← Chapters

ဖုံးကွယ်လို့မရခြင်း

Vol. 6 Ch. 76

ဖုံးကွယ်လို့မရခြင်း

Vol. 6 Ch. 76

ရှန်းမူမူက ဦးနှောက်ကို အလုပ်ပေးလိုက်သော်လည်း သူမ မှတ်ဉာဏ်ရှိက မျိုးရိုးနာမည်ချောင်ကို ရှာမတွေ့ခဲ့ပေ။

ကျန်းအိမ်တော်ထိန်းက နှုတ်ဆက်သံတွေကိုကြားတော့ အိမ်ရှေ့ခန်းမသို့ ထွက်လာခဲ့သည်။

ဖုန်းယောင်ချင်ကိုမြင်တော့ သူက ခပ်မြန်မြန်ပင် သူမလက်ထဲက ကျားသစ်ကွက် လက်ဆွဲအိတ်ကိုယူကာ ပြောလိုက်သည်။ “မဒမ်ပြန်လာပြီလား၊ မစ်ချောင်လည်း ပါလာတာကိုး၊ ဒါပေမယ့် သခင်ကြီးက အိမ်မှာ မရှိဘူး၊ သခင်မကို သွားခေါ်ပေးပါ့မယ်။”

“သွားခေါ်မယ်။” ဖုန်းယောင်ချင်က ကျန်းအိမ်တော်ထိန်းကို စိုက်ကြည့်လိုက်သည်။

'သွားခေါ်ပေးမယ်' ဟူသောစကားကို သူမက ဘဝင်မကျဟန်ရှိသည်။

သူမက အပေါ်ထပ်ကလူကြားအောင် အသံကို တမင်မြှင့်ကာ ပြောလိုက်သည်။ “ဘာလဲ၊ ယောက္ခမဖြစ်သူကို လာနှုတ်ဆက်ခိုင်းဖို့ ချွေးမကို ပင့်နေရဦးမှာလား၊ မခေါ်ရင် မလာတတ်တော့ဘူးလား။”

ကျန်းအိမ်တော်ထိန်းက သူ့စကားမှားသွားကြောင်းကို သိလိုက်သဖြင့် လျှင်မြန်စွာပြန်ပြင်ပြောလိုက်သည်။ “ကြည့်ပါဦး ကျွန်တော်က အသက်လည်းကြီးပြီဆိုတော့ စကားပြောတာလည်း အဆင်မပြေတော့ဘူး၊ သခင်မကို အောက်ထပ် ဆင်းလာဖို့ သွားခေါ်လိုက်ပါ့မယ်၊ မဒမ် ခဏစောင့်ပေးပါ။”

ထိုအခါမှ ဖုန်းယောင်ချင်က အနည်းငယ်မျှ ခေါင်းငြိမ့်ပြပြီး ဆိုဖာထက်တွင် ဝင်ထိုင်လိုက်သည်။

သူမက သူမ‌ အနောက်က အမျိုးသမီးကိုကြည့်ပြီး သူမဘေးက နေရာလွတ်ကို ပုတ်ပြကာ ပြောလိုက်သည်။ “လာလေ လီလီ အန်တီ့ဘေးမှာလာထိုင်။”

ချောင်လီက ဖုန်းယောင်ချင်၏ အလှမ်းဝေးကွာသည့် ဆွေမျိုး၏ သမီး ဖြစ်သည်။

သူမက ဖုန်းယောင်ချင်ကို အန်တီဟု ခေါ်သော်လည်း သူတို့၏ သွေးသားတော်စပ်မှုက ရှုပ်ထွေးသည်။

ဖုန်းယောင်ချင်နှင့် သူမ ခင်ပွန်းက ချီမော့ကို မိဘမဲ့ဂေဟာမှ မမွေးစားခင်တုန်းက သူတို့လင်မယားက ချောင်လီကို သမီးအရင်းကဲ့သို့ ဆက်ဆံခဲ့သည်။

ထိုအချိန်တုန်းက ချီမိသားစုက ကျင်းမြို့တွင် သာမာန်မိသားစုလေးဖြစ်သဖြင့် ချောင်မိသားစုနှင့် မကြာခဏ အပြန်အလှန် အဆက်အသွယ်ရှိကြသည်။

သို့သော် ချီမော့၏ လုပ်ငန်းများ ပိုအောင်မြင်လာပြီး မြို့ထဲတွင် သူ့မိဘအတွက် ပိုင်ဆိုင်မှုများစွာ ဝယ်ပေးပြီးသည့်နောက်တွင် ချီမိသားစုနှင့် ချောင်မိသားစု တဖြည်းဖြည်း အလှမ်းဝေးသွားခဲ့သည်။

နှစ်အငယ်ကြာပြီးသည့်နောက်တွင် ဖုန်းယောင်ချင်၏ ခင်ပွန်းက သေဆုံးသွားပြီး ချီမော့က အလုပ်များလာသဖြင့် ဖုန်းယောင်ချင်က ချောင်လီဖြင့် လက်ထပ်ဖို့ စတင်အောင်သွယ်ခဲ့သည်။

သခင်မကြီး ချီမော့နှင့် ရှန်းမူမူကို လက်ထပ်ပေးဖို့ စီစဉ်ပေးသည့်အခါ ဖုန်းယာင်ချင်က လုံးဝ ဆန့်ကျင်ခဲ့သည်။

နောက်ခံမသိသည့် မိသားစုက အမျိုးသမီး တစ်ဦးနှင့် အဘယ်ကြောင့် လက်ထပ်ပေးရမည်နည်းဟု သူမ တွေးခဲ့သည်။

အကယ်၍ ချောင်လီသာ သူမ ချွေးမ ဖြစ်မည်ဆိုပါက ကောင်းမွန်သည့် တွဲဖက်ဖြစ်မည်ဖြစ်သည်။

သားဖြစ်သူ ချီမော့က သားသမီးကျင့်ဝတ်ကို သိသော်လည်း ထိုအရေးကြီးသည့်ကိစ္စကို လိုက်နာဖို့ ဆန္ဒ မရှိပေ။

ထိုကာလအတွင်း ဖုန်းယောင်ချင်သည် ချောင်လီကို သူတို့၏အိမ်သို့ နေ့တိုင်းခေါ်ဆောင်လာပြီး ချောင်လီအတွက် သူတို့နှင့်အတူနေထိုင်ရန်အတွက် ရှီယွီယွဲ့ဗီလာဝန်းတွင် တခြားအိမ်တစ်လုံးကို ဝယ်ယူခဲ့သော်လည်း ချီမော့ သည် ချောင်လီနှင့် နီးကပ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ယဉ်ကျေးစွာ ခပ်ကင်းကင်း နေခဲ့သည်။

အချိန်ကြာလာသည့်အခါ ထိုအကြံကို ဖုန်းယောင်ချင်က လက်လျှော့ခဲ့သည်။

ယနေ့ သူမက နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်လာကာ ချောင်လီကို ခေါ်ပြန်ခဲ့သည်။

အဓိကအချက်က သူမ သား၏ဘေးတွင် ထူးချွန်သည့် အမျိုးသမီးများစွာရှိကြောင်းကို သူမနှင့် တွေ့ဖူးရုံမျှသာရှိသည့် ချွေးမကို သိစေချင်၍ ဖြစ်သည်။

သူမ သားက ရှန်းမူမူကို ရွေးချယ်ခဲ့သဖြင့် ရှန်းမူမူက ကျေးဇူးတင်စွာဖြင့် ဇနီးကောင်းတာဝန်ကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။

ရှန်းမူမူနှင့် ချီရှောင်ပိုင်က သူတို့၏မျက်နှာချင်းဆိုင် ဆိုဖာတွင် ဝင်ထိုင်ခဲ့သည်။

သိတတ်သည့် ချွေးမအနေဖြင့် ရှန်းမူမူက ထိုင်ပြီးသည်နှင့် ရင်းနှီးစွာခေါ်ဆိုလိုက်သည်။ “အမေ။”

ထိုအခေါ်အဝေါ်နှင့် နေသားကျခြင်း မရှိသည့် ဖုန်းယောင်ချင်က အံ့ဩသွားလေသည်။

ဖုန်းယောင်ချင်ကလည်း ခေါ်ဝေါ်နှုတ်ဆက်လိုက်သည်။ “အဖွား။”

နောက်ဆယ့်ငါးမိနစ်အတွင်းတွင် ဧည့်ခန်းတစ်ခုလုံး ဖုန်းယောင်ချင်၏ အသံတွေ ပြည့်နေလေသည်။

သူမက ချောင်လီကို ချီးကျူးကာ ‌ရှန်းမူမူကို ပါးပါးလေး သတိပေးနေပြီး တစ်ဖက်လူကို အဆက်မပြတ် ချီးကျူးခဲ့သည်။

“ဒီတူမလေးက တကယ်ထူးချွန်တာ။”

“ပညာတော်တယ်၊ ရုပ်လေးလည်လှပြီး စိတ်ထားလေးလည်း သိမ်မွေ့တယ်။”

“အခုထိ အိမ်ထောင်မကျသေးတာ အားမလို အားမရဖြစ်လိုက်တာ။”

ဖုန်းယောင်ချင်က သူမ ပုခုံးထက်က ကျားသစ်ကွက် ပိုးသားလည်စည်းကို နေရာပြန်ညှိပြီးမှ ဆက်ပြောခဲ့သည်။ “ချီမော့ကြောင့်သာ မဟုတ်ရင်…အင်း ထားပါတော့လေ။”

'သိတတ်လိမ္မာတယ်' ဟူသော ဝမ်းကွဲအဒေါ်၏ ချီးကျူးခြင်းကိုခံလိုက်ရတော့ ချောင်လီက မျက်တောင်ကို ပုတ်ခတ်လိုက်လေသည်။

ရှန်းမူမူက သူမ မျက်ဝန်းထဲက အရိပ်တချို့ကို ဖျက်ကနဲ မြင်လိုက်တော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအမူအရာက ရင်းနှီးနေသည်။

ထိုခံစားချက်က နှစ်သစ်ကူးတွင် မိဘများ၏ ချီးကျူးခြင်းကို ခံရကာ ကသိကအောက် ခံစားရခြင်းနှင့် တူသည်။

မမျှော်လင့်ဘဲ တွေ့လိုက်ရသည့် အမူအရာကြောင့် ရှန်းမူမူက စတင်၍ ချောင်လီကို တိတ်တဆိတ် အကဲဖြတ်ခဲ့သည်။

သူမက ဖြူဖွေးလှပကာ မျက်ဝန်းများကလည်း တက်ကြွနေပြီး ခေတ်စားနေသည့် နူးညံ့ကာ ဆွဲဆောင်မှုရှိသည့် အလှမျိုး ဖြစ်သည်။

ဖုန်းယောင်ချင်၏ စကားများနှင့် ပေါင်းစပ်လိုက်သည့်အခါ အခြေအနေ၏ ၇၀၊ ၈၀%ကို ရှန်းမူမူ ခန့်မှန်းမိခဲ့သည်။

သူမ ယောက္ခမက မစ်ချောင်ကို သူမ ချွေးမ ဖြစ်လာစေချင်ခဲ့သော်လည် ကျရှုံးခဲ့ခြင်းဖြစ်မည်။ ယနေ့ သူမက မစ်ချောင်ကို ခေါ်လာကာ သူမရှေ့တွင် ချုပ်ကိုင်လိုနေခြင်းဖြစ်သည်။

ထိုသို့တွေးလိုက်တော့ အရာအားလုံးက ဖြစ်နိုင်ခြေရှိနေသည်။

ရှန်းမူမူက အကြည့်ရုပ်သိမ်းပြီး သက်ပြင်းရှိုက်ထုတ်‌လိုက်လေသည်။

ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် သူမ ယောက္ခမက တီဗီပေါ်တွင် တွေ့နေရသည့် ယောက္ခမဆိုးတော့ ဖြစ်ဟန်မတူပေ။

သူမ အသုံးပြုသည့်နည်းလမ်းက အနည်းငယ် ကလေးဆန်နေသည်။

နောက်ဆုံးတွင် နေရာတွင်ထိုင်နေသည့် လူလေးယောက်အနက်တွင် အငယ်ဆုံးလေး ချီရှောင်ပိုင်က ဆက်သည်းမခံနိုင်တော့ပေ။

သူက ထိုင်ခုံလက်ရမ်းတွင် လက်တင်ပြီးနောက် ပြောလိုက်သည်။ “အဖွား ကျွန်တော် အိမ်စာလုပ်စရာရှိသေးလို့ အခန်းကို အရင်ပြန်နှင့်တော့မယ်၊ အေးအေးဆေးဆေး စကားပြောကြပါ။”

ချီချောင်ပိုင်နှင့် ဖုန်းယောင်ချင်က အလွန်ကောင်းမွန်သည့် ဆက်ဆံရေးရှိခြင်း မဟုတ်ပေ။ သူနှင့် သခင်မကြီး၏ ဆက်ဆံရေးနှင့်ယှဉ်လျှင် နေ့နှင့်ညလို ကွာခြားသည်။ သူမကို စကားပြောရသည်က ပို၍ မရင်းနှီးသည့် ခံစားချက်ရသည်။

ဖုန်းယောင်ချင်က သဘောပေါက်တာ နောက်ကျတယ် ဟူသော အမူအရာဖော်ပြခဲ့သည်။ “အေးပေါ့၊ နင်က အထက်တန်း နောက်ဆုံးနှစ်ဆိုတော့ စာကို အာရုံစိုက်၊ သွားတော့ သွားတော့။”

စကားပြောပြီးသည်နှင့် ‌ဖုန်းယောင်ချင်က ရှန်းမူမူ ကော်ဖီ စားပွဲထက် ယူလာသည့် ကြက်ဥမုန့်ကြော် ပေါ် အကြည့်ရောက်သွားခဲ့သည်။

သူမက ရှန်းမူမူကို ပြန်လှည့်ကြည့်ပြီး ပြင်းထန်စွာ အပြစ်တင်လိုက်သည်။ “မူမူ ရှေ့လျှောက် ရှောင်ပိုင်အတွက် ဒီလို အာဟာရ မဖြစ်တဲ့ စားစရာတွေ မဝယ်နဲ့၊ အခု သူက ‌အထက်တန်း နောက်ဆုံးနှစ်ရောက်နေပြီ၊ အစားအသောက်က ဘယ်လောက် အရေးကြီးလဲသိလား။

ရှန်းမူမူက ရှုပ်ထွေးစွာဖြင့် သူမ ယောက္ခမ၏ ဆူဆဲမှုကို နားထောင်နေသည်။

ထိုနေရာမှထွက်သွားကာ လမ်းတစ်ဝက်ရောက်နေသည့် ချီရှောင်ပိုင်က ပြန်လှည့်လိုက်သည်။

“အဖွား နားလည်မှုလွဲနေပြီ၊ ဒါတွေက ကျွန်တော် ဝယ်လာတာ။”

ဖုန်းယောင်ချင်က သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။ “???”

တစ်ချိန်လုံး အသံတိတ်နေသည့် ချောင်လီပင် ချီရှောင်ပိုင်၏ စကားကြောင့် အသံထွက်ကာ ရယ်လိုက်မိလေသည်။

သူမ ရယ်လိုက်သည့်အချိန်က အချိန်မှန် မဟုတ်ကြောင်း သတိထားမိလိုက်သဖြင့် ပါးစပ်ပိတ်ကာ ရယ်သံကို ပြန်ဖိနှိပ်လိုက်လေသည်။

လေထုက တခဏချင်းအတွင်း ကို့ရို့ကားယား ဖြစ်သွားလေသည်။

အခြေအနေက တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

ရှန်းမူမူ၏မျက်နှာတွင် နောက်တစ်ကြိမ် မိခင်အနေဖြင့် ကျေနပ်ဂုဏ်ယူသည့် အမူအရာ ဖြစ်ပေါ်ခဲ့လေသည်။

တစ်ဖက်တွင်ဖြစ်သည်။

ချီမော့က ကျင်းမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လမ်းလျှောက်ထွက်လာခဲ့သည်။

ရှောင်ဝမ်က အပြင်ဘက်က ကားထဲတွင် အသင့်စောင့်နေသည်။

သူထွက်လာသည်ကိုမြင်တော့ ရှောင်ဝမ်က သူ့ဆီသွားကာ အိတ်များကိုယူလိုက်ပြီး ကားနောက်ထဲ ထည့်လိုက်သည်။

သူကားထဲဝင်တော့မည့်အချိန်တွင် သူ့သူဌေးက ဖုန်းထုတ်ကာ နားနားကပ်လိုက်သည်ကို မြင်လိုက်လေသည်။

ရှောင်ဝမ်က ကားဘေးတွင် ပြန်ရပ်စောင့်နေပြီး သူ့သူဌေး ဖုန်းပြောပြီးမှ ကားထဲဝင်လိုက်သည်။

ကားထဲတွင်ဖြစ်သည်။

ချီမော့က ယခုမှ သိလာရသည့် ဖုန်းနံပါတ်တစ်ခုကို ဆက်လိုက်သည်။

နက်ရှိုင်းသည့်အကြည့်ဖြင့် ပြတင်းပေါက် အပြင်ကိုကြည့်နေရင်း စိတ်ဖိစီးမှုဖြင့် လေကိုရှူထုတ်လိုက်သည်။

ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်သွားခဲ့သည်။

တစ်ဖက်က ရှင်းလင်းသည့်အသံ ထွက်ပေါ်လာလေသည်။ “ဟဲလို။”

ချီမော့ရဲ့အကြည့်တွေက လေးနက်သွားကာ အသံဩဩဖြင့်ပြောလိုက်သည်။ “ကျွန်တော် ချီမော့ပါ။”

သူ့စကားကြောင့် တစ်ဖက်ကလူက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်ပြီးသွားမှ သက်ပြင်းချပြီး ပြောလိုက်သည်။ “ဥက္ကဌချီကို ဖုံးကွယ်ထားလို့ မရတာကို သိပါတယ်။”

ချီမော့၏ မေးရိုးများက အံတင်းတင်းကြိတ်ထားသဖြင့် ထင်းနေသည်။

သူက မေးခွန်းမေးလိုက်သော်လည်း ငြင်းလို့မရသည့် အရှိန်အဝါများပါနေသည်။ “အခုတွေ့ဖို့ အချိန်ရှိလား။”

တစ်ဖက်ကလူက ခဏလောက် တောင့်တင်းသွားပြီးမှ ဖြည်းငြင်းစွာ ပြန်ဖြေလိုက်သည်။ “ကောင်းပြီ ဘယ်မှာတွေ့ကြမှာလဲ။”

***

All Chapters