← Chapters

အခန်း (၂၂၆−၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆−၂၂၈)

Vol. 16 Ch. 226-228

အခန်း ၂၂၆ : ကျွမ်းကျင်သူ

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ကြည့်ရတာတော့ မင်း ငါ့ချစ်သူဖြစ်သွားပြီထင်တယ်"

ထိုအချိန်မှာပင် လူငယ်တစ်စုက နေရာလွတ်တစ်ခုတွင် စုဝေးလိုက်ကြသည်။

ကျောက်ယင်းက ဆို၏။

"သူတို့ ဟိုနားမှာ။ အဲဒီကိုမောင်းသွားရအောင်"

ယဲ့ချန်းက ကားကို လှလှပပလေး ဝိုက်ဆွဲလိုက်ပြီးနောက် ကားနှစ်စီးကြားတွင် ရပ်လိုက်၏။

ထိုအချိန် အေးတိအေးစက်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

"ကျောက်ယင်း နင် တကယ်လာရဲတယ်နော်"

လမ်ဘော်ဂီနီဘေးနားတွင် မာဆယ်ရာတီကားတစ်စီးက ကားပြတင်းပေါက်ကို လျှောချလိုက်၏။ ရုပ်ရည်ရမှတ်ခြောက်ဆယ်ဝန်းကျင်ရှိသော မိန်းကလေးတစ်ယောက်က ကျောက်ယင်းကို လှောင်ပြောင်သရော်လိုဟန် အမူအရာဖြင့် ကြည့်နေချေသည်။

ဤအမျိုးသမီးနှင့်ပတ်သက်ပြီး တစ်ခုတည်းသော အံ့အားသင့်ဖို့ အကောင်းဆုံးအရာမှာ ဖိတ်ဖိတ်လက်နေသော လက်ဝတ်ရတနာများပင်။

သို့သော် ယဲ့ချန်းမှာ တစ်ချက်မျှကြည့်ပြီးနောက် ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားရသည်။

ထိုအခိုက်ဝယ် လှောင်ပြောင်ထေ့ငေါ့သံတစ်သံ ထွက်ပေါ်လာ၏။

"ကျောက်ယင်း.. နင်က ဒီလူချောလေးကို နင့်အစား ပြိုင်ခိုင်းမလို့လား"

စကားဆိုလာသူကား ထျန်းပေါင်ပင်။

ထျန်းပေါင်ရှေ့တွင် အသက်နှစ်ဆယ်အရွယ်ရှိသော အခြားလူငယ်တစ်ဦး ရပ်နေချေသည်။

"ဒါက ပိုင်ယင်းတဲ့။ မင်းတို့ကို ဟွားနိုင်ငံရဲ့ပြိုင်ကားချန်ပီယံဆုရှင် ဖယ်ရာရီအသင်းရဲ့အရန်ပြိုင်ကားသမားချင်းရွေ့နဲ့ မိတ်ဆက်ပေးပါရစေ"

ချင်းရွေ့၏နာမည်ကို ကြားသောအခါ ထိုနေရာတစ်ခုလုံး ပွက်လောရိုက်ကုန်ကြသည်။ ချင်း‌ရွေ့ဆိုသည်မှာ သူတို့ပြိုင်ကားလောကရှိ ဒဏ္ဍာရီတစ်ဆူပင်။

သူသည် Sအဆင့်ပြိုင်ကွင်း၏ စံချိန်ဟောင်းတင်ထားသူတစ်ယောက်ပင်။

"ကျေးဇူးတင်ပါတယ် အချစ်ရေ… ခဏနေရင် ဒီအရှုံးသမား ငါတို့ကို ဒူးထောက်ပြီး တောင်းပန်တာကို ကြည့်ကြတာပေါ့"

ကျောက်ယင်းက လှောင်ပြုံးပြုံးလိုက်လေသည်။

"ဘယ်သူက ဘယ်သူ့ကို ဒူးထောက်ရမလဲဆိုတာ မသေချာသေးပါဘူး။ စောင့်ကြည့်ကြတာပေါ့"

ထျန်းပေါင်က မနာလိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေသော မျက်လုံးဖြင့် ယဲ့ချန်းကို ကြည့်လိုက်လေသည်။

သူ ကျောက်ယင်းကို လိုက်ပိုးနေသည်မှာ နှစ်ပေါင်းများစွာကြာလေပြီ။

သို့တိုင် သူ့တွင် ခမ်းနားတောက်ပြောင်သော ကားများရှိသော်ငြား သူ(မ)၏လက်ကိုပင် မကိုင်ဖူးပေ။

ယဲ့ချန်းက ကျောက်ယင်းဘေးတွင်ထိုင်ပြီး ရင်းနှီးနေဟန်ပုံစံပေါက်နေကြောင်း မြင်လိုက်ရချိန်ဝယ် ဒေါသစိတ်ကြောင့် ရူးသွပ်လုမတတ်ပင်။

"ကောင်လေး.. မင်း ငါနဲ့လောင်းရဲလား"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။

"ဘာလောင်းကြမလဲ"

"မင်းရှုံးရင် ဒီအရှုံးသမားနဲ့အတူ ဒူးထောက်ပြီးတောင်းပန်ရမယ်။ ပြီးတော့ ငွေဆယ်သန်းလည်း ပေးရမယ်"

သူ့မိန်းကလေးကိုမှ ထိပါးရဲသည့် ဤချာတိတ်ကို ထျန်းပေါင် အပြတ်ပညာပေးမှ ဖြစ်ချေမည်။

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။

"ကောင်းပြီလေ။ မင်းရှုံးရင်လည်း ဒီလောင်းကြေးပဲနော်"

"ကောင်းပြီ"

ထျန်းပေါင်၏မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ပွင့် ပေါ်လာချေသည်။

ထိုအချိန်မှာ ကျိုတိုမြို့ရှိ သူဌေးသားအမြောက်အများက ဤမြင်ကွင်းကို စောင့်ကြည့်နေလေရာ သူတို့နှစ်ယောက်၏လောင်းကြေးကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြလေတော့သည်။

ထျန်းပေါင်က ပြိုင်ကားသမားကို ပြောလိုက်၏။

"ဒီကောင့်ကို နိုင်အောင်မောင်းပေး။ ငါ မင်းကို တစ်သန်းဆုချမယ်"

"သခင်လေးထျန်း မပူပါနဲ့။ ဒီလိုဝါသနာရှင်အဆင့်လောက်ကတော့ မျက်လုံးမှိတ်ထားရင်တောင် နိုင်ပါတယ်"

ကျောက်ယင်းကလည်း ပြောလိုက်သည်။

"ယဲ့ချန်း မပူနဲ့။ တကယ်လို့ ရှင်ရှုံးခဲ့ရင်တောင် ကျွန်မ ပိုက်ဆံပေးမှာပါ"

"စိတ်အေးအေးထား။ မင်း ရှုံးမှာမဟုတ်ဘူး"

ယဲ့ချန်းက အလွန်အမင်းယုံကြည်မှုပြည့်ဝနေလေသည်။

ထျန်းပေါင်က လူအုပ်ကြီးဘက်သို့ လှည့်၍ ပြောလိုက်၏။

"အားလုံးပဲ ဒီနေ့လောင်းကြေးကို သိကြတယ်နော်။ ကျောက်ယင်းရဲ့ကားက Sအဆင့်ပြိုင်ပွဲကို နိုင်ခဲ့တယ်ဆိုရင် ပိုင်ယင်းနဲ့ကျုပ်က ဆယ်ကြိမ်ဒူးထောက်ပြီးဦးညွတ်ရမဲ့အပြင် ငွေတစ်သန်းလည်းပေးရမယ်။ တကယ်လို့ ကျောက်ယင်းရှုံးရင်တော့ သူနဲ့ဒီကောင်လေးတို့လည်း တစ်ပုံစံတည်းလုပ်ရမှာ။ ခင်ဗျားတို့အားလုံးက သက်သေပဲ"

"သခင်လေးထျန်း.. စိတ်ချပါ။ တကယ်လို့ ရှုံးတဲ့လူက ပိုက်ဆံမပေးဘဲ နေလို့ကတော့ ကျုပ်တို့ အသာငြိမ်နေမှာမဟုတ်ဘူး"

ဤပြိုင်ပွဲမှာ စိတ်လှုပ်ရှားစရာမကောင်းဘူးဟု တော်တော်များများက ထင်နေကြသည်။

ချင်းရွေ့က မည်သူလေလဲ။ Sအဆင့်ပြိုင်ကွင်း၏ ဒဏ္ဍာရီတစ်ပါးပင်။ ချင်းရွေ့၏ကားကလည်း ပြုပြင်မွမ်းမံထားသော ကားဖြစ်၏။

ကျောက်ယင်း၏ကားကလည်း စူပါကားတစ်စီးဖြစ်သော်ငြား လုပ်ဆောင်မှုနှင့် အရှိန်ကတော့ ချင်းရွေ့၏ကားကို မယှဉ်နိုင်ချေ။

"ယဲ့ချန်း..ကျွန်မတို့က တစ်လှေတည်းစီးနေတဲ့လူတွေ ဖြစ်သွားပြီနော်။ ရှင် သေချာပေါက်နိုင်မှဖြစ်မယ်"

"အကောင်းဆုံးကြိုးစားပါ့မယ်"

ယဲ့ချန်းလည်း သာမန်ကာလျှံကာပြောလိုက်၏။

"ရှင်မနိုင်နိုင်ဘူးလို့ ပြောမလို့တော့မဟုတ်ဘူးမလား"

ကျောက်ယင်းက စိုးရိမ်ပူပန်စွာ ဆိုလာလေသည်။

"မနိုင်တဲ့ပွဲဆိုရင် ကိုယ်က လောင်းပါ့မလား"

ယဲ့ချန်းကမူ ပြုံးစစဖြင့် ယုံကြည်မှုပြည့်ဝစွာ ခွန်းတုံ့ပြန်လိုက်၏။

"အင်း အခု အရာအားလုံးက ရှင့်အပေါ် မူတည်နေပြီ"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ချင်းရွေ့က ဒီSအဆင့်လမ်းကြောင်းရဲ့ စံချိန်ရှင်လား"

"အင်း။ သူက အရမ်းတော်တာ။ သတိထားနော်"

"ဒီနေ့ကစပြီး အဲဒီစံချိန်က ကိုယ့်အပိုင်ပဲ"

ယဲ့ချန်း ပြုံးလိုက်လေသည်။

ပြိုင်ကွင်းထဲသို့ဝင်ကာ တစ်ဖက်လူကို ဒူးထောက်ဦးညွတ်ခိုင်းရသည့်အပြင် ပိုက်ဆံကလည်း ရဦးမည်ဖြစ်ရာ စင်စစ်မိုက်လှပေသည်။

ယဲ့ချန်းက ကျောက်ယင်းနှင့် နေရာချင်းလဲလိုက်ပြီးနောက် ပြိုင်ပွဲကား စတင်လေပြီ။

ပြိုင်ကားအားလုံးလည်း တာထွက်မည့်နေရာသို့ မောင်းသွားကြသည်။ ပြိုင်ကွင်းတစ်ခုလုံးအနှံ့၌ အင်ဂျင်သံများဖြင့် ဆူညံပွက်လောရိုက်သွားသည်။

ဖုန်မှုန့်များ တထောင်းထောင်းထနေသည်မှာ စစ်ပွဲစည်သံကြီး မြည်ဟိန်းနေသည့်အလား လူအများ၏သွေးများကို ပွက်ပွက်ဆူစေသည်။

Sအဆင့်ပြိုင်ပွဲဆိုသည်မှာ ဤပွဲစဉ်တွင် အခက်ခဲဆုံးလမ်းကြောင်းဖြစ်ပြီး စုစုပေါင်းပြိုင်ကားအစင်းနှစ်ဆယ် ပါဝင်ယှဉ်ပြိုင်ကြသည်။

Sအဆင့်လမ်းကြောင်းတွင် ပါဝင်ယှဉ်ပြိုင်သူအမြောက်အများက ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားများ သို့မဟုတ် ဝါသနာရှင်များထဲမှ အတော်ဆုံးလူများပင်။

ဤSအဆင့်လမ်းကြောင်းတွင် Sပုံသဏ္ဍာန်အကွေ့ကိုးခုရှိပြီး သေမင်းတမန်အကွေ့ကိုးခုဟု ခေါ်ကြသည်။ တစ်ကွေ့ထက် နောက်တစ်ကွေ့က ပိုအန္တရာယ်များလှသည်။ ပရော်ဖက်ရှင်နယ်ကားမောင်းစွမ်းရည် သို့မဟုတ် ပရော်ဖက်ရှင်နယ်နီးနီး ကားမောင်းစွမ်းရည်မျိုးသာ မရှိပါက ဤလမ်းကြောင်းတွင် ဝင်မပြိုင်နိုင်ပေ။ ဤပြိုင်ပွဲအတွင်း ကားပျက်စီးမှုများနှင့် လူသေမှုများမှာ နှစ်တိုင်းရှိသည်။

ယဲ့ချန်းက ကျောက်ယင်းကို ပြောလိုက်၏။

"ထိုင်ခုံခါးပတ်ပတ်ထားနော်"

"အင်း"

ကျောက်ယင်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ပြိုင်ပွဲစတင်မည့်အချိန်ကို စောင့်ဆိုင်းရင်း သူ(မ)၏အမူအရာကား တင်းမာနေပြီး စိတ်လည်းလှုပ်ရှားနေသည်။

ဘွန်း ဘွန်း ဘွန်း!

ထိုနေရာရှိ ပြိုင်ကားများအားလုံး၏ အင်ဂျင်သံများမှာ နားကွဲမတတ်မြည်ဟည်းနေချေသည်။

ကျောက်ယင်းအဖို့ ဤSအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် သူ(မ)၏စိတ်အခြေအနေကား အကြောင်းအရင်းမသိရပါဘဲ တင်းကျပ်လာသည်။

ဒိုင်း!

သေနတ်ဖောက်သံ ထွက်ပေါ်လာသည်နှင့် ကျောက်ယင်းဘက်က ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ပြင်းထန်လှသော တွန်းကန်အားနှင့်အတူ ယဲ့ချန်းမောင်းနှင်နေသော လမ်ဘော်ဂီနီက အရှေ့သို့ ဒုန်းဆိုင်းထွက်ခွာသွားလေသည်။

အား!

ကား၏အရှိန်က အလွန်မြန်ဆန်လှသည်။ ကျောက်ယင်းခမျာ လေထဲလွင့်မျောနေသလို ခံစားလိုက်ရသဖြင့် မအော်ဘဲ မနေနိုင်ခဲ့ချေ။

ဤခံစားချက်ကား အလွန်ရင်ဖိုဖွယ်ကောင်းလှ၏။

ကျောက်ယင်း ရယ်လိုက်မိသည်။

"ယဲ့ချန်း မြန်မြန်မောင်း အနောက်ကကားတွေ မီတော့မယ်"

နောက်ကြည့်မှန်မှတစ်ဆင့် ပြိုင်ကားအစင်းနှစ်ဆယ်က သူတို့၏လမ်ဘော်ဂီနီအနောက်မှ ထပ်ကြပ်မကွာလိုက်ပါလာကြောင်း ကျောက်ယင်း မြင်နေရသည်။

ယဲ့ချန်း၏တာထွက်မှုက လုံးဝနီးနီး ပြည့်စုံချေသည်။

ယခုလိုဖြစ်ဖို့အတွက် သေနတ်သံကြားသည်နှင့် ကားကို ချက်ချင်းထွက်နိုင်အောင် တွက်ချက်နိုင်သည့် ကြောက်ခမန်းလိလိတွက်ချက်နိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းတို့ လိုအပ်ပေသည်။

အစပိုင်းတွင် သူ ဦးဆောင်နေသော်ငြား ကား၏စွမ်းဆောင်ရည် ကွာခြားမှုကြောင့် မကြာခင်မှာပင် အနောက်က ကားများက လမ်ဘော်ဂီနီကို အမီလိုက်လာကြသည်။

သို့သော် ပထမဆုံးအကွေ့က အရှေ့တည့်တည့်မှာပင် ရှိနေလေပြီ။

ယဲ့ချန်းလည်း ကားကို လှလှပပဝိုက်ဆွဲရင်း လမ်းဘော်ဂီနီကို အသာလေးကွေ့ချလိုက်၏။

ဤလုပ်ရပ်ကြောင့် လမ်ဘော်ဂီနီနှင့် အနောက်မှ ကားများကြားရှိ အကွာအဝေးမှာ သိသိသာသာဝေးကွာသွားပြီး ခုနစ်စီးရှစ်စီးလောက်သာ ယဲ့ချန်း၏ကားနောက်သို့ အမီလိုက်နိုင်တော့သည်။

ယဲ့ချန်း၏အနောက်တည့်တည့်တွင် ချင်းရွေ့၏ပြိုင်ကားက ကပ်လိုက်လာသည်။

ချင်းရွေ့က ဤလမ်းကြောင်း၏ စံချိန်ရှင်ဆိုသည့်အတိုင်း အခြားပြိုင်ကားသမားများထက် များစွာသာလွန်လေသည်။

ယဲ့ချန်းက အကွေ့နှစ်ခုကို တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်လိုက်ပြီးနောက်မှာတော့ ဖန်သားပြင်ထက်တွင် ယဲ့ချန်း၏လမ်ဘော်ဂီနီနှင့် ချင်းရွေ့၏ကားတို့ကိုသာ ပြသထားတော့သည်။

ချင်းရွေ့၏ကားထဲတွင်မူ ထျန်းပေါင်မှာ အကြီးအကျယ်စိတ်တိုနေပြီဖြစ်၏။

"မြန်မြန်မောင်း မြန်မြန်မောင်း"

ထျန်းပေါင်က ချင်းရွေ့ကို တရစပ်လောဆော်နေချေသည်။

သူက လက်သီးတင်းတင်းဆုပ်ထားရင်း အရှေ့ရှိ လမ်ဘော်ဂီနီကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ သူ့အကြည့်ထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်နေလေသည်။

အစတုန်းကတော့ တစ်ဖက်လူက ဝါသနာရှင်အဆင့်လောက်ဟု ထင်ထားသော်ငြား တစ်ချိန်လုံး အရှေ့က ဦးဆောင်နိုင်လောက်သည်အထိ အရည်အချင်းရှိနေလိမ့်မည်ဟု မျှော်လင့်မထားပေ။

ချင်းရွေ့က ထျန်းပေါင်၏တိုက်တွန်းသံကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဘာမှမပြောဘဲ အရှေ့ရှိ လမ်ဘော်ဂီနီကိုသာ အာရုံစိုက်ထားလိုက်သည်။

ထိုအချိန်မှာ ချင်းရွေ့ အလွန်တုန်လှုပ်နေချေသည်။

ဤလမ်းကြောင်းပေါ်တွင် သူ မောင်းလာခဲ့သည်မှာ အကြိမ်ပေါင်းမရေမတွက်နိုင်တော့‌ပေ။ ဤမျှအကြာကြီး သူ့ရှေ့မှာ ဦးဆောင်နိုင်သူကို ပထမဆုံးကြုံဖူးခြင်းပင်။

ဟွားနိုင်ငံရှိ ပရော်ဖက်ရှင်ပြိုင်ကားသမားအားလုံးကို သိသော်ငြား ဤလူငယ်လေးကိုတော့ သူ လုံးဝမမြင်ဖူးပေ။

တစ်ဖက်လူက သူ့ကားလောက် စွမ်းဆောင်ရည်ရော အရှိန်ပါ မကောင်းသည့် လမ်ဘော်ဂီနီကို မောင်းနေခြင်းပင်။

တစ်ဖက်လူကား သူ့အရည်အချင်းတစ်ခုတည်းဖြင့် မောင်းနှင်နေသည်ဟု ဆိုနိုင်ပေသည်။

ဤတစ်ခေါက်တွင်မူ သူ ဆရာတစ်ဆူနှင့် ကြုံနေရခြင်းဖြစ်ကြောင်း ချင်းရွေ့ သဘောပေါက်လိုက်လေတော့သည်။

*******************

အခန်း ၂၂၇ - ဒဏ္ဍာရီလာကားနတ်ဘုရား

သူ့ကားက အမြဲနောက်ကောက်ကျကျန်ရစ်နေခဲ့ကြောင်း မြင်လိုက်ရသောအခါ ချင်းရွေ့မှာ အလွန်စိတ်မသက်မသာဖြစ်လာသည်။

သူက ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားတစ်ယောက်ဖြစ်ပါလျက်နှင့် ဝါသနာရှင်ပြိုင်ကားသမားတစ်ယောက်ကို ရှုံးနေပေသည်။

ဤသည်မှာ စင်စစ်သိက္ခာကျချင်စရာပင်။

ငါရှုံးလို့မဖြစ်ဘူး…

ချင်းရွေ့၏အကြည့်က စူးရှသွားသည်။

ရှေ့နားမှာ အန္တရာယ်အများဆုံးအကွေ့တစ်ခုရှိ၏။ ထိုအကွေ့တွင် သူ ယဲ့ချန်းကို ကျော်တက်ဖို့ ဆုံးဖြတ်လိုက်သည်။

ကားနှစ်စီးက လျှပ်စီးများအလား တောင်ကုန်းလမ်းမတစ်လျှောက် တစ်ဟုန်ထိုးမောင်းနှင်သွားသည်။ သူတို့အနောက်မှာမူ ကားဆယ်စီးကျော်က ကပ်လိုက်လာသည်။

သို့သော် အကွေ့များ၏ခက်ခဲမှုအဆင့်က ပိုမြင့်တက်လာသည်နှင့်အမျှ ကားများအကြားရှိ အကွာအဝေးကလည်း ပိုကျယ်လာခဲ့သည်။

ယဲ့ချန်း၏လမ်ဘော်ဂီနီနှင့် ချင်းရွေ့၏ စူပါကားတို့ကလွဲ၍ အခြားပြိုင်ကားသမားများမှာ အနောက်၌ ကျန်ရစ်ခဲ့ကြလေပြီ။

ဤပြိုင်ပွဲ၏အနိုင်အရှုံးက ယဲ့ချန်းနှင့် ချင်းရွေ့တို့ကြားမှာပင် ဆုံးဖြတ်ရတော့မည်ဖြစ်၏။

ထိုအခိုက်ဝယ် ယဲ့ချန်းဘေးရှိ ကျောက်ယင်းမှာ အလွန်စိတ်လှုပ်ရှားလာသည်။ ယဲ့ချန်း၏ကားမောင်းစွမ်းရည်က ဤမျှအထိ အံ့ဖွယ်ကောင်းနေလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။

ယဲ့ချန်းနှင့် ကားပြိုင်မောင်းချင်သည်ဟု တွေးခဲ့မိခြင်းမှာ မည်မျှအထိ ရယ်ချင်စရာကောင်းကြောင်း သူ(မ) သိလိုက်ရသည်။

ယဲ့ချန်း၏ကားမောင်းစွမ်းရည်က အလွန်ထူးချွန်လှသောကြောင့် ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားများပင် နောက်ကျကျန်ရစ်နေခဲ့ပေသည်။ သူ(မ)၏ဝါသနာရှင်အဆင့် ကားမောင်းစွမ်းရည်ဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။

အဆင့်ချင်း လုံးဝမတူချေ။

ထပ်ရောက်လာသည့် အကွေ့များတွင်လည်း ယဲ့ချန်းက ထူးချွန်ပြောင်မြောက်စွာ လုပ်ပြခဲ့သည်။ အချိန်ကိုက်က တိကျလွန်းပြီး ကွေ့ဝိုက်လိုက်သည့်အချိန်တိုင်း ကျောက်ယင်းခမျာ စိတ်လှုပ်ရှားရလွန်းသဖြင့် နှလုံးထွက်ကျမတတ်ပင် ခံစားလိုက်ရသည်။

ယခုမူ ကျွမ်းကျင်သူအစစ်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူ(မ) နားလည်သွားလေပြီ။

အဆုံးမှာတော့ ယဲ့ချန်း၏ကားက နောက်ဆုံးအကွေ့သို့ ရောက်လာခဲ့သည်။

အရှေ့တွင် ယဲ့ချန်း၏လမ်ဘော်ဂီနီရှိပြီး ချင်းရွေ့၏စူပါကားကတော့ အနောက်မှ ကပ်လိုက်လာသည်။

ထိုကားနှစ်စီးကြားရှိ အကွာအဝေးမှာ ဆယ်မီတာပင် မပြည့်ပေ။ ချင်းရွေ့၏ ပြုပြင်မွမ်းမံထားသောကား၏ လုပ်ဆောင်ရည်က လမ်ဘော်ဂီနီထက် သာလွန်ပေသည်။ ထို့ကြောင့် ကားနှစ်စီးကြားရှိ ကွာဟမှုမှာ ကျဉ်းမြောင်းလာချေသည်။

ကျောက်ယင်းက နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်ရှုရင်း စိုးရိမ်တကြီးပြောလိုက်၏။

"အနောက်ကကားက မီလာပြီ။ ငါးမီတာတောင် မလိုတော့ဘူး"

ယဲ့ချန်းကမူ တည်ငြိမ်စွာဆိုလိုက်၏။

"ကိုယ်သိတယ်။ လက်ကိုင်ကိုမြဲမြဲကိုင်ပြီး ငြိမ်ငြိမ်လေးထိုင်နေ"

နောက်ဆုံးအကွေ့မှာ အနိုင်အရှုံးကိုဆုံးဖြတ်ပေးမည့် သော့ချက်ပင်။

ယဲ့ချန်း၏ကားက စွမ်းဆောင်ရည်နိမ့်သောကြောင့် ဤအကွေ့မှာ အကွာအဝေးကို ထပ်ချဲ့ရန်အတွက် အရှိန်ကုန်တင်၍ မောင်းနှင်မှဖြစ်ချေမည်။ မဟုတ်ပါက ကားနှစ်စီးကြားရှိ အကွာအဝေးက အလွန်နီးကပ်နေလျှင် လမ်းဖြောင့်သို့ ပြန်ရောက်သည်နှင့် ချင်းရွေ့၏ကားက ကျော်တက်သွားနိုင်သည်။

ဖန်သားပြင်ကို စိုက်ကြည့်ရင်း လူတိုင်း အသက်ရှူအောင့်ထားလိုက်မိကြသည်။

အစီအစဉ်တင်ဆက်သူကလည်း စိတ်လှုပ်ရှားစွာ ဆိုလာလေသည်။

"လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ… ဒီနေ့ပြိုင်ပွဲကတော့ ရင်သပ်ရှုမောဖို့ကောင်းလွန်းပါတယ်။ ကားနတ်ဘုရားချင်းရွေ့ရဲ့ကားက ပြိုင်ကွင်းတစ်ဝက်စာလောက်ပဲ လိုပါတော့တယ်။ နောက်ဆုံးအကွေ့မှာ ရလဒ်ကို သူ ပြောင်းပြန်လှန်ပစ်နိုင်မလား"

နောက်ဆုံးအကွေ့သို့ နီးကပ်လာသည်နှင့် ယဲ့ချန်း၏အကြည့်က တည်ငြိမ်နေချေသည်။ သူက ရုတ်ခြည်းပင် လီဗာကိုဖိနင်း၍ စတီယာရင်ကို ကွေ့ချလိုက်သည်။

"ဟင်း.. ဒီနားမှာ ကျော်တက်ဖို့ကြိုးစားနေတာလား"

ချင်းရွေ့၏မျက်လုံများမှာ ကျဉ်းမြောင်းသွားပြီး နိုက်ထရိုခလုတ်ကို နှိပ်ချလိုက်သည်။ ပြိုင်ကားသမားများအတွက် နိုက်ထရိုခလုတ်ဆိုသည်မှာ ကား၏အရှိန်ကို ချက်ချင်းမြှင့်တင်ပေးနိုင်သည့် ဖြတ်လမ်းနည်းတစ်ခုအလားပင်။

ဘရွန်း.. ဘရွန်း.. ဘရွန်း!!

လျှပ်တစ်ပြက်အတွင်းမှာပင် ချင်းရွေ့၏ပြိုင်ကားက ဒုံးပျံတစ်စင်းအလား တစ်ဟုန်ထိုးထွက်ခွာသွားလေသည်။

ယဲ့ချန်း၏ကားက အကွေ့နားတွင် ဝိုက်ဆွဲနေပြီဖြစ်၏။

နိုက်ထရိုခလုတ်၏အကူအညီဖြင့် အနောက်မှကပ်လိုက်လာသည့် ချင်းရွေ့၏ကားက အကွေ့နားတွင် ဝိုက်ချလိုက်သည်။

ဖြတ်လမ်းနည်းသုံးထားသော အရှိန်ကြောင့် ချင်းရွေ့၏ကားက ယဲ့ချန်းထက် များစွာပိုမြန်လေသည်။

သွားပြီ! ကျော်တက်ခံရတော့မယ်!

ပရိသတ်အားလုံး တစ်ညီတစ်ညာတည်း သက်ပြင်းချလိုက်မိကြသည်။ ယဲ့ချန်းက အရည်အချင်းအရာတွင် မရှုံးသော်ငြား ကား၏လုပ်ဆောင်နိုင်စွမ်းအရာ၌ ရှုံးသွားခဲ့ခြင်းပင်။

ယဲ့ချန်း ရှုံးတော့မည်ဟု အားလုံးထင်နေကြချိန်မှာပင် ယဲ့ချန်း၏ကားက အမြီးပိုင်းကို ရုတ်ခြည်းယမ်းလိုက်ပြီး ချင်းရွေ့၏လမ်းကြောင်းကို ပိတ်ထားလိုက်၏။

ဘန်း!

အရှိန်ဖြင့်မောင်းလာသော ချင်းရွေ့၏ကားလည်း ယဲ့ချန်း၏ကားအနောက်ပိုင်းကို အပြင်းအထန်ဝင်တိုက်မိလေတော့သည်။

ထို့နောက် ယဲ့ချန်း၏ကားက လမ်းဖြောင့်ကို ဝင်ရောက်သွားသည်။ ဤကဲ့သို့ ဝင်တိုက်ခံလိုက်ရသည့်အရှိန်က လမ်ဘော်ဂီနီကားကို အရှေသို့ တွန်းပို့လိုက်သလို ဖြစ်သွားခြင်းပင်။

သို့သော် ချင်းရွေ့၏ကားကတော့ သိပ်ကံမကောင်းရှာပေ။

သူ့ကားက ဝိုက်ဆွဲနေစဉ် ဝင်တိုက်မိလိုက်သည်ဖြစ်ရာ ကားတစ်ခုလုံးက လမ်းဘေးရှိ လက်ရန်းများကို အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်မိလေတော့သည်။

ချင်းရွေ့၏ကားမောင်းစွမ်းရည်က ကောင်းမွန်၍သာ တော်သေးသည်။ မဟုတ်ပါက ကားက တောင်စောင်းအောက်သို့ ထိုးကျသွားလောက်ပြီဖြစ်၏။

လမ်ဘော်ဂီနီ ပန်းဝင်သွားသည့်မြင်ကွင်းကိုကြည့်ရင်း ချင်းရွေ့ မျက်နှာပျက်သွားပြီး မဆဲဘဲ မနေနိုင်တော့ပေ။

"သေစမ်း"

"ယဲ့ချန်း ရှင်က အရမ်းတော်တာပဲ"

ကျောက်ယင်းမှာ စိတ်မထိန်းနိုင်တော့ဘဲ ယဲ့ချန်းကို အနမ်းပေးလိုက်ချေသည်။

ကားထဲတွင် ထိုင်နေရုံမျှဖြင့် ယဲ့ချန်း၏ကားမောင်းစွမ်းရည်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရသည်။

ကိုယ့်ကားထက် အဆပေါင်းများစွာ စွမ်းဆောင်ရည်မြင့်သော ပြိုင်ကားပိုင်ရှင်ကိုပင် ယဲ့ချန်းက နိုင်အောင် မောင်းပြခဲ့သည်။

စင်စစ်လေးစားချင်စရာပင်။

အထူးသဖြင့် အာရုံစိုက်ပြီးမောင်းနှင်နေသည့် ယဲ့ချန်း၏ပုံစံက အလွန်မိမိုက်လှသောကြောင့် ကျောက်ယင်းခမျာ လုံးဝကြွေဆင်းသွားရသည်။

ဤသည်မှာ သူ(မ)၏ မြင်းဖြူရှင်မင်းသားလေးပင်။ ဤသည်မှာ သူ(မ)လိုချင်နေသော အမျိုးသားပင်။

ကျောက်ယင်း ပြုံးလျက် ပြောလိုက်၏။

"ကဲ.. ရှင်က ကျွန်မရဲ့စမ်းသပ်မှုကို အောင်မြင်သွားပြီဆိုတော့ အခု ကျွန်မရဲ့ချစ်သူ ဖြစ်သွားပြီ"

ယဲ့ချန်းကား ပြုံးတုံ့တုံ့သာ။

"မင်းရဲ့ကားအမြီး ဝင်တိုက်ခံလိုက်ရတာတော့ နှမြောမိတယ်"

"ရပါတယ်။ ဒါက အသေးအဖွဲလေးပါ။ နိုင်ရင်ပြီးတာပဲ။ ကျွန်မတို့ ပိုက်ဆံအတူသွားယူကြမယ်။ အိုး.. ပြီးတော့ အဲဒီနှစ်ယောက် ဒူးထောက်တောင်းပန်တာကို ကြည့်ရဦးမယ်"

ကျောက်ယင်းက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းဖွင့်၍ တိုက်ရိုက်ထုတ်လွှင့်ရန် အသင့်ပြင်လိုက်သည်။

ထိုအချိန်မှာပင် ချင်းရွေ့၏ကားကလည်း ပန်းဝင်လာခဲ့သည်။ ထျန်းပေါင်၏မျက်နှာကတော့ အလွန်သုန်မှုန်နေတော့သည်။ ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားကို ငှားထားသည့်တိုင် ယခုလိုရှုံးရလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။

အရေးအကြီးဆုံးမှာ ဒူးထောက်ပြီး တောင်းပန်ရမည့်အပိုင်းပင်။ ထို့ပြင် ယဲ့ချန်းကိုလည်း ငွေဆယ်သန်းပေးရပေဦးမည်။

ပိုက်ဆံပေးရသည်မှာ အဆင်ပြေပါသည်။ မုန့်ဖိုးနည်းနည်းပါးပါး လျော့သွားရုံသာရှိ၏။ သို့သော် ဒူးထောက်တောင်းပန်ရမည်ဆိုပါက ဤသူဌေးသားအသိုင်းအဝိုင်းထဲတွင် သူ မည်သို့ မျက်နှာပြရတော့မည်နည်း။

သူသာ တကယ်ဒူးထောက်တောင်းပန်လိုက်ပါက သူ့အိမ်က လူတချို့ ပြဿနာရှာကြတော့မည်ကို မြင်ယောင်မိသည်။

ယခုလက်ရှိတွင် ထျန်းမိသားစုထဲရှိ မျိုးဆက်သစ်များက ဆက်ခံသူလောင်းနေရာအတွက် ယှဉ်ပြိုင်နေကြသည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေ အရှုံးပေးဦးညွှတ်၍မဖြစ်ပါချေ။

"အမှိုက်ကောင်.. ဒါနဲ့များ မင်းကိုယ်မင်း ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားလို့ ပြောရဲသေးတယ်ပေါ့"

သူ့ဒေါသကို ပုံချစရာနေရာမရှိသဖြင့် ထျန်းပေါ်လည်း ချင်းရွေ့ကိုသာ ဒေါသများ ပုံချလေတော့သည်။

ပိုင်ယင်းလည်း ဒေါသထွက်နေလေသည်။ သူ(မ)၏မျက်နှာကား ဒေါသကြောင့် နီရဲနေလေတော့သည်။

"ထျန်းပေါင်… ရှင်ရှာလာတဲ့ ပြိုင်ကားသမားက အသုံးကိုမကျဘူး။ ဒီလိုလူသစ်တစ်ယောက်ကို မနိုင်ဘူး"

"ဖြောင်း"

ဒေါသူပုန်ထနေသည့် ထျန်းပေါင်က ပိုင်ယင်း၏မျက်နှာကို ဖြတ်ရိုက်လိုက်၏။

"သွားသေလိုက်လေ! မင်းကြောင့်သာမဟုတ်ရင် ငါလည်း သူတို့နဲ့ လောင်းကြေးထပ်မှာမဟုတ်ဘူး။ မင်းကြောင့် ငါ ဒုက္ခရောက်တာ"

ထိုအချိန်ဝယ် ယဲ့ချန်းက စင်ပေါ်သို့တက်၍ ဆုလက်ခံနေချေပြီ။

အစီအစဉ်တင်ဆက်သူက ကြေညာလိုက်၏။

"လူကြီးမင်းတို့ခင်ဗျာ… ဒီနေ့ Sအဆင့်လမ်းကြောင်းမှာ အနိုင်ရသွားတဲ့ဆုရှင်ကတော့ ယဲ့ချန်းဖြစ်ပါတယ်။ မစ္စတာယဲ့က ၄မိနစ်၃၁စက္ကန့်နဲ့ စံချိန်သစ်တင်နိုင်ခဲ့ပြီး ချင်းရွေ့ရဲ့စံချိန်ဟောင်းထက် စက္ကန့်၂၀ပိုမြန်ခဲ့ပါတယ်"

"ယဲ့ချန်းတဲ့လား"

ထိုနာမည်ကိုကြားသော် ချင်းရွေ့၏အမူအရာမှာ ပြောင်းလဲသွားလေသည်။

သူက ရှုနတ်ဘုရားပြောခဲ့ဖူးသည့် ပုဂ္ဂိုလ်များလား။ ရှုနတ်ဘုရားသည် တစ်ခါတုန်းက သူ့ကားမောင်းစွမ်းရည်မှာ ဒုတိယအဆင့်သာရှိပြီး ပထမအဆင့်မှာမူ ဟွားနိုင်ငံရှိ ယဲ့ချန်းဟုခေါ်သော လူတစ်ယောက်ဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။

ချင်းရွေ့ခမျာ ခါးသက်သက်ရယ်မောလိုက်ပြီးနောက် ပိုပြီးစိတ်သက်သာရာရသွားသည်။

သူရှုံးသွားတာ မအံ့ဩတော့ပါချေ။ ရှုနတ်ဘုရားတောင် မပြိုင်နိုင်မှတော့ သူ့လို အရန်ပြိုင်ကားသမားက ယဲ့ချန်းကို မည်သို့ယှဉ်နိုင်မည်နည်း။

ချင်းရွေ့လည်း ယဲ့ချန်း၏ဘေးနားသို့ လျှောက်သွားလိုက်၏။

"မစ္စတာယဲ့ ခင်ဗျား အရင်တုန်းက ရှုနတ်ဘုရားနဲ့ ကားမောင်းပြိုင်ဖူးတယ်မလား"

ယဲ့ချန်းလည်း ခဏမျှတုံ့ဆိုင်းသွားသည်။

"ဟုတ်တယ်။ အရင်က တစ်ခါပြိုင်ခဲ့ဖူးတယ်"

"ယဲ့နတ်ဘုရား.. ကျွန်တော် ယဲ့နတ်ဘုရားနဲ့ ပြိုင်မောင်းခွင့်ရလိမ့်မယ်လို့ လုံးဝထင်မထားဘူး။ ဒီနေ့ ကျွန်တော့်ကားမောင်းစွမ်းရည်က သိသိသာသာတိုးတက်သွားသလို ခံစားရတယ်။ ကျေးဇူးတင်ပါတယ်"

ထိုအချိန်ဝယ် ဘေးနား၌ ထျန်းပေါင်က မတ်တတ်ရပ်နေပေသည်။ သူ့အမူအရာကား အလွန်အကျည်းတန်နေပေသည်။

"ချာတိတ် မင်းတို့က အချင်းချင်းသိနေကြတာပဲ။ ငါတို့ရှုံးသွားတာလည်း မဆန်းတော့ပါဘူး။ မင်းတို့ လက်ဝါးချင်းရိုက်ထားကြတာမလား"

"လက်ဝါးချင်းရိုက်ထားတယ်တဲ့လား

ချင်းရွေ့က လှောင်ရယ်လိုက်လေသည်။

"ခင်ဗျား နံပါတ်တစ်ပြိုင်ကားနတ်ဘုရားရှုကို သိလား။ သူကိုယ်တိုင်တောင် ယဲ့ချန်းကို မယှဉ်နိုင်တာကို။ ကျုပ်လို အရန်ပြိုင်ကားသမားတစ်ယောက်က ယဲ့နတ်ဘုရားကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

"ဘာ?"

ချင်းရွေ့၏စကားများကို ကြားလိုက်ရသောအခါ ပရိသတ်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

ဖယ်ရာရီF1ကားနတ်ဘုရားရှုကိုယ်တိုင်ပင် ယဲ့ချန်းကို ရှုံးခဲ့သည်တဲ့လား။

"ကားနတ်ဘုရားရှုက တစ်ခါတုန်းက ယဲ့မျိုးရိုးလူငယ်လေးတစ်ယောက်ဆီမှာ ရှုံးခဲ့ဖူးတယ်လို့ ပြောတာကိုတော့ ကြားဖူးတယ်။ လက်စသတ်တော့ သူဖြစ်နေတာကိုး"

"မိုက်လိုက်တာ။ ဒီလူက ဟွားနိုင်ငံရဲ့ ဒဏ္ဍာရီလာနံပါတ်တစ်ကားနတ်ဘုရားဖြစ်နေတာပဲ"

******************

အပိုင်း ၂၂၈ - လောင်းကြေးက လောင်းကြေးပဲ

ယဲ့ချန်းက ထျန်းပေါင်နှင့် ပိုင်ယင်းတို့ကို လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်လေသည်။

"မင်းတို့ ကတိတည်သင့်ပြီထင်တယ်နော်"

ယဲ့ချန်း ရယ်လိုက်လေသည်။

"ဟုတ်တယ်။ ဒီအစ်မကြီးကို ဦးညွတ်ကြစမ်း"

ကျောက်ယင်လည်း စိတ်လှုပ်ရှားခြင်းကြီးစွာ အော်ပြောလိုက်၏။

"အစ်ကိုယဲ့.. ကျွန်တော် ခင်ဗျားအကောင့်ထဲကို ဆယ်သန်းချက်ချင်းလွှဲပေးပါ့မယ်။ ကျွန်တော်တို့ကို မျက်နှာသာပေးလို့မရဘူးလား"

ထျန်းပေါင်က နေရခက်ဟန်ဖြင့် ဆိုလာလေသည်။

"ရှောင်ယင်း.. ငါတို့သိလာတာလည်း ကြာလှနေပြီ။ ငါက နင့်ကိုစနေတာပါ။ နင် အတည်မယူဘူးမလား"

ပိုင်ယင်းကလည်း ကတိဖျက်ဖို့ ကြိုးစားလာသည်။

ယဲ့ချန်းမှာမူ မျက်ခုံးပင့်လိုက်မိသည်။

"ကြည့်ရတာတော့ မင်းတို့ ကတိဖျက်တော့မယ်ထင်တယ်။ မျက်နှာသာပေးရအောင် မင်းက ဘယ်သူမို့လို့လဲ။ ငါကဖြင့် မင်းကို သိတောင်မသိတဲ့ဟာကို ဘာလို့မျက်နှာသာပေးရမှာလဲ"

"ဟုတ်ပါ့။ အရှုံးကိုလက်မခံနိုင်ဘူးလား။ လူတိုင်း စောင့်ကြည့်နေတာနော်"

ကျောက်ယင်းက အေးစက်စက်လေသံဖြင့် ဆိုလာလေသည်။

…

ထိုအချိန်မှာပင် ကျိုတိုမြို့ရှိ စံအိမ်တစ်ခု၌…

ထျန်းမိသားစုခေါင်းဆောင် ထျန်းကွေ့နှင့် ပိုင်မိသားစု၏အကြီးအကဲ ပိုင်ချွမ်းတို့က အစ်ကိုထန်နှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောနေကြသည်။

"အစ်ကိုထန်.. ခင်ဗျား ကျွန်တော်တို့ကို မစ္စတာယဲ့နဲ့ မိတ်ဆက်ပေးမှဖြစ်မယ်နော်"

"ဟုတ်တယ်။ မစ္စတာယဲ့လို အဆင့်အတန်းမျိုးရှိတဲ့လူတစ်ယောက်နဲ့သာ အချိတ်အဆက်ရမယ်ဆိုရင် ကျွန်တော်တို့ ခင်ဗျားရဲ့ကျေးဇူးကို တစ်သက်မမေ့ပါဘူး"

အစ်ကိုထန်က တဟားဟားရယ်လိုက်လေသည်။

"မစ္စတာယဲ့က အရမ်းသိုသိုသိပ်သိပ်နေတတ်တာ။ ငါ အခွင့်အရေးရရင် မင်းတို့နဲ့ မိတ်ဆက်ပေးမှာပါ"

ထိုအချိန်မှာပင် ထျန်းကွေ့ထံသို့ ဖုန်းဝင်လာသည်။

"အဖေ လူတစ်ယောက်က ကျွန်တော်တို့မိသားစုကို ပြဿနာလာရှာနေတယ်။ ကျွန်တော်တို့ လောင်းကြေးထပ်ပြီး ပြိုင်ကားမောင်းကြတာ။ သူက ကျွန်တော့်ကားသမားကို လာဘ်ထိုးပြီး ညစ်ပတ်တဲ့နည်းလမ်းနဲ့ အနိုင်ယူသွားတယ်။ အခုကျတော့ ကျွန်တော့်ကို ဒူးထောက်ပြီး တောင်းပန်ခိုင်းနေပြီ"

"ဘာ? အဲဒီလိုကိစ္စမျိုးလည်း ရှိတာလား။ ထျန်းမိသားစုကို အနိုင်ကျင့်ရဲတယ်ပေါ့။ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

ထိုအချိန်ဝယ် ပိုင်ချွမ်းဆီကိုပါ ဖုန်းဝင်လာသည်။

"အဖေ အဖေ့သမီးဘက်က ရပ်တည်ပေးရမယ်နော်။ သမီး ကျောက်ယင်းနဲ့ လောင်းကြေးထပ်ထားတာ။ အခု ပြိုင်ပွဲမှာ ရှုံးသွားလို့ ကျောက်ယင်းက ဒူးထောက်ပြီး တောင်းပန်ခိုင်းနေတယ်။ သူက ကားသမားကို လာဘ်ထိုးခဲ့တာ။ အသာတကြည်လွှတ်ပေးမှာမဟုတ်ဘူးတဲ့"

"သေစမ်း။ ငါ့သမီးကို လာအနိုင်ကျင့်ရဲတယ်ပေါ့။ ပိုင်မိသားစုက အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား။ အဲဒီချာတိတ်ရဲ့နာမည်က ဘာတဲ့လဲ"

ထိုအချိန်မှာပင် ထျန်းကွေ့ကလည်း မေးလိုက်၏။

"ကျောက်ယင်းခေါ်လာတဲ့ အဲဒီချာတိတ်ရဲ့နာမည်က ဘာတဲ့လဲ"

"ယဲ့ချန်း"

ထျန်းကွေ့နှင့် ပိုင်ချွမ်းတို့ခမျာ တဒင်္ဂမျှကြက်သေသေသွားပြီးနောက် သူတို့၏အမူအရာများမှာ ရုတ်ခြည်းပြောင်းလဲသွားသည်။

ထျန်းကွေ့ : "သူက မိုတုမြို့က ယဲ့ချန်းလား"

ပိုင်ချွမ်း : "အဲဒီလူက တော်တော်ငယ်ပြီး တော်တော်ချောလား"

ထျန်းပေါင်နှင့် ပိုင်ယင်းတို့လည်း ကြောင်အကုန်ကြသည်။ ထို့နောက် နှစ်ယောက်သား တစ်ပြိုင်တည်းပြန်ဖြေလိုက်၏။

"ဟုတ်တယ်"

ထျန်းကွေ့ : "ကောင်စုတ်လေး မင်း အခုချက်ချင်း ဦးလေးယဲ့ကို ဒူးထောက်ပြီး တောင်းပန်လိုက်စမ်း။ အရှုံးကို လက်ခံမှပေါ့။ မင်းက ထျန်းမိသားစုတစ်ခုလုံးကို အရှက်ခွဲနေတာ"

ပိုင်ချွမ်း : "မစ္စတာယဲ့က ဘယ်သူလဲဆိုတာသိလား။ နင့်အဖေတောင်မှ သူ့ကို မဆန့်ကျင်ရဲဘူး။ ဦးလေးယဲ့ကို အခုချက်ချင်းဒူးထောက်ပြီး တောင်းပန်လိုက်စမ်း။ မဟုတ်လို့ကတော့ အိမ်ပြန်မလာခဲ့နဲ့"

ထျန်းပေါင်နှင့် ပိုင်ယင်းတို့ခမျာ ကြက်သေသေကုန်ကြသည်။

ပြိုင်ကားသမားကို လာဘ်ထိုးသည်ဆိုခြင်းမှာ သူတို့ သက်သက်ဆင်ခြေပေးလိုက်ခြင်းပင်။ အစတုန်းက အိမ်ကို ဖုန်းဆက်လိုက်လျှင် ပြဿနာပြေလည်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယဲ့ချန်း၏နာမည်ကို ပြောလိုက်သည်နှင့် သူတို့အဖေနှစ်ယောက်က လုံးဝပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားချေ။

သူတို့ဘေးနားရှိ ကျောက်ယင်းကမူ ယဲ့ချန်း၏အင်္ကျီအနားစွန်းကို ဆွဲလိုက်သည်။

"ဒီအတိုင်းထားလိုက်ရအောင်ပါ။ ထျန်းမိသားစုနဲ့ ပိုင်မိသားစုက ကျိုတိုမှာ အရမ်းဩဇာကြီးတာ။ သူတို့က ကျွန်မတို့ကို လျော်ကြေးပေးပြီးပြီပဲ"

ယဲ့ချန်းကတော့ ခေါင်းခါပြချေသည်။

"တကယ်လို့ ငါတို့သာ ရှုံးခဲ့ရင် သူတို့က ချမ်းသာပေးမှာတဲ့လား။ သူတို့ ရှုံးသွားမှတော့ တန်ရာတန်ကြေးပြန်ပေးဆပ်ရမှာပေါ့"

ထိုအချိန်မှာ ထျန်းပေါင်နှင့် ပိုင်ယင်းတို့က ယဲ့ချန်းရှေ့သို့ လျှောက်လာကြသည်။

ဒုန်း ဒုန်း!

သူတို့နှစ်ယောက် ဒူးထောက်ချပြီး ဦးညွတ်လိုက်၏။

"ဦးလေးယဲ့..မှားသွားပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

"ဦးလေးယဲ့ ဒီတူမကို စိတ်မဆိုးပါနဲ့"

...

ယဲ့ချန်း : "…"

ကျောက်ယင်း : "…"

အခြားသူဌေးသားသမီးများ : "…"

လူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။ သူတို့နှစ်ယောက်မှာ အစောကပင် မောက်မာပြနေသည်မဟုတ်လား။ မည်သို့ပင်ဖြစ်စေ ဒူးထောက်ပြီး မတောင်းပန်နိုင်သဖြင့် သူတို့အိမ်ကို ဖုန်းဆက်ကာ စစ်ကူခေါ်လိုက်ကြခြင်းပင်။

သို့သော် ဖုန်းချပြီးနောက် အခြေအနေက မည်သို့နှယ်‌ပြောင်းလဲသွားရလေသလဲ။

ဒူးထောက်တောင်းပန်လိုက်သဖြင့် ယဲ့ချန်းလည်း လက်ခါပြလိုက်၏။

"ကောင်းပြီ။ မင်းတို့ကို အပြစ်ပေးပြီးပြီဆိုမှတော့ ထားလိုက်တော့"

ယဲ့ချန်းကမူ ဤကလေးများကို အာရုံမစိုက်ချင်တော့ပေ။

ထိုအချိန်မှာပင် ရိုးရွိုင့်တစ်စီးက အရှိန်အဟုန်ဖြင့် ရောက်ချလာသည်။ ကားတံခါးပွင့်သွားချိန်မှာ လူသုံးယောက် ထွက်လာချေသည်။

ဒုတိယမျိုးဆက်လူကုံထံများအားလုံး မှင်တက်ကုန်ကြသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ စီးပွားရေးလုပ်ငန်းရှင်ကြီး အစ်ကိုထန်ပင်။ သူ့နောက်တွင်မူ ထျန်းမိသားစုခေါင်းဆောင် ထျန်းကွေ့နှင့် ပိုင်မိသားစုခေါင်းဆောင် ပိုင်ချွမ်းတို့ပင်။

"မစ္စတာယဲ့ ခင်ဗျားလည်း ကျိုတိုကို ရောက်နေလိမ့်မယ်လို့ ထင်မထားဘူး"

အစ်ကိုထန်က ပြုံးစစဖြင့် ပြောလိုက်၏။

ယဲ့ချန်းလည်း အစ်ကိုထန့်ကိုကြည့်ကာ အံ့အားသင့်သွားချေသည်။

"အစ်ကိုထန်.. ဘယ်လိုဖြစ်ရတာလဲ"

"ဟားဟား.. ကျုပ် သူငယ်ချင်းတွေနဲ့ အရက်သောက်နေတုန်း သူတို့အိမ်က ကလေးစုတ်လေးတွေက ခင်ဗျားနဲ့ ပြဿနာဖြစ်နေတယ်လို့ ကြားလိုက်ရလို့လေ။ သူတို့က ခင်ဗျားကို လူကိုယ်တိုင်တောင်းပန်ချင်တယ်ဆိုလို့ ခေါ်လာပေးတာ"

ထျန်းကွေ့က အရှေ့သို့တိုးလာပြီး ပြောလိုက်၏။

"မစ္စတာယဲ့..ကျွန်တော် ကလေးတွေကို သွန်သင်ဆုံးမမှုညံ့ဖျင်းခဲ့လို့ပါ။ သူတို့ ခင်ဗျားကို စော်ကားမိခဲ့ရင် စိတ်ကြိုက်ရိုက်နှက်ဆုံးမနိုင်ပါတယ်။ သူတို့နဲ့ တန်တယ်လေ"

ပိုင်ချွမ်း : "မစ္စတာယဲ့.. ကျွန်တော့်သမီးက အလိုလိုက်ခံထားရလို့ ဆိုးနေတာ။ ခင်ဗျား မကျေနပ်ဘူးဆိုရင် သူ့ကို ပါးသာရိုက်လိုက်ပါ"

ထျန်းပေါင် : "…"

ပိုင်ယင်း : "…"

နှစ်ယောက်သားခမျာ ငိုချမိမတတ်ပင်။

သူတို့က အဖေအရင်းတွေရော ဟုတ်ရဲ့လား?

ယဲ့ချန်းကတော့ လက်ယမ်းပြလေသည်။

"ထားလိုက်ပါ။ အပျော်သက်သက်ပြိုင်ကြတာပါ။ သူတို့လည်း အရှုံးကို လက်ခံပြီးသွားပြီဆိုတော့ ပြီးသွားပါပြီ"

ယဲ့ချန်း စိတ်မဆိုးတော့မှန်း သိလိုက်ရမှသာ သူတို့နှစ်ယောက်လည်း သက်မချလိုက်မိတော့သည်။

အစတုန်းကတော့ ထျန်းကွေ့နှင့် ပိုင်ချွမ်းတို့က ယဲ့ချန်းကို ညစာစားဖို့ ဖိတ်ချင်ခဲ့သော်လည်း ယဲ့ချန်းက ငြင်းလိုက်၏။

ညနေဘက်တွင် ယဲ့ချန်းက ကျောက်ယင်းကို ကားဖြင့် အိမ်ပြန်ပို့ပေးလိုက်သည်။

ရှက်သွေးဖြာနေသော ကျောက်ယင်းကမူ ဆိုလိုက်၏။

"ယဲ့ချန်း ကျေးဇူးပဲနော်"

"ဟားဟား အချင်းချင်းကို ဘာလို့ယဉ်ကျေးနေတာလဲ"

"ယဲ့ချန်း.. ကျွန်မကို ရှင့်ချစ်သူအဖြစ် လက်ခံနိုင်မလား"

"တကယ်တော့ ငါ့မှာ ရည်းစားရှိတယ်"

ယဲ့ချန်းက ပြောလိုက်၏။

ကျောက်ယင်း၏စရိုက်က ပွင့်လင်းမြင်သာရှိသော်ငြား ယဲ့ချန်းကတော့ ကျောက်ယင်းကို အချစ်ရေးကိစ္စတွင် မလိမ်ညာချင်ပေ။

"ရပါတယ်။ ရှင့်လို ထူးချွန်ပြောင်မြောက်တဲ့လူတစ်ယောက်မှာ ချစ်သူရှိတာ ပုံမှန်ပါပဲ။ မရှိဘူးဆိုမှ ထူးဆန်းနေမှာ"

ကျောက်ယင်းက ပြုံးလျက် ပြောလိုက်လေသည်။

"ကျွန်မ ရှင့်ရဲ့အငယ်အနှောင်းဖြစ်ရလည်း စိတ်ထဲမထားပါဘူး"

ကျောက်ယင်းက ရှက်သွေးဖြန်းလျက် ပြောလိုက်သည်။

"ကြည့်ရတာတော့ အငယ်အနှောင်းကလည်း နေရာပြည့်နေပြီထင်တယ်"

ယဲ့ချန်းမှာ နေရခက်ဟန်ဖြင့် ပြောလိုက်၏။

"ရှင်… ရှင့်မှာ မိန်းမတွေ ဘယ်နှယောက်တောင်ရှိတာလဲ လူဆိုးကောင်ကြီး"

ကျောက်ယင်းက ယဲ့ချန်းကို အသည်းအသန်ထုနှက်လေတော့သည်။

"တွက်ကြည့်ရဦးမှာ"

ကျောက်ယင်းခမျာ သူ(မ)၏မျက်နှာကို အုပ်ထားလိုက်မိသည်။

"ရှင့်မှာ မိန်းမဘယ်လောက်များများ ရှင့်နှလုံးသားထဲမှာ ကျွန်မအတွက် နေရာတစ်နေရာတော့ ချန်ထားပေးရမယ်နော်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။

"သေချာတာပေါ့"

ကျောက်ယင်းက ကားပေါ်ကဆင်းပြီးနောက် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်၏။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့် (၅/၅)ကို ရရှိတဲ့အတွက် ဗျပ်စောင်းပညာရှင်စွမ်းရည်ကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါတယ်]

ဗျပ်စောင်းပညာရှင်တဲ့လား။

ဤစွမ်းရည်ကြောင့် ယဲ့ချန်းမှာ ဆွံ့အသွားရသည်။

အိမ်တွင် ဗျပ်စောင်းတစ်လက်ရှိကြောင်း ယဲ့ချန်း ရုတ်တရက်အမှတ်ရလိုက်၏။

သို့သော် ထိုအရာမှာ ဧည့်ခန်းကို အလှဆင်ရန်အတွက် လင်းဝမ်ယိုကိုယ်တိုင် နေရာချထားသောအရာဖြစ်၏။ ကြည့်ရပုံထောက်သော် သူ ယခု စမ်းတီးခတ်ကြည့်နိုင်တော့မည်။

နောက်တစ်နေ့တွင် ယဲ့ချန်းက "ယီမန်း"ရုပ်ရှင်ရိုက်ကူးရေး ပြီးစီးသွားပြီဖြစ်သောကြောင့် မိုတုမြို့သို့ လေယာဉ်ဖြင့် ပြန်လာခဲ့လိုက်သည်။

လေယာဉ်ပေါ်က ဆင်းလာပြီးနောက် အိမ်ပြန်ရန်ပြင်လိုက်ချိန်မှာပင် အော်ဒါအသစ်တစ်ခု ဝင်လာခဲ့သည်။

တည်နေရာက လမ်းသင့်နေသဖြင့် ယဲ့ချန်းလည်း သွားခေါ်ရမည့်နေရာကို မောင်းသွားလိုက်သည်။

ရှေးဟောင်းဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က သေတ္တာကြီးတစ်လုံးကိုသယ်ရင်း တံခါးဝတွင် ရပ်နေချေသည်။

ထိုမိန်းကလေးက အလွန်တရာလှပပြီး ရုပ်ရည်ရမှတ်ကလည်း ၉၇မှတ်ရှိ၏။ ရှေးဟောင်းဝတ်ရုံကို ဝတ်ဆင်ထားသည်ဖြစ်ရာ ရမှတ်ကား ၉၈မှတ်အထိ ခုန်တက်သွားနိုင်သည်။

ယဲ့ချန်းလည်း ထိုမိန်းကလေး၏သေတ္တာကို ကားနောက်ဖုံးထဲသို့ ကူထည့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ထိုကောင်မလေးက ယဉ်ကျေးစွာ ဆိုလာလေသည်။

ယဲ့ချန်းကတော့ ပြုံးတုံ့တုံ့သာ။

"ဒီလိုအလှပဂေးလေးအတွက် ဝန်ဆောင်မှုပေးရတာ ဘာမှမမှုပါဘူးဗျာ"

•••••••••••••••

All Chapters