အခန်း (၂၂၉−၂၃၁)
Vol. 16 Ch. 229-231
အခန်း ၂၂၉ - မြန်မြန်မောင်းစမ်းပါ
"အလှလေး..မင်းရဲ့အိမ်က ဝမ်ယွမ်စံအိမ်နော်"
ယဲ့ချန်းက ထိုအလှလေးသွားချင်သည့်နေရာကို တစ်ချက်ကြည့်လိုက်၏။
"ဟုတ်တယ်"င
"ရုပ်လေးတင် လှတာမဟုတ်ဘူး။ မိသားစုကပါ ချမ်းသာတယ်နော်။ ဝမ်ယွမ်အိမ်ရာဆိုတာ လွန်ခဲ့တဲ့နှစ်တွေတုန်းက မိုတုမြို့မှာ တန်ဖိုးအကြီးဆုံးအိမ်ရာဝင်းတစ်ခုပဲ"
ဝမ်ယွမ်အိမ်ရာဆိုသည်မှာ လူကုံထံအသိုင်းအဝိုင်းနှင့် အနုပညာရှင်များ ရွေးချယ်လေ့ရှိသော ထိပ်တန်းနေရာတစ်ခုပင်။ ထိုအချိန်တုန်းက မိုတုမြို့ရှိ ရေပန်းအစားဆုံးအိမ်ခြံမြေစီမံကိန်းများထဲမှ တစ်ခုဖြစ်၏။
"အဆင်ပြေပါတယ်။ ဝမ်ယွမ်အိမ်ရာက တောင်တန်းတွေဝိုင်းထားတော့ လေကောင်းလေသန့်ရတယ်။ နေရာက နည်းနည်းခေါင်ပြီး သွားလာရတာ သိပ်အဆင်မပြေရုံလေးပါပဲ"
"အခုခေတ်မှာ သွားလာရတာ လွယ်ကူနေပြီ။ ကားငှားလိုက်ရုံပဲလေ။ ဒီတော့ သွားရေးလာရေးက သိပ်တော့ပြဿနာမရှိပါဘူး"
"အမှန်ပဲ။ ရှင်ပြောတာမှန်တယ်"
အလှလေးက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။
အလှလေးက ရင်သပ်ရှုမောဖွယ်ကောင်းအောင် ချောမောသော်ငြား တကယ်တမ်းတွင်မူ ပေါင်းရသင်းရလွယ်ကူပြီး ရွှင်ရွှင်မြူးမြူးနေတတ်သူတစ်ယောက်ပင်။ လမ်းတစ်လျှောက်လုံး ယဲ့ချန်းနှင့် စကားပြောလာရသည်မှာ အလွန်ပျော်ဖို့ကောင်းလှသည်။
...
ထိုအချိန်ဝယ် ရေဒီယိုမှ သီချင်းသံတစ်သံ ထွက်ပေါ်လာသည်။ နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲဖြစ်သော လူငယ်အဆိုတော်တစ်ယောက်၏ သီချင်းပင်။
သီချင်းသံကို ကြားလိုက်ရသည်နှင့် ထိုအလှလေးက မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။
"ဒီသီချင်းက မကောင်းလို့လား"
"ဟုတ်တယ်။ ကျွန်မကိုယ်တိုင်က ဂီတပိုင်းကို သိပ်စိတ်မဝင်စားလို့လားမသိဘူး။ ဂီတနဲ့ပတ်သက်လာရင် ကျွန်မရဲ့စံနှုန်းသတ်မှတ်ချက်က အရမ်းမြင့်တာ"
"ဒါဆို ငါ့သီချင်းကို ဖွင့်ပြမယ်လေ"
ဤသို့ပြောပြီးနောက် ယဲ့ချန်းက ကိုယ်ပိုင်သီချင်းများကို ဖွင့်ပေးလိုက်သည်။
သာယာငြိမ့်ညောင်းလှသော သံစဉ်တစ်ခု ပျံ့လွင့်လာသည်။
လင်းရှစ်ယင်မှာ စပီကာမှထွက်ပေါ်လာသော စန္ဒရားသံကို နားထောင်ရင်း ချက်ချင်းစိတ်ဝင်စားသွားသည်။
ဤဂီတသံစဉ်မှာ အမှန်တကယ်ပင် ညှို့ယူဖမ်းစားနိုင်စွမ်းရှိ၏။
လင်းရှစ်ယင်က ဂီတနှင့်ပတ်သက်လာလျှင် အလွန်စေ့စပ်သေချာသူတစ်ယောက်ပင်။ သို့သော် ယဲ့ချန်းဖွင့်ပြသည့် သီချင်းသံက လင်းရှစ်ယင်၏နားနှစ်ဖက်ကို ညင်သာစွာ နှိပ်နယ်ပေးလိုက်သည့်အလားပင်။
လင်းရှစ်ယင်က ဗျပ်စောင်းပညာရှင်တစ်ဦးဖြစ်သော်ငြား စိတ်ကူးဉာဏ်ကွန့်မြူးမှုအတွက် စန္ဒရားသံစဉ်များကိုလည်း မကြာခဏနားထောင်လေ့ရှိသည်။
သို့တိုင် ဤသံစဉ်ကို သူ(မ) တစ်ခါမှမကြားဖူးချေ။
"ဒီစန္ဒရားသံစဉ်က သူ့ကိုယ်ပိုင်သံစဉ်များလား"
သံစဉ်က အလွန်အေးချမ်းလှသဖြင့် တေးဆိုငှက်များနှင့် ပွင့်ဖူးနေသော ပန်းများဖြင့် ဝန်းရံထားသော တောအုပ်ကြီးတစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။
မကြာခင်မှာပင် လင်းရှစ်ယင်တစ်ယောက် ဂီတသံစဉ်ထဲတွင် လုံးဝစီးမြောသွားလေတော့သည်။
"ဘယ်လိုလဲ။ ဒီသံစဉ်ကို စိတ်တိုင်းကျရဲ့လား"
ယဲ့ချန်းက ပြုံးစစဖြင့် မေးလိုက်၏။
"ဒီသံစဉ်က အရမ်းကောင်းလွန်းတယ်။ ဒါက ရှင့်ကိုယ်ပိုင်သံစဉ်တော့ မဟုတ်ဘူးမလား"
"ဟုတ်တယ်။ အားတဲ့အချိန်လေး ကိုယ်တိုင်စပ်ထားတာ"
ယဲ့ချန်း၏ အတည်ပြုချက်ကို ကြားလိုက်ရချိန်ဝယ် လင်းရှစ်ယင်မှာ အံ့အားသင့်သွားလေသည်။
ယဲ့ချန်းက ပြုံးလျက်သာ ဆက်မေးလိုက်သည်။
"ဒါနဲ့ မင်းက ဗျပ်စောင်းတီးတာလား"
ဤစကားကိုကြားသော် လင်းရှစ်ယင်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ရှင် ဘယ်လိုလုပ်သိတာလဲ"
"မင်းရဲ့လက်ချောင်းတွေက ရှည်သွယ်နေလို့လေ။ ပြီးတော့ မင်းလက်ဖဝါးအနေအထားအရ ကြိုးတပ်တူရိယာတစ်ခုခုကို မကြာခဏတီးခတ်တဲ့ပုံပေါက်နေလို့"
"ပြီးတော့ ငါထင်တာသာ မမှားဘူးဆိုရင် မင်းက နိုင်ငံခြားမှာ ဖျော်ဖြေပြီး ဆုယူလာခဲ့တာမလား"
ယဲ့ချန်း၏သုံးသပ်ချက်ကို ကြားလိုက်ရချိန်မှာ လင်းရှစ်ယင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
"ဘုရားရေ.. ရှင်ပြောတာတွေ အကုန်မှန်တယ်"
ရုပ်ရည်ချောမောသလို အရည်အချင်းကလည်းရှိပြီး ဉာဏ်ပညာနှင့်ပြည့်စုံသော ယောကျ်ားတစ်ယောက်က မိန်းမများအတွက် ဆွဲဆောင်မှုအရှိဆုံးပင်။
လင်းရှစ်ယင်၏စိတ်ထဲတွင် ဤအမျိုးသားအပေါ် အမြင်ကောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအချိန်မှာပင် ယဲ့ချန်းက ဝမ်ယွမ်အိမ်ရာဝင်း၏ အဝင်ဝ၌ ကားထိုးရပ်လိုက်သည်။
ထိုအခါ လင်းရှစ်ယင်က အပြုံးတစ်ပွင့်ဖြင့် ဆိုလာလေသည်။
"လူချောလေး.. ကျွန်မတို့ ဝေ့ရွှင်းအကောင့်ချင်း လဲရအောင်လေ"
"ရတယ်လေ"
နှစ်ယောက်သား ဝေ့ရွှင်းအကောင့်ချင်း လဲလှယ်ပြီးနောက် လင်းရှစ်ယင်က ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးကာ ကားထဲမှ ဆင်းသွားလေသည်။
[တင်! ရွေးချယ်ရေးစနစ်ကို အသက်သွင်းလိုက်ပါပြီ။ အပတ်တိုင်း ထူးခြားတဲ့ဂုဏ်သတ္တိတွေရှိတဲ့ ခရီးသည်တစ်ယောက်နဲ့တွေ့ဆုံပြီး ရွေးချယ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ပြီး စနစ်ထံမှ ကမ္ဘာကျော်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာစေမဲ့ အန္တိမဆုလာဘ်တွေကို ရယူလိုက်ပါ]
[ခရီးသည်၏အလုပ်အကိုင် : ဗျပ်စောင်းအလှမယ်]
[ရွေးချယ်စရာနံပါတ်တစ် : တစ်မိနစ်နေရင် ဗျပ်စောင်းအလှမယ် လုယက်ခံရပါလိမ့်မယ်။ အလှလေးကို သူခိုးကူဖမ်းပေးပြီး ဟွားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ကျီ-၂၀ရဟတ်ယာဉ်တစ်စီးနဲ့ 052Dဖျက်သင်္ဘောတစ်စင်းကို ရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်နှစ် : ရဲကို ချက်ချင်းဖုန်းဆက်ပြီး ဗျပ်စောင်းအလှမယ်ကို နှစ်သိမ့်ပေးရင်း လူလိမ်ပညာရှင်စွမ်းရည်ကို အရယူလိုက်ပါ]
[ရွေးချယ်စရာနံပါတ်သုံး : ဒီကိစ္စကို လျစ်လျူရှုပြီး ချက်ချင်းထွက်သွားခြင်းဖြင့် အမျိုးသားခရီးသည်အယောက်တစ်ရာရဲ့ လေးစားမှုကို ရယူပြီး အမျိုးသားချင်းသဘောကျနှစ်သက်မှု +၁၀ကိုရယူလိုက်ပါ]
ဤရွေးချယ်စရာသုံးခုကိုကြည့်ရင်း ယဲ့ချန်းမှာ အနည်းငယ်ခေါင်းစားသွားသည်။
ရွေးချယ်စရာနံပါတ်တစ်က အရက်ရောဆုံးဆုလာဘ်ဖြစ်သော်ငြား အလွန်ခက်ခဲသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူ့သူငယ်ချင်းတစ်ယောက်မှာ အမျိုးသမီးတစ်ယောက်ကို နှောင့်ယှက်နေသည့် လူရမ်းကားတစ်ယောက်ကို ဖမ်းဆီးပေးရင်း ထိုလူ၏ ခြေထောက်ကို ချိုးမိသွားသည်။ ထို့နောက်တွင်မူ ထိန်းသိမ်းခံလိုက်ရပြီး ယွမ်နှစ်သိန်းလောက် လျော်ကြေးပေးဖို့ ခြိမ်းခြောက်ခံခဲ့ရသည်။
အွန်လိုင်းအင်အားကြောင့်သာ ထိုသူငယ်ချင်းမှာ အပြစ်ကင်းကြောင်း သက်သေပြနိုင်ခဲ့ခြင်းပင်။
သူခိုးကို ကိုယ်ထိလက်ရောက် မကျူးလွန်ဘဲ နာနာခံခံဖြင့် အညံ့ခံလာအောင်လုပ်ဖို့ဆိုသည်မှာ အလွန်ခက်ခဲလှသည်။
ဒုတိယမြောက်ရွေးချယ်မှုဖြစ်သည့် 'လူလိမ်ကျွမ်းကျင်စွမ်းရည်'ဟူသည့် အောက်တန်းကျသော စွမ်းရည်မျိုးကိုတော့ ယဲ့ချန် ထည့်တောင်မစဉ်းစားပေ။
နောက်ဆုံးရွေးချယ်မှုကတော့...
သေစမ်း... ဒါက သက်သက်ထောင်ချောက်ဆင်တာပဲ။
အမျိုးသမီးခရီးသည်အယောက်တစ်ရာ၊ အမျိုးသမီးသဘောကျမှု+၁၀ဆိုလျှင် တော်သေးသည်။ ယခုမူ ရွေးချယ်မှုနံပါတ်တစ်ကို မဖြစ်မနေရွေးခိုင်းနေခြင်းမှာ သေချာပေသည်။
အကြံတစ်ခုပေါ်လာသဖြင့် ယဲ့ချန်း၏မျက်လုံးများမှာ အရောင်လက်သွားချေသည်။
ထိုအချိန်မှာပင် ယဲ့ချန်၏ကားဘေးမှ ဆိုင်ကယ်တစ်စီးက အရှိန်ဖြင့် ဖြတ်မောင်းသွားသည်။ စနစ်သတိပေးထားသည့် သူခိုးပေါ်လာပြီဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။
"သတိထား"
ယဲ့ချန်း၏စကားမဆုံးခင်မှာပင် ထိုသူခိုးက လင်းရှစ်ယင်၏ ကျောပိုးအိတ်ကို လှမ်းဆွဲလိုက်လေပြီ။
လင်းရှစ်ယင်ခမျာ ယိုင်သွားသော်လည်း ကံကောင်းထောက်မ၍ ယဲ့ချန်းက အချိန်မီတုံ့ပြန်လိုက်ပြီး သူ(မ)ဆီသို့ အမြန်ပြေးကာ ရင်ခွင်ထဲ၌ ပွေ့ထားလိုက်သည်။
ဝင်ပေါက်ရှိ လုံခြုံရေးကလည်း ဤလုယက်မှုကို မြင်လိုက်ရသည်နှင့် ထိုဆိုင်ကယ်ကိုတားဆီးရန် ချက်ချင်းပြေးထွက်လာသည်။
သို့သော် တစ်ဖက်လူက ဝါရင့်သူခိုးတစ်ယောက် ဖြစ်ပုံရသည်။ ဆိုင်ကယ်ကို ကျွမ်းကျင်စွာမောင်းနှင်ပြီး အရှိန်ကုန်တင်ကာ ထိုလုံခြုံရေးအဖွဲ့ကို ဖြတ်ကျော်လျက် မောင်းပြေးသွားလေသည်။
"ငါ့အိတ်..."
လင်းရှစ်ယင်ခမျာ အဝေးသို့ရောက်သွားသော ဆိုင်ကယ်ကိုကြည့်ရင်း စိုးရိမ်တကြီးရေရွတ်လိုက်သည်။
ရုတ်တရက်ကြုံလိုက်ရသော ဤဖြစ်ရပ်ကြောင့် လင်းရှစ်ယင်မှာ ကြောက်လန့်ပြီး တစ်ကိုယ်လုံး တုန်ယင်နေချေသည်။ အစောတုန်းက ယဲ့ချန်းသာ ထိန်းမထားပေးလျှင် သူ(မ)လည်း လဲကျပြီး ထိခိုက်ဒဏ်ရာရသွားနိုင်သည်။
သို့တိုင် လင်းရှစ်ယင်မှာမူ ထိတ်လန့်စိတ်ကြောင့် တုန်ယင်နေဆဲပင်။
"အဆင်ပြေပါတယ်။ ကိုယ်ရှိတယ်လေ..."
ယဲ့ချန်းက နံဘေးမှ နှစ်သိမ့်ပေးလိုက်သည်။
"ကျွန်မအိတ်ထဲမှာ နိုင်ငံတကာဂီတပညာရှင်တွေရဲ့ ဖုန်းနံပါတ်တွေကို သိမ်းထားတာ။ အပိုကူးထားတာလည်း မရှိဘူး။ အခု ဘယ်လိုလုပ်ရတော့မလဲ"
လင်းရှစ်ယင်ခမျာ စိုးရိမ်လွန်းလှသဖြင့် ငိုမိတော့မတတ်ပင်။
အိတ်ထဲပါသွားသည့် ပိုက်ဆံက လင်းရှစ်ယင်အတွက် အရေးမကြီးပေ။ အရေးကြီးသည့်အရာကား ဖုန်းထဲတွင် မှတ်သားထားသည့် အဆက်အသွယ်များသာ။ ထိုအရာများမှာ သူ(မ) နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ထားခဲ့ရသည့် ဆက်ဆံရေးများပင်။
ယဲ့ချန်းလည်း နံပါတ်တစ်ကို ချက်ချင်းရွေးလိုက်သည်။
[တင်!... ဂုဏ်ယူပါတယ်။ စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ ဟွားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ကျီ-၂၀ရဟတ်ယာဉ်တစ်စီးနဲ့ 052Dဖျက်သင်္ဘောတစ်စင်းကို ရရှိလိုက်ပါပြီ]
"ဘာမှမဖြစ်ဘူးနော်။ ကိုယ် မင်းရဲ့အိတ်ကို ပြန်ရအောင် ကူညီပေးမယ်။ ခဏစောင့်နေ"
ထိုသို့ပြောပြီးသည်နှင့် ယဲ့ချန်းက ကားပေါ်သို့ တက်လိုက်လေတော့သည်။ လင်းရှစ်ယင်ကလည်း သူနှင့်အတူ ကားပေါ်သို့ လိုက်လာ၏။
"ကျွန်မလည်း အတူလိုက်ခဲ့မယ်"
"မင်း..."
"စိတ်မပူပါနဲ့။ ကျွန်မ ကိုယ်ခံပညာသင်ဖူးပါတယ်။ နှစ်ယောက်ဆိုတော့ အပြန်အလှန်ကူညီလို့ရတာပေါ့"
"ဒါဆိုလည်း ကောင်းပြီလေ"
ယဲ့ချန်း ခေါင်းညိတ်ပြပြီး ကားကို အမြန်စက်နှိုးလိုက်သည်။
လုံခြုံရေးခေါင်းဆောင်ကမူ ခေါင်းတခါခါဖြင့် ပြောလိုက်သည်။
"အဲ့ဒီကောင်က ဝါရင့်သူခိုးဆိုတာ အသိသာကြီး။ အဝေးကြီးကို ရောက်သွားလောက်ပြီ။ လိုက်လည်း မီတော့မှာမဟုတ်ဘူး"
ယဲ့ချန်းက သူ၏ နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည်ကို ထုတ်သုံးပြီး လီဗာကိုနင်းလိုက်လေရာ မကြာခင်မှာပင် ထိုဆိုင်ကယ်၏ အနောက်မီးကို မြင်လိုက်ရသည်။
လင်းရှစ်ယင်လည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
"ယဲ့ချန်း.. ကြိုးစားထား။ ကျွန်မတို့ မီတော့မယ်"
မကြာခင်မှာပင် ယဲ့ချန်း၏ကားက ထိုဆိုင်ကယ်နှင့် မီတာအနည်းငယ်သာ ဝေးတော့သည်။
ယခင်ကလိုသာဆိုလျှင် ယဲ့ချန်း ထိုဆိုင်ကယ်ကို ဝင်တိုက်ပစ်လိုက်မည်ဖြစ်သော်ငြား ယခုမူ သူ့မှာ သတိထားနေရသည်။
သူခိုးကို ကားနှင့်ဝင်တိုက်လိုက်လျှင် သူခိုးကိုဖမ်းမိမည်မှာ မှန်သော်ငြား လူကိုဝင်တိုက်ခြင်းက လွန်ကဲသော ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုတစ်ခုပင်။ တရားမျှတမှုအတွက် ရပ်တည်ပေးချင်သော်ငြား သူခိုးကလည်း ငြိမ်ငြိမ်လေးအဖမ်းခံနေမည့် သစ်တုံးတစ်တုံး မဟုတ်ချေ။
သေစမ်း! ဒီခေတ်ကြီးထဲမှာ လူဆိုးဖမ်းရတာတောင် တော်တော်ခက်တာပဲ!
ယဲ့ချန်းက စိတ်မလောဘဲ ကားပြတင်းမှန်ကို လျှောချကာ ဆိုင်ကယ်သမားကို လှမ်းအော်လိုက်သည်။
"ကိုယ့်လူ... မင်းစီးနေတာ ဆိုင်ကယ်လား။ မြည်းလား။ နှေးလိုက်တာ။ မြန်မြန်မောင်းစမ်းပါ"
သူခိုးမှာ ဒေါသူပုန်ထပြီး ပေါက်ကွဲလုမတတ်ပင်။
သေလေ! မင်းက စူပါကားကြီးစီးပြီး ငါ့ဆိုင်ကယ်နဲ့ လာပြိုင်နေပြီးတော့ ငါ့ကိုများ နှေးတယ်လို့ ပြောရတယ်ရှိသေး။
ထိူသူခိုးမှာ အံတင်းတင်းကြိတ်ပြီး ဆိုင်ကယ်လီဗာကို အသားကုန်တင်လိုက်တော့သည်။
ယဲ့ချန်းကတော့ အလျင်မလိုဘဲ ထိုဆိုင်ကယ်နောက်မှ ထပ်ကြပ်မကွာ လိုက်နေချေသည်။ လိုက်နေရင်းဖြင့် သူခိုးကိုလည်း စနောက်နေသေးသည်။
"ဟေ့လူ... ငါ့ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၄၄၃ကီလိုမီတာနော်။ မင်း ဒီထက်ပိုကြိုးစားမှဖြစ်မယ်"
"နှေးလိုက်တာ... မင်း လီဗာကုန်နင်းမထားဘူးလား"
"ကိုယ့်လူရာ... ငါတို့ ပျော်ပျော်ပါးပါး မောင်းလို့မရဘူးလား။ မင်းက လိပ်လား"
...
သူခိုးမှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ်ပင် ဖြစ်သွားရှာသည်။
••••••••••••••••••
အခန်း ၂၃၀ : ခမ်းနားလွန်းလှသော အခင်းအကျင်း
ထိုအချိန်တွင် ယဲ့ချန်းမှာ ကြောင်က ကြွက်ကိုကစားနေသည့်အလား မောင်းနှင်နေသည်။ သူသည် တစ်ဖက်လူကို မီနေပြီဖြစ်သော်ငြား တမင်တကာ အကွာအဝေးခြားထားသည်။
ယဲ့ချန်းလည်း တဟားဟားရယ်မောလိုက်မိသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဆီမှာရှိတဲ့ ဓာတ်ဆီက မင်းထက် ပိုများနေတာပဲ။ အေးဆေးပေါ့"
သူခိုး : "..."
ဒေါသထွက်ချင်စရာအကောင်းဆုံးမှာ ယဲ့ချန်းက ထိုသူခိုး၏ဆိုင်ကယ်ကို ကားဖြင့် တစ်ချက်တစ်ချက် ဝင်တိုက်နေခြင်းပင်။
ထိုသူခိုးမှာ ခဏခဏဆိုသလို ဆိုင်ကယ်ကို မထိန်းနိုင်တော့ဘဲ မှောက်လုနီးပါးဖြစ်ခဲ့ရသည်။
ထိုသူခိုးခမျာ ယဲ့ချန်း၏လက်ချက်ဖြင့် အကြီးအကျယ် နှိပ်စက်ခံနေရသည်ကို မြင်သောအခါ လင်းရှစ်ယင် အလွန်အမင်းစိတ်သက်သာရာရသွားသည်။
အစောတုန်းက ယဲ့ချန်းသာမရှိလျှင် သူ(မ) လဲကျသွားမည်သာ။ ဤအရှိန်ဖြင့်သာဆိုလျှင် ဒဏ်ရာအပြင်းအထန်ပင် ရသွားနိုင်သည်။
လက်ကိုသာထိခိုက်သွားပါက သူ(မ)အမြတ်နိုးဆုံး ဗျပ်စောင်းကိုလည်း နှုတ်ဆက်ရပေတော့မည်။
ထိုအကြောင်းတွေးမိလေ လင်းရှစ်ယင် ကြောက်မိလေလေဖြစ်ပြီး သူခိုးကိုလည်း ပိုမုန်းလေလေပင်။
"လုပ်ထား အစ်ကိုယဲ့ချန်း... အဲ့ဒီလူယုတ်မာကို ကောင်းကောင်းဆုံးမပစ်လိုက်"
လင်းရှစ်ယင်က သူ(မ)၏လက်သီးဆုပ်လေးများကို ဝှေ့ယမ်းရင်း ယဲ့ချန်း၏ဘေးနားမှ အားပေးနေရှာသည်။
ယဲ့ချန်လည်း တစ်ဖက်လူနှင့် ကစားနေရခြင်းကို ငြီးငွေ့လာပြီဖြစ်သဖြင့် သူခိုးကိုတိုက်ချပြီး ဖမ်းဆီးရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် အရှေ့၌ တောင်တက်လမ်းတစ်ခု ရုတ်တရက်ပေါ်လာသည်။
ထိုသူခိုး၏မျက်လုံးများမှာ အရောင်လက်သွားပြီး ဆိုင်ကယ်ကို တစ်ချက်ကွေ့ကာ တောလမ်းထဲသို့ ဝင်ပြေးလေတော့သည်။
ဤတောင်တက်လမ်းက ကျဉ်းလွန်းလှပြီး သစ်ပင်များဖြင့် ဝန်းရံထားသောကြောင့် ကားဝင်၍ မရနိုင်ပေ။
ထိုသူခိုးလည်း သက်ပြင်းချလိုက်လေတော့သည်။ သူ့ပုံစံမှာ ဘဝင်ခိုက်သွားလေဟန်ပင်။
"သေစမ်း... ကံဆိုးလိုက်တာ။ နေရာတကာဝင်ပါချင်တဲ့ တက္ကစီဒရိုင်ဘာနဲ့မှ လာတိုးနေတယ်"
"သတ္တိရှိရင် ဆက်လိုက်ခဲ့လေ။ ငါနဲ့ယှဉ်ရအောင်လည်း မင်းက ငယ်ပါသေးတယ်"
ထိုသူခိုးက ဆိုင်ကယ်ကိုပင် ရပ်၍ ယဲ့ချန်းကို လှမ်းစိန်ခေါ်လိုက်သေးသည်။
ယဲ့ချန်းက ကားရပ်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ဟေ့ကောင်... တောထဲဝင်ပြေးရုံနဲ့ ငါ မင်းကိုမဖမ်းနိုင်တော့ဘူးများ ထင်နေတာလား။ ငါပြောမယ်။ မင်းကိုဖမ်းဖို့ ငါ့မှာ နည်းလမ်းတွေအများကြီးရှိတယ်"
"ကောင်းပြီ။ ဒါဆို လာခဲ့လေ။ ငါစောင့်နေမယ် ဟားဟားဟား"
ထိုသူခိုးက မာန်တက်နေချေသည်။
တောထဲရောက်သွားပြီဆိုသည်နှင့် သူ့အတွက်တော့ ရေထဲရောက်သွားသည့်ငါး၊ မိုးပေါ်ရောက်သွားသည့် ငှက်တစ်ကောင်အလားပင်။ သူ့ကိုဖမ်းဖို့ဆိုသည်မှာ ကောင်းကင်ပေါ်သို့ တက်ရခြင်းထက် ပိုခက်ပေဦးမည်။
ဤတောအုပ်က မိုင်ပေါင်းများစွာကျယ်ဝန်းသည်။ ပုန်းနေသော လူတစ်ယောက်ကို ရဲအင်အားတစ်ထောင်လောက်ဖြင့် လာဖမ်းလျှင်ပင် ရှာတွေ့မည်မဟုတ်ပေ။ တက္ကစီဒရိုင်ဘာတစ်ယောက်က မည်သို့လုပ်နိုင်မည်နည်း။
လင်းရှစ်ယင်လည်း သက်ပြင်းချလိုက်မိသည်။
"သွားပါပြီ။ ကျွန်မအိတ်ကို ပြန်မရတော့ဘူးထင်တယ်"
ယဲ့ချန်းက ပြန်ပြောလိုက်၏။
"စိတ်မပူပါနဲ့။ ကိုယ်ပြောထားတဲ့အတိုင်း လုပ်ပေးမယ်လို့ ကတိပေးတယ်"
သူခိုးက ရယ်လိုက်လေသည်။
"ငါတော့ မင်းတို့နဲ့ကစားနေဖို့ အချိန်မရှိတော့ဘူး။ သွားတော့မယ်။ မင်း ငါ့ကိုဖမ်းနိုင်ရင် ငါက မင်းရဲ့မြေးပဲ"
"လိပ်လိုမြေး.. မင်း စောင့်နေ"
ယဲ့ချန်းကဖုန်းထုတ်၍ ရွှေရောင်သံချပ်ကာကုမ္ပဏီကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို ချန်ဖေးလား။ ငါ ယဲ့ချန်းပါ။ ငါတို့ကုမ္ပဏီက ခုနကပဲ ကျီ-၂၀ရဟတ်ယာဉ်တစ်စီး ရထားတယ်မလား"
"ဟုတ်ပါတယ် ဘော့စ်.. အခုပဲရောက်တာပါ"
"အခုချက်ချင်း ငါ့ဆီလွှတ်လိုက်။ မိုတုအနောက်ဆင်ခြေဖုံးထဲက ရှဲ့တောင်တန်းနားမှာ"
သူခိုးက သီချင်းညည်းရင်း တောအုပ်ထဲတွင် အေးအေးလူလူ ပြေးလွှားနေသည်။
သေလေ! ငါဘယ်သူလဲဆိုတာတောင် မသိဘဲနဲ့ ဖမ်းချင်နေသေးတယ်။
"ငတက်ပြားလီစန်းဆိုတဲ့ နာမည်ကို အလကားရထားတယ်များ မှတ်နေလား"
ဝီ ဝီ ဝီ!
ထိုအချိန်မှာပင် လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်တစ်စီးက မြင်ကွင်းထဲသို့ ရောက်လာချေသည်။
"သေလိုက်ပါတော့။ ဘာတွေဖြစ်နေတာလဲ"
ရဟတ်ယာဉ်က သူ့ဆီသို့ တန်းတန်းမတ်မတ်လာနေကြောင်း လီစန်း မြင်လိုက်ရသည်။
"သောက်ကျိုးနည်း... မဖြစ်နိုင်တာ"
ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်ကွေးတက်သွားသည်။
ငါ့ရဲ့ကျီ-၂၀ရဟတ်ယာဉ်ရောက်လာပြီပဲ။ ကိုယ့်လူ.. မင်းဘယ်ပြေးမလဲဆိုတာ ကြည့်ရသေးတာပေါ့..
ယဲ့ချန်းက သူ့ကိုဖမ်းဖို့ ရဟတ်ယာဉ်တစ်စီး လွှတ်လိုက်လိမ့်မည်ဟု လီစန်း လုံးဝထင်မထားခဲ့မိပေ။
ဤသည်မှာ လွန်လွန်းလှ၏။
လီစန်းသာမက ဘေးနားရှိ လင်းရှစ်ယင်ပါ ထိတ်လန့်သွားသည်။
အစောတုန်းကမူ ယဲ့ချန်းက ရဟတ်ယာဉ်လွှတ်လိုက်မည်ဟု ပြောလိုက်ချိန်မှာ သူခိုးကို ခြိမ်းခြောက်ရုံသက်သက်ဟုသာ သူ(မ) ထင်ခဲ့မိသည်။
ထင်မှတ်မထားပါဘဲ ရဟတ်ယာဉ်က တကယ်ရောက်ချလာသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
တက္ကစီဒရိုင်ဘာတစ်ယောက်က တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ခေါ်နိုင်တယ်တဲ့လား။
လီစန်းလည်း မျက်နှာပျက်သွားပြီး တောအုပ်အနက်ပိုင်းထဲသို့ အသည်းအသန် ပြေးဝင်သွားလေတော့သည်။
တောအုပ်ကိုဖြတ်နိုင်လျှင် ဟွမ်ဖူမြစ်ကို ရောက်မည်။ သူသာ မြစ်ထဲကို ခုန်ချလိုက်လျှင် သူ့ရေကူးစွမ်းရည်နှင့်ဆိုပါက သူ့ကိုဖမ်းဖို့ မဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် ရဟတ်ယာဉ်က လမ်းမအလယ်၌ ဆင်းသက်လာပြီး ရွှေသံချပ်ကာလုံခြုံရေးဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ယဲ့ချန်းကို အလေးပြုလိုက်သည်။
"ဥက္ကဋ္ဌယဲ့... ကျွန်တော်က ရွှေသံချပ်ကာသိမ်းငှက်အဖွဲ့ရဲ့ တပ်ဖွဲ့ခေါင်းဆောင် လီပေါ်ပါ။ ဥက္ကဋ္ဌယဲ့နဲ့အတူ သူခိုးဖမ်းဖို့ အမိန့်ရထားပါတယ်"
"အင်း။ ရဟတ်ယာဉ်ပေါ်တက်ပြီး သူခိုးသွားဖမ်းကြစို့"
ယဲ့ချန်းက လင်းရှစ်ယင်ကို ပြောလိုက်၏။
လင်းရှစ်ယင်မှာ လုံးဝကြောင်အမ်းနေချေသည်။
ယဲ့ချန်းက သူ(မ)အတွက်နှင့် ရဟတ်ယာဉ်တစ်စီး ခေါ်ရလောက်အောင်အထိ လုပ်ပေးနေသည်။
ရဟတ်ယာဉ်ကား အမြန်ပျံတက်သွားပြီး တောအုပ်ပေါ်သို့ ပျံသန်းရောက်ရှိလာသည်။
လီစန်းခမျာ ခြေကုန်သုတ်ပြေးနေသော်လည်း ရဟတ်ယာဉ်ကိုတော့ ယှဉ်မပြေးနိုင်ပေ။
မကြာခင်မှာပင် အသည်းအသန်ပြေးနေသော လီစန်းကို ယဲ့ချန်း လှမ်းမြင်လိုက်သည်။ ထို့နောက် ရဟတ်ယာဉ်ထဲမှ အသံချဲ့စက်ကို ဖွင့်လိုက်၏။
"ကိုယ့်လူ... မင်းကို ထပ်မိပြန်ပြီနော်။ ဒီထက်နည်းနည်းလောက် မြန်မြန်မပြေးနိုင်ဘူးလား"
"စိတ်လှုပ်ရှားစရာလည်းမရှိဘူး။ ပျင်းစရာကြီး"
"ကိုယ့်လူရေ... ညံ့လိုက်တာ။ ဒီအတိုင်းဆို မကြာခင် အဖမ်းခံရတော့မှာပဲ"
ယဲ့ချန်း၏အသံကို ကြားလိုက်ရသောအခါ လီစန်းခမျာ သွေးအန်လုမတတ် ဖြစ်သွားရသည်။
ငါ ဘယ်လိုပုဂ္ဂိုလ်ကို သွားရန်စမိလို့ တိုက်ခိုက်ရေးရဟတ်ယာဉ်ကြီးနဲ့ လိုက်ဖမ်းခံနေရတာလဲ။
"မင်းက အတည်ပေါက်ကြီး လာပြောနေတာလား။ ရဟတ်ယာဉ်နဲ့ ငါ့ကိုလိုက်ဖမ်းနေပြီးတော့များ စိတ်လှုပ်ရှားစရာမရှိဘူးလို့ လာပြောနေသေးတယ်"
မလှမ်းမကမ်းရှိ တောအုပ်ကြီးကို မြင်လိုက်ရသောအခါ လီစန်း၏မျက်လုံးများ အရောင်လက်သွားချေသည်။
မင်းရဲ့ရဟတ်ယာဉ်က ဘယ်လောက်ကောင်းကောင်း တောအုပ်ထဲဝင်ပုန်းနေရင် ငါ့ကို မြင်ရမှာမဟုတ်ပါဘူး...
လီစန်းလည်း စိတ်ပိုင်းဖြတ်ပြီး တောအုပ်ထဲသို့ အမြန်ပြေးဝင်သွားလိုက်သည်။
ထင်ထားသည့်အတိုင်းပင် ကောင်းကင်မှကြည့်လျှင် သူ့ကိုမမြင်ရတော့ပေ။
"ဥက္ကဋ္ဌယဲ့ စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ရဟတ်ယာဉ်က ဟွားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်တဲ့အတွက် အပူလှိုင်းထောက်လှမ်းရေးစနစ်ပါပါတယ်"
စနစ်က လီစန်းရှိရာနေရာကို လျင်မြန်စွာ ရှာဖွေလိုက်၏။
လီစန်းက ချုံပုတ်တစ်ခုထဲတွင် ပုန်းနေကြောင်း တွေ့လိုက်ရသည်။
ထိုအချိန်တွင် လီစန်းကတော့ ကျေနပ်နေလေသည်။
ရဟတ်ယာဉ်မောင်းတိုင်း အထင်ကြီးစရာကောင်းတယ်များမှတ်နေလား။ ငါက ချုံပုတ်ထဲမှာ ပုန်းနေတာကွ။ မင်း ဘာတတ်နိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့..
ခေါင်းအထက်ရှိ အသံချဲ့စက်မှ ယဲ့ချန်း၏အသံ ထပ်ထွက်လာပြန်သည်။
"ငါ့ကောင်ရေ.. ချုံပုတ်ထဲမှာ ကုန်းကုန်းကွကွနဲ့ ဘာလုပ်နေတာလဲ။ ပုန်းတာတောင် ကောင်းကောင်းမလုပ်နိုင်ဘဲနဲ့ သူခိုးလုပ်ချင်နေသေးတယ်"
သွားပြီ! ငါ့ကိုတွေ့သွားပြီ!
လီစန်းခမျာ ကြက်သေသေသွားလေသည်။
ဒီတိုက်ခိုက်ရေးရဟတ်ယာဉ်က ဘယ်လောက်အထိ အစွမ်းထက်နေလို့များ ချုံပုတ်ထဲမှာ ပုန်းနေတာတောင် မြင်နေရတာလဲ။
လီစန်းလည်း ဆက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။
ဤတစ်ခါတော့ ဂူတစ်ခုထဲသို့ ဝင်ပြေးလိုက်သည်။
"မင်းကိုယ်မင်း ကြွက်များထင်နေတာလား။ ဂူထဲဝင်ပုန်းရုံနဲ့ လွတ်မယ်ထင်လို့လား"
လီစန်း : "..."
ယခုမူ လီစန်း၏စိတ်အစဉ်ကား ပြိုလဲကုန်လေပြီ။
ဘုရားရေ... ငါက ပိုက်ဆံအိတ်လေးတစ်လုံးပဲ ခိုးမိတာပါကွာ!
တိုက်ခိုက်ရေးရဟတ်ယာဉ်ကြီးလွှတ်ပြီး ဖမ်းစရာလိုလို့လား။
နောက်ဆုံးမှာတော့ လီစန်းလည်း တောင်ထိပ်သို့ ရောက်လာခဲ့သည်။ အောက်ဘက်တွင်မူ ရေစီးသန်လှသော ဟွမ်ဖူမြစ် ရှိလေ၏။
ကမ်းစပ်တွင် ရပ်ထားသော မော်တာလှေတစ်စင်းကို မြင်လိုက်ရသဖြင့် လီစန်းဝမ်းသာသွားသည်။ တစ်ယောက်ယောက်က ငါးလာဖမ်းရင်း ကမ်းစပ်မှာ ကပ်ထားခဲ့ပုံရသည်။
"ဟားဟား... ဟွမ်ဖူမြစ်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ချိုင့်ဝှမ်းကျဉ်းကျဉ်းလေးတွေရှိတယ်။ မင်းရဲ့ရဟတ်ယာဉ်လည်း ဘာမှလုပ်လို့မရတော့ဘူး"
လီစန်းလည်း မော်တာလှေပေါ်သို့ ခုန်တက်လိုက်သည်။
ဟွမ်ဖူမြစ်ကို ဖြတ်မောင်းပြီး ကြုံရာကမ်းစပ်တစ်ခုသို့ ထွက်ပြေးရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်၏။
လီစန်း မော်တာလှေပေါ်သို့ ခုန်တက်သွားသည့်မြင်ကွင်းကို ကြည့်ရင်း လင်းရှစ်ယင် စိုးရိမ်သွားရသည်။
"အစ်ကိုယဲ့... ဘယ်လိုလုပ်ကြမလဲ။ ဟိုလူ မော်တာလှေပေါ် ရောက်သွားပြီ။ ကျွန်မတို့ရဲ့ရဟတ်ယာဉ်က လိုက်လို့ မရတော့ဘူး"
ယဲ့ချန်းကမူ အေးစက်စက်ရယ်မောလိုက်၏။
"ကိစ္စမရှိဘူး။ ကိုယ့်မှာ ကင်းလှည့်လှေတစ်စီးရှိတယ်"
လင်းရှစ်ယင် : "..."
ယဲ့ချန်းလည်း ဖုန်းထုတ်လိုက်လေသည်။
"လောင်ချန်း... ငါတို့ရွှေသံချပ်ကာကုမ္ပဏီရဲ့ မော်တာလှေက ဟွမ်ဖူဆိပ်ကမ်းမှာ ရှိတယ်မလား။ အခုချက်ချင်းယူလာခဲ့။ ကိုသြဒိနိတ်က ၁၃၂၂ ၁၅၆၉"
မကြာခင်မှာပင် ကိရိယာအစုံအလင်တပ်ဆင်ထားသော ကင်းလှည့်လှေတစ်စီး ရောက်ရှိလာသည်။
ထိုလှေကို မြင်လိုက်ရချိန်မှာမူ လင်းရှစ်ယင်ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
ဒီအခင်းအကျင်းကြီးကတော့ ကြီးကျယ်ခမ်းနားလွန်းပါရဲ့။
••••••••••••••••••
အပိုင်း ၂၃၁ - အရှုံးပေးပါတယ်
လီစန်းက မော်တော်လှေဖြင့် ရေပြင်ထဲဝယ် မောင်းနှင်နေချေသည်။ သူ့မျက်နှာထက်တွင်မူ ကျေနပ်အားရသော အပြုံးတစ်ပွင့် ရှိနေချေသည်။
"မင်းတို့တွေက ဟုတ်လှပြီလို့ထင်နေကြတာမလား။ မင်းတို့မှာ ရဟတ်ယာဉ်ရှိတော့ရော ဘာဖြစ်လဲ။ ငါလည်း လွတ်အောင်ပြေးနိုင်တာပဲမလား"
လီစန်းကတော့ သူ့ကိုယ်သူ အလွန်အထင်ကြီးဖို့ကောင်းသည်ဟု ထင်မိသည်။
ဒီကမ္ဘာပေါ်က ဘယ်သူကမှ ငါ့ကို မဖမ်းနိုင်ပါဘူး!
ထိုအခိုက်ဝယ် လီစန်းခမျာ ဘဝင်မြင့်နေလေတော့သည်။
ဘရွန်း ဘရွန်း ဘရွန်း!
ထိုအချိန်မှာပင် ကျယ်လောင်လှစွာသော အသံတစ်သံက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။ လီစန်း၏မျက်နှာထက်ရှိ အပြုံးကား ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။
အရှေ့ကိုမျှော်ကြည့်လိုက်ချိန်မှာတော့ သူ့မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားချေသည်။ သိပ်မကြာခင်မှာပင် လှေတစ်စီးက သူ့အနားသို့ရောက်လာကြောင်း မြင်လိုက်ရ၏။
လှေဦးပိုင်းတွင်မူ အစောတုန်းက သူ့ကို စိတ်ဒဏ်ရာထင်ကျန်ရစ်စေခဲ့သူကို တွေ့လိုက်ရသည်။
ယဲ့ချန်းကမူ ကြက်သေသေနေသော လီစန်းကိုကြည့်၍ ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဟေး.. မင်းပြေးတာ ဘာလို့ ဒီလောက်တောင်နှေးနေတာလဲ။ ငါ လိုက်မီပြန်ပြီ"
လီစန်း : "…"
မင်း ငါ့ပျော်ရွှင်မှုကို မဖျက်ဆီးဘဲ နေလို့မရဘူးလား?
အိတ်လေးတစ်လုံးလုမိတာကို ဒီလောက်အထိလုပ်စရာလိုလို့လားကွာ? ဒီနေ့ အပြင်မထွက်ခင် ရက်ရာဇာဟုတ်မဟုတ် စစ်ကြည့်ခဲ့သင့်တာ။ အခုတော့ ဒီမကောင်းဆိုးဝါးကောင်နဲ့မှ လာတိုးနေတယ်!
သေစမ်းကွာ!
လီစန်းခမျာ သူ့လောကအမြင် ပျက်စီးသွားသလို ခံစားလိုက်ရသည်။ အံတင်းတင်းကြိတ်လိုက်မိသော်ငြား လက်မလျှော့ပေ။
သူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
ငါမယုံဘူး! ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ရှိတယ်။ ကောင်းကင်ဘုံက စီမံနေတာမဟုတ်ဘူး။ ငါ လွတ်လမ်းရှာမှဖြစ်မယ်!
လီစန်း စက်နှိုးလိုက်သောအခါ မော်တာလှေက တစ်ဖန်ပြန်ဟိန်းဟောက်လာပြီး ကမ်းခြေသို့ မောင်းလာခဲ့လိုက်သည်။ ထို့နောက် အနီးအနားရှိ တောအုပ်ကြီးထဲသို့ ပြေးဝင်သွားပြန်လေသည်။
လီစန်းတစ်ယောက် သူ့ရင်ဘတ်သူပုတ်ရင်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
ဒီလောက်ကြီးတဲ့တောအုပ်ထဲမှာ မင်း ငါ့ကိုရှာနိုင်ဦးမလား။
ထိုအချိန်မှာပင် ရဟတ်ယာဉ်၏အသံက ကောင်းကင်ထက်၌ ပဲ့တင်ထပ်သွားချေသည်။ တောင်ခြေတွင်လည်း ကားများ ရောက်နေသည်။ ရွှေသံချပ်ကာလုံခြုံရေးကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းများလည်း ကားပေါ်မှ ဆင်းလာကြသည်။
ရွှေသံချပ်ကာလုပ်ငန်းစုဆိုသည်မှာ ဟွားနိုင်ငံရှိ အကြီးဆုံးလုံခြုံရေးကုမ္ပဏီပင်။
အထင်ကြီးဖို့ကောင်းလောက်သော ဤအခင်းအကျင်းကိုမြင်သောအခါ လီစန်းလည်း လုံးဝပြိုလဲသွားရသည်။
ငါ ဘယ်လိုဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်မျိုးကို သွားရန်စမိလိုက်တာလဲ။ ဖုန်းတစ်ချက်ဆက်ရုံနဲ့ ရဟတ်ယာဉ်တစ်စီးရောက်လာတယ်။ အခုလည်း လုံခြုံရေးအယောက်တစ်ထောင်လောက်က တောင်ပေါ်မှာ ရှာဖွေနေကြပြီ။
အဆုံးမှာတော့ လီစန်းလည်း လက်မှိုင်ကျသွားလေပြီ။
သူသည် ဗုဒ္ဓ၏လက်ဖဝါးထဲသို့ ရောက်နေသော စွန်းဝူခုန်းအလား ဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။
ရုပ်ပြောင်းရုပ်လွှဲအတတ်ခုနစ်ဆယ့်နှစ်မျိုး တတ်ထားလျှင်ပင် ယဲ့ချန်း၏လက်မှ မလွတ်နိုင်တော့ပေ။ လီစန်း၏စိတ်အစဉ်ကား လုံးဝပြိုလဲသွားချေပြီ။
သူက စိတ်ပျက်လက်ပျက်ဖြင့် တောင်ခြေသို့ ပြေးသွားလိုက်၏။
ယခုမူ သူ ထပ်မပြေးချင်တော့ပါချေ။
သောက်ရမ်းပင်ပန်းလွန်းတယ်…
ရဟတ်ယာဉ်ထဲတွင် ထိုင်နေသော ယဲ့ချန်းက စိတ်ရှည်လက်ရှည်လှမ်းအော်လာသည်။
"ကိုယ့်လူ.. အဲဒီဘက်ကိုမပြေးနဲ့လေ။ ငါ့လူတွေက အဲဒီနားမှာ"
"ဟေး ကိုယ့်လူ.. ဉာဏ်ထိုင်းသွားတာလား။ ညာဘက်မှာလည်း ငါ့လူတွေရှိတယ်လို့"
ယဲ့ချန်း၏အသံကိုကြားသော် လီစန်းမှာ လုံးဝစိတ်ဓာတ်ကျသွားလေသည်။
ထိုအခိုက်မှာပင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်စကို မြင်လိုက်ရသည့်အလား သူ့မျက်ဝန်းများ လင်းလက်သွားလေသည်။
ရဲစခန်းပဲ!
ထိုနေရာကား ယခင်ကတော့ သူ့အတွက် ငရဲတစ်ခုလိုပင်။ ယခုမူ ကောင်းကင်ဘုံကို မြင်လိုက်ရသည့်အလား ထိုနေရာသို့ ဒုန်းစိုင်းနှင်လေတော့သည်။
ရဲအရာရှိများကလည်း ချွေးသံတရွှဲရွှဲဖြင့် အသည်းအသန်ပြေးလာသော လီစန်းကို မြင်လိုက်ရချိန်မှာ ကြက်သေသေကုန်ကြသည်။
"မင်း ဘာဖြစ်လာတာလဲ"
အရာရှိတစ်ယောက်က မေးလိုက်သည်။
"ကျွန်တော်..ကျွန်တော် လိုက်ဖမ်းခံရလို့"
လီစန်း ပင့်သက်ရှိုက်လိုက်မိသည်။
"ဘာ? ဘယ်သူက ဒီလောက်အထိ ရဲတင်းရတာလဲ။ ရဲဘော်.. မင်း ရဲစခန်းမှာဆိုရင် လုံခြုံပါတယ်။ ဒါနဲ့ သူတို့က ဘယ်သူတွေလဲ။ ဘယ်မှာလဲ"
"အပြင်မှာပါ"
ရဲအရာရှိ : "…"
ဤလူ စိတ်ရောနှံ့ရဲ့လားဟုပင် ထိုရဲအရာရှိက တွေးမိလိုက်သည်။
ဒါက တကယ်ပဲ လိုက်ဖမ်းခံနေရတာလား။
ထိုအချိန်မှာပင် ရဟတ်ယာဉ်အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ထိုရဟတ်ယာဉ်မှာ ရဲစခန်းဝင်းထဲသို့ ဆင်းသက်လိုက်ပြီးနောက် ယဲ့ချန်းနှင့်း လင်းရှစ်ယင်တို့ကလည်း ရဟတ်ယာဉ်ထဲမှ ဆင်းလာကြသည်။
အပြင်ဘက်ရှိ ခြေသံများကို ကြားသောအခါ လီစန်း တုန်လှုပ်သွားသည်။
"သူရောက်လာပြီ။ သူရောက်လာပြီ။ ကျွန်တော့်ကိုကယ်ပါဦး"
သူတို့နှစ်ယောက်ကို မြင်လိုက်ရချိန်ဝယ် ထိုအရာရှိလည်း သတိအနေအထားဖြစ်သွားလေသည်။ သို့သော် ချက်ချင်းဆိုသလိုပင် ကြက်သေသေကုန်ကြသည်။
သူတို့ရှေ့ရှိ လူငယ်လေးက ပေါ့ပါးလန်းဆန်းစွာ ပြုံးနေပြီး သူ့ဘေးရှိ ရှေးဟောင်းဝတ်ရုံဝတ်ဆင်ထားသော မိန်းကလေးကမူ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပလွန်းလှသည်။
ထိုအရာရှိက နားမလည်နိုင်ဟန်ဖြင့် လီစန်းကို မေးလိုက်လေ၏။
"ဘာတွေဖြစ်နေတာလဲ"
လီစန်းလည်း တံတွေးမျိုချ၍ ပြောပြလိုက်သည်။
"ကျွန်တော်ဆိုင်ကယ်စီးရင်း အဲဒီမိန်းကလေးရဲ့အိတ်ကို လုခဲ့မိတယ်။ နောက်တော့ ဒီလူက ကျွန်တော့်ကို ကားနဲ့လိုက်ဖမ်းတာ။ ကျွန်တော် တောထဲမှာဝင်ပုန်းတော့ သူက ရဟတ်ယာဉ်ကိုခေါ်လိုက်ရော။ လှေနဲ့ပြေးပြန်တော့လည်း သူက လှေနဲ့ရောက်ချလာတယ်…"
ထိုဇာတ်လမ်းကိုကြားပြီးနောက် ရဲအရာရှိများမှာ ကြောင်အသွားလေသည်။
"မင်းက ဒီမိန်းကလေးရဲ့အိတ်ကို လုခဲ့တယ်လို့ပြောလိုက်တာလား"
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ရဲအရာရှိကြီး.. ကျွန်တော်က အလိုရှိစာရင်းထဲမှာ ပါပါတယ်။ ကျွန်တော့်နာမည်က လီစန်းပါ။ ကျွန်တော် အဖမ်းခံပါတယ်။ ကျွန်တော် အပြစ်ဝန်ခံပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မြန်မြန်ဖမ်းပေးပါ"
လီစန်းက ထိုသို့ပြောရင်း အသည်းအသန်ငိုကြွေးလေတော့သည်။ လီစန်းမှာ ယဲ့ချန်းကို ထပ်မမြင်ချင်တော့ပေ။
ဤလူက ကြောက်မက်ဖွယ်ကောင်းလှသည်။
သူသာ ဆက်ပြေးနေလျှင် လက်ပစ်ဗုံးနဲ့များ ပစ်လိုက်လေမလားဟု လီစန်း တွေးနေမိသည်။
ထောင်ထဲမှာ ပိုလုံခြုံပေသည်။ အပြင်လောကကြီးက ကြောက်စရာကောင်းလှ၏။
လီစန်းတဲ့လား။
ထိုနာမည်ကို ကြားလိုက်ရချိန်ဝယ် ရဲအရာရှိကြီး၏အမူအရာကား ပြောင်းလဲသွားသည်။
လီစန်းက ဟွားနိုင်ငံထဲရှိ အဆင့်အေဝရမ်းပြေးတစ်ယောက်ဖြစ်ပြီး ပင်မအမှုဆယ်ခုကျော်တွင် ပါဝင်ထားသည်။ သူသည် ရဲစခန်းထဲသို့ ယခုလိုပြေးဝင်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
အထူးသဖြင့် နာမည်ကျော်ဓားပြမှာ ယခုမူ ကူကယ်ရာမဲ့စွာ ငိုကြွေးနေလေသည်။
ရဲအရာရှိကိုယ်တိုင်ပင် သူ့ကို သနားလာသည်။ ဤလူ ဘယ်လိုငရဲခန်းမျိုးကိုများ ကျော်ဖြတ်လာလေသလဲဟု တွေးမိသည်။
လီစန်းမှာ ဝမ်ပန်းတနည်းငိုနေချေသည်။
သူသည် မုန်တိုင်းများစွာကို ရဲရဲဝံ့ဝံ့ဖြတ်ကျော်ခဲ့ပါသော်ငြား အိတ်တစ်လုံးလုမိရာမှ ရဟတ်ယာဉ်များနှင့် လူပေါင်းထောင်ချီထံမှ လိုက်ဖမ်းခံခဲ့ရသည်။ ဟာသပါပင်။
ရဲအရာရှိကြီးက ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"လူကြီးမင်း.. အဆင့်အေဝရမ်းပြေးတစ်ယောက်ကို ကူဖမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းကား တည်တည်ငြိမ်ငြိမ်ပြုံးလိုက်လေသည်။
"ကျွန်တော့်ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ တရားမျှတမှုကိုဖော်ဆောင်တာက နိုင်ငံသားတိုင်းရဲ့တာဝန်ပဲလေ"
သူခိုး : "မင်းက ဒါကို တရားမျှတမှုဖော်ဆောင်တယ်လို့ ပြောရဲတယ်ပေါ့။ ဒါက အနိုင်ကျင့်နေတာကွ"
ထိုသူခိုး၏အမူအရာကိုမြင်သောအခါ လင်းရှစ်ယင်လည်း မပြုံးဘဲမနေနိုင်တော့ပေ။ သူ(မ)မှာ ယဲ့ချန်းအကြောင်း ပိုသိချင်သွားသည်။
ရဟတ်ယာဉ်များနှင့် လုံခြုံရေးအယောက်တစ်ထောင်နီးပါးကို ဖုန်းတစ်ချက်ဆက်ရုံဖြင့် ဆင့်ခေါ်နိုင်သော တက္ကစီဒရိုင်ဘာတစ်ယောက်တဲ့လား။ သူက စင်စစ် မည်သူနည်း။
အစတုန်းကတော့ ယဲ့ချန်းက သူခိုးဖမ်းပေးပြီး တိုက်ကြခိုက်ကြလိမ့်မည်ဟု လင်းရှစ်ယင် ထင်ခဲ့မိသည်။
စလာကတည်းက ယခုလို ထင်မှတ်မထားသော ကိစ္စများ ဖြစ်လာလိမ့်မည်ဟု မည်သူက ကြိုသိနိုင်မည်နည်း။
ထိုအရာရှိကြီးက တအံ့တဩမေးလိုက်လေသည်။
"လူကြီးမင်း.. တရားခံပြောတာ အမှန်ပဲလား။ ခင်ဗျား သူ့ကိုလိုက်ဖမ်းဖို့ ရဟတ်ယာဉ်တစ်စီးနဲ့ လုံခြုံရေးအယောက်တစ်ထောင်ကို ခေါ်ခဲ့တာလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော်က နဂါးသံချပ်ကာလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌလေ။ သူက ကျွန်တော့်မိတ်ဆွေရဲ့အိတ်ကို လုသွားတာမို့ ကျွန်တော်ကလည်း ကျွန်တော့်အရင်းအမြစ်တွေကို နည်းနည်းထုတ်သုံးလိုက်ရတာပေါ့"
ရဲအရာရှိကြီးမှာမူ စိတ်ထဲမှ ကျိတ်ရယ်လိုက်မိသည်။ ဤသူခိုး အဖမ်းခံရတာတောင် နည်းသေးသည်။ ဟွားနိုင်ငံ၏အကြီးဆုံးနဂါးသံချပ်ကာလုပ်ငန်းစုကိုမှ သွားထိပါးမိခြင်းပင်။
နဂါးသံချပ်ကာအဖွဲ့၏စွမ်းရည်မှာ ဝံပုလွေအစွယ်အထူးတပ်ဖွဲ့နှင့် တန်းတူဖြစ်ကြောင်း လူတိုင်းသိထားကြသည်။
ယဲ့ချန်းနှင့် လင်းရှစ်ယင်တို့က ထွက်ဆိုချက်ပေးပြီးနောက် ဝမ်ယွမ်အိမ်ရာဆီသို့ ရဟတ်ယာဉ်ဖြင့် ပြန်လာခဲ့လိုက်သည်။
ဂိတ်ဝရှိ လုံခြုံရေးများကမူ ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ရဟတ်ယာဉ်ကို မြင်သောအခါ အံ့ဩမှင်တက်ကုန်ကြသည်။
ရူးလောက်တယ်ဟေ့! ရဟတ်ယာဉ်နဲ့ သူခိုးလိုက်ဖမ်းတာတဲ့?
••••••••••••••••••