← Chapters

အခန်း (၄၁-၄၂)

Vol. 4 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 4 Ch. 41-42

အပိုင်း ၄၁

ဤအခြေအနေသို့ ရောက်မှတော့ စုရှီ ဘာမှဖုံးကွယ်မထားတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "တစ်ပေါင်ကို ယွမ် ၁၀၀ ပါ"

ထို့နောက် သူမသည် ရှဲ့ကျန်း၏ အံ့အားသင့်ကာ ပြူးကျယ်နေသော မျက်လုံးများနှင့် ဆုံလိုက်ရသည်။

"ဘာလို့ ဒီလောက်တောင် အံ့ဩနေရတာလဲ" စုရှီသည် ခေါင်းကိုစောင်းကာ ရယ်ချင်စွာ မေးလိုက်သည်။

ရှဲ့ကျန်းသည် ဝိုင်၏အာနိသင်ကို စဉ်းစားရင်း တုံ့ဆိုင်းသွားသည်။ ဤဈေးနှုန်းသည် တကယ်တမ်းတွင် အလွန်ဈေးပေါသည်ဟု သူခံစားလိုက်ရသည်။

သူ ရုတ်တရက် အနည်းငယ် စိတ်ဖိစီးသွားရသည်။

ဤသို့ တွက်ချက်ကြည့်မည်ဆိုလျှင် သူယူသွားသော ပုလင်းနှင့် သူ့အဖေဆီ ပို့ပေးချင်သော ပမာဏပေါင်းလိုက်ပါက သူ၏ တစ်နှစ်စာ လခနီးပါးနှင့် ညီမျှပေလိမ့်မည်။ သူ ပါးစပ်ဟကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း စုရှီက ကြားဖြတ်ပြောလိုက်သည်။

"ကျွန်မကို ပိုက်ဆံပေးဖို့ မပြောနဲ့။ ပြောရင် ကျွန်မစိတ်ဆိုးမှာနော်။ တကယ်တော့ ကုန်ကြမ်းတွေက အရမ်းဈေးပေါတယ်"

သူမ အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်၊ သကြားအနည်းငယ်သုံးသည်မှလွဲ၍ အခြားကုန်ကျစရိတ်များ မရှိပေ။

'အင်း... ပုလင်းဝယ်တဲ့ ကုန်ကျစရိတ်ကို ထည့်တွက်ရမလားပဲ။'

ရှဲ့ကျန်းသည် သူ့နဖူးကို ပွတ်သပ်ကာ ရယ်မောလိုက်ပြီး နောက်ထပ်ဘာမှမပြောတော့ရန် ဆုံးဖြတ်လိုက်သော်လည်း အိမ်ပြန်ရောက်သည့်အခါ သူ့စုငွေများကို ပေးအပ်ရန် စိတ်ထဲ၌ တွေးလိုက်သည်။

ရှဲ့ကျန်းက ထပ်မေးလိုက်သည်။ "မင်း အိမ်မှာ ဝိုင်တွေအများကြီးလုပ်ထားတာပဲ။ ဆက်ရောင်းသွားဖို့ အစီအစဉ်ရှိလား"

စုရှီက ခေါင်းညိတ်လိုက်သည်။ "အင်း၊ ဒါပေမဲ့ ကျွန်မ ဖြစ်ကတတ်ဆန်းတော့ မရောင်းဘူး။ ဒီတစ်ခါတော့ ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းတစ်ခု ရှာရမယ်"

မည်သို့ပင်ဆိုစေကာမူ ဆယ်စုနှစ်ကာလက နီးကပ်လာပြီဖြစ်သည်။ သူမ သတိဖြင့် နေထိုင်ရန် လိုအပ်သေးသည်၊ အသက်ရှင်ရေးက ပထမဦးစားပေးဖြစ်သည်။ မလိုအပ်ပါက ရောင်းမည်မဟုတ်ဘဲ ဆယ်နှစ်ကျော်သည်အထိ စောင့်လို့ရသည်။

ရှဲ့ကျန်းသည် ကောင်မလေး၏ ပိုးသားကဲ့သို့နက်မှောင်သော ဆံပင်ကို ညင်သာစွာပွတ်သပ်လိုက်သည်။

"မင်းသာ ကိုယ့်ကိုယုံတယ်ဆိုရင်၊ ဒီကိစ္စကို ကိုယ့်ကိုကိုင်တွယ်ခိုင်းရင်ရော ဘယ်လိုလဲ"

စုရှီ၏ မျက်လုံးများက အရောင်တောက်သွားသည်။ “ သေချာပေါက် ကျွန်မ ရှင့်ကိုယုံတာပေါ့"

ရှဲ့ကျန်း ပြုံးလိုက်သည်၊ သူမ၏ စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်မှုကြောင့် သူ့ရင်ထဲတွင် နွေးထွေးပြီး ထူးဆန်းသော အပူဓာတ်တစ်ခု တရိပ်ရိပ်တက်လာသည်ကို ခံစားလိုက်ရသည်။ ၂၈ နှစ်ကြာ အေးစက်စွာနေထိုင်ခဲ့ပြီးနောက် ဤကဲ့သို့သော နွေးထွေးမှုကို သူတောင့်တ‌ နေခဲ့သည်။

"ကိုယ့်မှာ ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက အရမ်းစိတ်ချရတယ်။ သူ့မှာ အဆက်အသွယ်တွေလည်းရှိတယ်။ ကိုယ်တို့ သူ့ကို တိုက်ရိုက်လက်ကားရောင်းလိုက်ရင် ဘယ်လိုလဲ"

စုရှီ၏ မျက်လုံးများက တလက်လက်တောက်ပသွားသည်။ "အဲ့ဒါ စိတ်ကူးကောင်းပဲ၊ ဒါပေမဲ့ ကျွန်မ မက်မွန်ဝိုင်က အရမ်းဈေးကြီးတော့ သူ့ကို အရင်ဆုံး မြည်းစမ်းကြည့်ဖို့ တစ်ပုလင်းလောက်ပို့ပေးသင့်တယ်။ ဘယ်လောက်ကောင်းတဲ့ ပစ္စည်းဖြစ်ဖြစ် အရည်အသွေးပြဖို့ဆို စမ်းကြည့်ဖို့လိုတယ်လေ"

ရှဲ့ကျန်းသည် ဤအဆင့်၏ အရေးကြီးပုံကို အသိအမှတ်ပြုကာ သဘောတူလိုက်သည်။

သူတို့နှစ်ဦးသည် လူငယ်စုံတွဲတစ်တွဲ၏ ချစ်ခင်မှုကိုပြသရင်း စကားစမြည်ပြောဆိုနေကြရာ အိမ်ခြံဝင်းထဲမှ သူမ ဒုတိယအစ်ကို၏ ချောင်းဆိုးသံ ထွက်ပေါ်လာသည်။

ထိုအခါမှ စုရှီသည် သူမနာရီကို ကြည့်ကာ ရှဲ့ကျန်းကို တိုက်တွန်းလိုက်သည်။ "နောက်ကျနေပြီ။ ရှင် အခုပြန်သင့်ပြီ။ နေ့တိုင်း မက်မွန်ဝိုင်တစ်ခွက်သောက်ဖို့ သတိရနော်"

ရှဲ့ကျန်းသည် သူမက သူ့ကို စေတနာဖြင့် ပြောနေမှန်းနားလည်သောကြောင့် ခေါင်းညိတ်လိုက်ပြီး သူကန့်ကွက်စရာအကြောင်းမရှိသည်မှာ သဘာဝကျသည်။

စုရှီသည် သူမချစ်သူ၏ နာခံမှုကို အလွန်ကျေနပ်သွားသည်။ သူမ သူ့ခေါင်းကို ပုတ်ချင်သော်လည်း အရပ်အမောင်းကွာဟမှုကြောင့် ခြေဖျားထောက်ရပ်သော်လည်း မမှီနိုင်သည်ကို တွေ့လိုက်ရသည်။

တော်တော်လေး အနေရခက်စရာပင်။

စုရှီသည် ယခုအခါ ၁၆၄ စင်တီမီတာ အရပ်ရှည်သည်။ သူမသည် ယခင်ဘဝက ၁၇၂ စင်တီမီတာကဲ့သို့ အရပ်မရှည်သော်လည်း အရပ်တော့ မပုဘူး မဟုတ်လား။

သူမ အနေရခက်စွာဖြင့် ခေါင်းကိုမော့ကာ ထိုလူ၏မျက်လုံးများကို ကြည့်လိုက်ပြီး တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ “ရှင် အရပ်ဘယ်လောက်ရှည်လဲ"

သူ့ချစ်သူ ဘာလုပ်နေသည်ကိုမသိသော ရှဲ့ကျန်းသည် အနည်းငယ် ကိုင်းပေးကာ သူမအတွက် ခေါင်းငုံ့ပေးလိုက်သည်။ "၁၉၂ စင်တီမီတာ"

စုရှီသည် သူမက သူ့ထက် စင်တီမီတာ ၃၀ နီးပါး ပုသည်ကို သဘောပေါက်သွားသည်။ သူမသည် အလွန်သေးငယ်သောပုံ ပေါက်နေသည်မှာ အံ့ဩစရာမရှိပေ။

သူမ အရပ်ပုသည်ကို ဝန်မခံချင်ခဲ့၊ သူကသာ အရပ်အရမ်းရှည်ခြင်းဖြစ်သည်။

'ဟုတ်တယ်၊ အဲ့ဒါကြောင့်ပဲ ဖြစ်ရမယ်'

သို့သော် သူက သူမအတွက် ကိုင်းပေးလိုစိတ်ရှိခြင်းက သူမကို ပိုပျော်ရွှင်စေခဲ့သည်။ ထို့ကြောင့် သူမ သူ့ကို ဆုချရန် ဆုံးဖြတ်လိုက်သည်။

စုရှီသည် သူမ၏နူးညံ့သောလက်ကို မြှောက်ကာ သူမချစ်သူ၏ ခန့်ညားသောမျက်နှာကို ကိုင်လိုက်ပြီး ခြေဖျားထောက်ကာ သူ့ကို နမ်းရန် ကြိုးစားလိုက်သည်။

စုရှီ၏ နောက်ကျောဘက်မှ ရင်းနှီးသော ဒေါသထွက်နေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်မစုတ်လေး၊ နင် ဘာတွေလျှောက်လုပ်နေပြန်ပြီလဲ"

သို့သော် ဒီတစ်ကြိမ်တွင် စုရှီ မကြောက်ခဲ့ပေ။ သူမ၏ အစ်ကိုနှစ်ယောက်က အနီးအနားတွင် ပုန်း၍စောင့်ကြည့်နေသည်ကို သူမ သိနှင့်ပြီးဖြစ်သည်။

သူတို့က သူမကို အမိုက်အမဲမလေးတစ်ယောက်ဟု သတ်မှတ်ပြီးဖြစ်သောကြောင့် သူမသည် ထိုဘွဲ့နှင့် ထိုက်တန်အောင် နေထိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။ ပြောင်စပ်စပ် အပြုံးဖြင့် သူမသည် သူမချစ်သူ၏ မျက်နှာကို နမ်းလိုက်ပြီး တမင် "မွ" ဟူသော အသံပင် ထွက်အောင် လုပ်လိုက်သည်။

နမ်းပြီးနောက် စုရှီသည် သူမကိုင်ထားသော ဓာတ်မီးကို ယခုအခါ တောင့်တင်းနေသော ရှဲ့ကျန်း၏ လက်ထဲသို့ အမြန်ထည့်ပေးလိုက်ပြီး သူ့ကို တံခါးအပြင်သို့ တွန်းထုတ်ကာ ပြုံးလျက် တံခါးကို ပိတ်လိုက်သည်။

တံခါးမပိတ်ခင်မှာ သူမသည် သူ့ကို နောက်ပြောင်သည့်ဟန်ဖြင့် မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။ "မနက်ဖြန်တွေ့မယ်"

ရှဲ့ကျန်းသည် ခြင်ကိုက်သည်ကိုပင် သတိမထားမိဘဲ အပြင်ဘက်တွင် ကြောင်တောင်တောင်ဖြင့် ရပ်နေခဲ့သည်။ သူ့အာရုံအားလုံးသည် စုရှီ နမ်းသွားသော နေရာပေါ်တွင်သာ ရှိနေခဲ့သည်။

ကောင်မလေး နမ်းသွားသော နေရာသည် တဖြည်းဖြည်း ပို ပူလာပြီး နောက်ဆုံးတွင် မီးလောင်သကဲ့သို့ ဖြစ်လာကာ သူ ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။

နောက်ဆုံးတော့ ရှဲ့ကျန်း သတိပြန်ဝင်လာသည်။ သူသည် အိမ်ဝင်းတံခါးဘက်သို့ အကြည့်လွှဲလိုက်ရသည်။ သူသည် အိမ်ဝင်းတံခါးဘက်သို့ အကြည့်လွှဲကာ အတွင်း၌ပုန်းနေသော ကစားသန်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သော ကောင်မလေးကို မြင်နိုင်ရန် သစ်သားတံခါးအဟောင်းကို ထိုးဖောက်ကြည့်နေသကဲ့သို့ စူးစိုက်ကြည့်နေခဲ့သည်။

သူမအစ်ကို၏ ဟိန်းဟောက်သံကို ရယ်မောခဲ့သော ကောင်မလေး...

သူ့ကို ပျော်ရွှင်စေသော ကောင်မလေး...

ရှဲ့ကျန်း အသက်ပြင်းပြင်းရှူလိုက်ရာ သူ့မျက်လုံးများသည် နက်မှောင်ပြီး စူးရှနေခဲ့သည်—ထိုမျက်လုံးတို့သည် မီးလျှံကဲ့သို့သော ချစ်ခင်မှုများဖြင့် ပြည့်နှက်နေသည်။

တစ်ချိန်က ရှက်ရွံ့မှုဖြင့် အရိပ်ထင်နေခဲ့သော သူ့နက်မှောင်သော မျက်လုံးများသည် ယခုအခါ ထိန်းချုပ်မရနိုင်လုနီးပါး မီးလျှံကဲ့သို့သော စိတ်ခံစားမှုများဖြင့် လွှမ်းခြုံသွားခဲ့သည်။

ခဏအကြာတွင် သူသည် လက်ချောင်းများကို ကွေးလိုက်ပြီး အက်ကွဲစွာ နှေးကွေးညင်သာသော လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"မနက်ဖြန်တွေ့မယ်"

---

နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း ရှဲ့ကျန်းသည် စုရှီ နှင့်အတူ အမြဲတမ်းနီးပါး ရှိနေခဲ့သည်။ သူတို့သည် အလုပ်အတူတူ သွား၊ အတူတူပြန်ကြပြီး စုရှီ အလုပ်များသည့်အခါ သူသည် ရုံးခန်းထဲတွင် တစ်ယောက်တည်း တိတ်တဆိတ်ထိုင်ကာ စာဖတ်နေတတ်သည်။

ဤအပြုအမူသည် သူ၏စရိုက်ကို သိသောလူအများကို အံ့အားသင့်စေခဲ့သည်— ဒါသည် သူ၏ မရင်းနှီးသော ဘက်တစ်ဖက်ကို ဖော်ပြနေခဲ့သည်။

စုရှီ၏ရှေ့တွင် အမြဲတည်ကြည်ပြီး ခံစားချက်မရှိသော တပ်ရင်းမှူး ရှဲ့သည် လေ့ကျင့်ရေးလုပ်နေစဉ်ကနှင့် လုံးဝမတူညီပေ။ သူ စကားနည်းသေးသော်လည်း သူ၏ လုပ်ရပ်တိုင်းသည် စုရှီ အပေါ်ထားသော သူ၏ဂရုစိုက်မှုကို ပြသနေခဲ့သည်။

သူ၏အာရုံစိုက်မှုသည် သူမအပေါ်တွင်သာရှိပြီး အခြားမိန်းမများနှင့် ဘာဆက်ဆံရေးမှ မရှိခဲ့ပေ။

ဤအချက်ကြောင့် သူနာပြုများသည် ရှဲ့ကျန်းက စံပြချစ်သူဖြစ်သည်ဟူသော သူနာပြုချုပ်၏ သုံးသပ်ချက်ကို သဘောတူခဲ့ကြသည်။

သူနာပြုများက ကြည်နူးသော မျက်လုံးများဖြင့် မှတ်ချက်ချကြသည်။

"ဒေါက်တာ စုရှီက ချစ်သူရွေးတာ တော်တော်ကျွမ်းကျင်ပုံပဲ"

တစ်နေ့တွင် စုရှီနှင့် ရှဲ့ကျန်းတို့ ဆေးရုံစားသောက်ဆိုင်၏ ထောင့်တစ်နေရာတွင် နေ့လည်စာထိုင်စားနေစဉ် စုရှီသည် သူတို့အပေါ် စူးစိုက်နေသော ပူလောင်သည့် အကြည့်များကို ရှင်းလင်းစွာ ခံစားနေရသည်။

သူမသည် ငါးရိုးနွှင်သည့်အပေါ် အာရုံစိုက်နေသော ရှဲ့ကျန်းကို ပြုံးပြကာ နောက်ပြောင်လိုက်သည်။ "ကြည့်စမ်း၊ တစ်ပတ်အတွင်းမှာပဲ ရှင်က ဆေးရုံဝန်ထမ်းတွေရဲ့ ရှင့်အပေါ်အထင်အမြင်ကို လုံးဝပြောင်းလဲပစ်လိုက်ပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်ရင်းမှူး ရှဲ့က ဘာများပြောချင်သေးလဲ"

ရှဲ့ကျန်း ခပ်ဖွဖွရယ်လိုက်သည်။ သူသည် မသက်ဆိုင်သောလူများက သူ့ကို မည်သို့မြင်သည်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သူ့စိတ်သန့်ရှင်းနေသ၍ လုံလောက်ပြီဖြစ်သည်။ သူသည် ဂရုတစိုက်အရိုးနွှင်ထားသော ငါးအသားတုံးကြီးကို စုရှီ၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။

"မြန်မြန်စား၊ အေးသွားရင် ငါးညှီနံ့နံလိမ့်မယ်"

စုရှီသည် ပြန်မဖြေဘဲ နှုတ်ခမ်းစူလိုက်သော်လည်း သူမချစ်သူမှ ပြင်ဆင်ပေးထားသော အရိုးမပါသည့် ငါးကို ပျော်ရွှင်စွာစားရင်း တစ်ကိုက်ချင်းစီကို ကျေနပ်စွာ အရသာခံနေခဲ့သည်။

ရှဲ့ကျန်းသည် သူမ အစာကို မြိန်ရေရှက်ရေစားနေသည်ကို နူးညံ့သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ကောင်မလေးသည် ငါး၊ ပုစွန်နှင့် ကဏန်းကြိုက်ပြီး ဟုန်ကျွင်းကျွန်းတွင် ထိုပင်လယ်စာများ ပေါများလှသည်။

သို့သော် သူမသည် ငါးရိုးနွှင်ရသည်ကို မကြိုက်သောကြောင့် သူက ထိုအလုပ်ကို သူမအတွက် တာဝန်ယူပေးခဲ့သည်။

သူကျွေးတာကို ကောင်မလေးက ကျေနပ်စွာစားနေသည်ကို ကြည့်ရခြင်းက သူကိုယ်တိုင်စားရသည်ထက် ပျော်ရွှင်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ဤသို့တွေးမိသောအခါ ရှဲ့ကျန်း ပုစွန်တစ်ကောင်ကို အခွံခွာကာ ချစ်သူလေး၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ရာ သူမဆီမှ ချိုမြိန်သော အပြုံးတစ်ပွင့်ကို ထပ်မံရရှိခဲ့သည်။

သူလည်း ပြန်ပြုံးပြကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် သူတို့နောက်က စားပွဲမှ ရှိုက်သံများ ဆက်တိုက်ကြားလိုက်ရသည်။

ရှဲ့ကျန်း မျက်လုံးများကို မှိတ်လိုက်ပြီး အနည်းငယ် အားမလိုအားမရဖြစ်သွားကာ အမှန်တကယ်ပင် သူ့နောက်က စားပွဲမှ တီးတိုးစကားသံများ စတင်ထွက်ပေါ်လာခဲ့သည်။

"မယုံနိုင်စရာပဲ၊ မယုံနိုင်စရာပဲ။ တပ်ရင်းမှူး ရှဲ့... တပ်ရင်းမှူးရှဲ့က ဆရာဝန် စုရှီကို အရမ်းအလိုလိုက်တာပဲ။ နင်တို့မတွေ့ဘူးလား။ ဆရာဝန် စုရှီက လက်ဖျားတောင် မလှုပ်ရဘူး။ အားလုံးကို တပ်ရင်းမှူး ရှဲ့ ကပဲ ဂရုစိုက်ပေးနေတာ။ ငါတို့‌သာ မရှိရင် သူကိုယ်တိုင်တောင် ခွံ့ကျွေးမယ့်ပုံပဲ"

"ငါ နည်းနည်းအားကျတယ်။ ငါလည်း အဲ့လိုချစ်သူမျိုး လိုချင်တယ်"

"ဟီးဟီး၊ သာမန်လူသားတွေရယ်၊ လူတိုင်းက အဲ့လိုဆက်ဆံမှုမျိုး ရနိုင်မယ်ထင်နေလား။ ဆရာဝန် စုရှီလိုလူမျိုးမှပဲ ထိုက်တန်တာ"

"...ဟုတ်တယ်..."

"...ငါကတော့ မထိုက်တန်ပါဘူး"

"တပ်ရင်းမှူးရှဲ့က တကယ်ကို တစ်ခု‌ခုတော့ တစ်ခုခုပဲ"

"နင် ဘာကိုဆိုလိုတာလဲ"

"ငါ... ငါဆိုလိုတာက သူတို့က အရမ်းလိုက်ဖက်တဲ့စုံတွဲလို့..."

"အဲ့လိုမှပေါ့။ နင် မျက်စိရှိသားပဲ။ ငါတို့က ထူးချွန်တဲ့ တော်လှန်ရေးရဲဘော်တွေပဲ။ ငါတို့ မူမမှန်တဲ့အမှားတွေ လုပ်လို့မဖြစ်ဘူး။ သူ ဘယ်လောက်တော်တော် သူ့မှာ ချစ်သူရှိတယ်"

"....."

စုရှီသည်လည်း သူမနောက်မှ တီးတိုးစကားသံများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူမ ရယ်လည်းရယ်ချင်သလို၊ စိတ်လည်းလှုပ်ရှားမိသည်။ အမှန်ပင်၊ သူမ၏ ချစ်သူသည် သူမကို ဂရုစိုက်နေရသဖြင့် သူကိုယ်တိုင်ပင် အနည်းငယ်သာ စားရသေးသည်။

သူ့အတွက် သနားသွားသော စုရှီသည် ပုစွန်တစ်ကောင်ကို ယူကာ အခွံခွာလိုက်သည်။

ဤပုစွန်သည် တပ်ရငမှူးရှဲ့က သူမကြိုက်မှန်းသိ၍ နံနက်စောစော သွားယူကာ စားသောက်ဆိုင်သို့ ပို့ပေးပြီး သူမအတွက် အထူးချက်ပြုတ်ပေးရန် အပိုငွေပင် ပေးခဲ့ခြင်းဖြစ်သည်။

စုရှီသည် ပုစွန်တစ်ကောင်ကို အမြန်အခွံခွာပြီး ပန်းကန်ထဲသို့မချဘဲ ရှဲ့ကျန်း၏ နှုတ်ခမ်းနားသို့ ကပ်ပေးကာ စားရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။

သေချာသည်မှာ သူတို့နောက်မှ အသက်ရှူမှားသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

ရှဲ့ကျန်းသည် သူ့ချစ်သူ၏ ကျီစယ်သော အကြည့်နှင့် ဆုံလိုက်ရပြီး အားမလိုအားမရဖြင့် သူ့နှုတ်ခမ်းထောင့်များကို ကွေးညွှတ်လိုက်သည်။

သူ မစားသည်ကိုမြင်သောအခါ စုရှီသည် သူက သူမဂုဏ်သတင်း ထပ်ထိခိုက်မည်ကို စိုးရိမ်နေမှန်း သိလိုက်သည်။

တကယ်တမ်းတွင် မလိုအပ်ပေ။ စစ်တပ်အတွင်းမှ ပတ်ဝန်းကျင်သည် အတော်လေး ရိုးရှင်းပြီး များသောအားဖြင့် လူ‌တွေက များများစားစား မပြောကြပေ။ ထို့အပြင် သူတို့သည် တရားဝင် စုံတွဲများဖြစ်သည်။

ဤခေတ်ကာလတွင် ဆက်ဆံရေး အစီရင်ခံစာတင်ခြင်းသည် လက်ထပ်စာချုပ်တင်ခြင်းနှင့်တူညီသည်။

ထို့ကြောင့် သူမသည် ပုစွန်ကို ဆက်ကမ်းထားလိုက်သည်။

ရှဲ့ကျန်း သူ့ချစ်သူကို အလိုလိုက်ပေးရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ သူသည် ခေါင်းကိုငုံ့ကာ နှုတ်ခမ်းကို အနည်းငယ်ဟလိုက်ပြီး သူမကမ်းပေးသော ပုစွန်အသားကို တစ်ကိုက်တည်းဖြင့် စားလိုက်သည်။

ထိုအခိုက်အတန့်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရှဲ့ကျန်း၏ နှုတ်ခမ်းများသည် ကောင်မလေး၏ သွယ်လျဖြူဖွေးသော လက်ချောင်းများကို ထိမိသွားသည်။ ထိုတစ်ခဏအတွင်း သူတို့နှစ်ဦးလုံး တောင့်တင်းသွားကြသည်။

သူမ လက်ချောင်းများပေါ်မှ ထိုလူ၏ နွေးထွေးသောထွက်သက်က စုရှီ၏ နှလုံးကို ပြင်းထန်စွာ ခုန်သွားစေခဲ့သည်။

စုရှီသည် အနေရခက်စွာဖြင့် သူမလက်ကို ပြန်ရုပ်လိုက်ပြီး သူမ၏နားကို ရှက်ကိုးရှက်ကန်းဖြင့် ဆွဲလိုက်ရာ မီးလောင်သကဲ့သို့ မသက်မသာ ခံစားလိုက်ရသည်။ သူမသည် သူမ၏ရှေ့မှ လူကို ခိုးကြည့်လိုက်ရာ ရှဲ့ကျန်းနှင့် အကြည့်နှင့် ဆုံသွားခဲ့သည်။

သူတို့၏ မျက်လုံးများ မတော်တဆဆုံမိသောအခါ သူတို့နှစ်ဦးလုံး အနေရခက်စွာဖြင့် ခေါင်းငုံ့လိုက်ကြပြီး နီရဲနေသောနားရွက်များကိုသာ မြင်နိုင်သည်။

စုရှီသည် သူမလက်ချောင်းများကို ကွေးလိုက်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ခေတ်သစ်ကမ္ဘာ၏ (တီဗီပေါ်တွင်) ရောင်စုံလောကကို မြင်ဖူးသူဖြစ်ရာ ယခုလေးတင် သူမ၏ တုံ့ပြန်မှုသည် ရယ်စရာကောင်းနေသကဲ့သို့ ဖြစ်နေသည်။

မဟုတ်ဘူး... ဒါက နှုတ်ခမ်းချင်းထိမိရုံလေးပဲ။

ဘာများ အရေးကြီးနေလို့လဲ။

စိတ်ကိုတင်းပြီးနောက် စုရှီသည် စားပွဲပေါ်မှ လက်ကိုင်ပဝါတစ်ထည်ကို လှမ်းယူကာ သူမလက်မှ ဆီများကို သုတ်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

"ဒါနဲ့ စကားမစပ်၊ ကောအာ့နျိုရဲ့အမေ သူ့ဇာတိကိုပြန်သွားပြီလို့ အဘွားဆီက ကြားတယ်"

ရှဲ့ကျန်းသည် သူ့ချစ်သူ၏ ရှက်ရွံ့မှုကို ဖိအားမပေးဘဲ သူကိုယ်တိုင်လည်း နားရွက်များ ပူနေဆဲဖြစ်သည်။

ဤအတိုင်းဆက်သွားပါက သူ၏ခိုင်မာသောနှလုံးသားသည် ခံနိုင်ရည်ရှိမည်မဟုတ်ဟု သူခံစားလိုက်ရသည်။

အတားအဆီးကို ကျော်ဖြတ်ပြီးခါစ လူငယ်စုံတွဲများအတွက် အကြည့်တစ်ချက်ပင်လျှင် ချိုမြိန်ခြင်းနှင့် ချဉ်ခြင်း နှစ်မျိုးစလုံးကို ခံစားရပြီး တကယ်ကို ပူလောင်စေသည်ဟုသာ သူပြောနိုင်သည်။

ရှဲ့ကျန်းသည် တိတ်တဆိတ် အသက်ပြင်းပြင်း အနည်းငယ်ရှူကာ သူ့နှလုံးခုန်နှုန်းကို ညှိရန်ကြိုးစားပြီးနောက် စုရှီ၏ စကားလမ်းကြောင်းကို ဆက်လိုက်သည်။

"ဒီအကြောင်း ယန်အန်းကို ကိုယ် သတင်းပို့ပြီးပြီ"

စုရှီသည် ထမင်းညိုတစ်လုတ်စားကာ စူးစမ်းစွာမေးလိုက်သည်။

"ဒါဆို သူ့အမေက ပြန်သွားဖို့ သဘောတူခဲ့လား"

ရှဲ့ကျန်းက ပြန်ဖြေလိုက်သည်။ "တပ်ရင်းရဲ့ နိုင်ငံရေးအရာရှိက ဒါက မကောင်းတဲ့လွှမ်းမိုးမှုဖြစ်တယ် ဒါမှမဟုတ် ကောအာ့နျိုရဲ့ ရာထူးတိုးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ပြောခဲ့ပုံရတယ်"

စုရှီက မေးလိုက်သည်။ "သူက အဲ့အကြောင်းပြချက်ကို ယုံမှာလား"

ကောအာ့နျို၏ မိသားစုရေးရာကို စိတ်မဝင်စားသည်မှာ ထင်ရှားသော ရှဲ့ကျန်းက ပြန်ဖြေလိုက်သည်။ "သူမ ယုံခဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် သူမ သူ့ဇာတိကို ပြန်သွားခဲ့တယ် မဟုတ်လား"

စုရှီသည် ခေါင်းစောင်းကာ စဉ်းစားလိုက်သည်။ ဟုတ်သည်၊ အကြောင်းရင်းက ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီး၊ သူမ တကယ်ပြန်သွားပြီး ထိုကောင်မလေးများကို ဒုက္ခမပေးတော့လျှင် တော်ပြီ။

ဟုန်ကျွင်း ကျွန်း။

မူလက ဤကျွန်းသည် လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းသာဖြစ်သည်၊ ကျွန်း၏ ဖုံးကွယ်ထားသော မြေမျက်နှာသွင်ပြင်နှင့် ကျယ်ပြန့်သော ဧရိယာသည် အရေးပါလှသည်။

လွန်ခဲ့သော ဆယ်နှစ်က တပ်ဖွဲ့များ ကျွန်းပေါ်သို့ ဆင်းသက်ပြီးနောက် ယခုလက်ရှိ အတိုင်းအတာသို့ရောက်ရန် မရေမတွက်နိုင်သော သွေးနှင့်ချွေးများဖြင့် အချိန်များစွာ ကြာမြင့်ခဲ့သည်။

သို့သော်လည်း စစ်တပ်၊ ဆေးရုံနှင့် မိသားစုလိုင်းခန်းများက သိမ်းပိုက်ထားသော ဧရိယာသည် ကျွန်းတစ်ခုလုံး၏ ဆယ်ပုံတစ်ပုံအောက်သာ ရှိသေးသည်။

စစ်သားများက စဉ်ဆက်မပြတ် တိုးချဲ့နေသော်လည်း ကျွန်း၏ အများစုမှာ သစ်တောများသာဖြစ်သည်။

သစ်ပင်ထောင်ပေါင်းများစွာရှိသော ကျယ်ပြန့်သော သစ်တောကြီးပင်။

သေချာပေါက် သားရဲတိရစ္ဆာန်များ၊ အဆိပ်ရှိသော အင်းဆက်များ၊ မြွေများနှင့် ပုရွက်ဆိတ်များလည်း ရှိသည်။

ဤသည်မှာ ရှဲ့ကျန်းနှင့် သူ့အဖွဲ့ ဤနေရာသို့ ပြောင်းရွှေ့ခံရခြင်း၏ အကြောင်းရင်းဖြစ်သည်၊ ဤနေရာသည် စစ်သားများအတွက် သဘာဝအတိုင်း အကောင်းဆုံး လေ့ကျင့်ရေးကွင်းဖြစ်သည်။

သူမ သိသလောက်ဆိုလျှင် တာဝန်မရှိသည့်အခါ ရှဲ့ကျန်းနှင့် သူ့အဖွဲ့သည် လေ့ကျင့်ရေးအတွက် သစ်တောထဲသို့ မကြာခဏဝင်ရောက်ပြီး ရက်ပေါင်းများစွာ နေထိုင်တတ်ကြသည်။

ယနေ့သည် စုရှီအတွက် ကြာမြင့်စွာစောင့်မျှော်ခဲ့ရသော အနားယူရက်ဖြစ်သလို ရှဲ့ကျန်း၏ ကျန်ရှိနေသော နှစ်ရက်တာ အားလပ်ရက်လည်း ဖြစ်သည်။

ပြီးခဲ့သော အပတ်က သူတို့သည် သစ်တောထဲတွင် မက်မွန်ပင်များ ပြန်လည်စိုက်ပျိုးရန် သဘောတူခဲ့ကြသည်။

ထိုနေ့နံနက်စောစောတွင် ရှဲ့ကျန်းသည် စားသောက်ဆိုင်မှ ပေါက်စီအချို့ကို ယူလာပြီး စုမိသားစုနှင့်အတူ နံနက်စာ လာစားခဲ့သည်။

ယခုအခါ ချန်ရှန်းယွင်သည် သူမ၏ အနာဂတ်မြေးမက်အပေါ် လုံးဝကျေနပ်နေပြီး ရှဲ့ကျန်း အချိန်ရတိုင်း အိမ်သို့လာစားရန် တိုက်တွန်းခဲ့သည်။

သူမ၏ မြေးနှစ်ယောက် မည်မျှပင် မကျေမနပ်ဖြစ်နေစေကာမူ သူမကို လုံးဝမတုန်လှုပ်စေခဲ့ပေ။

မိသားစု နံနက်စာစားပြီးနောက် ရှဲ့ကျန်းသည်လည်း စစ်ဝတ်စုံဝတ်ထားပြီး သူ့ကိုယ်ပိုင်စစ်ဝတ်စုံကို ဝတ်ဆင်ထားသော စုရှီကို သစ်တောသို့ ခေါ်လာခဲ့သည်။

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၄၂

ထိုအချိန်က စစ်ဝတ်စုံသည် နောက်ပိုင်းနှစ်များကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုသေးပေ၊ အထူးတပ်ဖွဲ့အချို့အတွက်သာ ရရှိနိုင်သော ယူနီဖောင်းဖြစ်သည်။

စုရှီ၏ ဝတ်စုံကို သူမအဖေ၏ အဝတ်ဟောင်းများမှ ပြန်လည်ပြုပြင်ထားခြင်း ဖြစ်သည်။

ယခုအခါ သူတို့ စစ်ဝတ်စုံများဖြင့် အတူတူရပ်နေကြသောအခါ သူတို့သည် ခန့်ညားသောယောက်ျားနှင့် လှပသောမိန်းမ—ကောင်းကင်ဘုံက ဖန်တီးပေးထားသော စုံတွဲကဲ့သို့ လုံးဝလိုက်ဖက်နေခဲ့သည်။

အဘွား ချန်သည် အလွန်ကျေနပ်နေသောကြောင့် သူမအပြုံးကို မရပ်တန့်နိုင်တော့ပေ။ သူမသည် သူတို့၏ အနာဂတ်ကလေးများ၊ သူမ၏ မြစ်တော်လေးများ မည်မျှချစ်စရာကောင်းမည်ကို စိတ်ကူးနှင့်ပင် မြင်ယောင်နေခဲ့ပြီဖြစ်သည်။

အဘွား ချန်ကို နှုတ်ဆက်ပြီးနောက် စုရှီသည် ရှဲ့ကျန်း နှင့်အတူ စစ်တပ်က တပ်ဆင်ထားသော ဘေးကင်းဇုန်မှ ထွက်ခွာပြီး သစ်တောစပ်သို့ရောက်ရန် တစ်နာရီနီးပါး လမ်းလျှောက်ခဲ့သည်။

စုရှီ အံ့ဩသွားသည်မှာ သစ်တောပတ်လည်တွင် စစ်သားဒါဇင်ပေါင်းများစွာ တပ်စွဲထားပြီးဖြစ်ကာ အားလုံးသည် တက်ကြွပြီး အဆင်သင့်ဖြစ်နေပုံရသည်။

သူတို့ထဲတွင် G ပြည်နယ်မှ ပြီးခဲ့သောနှစ်က ရှဲ့ကျန်းနှင့်အတူရှိခဲ့သော ရင်းနှီးသောမျက်နှာအချို့လည်း ပါဝင်သည်။

သူတို့ထဲမှ တစ်ယောက်သည် သူမကို အပြုံးကြီးဖြင့် လက်ပြနှုတ်ဆက်ကာ နောက်ပြောင်သည့်အမူအရာများ ပြုလုပ်နေပြီး သူ့အမည်မှာ ကောင်းလျန်ဟု ခေါ်ပုံရသည်။

သူ့ဘေးတွင် ရိုးသားသောမျက်နှာနှင့် သန်မာသောလူတစ်ယောက်သည်ဝမ်ခွမ်—ပြီးခဲ့သောနှစ်က သူမကုသပေးခဲ့သော စစ်သားနှင့်တူသည်။

အဖွဲ့၏အစွန်းတွင်ရှိသော ပိန်ပါးသောစစ်သား၏ အမည်မှာ ချူးဖုန်းဖြစ်ပုံရသည်။

ဒါဆို သူတို့အားလုံးက ရှဲ့ကျန်း၏ လက်အောက်မှ စစ်သားတွေလား။

ဤရင်းနှီးသောမျက်နှာများကို မြင်သောအခါ စုရှီသည် ပျော်ရွှင်စွာဖြင့် လက်ပြန်ပြနှုတ်ဆက်ကာ ပြုံးပြပြီးနောက် ရှဲ့ကျန်းဘက်သို့ လှည့်လိုက်သည်။

စုရှီ၏ မျက်လုံးထဲမှ နားမလည်ဟန်ကို သတိပြုမိသော ရှဲ့ကျန်းက တိုးတိုးလေးပြောလိုက်သည်။ "ဒါက နယ်စပ်ပဲဖြစ်ပေမယ့် ရှေးဟောင်းသစ်တောကြီးတစ်ခုပဲ။ မင်းကို ကာကွယ်နိုင်မယ်လို့ ကိုယ်ယုံကြည်တယ်၊ ဒါပေမဲ့ အန္တရာယ်ဖြစ်နိုင်ခြေ တစ်ထောင်ပုံတစ်ပုံလောက်တောင် မင်းကို မကြုံစေချင်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အထူးလေ့ကျင့်ထားတဲ့အဖွဲ့ကို ခေါ်လာခဲ့တာ၊ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ သဘောထားပြီးပေါ့"

စုရှီသည် ဤအကြောင်းပြချက်ကို မျှော်လင့်မထားခဲ့ပေ။ သူမ၏ လှပသောမျက်နှာပေါ်တွင် တုံ့ဆိုင်းဟန်တစ်ခု ဖြတ်ပြေးသွားပြီး သူမ တိုးတိုးလေးပြောလိုက်သည်။

"ဒါက နည်းနည်းများမနေဘူးလား။ ကျွန်မတို့နှစ်ယောက်တည်းအတွက်ကို"

ရှဲ့ကျန်း ရယ်ရမလို ငိုရမလိုဖြစ်ကာ သူ၏လက်ချောင်းဖြင့် သူမ၏ နှာထိပ်ဖျားကို ညင်သာစွာ ဖွဖွတို့လိုက်သည်။

သူ ပြန်ဖြေရန်ပြင်ဆင်နေစဉ်မှာပင် သူ့စကားများသည် စစ်သားတစ်စု၏ ကျယ်လောင်သော အော်ဟစ်သံများကြောင့် ပျောက်ကွယ်သွားခဲ့သည်။

သူတို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ စစ်ဝတ်စုံဝတ်ထားသော စစ်သားတစ်စုသည် နောက်ပြောင်လိုသော မျက်လုံးများဖြင့် တောက်ပနေကာ လေချွန်ပြီး အော်ဟစ်နေကြသည်ကို တွေ့လိုက်ရသည်။

"ကပ္ပတိန် ကောင်းတယ်"

"ကပ္ပတိန်၊ နမ်းလိုက်ပါ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ နမ်းလိုက်"

"ဟားဟားဟား~~~"

"......"

ရှဲ့ကျန်းသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ၏ ဆူညံနေသော လက်အောက်ငယ်သားများကို စိုက်ကြည့်လိုက်သည်။ သူသည် မေးစေ့ကိုမော့ကာ အေးစက်စွာပြောလိုက်သည်။

"မင်းတို့ ဒုက္ခရှာချင်နေကြပုံပဲ"

"မဟုတ်ပါဘူး"

စစ်သားများက တညီတညွတ်တည်း အော်ဟစ်လိုက်ရာ သစ်တောထဲမှ ငှက်များကို လန့်စေပြီး ပျံထွက်သွားစေခဲ့သည်။

ထို့နောက် လူတိုင်းသည် စုရှီနှင့် ရှဲ့ကျန်း၏ ဘေးဘက်သို့ စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

သူတို့ မကြာခင်မလှုပ်ရှားပါက ထိုစစ်သားများသည် သူတို့ဆီသို့ ပျံဝဲလာတော့မတတ်ဖြစ်နေပြီး သူတို့၏ စိတ်အားထက်သန်သော မျက်လုံးများသည် ပြူးထွက်လုနီးပါး ဖြစ်နေသည်။ ရှဲ့ကျန်းသည် မကြည့်ရက်တော့ပေ။

ရှင်းလင်းသည်မှာ သူတို့၏ ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းသည် အားနည်းနေပြီး လေ့ကျင့်မှုများ ပိုမိုလိုအပ်နေကြောင်း ညွှန်ပြနေသည်။ ရှဲ့ကျန်းသည် သူ ရာထူးတိုးပြီးနောက် လေ့ကျင့်ခန်းများ ထပ်ထည့်ရန် တိတ်တဆိတ်တွေးလိုက်သည်။

ရှဲ့ကျန်းသည် သူ့ဘေးမှ နူးညံ့သိမ်မွေ့သော ကောင်မလေးဘက်သို့ ခေါင်းငုံ့ကာ မေးလိုက်သည်။ "နှုတ်ဆက်ချင်လား"

သေချာပေါက် စုရှီသည် ရှက်တတ်သူတစ်ယောက် မဟုတ်ပေ။ သူမသည် ရှဲ့ကျန်း၏နောက်သို့လိုက်ကာ လူအုပ်ဆီသို့ လျှောက်သွားခဲ့သည်။

ရှဲ့ကျန်းသည် သူ့ချစ်သူကို သူ့ရဲဘော်များ—သူနှင့်အတူ မရေမတွက်နိုင်သော အခက်အခဲများကို မျှဝေခဲ့သော ရဲဘော်များ—နှင့် မိတ်ဆက်ပေးရသည်ကို ဝမ်းမြောက်မိသည်။ သူသည် ဝံပုလွေနှင့် ကျားကဲ့သို့ ကြမ်းတမ်းသော စစ်သားများကို ကြည့်လိုက်သည်။ သူသည် လည်ချောင်းရှင်းကာ သူ့အသံထဲတွင် ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။

"မင်းတို့ကို ဆရာဝန် စုရှီ၊ ငါ့ရဲ့ချစ်သူနဲ့ မိတ်ဆက်ပေးချင်တယ်"

စုရှီ ပြုံးကာ အနည်းငယ်ဦးညွှတ်လိုက်သည်။ "ဟယ်လို အားလုံးပဲ ကျွန်မက စုရှီ ပါ"

စစ်သားအားလုံး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ "ဟယ်လို မရီး"

စုရှီ... အတော်လေး လွှမ်းမိုးခံလိုက်ရသည်။

ကံကောင်းသည်မှာ သူတို့သည် အပြင်ဘက်တွင် ရှိနေခြင်းပင်—အတွင်း၌သာဆိုလျှင် ဆူညံသံက အိမ်ခေါင်မိုးများစွာကို လွင့်ထွက်သွားစေနိုင်သည်။

အဝေးမှ လန့်ပျံသွားသော ငှက်အုပ်သည် ဆူညံမှု၏ ရှင်းလင်းသော သက်သေပင်ဖြစ်သည်။

ရှဲ့ကျန်း၏ ပါးလွှာသော နှုတ်ခမ်းများသည် အနည်းငယ် ကော့တက်သွားသည်။ ဤကောင်လေးများ အနည်းငယ် သတိရှိပုံရသည်။

ရှဲ့ကျန်းသည် သူ၏တိုးတက်လာသော အပြုံးကို ဖိနှိပ်ရန် ကြိုးစားရင်း စစ်သားများကို ထူးခြားစွာ နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ၊ အားလုံး၊ လှည့်။ ပြေးစမ်း"

ရှဲ့ကျန်း၏ အမိန့်အရ ဆူညံနေခဲ့သော စစ်သားများသည် လျင်မြန်စွာ စိတ်ကိုစုစည်းကာ တည်ကြည်သော မျက်နှာထားများဖြင့် သစ်တောထဲသို့ ပြေးဝင်သွားကြသည်။

အဝေးမှ ကောင်းလျန်၏ ကျယ်လောင်သောအသံကို ကြားနေရသေးသည်။ "ဆရာဝန်စု၊ ကျွန်တော်တို့ ယုန်ဖမ်းလာခဲ့မယ် စောင့်နေနော်..."

စုရှီ - "...."

ရှဲ့ကျန်းသည် ကောင်မလေး၏ လက်ကိုကိုင်ကာ သစ်တောထဲသို့ ခေါ်သွားလိုက်သည်။ "သွားကြစို့"

စုရှီသည် အဓိကအဖွဲ့၏ ဦးတည်ရာဘက်သို့ လှမ်းကြည့်ကာ မေးလိုက်သည်။ "ကျွန်မတို့ သူတို့နဲ့အတူ မလိုက်တော့ဘူးလား"

ရှဲ့ကျန်းက တည်ကြည်စွာ ပြန်ဖြေလိုက်သည်။ "သူတို့က လေ့ကျင့်ခန်းလုပ်နေတာ၊ ကိုယ်တို့နဲ့ အချိန်ပြည့်အတူမနေနိုင်ဘူး။ ကိုယ်တို့ သူတို့ကို မနှောင့်ယှက်ဘူး၊ အန္တရာယ်ရှိလာရင် တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းထားလို့ရလောက်တဲ့ အနီးအနားမှာပဲ နေမယ်"

ဘယ်လို ဟာသလဲ။ ဒီကောင်တွေနောက်ကို အချိန်ပြည့်လိုက်နေလျှင် သူတို့၏ ဒိတ်လေး ပျက်စီးသွားလိမ့်မည်။

စုရှီသည် စိတ်သက်သာရာရသွားပြီး သူ့ကို ချိုမြိန်စွာ ပြုံးပြလိုက်သည်။ ရှဲ့ကျန်းသည် လုံးဝ အသိတရားမရှိသူမဟုတ်မှန်းသိ၍ သူမ စိတ်ချသွားသည်။ စစ်သားများကို သူ့ဘေးတွင် အမြဲရှိနေရန် သူ မျှော်လင့်ထားလို့ ဘယ်ဖြစ်ပါ့မလဲ။

သို့သော် သူမ ထပ်ပြောလိုက်သည်။ "ကျွန်မကို ကာကွယ်ပေးစရာမလိုပါဘူး။ ရှင် ကျွန်မရဲ့စွမ်းရည်ကို မြင်ဖူးတယ်မလား"

ရှဲ့ကျန်းသည် ပြီးခဲ့သောနှစ်က ကောင်မလေး၏ နူးညံ့သောလက်များက နံရံကို ထိုးနှက်ခဲ့ပုံကို ပြန်သတိရလိုက်သည်။ ခြားနားမှုမှာ အလွန်သိသာသောကြောင့် သူ့တည်ငြိမ်မှုသာမရှိပါက သူ၏မျက်လုံးများသည် ပြူးထွက်လုနီးပါးဖြစ်သွားပေလိမ့်မည်။ သူ ရယ်မောကာ ပြောလိုက်သည်။

"ကိုယ် မင်းကို ကောင်းကောင်း ကာကွယ်ပေးချင်တုန်းပဲ။ မင်းကို နည်းနည်းလေးတောင် မထိခိုက်စေချင်ဘူး"

စုရှီ - 'သူ စကားပြောတာ ပိုကောင်းလာတယ်၊ အိုး... သူမ... ကြိုက်တယ်။'

သူမ၏ မိစ္စာတစ်ပိုင်း ခန္ဓာကိုယ်ကြောင့် ဖြစ်နိုင်သည်။ အခြားသူများက သစ်တော၏ အပူနှင့်စိုထိုင်းမှုကို ပြင်းထန်စွာခံစားရသော်လည်း စုရှီအတွက်မူ သည်းခံနိုင်ဖွယ်ရှိသည်။ တစ်ခုတည်းသော ပြဿနာမှာ ခက်ခဲသောမြေပြင်ဖြစ်သည်။ မကြာခဏ မိုးရွာသွန်းမှုကြောင့် သစ်တော‌ မြေပြင်သည် နေရာအချို့တွင် ရွှံ့များဖြင့် ပြည့်နှက်နေသည်မှာ သေချာသည်။ ထို့အပြင် ဆွေးမြေ့နေသော သစ်သားများနှင့် သစ်ရွက်ကြွေများက ရွှံ့များနှင့်ရောနှောနေသောကြောင့် လမ်းအခြေအနေမှာ အလွန်ဆိုးရွားလှသည်။

ရှဲ့ကျန်းသည် စုရှီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ခရီးတစ်လျှောက်လုံး သူမကို အနီးကပ်စောင့်ကြည့်ရင်း ရှေ့မှဦးဆောင်သွားခဲ့သည်။

အချိန်အတော်ကြာသွားသည်ဟု ခံစားရပြီးနောက် စုရှီ သည် သက်ပြင်းချကာ သူမ၏နာရီကို ကြည့်လိုက်ရာ ရေလုံပလတ်စတစ်အဖုံးသည် ရေငွေ့များဖြင့် ဝေဝါးနေပြီဖြစ်သည်။

ကံကောင်းသည်မှာ ရှဲ့ကျန်းက သူမကို သတိပေးခဲ့သောကြောင့်ဖြစ်သည်၊ သို့မဟုတ်ပါက နာရီသည် အသုံးမဝင်တော့ပေ။

စုရှီသည် ရှဲ့ကျန်း၏ လက်ချောင်းများကို ညှစ်ကာ ပြောလိုက်သည်။ "ကျွန်မ ရေသံကြားရသလိုပဲ"

ရှဲ့ကျန်း လှည့်ကြည့်လိုက်ရာ သူ့နဖူးမှ ချွေးစက်များသည် မေးစေ့သို့ကျကာ လည်ပင်းအောက်သို့ လျှောကျသွားသည်။ သူသည် ကြမ်းတမ်းသောပတ်ဝန်းကျင်ကို ကျင့်သားရနေသည်မှာ ထင်ရှားသောကြောင့် ဂရုမစိုက်ပုံမပေါ်ပေ။ သူ ဦးတည်ရာတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။

"ရှေ့မှာ မဝေး‌ တော့ဘူး မြစ်ငယ်တစ်စင်းရှိတယ်။ ကိုယ်တို့ လမ်းလျှောက်လာတာ တစ်နာရီနီးပါးရှိပြီ။ ခဏနားကြရင် ဘယ်လိုလဲ"

တကယ်တမ်းတွင် သူသည် သူမကို ယနေ့ခရီးအကြောင်း ပြောပြမိသည်ကို နောင်တရနေသည်။ ဤနေရာမှ ပတ်ဝန်းကျင်သည် သူမျှော်လင့်ထားသည်ထက် များစွာဆိုးရွားလှသည်။ သူသည် မူလက မက်မွန်ပင်နှစ်ပင်ကို သယ်ဆောင်ပြန်ရန် လေ့ကျင့်ခန်းအဖြစ် ရဲဘော်အနည်းငယ်ကို ခေါ်ဆောင်လာရန် စီစဉ်ခဲ့သည်။ သူသည် စုရှီကို နံနက်တွင် ဤအကြောင်းပြောပြသောအခါ သူမက မမျှော်လင့်ဘဲ ငြင်းဆိုခဲ့သောကြောင့် သူ သူမကိုပါ ခေါ်လာခဲ့ရသည်။

ကောင်မလေးသည် နူးညံ့သောပုံပေါက်သော်လည်း စစ်ရေးကိစ္စများတွင် အမှန်တကယ် ကျွမ်းကျင်လှသည်။

တစ်နာရီကျော်ကြာပြီးနောက် သူမသည် သူနှင့်နီးပါး အခြေအနေတူညီနေခဲ့သည်။ ချွေးအနည်းငယ်ထွက်သည်မှလွဲ၍ သူမသည် တက်ကြွနေဆဲဖြစ်ပြီး သူမ၏ အသက်ရှူမှုမှာ တည်ငြိမ်နေခဲ့သည်။

ဤသို့သော ကာယကြံ့ခိုင်မှုသည် ရှားပါးလှသည်၊ သူကိုယ်တိုင်၊ ရှီးယန်နန်နှင့် ယန်အန်းမှလွဲ၍ အခြားမည်သူ့တွင်မှ သူ မတွေ့ဖူးပေ။

ဤနူးညံ့သိမ်မွေ့ပုံပေါက်သော ကောင်မလေးသည် ဤသို့သော အထင်ကြီးဖွယ် ကာယကြံ့ခိုင်မှုကို မည်သို့ပြုစုပျိုးထောင်ခဲ့သည်ကို သူ နားမလည်နိုင်ခဲ့ပေ။

"သွားမယ်... ကျွန်မ မျက်နှာသစ်ချင်တယ်"

သူမသည်လည်း မြစ်အနီးတွင် မက်မွန်သီးများရှိသည်ကို အာရုံခံမိသည်။

ဒါက သူမ ကောင်းစွာမရှင်းပြနိုင်သော မှော်ဆန်သည့် ခံစားမှုတစ်ခုဖြစ်သော်လည်း သူမ အာရုံစိုက်လိုက်သည်နှင့် တစ်ကီလိုမီတာ သို့မဟုတ် နှစ်ကီလိုမီတာအတွင်း မက်မွန်ပင်များရှိနေသည်ကို အာရုံခံနိုင်သည်။

စုရှီ၏ တုံ့ပြန်မှုကိုရရှိပြီးနောက် ရှဲ့ကျန်းသည် သူမကို မြစ်ဘက်သို့ ကျွမ်းကျင်စွာ လမ်းညွှန်ခေါ်ဆောင်သွားခဲ့သည်။

ဒါက သစ်တော၏ အစွန်းဖြစ်သည်။ သူ ဤနေရာသို့ အကြိမ်များစွာ ရောက်ဖူးသည်၊ သူ့အိမ်နောက်ဖေးကဲ့သို့ ရင်းနှီးခြင်းမရှိသော်လည်း သူ ကောင်းစွာသိကျွမ်းသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့သည် ထူထပ်သောသစ်တောများထဲမှ တောက်ပပြီး ပွင့်လင်းသောနေရာတစ်ခုသို့ ထွက်ပေါ်လာခဲ့သည်။

စိမ်းလန်းသောအရောင်ရှိသော မြစ်သည် သာယာသောအသံဖြင့် အရှေ့ဘက်သို့ လှေကားထစ်ပုံစံ စီးဆင်းနေသည်။

စုရှီသည် ရှဲ့ကျန်း၏ လက်ကိုလွှတ်ကာ မြစ်ကမ်းဘေးသို့ ပျော်ရွှင်စွာ ပြေးသွားပြီး ရေနှင့်အနီးဆုံး ကျောက်လှေကားထစ်တစ်ခုပေါ်တွင် ထိုင်ချကာ ကြည်လင်သောရေကို ခပ်ယူပြီး သူမမျက်နှာပေါ်သို့ ပက်ဖျန်းလိုက်သည်။

"ဝိုး၊ အရမ်းအေးတာပဲ။ ရှဲ့ကျန်း၊ ဒီကိုလာ"

ကောင်မလေး၏ အပြစ်ကင်းစင်သော မျက်နှာသည် အပြုံးဖြင့် တောက်ပနေခဲ့သည်။ ရေသည် သူမနဖူးပေါ်မှ ဆံပင်သေးသေးလေးများကို စိုစွတ်စေခဲ့ပြီး ကြည်လင်သောရေစက်များသည် သူမ၏ ဖြူဖွေးသောအသားအရေပေါ်သို့ လိမ့်ဆင်းသွားကာ သူမ၏ လှပသောသွင်ပြင်—မင်ကဲ့သို့နက်မှောင်သောဆံပင်၊ ချယ်ရီသီးကဲ့သို့နီသောနှုတ်ခမ်း—ကို ပိုမိုပေါ်လွင်စေပြီး ပွင့်လန်းနေသော ကြာပန်းကဲ့သို့ သန့်စင်ပြီး ဆွဲဆောင်မှုရှိစေသည်။

ရှဲ့ကျန်းသည် ပြင်းထန်သော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် တောင့်တင်းစွာ ရပ်နေခဲ့သည်။ သူ့ဘေးမှ ကြီးမားသောလက်သည် တင်းလိုက်လျှော့လိုက်ဖြင့် သူ့အတွင်းစိတ်မငြိမ်သက်မှုကို ဖော်ပြနေခဲ့သည်။

စုရှီသည် ထိုလူ၏ မျက်လုံးထဲမှ အန္တရာယ်ကို သတိမပြုမိဘဲ သူ ဘာကြောင့် ရုတ်တရက် ရပ်တန့်သွားသည်ကိုသာ တွေးမိနေသည်။

သူမသည် သူမမျက်နှာပေါ်မှ ရေစက်များကို သုတ်လိုက်ပြီး ဇာတ်ကောင်အတိုင်းနေရန် နတ်သမီးလေးတစ်ပါးက လက်ကိုင်ပဝါဖြင့် မျက်နှာကို တို့ထိရမည်ကို လုံးဝမေ့လျော့သွားခဲ့သည်။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ရှဲ့ကျန်း၏ ဘေးသို့ ခုန်သွားပြီး သူ့လက်ကြီးကို ဆွဲကာ မြစ်ဘက်သို့ ဆွဲခေါ်ရန် ပြင်လိုက်သည်။

"မြန်မြန်လုပ်လေ၊ မပူဘူးလား။ ရှင့်အင်္ကျီတွေ အကုန်စိုနေတာ ကျွန်မမြင်တယ်၊ လာပြီး အမြန်လျှော်လိုက်"

သာမန်အချိန်များတွင် ဤကဲ့သို့သော သာမန်စကားများသည် ကိစ္စမရှိသော်လည်း ထိုအချိန်တွင် ရှဲ့ကျန်း၏ နားထဲသို့ ထိုစကားတို့သည် မီးလောင်နေသော မီးပုံပေါ်သို့ ဆီလောင်းလိုက်သကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပေါက်ကွဲသွားခဲ့သည်။

ရှဲ့ကျန်းသည် တည်ငြိမ်ခြင်းနှင့် ခိုင်မာသော ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းရှိခြင်းသည် သူ့သရုပ်မှန်ဖြစ်သည်ဟု အမြဲယုံကြည်ခဲ့သည်။ သို့သော် ထိုအချိန်တွင် သူသဘောကျသော သူတစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ အခြေခံမူများနှင့် ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းအားလုံးသည် ချက်ချင်း ပျောက်ဆုံးသွားနိုင်သည်ကို သူ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားသည်။

ဒါက သူ့ကို အမှတ်မထင် ဖမ်းလိုက်နိုင်သည်။

သူသည် ကောင်မလေး၏ လက်ငယ်ကို တင်းတင်းဆုပ်ကိုင်ကာ သူမ တုံ့ပြန်နိုင်ခြင်းမရှိမီ ခိုင်မာသောလှုပ်ရှားမှုဖြင့် သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

စုရှီသည် ယိုင်သွားပြီး ဘာဖြစ်နေသည်ကို မော့ကြည့်ပြီး မေးရန်မတိုင်မီ သူမမေးစေ့က မော့ခံလိုက်ရကာ သူမခါးကို ထိုလူက တင်းတင်းကြပ်ကြပ် ကိုင်ထားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူမကို ပူလောင်ပြီး ပူနွေးသော အနမ်းတစ်ခုက ကြိုဆိုလိုက်သည်။

စုရှီ၏ မျက်လုံးများသည် အံ့ဩမှုဖြင့် ပြူးကျယ်သွားသည်။ မျှော်လင့်မထားသော အနမ်းက သူမကို အံ့အားသင့်စေပြီး သူမ၏စိတ်သည် ခဏတာ ဗလာဖြစ်သွားသည်။ သူမ၏ အာရုံများအားလုံးသည် သူ့နှုတ်ခမ်းများ၏ နူးညံ့မှုအပေါ်တွင်သာ စုစည်းနေခဲ့သည်။

ဤအချိန်တွင် သူမသည် ခဏတာ အာရုံလွဲသွားခဲ့သည်။ ဤမျှသန်မာသော လူတစ်ယောက်တွင် နူးညံ့သောနှုတ်ခမ်းများရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဖြည်းဖြည်းချင်း သူမ သတိပြန်ဝင်လာပြီး ထိုလူ၏ လျင်မြန်သောအသက်ရှူသံနှင့် ဖိနှိပ်ထားသော စိတ်ခံစားမှုများကို ခံစားမိလိုက်သည်။

သူ၏နှုတ်ခမ်းများသည် ပိုမိုရင်းနှီးသော ထိတွေ့မှုသို့ အဆင့်မတက်ဘဲ သူမ၏ နှုတ်ခမ်းများကို ဂရုတစိုက် ထိတွေ့နေသည်၊ သူ နားမလည်သကဲ့သို့ သို့မဟုတ် သူမ၏ တုံ့ပြန်မှုကို စမ်းသပ်နေသကဲ့သို့ပင်။

စုရှီသည် များများစားစားမတွေးနိုင်ဘဲ သူမ၏ ပင်ကိုစိတ်အတိုင်းသာ လိုက်လုပ်လိုက်သည်။ သူမသည် ခြေဖျားထောက်ကာ သူမ၏ လက်ကို မြှောက်ပြီး ထိုလူ၏ ပခုံးပေါ်မှ အထည်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။

ထို့နောက် သူမ ညင်သာစွာ ပြန်နမ်းလိုက်သည်။

ချက်ချင်းပင် ထိုလူသည် သတ္တိရှိလာပုံရသည်။ အင်အားပြင်းသော လှုပ်ရှားမှုဖြင့် သူ့လျှာဖျားသည် သူမ၏ နှုတ်ခမ်းကို ဖွင့်ရန် ကြိုးပမ်းလာသည်။

ထို့နောက် စိတ်အားထက်သန်ပြီး မုန်တိုင်းကဲ့သို့သော အနမ်းသည် စုရှီ၏ ဆင်ခြင်တုံတရားကို လျင်မြန်စွာ တိုက်စားသွားခဲ့သည်။

သူမသည် ထိုလူ၏ ကျယ်ပြန့်ပြီး သန်မာသောရင်ခွင်ကို မှီကာ သူ၏စိတ်အားထက်သန်မှုကို ငြိမ်သက်စွာ တုံ့ပြန်နေခဲ့သည်။

အဆုံးတွင် သူမသည် သူ့လက်မောင်းများထဲတွင် နူးညံ့စွာ ပွေ့ဖက်ခံရပြီး ချစ်ခင်ယုယခြင်း ခံခဲ့ရသည်။

မြစ်ကမ်းဘေးမှ သစ်ပင်များသည် စိမ်းလန်းစိုပြေနေပြီး ပန်းများသည် တောက်ပကာ မိုးမခပင်များသည် စိမ်းလန်းနေပြီး စုံတွဲ၏ ချစ်ခင်မှုကို လှပသောအရောင်အသွေးများဖြင့် ဖြည့်စွက်ပေးနေသည်။

ထိုအခိုက်အတန့်တွင်... အပြာရောင်လှိုင်းများသည် တည်ငြိမ်ပြီး နူးညံ့သော ပတ်ဝန်းကျင်ကို ထင်ဟပ်ရင်း ညင်သာစွာ လှိုင်းဂယက်ထနေခဲ့သည်။

ချစ်သူများကြားမှ အနမ်းသည် ချိုမြိန်ပြီး ပိုမိုနက်ရှိုင်းသော ရင်းနှီးမှုသို့ တံတားခင်းပေးနေသည်။

စုရှီ၏ နီရဲသောနှုတ်ခမ်းများသည် အနည်းငယ်ရောင်ရမ်းနေသည်။ သူမသည် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ အရွက်ကြီးတစ်ခုပေါ်တွင် ထိုင်နေသည်။

သူမ၏ ဖြူဖွေးသော ခြေထောက်ငယ်များသည် အေးမြသောမြစ်ရေထဲတွင် စိမ်နေပြီး သူမသည် ခြေထောက်စိမ်နေသော လူကို ပျင်းရိစွာ မှီနေခဲ့သည်။

ရှဲ့ကျန်း၏ ကြမ်းတမ်းသော မျက်နှာထားသည် နူးညံ့သွားသည်။ သူသည် ကောင်မလေးကို လက်တစ်ဖက်ဖြင့် ပွေ့ထားပြီး သူတို့၏ အနမ်းကို အရသာခံနေသကဲ့သို့ သူမ၏ခေါင်း၊ နဖူး၊ မျက်လုံး၊ နူးညံ့သောနှာတံနှင့် တောက်ပနီရဲသော နှုတ်ခမ်းများကို အခါအားလျော်စွာ နူးညံ့စွာ နမ်းရှိုက်နေခဲ့သည်။

သူသည် သူ့ထိန်းချုပ်မှုကို မထိန်းသိမ်းနိုင်တော့ဘဲ သူမကို ထိတွေ့လိုစိတ်၊ သူမကို သူနှင့်အတူ မည်သည့်နေရာသို့မဆို ခေါ်ဆောင်သွားနိုင်သကဲ့သို့ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုစိတ်တို့ဖြင့် လွှမ်းမိုးသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် သူသည် သူကြိုက်နှစ်သက်သောသူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးပြီး သူ့ခံစားချက်များကို မည်သို့ကိုင်တွယ်ရမည်ကို မသိသော သာမန်လူတစ်ယောက်သာဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူသည် သူမနှင့် ရိုးရိုးရှင်းရှင်း အနီးကပ်နေချင်ပြီး သူတို့၏ တိတ်ဆိတ်သောအချိန်များကို အတူတကွ ပျော်မွေ့ချင်စိတ်များ ဖြစ်ပေါ်လာပြီး သူတို့၏ တိတ်ဆိတ်မှုထဲတွင်ပင် ပျော်ရွှင်မှုကို တွေ့ရှိခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် သူသည် လွန်ခဲ့သောနှစ်အနည်းငယ် သူ့အစ်မ လက်ထပ်စဉ်က ပြောခဲ့သော စကားတစ်ခွန်းကို ရုတ်တရက် သတိရလိုက်သည်။

သူ သူမကို မေးခဲ့သည်။ "အစ်မ၊ ပျော်ရဲ့လား"

သူမ၏ အတိအကျစကားများကို သူ မမှတ်မိတော့သော်လည်း သူမ၏ အလွန်လှပပြီး ပျော်ရွှင်သော အပြုံးနှင့် ထိုအချိန်က သူ ပယ်ချခဲ့သော စကားတစ်ခွန်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ "ရှောင်ကျန်း နင် သဘောကျတဲ့သူတစ်ယောက်နဲ့ တွေ့တဲ့အခါ နင့်အစ်မ ဘာလို့အခုပျော်နေလဲဆိုတာ နင်နားလည်လာလိမ့်မယ်"

သူ ထိုစဉ်က နားမလည်ခဲ့ဘဲ ထိုကဲ့သို့သော အသေးအဖွဲ့ စိတ်ခံစားမှုများ မလိုအပ်ဟု တွေးခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူ ထိုစကားများကို ရုတ်တရက် ပြန်သတိရလိုက်သည်။

ယခုအခါ သူ့အစ်မက သူမ ပျော်သည်ဟု ပြောသောအခါ ဘာကိုဆိုလိုသည်ကို သူ နားလည်သွားပြီဖြစ်သည်။

All Chapters