမ်း စကားပြောသူ တစ်ယောက်မျှ မရှိပေ။ နောက်ဆုံးတွင်တော့ သူတို့သည် သူမနှင့် ရင်းနှီးခြင်းမရှိသေးပေ။

ဤမျှလှပလွန်းသူတစ်ယောက်နှင့်မို့ အနည်းငယ် အလှမ်းကွာနေသလို ခံစားရသည်။

လူနေရပ်ကွက်သည် ဆေးရုံနှင့် မဝေးလှချေ။ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ရုံသာဖြစ်သည်။

မောင်နှမနှစ်ယောက်သည် အချိန်မဆွဲခဲ့ဘဲ စုတုန်က လမ်းလျှောက်ရင်း ပတ်ဝန်းကျင်နှင့် လက်ရှိဆောက်လုပ်ရေးလုပ်ငန်းများအကြောင်းကို စုရှီအား မိတ်ဆက်ပေးခဲ့သည်။

စစ်တပ်သည် ဤနေရာတွင် တပ်စွဲထားသည်မှာ ဆယ်နှစ်ရှိပြီဖြစ်သော်လည်း အဆောက်အအုံများသည် အတော်လေး အခြေခံအဆင့်တွင်သာ ရှိသေးသည်။ လက်ရှိတွင် အဆောက်အအုံနေရာများ ပိုတိုးချဲ့ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် စစ်ရေးလေ့ကျင့်မှုများအပြင် စစ်သားများသည် အိမ်ဆောက်ခြင်း၊ လမ်းခင်းခြင်းနှင့် စိုက်ပျိုးမြေများ ပြုစုပျိုးထောင်ခြင်းကဲ့သို့သော ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း ပါဝင်လုပ်ကိုင်ကြရသဖြင့် သူတို့၏ ဘဝသည် အတော်လေး စိန်ခေါ်မှုများပြားလှသည်။

ကျွန်း၏ ခြုံငုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် လွန်ခဲ့သော နှစ်အနည်းငယ်က ကျောင်းတစ်ကျောင်း တည်ထောင်ခဲ့သည်။ မူလတန်းမှ အလယ်တန်းအထိ ကျောင်းသား သုံးဆယ်မှ လေးဆယ်ခန့်သာ ရှိသော်လည်း အချိန်နှင့်အမျှ အရာအားလုံး တိုးတက်ကောင်းမွန်လာမည်ဟု မျှော်လင့်ရသည်။ ကျွန်းသည် ပိုတောက်ပသော အနာဂတ်ဆီသို့ ဦးတည်ရွေ့လျားနေသည်။

စုရှီသည် ယနေ့၌ ဆေးရုံအုပ်နှင့် တွေ့ဆုံခဲ့ပြီး သူမကို အံ့ဩစေသည်မှာ ဆေးရုံအုပ်သည် အသက်ငါးဆယ်ကျော်အရွယ် ကြင်နာတတ်သော အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။

စုရှီသည် ကျား၊မ ခွဲခြာနေခြင်းမဟုတ်ပေ။ သူမ၏ ခေတ်တွင် ဆေးရုံအုပ်အများစုသည် အမျိုးသားများဖြစ်ကြပြီး အထူးသဖြင့် ၁၉၆၀ ပြည့်နှစ်များတွင် ပို၍ပင် များသည်။

ရင်းနှီးစွာတွေ့ဆုံပြီးနောက် နေရာယူထိုင်လိုက်ကြသည့်အခါ ဆေးရုံအုပ် ဟဲသည် စုတုန်ကို ပြုံးပြလိုက်ပြီးနောက် စုရှီကို ကြည့်ကာ ကျေနပ်မှုကို ဖော်ပြခဲ့သည်။

သူမက စုရှီကို ပြောလိုက်သည်။ "ဒီကိုရောက်လာပြီဆိုတော့ မနေ့က အတွင်းရေးမှူးဝမ်က သမီးကို လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးခိုင်းပြီးလောက်ရောပေါ့။ ငါတို့က ကျွန်းပေါ်မှာနေပြီး ဆရာဝန်တွေ ရှားပါးပေမဲ့ ဒီနေရာက နိုင်ငံတော်က တန်ဖိုးထားရတဲ့ အထူးတပ်ဖွဲ့တစ်ခုပဲ။ သမီးနဲ့ သမီးအစ်ကိုက ထူးချွန်ကြတယ်။ အပြင်က သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကို စွန့်လွှတ်ပြီး ဒီကိုလာဖို့ ဆန္ဒရှိကြတဲ့အတွက် အန်တီ ဝမ်းသာပါတယ်"

စကားကိုခဏရပ်ကာ ဆေးရုံအုပ်သည် လက်ဖက်ရည်တစ်ငုံသောက်ပြီး နားလည်မှုရှိသော စုရှီနှင့် အကြည့်ဆုံလျက် ဆက်ပြောခဲ့သည်။

"ဒါပေမဲ့ ကျောင်းမှာသင်ခဲ့တဲ့ သီအိုရီအသိပညာနဲ့ လက်တွေ့ အတွေ့အကြုံကြားမှာ တော်တော်လေး ကွာဟချက်ရှိနေတုန်းပဲ။ အန်တီ တခြားဆရာဝန်တွေ ထပ်မရှာတော့ဘူး။ သမီး ဆရာဝန် စုတုန်ဆီကနေ အရင်ဆုံး သင်ယူရမယ်။ လအနည်းငယ်ကြာပြီးရင် ဆေးရုံမှာ စစ်ဆေးအကဲဖြတ်မှုတွေ လုပ်လိမ့်မယ်။ အောင်မြင်ခဲ့ရင် သမီးက ဆရာဝန် ဖြစ်လာနိုင်တယ်။ အဆင်ပြေရဲ့လား"

စုရှီ မတ်တပ်ထရပ်ကာ အလေးပြုလိုက်သည်။ "ကိစ္စမရှိပါဘူး"

ဤသည်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းဖြစ်သည်၊ မည်သည့်ဆရာဝန်မျှ အလုပ်သင်ကာလကို မဖြတ်သန်းဘဲ လုပ်ငန်းခွင်သို့ တန်းဝင်၍မရပေ။

ဆေးရုံအုပ် ဟဲသည် စုရှီ၏ သဘောထားကို သဘောကျသွားသည်။ အလုပ်အကိုင်ဆိုင်ရာ ကိစ္စရပ်များကို ပေါ့ပေါ့ပါးပါး ဆွေးနွေးပြီးနောက် သူမသည် စုရှီ၏ ငယ်ရွယ်မှုနှင့် လျင်မြန်သော တိုးတက်မှုများရှိသော်လည်း ခိုင်မာသော အသိပညာအခြေခံရှိသည်ကို တွေ့ရှိခဲ့ရသည်။ အလားအလာရှိသော အရည်အချင်းရှိ ပညာရှင်တစ်ဦးပင်။

စကားစမြည်ပြောဆိုပြီးနောက် ဆေးရုံအုပ် ဟဲသည် ပို၍ပင် ကျေနပ်သွားကာ သူမ၏ ပုံမှန် ခက်ထန်သည့် အမူအရာများက လုံးဝပျောက်ကွယ်သွားသည်။ သူမသည် သူမ၏ ရင်သွေးကို ကြည့်နေသကဲ့သို့ ကြင်နာစွာပြုံးလျက် ညင်သာစွာ ပြောလိုက်သည်။

"သွားပြီးတော့ ဌာနမှူးဆီ သတင်းပို့လိုက်တော့။ အကူအညီတစ်ခုခု လိုအပ်ရင် အချိန်မရွေး အန်တီ့ဆီ လာခဲ့နော်"

ဤစကားများ ပြောပြီးသည်နှင့် စုတုန်၏ ကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးများသည် မသိမသာ မှေးကျဉ်းသွားသည်။ သူသည် ယနေ့ထူးခြားစွာ နူးညံ့နေသော ဆေးရုံအုပ်ကို တည်ငြိမ်စွာ အကဲခတ်လိုက်ပြီးနောက် တဖြည်းဖြည်း မျက်လုံးများ ပိုမိုတောက်ပလာသော သူ့ညီမကို လှမ်းကြည့်လိုက်သည်။ သူသည် ဆေးရုံအုပ် ဟဲ ကို မျက်နှာသာပေးသည့်အနေဖြင့် တိတ်ဆိတ်စွာ နေလိုက်သည်။

'သူ့ညီမကို လုယူဖို့ ကြိုးစားနေတာလား? ဟား ! '

'မဖြစ်နိုင်ဘူး !! '

စုရှီက ဆေးရုံအုပ် ဟဲသည် အလွန်အမင်း ကြင်နာတတ်သည်ဟု ထင်သော်လည်း ဆေးရုံအုပ်သည် ပင်ကိုစိတ်ရင်းကောင်းသူဟု ယူဆကာ အများကြီးမတွေးခဲ့ပေ။

အပြစ်ရှာတတ်သော သို့မဟုတ် လက်အောက်ငယ်သားများကို ဖိနှိပ်ရသည်ကို နှစ်သက်သော ခေါင်းဆောင်များနှင့် မကြုံတွေ့ရသည့်အတွက် ကံကောင်းသည်ဟု ခံစားမိသည်။ ထိုသို့သောအခြေအနေများသည် အမှန်တကယ်ပင် စိတ်ပျက်စရာကောင်းလိမ့်မည်။

ဆေးရုံအုပ်ဟဲက မောင်နှမနှစ်ယောက်ကို ထွက်သွားရန် အချက်ပြသောအခါ စုရှီသည် သူမကို ချိုသာစွာ ဦးညွှတ်လိုက်သည်။

အပြန်အလှန်အားဖြင့် သူမသည် ဆေးရုံအုပ် ဟဲ ထံမှ ပို၍ပင် ချစ်ခင်ကြင်နာသောအကြည့်ကို ရရှိခဲ့သည်။

စုရှီသည် ရုံးခန်းတံခါးကိုဖွင့်၍ အပြင်သို့ ခြေလှမ်းလိုက်စဉ် အထဲမှ ဆေးရုံအုပ်ဟဲက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလိုက်သည်။ "ဪ၊ စုရှီ၊ သမီးမှာ ရည်းစားရှိလား"

ထိုစကားကြောင့် စုရှီသည် ခြေလှမ်းများ ရပ်တန့်ကာ နောက်လှည့်ကြည့်ပြီး ဆေးရုံအုပ်ကို အနည်းငယ်အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ သူမ ထိုသို့သောမေးခွန်းကို အဘယ်ကြောင့်မေးသည်ကို နားမလည်ခဲ့ပေ။

ဆေးရုံအုပ်ဟဲက ပွင့်ပွင့်လင်းလင်း ပြုံးလိုက်သည်။

"ဒီလိုလေ၊ ငါတို့က ဒီမှာ စစ်တပ်နယ်မြေထဲမှာဆိုတော့။ သမီးမှာ တွဲနေတဲ့သူရှိရင် စနစ်တကျ လုပ်ထုံးလုပ်နည်းရှိတယ်၊ လက်ထပ်ခွင့်တင်ပြလွှာ တင်ရတယ်လေ"

စုရှီ နားလည်သွားပြီး ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ကျွန်မမှာ ရည်းစားမရှိပါဘူး ဆေးရုံအုပ်ကြီး ဟဲ။ ကျွန်မက ငယ်ပါသေးတယ်"

ဤစကားများကို ပြောပြီးနောက် စုရှီသည် ဆေးရုံအုပ်၏ အပြုံးက ပိုတောက်ပလာသည်ဟု ခံစားလိုက်ရသည်။

…….

ဌာနမှူးရုံးသို့ သွားရာလမ်းတွင် စုရှီသည် သူမစိတ်ထဲရှိ မေးခွန်းကို မေးလိုက်သည်။

စုတုန်သည် မျက်လုံးများကို မှေးလိုက်သည်။"ညီမလေးက မရိပ်မိရလောက်အောင်တော့ မတုံးဘူးပဲ”

စုရှီသည် သူမအစ်ကိုကို သွားဖြဲရယ်ပြကာ ပြောလိုက်သည်။ "အစ်ကိုကြီး၊ အရင်က အစ်ကိုကြီး ဒီလိုမဟုတ်ပါဘူး။ သမီးက ကိုကြီးရဲ့ အချစ်တော်လေးလေ၊ အခု ယောင်းမရတော့မယ်ဆိုတော့ သမီးကို မချစ်တော့ဘူး"

"လျှောက်ပြောမနေနဲ့။ ဘယ်က ယောင်းမလဲ" သူ့ညီမက ဘာကိုဆိုလိုသည်ကို သဘောပေါက်သွားသလိုပင် မျက်နှာမနီတတ်သော စုတုန်သည် အနည်းငယ် မျက်နှာနီသွားသည်။

သူသည် လက်လှမ်းကာ စုရှီ၏ ဖြူဖွေးသော နဖူးကို ခေါက်လိုက်သည်။ "လျှောက်ပြောမနေနဲ့တော့။ ညီမလေးက မိန်းကလေးဖြစ်နေပြီ၊ ကိုယ့်ပုံရိပ်ကိုယ် ဂရုစိုက်"

သူက ထိုသို့ပြောလိုက်သော်လည်း သူ့ညီမက ကန့်ကွက်ခြင်းမရှိသည်ကို သိရ၍ စိတ်သက်သာရာရသွားသည်။ သူမက စိတ်ထဲမထားကြောင်း ယန်နန်၏ စကားမှ သိရခြင်းသည် တစ်ပိုင်း၊ သို့သော် သူ့ညီမဆီမှ ကိုယ်တိုင် အတည်ပြုချက်ရရှိခြင်းသည် နောက်တစ်ပိုင်းဖြစ်သည်။ ဤကဲ့သို့သော ညီမတစ်ယောက်ရှိခြင်းသည် သူတို့အတွက် ကောင်းချီးလေးပင်။

သူမအစ်ကို၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သိရှိလိုက်ရသောအခါ စုရှီ စိတ်သက်သာရာရသွားသည်။ မနေ့ကပင် သူမ အစ်ကိုသည် ပုံမှန်အတိုင်းနေရန် ကြိုးစားနေသော်လည်း သူမ၏ သဘောထားကို အမှန်တကယ် ဂရုစိုက်နေသည်ကို သူမ သတိပြုမိခဲ့သည်။

သူမ အစ်ကို အနေရခက်သွားမည်ကို ကာကွယ်ရန် သူမ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ဆေးရုံအုပ်ကြီးက ညီမအပေါ် သိပ်ကြင်နာတာပဲ။ တစ်ခုခုတော့ မမှန်သလို ခံစားနေရတယ်။ သူမက ညီမကို အောင်သွယ်လုပ်ပေးချင်နေတာများလား"

စုရှီကို သူမကိုယ်သူမ တွေးလွန်းသည်ဟု အပြစ်တင်လို့မရပေ၊ သူမ၏ ကောလိပ်မှ ပါမောက္ခများကလည်း ထိုသို့ပင် ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။

အခြားဌာနများမှ ပါမောက္ခများကပင် 'သာမန်သူငယ်ချင်းများ ဖွဲ့ရန်' ဟု အကြောင်းပြကာ သူတို့၏ သားသမီးများကို သူမနှင့်တွေ့ဆုံရန် တည့်တိုး ခေါ်ဆောင်လာခဲ့ကြသည်။

စုတုန်သည် ညင်သာစွာ ရယ်မောလိုက်ရာ သူ့ရယ်သံသည် နွေဦးပန်းများကဲ့သို့ နွေးထွေးလှသည်။ သူသည် ပြုံးရယ်လေ့မရှိသော်လည်း မိသားစုနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ အမြဲတမ်း စိတ်ကြည်လင်နေတတ်သည်။

"ငါတို့ သဘောမတူသရွေ့ သူ ဘယ်သူ့ကို မိတ်ဆက်ပေးပေး အရေးမကြီးပါဘူး။ ညီမလေးက ငယ်သေးတယ်၊ အလုပ်ကိုပဲ အာရုံစိုက်။ အသက်သုံးဆယ်မတိုင်ခင် ဒါတွေ မစဉ်းစားနဲ့"

စုရှီသည် နှလုံးသားတစ်ခုလုံးဖြင် အကြွင်းမဲ့ သဘောတူလိုက်သည်။

…………….

ထိုအချိန်တွင် ဆေးရုံအုပ် ဟဲသည်လည်း အားမနေခဲ့ပေ။ သူမသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရုံးခန်းထဲတွင် လမ်းလျှောက်နေရင်း ထိုအကြံသည် ကောင်းမွန်သောအကြံဖြစ်သည်ဟု ပို ပိုပြီး တွေးနေမိသည်။ မနေနိုင်တော့သည့်အဆုံး သူမသည် သူမ၏ အချစ်ဆုံးသူငယ်ချင်းဆီသို့ ဖုန်းခေါ်လိုက်သည်။

ဖုန်းကို လျင်မြန်စွာ ပြန်ဖြေပြီးနောက် ဆေးရုံအုပ် ဟဲက တခါထဲ ပြောလိုက်သည်။ "စစ်ယွင်၊ နင့်ရဲ့ ရှဲ့ကျန်း အတွက် အောင်သွယ်လုပ်ပေးချင်လို့။ အဲ့ဒီကောင်လေး ရှဲ့ကျန်းကို ကောင်မလေးက သဘောကျသွားရင် နင် ငါ့ကို လက်ဆောင်ကြီးကြီး ပေးရမယ်"

All Chapters