ကောင်းကင်နှင့်မြေကြီးလို ကွာခြားခြင်း
Vol. 6 Ch. 74
ရှန်းလဲ့ကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခြင်းနှင့် ရန်စခြင်း စသည့် အမှုတို့ဖြင့် ရဲစခန်းတွင် ထိန်းသိမ်းထားသည်။
မတော်တဆဖြစ်ပြီးသည့်နောက်တွင် ရှန်းမူမူက ရှေ့နေကိုခေါ်ကာ အခြေအနေကို ရှင်းပြထားပြီး ရှေ့နေက လာနေပြီ ဖြစ်သည်။
ရှန်းလဲ့ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမှုဖြင့်ပါ တရားစွဲလို့ရကြောင်း ရှေ့နေက ရှန်းမူမူကို ရှင်းပြခဲ့သည်။ ထိုစွဲဆိုချက်များအရ အကျဉ်းဒဏ် သုံးနှစ်ချလို့ရကြောင်း ပြောပြခဲ့သည်။
ရှန်းမူမူက ရှေ့နေ၏ ကျွမ်းကျင်မှုနှင့် လုပ်ဆောင်နိုင်စွမ်းကို လေးစားသွားပြီး ရဲစခန်းမှ စိတ်အေးစွာ ပြန်လာခဲ့သည်။
ပန်းဆိုင်ပြန်ရောက်တော့ ပန်းဆိုင်ရှိဝန်ထမ်းများ တစ်ယောက်မှမပြန်သေးသည်ကို တွေ့လိုက်ရသဖြင့် ရှန်းမူမူ အံ့ဩသွားခဲ့သည်။ သူတို့က ရှုပ်ပွနေသည်များကို ရှင်းနေကြသည်။
ပစ္စည်းများကို နေရာချရင်း လူတိုင်းက ယနေ့အဖြစ်အပျက်ကြောင့် ထိတ်လန့်နေကြသည်။
ရှန်းလဲ့ကြောင့် ဖြစ်သည့် အရှုပ်အထွေးများသည် သူတို့ တာဝန်ယူထားသည့်အလုပ် မဟုတ်ခြင်းကြောင့် ရှန်းမူမူက သူတို့ကို သန့်ရှင်းရေး မလုပ်ခိုင်းချင်ပေ။
သူမက လူတိုင်းကို အလုပ်နားခိုင်းကာ အိမ်ပြန်ခိုင်းလိုက်သည်။
သူမက သန့်ရှင်းရေးကုမ္ပဏီကို ဆက်သွယ်ကာ ကျန်သည့် ရှုပ်ပွနေသည်များကို သန့်ရှင်းပေးဖို့ခေါ်ခဲ့သည်။
ချန်ကျိုးက သန့်ရှင်းရေးကုမ္ပဏီက လူများ ရောက်လာသည်အထိ သူမနှင့်အတူ စောင့်ပေးမည်ဖြစ်ကြောင်း ပြောလာခဲ့သည်။
ရှန်းမူမူက အကြိမ်များစွာ ငြင်းပယ်ခဲ့ဖူးတာကြောင့် သူ့ကို နေခွင့်ပေးလိုက်သည်။
ပန်းဆိုင်တွင် သူတို့နှစ်ဦးသာ ကျန်ခဲ့ပြီး ချန်ကျိုးက ထိုင်ခုံကိုယူကာ ဖုန်သုတ်ပေးပြီး ရှန်းမူမူဘက်သို့ တိုးပေးကာ ထိုင်ခိုင်းလိုက်သည်။
ထို့နောက် သူက အအေးနှစ်ဘူးကို ယူခဲ့ပြီး သူမကို တစ်ဘူး ကမ်းပေးခဲ့သည်။
“အစ်မရှန်း သောက်ပါဦး။”
ရှန်းမူမူက လှမ်းယူပြီး ခပ်ဖွဖွပြုံးလိုက်သည်။ “ချန်ကျိုး ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။”
ချန်ကျိုးက မတုန်မလှုပ် အမူအရာဖြင့် အအေးဘူးကို ဖွင့်လိုက်သည်။ “ဒါ ကျွန်တော် လုပ်သင့်တဲ့ အလုပ်ပါ၊ သူဌေးကို ကာကွယ်ပေးရမှာကလည်း ကျွန်တော့်အလုပ်ပါပဲ။”
သူက စကားပြောပြီးသည်နှင့် ရယ်မောကာ အအေးသောက်လိုက်သည်။
ရှန်းမူမူက အအေးဘူးကို မသောက်ဘဲ ကိုင်ထားပြီး ချန်ကျိုး၏ပုံစံကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အအေးဘူးပေါ်က ရေစက်လေးများက သူမရဲ့ ဖြူဖွေးကာ သွယ်လျသည့် လက်ချောင်းပေါ်စီးဆင်းကာ လက်အောက်ဝတ်မှတဆင့် ကြမ်းပြင်သို့ ပြုတ်ကျသွားသည်။
ရွှင်ရွှင်ပျပျနေတတ်သည့် ချန်ကျိုးနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ကားမောင်းသမားနေရာတွင် ထိုင်နေသည့် ချန်ကျိုး၏ ပုံရိပ်က သူမအတွေးထဲ တစ်ချိန်တည်း ပေါ်လာခဲ့သည်။
ရှန်းမူမူက ဘာမှမပြောဘဲ အနည်းငယ်ပြုံးပြီးနောက် လက်ချောင်းလေးကို အနည်းငယ် ကွေးလိုက်သည်။
ထိုလူက လျှို့ဝှက်ချက်တွေ အများကြီးရှိကြောင်း သူမ သိသည်။
သူ ယွဲ့ကျီပန်းဆိုင်ကို ရောက်လာသည့် ရည်ရွယ်ချက်ကလည်း ရိုးရှင်းမည် မဟုတ်ပေ။
သို့သော အစောပိုင်းက သူ ရှန်းလဲ့ကို သူ့လက်က သွေးတွေစီးကျသည်အထိ အားကုန်တားမြစ်ခဲ့သည်ကို ပြန်တွေးလိုက်သည်။
ရှန်းမူမူက ထိုကိစ္စကို မမေးရန် ဆုံးဖြတ်ခဲ့လေသည်။
သူ့တွင် ယုတ်မာသည့်စိတ်ထား မရှိကြောင်း သူမ သေချာသည်။
သူမက သက်ပြင်းချပြီးနောက်တွင် အအေးဘူးကိုဖွင့်ကာ သောက်လိုက်လေသည်။
ချန်ကျိုးက မျက်လုံးထောင့်ကပ်ကာ သူမကို ကြည့်နေသည်။
သူမက နှာတံဖြောင့်ဆင်းကာ နူးညံ့သိမ်မွေ့သည်။
သူမ ပြုံးမနေသည့်အခါ သူမရဲ့ မျက်ခုံးက ယဲ့ယဲ့လေးနှင့် သူရဲကောင်းဆန်ဟန်ရှိသည်။
သူမ ပြုံးလိုက်သည့်အခါ စက်ဝိုင်းခြမ်းပုံစံလေးနှစ်ခုအဖြစ် ပြောင်းသွားသည်။
ရှန်းမူမူက သူမနှင့် အလွန်တူသည်။
ချန်ကျိုးက အတွေးထဲ နစ်မြုပ်နေပြီး ရှန်းမူမူက အအေးဘူးကိုချကာ သူ့ကို ကြည့်နေသည်ကို သတိမမူမိခဲ့ပေ။
“နေ့ခင်းကြီးကို ဘာတွေ အိပ်မက်မက်နေတာလဲ။” ရှန်းမူမူက နူးညံ့စွာ ပြုံးလိုက်ကာ သူမရဲ့ မျက်လုံးတွေက ကွေးညွတ်သွားခဲ့သည်။ “တကယ်တော့ ကျွန်မကို အဖော်ပြုပေးနေစရာ မလိုပါဘူး၊ မကြာခင်ပဲ သန့်ရှင်းရေး ကုမ္ပဏီကလူတွေ ရောက်လာတော့မှာပါ။”
ချန်ကျိုးရဲ့ နှုတ်ခမ်းတွေ အနည်းငယ် လှုပ်ခတ်သွားပြီးမှ မေးခွန်း ထုတ်လာခဲ့လေသည်။ “စောနကလူက အစ်မရှန်းရဲ့ အစ်ကိုလား။”
ချန်ကျိုး ယခုလို ရုတ်တရက်ကြီး မေးလာလိမ့်မည်ဟု ရှန်းမူမူ မထင်ခဲ့ပေ။
သူမ မည်သို့ ပြန်ဖြေရမည်ကို မသိခဲ့ပေ။
သူမနှင့် ရှန်းလဲ့က မျိုးရိုးနာမည်တူကာ မိခင် မတူစရာ အကြောင်း မရှိပေ။
သူတို့က မိခင်တူညီသည်။
အဘယ်ကြောင့် အမျိုးသားနှင့် အမျိုးသမီးအပေါ် ဘက်လိုက်မှု ရှိနေသနည်း။
မူလပိုင်ရှင်ကို ဆွေမျိုးတွေထံမှ မွေးစားခဲ့ခြင်းကြောင့်လား။
ဖြစ်နိုင်ခြေရှိသည့် အဖြေကို မရသေးသဖြင့် သူမက ပြန်လည်ဖြေကြားခြင်း မရှိဘဲ မေးခွန်းပြန်မေးခြင်းဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
သူမက အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမရဲ့ အကြည့်တွေက ရှင်းလင်းနေသည်။ “ဘာလို့လဲ၊ ကျွန်မက မိသားစုထဲကလူနဲ့ မတူလို့လား။”
“မတူဘူး၊ ရုပ်ရည်နဲ့ အကျင့်စရိုက်က ကွာခြားနေတယ်။” ချန်ကျိုးက ပြတ်သားစွာ ပြန်ဖြေခဲ့သည်။ “ကောင်းကင်နဲ့ မြေကြီးလိုပဲ။”
သူ့စကားကြောင့် ရှန်းမူမူက ပြုံးလိုက်တော့ ပါးချိုင့်လေး ပေါ်သွားခဲ့သည်။ “ရှင်က လူတွေကို ဘယ်လိုချီးကျူးရမလဲဆိုတာ တော်တော်သိသားပဲ။”
သူမရဲ့အပြုံးကိုမြင်တော့ ချန်ကျိုးကလည်း ပြုံးလိုက်လေသည်။
သူ့မျက်လုံးတွေက တောက်ပနေကာ ပါးချိုင့်နှစ်ဖက်ကို စူးစိုက်ကြည့်နေခဲ့သည်။
သူ့အသက်က ၂၇ဖြစ်ကြောင်းကို သေချာမသိထားပါက သူ့ရုပ်ရည်ကိုကြည့်ခြင်းဖြင့် ခပ်ဆိုးဆိုး ကျောင်းသားလေး တက္ကသိုလ်မှ ဘွဲ့ရခါစဟု လူတွေ ထင်နိုင်သည်။
ချန်ကျိုးက တံတောင်ဆစ်ကို ထိုင်ခုံလက်ကိုင်တွင် သာမန်ကာလျှံကာ ထောက်လိုက်ပြီးနောက် ထပ်မေးလိုက်သည်။ “စကားမစပ် အစ်မရှန်းက ငယ်ငယ်လေးကတည်းက ကျင်းမြို့မှာ ကြီးပြင်းလာတာလား။”
ယခုမေးခွန်းကိုတော့ မည်သို့ဖြေဆိုရမည်ကို ရှန်းမူမူ သိသည်။
မူလပိုင်ရှင်၏ အကြောင်းကို သူမ စုံစမ်းခဲ့ဖူးသည်။
သူမ ငယ်ငယ်တုန်းက တောင်ပိုင်းက မြို့တွင် မိဘ၊ အစ်ကိုတို့ဖြင့် အတူနေထိုင်ခဲ့သည်။
ဘွဲ့ရပြီးသည့်နောက်တွင် သူက ကွမ်းမြို့တွင် အလုပ်သွားလုပ်ခဲ့သည်။
ထို့နောက် အဘွားအိုကို ဆေးရုံလိုက်ပို့ရင်း မေ့မြောနေသည့် အဖွားချီဖြင့် ဆုံခဲ့သည်။
အဘွားအို၏ မိတ်ဆက်ပေးမှုဖြင့် မစ္စတာချီနှင့် သိကျွမ်းခဲ့ကာ သူ့ကို ကျင်းမြို့ကို လိုက်ပို့ရင်း သဘောတူညီမှုဖြင့် လက်ထပ်ခဲ့သည်။
“ကျင်းမြို့မှာ ကြီးပြင်းလာတာ မဟုတ်ဘူး။” ရှန်းမူမူက ပြန်ဖြေခဲ့သည်။
ချန်ကျိုး၏ မျက်လုံးထဲတွင် အလင်းတန်း တစ်ခု မသိမသာ ဖြတ်ပြေးသွားခဲ့သည်။ သူက ထိုင်ခုံတွင် ပျင်းရိပျင်းတွဲ မထိုင်တော့ဘဲ ကိုယ်ကို အရှေ့သို့ ကိုင်းလိုက်သည်။ “ဒါဆို...။”
သူ့စကားမဆုံးသေးခင်မှာပဲ သန့်ရှင်းရေးကုမ္ပဏီက ဝန်ထမ်း ငါးဦးက တစ်ယောက်ပြီး တစ်ယောက် ပန်းဆိုင်ထဲ ဝင်လာခဲ့သည်။
ရှန်းမူမူက သူတို့ကို သွားနှုတ်ဆက်ပြီးနောက်တွင် မည်သည့်နေရာကို သန့်ရှင်းရမည့်အကြောင်း၊ မည်သည့်နေရာတွင်တော့ ဂရုစိုက်ကာ သန့်ရှင်းရမည့်အကြောင်းများ ပြောခဲ့သည်။
ချန်ကျိုးက နှုတ်ခမ်းကို တင်းကြပ်စွာ စေ့ထားလိုက်သည်။
သူ့လည်ချောင်းထဲက ဆန်ထွက်တော့မည့် စကားကို ပြန်ထိန်းချုပ်လိုက်လေသည်။
ကိစ္စမရှိဘူး။ အလျင်မလိုပါဘူး။
နောက်တစ်ခေါက် အခွင့်ကြုံမှ မေးလို့ ရတယ်။
သူက အသက်ပြင်းပြင်းရှူပြီးနောက် ကူညီပေးရန် ထလိုက်သည်။
ယွဲ့ကျီပန်းဆိုင် ဖျက်စီးခံရသည့်သတင်းက အမျိုးသမီးတွေကြားထဲ လျင်မြန်စွာ ပြန့်သွားခဲ့သည်။
လူတွေရှိသည့်နေရာတွင် လူ့အသိုင်းအဝိုင်း ရှိသည်။
ရှီယွီယွဲ့ဗီလာဝန်းက ချမ်းသာသည့် အမျိုးသမီးအသိုင်းအဝိုင်းထဲက တစ်ယောက်က မတော်တဆဖြစ်သည့်အချိန်တုန်းက ဆိုင်ဘေးမှ ဖြတ်သွားရင်း မှတ်တမ်းတင်ထားသည့် ဗီဒီယိုကို group chatတွင် တင်ခဲ့လေသည်။
(မစ်ချီရဲ့ ပန်းဆိုင်ကို သူက ဘာလို့ ဖျက်စီးတာလဲ။)
(စိတ္တဇဖြစ်နေတာများလား။)
(အို ဒီလူကို ရင်းနှီးနေတယ်၊ သိပ်မကြာခင်တုန်းက ဒီလူကို ဗီလာဝန်းဝင်ပေါက်မှာ မကြာခဏ တွေ့ဖူးနေတယ်။)
(အာ၊ ရှင်ပြောမှပဲ ကြောက်ဖို့ကောင်းလိုက်တာ၊ သူက ပြစ်မှုကျူးလွန်ရတာကို စွဲလမ်းနေတဲ့လူများလား၊ @မန်နေဂျာ လုံခြုံရေးကို တိုးမြင့်ပေးပါ။)
(ဟုတ်တယ်၊ ယွဲ့ကျီပန်းဆိုင်က ဗီလာနဲ့နည်းနည်းဝေးတယ်ဆိုပေမယ့် တစ်နေ့ကျ ဗီလာထဲ ဝင်လာရင် ဘယ်လိုလုပ်မလဲ။)
လူအားလုံး စိတ်အေးစေရန်အတွက် ရှန်းမူမူက ဝင်ဖြေလိုက်သည်။ (အားလုံးပဲ စိတ်အေးအေးထားကြပါ၊ သူ့ကို ရဲတွေ ထိန်းသိမ်းထားပြီမလို့ အချိန်အကြာကြီးအထိ ထွက်လာနိုင်မှာ မဟုတ်ပါဘူး။)
(တော်သေးတာပေါ့၊ မစ်ချီ အဆင်ပြေရဲ့လား။)
(ဗီဒီယိုထဲမှာ မမြင်ဘူးလား၊ ပန်းဆိုင်က မန်နေဂျာ အချောလေးက အချိန်မှီ ပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်လေ၊ အဲအပိုင်းကို မကြာခဏ ပြန်ကြည့်မိနေတယ်။)
(နောက်ဆုံးတော့ ငါနဲ့အဖြစ်တူတဲ့လူကိုတွေ့ပြီ ဟီးဟီး၊ ဒီလူငယ်လေးက သိပ်တော်တာ၊ ညနေခင်းဆိုရင် မျက်စိအစာကျွေးဖို့ ပန်းဆိုင်ကို ခဏခဏသွားခဲ့တယ်။)
(ငါ အဲဒါကို မမြင်လိုက်ဘူး၊ သက်တော်စောင့်တွေ အဲ့အရူးကို ပြေးကန်တာပဲ မြင်လိုက်တယ်။)
(မစ်ချီက သက်တော်စောင့်တွေခေါ်ထားဖို့အထိ တွေးခေါ်တတ်လိုက်တာ၊ မဟုတ်ရင် ဘယ်လိုအန္တရာယ်နဲ့ကြုံမလဲဆိုတာ မသိနိုင်ဘူးလေ။)
(ပိုက်ဆံလိုချင်တဲ့လူကိုဆိုရင် ပိုက်ဆံပေးလိုက်ရင် ရသေးတယ်၊ အခုလို ပစ္စည်းတွေ ရိုက်ခွဲတဲ့ စိတ္တဇသမားနဲ့ တွေ့ရင်တော့ ဖြေရှင်းစရာ မရှိဘူး။)
လူတိုင်းက ဇိမ်ပြေနပြေ စာပို့နေကြသည်။
ရုတ်တရက် ဝင်လာသည့် စာတစ်ကြောင်းကြောင့် သက်ဝင်လှုပ်ရှားနေသည့် အမျိုးသမီးထုကြီး၏ စကားဝိုင်းက တိတ်ဆိတ်သွားလေသည်။
နာမည်ပြောင် (1)နှင့် လူက စာတစ်စောင် ပို့လိုက်လေသည်။
(အဲ့လူက မစ်ချီက သူ့ညီမလို့ပြောသံကြားလိုက်တယ်။)
မိုးကြိုးပစ်ချလိုက်သလို မိနစ်ဝက်လောက်အထိ ပြန်ဖြေသည့်လူ မရှိခဲ့ပေ။
လူတိုင်းက ထိုစာသားအပေါ် တွေးတောနေကြသည်။
ထို့နောက် စာများ တစ်စောင်ပြီး တစ်စောင် ပေါ်လာခဲ့သည်။
(???)
(နားကြားမှားတာများလား၊ ဘယ်လိုလုပ်ပြီး မစ်ချီရဲ့ အစ်ကို ဖြစ်ရမှာလဲ။)
(သူ့အစ်ကိုသာဆိုရင် ဘာလို့ မစ်ချီရဲ့ ဆိုင်ကို ဖျက်စီးရတာလဲ။)
(သွေးသားတော်စပ်တဲ့မောင်နှမလား။)
Group chat ထဲက စာတွေက တစ်စောင်ပြီး တစ်စောင် ဝင်နေသည်။
Group chat ထဲကအမျိုးသမီးတွေက ရှန်းမူမူရဲ့ အတည်ပြုပေးမှုကို စောင့်ဆိုင်းနေကြဟန်တူသည်။
တချို့က (1)ဖြစ်သူ၏ သက်သေကို စောင့်ဆိုင်းနေကြသည်။
ရှန်းမူမူက ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားပြီးမှ သက်ပြင်းချလိုက်သည်။
သူမက ပြန်ဖြေလိုက်သည်။
(ဟုတ်ပါတယ်၊ သူက ကျွန်မ အစ်ကိုပါ။)
လူတိုင်း သိမြင်ကာ ကြားပြီးပြီဆိုမှတော့ ဖုံးကွယ်ထားမည့်အစား အမှန်တိုင်းပြောလိုက်ခြင်းက ပိုကောင်းသည်။
ထို့အပြင် ရှက်ရမည့်လူက သူမ မဟုတ်ဘဲ ရှန်းလဲ့သာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှီယွီယွဲ့ဗီလာဝန်း၏ ဗီလာတစ်ခုတွင် လူတစ်ဦးက လက်သီးတင်းတင်းဆုပ်ကာ ရှန်းမူမူ၏ စာကို အေးစက်သည့် အကြည့်ဖြင့် ကြည့်နေသည်။
***