← Chapters

သေစမ်း

Vol. 1 Ch. 302

သေစမ်း

Vol. 1 Ch. 302

"ငါ ... ကျန်းရီရဲ့ အလောင်းကို နင်းသွားမှရမယ်"

ကျန်းရီ၏ ကြေညာချက်သည် လေထုတစ်ခုလုံးအား လေးလံသွားစေသည်။ စစ်တပ်ကို ဦးဆောင်လာကြ သူများသည် သူတို့ ကျန်းရီကို သတ်လိုက်လျှင်တောင် နတ်ဆိုးဧကရီ ဝင်မပါလောက်ဟု ခံစားနေရသော်လည်း တကယ်တမ်း သတ်ရမည် ဆိုသောအခါ တွေဝေနေကြသည်။

"တိုက်ကြ"

နောက်ဆုံးတွင် စစ်သူကြီးလုံသည် လက်မြှောက်ကာ အမိန့်ပေးလိုက်သည်။ သူသည် စစ်သည်တစ်ဦးဖြစ်၍ အင်ပါယာ၏ အမိန့်ကိုသာ နာခံသည်။ မင်းသမီးလင်းရွှယ်သည် မည်သည့်ကိစ္စ ဖြစ်လာလာ ရှားနိုင်ငံကို မဖြစ်မနေ ဖျက်ဆီးရမည်ဟု ရာဇသံ ပေးလိုက်သည်။ ယခုတိုက်ပွဲသည် နှစ်ပေါင်း တစ်သောင်းအတွင်း မိုးပြာနဂါး အင်ပါယာ၏ ပထမဆုံး တိုက်ပွဲလည်း ဖြစ်နေသည့်အတွက် သူတို့ ကျရှုံး၍မရပေ။ သူသည် အခြား စစ်သူကြီးများကို ကျန်းရီကိုရှောင်၍ တိုက်ကြရန် တိတ်တဆိတ် လက်ဟန်ပြလိုက်သည်။

ကျန်းရီသည် လူတစ်ဦးတည်းသာ ဖြစ်၍ သူတို့တွင် စစ်တပ်ကြီးတစ်ခု ရှိသည်။ ကျန်းရီသည် သူတို့အားလုံးကို ရှင်းပစ်နိုင်မည် မဟုတ်ချေ။ ကျန်းရီကို လျစ်လျူရှု၍ ရှားယွိမြို့ကို သိမ်းပိုက်သည်ကသာ ပို၍ မကောင်းပေလော။

"တိုက်ကြ"

ဒုတိယမြောက် အမိန့်ပေးသူမှာ ရှားဝူဟွေ့ ဖြစ်သည်။ သူသည် ထိုက်ရှစ်ကျန်းကို မျက်ရိပ်ပြ၍ ကျန်းရီအား အရင်သတ်ရန် တောင်းဆိုလိုက်သည်။

"ဗုန်း ... ဗုန်း ... ဗုန်း"

ရှန်ဝူနိုင်ငံ၏ စစ်တပ်သည် စတင်ချီတက်ကြပြီး သံမဏိ လှိုင်းလုံးကြီးပမာ ကျန်းရီထံ တိုက်ရိုက်ဦးတည် သွားကြသည်။ ကျန်းရီသည် ရှန်ဝူနိုင်ငံကို စော်ကားမော်ကား လုပ်ထားခဲ့ရာ သူတို့သည် ထိုအရှက်ရမှုကို ပြန်လည်ဆေးကြောရန် အခွင့်အရေးကြီးကို လက်လွှတ်မခံနိုင်ကြပေ။

"အားလုံး ရှေ့တက်ကြ"

ကျင်းရှန်နိုင်ငံမှ စစ်သူကြီးအိုကြီးနှင့် ရှန်မိနိုင်ငံမှ စစ်သူကြီးတို့ကလည်း အမိန့်ကိုယ်စီ ပေးလိုက်ကြသည်။ မြောက်ဘက် မန့်နိုင်ငံနှင့် လျန်နိုင်ငံတို့ကလည်း သူတို့၏ နှင်းကဲ့သို့ ဖြူဆွတ်နေသော၊ မြင်းနှင့်ရော ခြင်္သေ့နှင့်ပါတူသည့် သားရဲဆန်းကြီးများကို စီး၍ ချီတက်ကြသည်။ မြေပြင်ပေါ်မှ စစ်ချီသံများသည် နားစည်များကို နာကျင်စေသည်အထိ ကျယ်လောင်နေသည်။ နေရာတိုင်းမှ လူသတ်ငွေ့များသည် ရှားယွိမြို့၏ လေထုကို အေးစက်နေစေသည်။

“သတ်ကြ"

စုလောရွှယ်သည် ကျောက်စိမ်းပမာ ဖြူသွယ်သော လက်ကိုမြှောက်၍ စုတိဝမ်၏ကိုယ်စား အမိန့်ပေးလိုက်သည်။ စုဂိုဏ်းမှ အကြီးအကဲများသည် အနည်းငယ် စိတ်ပျက်သွားကြသည်။ သူတို့သည် ကျန်းရီ ရုတ်တရက် ရောက်ချလာသည်ကို မြင်ကြသောအခါ ကျန်းရီ ဤအခြေအနေကို ပြောင်းလဲ ပေးနိုင်မည်လားဟု မျှော်လင့်မိခဲ့ကြသည်။ သို့သော် ကျန်းရီသည် တစ်ဦးတည်း လာရောက်၍ တိုက်ပွဲမစခင်တွင် စကားနည်းနည်းကိုသာ ပြောလိမ့်မည်ဟု မည်သူကမှ မထင်ထားကြပေ။ ကျန်းရီသည် သူ့ကိုယ်သူ နတ်ဆိုးဧကရီဟု ထင်နေသည်လော။ စစ်တပ်များထဲတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် များစွာရှိသည်။ လူအမြောက်အမြားကို သူမသတ်နိုင်ခင်တွင် သူတောင် အရင် အသတ်ခံရနိုင်သည်။

"ဝှစ်"

သူသည် သူတို့အား မျှော်လင့်ချက်ပေးပြီးမှ စိတ်ပျက်အားငယ်စရာ ခံစားချက်ကို ပေးနေပြန်သည်။ စုဂိုဏ်းသားများသည် အံကြိတ်၍ စစ်တပ်ကြီးရှိရာဆီ ဆက်လက်ချီတက်ကြသည်။ သူတို့အားလုံး၏ မျက်လုံးများတွင် သေသည်အထိ တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားသည့် အရိပ်အယောင်များ ပေါ်ထွက်နေကြပြီး မည်သူကမှ အံ့ဖွယ်ဖြစ်ရပ်များ ဖြစ်လာမည်ဟု မမျှော်လင့်ကြတော့ပေ။ သူတို့သည် ရန်သူများကို သတ်နိုင်သမျှ သတ်ကာ သေဆုံးသွားသည့် သန်းပေါင်းများစွာသော ရှားနိုင်ငံပြည်သူများနှင့် ရက်စက်စွာ အသတ်ခံလိုက်ရသော စုဂိုဏ်း၏ မျိုးဆက်များအတွက် လက်စားချေပေးရန် ဆုံးဖြတ်ချက် ချထားကြသည်။

ပြင်းထန်လှသော တိုက်ပွဲကြီး စတင်ခဲ့ချေပြီ။

နှစ်ဖက်စလုံးမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် လူထူထပ်သော နေရာများထံ ချိန်ရွယ်ကာ အတွင်းအား တိုက်ခိုက်မှုများ ပြုလုပ်လိုက်ကြသည်။ နေရာတစ်ခုလုံးတွင် စစ်သည်များ ရှိနေရာ သူတို့သည် တစ်စုံတစ်ယောက်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိဘဲ ပေါက်ကွဲမှုအား ပြင်းမည်ကိုသာ လိုချင်ကြသည်။

ထိုအခိုက်အတန့်တွင် ရှားယွိမြို့၏ ကောင်းကင်ပြင်၌ အရောင်အသွေး စုံလင်လှသော အတွင်းအား မျိုးစုံတို့ ဖုံးလွှမ်းနေသည်။ မြင်ကွင်းသည်ကား ခမ်းနားသည်၊ လှပသည်။ သို့သော် ထိုအတွင်းအား တိုက်ခိုက်မှုများမှ ကြောက်စရာ ကောင်းလှသော ဖိအားတို့သည် အားနည်းသော စစ်သည်များ၏ ခန္ဓာကိုယ်ကိုရော စိတ်ဝိညာဉ်ကိုပါ တုန်လှုပ်စေသည်။

"ဗုန်း ... ဗုန်း ... ဗုန်း"

အတွင်းအား ပေါက်ကွဲမှုများ ဆက်တိုက် ထွက်ပေါ်လာပြီး လူများစွာ သေကျေ ကုန်ကြသည်။ ခြေပြတ်၊ လက်ပြတ်များ၊ အသားများ၊ အသွေးများသည် ပြန့်ကျဲသွားကြသည်။ ချောက်ချားဖွယ် အော်ဟစ်သံများ၊ စစ်မြင်းတို့၏ ဟီသံများ၊ သားရဲများ၏ ဟိန်းဟောက်သံများ၊ စစ်သည်တို့၏ ကြုံးဝါးသံများက အမျိုးစုံစွာ ထွက်ပေါ်နေသည်။ ရှားယွိမြို့၏ မြို့ပြင်သည် အလောင်းလွှမ်းသော မြေပြင်အဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။

အတွင်းအား တိုက်ခိုက်မှုများသည် ကျန်းရီထံသို့လည်း ကျဆင်းလာခဲ့သည်။ သူ၏ မီးဝိညာဉ်ပုလဲသည် ချက်ချင်း တောက်ပလာခဲ့ပြီး ကမ္ဘာ့မီးလျှံများ ဖြာထွက်လာသည်။ မီးဝိညာဉ်ပုလဲထဲတွင် ကမ္ဘာ့မီးလျှံ အမြောက်အမြား မကျန်တော့ပေ။ သို့သော် အတွင်းအား တိုက်ခိုက်မှုများသည် များပြားလွန်းရာ သူရွေးစရာ မရှိဘဲ ထုတ်သုံးရတော့သည်။

တစ်ချိန်တည်းတွင် သူသည် မီးနဂါးဓားကို ဝှေ့ယမ်းလိုက်သည်။ မီးနဂါးကို မသုံးလျှင် ကမ္ဘာ့မီးလျှံ တစ်ခုတည်းနှင့် အတွင်းအား တိုက်ခိုက်မှုများကို တားဆီးရန် မဖြစ်နိုင်ပေ။

"ဗုန်း"

မီးနဂါးနှစ်ကောင်နှင့် အတွင်းအား တိုက်ခိုက်မှုများ တိုက်မိသွားကြပြီး ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။ ပေါက်ကွဲမှုကြီးသည် မြေသားများကိုပါ လွင့်ထွက်သွားစေ၍ ကောင်းကင်တွင် မြေမှုန်များ လေပြင်းနှင့် လွင့်နေသည်မှာ ကမ္ဘာကြီး၏ အဆုံးသတ်အလားပင်။

"ဝှစ်"

ကျန်းရီသည် လေပြင်းများကို ရင်ဆိုင်၍ ဒေါသတကြီး ပြေးလာခဲ့သည်။ သူ၏ အတိုက်အခိုက် စွမ်းအားမှာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်နှင့် နှိုင်းယှဉ်၍ ရနေပြီဖြစ်သော်လည်း အမြန်နှုန်းနှင့် ခုခံနိုင်စွမ်းတို့မှာ အဆင့်မတူသေးချေ။ ပို၍ဆိုးသည်မှာ သူသည် အတွင်းအား တိုက်ခိုက်မှုများ မပြုလုပ်နိုင် သေးသည့်အပြင် မီးနဂါးဓား၏ သက်ရောက်နိုင်သော အကွာအဝေးမှာ တိုတောင်းလွန်းနေခြင်း ဖြစ်သည်။ အခြား စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပထမအဆင့်များ ဆိုလျှင် အတွင်းအား တိုက်ခိုက်မှုများကို မိုင်အမြောက်အမြား အကွာအဝေး ရောက်အောင် အသာလေး ထုတ်ဖော်နိုင်ပြီး ကျန်းရီမှာမူ မီတာရာဂဏန်းခန့် အထိသာ ထုတ်ဖော်နိုင်ခြင်း ဖြစ်လေသည်။

"ဗုန်း ... ဗုန်း ... ဗုန်း"

ကျန်းရီသည် မီးနဂါးဓားကို အသုံးပြု၍ လမ်းရှင်းနေခဲ့ပြီး လိုအပ်လာလျှင် ကမ္ဘာ့မီးလျှံများကိုပါ သုံးကာ ရှန်ဝူနိုင်ငံ၏ စစ်တပ်ဆီ အတင်းတိုးဝင် သွားခဲ့သည်။ မထင်မှတ်ထားစွာ ရှန်ဝူနိုင်ငံ၏ စစ်တပ်မှ စွမ်းအားမြင့်သူများသည် သူ့ကို မတိုက်ခိုက်ကြသလို ရှေ့တက်လာခြင်းလည်း မရှိကြပေ။ သို့မဟုတ်လျှင် ကျန်းရီသည် ပထမတစ်ချီ တိုက်ခိုက်မှုများကို ထိုမျှလွယ်လွယ် ခုခံနိုင်မည် မဟုတ်ချေ။

လူအများစုသည် သူတို့ ကျန်းရီကို သတ်လိုက်လျှင်တောင် နတ်ဆိုးဧကရီ ဝင်မပါဟု သိထားကြသည်။ သို့သော်လည်း အနှီစွမ်းအားမြင့် သူများသည် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ထားကြပြီး မည်သူမှ ကျန်းရီကို ကိုယ်တိုင် မသတ်ဝံ့ကြချေ။ အကယ်၍ နတ်ဆိုးဧကရီက ဤကိစ္စကို ကိုယ်တိုင်လာရောက် စုံစမ်းခဲ့သည်ရှိသော် သူမ၏ စကားတစ်ခွန်းဖြင့်ပင် သူတို့ခေါင်းများ ပြုတ်သွားရန် လုံလောက်သည်။

ထို့ပြင် အရေးအကြီးဆုံးမှာ ကျန်းရီ၏ ဇာစ်မြစ် ဖြစ်သည်။

ကျန်းရီသည် ကျန်းပိုင်လီ၏ သားဖြစ်ပြီး ကျန်းပိုင်လီသည် သူ့သားကို ကျန်းမိသားစုမှ ထုတ်ပယ်ကာ သံယောဇဉ် ဖြတ်ထားသော်လည်း ကျန်းပိုင်လီ ဘာတွေးနေသည်ကို ဘယ်သူကမှ မသိကြချေ။ သူသည် စိတ်ထဲတွင် အငြိုးထား၍ နောင်မှ စာရင်းရှင်းမည် ဆိုလျှင် မည်သို့လုပ်မည်နည်း။ သူ၏ လုပ်နိုင်စွမ်းနှင့် ဆိုလျှင် သူတို့ကို သတ်ရန်မှာ အလွယ်လေးပင်။

မြင်ကွင်းမှာ ထူးဆန်းနေပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အနိမ့်ပိုင်းအဆင့်များမှ လူများသည်ပင် အတွင်းအား တိုက်ခိုက်မှုများကို ရပ်လိုက်ကြပြီး ချီတက်နှုန်းကိုလည်း လျှော့ချလိုက်ကြကာ သူတို့၏ နောက်လိုက်များကိုသာ ကျန်းရီထံ ပြေးသွားစေလေသည်။

"ဝှစ်"

ကျန်းရီသည် မိုင်တော်တော်များများ ပြေးလာခဲ့ပြီဖြစ်ပြီး သူထံ ပြေးဝင်လာနေကြသော အဆုံးမရှိသည့် ရှန်ဝူစစ်သည်များကို မြင်နေရလေသည်။ သူသည် အနည်းငယ်မျှတောင် ခြေလှမ်းများကို ရပ်တန့်လိုက်ခြင်း မရှိဘဲ စစ်တပ်အလယ်မှ ရှားဝူဟွေ့ကိုသာ သွေးနီရောင် မျက်လုံးတစ်စုံနှင့် စိုက်ကြည့်လိုက်ပြီး ရက်စက်သော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ ဤအခြေအနေအထိ ရောက်လာခဲ့ပြီးဖြစ်ရာ သူ့တွင် အခြားပြောစရာများ မရှိတော့ချေ။ ရှားဝူဟွေ့သည် သူ့ကို သတ်ချင်နေသည် ဖြစ်ရာ သူကလည်း အခွင့်အရေးရသည်နှင့် ရှားဝူဟွေ့၏ ခေါင်းကို ဖြတ်မည်ဖြစ်သည်။

"သတ်ဖြတ်ခြင်း အင်အား"

သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာခဲ့ပြီး စစ်တပ်၏ ရှေ့တန်းမှ လူများသည် နှေးကွေးသွားကြသည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့်များသည် ဖိအားကြောင့် လှုပ်ရှား၍ပင် မရကြတော့ချေ။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အနိမ့်ပိုင်း အဆင့်များတောင် သက်ရောက်ခြင်း ခံနေရပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့် အထက်များသာ ဖိအားဒဏ်ကို မခံရခြင်းဖြစ်သည်။

"ဝှစ်"

ကျန်းရီသည် စစ်တပ်အတွင်း ဓားတစ်လက်ပမာ တိုးဝင်သွားခဲ့ပြီး မီးနဂါးဓားကို ဝှေ့ယမ်း၍ မီးနဂါးနှစ်ကောင်ကို ထုတ်ဖော်လိုက်သည်။ မီးနဂါးများနှင့် ထိတွေ့ သွားသူတိုင်းသည် အမှုန့်များ ဖြစ်သွားကြပြီး စစ်တပ်အတွင်း မီးနဂါးများ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် ကွက်လပ်အလွတ် အတန်းလိုက်ကြီး ကျန်ရစ်သည်။ ထို့နောက် သူသည် ဘေးနှစ်ဖက်မှ ခရမ်းရောင် နန်းတော်ရှင် အဆင့်များကို လျစ်လျူရှုကာ အနောက်ဘက်မှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တပ်မှူးများ ရှိရာသို့ ပြေးသွားလိုက်သည်။

"သေစမ်း"

အနောက်မှ စစ်သူကြီးများ ရှေ့တက်နေသောကြောင့် အရှေ့မှ တပ်မှူးများသည် ကျန်းရီထံ သားရဲများပမာ ပြေးဝင်လာကြသည်။ သူတို့သည် ကျန်းရီအနီးသို့ ရောက်သည့်အခါ စတင် တိုက်ခိုက်ကြတော့သည်။ တပ်မှူးများထဲမှ တစ်ယောက်တွင် အပြာရောင် အလင်းများ ဖြာထွက်နေသည့် ပုဆိန်ကြီးတစ်လက် ရှိသည်။ ထိုသူသည် ပုဆိန်ကြီးကို စက်ဝိုင်းခြမ်းပုံစံ ဝှေ့ယမ်းလိုက်ရာ စွမ်းအင်လှိုင်းကြီး တစ်ခုသည် ပင်လယ်လှိုင်းကြီး တစ်ခုပမာ ထွက်ပေါ်လာခဲ့သည်။ ကျန်လူများသည်လည်း သိုင်းကွက် အသီးသီးကို ထုတ်ဖော်ကာ ကျန်းရီအား ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။

သူတို့အနီးတွင် ရှန်ဝူစစ်တပ်မှ စစ်သည်များသာ ရှိနေသောကြောင့် မည်သူကမှ အတွင်းအား တိုက်ခိုက်မှုများ မပြုလုပ်ကြပေ။ တိုက်ခိုက် နေကြသူတိုင်းသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် စတုတ္ထအဆင့်၌ ရှိသော ပုဆိန်ကြီးနှင့် လူကဲ့သို့ပင် အတိုက်အခိုက် စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။ ထိုတိုက်ခိုက်မှုများမှ စွမ်းအားများကို အလွယ်တကူ မှန်းဆကြည့်နိုင်ပါသည်။

"သေစမ်း"

သို့သော် ထိုအဆင့်ရှိသော လူများသည် ကျန်းရီအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။ အစောပိုင်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ကမ္ဘာ့မီးလျှံများသည် ကျန်းရီ၏ ကိုယ်မှ ရူးသွပ်စွာ ထွက်ပေါ်လာကြသည်။ ကျန်းရီသည် မီးနဂါးဓားကို စိတ်ဝိညာဉ်မျောလွင့် ခရီးသည် စတုတ္ထအဆင့် လူနှင့် ထိုသူ့ဘေးမှ တပ်မှူးနှစ်ယောက်ထံ ဦးတည်၍ ဝှေ့ယမ်းလိုက်သည်။ ဤတစ်ကြိမ်တွင် မီးနဂါးဓားသည် ရိုးရိုးတန်းတန်း မီးနဂါး နှစ်ကောင်ကိုသာ ထုတ်ပေးခြင်း မဟုတ်တော့ပေ။ မီးနဂါးဓား သွားရာလမ်းတွင် မမြင်ရသော လေနဂါးများသည် လျင်မြန်စွာ စုစည်းလာနေကြသည်။ လေနဂါးများသည် ကမ္ဘာ့မီးလျှံများကို သယ်ဆောင်၍ မီးနဂါး နှစ်ကောင်နှင့်အတူ ပြေးထွက်သွားကြသည်။

"မကောင်းတော့ဘူး ... နောက်ဆုတ်ကြ"

ပုဆိန်ကြီးကို ကိုင်ဆောင်ထားသူသည် မျက်နှာပျက်သွားပြီး အော်ဟစ်၍ နောက်ဆုတ်ရန် ပြင်လိုက်သည်။ သူ့ဘေးမှ တပ်မှူး နှစ်ယောက်သည်လည်း မျက်နှာများ ဖြူဖျော့သွားကာ ဘေးသို့ရှောင်တိမ်း လိုက်ကြသည်။

သို့သော် လေနဂါးများ အနီးသို့ ရောက်မလာခင်ကပင် သူတို့အနီးမှ လေများသည် သူတို့အား လာရောက်ချုပ်နှောင် ကြသောကြောင့် သူတို့၏ အမြန်နှုန်းမှာ ဖိနှိပ်ခံလိုက်ရသည်။ သုံးယောက်လုံးသည် မရှောင်တိမ်းနိုင်တော့ဘဲ ကမ္ဘာ့မီးလျှံများနှင့် မီးနဂါးနှစ်ကောင် သူ့တို့အား ဝါးမျိုမည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရလေသည်။

"ဒါ ... ဒါက"

ကျန်းရီ ရှိရာဘက်သို့ ကြည့်နေကြသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များသည် အံ့သြတကြီး ဖြစ်နေကြလေသည်။ ရှားဝူဟွေ့မှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး တစ်ခဏကြာသော် အလန့်တကြား ရေရွတ်လာလေ၏။

"တာအို သဘောတရားနဲ့ တိုက်ခိုက်ခြင်း ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျန်းရီက စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အမြင့်ဆုံး အဆင့်ကို ရောက်နေပြီလား”

***

All Chapters