← Chapters

သူမ သရဲတစ္ဆေတွေကို ယုံကြည်တယ်

Vol. 6 Ch. 72

သူမ သရဲတစ္ဆေတွေကို ယုံကြည်တယ်

Vol. 6 Ch. 72

အရင်တုန်းက သူမ ချီမော့၏ စာကြည့်ခန်းကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ပြီးခဲ့ရက်အနည်းငယ်အတွင်း သူမသည် တည်နေရာ အသစ် နှစ်ခုကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

ချီရှောင်ပိုင်၏ အိပ်ခန်းနှင့် ချီမော့၏ စာကြည့်ခန်းတို့ဖြစ်သည်။

သူမ၏ စိတ်ကူးထဲတွင် စာကြည့်ခန်းသည် စားပွဲနှင့် စာအုပ်စင် အနည်းငယ်ပါရှိသော စတုရန်းမီတာ ဒါဇင်အနည်းငယ်သာ ရှိသင့်ပေသည်။

ချီမော့၏ စာကြည့်ခန်းသည် ဤမျှ ကြီးမားနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

အနည်းဆုံး စတုရန်းမီတာ ၁၅၀ ရှိပေလိမ့်မည်။

ရိုးရိုးသားသားပြောရလျှင် ဤနေရာကို “စာကြည့်ခန်း” ဟု ခေါ်ဆိုခြင်းသည် အနည်းငယ် နှိမ့်ချလွန်းရာကျပေလိမ့်မည်။

အခန်းသည် အစက်အပြောက်ကင်းစင်ပြီး ပစ္စည်းအားလုံးကို သပ်ရပ်စွာ စီစဉ်ထားသည်။

စားပွဲခုံ၏ အနောက်တွင် မျက်နှာကျက်အထိ မြင့်မားရှည်လျားသာ နံရံပြည့် စာအုပ်စင် ရှိသည်။

စားပွဲခုံ၏ မျက်စောင်းထိုးတွင် လက်ဖက်ရည်စားပွဲ တစ်ခုံ ရှိကာ အပြင်ဖက်ရှိ လက်ဖက်ရည်ဆိုင်နှင့် မတူဘဲ လက်ဖက်ရည်စားပွဲတွင် ကုလားထိုင် တစ်လုံးသာ ရှိသည်။

တံခါးကို မျက်နှာမူထားသည့် နေရာတွင် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော နံရံပြည့် ပြတင်းပေါက် တစ်ခု ရှိကာ သူ့ဘေးတွင် ကူရှင်အနိမ့်လေးတစ်ခု ထားရှိထားသည်။

ကူရှင်ဘေးတွင် ဖတ်လက်စ စာအုပ် တစ်အုပ်ရှိပြီး အညိုရောင် စာမှတ်ကတ်လေးကို စာအုပ်ကြား ညှပ်ထားသည်။

လရောင်က တောက်ပနေပြီး ကြယ်ရောင်က ဟိုတစ်စ ဒီတစ်စ လင်းလက်ဖြာကျနေသည်။ လရောင်က မျက်နှာကျက် ပြတင်းပေါက်များမှတဆင့် စိမ့်ဝင်ဖြာကျနေသည်။

ရှန်းမူမူသည် ထိုနေရာတွင် ထိုင်နေမည့် ချီမော့အကြောင်းကို တွေးကြည့်မိတော့ သူက ဤနေရာတွင် မျက်လုံးမှိတ်ပြီး အနားယူနေတာ သို့မဟုတ် စာအုပ်ဖတ်ရှုနေတာမျိုး ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

ဤစာကြည့်ခန်းသည် ချီမော့၏ စိတ်နေစိတ်ထားနှင့် တူညီသော စိတ်ခံစားချက်ကို ပေးစွမ်းနေသည်။

ရိုးရှင်းပြီး သပ်ရပ်သည်။

စာကြည့်ခန်းဟု ခေါ်ဆိုခြင်းထက် သူ့ကိုယ်ပိုင်ပိုင်နက်နှင့်ဆင်တူသည်။

ချီမော့၏ လမ်းညွှန်မှုအောက်တွင် ရှန်းမူမူသည် မီးခံသေတ္တာ ၃ လုံးကို တွေ့ရှိခဲ့သည်။

ရှန်းမူမူသည် မီးခံသေတ္တာ ၁ လုံးရှေ့တွင် မတ်တပ်ရပ်ရင်း သူမနှုတ်ခမ်းတွေကို တင်းတင်းစေ့ထားခဲ့သည်။

ရှန်းမူမူသည် ရုတ်ခြည်းဆိုသလို အနည်းငယ် တုန်လှုပ်သွားမိသည်။

ဒီစီအီးအိုက ယုံကြည်စိတ်ချရပေသည်။

အထဲမှာ ဘာတွေရှိမလဲ။

ရှန်းမူမူသည် စူးစမ်းချင်စိတ်နှင့် တုန်ယင်နေသော လက်အစုံတို့ဖြင့် စကားဝှက်ကို ရိုက်နှိပ်ပြီး မီးခံသေတ္တာတံခါးကို ဆွဲဖွင့်လိုက်သည်။

မီးခံသေတ္တာထဲတွင် သူမ မျှော်လင့်ထားသလို ငွေအစည်းလိုက် သို့မဟုတ် ရွှေတုံးများ မရှိခဲ့ပါ။

မီးခံသေတ္တာတွင် အဆင့် ၂ ဆင့် ပါဝင်ပြီး အပေါ်ထပ်မှာ စာရွက်စာတမ်းများနှင့် စာချုပ်စာတမ်းများ ရှိသည်။

အောက်ထပ်တွင် အိမ်ခြံမြေစာချုပ်များကဲ့သို့သော စာအုပ်ငယ်များကို သပ်သပ်ရပ်ရပ် စီရီထားသည်။

ရှန်းမူမူ၏ အသက်ရှုသံများ နှေးကွေးသွားပြီး တိတ်တဆိတ် ခန့်မှန်းချက် ထုတ်မိသည်။

တစ်ချက်ကြည့်လိုက်တာနဲ့ ထိုစာအုပ်တွေ ငါးဆယ်၊ ခြောက်ဆယ်လောက် ရှိလောက်ပေသည်။

ရှန်းမူမူ - ….

ဒီလူက အရမ်းချမ်းသာလွန်းတယ်။

စာကြည့်ခန်းထဲတွင် အရွယ်အစားတူ မီးခံသေတ္တာ ၃ လုံး ရှိသည်။

ရှေးဆိုရိုးစကားအတိုင်း၊ ဉာဏ်ကောင်းသော ယုန်များတွင် ကယ်ပေါက် ၃ ပေါက် ရှိပေသည်။

ထို့အပြင် ချီမော့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားသည့်နေရာများသည် သူမရှေ့ရှိ မီးခံသေတ္တာ ၃ ခုထက် ပိုသည်ဟု ရှန်းမူမူတစ်ယောက် ယုံကြည်မိပေသည်။

ဒါကိုတွေးမိပြီး သူမ၏ လက်တွေ တုန်ခါသွားခဲ့သည်။

လောကကြီးကို တစ်ခါမှမမြင်ဖူးသဖြင့် သူမ အတော်လေး အသည်းငယ်မိသည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏ လေသံကတော့ တည်ငြိမ်နေဆဲပင်၊ “ရှင်ပြောတဲ့ စာရွက်စာတမ်းက ဘယ်လိုပုံစံလဲ။”

ချီမော့က စာရွက်စာတမ်းပုံစံကို စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့ပြီး ရှန်းမူမူက စာရွက်စာတမ်းကို အမြန်ရှာတွေ့ခဲ့ပါသည်။

မီးခံသေတ္တာကို ပိတ်လိုက်တော့မည့်အချိန်တွင် ရင်းနှီးကျွမ်းဝင်နေသော စာရွက် တစ်ရွက်က သူမ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

စာချုပ်စာတမ်းများနှင့် အိမ်စာချုပ်များကြားတွင် ချယ်ရီပန်းပွင့်အဆင်ဖြင့် စာရွက် တစ်ရွက်က အထင်သား ပေါ်လွင်နေခဲ့သည်။

အာ….

သူမ ကြက်သေ သေသွားခဲ့သည်။

ဒါက အရင်က သူမ ရေးပေးခဲ့တဲ့ ငွေချေးစာချုပ် မဟုတ်ဘူးလား။

သူမ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။

သူမသည် သဘောတူစာချုပ်အတွက် အွန်လိုင်းပေါ်မှ အသင့်ရှာတွေ့သည့် ပုံစံကို လက်ရေးနဲ့ ကူးယူအသုံးပြုခဲ့ပြီး ချီမော့က ထိုစာချုပ်ကို စာချုပ်စာတမ်းများနှင့် အိမ်စာချုပ်များနှင့်အတူ ထားရှိထားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။

တကယ်လို့သာ သူမ ဒါကို သိခဲ့မယ်ဆိုလျှင်၊ ပိုကောင်းတဲ့ စာရွက်မျိုးကို အသုံးပြုခဲ့မိလိမ့်မည်ဖြစ်ကာ လက်မှတ်ထိုးတဲ့အခါမှာလည်း ပိုမိုသတိထားမိပေလိမ့်မည်။

ရှန်းမူမူသည် ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး တစ်ဖက်လူကို ပြောလိုက်သည်၊ “ရှင် ကျွန်မရဲ့ သဘောတူစာချုပ်ကို ဘာဖြစ်လို့ ဒီမှာ ထားထားတာလဲ။ ကျွန်မရဲ့ သဘောတူစာချုပ်နဲ့ ရှင့် စာချုပ်စာတမ်းတွေက အဆင့်ချင်း ကွာတယ်လေ။ ကျွန်မ ရှက်တယ်။”

တစ်ဖက်မှ ချိုသာစွာ ရယ်မောလိုက်သည့် အသံလေး ထွက်ပေါ်လာခဲ့သည်။ အနည်းငယ် တုန်ခါနေသည့် ကြိမ်နှုန်းသည် သူမ၏ နားရွက်ကို ငှက်မွှေးလေးဖြင့် ကလူကျီစယ်လိုက်သကဲ့သို့ပင်။

“အဲဒီသဘောတူစာချုပ်က အရမ်းအရေးကြီးတယ်။ မင်းမှာရော ရှိသေးတယ်မလား။”

ရှန်းမူမူက ခေတ္တရပ်တန့်သွားခဲ့သည်၊ “ဒါပေါ့၊ ကျွန်မမှာလည်း ရှိတယ်။”

ချီမော့က ယွမ် ၂ သန်းတန် သဘောတူစာချုပ်ကို အရေးကြီးတယ်လို့ စဉ်းစားလိမ့်မည်ဟု သူမ တကယ် မယုံကြည်ခဲ့ပေ။

ယောကျာ်းတွေရဲ့ ပါးစပ်ကနေ ထွက်သမျှ စကားတိုင်းက အလိမ်အညာတွေပဲ။

သူမ သူ့ကို နည်းနည်းလေးမှ မယုံဘူး။

ချီမော့ - “ကောင်းတယ်။”

ရှန်းမူမူက ပြုံးလိုက်သည်၊ “ဥက္ကဌချီ၊ ရှင်က ကျွန်မ ဒီသဘောတူစာချုပ်ကို ဖောက်ဖျက်ပြီး ထွက်ပြေးသွားမှာကို ကြောက်လို့ မေးနေတာလား။ ရိုးရိုးသားသားပြောရရင် အခု ရှင့်မီးခံသေတ္တာတွေရဲ့ စကားဝှက်ကို ကျွန်မ သိသွားပြီ။ တကယ်လို့ ကျွန်မသာ ထွက်ပြေးမယ်ဆိုရင် ကျွန်မနဲ့အတူ နောက်ထပ် များများထပ်ယူလို့ရပြီ။”

ဒါက သိသာထင်ရှားသည့် ဟာသတစ်ခုဖြစ်ပြီး သူတို့နှစ်ယောက်စလုံး ရယ်မောလိုက်ကြသည်။

အချိန်အတော်ကြာပြီးနောက် ချီမော့က ရယ်တာကို ရယ်လိုက်ပြီး အသံတိုးတိုးဖြင့် လေးနက်စွာ ပြောလိုက်သည်၊ “မင်း အဲ့တာကို ဖွင့်လို့ရတယ်၊ ဒါပေမယ့် ထွက်သွားဖို့ကိုတော့ မစဉ်းစားနဲ့။”

ရှန်းမူမူသည် ထိုလူက ရယ်စရာပြောနေတယ်လို့သာ မှတ်ယူပြီး “ကျွန် သိပါတယ်၊ သိပါတယ်၊ ကျွန်မ ထွက်ပြေးရင်တောင် မလွတ်နိုင်ဘူးဆိုတာ သိပါတယ်။”

ထိုည သူမ အိပ်မောကျသွားသည်အထိ ချီမော့ရဲ့ စကားတွေကို သူမ တွေးနေမိတုန်းပါပဲ။

“မင်း အဲ့တာကို ဖွင့်လို့ရတယ်၊ ဒါပေမယ့် ထွက်သွားဖို့ကိုတော့ မစဉ်းစားနဲ့။” ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ။

ဖြစ်နိုင်တာက…။

မကြာခင် အကြွေးပြန်ဆပ်ရတော့မယ့်ရက်နီးလာပြီဆိုတာကို သူမကို သူ သတိပေးနေတာလား။

လက်ရှိအချိန်တွင် အမှတ်တံဆိပ်ခွဲတစ်ခုကို တည်ထောင်ရန် သူမ စီစဉ်နေခဲ့သည်။

ဒီလိုအချိန်မျိုးမှာ ငွေလိုအပ်နေတဲ့နေရာတွေ အများကြီးရှိတယ်။ ထို့အပြင် သူမတို့ သဘောတူညီထားသော အချိန်ကို မရောက်သေးပေ။ ဘယ်လိုမျှ မဖြစ်နိုင်ဘူး။

သဘောတူထားသည့် အချိန်ကို ရောက်လျှင် သူမ ချီမော့ကို အချိန်ထပ်တိုးပေးဖို့ စိတ်အားထက်သန်စွာ တောင်းဆိုရပေမည်။

ရှန်းမူမူသည် စောင်လှန်လိုက်သည်။

မဟုတ်သေးဘူး၊ ဒါက အကူအညီတောင်းတဲ့သူဆီမှာ ရှိနေမယ့် သဘောထားမျိုး မဟုတ်ဘူး။ သူမ သူ့ကို အနည်းဆုံးတော့ ထမင်းတစ်နပ်လောက် ဧည့်ခံကျွေးမွေးသင့်တယ်မလား။

သူမ အချိန်ကို ကြည့်လိုက်သည်။

၁၀ နာရီ ၄၈ မိနစ်။

ယခုအချိန်လောက်ဆို ချီမော့တစ်ယောက် မအိပ်လောက်သေးဘူးလို့ ခန့်မှန်းရပေသည်။

ရှန်းမူမူသည် သူ့ထံ ဝီချက်ကနေ မက်ဆေ့ချ်ပို့လိုက်သည်။

“ရှင်ပြန်ရောက်တဲ့အခါကျရင် ကျွန်မ ရှင့်ကို ထမင်းတစ်နပ်လောက် ဧည့်ခံချင်တယ်၊ ရှင့်မှာ အချိန်ရှိလား။ [ခွေးလေးခုန်ဆွခုန်ဆွလုပ်နေတဲ့ရုပ်ပုံ. jpg]"

ချီမော့က ချက်ချင်းပြန်ဖြေသည်၊ “ကောင်းပြီ၊ ဘယ်အချိန်လဲ။”

ရှန်းမူမူက အချိန်သတ်မှတ်ချိန်းဆိုပြီးနောက် စုထင်းရန်ဆီကိုလည်း မက်ဆေ့ချ်တစ်စောင့် ပေးပို့လိုက်သည်။

မြို့တော်ရှိ မည်သည့်စားသောက်ဆိုင်မှာ ဧည့်ခံကျွေးမွေးဖို့ အကောင်းဆုံးလဲဆိုတာ သူမ သိထားသင့်ပေသည်။

ခါတိုင်းလိုပဲ စုထင်းရန်က မေးလာခဲ့သည်၊ “ဘယ်လို ညစာစားပွဲမျိုးလဲ၊ စီးပွားရေးအတွက်လား။”

ရှန်းမူမူ - “မဟုတ်ဘူး၊ ငါနဲ့ ချီမော့တို့ ပေါ့ပေါ့ပါးပါး ထမင်းစားရုံပဲ။”

စုထင်းရန် - “အိုကေ”

စုထင်းရန်သည် ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားခဲ့ပြီး သူမ ခင်ပွန်းပြန်လာတဲ့အခါ သူမတို့အတူသွားစားဖို့ သူမ၏ အကြိုက်ဆုံးစုဆောင်းမှုထဲမှာ မှတ်သားထားတဲ့ စားသောက်ဆိုင်ကို အကြံပြုပေးလိုက်သည်။

ရှန်းလဲ့သည် ရှေ့နေ့ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။

တရားရုံးသည် သူ့ဘဏ်အကောင့်တွေကို တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများဖြင့် ခေတ္တရပ်ဆိုင်းထားပြီး ရှန်းမူမူအား လျော်ကြေးပေးပြီးမှ သူ့ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

ဘန်း…။

“သွားစမ်း” ရှန်းလဲ့သည် အရက်သောက်ရင်း ဖုန်းထဲသို့ အော်ငေါက်လိုက်သည်။

ရှန်းလဲ့သည့် သတင်းတင်ဆက်နေသည့် တီဗီကို ဖန်ခွက်ဖြင့် ပစ်ပေါက်လိုက်သည်။

ဖန်ကွဲစများ နေရာအနှံ့ ဝဲပျံသွားခဲ့သည်။

တီဗီသည် အကြိမ် အနည်းငယ် တဖျစ်ဖျစ် မြည်ပြီးနောက် ဆက်လက်ပြသနေခဲ့သည်။

ရှန်းလဲ့သည် ကျိန်ဆဲရင်း ဆိုဖာပေါ်ကနေ ခြေဗလာဖြင့် ထရပ်ကာ အိတ်ကို လှမ်းယူပြီး သူ့မှာ ငွေဘယ်လောက်ကျန်သေးလဲဆိုတာကို စစ်ဆေးကြည့်ချင်ခဲ့သည်။

ရှန်းလဲ့သည် အရက်အမူးလွန်ပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။

ဖန်ကွဲစများက သူ့လက်ဖဝါးထဲကို နစ်မြုပ်သွားပြီး စူးရှရှ နာကျင်မှုက သူ့ကို ငြိမ်သက်သွားစေသည်။

ရှန်းလဲ့သည် ဒီအကြောင်းကိုတွေးလေလေ ဒေါသကြီးလာလေလေ ဖြစ်လာခဲ့သည်။

ဘာကြောင့်လဲ။

သူတို့ရဲ့ မျိုးရိုးနာမည်တွေက ရှန်း ဖြစ်ပေသည်။

ယခုဆိုလျှင် ရှန်းမူမူသည် ချမ်းသာကြွယ်ဝသော ဘဝမျိုးဖြင့် ဇိမ်ခံအိမ်ကြီးထဲတွင် နေထိုင်နေပြီး သူကတော့ ဒီလိုအခြေအနေမျိုးတွင် ရှိနေသည်။

ဘာကြောင့်လဲ။

သူ့မိဘတွေသာ အသက်ရှင်နေသေးလျှင်။

သူတို့က သူ့ကို သေချာပေါက် ကာကွယ်ပေးလိမ့်မည်ဖြစ်ကာ သူလိုချင်သမျှကို ပေးလိမ့်မည်။

ထိုအချိန်တွင် သူ့ဖုန်းမြည်လာခဲ့သည်။

သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုအကြံပေးက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုအကောင့်ထဲက ငွေအားလုံးကို ဘာဖြစ်လို့ လွှဲပြောင်းပေးလိုက်တာလဲလို့ သူ့ကို ဖုန်းခေါ်ပြီး မေးမြန်းလာခဲ့သည်။

သူက ပြန်မဖြေဘဲ ဖုန်းချလိုက်သည်။

အခု သူ့မှာ ဘာမှ မကျန်တော့ဘူး။

မွေးရပ်မြေမှာ သူ့မိဘတွေ ချန်ထားပေးခဲ့တဲ့ အိမ်လေး တစ်လုံးသာ သူ့မှာ ကျန်တော့သည်။

သူ မြို့တော်ကနေ အရှက်တကွဲ အကျိုးနည်းဖြင့် ထွက်သွားရမှာလား။

တီဗီတွင် ငွေကြေးဆိုင်ရာသတင်းများကို ထုတ်လွှင့်တင်ဆက်နေသည်။

ချီအုပ်စုနှင့် စင်္ကာပူရှိ ထိပ်တန်းကုမ္ပဏီတစ်ခုတို့သည် ရေရှည်ပူးပေါင်းဆောင်ရွက်သွားဖို့ရှိကာ ယနေ့တွင် ချီအုပ်စု၏ ဥက္ကဌသည် တစ်ဖက်ကုမ္ပဏီနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

“ချီအုပ်စု” ဟူသော စကားလုံး နှစ်လုံးကို သူ ကြားလိုက်ရသည်။

ရှန်းလဲ့သည် ရုတ်တရက် ခေါင်းမော့ပြီး သူ့အမူအရာက တင်းမာလာခဲ့သည်။

ဓာတ်ပုံထဲတွင် နာမည်ကြီးဒီဇိုင်နာချုပ်အနောက်တိုင်းဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသားက တစ်စုံတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်နေကာ ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့် ဆင်မြန်းထားသည်။

ရှန်းလဲ့သည် ချီမော့ကိုကြည့်ရင်း သူ့ဒေါသနှင့် မနာလိုစိတ်များကို မထိန်းနိုင်တော့ဘဲ ဆေးလိပ်ပြာခွက်ကို ကောက်ယူပြီး တီဗီကို ပစ်ပေါက်လိုက်သည်။

ကွဲအက်သံ နှစ်ခုကို ကြားပြီးနောက် တီဗီမျက်နှာပြင် မည်းမှောင်သွားခဲ့သည်။

ထိုအခိုက်အတန့်မှာ အရက်ရှိန်ကြောင့် နီမြန်းနေတဲ့ သူ့မျက်လုံးထဲတွင် ကောက်ကျစ်တဲ့ အလင်းတန်းတစ်ခု လင်းလက်သွားသည်။

ချီမော့က မြို့တော်မှာ မရှိဘူးလား။

ရှန်းလဲ့သည် ကြမ်းပြင်ပေါ်မှ သူ့ဖုန်းကို ကောက်ယူလိုက်ပြီး သူ့လက်ဖဝါးမှ နာကျင်မှုကို လျစ်လျူရှုထားခဲ့သည်။

ရှန်းလဲ့သည် ဒီမနက်ခင်းမှာ သူ တွေ့ခဲ့တဲ့ မက်ဆေ့ချ်ကို ချက်ချင်း ရှာဖွေလိုက်သည်။

အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် တွေ့ရှိသွားခဲ့ကာ သူ့မျက်လုံးများ မှေးကျဉ်းသွားခဲ့ပြီး သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံး တစ်ခု ပေါ်လာခဲ့သည်။ အဲဒါပဲ။

ယွဲ့ကျီပန်းဆိုင်။

အဲဒါက နာမည်ပဲ။

ဒီနေ့မနက်တုန်းက ထိုပန်းဆိုင်ကို ပရိုမိုးရှင်း လုပ်ပေးတဲ့ လူတစ်ယောက်ရဲ့ ဗီဒီယိုကို သူ တွေ့ခဲ့ပြီး ရှန်းမူမူက ထိုဆိုင်ရဲ့ သူဌေးအဖြစ် ကင်မရာမှာ ပေါ်လာခဲ့သည်။

ရှန်းလဲ့သည် ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အံတင်းတင်းကြိတ်ကာ “ငါ အဆင်မပြေဘူးဆိုရင် နင်လည်း ကောင်းကောင်းနေရမယ်လို့မထင်နဲ့” ဟု ရေရွတ်လိုက်သည်။

***

All Chapters