← Chapters

ယောက္ခမ ပြန်လာခြင်း

Vol. 6 Ch. 75

ယောက္ခမ ပြန်လာခြင်း

Vol. 6 Ch. 75

ရှန်းမူမူ၏ ပြန်ဖြေအမှုကြောင့် group chat ထဲရှိ အမျိုးသမီးတွေ၏ ဆွေးနွေးမှုက ပျောက်ကွယ်သွားလေသည်။

အတင်းပြောသူတွေ၏ စိတ်ထားက အတင်းပြောခံရသူက ပွင့်လင်းစွာ ဝန်ခံလိုက်ပါက စိတ်ဝင်စားမှုနည်းသွားကြစမြဲဖြစ်သည်။

ရှန်းမူမူက group chatထဲက (1)က မည်သူဆိုတာ အာရုံမထားပေ။

တစ်ပတ်ကြာပြီးသည့်နောက်တွင် ယွမ်တစ်သိန်းကျော်က ရှန်းမူမူ၏ ဘဏ်အကောင့်ထဲ ရောက်လာခဲ့သည်။

ထို့နောက် သိပ်မကြာခင်တွင် ရှေ့နေ့က သူမကို ဖုန်းခေါ်ကာ အခြေအနေများကို ရှင်းပြခဲ့သည်။ “မစ်ရှန်း ဒါက တရားပြိုင်ဘက်က ပန်းဆိုင်အတွက် လျော်ကြေးငွေပါ၊ တစ်ပတ်အတွင်း အပြီးသတ်မယ်လို့ ခန့်မှန်းရပါတယ်။”

ရှန်းမူမူက ရှုပ်ထွေးသွားခဲ့သည်။ “သူ့မှာ လျော်ဖို့ ရှိသေးတာလား။”

ရှေ့နေက ဂုဏ်ယူစွာပြောခဲ့သည်။ “တရားပြိုင်က သူ့ဇာတိဘက်မှာ ပိုင်ဆိုင်မှုတွေ ရှိသေးတာကို သိခဲ့ရပါတယ်၊ တကယ်လို့ သူလျော်ကြေး‌ မပေးဘူးဆိုရင် တရားရုံးက လျော်ကြေးအတွက် ထိရောက်စွာ အရေးယူမှာပါ။”

ထိုစကားကိုကြားမှ ရှန်းလဲ့က ဇာတိမြို့ကို ပြန်ရတော့မည့်အကြောင်း ပြောခဲ့သည်ကို ရှန်းမူမူ ပြန်အမှတ်ရခဲ့သည်။

အချုပ်ထဲကမှ ပြန်ထွကိလာပါက သူအိမ်ပြန်လို့ ရမည့်ပုံ မပေါ်တော့ချေ။

ရှန်းလဲ့ကို ယခုလိုလုပ်ခြင်းက အလွန်ရက်စက်လွန်းရာကျသည်လားဟု ရှန်းမူမူ တွေးလိုက်သည်။

သို့သော် ထိုအတွေးက ခဏသာ ဖြစ်သည်။

အကယ်၍ သူက ဆက်တိုက် ပြဿနာမရှာဘဲ သူမကို တစ်ဆင့်ခြင်း နင်းခြေခြင်း မလုပ်ခဲ့ပါက ယခုလိုဖြစ်မည် မဟုတ်ပေ။

သူ့လိုလူမျိုးကို ထိရောက်သည့် သင်ခန်းစာ မပေးပါက ‘ကိုယ်မလိုချင်တဲ့အရာကို တစ်ပါးသူအပေါ်လည်း မပြုလုပ်မိစေနဲ့’ ဟူသော စည်းမျဉ်းကို နားလည်မည် မဟုတ်ပေ။

အကယ်၍ သူသာ သူ့အမှားသာ သိပါက အကျဉ်းထဲကထွက်လာသည့်အခါ သူ့ပိုင်ဆိုင်မှုတွေကို ရောင်းချလို့ကျန်သည့်ငွေက သူ့ဘဝကို အသစ်က ပြန်စလို့ရနိုင်သည်။

ထိုသို့တွေးတောလိုက်တော့ ရှန်းမူမူ၏ ရင်ထဲက နောက်ဆုံးသော သနားစိတ်လေး ကုန်ဆုံးသွားလေသည်။

သူမက သူမနဲ့မူလပိုင်ရှင်အတွက် ရပ်တည်ခဲ့ကာ သူမနဲ့ သွေးစုတ်ဖုတ်ကောင်လိုအစ်ကိုကြားကို တိကျသည့် စည်းမျဉ်းတားခဲ့ခြင်းဖြစ်သည်။

ဖုန်းပြောပြီးသည့်နောက်တွင် ရှန်းမူမူက ရိုးရှင်းသည့် နေ့လည်စာ စားပြီးနောက် အပြင်ထွက်သွားခဲ့သည်။

သူမနှင့် ချင်ကျားမူက ဗီလာက အိမ်တွေကိုသွားကြည့်ရန် သဘောတူခဲ့သည်။

သူတို့ရဲ့ အနာဂတ်ရုံးခန်းအတွက် CBDဧရိယာတွင် ဈေးနှုန်းသင့်လျော်သည့် ရုံးခန်းကိုငှားရန် သူတို့ စီစဉ်ထားခဲ့သည်။

ယွဲ့ကျီးဘရန်းကို တိကျသေချာသည့် စီးပွားရေးအဖြစ်ပြောင်းလဲရန် တရားဝင်စတင်နေပြီဖြစ်သည်။

သူမ အပြင်ထွက်လိုက်သည့်အခါ နားရက်ယူထားသည့် အိမ်အကူ ကျန်းမားနှင့်ဆုံလိုက်သည်။ ကျန်းမားက သူ့မိတ်ဆွေအဒေါ်ကြီးများနှင့် ဈေးဝယ်ထွက်ရန် ပြင်ထားသည်။

ရှန်းမူမူက ကျန်းမားနှင့် စကားခဏပြောပြီးသည့်နောက်တွင် သူတို့သွားမည့်လမ်းက တူနေသဖြင့် သူမကို ကားဖြင့်ခေါ်သွားရန်ပြင်လိုက်သည်။

“မဒမ် ဒါက ဒါက မသင့်လျော်ပါဘူး။” ကျန်းမားက ထပ်ခါထပ်ခါ ငြင်းခဲ့သည်။

ရှန်မူမူက သူမရဲ့ကားသော့ကို ဖိနှိပ်လိုက်သည့်အခါ သူမရဲ့Lamborghiniအဖြူထံက တီတီ ဟူသော အသံနှစ်ချက် မြည်လာခဲ့သည်။ သူမက ပြုံးကာမေးလိုက်သည်။ “ကျန်းမား ချီမိသားစုက ကားလိုက်မစီးရဘူးလို့ စည်းမျဉ်းထုတ်ထားတာလား။”

ကျန်းမားက ဆွံ့အသွားခဲ့သည်။

အမ်… အဲ့လိုတော့ မရှိပါဘူး။

ထိုသို့သောစည်းမျဉ်း မရှိသော်လည်း မသင့်လျော်သဖြင့် ကျန်းမားက ထပ်ခါ ထပ်ခါငြင်းခဲ့သည်။

“မဒမ်၊ ကျွန်မက အိမ်အကူဖြစ်ပြီး မဒမ်က သူဌေးမပါ…”

“ကျန်းမား အခုက ၂၀၂၃တောင်ရောက်နေပြီ၊ အိမ်အကူတွေ သူဌေးတွေဆိုပြီး ခွဲခြားတာ မရှိဘူး၊ ပြီးတေ့ ဒီနေ့က ရှင့်ပိတ်ရက်လေ။” ရှန်းမူမူက ကျန်းမားရဲ့စကားကိုဖြတ်ပြောလိုက်ပြီး ကျန်းမားကို ပုခုံးကကိုင်ကာ ခရီးသည်ခုံထံသို့ တွန်းပို့လိုက်သည်။ “သွားရအောင် ကျန်းမား၊ ရှင် အရှေ့ကထိုင်။”

ကျန်းမားက ငြင်းဆိုလို့မရတော့သဖြင့် ဇိမ်ခံကားကြီး၏ သားရေခုံပေါ်တွင် သတိထားပြီး ‌ဖြည်းညင်းစွာ ထိုင်လိုက်သည်။

ကားကို ဗီလာရဲ့ဂိတ်ပေါက်မှထွက်ပြီးသည့်နောက်တွင် ကားထဲမှသံစဉ်လေးပျံ့လွင့်လာမှ ကျန်းမား စိတ်အေးသွားခဲ့သည်။

ကားက ဗီလာရဲ့ ကန်ကို ကွေ့ပတ်ထွက်ပြီး လမ်းတန်းတန်း မောင်းထွက်ခဲ့သည်။

ရုတ်တရက်ပင် ဆံပင်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦးက ဗီလာထဲမှပြေးထွက်လာကာ လမ်းတစ်ဖက်ကို ကူးခဲ့သည်။

သူမက တစ်ကိုယ်လုံး အနက်ရောင် ဝတ်ထားကာ ဆံပင်တွေက မျက်နှာတစ်ခုလုံးနီးပါးကို ဖုံးအုပ်နေပြီး အိတ်ကို သယ်ထားကာ လမ်းတစ်ဖက်ကို ကူးနေသည်။

လမ်းပေါ်တွင် ကားတွေ ရှိ မရှိကို သူမ လုံးဝ ဂရုမစိုက်ပေ။

ရှန်းမူမူက ကားဟွန်းကိုတီးရင်း ဘရိတ်ကို ပြင်းထန်စွာ နင်းလိုက်သည်။

ကားဟွန်းသံနှင့် ကားဘီးပွတ်သံကို ကြားနေသော်လည်း ထိုအမျိုးသမီးက လုံးဝ ဂရုမစိုက်ပေ။ သူမက ကားကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် အမြန်အကြည့်ရုတ်သိမ်းပြီး လမ်းတစ်ဖက်ကို ဆက်ကူးကာ ‌အစိမ်းရောင်သစ်ပင်တွေဘေးက လမ်းထဲဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

ရှန်းမူမူ ကြည့်လိုက်တော့ ထိုအမျိုးသမီး၏ရုပ်ရည်ကို မပီမသ ရိပ်ကတည်းသာ မြင်လိုက်သည်။

အသားအရောင်က ဝါကြင့်ကြင့်၊ ကြုံလှီနေကာ သူမရဲ့မျက်ဝန်းထဲတွင် ရွှင်ပျသည့်အရိပ်များ ရှိမနေပေ။

အကယ်၍ သူမကိုသာ ညအခါတွင်တွေ့မည်ဆိုပါက ထိတ်လန့်ရနိုင်သည်။

ရှန်းမူမူက တုန်လှုပ်နေဆဲဖြစ်သည်။

သူမက နှလုံးတုန်နေသဖြင့် ရင်ဘတ်ကို ဆုပ်ကိုင်ထားလေသည်။

“အရူးမပဲ၊ ကားလမ်းကို မကြည့်ဘူး၊ တိုက်မိတော့မလို့။”

ကျန်းမားက ထိုအမျိုးသမီးကို သိဟန်တူသည်။ သူမက ထိုအမျိုးသမီးဝင်သွားသည့်လမ်းကိုကြည့်ကာ ပြောလိုက်သည်။ “မဒမ်၊ အဲ့အမျိုးသမီးက ကျွန်မတို့ဗီလာဝန်းထဲမှာ လူထူးလူဆန်းလေ။”

ရှန်းမူမူက လှည့်ကြည့်လိုက်သည်။ “လူထူးလူဆန်း။”

ကျန်းမားက ချီမိသားစုတွင် အလုပ်လုပ်လာသည်မှာ နှစ်တွေကြာနေပြီဖြစ်သဖြင့် ဗီလာဝန်းထဲရှိ မိသားစုတွေကြားက အတင်းအဖျင်းတွေကို မန်နေဂျာကျန်းထက် ပိုသိသည်။

“ဟုတ်တယ် မဒမ်၊ သူက ဗီလာထဲမှာ တစ်ယောက်တည်းနေတာ၊ သူ့နာမည်က ‘လန်’ပါသလိုပဲ၊ အိမ်အကူလေးတွေ စကားပြောနေတုန်းက ကြားလိုက်တာ။” ကျန်းမားက သူမ ဦးနှောက်ကို အပြင်းအထန်အလုပ်ပေးပြီး ပြန်တွေးပြီးနောက် လက်ခုပ်ထတီးလိုက်လေသည်။ “ဟုတ်တယ်၊ သူ့နာမည်မှာ ‘လန်'ပါတယ်၊ သူတို့ပြောတာကြားလိုက်တာ။”

ရှန်းမူမူက ကားကိုဆက်မောင်းပြီးနောက် ဝိုးတဝါးပြောလိုက်သည်။ “တော်တော်ထူးဆန်းတဲ့လူ။”

ထိုကိစ္စအသေးလေးက သူရဲ့ စိတ်ခံစားချက်ကို မထိခိုက်စေခဲ့ပေ။

နေ့လည်ပိုင်းတွင် ဗီလာအေးဂျင့်က အငှားချမည့်ရုံးခန်းများကို သူမနှင့် ချင်ကျားမူကို လိုက်ပြသခဲ့သည်။

သူမက မှတ်စုစာအုပ်လေးယူလာခဲ့ကာ တည်နေရာတစ်ခုစီ၏ ကောင်းချက်ဆိုးချက်များကို အသေးစိတ် မှတ်ခဲ့သည်။

အကျယ်အဝန်း၊ တည်နေရာ၊ အထပ် တစ်ထပ်ဆီတွင် ဓာတ်လှေကား မည်မျှပါရှိကြောင်း စသည်ဖြင့် ‌ရေးမှတ်ထားခဲ့သည်။

ရုံးခန်းငှားရမ်းခြင်းက အလျှင်စလို မပြုသင့်ပေ။ နေရာများကို ကြည့်ရှုရန်အတွက် သူတို့နှစ်ဦးက ရှေ့လျှောက်တွင် မကြာခဏ အပြင်ထွက်ရန် ပြင်ခဲ့သည်။

ရုံးခန်းအငှားနေရာမှ ထွက်လာပြီးနောက် ကားထားသည့်နေရာသို့သွားနေသည့်လမ်းတွင် ချင်ကျားမူက ထမင်းအတူတူစားရန်အတွက် သမီးဖြစ်သူကို ဖုန်းခေါ်ခဲ့သည်။

“သမီး ဘယ်မှာလဲ၊ အမေလာခဲ့မယ် ညစာ အတူတူစားရအောင်လို့လေ။” တစ်ဖက်က ပြန်ဖြေသံကိုကြားပြီးသည့်နောက်တွင် ချင်ကျားမူ၏ အပြုံးက ပျောက်ကွယ်သွားခဲ့သည်။ “ကောင်းပါပြီ ဒါဆိုလည်း အဖေနဲ့ပဲ သွားစားလိုက်တော့မယ်။”

ဖုန်းချပြီးသည့်နောက်တွင် ချင်ကျားမူက ကူကယ်ရာမဲ့သည့်အကြည့်ဖြင့် ရှန်းမူမူကိုကြည့်ပြီးနောက်တွင် သက်ပြင်းချလိုက်သည်။ “ဟင်း ကလေးတွေ အရွယ်ရောက်လာတာ မြန်တယ်၊ သူက သူ့အတန်းဖော်နဲ့ ဆိုင်မှာစားပြီးပြီတဲ့၊ ကျွန်မကတော့ သားအမိနှစ်ယောက် အတူတူစားရဖို့ မျှော်နေတာ၊ သူက ကျွန်မကိုတော့ ထည့်မတွေးပေးဘူး။”

ရှန်းမူမူက ကားသော့ကိုထုတ်ကာ စနောက်၍ပြောလိုက်သည်။ “သူက ရှင်တို့လင်မယားနှစ်ယောက် အချိန်ဖြုန်းလို့ရအောင် ရှောင်ပေးတာနေမှာပါ။”

ချင်ကျားမူ၏မျက်နှာက အပြုံးလေး ဖြစ်ထွန်းသွားခဲ့သည်။ သူမက ရှန်းမူမူကိုကြည့်ပြီး လက်ပြနှုတ်ဆက်ကာ ပြောလိုက်သည်။ “ကျွန်မ သွားပြီ၊ မနက်ဖြန်မှ တွေ့မယ်။”

သူတို့နှစ်ဦးက ကိုယ့်ကားပေါ်ကိုယ်တက်ပြီးနောက် ကားပါကင်မှ ထွက်ခဲ့သည်။

အိမ်ပြန်ရောက်သည့်အခါ ရှန်းမူမူက သူမ စုဆောင်းခဲ့သည့် အချက်အလက်တွေကို ရှင်းခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် သူမက တံခါးခေါက်သံ ကြားလိုက်လေသည်။

တံခါးဖွင့်လိုက်သည့်အခါ ချီရှောင်ပိုင်က အထုတ်တစ်ထုတ်ကိုင်ကာ အပြင်တွင် ရပ်နေသည်ကို မြင်လိုက်သည်။

“ဝယ်လာပေးတာ။” ချီရှောင်ပိုင်က သူမထံ ကမ်းပေးလိုက်သည်။

အိတ်ပေါ်တွင် ဝန်ဟွားရေခဲမုန့်တံဆိပ်နှိပ်ထားသည်။

ရှန်းမူမူက အထုတ်ကို ယူလိုက်သည်။ “ဘာတွေလဲ။”

“လီမွန်အအေးနဲ့ ကြက်သားကော်ပြန့်ကြော်။” ချီရှောင်ပိုင်က အိတ်ကပ်ထဲလက်ထည့်ပြီး ပြန်ဖြေလိုက်သည်။ “ကျွန်တော်က စားခဲ့ပြီးပြီ၊ ဒါက စားဖို့အတွက် ဝယ်လာပေးတာ။”

ရှန်းမူမူက ပြုံးပြခဲ့သည်။ “ချီအာက တော်လိုက်တာ၊ ငါ ကြက်သားကော်ပြန့်လိပ်ကြော်ကြိုက်တာ ဘယ်လိုသိတာလဲ။”

“အမ်။” ချီရှောင်ပိုင်က ကို့ရို့ကားယားဖြင့် နဖူးကို ကုတ်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။ “အိမ်စာသွားလုပ်လိုက်ဦးမယ်။”

ချီရှောင်ပိုင်၏ မရင့်ကျက်ခြင်းနှင့် အဖတ်မလုပ်သည့် အမူအရာကိုမြင်တော့ ရှန်းမူမူက ကလေးအရွယ်ရောက်လာပုံကို ဂုဏ်ယူနေရသည့် ခံစားချက်မျိုး ခံစားခဲ့ရလေသည်။

ဂုဏ်ယူလိုက်တာ။

ချီရှောင်ပိုင်က သူမ၏ ချဲ့ကားလွန်းသည့် အမူအရာကိုမြင်တော့ ခြေလှမ်းခပ်စိပ်စိပ်ဖြင့် အောက်ထပ်ဆင်းသွားခဲ့သည်။

ထို့နောက် အောက်ထပ်မှ အသံတစ်သံကိုကြားလိုက်ရလေသည်။

မရင်းနှီးသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး အသံက အပေါ်ထပ်သို့ ပြန့်လွင့်လာခဲ့သည်။

“အား မောလိုက်တာ၊ ကမ္ဘာအနှံ့ လျှောက်သွားခဲ့ပေမယ့် ကျင်းမြို့က အကောင်းဆုံးပဲ။”

အောက်ထပ်ရှိ အိမ်အကူများက သံပြိုင်ပြောခဲ့ကြသည်။ “မဒမ်နဲ့ မစ်ချောင်တို့ကို အိမ်ကနေ ပြန်လည်ကြိုဆိုပါတယ်။”

ရှန်းမူမူ “...”

ဒါ သူမ တစ်ခါမှ မဆုံဖူးသည့် ယောက္ခမလား။

မစ်ချောင် ဆိုတာက ဘယ်သူလဲ။

***

All Chapters