← Chapters

အခန်း (၃၃-၃၄)

Vol. 3 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 3 Ch. 33-34

အပိုင်း ၃၃

စုရှီသည် မနက်စာစားပြီးနောက် သူမ လက်ကောက်ဝတ်မှ နာရီကို ကြည့်လိုက်ရာ ၆ နာရီ ၅၀ မိနစ်ရှိနေပြီဖြစ်သည်။

“အိုး မဖြစ်ဘူး၊ ငါတို့ရဲ့ ပထမဆုံး ဒိတ်လုပ်တဲ့ဟာကို ငါနောက်ကျနေပြီ .. အဟွတ် ဟွတ် နောက်ကျတာ မကောင်းဘူး။” သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူမသည် အိတ်ကိုယူရန် အခန်းထဲသို့ အလျင်အမြန်ပြန်သွားကာ မှန်ငယ်လေးကို ကြည့်၍ အရာအားလုံးပြည့်စုံနေကြောင်း သေချာစေပြီးနောက် မှန်ထဲက သူမပုံရိပ်ကို တောက်ပစွာပြုံးပြလိုက်သည်။ သူမသည် နတ်သမီးတစ်ပါးနှင့် တူနေသည်ဟု သက်ပြင်းချလိုက်ပြီးနောက် အပြင်သို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

“အဘွား၊ သမီးအပြင်သွားတော့မယ်။”

ချန်ရှန်းယွင်သည် ပန်းကန်ဆေးနေရင်း ရပ်တန့်ကာ မီးဖိုချောင်ထဲမှ ခေါင်းထွက်လာသည်။

“စောစောပြန်လာနော်။”

“သိပါပြီ!”

စုရှီသည် ခြံဝင်းထဲမှ ခြေလှမ်းထွက်လိုက်သည်နှင့် မလှမ်းမကမ်းတွင် လက်နောက်ပစ်ကာ ရပ်နေသော ရှဲ့ကျန်းကို တွေ့လိုက်ရသည်။

စစ်ဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားသော ထိုအမျိုးသားသည် သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်ကာ စုရှီ၏ အိမ်ရှိရာဘက်သို့ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

ကျယ်ပြန့်သော ပခုံးများနှင့် ရှည်လျားသော ခြေတံများဖြင့် ရှဲ့ကျန်းသည် အေးစက်ပြီး ချဉ်းကပ်ရခက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

စုရှီ၏ ပုံရိပ်ကို မြင်လိုက်သည့်အခိုက်တွင် သူ့မျက်ဝန်းများထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်ပြေးသွားပြီး သူ၏ တည်ကြည်သော မျက်နှာအမူအရာသည်လည်း အနည်းငယ် ပျော့ပြောင်းသွားသည်။

စုရှီသည် အပြုံးဖြင့် ပြေးသွားပြီး သူ့ရှေ့တွင်ရပ်ကာ သူ့ကိုမော့ကြည့်ရင်း မေးလိုက်သည်။ “ရှင် ဘာလို့ ကျွန်မကို ဒီမှာလာစောင့်နေတာလဲ။”

သူတို့သည် မနေ့က ဆိပ်ခန်းတံတားသို့ သွားသောလမ်းခွတွင် တွေ့ဆုံရန် သဘောတူထားခဲ့ကြသည်။

ရှဲ့ကျန်းသည် နှုတ်ခမ်းကိုကွေးကာ ပြောလိုက်သည်။ “မင်းရဲ့အိမ်က နီးနီးလေးပဲ။”

သူမကို စောစောတွေ့ချင်သည်ဟု ပြောရန် သူရှက်နေမိသည်။

စုရှီ၏ မျက်ဝန်းများသည် ထိုအမျိုးသား၏ မပြောထွက်သော စကားများကို ခန့်မှန်းမိသည့်အလား အနည်းငယ် လှုပ်ခတ်သွားသည်။ သူမသည် ရှက်ရွံ့စွာဖြင့် မျက်လွှာချကာ တိုးတိုးလေးပြောလိုက်သည်။ “ဒါဆို သွားကြမလား။”

ရှဲ့ကျန်း သည် ခေါင်းညိတ်လိုက်ပြီး သူတို့သည် ဘေးချင်းယှဉ်လျက် လျှောက်သွားခဲ့ကြသည်။

သူတို့နှစ်ဦးစလုံးအတွက် ဆန့်ကျင်ဘက်လိင်နှင့် ဤမျှနီးကပ်စွာရှိနေခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ခဏတာ ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။

သူတို့သည် အချင်းချင်း အခါအားလျော်စွာ ကြည့်မိကြပြီး သူတို့၏ ရှက်ရွံ့မှုနှင့် ချိုမြိန်မှုတို့မှာ ပိုလျှံကျလုနီးပါးပင်။

နောက်ဆုံးတွင် စုရှီသည် တိတ်ဆိတ်မှုကို ဖြိုခွဲကာ အကြောင်းအရာတစ်ခုကို ပေါ့ပေါ့ပါးပါး စတင်လိုက်သည်။ “ရှင့် ကျွန်မအစ်ကိုတို့နဲ့ တွေ့မိသေးလား။ သူတို့က ကျွန်မထက် မိနစ်အနည်းငယ်စောပြီး ထွက်သွားကြတာ။”

ရှဲ့ကျန်းက ပြောလိုက်သည်။ “မင်းရဲ့အစ်ကို ထွက်လာတဲ့အချိန်မှာ ကိုယ် ကြိုရှောင်နေလိုက်တယ်။”

စုရှီ သက်ပြင်းချကာ စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလိုက်သည်။ “ကောင်းတယ်၊ ကောင်းတယ်။”

ရှဲ့ကျန်းသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။ “မင်း… မင်းရဲ့မိသားစုကို မသိစေချင်ဘူးလား။”

စုရှီ ခေါင်းစောင်းကာ ခဏစဉ်းစားလိုက်သည်။ “အဲ့လိုတော့ မဟုတ်ပါဘူး၊ ကျွန်မ ရှက်လို့ပါ။”

ရှဲ့ကျန်းသည် လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး စုရှီ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ကာ ချက်ချင်းပြန်လွှတ်လိုက်သည်။

စုရှီ သူ့ကို ပြန်ကြည့်သောအခါ ထိုအမျိုးသား၏ စူးစိုက်ပြီး နွေးထွေးသောအကြည့်သည် သူမအပေါ်တွင် စွဲမြဲနေသည်။

ဆောင်းဦးလေသည် သူမဆံပင်ကို တိုက်ခတ်သွားစဉ် စုရှီသည် သူတို့ပတ်ဝန်းကျင်တွင် တစ်စုံတစ်ခု လွတ်မြောက် ထွက်ပေါ်လာတော့မယောင် သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

“စုရှီ၊ မင်း ကိုယ်နဲ့ ရင်းနှီးသွားတဲ့အထိ စောင့်ပြီးမှ ဖွင့်ပြောဖို့ ကိုယ်စဉ်းစားထားခဲ့တာ။”သူ့အသံသည် ရှတတ၊ နိမ့်ရှရှနှင့် ဆွဲဆောင်မှုရှိနေသည်။

စုရှီသည် အညှို့ခံထားရသကဲ့သို့ မလှုပ်မယှက်ဖြင်ြ သူ့ကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိသည်။ သူ၏ နက်မှောင်သော မျက်ဝန်းများသည် သူမဖြင့်သာ ပြည့်နှက်နေပုံရသည်။

ရှဲ့ကျန်းသည် သူ့လက်ကြီးကို မြှောက်ကာ စုရှီ၏ မျက်လုံးအောက်ရှိ ပန်းပုံသဏ္ဌာန်မှဲ့လေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူသည် အနည်းငယ် ကိုင်းညွှတ်ကာ မိန်းကလေး၏ ကြည်လင်တောက်ပသော အနက်ရောင်မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်ရင်း သူမ၏ ဝိညာဉ်ထဲသို့ ထိုးဖောက်ကြည့်ရှုရန် ကြိုးစားနေသည့်အလား လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ကိုယ်က တော်တော်လောဘကြီးပုံပဲ။ အခု ကိုယ် မင်းကို ကိုယ်ရဲ့လက်တွဲဖော်ဖြစ်စေချင်တယ်၊ မင်းရဲ့ဘေးမှာ ပွင့်ပွင့်လင်းလင်း ရပ်တည်ချင်တယ်၊ မင်းရဲ့ဘဝထဲက တစ်စိတ်တစ်ပိုင်းဖြစ်ချင်တယ်၊ ပြီးတော့ မင်းရဲ့မိသားစုနဲ့ သူငယ်ချင်းအားလုံးကို စုရှီရဲ့ ယောကျ်ားအဖြစ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးချင်တယ်။”

သူ့မျက်ဝန်းထဲတွင် နောင်တရသည့် အရိပ်အယောင်ဖြင့် ရှဲ့ကျန်းက ဆက်ပြောခဲ့သည်။

“ကိုယ် စိတ်မရှည်ခဲ့ဘူး။ ကိုယ့်ရဲ့အတွေ့အကြုံမရှိမှုကို ခွင့်လွှတ်ပါ။ အရင်ဆုံး ကိုယ်အကြောင်းကို မင်းကိုပြောပြမယ်။ ကိုယ် ဒီနှစ်ဆို ၂၈ နှစ်ပြည့်တော့မယ်၊ J မြို့ကပါ၊ လက်ရှိ ဗိုလ်ကြီးအဆင့်မှာရှိပြီး လစာက စရိတ်နဲ့ ဘောနပ်စ်မပါဘဲ တစ်လကို ၁၂၈ ယွမ်ရတယ်။ ကိုယ့်အဘိုးအဘွားတွေနဲ့ မိဘတွေအားလုံး သက်ရှိထင်ရှားရှိသေးတယ်၊ ပြီးတော့ ကိုယ့်ထက်လေးနှစ်ကြီးတဲ့ အစ်မတစ်ယောက်ရှိတယ်၊ သူက အိမ်ထောင်ကျပြီးသွားပြီ။ ဒါဆို မင်း… မင်း ကိုယ့်ရဲ့ လက်တွဲဖော်ဖြစ်ချင်လား။”

ထိုအမျိုးသား၏ ပြောစကားတစ်ခွန်းစီတိုင်းတွင် စုရှီ သည် သူမ၏ နှလုံးခုန်သံများ ပို၍ကျယ်လောင်လာပြီး တစ်ကိုယ်လုံး ပူလောင်လာသည်ကို ခံစားလိုက်ရသည်။

ဒုတ် ဒုတ် .. ဒုတ် ဒုတ်။ ရှဲ့ကျန်း စကားပြောနေစဉ် စုရှီသည် သူမ၏ နှလုံးခုန်သံများ ကျယ်လောင်လာသည်ကို ခံစားရပြီး ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အတိုင်းပင်။

ထိုအမျိုးသား၏ မျက်ဝန်းများထဲတွင် ပြင်းပြသော စိတ်ခံစားမှုများသည် ထင်ရှားနေပြီး သူမကို လောင်ကျွမ်းစေလုနီးပါးပင်။ စုရှီသည် မခံနိုင်တော့ဘဲ အကြည့်လွှဲလိုက်သည်။

သူမသည် ဤသို့ ပြင်းထန်သော စိတ်ခံစားမှုမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ သူမ၏ ယခင်ဘဝတွင် အလုပ်အကိုင်ကြောင့် ပြိုင်ပွဲများအနိုင်ရရန်သာ အာရုံစိုက်ခဲ့သည်။ တစ်စုံတစ်ယောက်က သူမကို ဖွင့်ပြောခဲ့ဖူးလား ဆိုသည်ကိုပင် သူမ မေ့နေခဲ့သည်။

ဤဘဝတွင်မူ တက္ကသိုလ်တက်စဉ်က အချစ်စာများစွာ လက်ခံရရှိခဲ့သော်လည်း လူကိုယ်တိုင် ဖွင့်ပြောရဲသည့် သတ္တိမျိုးရှိသည်။

ဤဘဝတွင် တက္ကသိုလ်တက်စဉ်က အချစ်စာများစွာ လက်ခံရရှိခဲ့ပြီး မျက်နှာချင်းဆိုင် ဖွင့်ပြောခံရဖူးသော်လည်း သူမ၏ စိတ်ခံစားချက်များသည် ယနေ့ကဲ့သို့ အတက်အကျ မဖြစ်ခဲ့ဖူးပေ။

သူမသည် တစ်ခါမှ ရည်စားတစ်ယောက်မရှိခဲ့ဖူးသလို အတွေ့အကြုံလည်း မရှိပေ၊ သို့သော် ယနေ့ ချိန်းဆိုမှုကို သဘောတူလိုက်ခြင်းဖြင့် သူမ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသပြီးသားဟု ထင်ခဲ့သည်။ သို့သော် ထင်ရှားသည်မှာ… ထိုမျှနှင့် မလုံလောက်သေးဘူးလား။

ဤသို့တွေးမိသောအခါ စုရှီ၏ နားရွက်များသည် ပူလောင်လာပြီး သူမ၏ ငုံ့ထားသော အကြည့်သည် တည်ငြိမ် အေးဆေးသောပုံစံဖြင့် မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားရင်း လျှောက်ကြည့်နေမိသည်။

မမျှော်လင့်ဘဲ သူမသည် ထိုအမျိုးသား၏ ဘေးတွင်ချထားသော လက်ကို လက်သီးဆုပ်ထားပြီး လက်ဆစ်များ ဖြူဖွေးနေသည်ကို မြင်လိုက်ရသည်။

'သူလည်း စိတ်လှုပ်ရှားနေတာလား။'

ဤသို့ သဘောပေါက်လိုက်သောအခါ စုရှီသည် ရုတ်တရက် စိတ်လှုပ်ရှားမှု လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။ သူမသည် သူမ၏ နူးညံ့ပြီး သွယ်လျသော လက်ကို ဆန့်တန်းကာ ထိုအမျိုးသား၏ ဆုပ်ထားသော လက်သီးကို ညင်သာစွာ ထိလိုက်သည်။

သူ့လက်သည် အနည်းငယ် တုန်ခါသွားစဉ် စုရှီသည် သူမ၏ အခြားလက်ကို ဆန့်တန်းကာ သူ၏ သန်မာပြီး အားကောင်းသော လက်ကို တင်းကျပ်စွာ ဆုပ်ထားခြင်းမှ ဖြည်းညင်းစွာ လွှတ်ပေးပြီးနောက် သူတို့၏ လက်ချောင်းများကို ယှက်သွယ်လိုက်သည်။

ထိုအမျိုးသားသည် ချက်ချင်း သူမလက်ကို တင်းကျပ်စွာ ပြန်ဆုပ်ကိုင်လိုက်ရာ သူ့လက်သည် ကြီးမားပြီး နွေးထွေးကာ အသားမာများဖြင့် ကြမ်းတမ်းနေပြီး သူမ၏ လက်လေးကို လုံးဝဖုံးအုပ်သွားခ‌ေြ့သည်။

စုရှီသည် ညင်သာစွာ ပြုံးလိုက်ပြီး သူတို့၏ လက်ချင်းတွဲထားသည့် ခံစားချက်ကို နှစ်သက်နေသည်။ သူမသည် ဆော့ကစားသည့်ဟန်ဖြင့် နှုတ်ခမ်းစူကာ သူတို့၏ ယှက်သွယ်ထားသော လက်များကို ညင်သာစွာ လှုပ်ခါလိုက်ပြီးနောက် မော့ကြည့်လိုက်ရာ သူမ၏ မျက်နှာသည် ရှက်သွေးဖြင့် နီမြန်းနေသေးသော်လည်း သူမ၏ အသံသည် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ “ဟုတ်”

ရှဲ့ကျန်း၏ မျက်ခုံးများသည် ပြေလျော့သွားပြီး သူသည် အသံထွက်၍ ရယ်မောမိသည်။ သူ့နှလုံးသားအောက်ခြေမှ တိုးထွက်လာသော ပျော်ရွှင်မှုသည် သူ့ကိုယ်သူ ထိန်းချုပ်ရန် ခက်ခဲစေပြီး သူ့ လက်ကို ဆန့်ကာ သေးငယ်သော မိန်းကလေးကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး မျက်လုံးမှိတ်ကာ ကျေနပ်စွာ သက်ပြင်းချလိုက်သည်။

……………………

C မြို့သည် ဟုန်ကျွင်း ကျွန်းနှင့် အနီးဆုံး မြို့ပြဧရိယာဖြစ်သည်။

စုရှီသည် ရှီးလင်းလင်းနှင့်အတူ တစ်ခေါက်ရောက်ဖူးပြီး တစ်လကြာပြီးနောက် C မြို့တွင် များစွာပြောင်းလဲမှုမရှိပေ။

လမ်းသွားလမ်းလာ အနည်းငယ်သာရှိပြီး ကလေးအနည်းငယ်သာ ကစားပြေးလွှားနေကြသည်။

စုရှီသည် သူမဘေးရှိ ချစ်သူအသစ်ကို ကြည့်ကာ မေးလိုက်သည်။

“ကျွန်မတို့ ဘယ်သွားကြမှာလဲ။”

“စောပါသေးတယ်၊ ကုန်တိုက်ကို အရင်သွားကြမလား။”

တကယ်တော့ ရှဲ့ကျန်းသည် ချိန်းတွေ့ချိန်တွင် စုံတွဲများ ဘာလုပ်သင့်သည်ကို နားမလည်ပေ။ သူသည် မနေ့ညကမှ သူ၏ အိမ်ထောင်ကျပြီးသား သူငယ်ချင်း ဖုရှောင် ကို အလျင်အမြန် ဖုန်းဆက်တိုင်ပင်ခဲ့ရသည်။

ရက်စက်စွာ လှောင်ပြောင်ခံရပြီးနောက် သူသည် အိမ်ထောင်သည် အမျိုးသားထံမှ ကုန်တိုက်တွင် ဈေးဝယ်ထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း သို့မဟုတ် ပန်းခြံသို့ သွားခြင်းစသည့် အကြံဉာဏ်အချို့ကို ရရှိခဲ့သည်။

သူ ပန်းခြံသို့သွားမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ အကြောင်းမှာ သြဂုတ်လဖြစ်သောကြောင့် နေရောင်အောက်တွင် အလွန်ပူပြီး သူမ၏ ဖြူဖွေးသောအသားအရေသည် နူးညံ့သည်။ သူက သူမကို နေပူထဲမထားချင်ပေ။

တကယ်တမ်း ပန်းခြံသွားရမည်ဆိုလျှင် ကျွန်းပေါ်ရှိ တောအုပ်များကို စူးစမ်းလေ့လာရန် ခေါ်သွားလျှင်တောင်မှ နေပူဒဏ်မခံရဘဲ တောကောင်အချို့ကိုလည်း အပျော် အမဲလိုက်နိုင်မည် မဟုတ်လား။

စုရှီသည် သူမ၏ အိတ်ကပ်ထဲတွင် အစ်ကိုပေးထားသော အထည်ကူပွန်အချို့ ရှိသောကြောင့် သဘောတူလိုက်သည်။

သူတို့ ကုန်တိုက်သို့ ရောက်သောအခါ အတွင်းတွင် လူသိပ်မရှိတော့ပေ။ ယခုခေတ်တွင် လူများသည် နောက်ကျမှ ထွက်ခြင်းထက် စောစောထွက်ခြင်းကို အလေ့အကျင့်ရှိကြသည်။

ကုန်ပစ္စည်းများ များများစားစား မကျန်တော့ဘဲ ပစ္စည်းကောင်းများကို စောစောလာသူများက ရွေးချယ်သွားကြပြီဖြစ်သည်။

စုရှီသည် သူမကောင်လေးကို အထည်ရောင်းသည့် ကောင်တာသို့ ဆွဲခေါ်သွားခဲ့သည်။ သူမသည် အဝတ်အစား ချုပ်တတ်သူ မဟုတ်ပေ။ အိမ်ရှိ အဝတ်အစားများအားလုံးကို သူမ၏ အဘွားက ချုပ်ပေးသည်။ သူမ၏ မိသားစုဝင်အားလုံး စစ်ဝတ်စုံဝတ်ဆင်သောကြောင့် သူတို့တွင် အထည်ကူပွန်အများအပြား စုမိနေသည်။

စုရှီသည် မှန်ဗီရိုထဲတွင် ကျန်ရှိနေသော အထည်စအနည်းငယ်ကို ကြည့်လိုက်ရာ အနက်ရောင်၊ နက်ပြာရောင်နှင့် စစ်စိမ်းရောင်တစ်စတို့ ဖြစ်သည်။

ဤအရောင်များသည် ဤခေတ်၏ အဓိကအရောင်များဖြစ်သည်။

အခြားရွေးချယ်စရာမရှိသောကြောင့် စုရှီသည် အမျိုးအစားတစ်ခုစီမှ လေးပေစီ တောင်းလိုက်သည်။ ငွေရှင်းချိန်တွင် ရှဲ့ကျန်းသည် ငွေရှင်းကောင်တာဝန်ထမ်းထံသို့ ပိုက်ဆံကို ကြိုတင်ပေးလိုက်သည်။

စုရှီသည် အံ့အားသင့်သွားပြီး ငြင်းဆန်ရန် အလိုလိုကြိုးစားလိုက်သော်လည်း ထိုအမျိုးသားသည် သူမခေါင်းကို ညင်သာစွာပုတ်ကာ ပြောလိုက်သည်။ “ကိုယ်က မင်းရဲ့လက်တွဲဖော်လေ။”

သူ့လေသံထဲတွင် သူ့ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။

စုရှီသည် ထိုအမျိုးသား၏ ကလေးဆန်မှုကို သဘောကျကာ နှုတ်ခမ်းစူလိုက်သည်။

သူမသည် ငြင်းဆန်ခြင်းမပြုဘဲ သူမ၏ အထည်ကူပွန်များကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူမအဘွားဆီမှ အဝတ်ချုပ်နည်းသင်ကာ သူမချစ်သူအတွက် တစ်စုံချုပ်ပေးရန် စဉ်းစားလိုက်သည်။

သူ သေချာပေါက် ပိုပျော်သွားမယ် မဟုတ်လား? သူမ သူ့ကို ပျော်ရွှင်စေချင်သည်။

အထည်ဝယ်ပြီးနောက် ထိုအမျိုးသားသည် စုရှီကို အစားအသောက်နေရာသို့ ခေါ်သွားပြီး မုန့်များ၊ သကြားလုံးများနှင့် နို့မှုန့်အပါအဝင် မုန့်ပဲသရေစာများစွာ ဝယ်ပေးခဲ့သည်။

ထို့နောက် သူသည် စုရှီကို နာရီကြည့်ရန် ဒုတိယထပ်သို့ ခေါ်သွားသည်။ စုရှီသည် သူမ၏ လက်ကောက်ဝတ်ကို မြှောက်ကာ နာရီကိုကြည့်ရင်း အရာအားလုံးကို ဝယ်ပေးချင်နေသော ရှဲ့ကျန်းကို ပြောလိုက်သည်။

“ကျွန်မမှာ နာရီရှိပြီးသား၊ ပြီးတော့ ဒီပုံစံကိုလည်း မကြိုက်ဘူး။”

ရှဲ့ကျန်းသည် ကောင်တာပေါ်ရှိ နာရီများကို သေချာကြည့်လိုက်သည်။ C မြို့သည် မြို့ငယ်လေးဖြစ်ပြီး ဒီမှ နာရီပုံစံများသည် J မြို့ သို့မဟုတ် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများရှိ ပုံစံများနှင့် မယှဉ်နိုင်ပေ။

ဤနေရာတွင် အမျိုးသမီးနာရီ သုံးလုံးသာရှိပြီး တစ်လုံးမှ မိန်းကလေး၏ လက်ကောက်ဝတ်ရှိ နာရီလောက် မလှပေ။

သူသည် သူ့လက်တွဲဖော်နှင့် သဘောတူကြောင်း ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

“ဟုတ်တယ်၊ သိပ်မလှဘူးပဲ။”

ထို့နောက် ငွေရှင်းကောင်တာဝန်ထမ်း၏ တိတ်ဆိတ်သော်လည်း မကျေမနပ်ဖြစ်နေသော အကြည့်အောက်တွင် ရှဲ့ကျန်းသည် သူ့လက်တွဲဖော်၏ လက်ကိုကိုင်ကာ ဆိုင်ထဲမှ ထွက်ခွာသွားသည်။

သူပြန်ရောက်လျှင် သူ့အမေကို ဖုန်းဆက်ပြီး J မြို့မှ လှပသောနာရီတစ်လုံးကို ရွေးချယ်ကာ ပို့ပေးရန် အကူအညီတောင်းမည်ဟု စိတ်ထဲတွင် တွေးလိုက်သည်။ သူသည် သူမအတွက် လက်ဆောင်ဝယ်ပေးရန် အလေးအနက်ထားသည်။

သူတို့ အောက်ထပ်သို့ ရောက်ပြီးနောက် စုရှီသည် လက်နှစ်ဖက်တွင် အိတ်များဖြင့် ပြည့်နေသော ရှဲ့ကျန်းကို ကြည့်ကာ မေးလိုက်သည်။

“ဒီပစ္စည်းတွေအားလုံးနဲ့ဆိုရင် ကျွန်မတို့ တခြားဘယ်ကိုမှ သွားလို့မရတော့ဘူး မဟုတ်လား။”

ရှဲ့ကျန်း ခပ်ရေးရေးပြုံးလိုက်သည်။ “ကိစ္စမရှိပါဘူး။ ကိုယ်ဒီက မန်နေဂျာနဲ့သိတယ်။ သူ့ဆီမှာ ခဏထားခဲ့ပြီး ဒီနေ့ညနေမပြန်ခင် ပြန်လာယူလို့ရတယ်။”

စုရှီ စပ်စုလိုကသည်။“ရှင် ဒီကလူတွေကိုလည်း သိတာလား။ ရှင် ဒီကိုပြောင်းလာတာ တစ်နှစ်လောက်ပဲ ရှိသေးတာမဟုတ်လား။”

ရှဲ့ကျန်းသည် အိတ်များကို သယ်ကာ ရှေ့မှလျှောက်သွားပြီး စုရှီကို ကူညီခွင့်မပေးပေ။ သူသည် မိန်းကလေး ပျောက်သွားမည်စိုး၍ အခါအားလျော်စွာ လှည့်ကြည့်နေသည်။

“ဟုတ်တယ်၊ သူက ကိုယ်တို့ကျွန်းကနေ ဒီကိုပြောင်းလာတဲ့ တပ်ခွဲမှူးတစ်ယောက်ပဲ။ ကိုယ်တို့ အတူတူအလုပ်လုပ်ဖူးတယ်၊ သူက လူကောင်းတစ်ယောက်ပါ။”

စုရှီသည် ရှေ့မှဦးဆောင်လျှောက်နေကာ ပစ္စည်းများစွာ သယ်ဆောင်ထားပြီး သူမကို ကာကွယ်ရမည့် အရုပ်ကလေးတစ်ရုပ်ကဲ့သို့ အခါအားလျော်စွာ လှည့်ကြည့်နေသော ထိုအမျိုးသားကို ကြည့်လိုက်သည်။

ပြီးခဲ့သည့်နှစ်က သူသည် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ပြီးသားဖြစ်သည်။

သူမ၏ နှလုံးသားထဲတွင် နူးညံ့သွားပြီး သူမသည် မပျက်စီးလွယ်ကြောင်းနှင့် ပျောက်သွားမည်မဟုတ်ကြောင်း ရှဲ့ကျန်းကို ပြောပြချင်မိသည်။

သို့သော်လည်း ချစ်သူ၏ ဂရုစိုက်မှုကို ခံရသည့် ခံစားချက်သည် မိသားစု၏ ဂရုစိုက်မှုနှင့် ကွဲပြားသည်။

သူမသည် ထိုခံစားချက်ကိုလည်း တော်တော်လေး သဘောကျသည်။

စုရှီသည် သူမ၏ ပန်းနုရောင်နှုတ်ခမ်းများကို စူလိုက်ပြီး သူမ၏ ဖြူဖွေးသောလက်ကို မြှောက်ကာ ထိုအမျိုးသား နောက်တစ်ကြိမ်မလှည့်မီ သူ့အင်္ကျီကို ဆွဲကိုင်လိုက်သည်။

ထိုအမျိုးသား၏ ကိုယ်သည် ချက်ချင်း တောင့်တင်းသွားပြီး စုရှီသည် ညင်သာစွာ ပြောလိုက်သည်။ “ဒီလိုဆို… ရှင်စိတ်အေးရတယ် မဟုတ်လား။ ကျွန်မ… ကျွန်မ ပျောက်မသွားပါဘူး။”

ရှဲ့ကျန်းသည် နောက်မလှည့်ခဲ့ဘဲ သူ့နားရွက်များသည်လည်း ထိန်းမနိုင်သိမ်းမရ ပူတက်လာခဲ့သည်။ ခဏအကြာတွင် သူ ညင်သာစွာ ရယ်မောလိုက်သည်။

“အင်း၊ အခုတော့ ကိုယ် စိတ်ချနိုင်ပြီ။”

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၃၄

ကုန်တိုက်မှ ထွက်လာပြီးနောက် သူတို့နှစ်ဦးစလုံး လက်ဗလာဖြစ်နေကြပြီ ဖြစ်သည်။

စုရှီသည် သူမ၏ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ခေါင်းလေးစောင်းကာ ထိုယောက်ျားကို ပြုံး၍ကြည့်လိုက်သည်။ သူမက နောက်ပြန်စနောက်သလို လျှောက်လိုက်ရင်း ပြောလိုက်သည်။

“ရှင့်ရဲ့ ရဲဘော်ရဲဘက်နဲ့ တွေ့ရတာ ရှားရဲ့သားနဲ့၊ ဘာလို့နေပြီး စကားမပြောတာလဲ? ကျွန်မအတွက် အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့နှစ်ယောက်လုံးက ကျွန်းပေါ်မှာပဲလေ၊ ဘယ်အချိန်တွေ့တွေ့ ရတာပဲ။”

ရှဲ့ကျန်းက သူအရင်ကပြလေ့ရှိသော အေးစက်မှုတို့နှင့် အလှမ်းဝေးစွာ ပြုံးလိုက်သည်။

“ဒီနေ့က ကိုယ်တို့ရဲ့ ပထမဆုံးချိန်းတွေ့မှုလေ၊ ဘယ်သူ့ရဲ့နှောင့်ယှက်မှုကိုမှ မလိုချင်ဘူး။”

ဤသည်ကိုကြားသောအခါ စုရှီသည် သူမအပြုံးကို ထိန်းချုပ်လိုက်ပြီး ထိုယောက်ျားကို အံ့ဩတကြီးကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် လက်လှမ်းကာ ထိုယောက်ျား၏ လက်ဖဝါးကြီးကို ဆုပ်ကိုင်လိုက်သည်။

သူမ၏ နူးညံ့သောမျက်နှာလေးပေါ်တွင် တောက်ပသော အပြုံးတစ်ခု ထပ်ပေါ်လာပြီး သန့်ရှင်းစင်ကြယ်ကာ ပန်းတစ်ပွင့်ထက်ပင် အမှန်တကယ် ပို၍လှပနေခဲ့သည်။

နောက်တော့ ရှဲ့ကျန်းသည် စုရှီကို လမ်းကြားလေးထဲသို့ တမင်တကာပင် ဦးဆောင်ခေါ်သွားသည်။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည့်အခါတိုင်း သူတို့နှစ်ယောက် လက်ချင်းတွဲထားကြပြီး တစ်စုံတစ်ယောက်နှင့် တွေ့လျှင်မူ နားလည်မှုဖြင့် လက်လွှတ်လိုက်ကြသည်။

ဤအပြုအမူကို မပင်ပန်းဘဲ အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါပြုလုပ်ခဲ့ကြသော်လည်း ထိုသို့ပြုလုပ်ရသည်ကို သူတို့နှစ်ဦး နှစ်ခြိုက်နေကြသည်။

“ကျွန်မတို့ အခု ဘယ်သွားကြမှာလဲ?"

ယောက်ျားတစ်ယောက်၏ လက်မောင်းကို အားပြုရင်း စုရှီသည် မြင့်သော လှေကားထစ်တစ်ခုပေါ်သို့ ခုန်တက်ကာ ယိုင်နဲ့နဲ့ လျှောက်လိုက်သည်။

ရှဲ့ကျန်းသည် သူ့နှုတ်ခမ်းပေါ်တွင် အလိုလိုက်သောအပြုံးတစ်ခုဖြင့် သူ့နာရီကို ကြည့်လိုက်သည်။ မနက် ၁၀ နာရီ ၄၅ မိနစ်သာ ရှိသေးသည်၊ နေ့လယ်စာအတွက် စောလွန်းနေပြီး ရုပ်ရှင်သွားကြည့်လျှင်လည်း အချိန်ကြာလွန်းမည်ဖြစ်သည်။

ခဏတာစဉ်းစားပြီးနောက် သူက သူ့လက်ကိုဆန့်ကာ သူ့မိန်းကလေး၏ ခါးကို ဖက်လိုက်ပြီး စုရှီ၏ အနည်းငယ် အလန့်တကြား အော်သံလေးကြားထဲတွင် သူမကို လက်တစ်ဖက်တည်းဖြင့် လွယ်ကူစွာ မလိုက်သည်။ သူက ထိုမိန်းကလေး၏ သွယ်လျသောခါးပေါ်တွင် တင်ထားသောလက်ကို မလွှတ်ဘဲ ကိုယ်ကိုကိုင်းလိုက်ပြီး ပြောလိုက်သည်။

“ကိတ်မုန့် သွားဝယ်ရအောင်။”

ထိုအခိုက်အတန့်တွင် စုရှီသည် သူမ၏ ခါးနှင့် ဝမ်းဗိုက်တွင် နွေးထွေးသော ခံစားမှုတစ်ခု တက်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ နားရွက်များလည်း ပူတက်လာသလို ခံစားလိုက်ရသည်။

သူမ ခေါင်းမဖော်ဝံ့သော်လည်း သူမ၏ ဖြူဥသောလက်ကို သူမခါးပေါ်ရှိ နေလောင်ထားသော ထိုယောက်ျား၏ လက်ပေါ်သို့ ညင်သာစွာတင်လိုက်ပြီး နူးညံ့သောအသံဖြင့် မေးလိုက်သည်။

“ဘယ်သူ့မွေးနေ့ ကျင်းပမှာမို့လို့လဲ?"

သူမက သူ့နီးကပ်မှုကို မငြင်းဆန်သည်ကို တွေ့သောအခါ ရှဲ့ကျန်း၏ မျက်လုံးများသည် ယစ်မူးဖွယ်ကောင်းသော ချစ်ခင်မြတ်နိုးမှုများဖြင့် တောက်ပသွားသည်။ သူက အခွင့်အရေးကို အရယူပြီး သူမကို သူ့ရင်ခွင်ထဲသို့ ပိုနီးကပ်အောင် ဆွဲသွင်းလိုက်သည်။

“ဘယ်သူ့မွေးနေ့မှ မဟုတ်ဘူး၊ ကိုယ့်ရဲ့ ကောင်မလေး စားဖို့အတွက် ဝယ်ပေးတာ။”

စုရှီ အံ့အားသင့်သွားပြီး "ကောင်မလေး" ဆိုသည်မှာ သူမကိုယ်သူမ ရည်ညွှန်းမှန်း ထိုအခါမှ သဘောပေါက်သွားသည်။ သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကျွန်မက အဲ့လောက် လောဘမကြီးပါဘူး။”

ရှဲ့ကျန်းက ဖွဖွလေးရယ်လိုက်ပြီး နိမ့်ရှစွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။ “အင်း... ဒါပေမဲ့ ကိုယ်က ဝယ်ပေးချင်လို့။”

“အဟမ်း၊ ဒါဆို… သွားကြရအောင်။”စုရှီသည် ထိုယောက်ျား၏ ရင်ခွင်ထဲမှ ဆုတ်ခွာလိုက်ပြီး အနည်းငယ်ရှက်သွားသဖြင့် အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။

ရှဲ့ကျန်းက ထိုမိန်းကလေး၏ လက်ကိုဆွဲကာ သူ့ရဲဘော်ပြောခဲ့သော နေရာသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

ခဏအကြာတွင် လမ်းကြားထဲမှ ထိုမိန်းကလေး၏ နောက်ကျသော စုံစမ်းမေးမြန်းသံ ထွက်ပေါ်လာသည်။

“အခုချိန်မှာ ကိတ်မုန့်က တကယ်ဝယ်လို့ရလို့လား?"

ရှဲ့ကျန်း - “ရှူး!”

စုရှီ နားလည်သွားသည်၊ ဒါသည် ပေါ်ပေါ်ထင်ထင် ဝယ်ယူနိုင်သော အမျိုးအစားမဟုတ်ပေ။

ကိတ်မုန့်ရရန် နှစ်နာရီကြာမည်ဖြစ်သည်။ ရှဲ့ကျန်းက စရံငွေပေးချေပြီးနောက် စုရှီကို နိုင်ငံပိုင် စားသောက်ဆိုင်တစ်ခုသို့ နေ့လယ်စာအတွက် ခေါ်သွားသည်။

စုရှီနှင့် ရှဲ့ကျန်းတို့ လက်ချင်းတွဲကာ နိုင်ငံပိုင်စားသောက်ဆိုင်သို့ လမ်းလျှောက်နေစဉ် အဝေးမှ စူးရှသော အကူအညီတောင်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ရှင် လူယုတ်မာ!” စုရှီနှင့် ရှဲ့ကျန်းတို့၏ မျက်နှာအမူအရာများ တင်းမာသွားသည်။ သူတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဘာမှမပြောဘဲ အသံလာရာဘက်သို့ အလိုအလျောက် ပြေးသွားကြသည်။

အသံထွက်ပေါ်လာသည့်နေရာသည် စုရှီနှင့် ရှဲ့ကျန်းတို့ရှိနေခဲ့သော နေရာနှင့် မဝေးလှသောကြောင့် သူတို့နှစ်ဦး အခင်းဖြစ်ပွားရာသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ထိုသူမှာ လွန်ခဲ့သောတစ်လကျော်က ကျွန်းသို့ရောက်ရှိလာစဉ် စုရှီနှင့်အတူတူ လှေတစ်စီးတည်း စီးလာခဲ့သော မိန့်လီ ဖြစ်နေသည်။

အဘွား ချန်သည် နောက်ပိုင်းတွင် မိန့်လီ အကြောင်း အကြိမ်အနည်းငယ်ပြောဖူးပြီး သူမသည် လူနေရပ်ကွက်တွင် အတော်အတန် ကျော်ကြားလာခဲ့သည်။

မိန့်လီသည် ဒုတပ်ခွဲမှူး မိန့်နှင့် သူ့ဇနီးအတွက် ဒုက္ခများစွာကို သူမတစ်ယောက်တည်းဖြင့်ပင် ဖြစ်ပွားစေခဲ့သည်ဟု ဆိုကြသည်။

မိန့်လီသည် သူတို့၏ တံခါးရှေ့တွင် မျက်ရည်များစီးကျကာ ထိုင်နေတတ်ပြီး သူမအတွက် မည်မျှခက်ခဲကြောင်း၊ အစားအသောက်နှင့် အဝတ်အထည်များ မည်သို့ပြင်ဆင်ပေးရကြောင်း၊ သူမအစ်ကိုက ဂရုမစိုက်ကြောင်း စသည်ဖြင့် ငိုယိုပြောဆိုလေ့ရှိသည်။ သူမသည် ကြာပန်းဖြူတစ်ပွင့်နှင့် တူသည်။

အစပိုင်းတွင် အချို့လူများက သူမကို ယုံကြည်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဒုတပ်ခွဲမှူးမိန့်၏ မိသားစုနှင့် ရင်းနှီးသော သူမ၏ ယောက်မက အမှန်တရားကို ဖွင့်ချလိုက်သောအခါ လူတိုင်းသိသွားကြသည်။

ဤမိန်းကလေး (မိန့်လီ) သည် သူမ၏ ကိုယ်ဝန်ဆောင် ယောက်မကို အမှန်တကယ် ဂရုမစိုက်သည့်အပြင် အဆိုးဆုံးမှာ သူမ၏ ယောက်မ ခန္ဓာကိုယ်အတွက် အားရှိအောင်စားရမည့် အစားအစာများကိုပင် လုစားနေခြင်းဖြစ်သည်။

လူနေရပ်ကွက်တွင် အခြားသော ကောလာဟလများစွာ ပျံ့နှံ့နေသေးပြီး စုရှီ အားလုံးကို မမှတ်မိတော့ပေ။ သို့သော် လှေပေါ်တွင် ခဏတာတွေ့ဆုံခဲ့မှုကို အခြေခံ၍ ဤမိန်းကလေးအပေါ် စုရှီ၏ အထင်အမြင်မှာ မကောင်းမွန်ပေ။

ထို့ကြောင့် ဤအချိန်တွင် မိန့်လီသည် လမ်းပေါ်တွင် သပ်ရပ်စွာဝတ်ဆင်ထားသော လူငယ်တစ်ဦးကို ဆွဲထားနေစဉ် စုရှီ ချက်ချင်းရှေ့မတိုးဘဲ ရှဲ့ကျန်းကို ဘေးသို့ဆွဲကာ စောင့်ကြည့်နေလိုက်သည်။

ရှဲ့ကျန်းသည် သူ့ချစ်သူက အဘယ်ကြောင့် ဤသို့ပြုမူသည်ကို မသိသော်လည်း သူက စုရှီကို ခြွင်းချက်မရှိ ယုံကြည်သည်။ သူက လိုလားစွာဖြင့် လူအုပ်ထဲသို့ နောက်ပြန်ဆုတ်လိုက်သည်။ သူ မေးခွန်းအနည်းငယ်မေးမည်ပြုစဉ်မှာပင် မိန့်လီက အော်ဟစ်ငိုယိုတော့သည်။

“အားလုံးပဲ ကျွန်မကို ကူညီကြပါဦး။ ဝူး... ကျွန်မက အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်ပါ၊ လမ်းပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်နေတာကို ဒီလူက ရုတ်တရက်ထွက်လာပြီး ကျွန်မကို ကိုင်တယ်... သူ ကျွန်မကို ကိုင်တယ်... ဝူး... ကျွန်မ အသက်မရှင်ချင်တော့ဘူး... ဝူး...”

ဆက်မပြောနိုင်တော့သည့်အလား မိန့်လီသည် သူမ၏ မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင်ငိုကြွေးလိုက်ပြီး သူမဘေးရှိ သပ်ရပ်စွာဝတ်ဆင်ထားသော လူငယ်၏ အဝတ်အစားများကိုမူ တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

ဆွဲထားခံနေရသော ထိုယောက်ျားသည် ဘေးတွင်လဲနေသော စက်ဘီးကို ဂရုမစိုက်နိုင်တော့ဘဲ သူ၏နူးညံ့သော မျက်နှာသည် ယခုအခါ ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူက ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် လျှောကျသွားသော သူ့မျက်မှန်ကို အပေါ်သို့ပြန်ပင့်တင်လိုက်ပြီး သူ၏ ဖြူဖျော့သောမျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အမူအရာဖြင့် ရှင်းလင်းစွာ စတင်ပြောလိုက်သည်။

“အဒေါ်ကြီး ခင်ဗျားက ကျွန်တော့်ကို မျက်စိကန်းတယ်လို့ ထင်နေတာလား? ခင်ဗျားရုပ်ရည်နဲ့လေ? ခင်ဗျားက အရမ်းရုပ်ဆိုးလို့ ကျွန်တော် ကြည့်တောင်မကြည့်နိုင်ဘူး၊ အခု ခင်ဗျားက ကျွန်တော် ခင်ဗျားကို ကိုင်လိမ့်မယ်လို့ ထင်နေတာလား? ကျွန်တော် ခင်ဗျားကို စောစောက ကုန်တိုက်ထဲမှာ တွေ့တယ်။ ခင်ဗျားက ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာ၊ သိသာနေတာပဲ.. ခင်ဗျားက ချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို ဖမ်းဖို့ကြိုးစားနေတာ။ အခုရော ဘယ်လိုလဲ? ကျွန်တော်က ခင်ဗျားရွေးလိုက်တဲ့ ကံဆိုးတဲ့လူလား?"

ဤစကားများပြောပြီးသည်နှင့် မူလက သူ့ကိုစွပ်စွဲနေသော ပတ်ဝန်းကျင်မှလူများသည် စတင်ယိမ်းယိုင်သွားကြသည်။ သူတို့က မိန့်လီကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

အမှန်တကယ်တွင် ထိုကဲ့သို့သောလူများ ရှိခဲ့သည်။ လွန်ခဲ့သောနှစ်နှစ်က သူတို့လမ်းပေါ်မှာပင် ဖြစ်ပျက်ခဲ့သည်။ တစ်စုံတစ်ယောက်က ချမ်းသာသော မိသားစုထဲသို့ အတင်းအကျပ် လက်ထပ် ဝင်ရောက်သွားသည် မဟုတ်ပါလား? ယခု သူတို့သည် နေ့စဉ်နှင့်အမျှ ရန်ဖြစ်နေကြသည် သို့မဟုတ် ငြင်းခုံနေကြသည်။

မိန့်လီတွင် မကောင်းသော ရည်ရွယ်ချက်ရှိသည်ကို မြင်သောအခါ ပတ်ဝန်းကျင်မှလူများ စတင်တီးတိုးပြောဆိုကြသည်။

“ဒီလူငယ်လေးပြောတာ တကယ်ဟုတ်လား?"

“ဟေး၊ ဒီလူငယ်လေးက ရုပ်ချောပြီး ဝတ်စားထားတာလည်း သပ်ရပ်တယ်၊ စက်ဘီးတောင်ရှိသေးတယ်။ ဒီလောက်ကောင်းတဲ့ အခြေအနေတွေနဲ့ သူ ဘယ်လိုမိန်းကလေးမျိုးကို လက်မထပ်နိုင်ရမှာလဲ?"

“ကျွတ်စ် ကျွတ်စ်… ငါလည်း ဒီလူငယ်လေးကိုပဲ ယုံတယ်။ ဒီမိန်းကလေးက ကြည့်လို့တောင် မကောင်းဘူး။ ငါသာဆိုရင် စိတ်ဝင်စားမှာမဟုတ်ဘူး။”

“သူက တကယ်ပဲ အဲ့လောက်ရုပ်ဆိုးတာလား?"

“အေး၊ သူက တော်တော်ရုပ်ဆိုးတယ်။ သူ အခု မျက်နှာကို အုပ်ထားတာ ကြည့်စမ်း၊ သူ့လက်အကြီးကြီးတွေနဲ့တောင် သူ့မျက်နှာတစ်ခြမ်းကို ဖုံးလို့မရဘူး။ သူ့မျက်နှာက ဘယ်လောက်တောင် ကြီးနေလို့လဲ?"

“……”

ထိုလူငယ်၏ စကားအနည်းငယ်ကြောင့် လူအုပ်၏ သဘောထား ပြောင်းလဲသွားသည်။ မိန့်လီသည် ဒေါသဖြင့် တုန်ယင်နေပြီး မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။ သူမ အသက် ၂၂ နှစ်သာ ရှိသေးသည်။ သူမကို "အဒေါ်ကြီး" ဟု ခေါ်သည်တဲ့လား? ပြီးတော့ သူမ ဘယ်လိုလုပ် ရုပ်ဆိုးနိုင်မှာလဲ? ဒီလူတွေ မျက်စိကန်းနေကြသလား?

သူမ ရုပ်မဆိုးကြောင်း သက်သေပြရန် သူမသည် မျက်နှာပေါ်မှ လက်များကို ဖယ်လိုက်ပြီး ထိုလူငယ်ကို သနားစရာကောင်းပြီး စွဲလမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော် ဤအချိန်တွင် သူမသည် သားကောင်ဖြစ်သင့်ပြီး ထိုကဲ့သို့သော အမူအရာမျိုး မရှိသင့်ကြောင်းနှင့် အဆိုးဆုံးမှာ မျက်ရည်တစ်စက်မှ မကျသည်ကို သူမ မေ့လျော့နေခဲ့သည်။

ယခုအခါ မည်သူမှန်ပြီး မည်သူမှားသည်မှာ ရှင်းလင်းသွားပြီဖြစ်သည်။

လူအုပ်ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက မိန့်လီကို မထီမဲ့မြင်ဟန်ဖြင့် လက်ညှိုးထိုးလိုက်သည်။

“ရှက်တောင်မရှက်ဘူး။ နင်က အဲ့လောက်တောင် အိမ်ထောင်ကျချင်နေတာလား? လမ်းပေါ်က ဘယ်ယောက်ျားဖြစ်ဖြစ် လိုက်ဖမ်းနေထဲအထိလား? အမယ်လေး ဒါက အပြစ်ကျူးလွန်နေကျ တရားခံပဲမဟုတ်ဘူးလား?”

အခြားအဒေါ်ကြီးတစ်ဦးက သူမ၏ ပါးစပ်ကို ပုတ်ကာ သဘောတူလိုက်သည်။

“ဒီမိန်းကလေးက ရုပ်မချောဘူး၊ သူက သူကိုယ်တိုင် ရုပ်ဆိုးပြီး အိမ်ထောင်မကျနိုင်မှန်းသိလို့ ဒီလောက် ရမ်းကားနေတာဖြစ်မယ်။”

“ဝိုး၊ အန်တီ ဟွား အန်တီပြောတာ အရမ်းတိကျတာပဲ။ စကားပုံတွေတောင် သုံးတတ်သေးတယ်။”

လူအုပ်ထဲမှ အသက်ငါးဆယ်၊ ခြောက်ဆယ်အရွယ်ရှိ ပိန်လှီပြီး မျက်နှာတွင် တင်းတိပ်များပြည့်နေသော အဘိုးကြီးတစ်ဦးက သူ၏ ဝါကျင့်ကျင့်သွားများကို ဖော်ကာ ကာမစိတ်ဖြင့် ပြုံးလိုက်သည်။

“ဟားဟား… မမလေး၊ ခင်ပွန်းမရှာနိုင်ရင် ကျုပ်ကိုယူလိုက်။ ခင်ဗျား အပျိုကြီးဖြစ်ဖြစ်၊ ရုပ်ဆိုးဆိုးဖြစ်ဖြစ် ကျုပ်စိတ်မဝင်စားဘူး။ ကျုပ်တို့ ဒီနေ့ပဲ မင်္ဂလာဦးည ကျင်းပလို့ရတယ်...”

ဤစကားများ ထွက်လာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တွင် ရယ်သံများဖြင့် ပြည့်နှက်သွားသည်။

မိန့်လီ၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။ ယနေ့ သူမအမှားလုပ်မိမှန်းသိသောကြောင့် သူမ အော်ဟစ်လိုက်ပြီး မျက်နှာကိုအုပ်ကာ ခေါင်းငုံ့ပြီး အရင်ထွက်သွားရန် ကြိုးစားလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ရုပ်ချောသော ထိုလူငယ်က မိန့်လီ၏ အိတ်ကို လှမ်းဆွဲလိုက်သည်။ သူက မထီမဲ့မြင်ဖြင့် ပြောလိုက်သည်။ “ဘာလဲ? ခင်ဗျား ကျွန်တော့်ကို မဟုတ်မမှန် စွပ်စွဲပြီးတော့ ဒီအတိုင်း လွယ်လွယ်လေး ထွက်သွားလို့ရမယ်ထင်နေတာလား?”

မိန့်လီက အံကြိတ်လိုက်သည်။ “ရှင် ဘာလိုချင်တာလဲ?”

' ဒီလူ မျက်စိကန်းနေတာလား? သူမလို လှပတဲ့ မိန်းမတစ်ယောက် သူ့တံခါးဝကို အရောက်လာပို့ပေးနေတာတောင် သူက ဒီလိုမျိုး သဘောထားနဲ့ ဆက်ဆံနေသေးတယ်။ သူက သူမကို လက်ထပ်ရမှာကို ဝမ်းသာနေရမှာ မဟုတ်ဘူးလား? ငါ ချမ်းသာတဲ့မိသားစုထဲ လက်ထပ်ဝင်ရောက်ပြီးရင် ပြန်လာပြီး လက်စားချေမယ်။'

ထိုယောက်ျားက မဆိုင်းမတွပင် ပြောလိုက်သည်။ “ကျွန်တော့်ကို ယွမ် ၂၀ ပေး။”

“ဘာ? ရှင်က ကျွန်မဆီက ပိုက်ဆံလုချင်နေတာလား? မပေးနိုင်ဘူး။” မိန့်လီက ကြက်တစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။ ‘ငါက ဘာလို့ သူ့ကို ပိုက်ဆံပေးရမှာလဲ?’

ရုပ်ချောသော ထိုလူငယ်က ရက်စက်သူတစ်ယောက်ဖြစ်ပြီး ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆို အခု ရဲစခန်းသွားကြစို့။ ကျွန်တော့်အစ်ကိုက ရဲမှူးကြီးပဲ။ သူ့ကို ခင်ဗျားကို နှောင့်ယှက်မှုနဲ့ တရားစွဲခိုင်းလိုက်မယ်၊ ခင်ဗျား တန်းပြီးတော့ ထောင်ထဲသွားရုံပဲ။”

မိန့်လီသည် ထောင်ချောက်မိနေသော သားရဲတစ်ကောင်ပမာဖြစ်နေပြီး ရဲစခန်းဟု ကြားသည်နှင့် ကြောက်လန့်တောင့်တင်းသွားသည်။ သူမ ထပ်ငိုကြွေးပြန်သည်။ ယခင်ကထက်ပင် ပို၍ကျယ်လောင်စွာငိုပြီး အရာအားလုံးသည် နားလည်မှုလွဲခြင်းသာဖြစ်ကြောင်း၊ ရဲစခန်းသို့လည်း မသွားလို၊ ယွမ် ၂၀ လည်း မပေးလိုကြောင်း ပြောဆိုသည်။

ရုပ်ချောသော ထိုလူငယ်က မဆိုင်းမတွပင် တိုက်ရိုက်အော်ဟစ်လိုက်သည်။

“အားလုံးပဲ၊ ဒီနှာဘူး မိန်းမကို ရဲစခန်းပို့ဖို့ ကျွန်တော့်ကို ကူညီကြပါ။”

မိန့်လီ အော်ဟစ်ပြီး သူမ၏ လက်များကို အသည်းအသန်ယမ်းကာ လွတ်မြောက်ရန် ကြိုးစားရင်း တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ကျွန်မပေးပါ့မယ်၊ ပေးပါ့မယ်၊ ကျွန်မကို ရဲစခန်းမပို့ပါနဲ့... ဝူး... ဒါတွေအားလုံးက နားလည်မှုလွဲတာပါ...”

ပြောပြီးနောက် သူမသည် ရှိုက်ကြီးတငင်ငိုရင်း သူမအမေပေးထားသော ပိုက်ဆံကို ထုတ်လိုက်သည်။ ဈေးဝယ်ထွက်ရင်း သူမ၏ မုန့်ဖိုးအကုန်နီးပါး သုံးပြီးနောက် သူမတွင် ၁၈ ယွမ်သာ ကျန်တော့သည်။

ထိုယောက်ျားက သနားညှာတာမှုမပြဘဲ ပိုက်ဆံကို လုယူပြီး သူ့အတွက် ပထမဆုံးစကားပြောပေးခဲ့သော အမျိုးသမီးဆီသို့ ကမ်းပေးလိုက်သည်။ ထိုယောက်ျားက ပြုံးပြီး ပြောလိုက်သည်။ “အန်တီ၊ စောစောက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပိုက်ဆံကိုယူပြီး မိသားစုနဲ့ ဝေမျှစားဖို့ သကြားလုံးဝယ်လိုက်ပါ။ စောစောက အန်တီတို့ရဲ့ အကူအညီသာ မရခဲ့ရင် ကျွန်တော် ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး။”

ထိုအမျိုးသမီးက ဤသို့သော ကြင်နာမှုကို မမျှော်လင့်ထားပေ။ သူမ ပိုက်ဆံကိုယူပြီး ရယ်မောလိုက်သည်။ “အိုး၊ ငါတို့နေတဲ့ လောကကြီးမှာလည်း ဖြစ်တတ်လိုက်တာ။ ဒါပေမဲ့ လူလေးရယ်၊ မင်းက တကယ်တော်တာပဲ။ ရုပ်လည်းချော၊ စိတ်ထားလည်းဖြောင့်မတ်တယ်။ စိတ်မပူပါနဲ့၊ ဒီအန်တီကြီးက အကုန်လုံးကို တစ်ယောက်တည်း မယူပါဘူး။ ငါတို့အားလုံး ဝေမျှစားကြမှာ။ ဒါနဲ့ လူလေး၊ မင်းက တကယ်ပဲ ရဲမှူးကြီးရဲ့ ညီလား? မင်းမှာ ချစ်သူရှိလား? မရှိသေးရင် ဒီအန်တီကြီးက တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်။”

ထိုလူငယ်က ပြုံးပြီး ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့၊ လောကကြီးမှာ ဒီလိုမိန်းမမျိုးရှိမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ အန်တီက အရမ်းစိတ်ထားကောင်းတာပဲ။ ကျွန်တော်တို့ အန်တီရဲ့ ကြင်နာမှုကို အားလုံးသိအောင် ပြောပြရမယ်။ မဟုတ်ရင် တစ်ယောက်ယောက်က ဒီလိုအခြေအနေမျိုးနဲ့ကြုံပြီး အန်တီတို့လို စိတ်ကောင်းရှိတဲ့သူတွေနဲ့ မတွေ့ခဲ့ရင် ကျွန်တော်ဖြစ်ဖြစ်၊ တခြားသူတွေဖြစ်ဖြစ် ဘယ်လိုလုပ်ကြမလဲ?”

ထိုအမျိုးသမီးက အများအကျိုးအတွက် ကိုယ်ကျိုးမဖက်သော သူတော်ကောင်းတစ်ဦး၏ အမူအရာဖြင့် အားရပါးရ ရယ်မောလိုက်သည်။

“အ!”

မိန့်လီက အခွင့်အရေးကို အရယူပြီး ထွက်ပြေးသွားသော်လည်း ထိတ်လန့်တကြား ဖြစ်နေသောကြောင့် ရုတ်တရက် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ပုံခနဲလဲကျသွားကာ အချိန်အတော်ကြာအောင် ပြန်မထနိုင်တော့ပေ။

ပတ်ဝန်းကျင်မှလူများ ထပ်ရယ်မောကြပြန်သည်။

ထိုပြဇာတ်ကို ကြည့်ရှုခဲ့သော စုရှီသည် မိန့်လီမှာ သိပ်မထက်မြက်ဟု ခံစားမိသည်။ သူမ ရှဲ့ကျန်းဘက်သို့လှည့်ပြီး ပြောလိုက်သည်။ “ကျွန်မတို့ သွားကြမလား?”

ရှဲ့ကျန်းက ခေါင်းညိတ်ပြီး ပြောသည်။ “အင်း။”

ရှဲ့ကျန်းက မိန့်လီကိုမြင်စဉ် စုရှီ၏ တုံ့ပြန်မှုကို သတိရလိုက်သည်။

“မင်း စောစောက မိန်းမကို သိလို့လား?”

စုရှီ၏ မျက်နှာတွင် အနေရခက်သည့်အမူအရာ ဖြစ်သွားသည်။

“အင်း၊ သူက ကျွန်မတို့ကျွန်းပေါ်က ဒုတပ်ခွဲမှူး မိန့်ရဲ့ ညီမပါ။ အဆိုအရတော့... အင်း၊ သူမက ကျွန်းပေါ်က ထူးချွန်တဲ့ အရာရှိအားလုံးကို သိတယ်။”

ရှဲ့ကျန်း မျက်မှောင်ကြုတ်လိုက်ရာ သူ၏ မူလတင်းမာနေသောမျက်နှာသည် ပို၍ပင် ချဉ်းကပ်ရခက်သည့်ပုံပေါက်သွားသည်။ သို့သော်လည်း ဒါက ခဏတာမျှသာဖြစ်သည်။ သူက မိန်းကလေး၏ ပြုံးနေသောမျက်နှာကို မြင်သောအခါ သူ့အမူအရာကို ပျော့ပြောင်းလိုက်သော်လည်း လေးနက်စွာ ပြောလိုက်သည်။

“ငါတို့ တပ်ကိုပြန်ရောက်ရင် ဒုတပ်ခွဲမှူးမိန့်ကို ဒီအကြောင်းပြောပြမယ်။ ဒီလိုလူမျိုးကို တပ်ထဲမှာထားတာက ငါတို့ရဲဘော်တွေအတွက် တာဝန်မဲ့ရာကျတယ်။”

စုရှီ မရယ်ဘဲ မနေနိုင်တော့ပေ။ “ယောက်ျားလေးတွေလည်း အပြင်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင် သင်ထားသင့်တယ်လို့ ရှင်ထင်လား၊ မဟုတ်ရင် ‘အန်တီဆိုးကြီးတွေ’ ရှိနေလိမ့်မယ်နော်?”

ရှဲ့ကျန်းက ဖွဖွလေး ရယ်လိုက်သည်။ “မျက်နှာပြောင်ချက်ကတော့!”

All Chapters