← Chapters

မရိုးဖြောင့်တဲ့လူ

Vol. 6 Ch. 79

မရိုးဖြောင့်တဲ့လူ

Vol. 6 Ch. 79

စာကိုလက်ခံရရှိပြီးသည့်နောက်တွင် ရှန်းမူမူက ရှုပ်ထွေးသွားခဲ့သည်။

သူ့ကိုစောင့်နေဟူသောစာက မည်သည်ကို ဆိုလိုသနည်း။

သူ စင်္ကာပူက ပြန်လာသည်ကို စောင့်နေရမည်လား။

စားစရာတွေက အေးစက်နေပြီဖြစ်သည်။

“စိတ်ပျံ့လွင့်မနေနဲ့၊ ဘာလို့ ထပ်ပြီး ဖုန်းသုံးနေပြန်တာလဲ။” ဖုန်းယောင်ချင်က သူမကို လက်ဖြင့်တို့လိုက်သည်။ “နင်တို့လူငယ်တွေ ဖုန်းနဲ့ကို မခွာဘူး၊ ဘာတွေ အဲလောက် ပျော်စရာကောင်းနေတာလဲ။”

ရှန်းမူမူက တွေးတောပြီးနောက် ချောမွေ့စွာ လိမ်လည်လိုက်သည်။ “ဖုန်းထဲက မှတ်စုထဲမှာ မှတ်မိတဲ့အချက်လေးတွေကို ချရေးနေတာပါ၊ မှတ်ဉာဏ်ကိုပဲ အားကိုးလို့ မရဘူး မဟုတ်လား။”

ဖုန်းယောင်ချင်က သူမကို မယုံသင်္ကာကြည့်ခဲ့သော်လည်း ဘာမှမပြောခဲ့ပေ။

၁၅ မိနစ်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။

ဖုန်းယောင်ချင်က ရှန်းမူမူကို အမဲသားလှီးဖြတ်နည်း သင်ကြားပေးနေသည့်အချိန်တွင် တံခါးဘဲလ်တီးသံကို ကြားလိုက်လေသည်။

“အစ်ကို။” ချောင်လီက ချီမော့ကို ပထမဆုံး သတိထားမိသူဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့ဩစွာ ခေါ်လိုက်သည်။

မည်းနက်သည့်မျက်လုံးရှိသည့် အမျိုးသားက သူမကို ကြည့်ပြီး အသိအမှတ်ပြုဟန်ဖြင့် ခေါင်းငြိမ့်ပြခဲ့သည်။

သူက မီးဖိုချောင်ထဲ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။

ဆူညံသံကိုကြားတော့ ဖုန်းယောင်ချင်က ခေါင်းပြူကာ ကြည့်ခဲ့သည်။

သူမသားကိုမြင်သည့်အခါ သာမာန်မိခင်တွေကဲ့သို့ပင် သူမရဲ့ မျက်လုံးတွေက လင်းလက်သွားခဲ့သည်။

သူမက ပျော်ရွှင်စွာပြောသော်လည်း အပြစ်ဆိုသလို ပြောခဲ့သည်။ “နင် နောက်ထပ်ရက်အနည်းငယ်အထိ ပြန်မလာသေးဘူးလို့ မန်နေဂျာကျန်း ပြောခဲ့တယ်မလား၊ ဘယ်လိုလုပ် ဒီလောက် နောက်ကျနေတဲ့အချိန်မှ ပြန်လာတာလဲ၊ အခုမှ လေယာဉ်ပေါ်က ဆင်းတာလား၊ ပင်ပန်းနေပြီလား။”

သူတို့နှစ်ဦးက သွေးသားတော်စပ်ခြင်း မရှိသော်လည်း နှစ်ပေါင်းများစွာ အတူတူနေလာခြင်းဖြစ်သဖြင့် သားအမိအရင်းကဲ့သို့ သံယောဇဉ်ရှိသည်။

တခြားလူများ၏ ရှေ့တွင် ချီမော့က အေးစက်ကာ စကားနည်းသည့် စီးပွားရေးသမား ဖြစ်သည်။

ဖုန်းယောင်ချင် ရှေ့တွင်တော့ သူက စကားနည်းသော်လည်း သူ၏ အေးစက်စက်နှင့် မာကြောသည့် အမူအရာက နွေးထွေးပျော့ပျောင်းနေခဲ့သည်။

သူ့အသံကပင် နူးညံ့ညှင်သာနေသည်။

“စောစောပြီးခဲ့တာကြောင့် အချိန်ဇယားထက် စောပြီး ပြန်လာတာပါ။”

သူက စကားပြောပြီးသည့်နောက်တွင် ‌ရှန်းမူမူ၏ ဘေးသို့ ဖြည်းညှင်းစွာ တိုးသွားလိုက်သည်။

သူက ရှန်းမူမူရဲ့ အေပရွန် စည်းထားသည့် ခါးသွယ်သွယ်လေးကို ဖက်လိုက်သည်။

သူက ဘေးချင်းကပ်ရပ်ပြီး ဖုန်းယောင်ချင်ကို ပြောလိုက်သည်။ “အမေ အခုမှ ခရီးက ပြန်ရောက်တာကို ချက်ပြုတ်ရင်း အပင်ပန်းမခံပါနဲ့၊ စောစောအနားယူပါ။”

ထိုစကားကိုကြားတော့ ဖုန်းယောင်ချင်က လေသံကိုမြှင့်ကာ ပြောလိုက်သည်။ “ဟင်းပွဲ နည်းနည်းလေး ချက်တာကို ဘာလို့ပင်ပန်းရမှာလဲ၊ အရင်က အမေတို့ ဒီလို အိမ်အကြီးကြီးမှာ မနေခင်တုန်းကလည်း မနက်စာ၊ နေ့လည်စာ၊ ညစာကို နေ့တိုင်း ချက်ခဲ့ရတာပဲ၊ မဟုတ်ရင် နင် ဒီလိုတောင် သန်သန်မာမာနဲ့ ကြီးထွားလာမှာ မဟုတ်ဘူး။”

သူမက ပြုံးပြီး ထောက်ခံပေးစေလိုဟန်ဖြင့် ပြောခဲ့သည်။ “ဟုတ်တယ်မလား။”

ချီမော့က ပြုံးပြီး နူးညံ့စွာ ပြောခဲ့သည်။ “ဒါပေါ့၊ အမေ မှန်တာပေါ့၊ ဒါပေမယ့် အခုက မိုးချုပ်နေပြီလေ။”

သူက စကားပြောပြီးသည်နှင့် ရှန်းမူမူကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

သူမက သူ့ကို လှည့်ကြည့်မိရာ သူ၏ ဝိုင်ကြောင့် ရီဝေဝေဖြစ်နေသည့်မျက်ဝန်းဖြင့် ဆုံခဲ့သည်။

နောက်ထပ်စက္ကန့်အနည်းငယ်အတွင်း သူက အနည်းငယ် ငုံ့ကိုင်းလာခဲ့သည်။

ဝိုင်နံ့သင်းသင်းလေးက လေနှင့်အတူ ပျံ့လာခဲ့သည်။

ထိုလူ၏ ဖြူသွယ်ရှည်လျားသည့် လက်ချောင်းလေးက သူမ၏ ခါးကို ဖြည်းညှင်းစွာ နှိပ်ပေးခဲ့ပြီး အေပရွန်ကို ကြိုးဖြည်ချခဲ့သည်။

ဝိုင်အရှိန်ကြောင့် ချီမော့က သာမာန်ထက် လက်ရဲဇက်ရဲ ရှိနေသည်။

အေပရွန်ကိုဖယ်ပေးပြီးသည့်နောက်တွင် သူက ရှန်းမူမူ၏ လည်ပင်းကို ဖြည်းညှင်းစွာ နှိပ်ပေးခဲ့သည်။

ဇနီးသည်ကို စိုးရိမ်ကာ ဂရုစိုက်တတ်သည့်အမျိုးသားအနေဖြင့် သူမကို ချက်ပြုတ်ရတာ ပင်ပန်းနေလားဟု မေးခဲ့သည်။

ချီမော့က သူမကို စိုက်ကြည့်ရင်း တိုးရှသည့်အသံဖြင့် ပြောခဲ့သည်။ “ပင်ပန်းနေပြီလား။”

တရွရွခံစားချက်က လည်းပင်မှတဆင့် ဦးရေပြားထိ ဆန်တက်လာသကဲ့သို့ ရှန်းမူမူ ခံစားလိုက်ရသည်။

မဆိုးပါဘူး။ လုပ်သင့်တဲ့ဟာကို မေ့တော့မလို့။

ချီမော့၏ အချက်ပြမှုကို ရပြီးသည်နှင့် ရှန်းမူမူက ချက်ချင်း ပြုံးပြီး ခေါင်းခါပြီးနောက်တွင် ချီမော့၏ လက်ကို ဖက်တွယ်ပြီး ပျော်ရွှင်သည့်လေသံဖြင့် ပြောခဲ့သည်။ “နည်းနည်းလေးတောင် မပင်ပန်းပါဘူး၊ အမေ့ဆီက သင်ယူရတာကို ကျွန်မ ပျော်တယ်။”

ချီမော့၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။

အရက်အရှိန်က သူ့အသိစိတ်တွေကို တိုးချဲ့ပေးနေသည်။

သူ့လက်မောင်းကို ဖက်တွယ်ထားသည့် နူးညံ့ပျော့ပျောင်းသည့်လက်ကို သူခံစားနေမိသည်။

သူမက သူနှင့်အလွန်နီးကပ်နေကာ သူမရဲ့ ပန်းရနံ့ရေမွှေးလေးက သူ့နှာခေါင်းကို ကျီစယ်နေသည်။

သူမကို မြည်းစမ်းချင်သည့် လိုအင်ဆန္ဒများ သူ့ထံ ဖြစ်ပေါ်လာခဲ့သည်။

သူက တံတွေးမြိုချပြီးသည့်နောက်တွင် ရွှတ်နောက်နောက်ဖြင့် ပြောခဲ့သည်။ “မင်းသင်ချင်တယ်ဆိုတော့မှလည်း ကိုယ်လည်း ပါမယ်လေ။”

ရှန်းမူမူ၏ မျက်နှာထက်က အပြုံးများက တောင့်ခဲသွားခဲ့သည်။

ချီမော့လက်ကို ဖက်တွယ်ထားသည့်လက်က သူ့လက်ကို လိမ်ဆွဲလိုက်လေသည်။

သူမက သူ့ကို စိုက်ကြည့်ကာ အကြည့်ဖြင့်စကားပြောလိုက်သည်။ ‘ကျွန်မ လိမ်နေတာ၊ ကျွန်မတို့ကြားက ကရမယ့် ဇာတ်ကြောင်းကို ရှင်မဖတ်တတ်ဘူးလို့တော့ မပြောနဲ့နော်။’

ထိုလူက မရှောင်သွားခဲ့ပေ။

သူက မျက်လုံးပင့်ကာ မသိသလိုမေးလိုက်သည်။ “ဟမ်။”

ရှန်းမူမူက လက်ကိုဖြေလျှော့ပြီး သက်ပြင်းရှိုက်လိုက်သည်။

ယခု သူမ လုံးဝ နားလည်သွားပြီဖြစ်သည်။

သူမ အဘယ်ကြောင့် မသိဘဲနေမည်နည်း။

အကျင့်မကောင်းတဲ့လူ။

သူမကို ထိုလူက လာရောက်ကယ်တင်သည်ဟုပင် သူမ ယုံခဲ့မိသေးသည်။

စာရရှိပြီးသည့်နောက်တွင် သူက ညစာကို ကပ်စားချင်နေခြင်း ဖြစ်သည်။

ဖုန်းယောင်ချင်က သူမ သားနဲ့ချွေးမကြားက ဖြစ်ပွားနေသည့် အခြေအနေကို မမြင်ဘဲ ချစ်ကြည်နူးနေသည်ဟုထင်ကာ ချောင်းဟန့်လိုက်သည်။

သူမ စကားပြောတော့မည့်အခါတွင် သူမ လက်ထဲကဓားက လုယူခံလိုက်ရကာ စားပွဲပေါ်တင်ခြင်း ခံလိုက်ရသည်။

ဖုန်းယောင်ချင်၏ ဓားကို ချောင်လီက ယူသွားခြင်း ဖြစ်သည်။

ချောင်လီက ဖုန်းယောင်ချင်၏ လက်ကို ဆွဲလိုက်သည်။ “အန်တီ နောက်ကျနေပြီလေ၊ အစ်ကို ပြောသလိုပဲ နားလိုက်ပါ၊ အန်တီ့ ခရီးစဉ်က ဖြစ်ခဲ့သမျှအကြောင်းလေးတွေကို သမီး နားထောင်ချင်သေးတယ်၊ ဒါနဲ့ ကိုရီးယားအစားအစာတွေက စားလို့ကောင်းလား။”

ထိုစကားကြားတော့ ဖုန်းယောင်ချင်က မျက်မှောင်ကြုတ်လိုက်သည်။ “အွန်လိုင်းပေါ်က မြင်သမျှကို မယုံနဲ့၊ အရသာတွေက ကင်ချီလိုတွေပဲ၊ စားလို့မကောင်းဘူး၊ အန်တီပြောပြမယ် အရသာကလေ…..”

ဖုန်းယောင်ချင် စကားပြောနေသည်ကိုမြင်တော့ ချောင်လီက ချီမော့တို့လင်မယား ထွက်သွားလို့ရအောင် အချက်ပြခဲ့သည်။

ချီမော့က ချောင်လီ၏ ရည်ရွယ်ချက်ကို သိသော်လည်း သူ့မိခင်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။ “အမေ ကျွန်တော်တို့ ပြန်တော့မယ်၊ စောစောအနားယူပါဗျ။”

ဖုန်းယောင်ချင်က ပြောလိုက်သည်။ “နေဦးလေ၊ အခုပဲ အမဲသားလှီးပြီးတာ။”

ချောင်လီက ဖုန်းယောင်ချင်ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားခဲ့သည်။ “မိုးချုပ်နေပါပြီ၊ အစ်ကိုလည်း စားပြီးလောက်ပြီမလို့ မစိုးရိမ်ပါနဲ့၊ ဒါနဲ့ တူရကီက ရေခဲမုန့် စားခဲ့သေးလား။”

ဖုန်းယောင်ချင်က စိတ်တိုစရာ အမှတ်တရများကို ပြန်တွေးမိဟန်ဖြင့် တက်ကြွစွာ ပြောလိုက်သည်။ “တူရကီ ရေခဲမုန့်လား၊ ပြောမနေပါနဲ့တော့၊ သူတို့က လူကိုတအားလှည့်စားတာ၊ လီလီ သမီး….”

ချောင်လီက မျက်လုံးတွေ ကွေးညွှတ်သွား‌အောင် ပြုံးလိုက်သည်။ သူမက ကျောနောက်သို့ လက်ပို့ကာ ချီမော့တို့ ဇနီးမောင်နှံကို လက်ပြကာ နှုတ်ဆက်လိုက်သည်။

ဖုန်းယောင်ချင်က နောက်တစ်ကြိမ် ချောင်လီ၏ အာရုံပြောင်းမှုကို ခံလိုက်ရတော့ ချီမော့က ရယ်လိုက်သည်။ သူက သူ့ဘေးက အမျိုးသမီးကို တီးတိုးပြောလိုက်သည်။ “အိမ်ပြန်ရအောင်။”

ရှန်းမူမူက နောက်ဆုံးတော့ စိတ်အေးစွာ သက်ပြင်းချလိုက်သည်။

အစောပိုင်းက ချီမော့က သူမကို စနောက်တာဖြစ်ကြောင်း သဘောပေါက်လိုက်တော့ သူမက သူ့ကို စိုက်ကြည့်လိုက်သည်။

ထိုလူက ဒေါသထွက်သည်ထက်စာလျှင် ရွှင်မြူးနေကာ ထိုလူ၏ နက်မှောင်သည့် မျက်ဝန်းထဲတွင် ရွှင်မြူးရိပ်တို့သန်းနေသည်။

ရှန်းမူမူက သူ့ကို မျက်စံလည်ပြလိုက်သည်။ သူမက သူမ၏ ရှူးဂါးဒယ်ဒီ၏လက်ကို ချိတ်လိုက်လေသည်။

သူမရင်ထဲမှာတော့ အပြစ်တင်နေလေသည်။

ယောက်ျားတွေများ...။

အသက်ဘယ်လောက်ကြီးကြီး ကလေးဆန်တာလေးတွေကို သဘောကျနေသေးတာပဲ။

မရင့်ကျက်လိုက်တာ။

***

All Chapters