အခန်း (၂၃၂−၂၃၄)
Vol. 16 Ch. 232-234
အပိုင်း ၂၃၂ - ခေတ်ရေစီးကြောင်းကို ဦးဆောင်သူ
လင်းရှစ်ယင်ကလည်း နီမြန်းနေသောမျက်နှာဖြင့် ရဟတ်ယာဉ်ပေါ်က ဆင်းလိုက်ပြီးနောက် စကားဆိုချေသည်။
"သုံးရက်နေရင် ကျွန်မ ကုကျိုးပြိုင်ပွဲမှာ ဝင်ပြိုင်ရမှာ။ ရှင် ကျွန်မကို လာအားပေးလို့ရမလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ပြဿနာမရှိပါဘူး။ ကိုယ် အဲဒီနေ့ကျရင် မင်းကို လာခေါ်ပေးမယ်လေ"
လင်းရှစ်ယင်ကို နှုတ်ဆက်ပြီးနောက် ယဲ့ချန်းလည်း စုဝမ်ယိနှင့် လင်းဝမ်ယိုတို့ကို ဖုန်းဆက်လိုက်၏။
သူတို့ကိုမတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် ထိုမိန်းကလေးနှစ်ယောက်ကို သူ အလွန်လွမ်းနေပြီဖြစ်ရာ နှစ်ယောက်စလုံးကို ညစာစားဖို့ ဖိတ်လိုက်သည်။
ထို့နောက် ကားမောင်း၍ သူတို့နှစ်ယောက်ကို သွားကြိုလိုက်သည်။
လင်းဝမ်ယိုက တခစ်ခစ်ရယ်မောလိုက်၏။
"ဒါနဲ့ မိုတုမြို့မှာ ဂီတစားသောက်ဆိုင်တစ်ခုရှိတယ်။ တီးဝိုင်းလည်းပါတယ်။ အနေအထားကလည်း အရမ်းကောင်းတာ"
ယဲ့ချန်းလည်း ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ သွားကြတာပေါ့"
သူတို့လည်း ထိုစားသောက်ဆိုင်သို့ ကားမောင်း၍ ထွက်လာခဲ့ကြသည်။
အတွင်းပိုင်းအပြင်အဆင်က ခေတ်ရှေ့ပြေးပြီး စားပွဲဝိုင်းရှေ့တွင်လည်း စင်မြင့်တစ်ခုရှိ၏။ ထိုစင်မြင့်ထက်တွင် လူငယ်တော်တော်များများ သီချင်းဆိုနေကြသည်။
သူတို့သုံးယောက်လည်း မုန့်မှာလိုက်ပြီးနောက် စကားတပြောပြောဖြင့် စားသောက်ရင်း သီချင်းနားထောင်နေချေသည်။
ဤနေရာ၏အငွေ့အသက်က အလွန်ကောင်းမွန်ကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။
သီချင်းတစ်ပုဒ်ပြီးသွားသောအခါ ထိုအဆိုတော်လူငယ်များက အနားယူရန်အတွက် စင်ပေါ်မှ ဆင်းသွားကြသည်။ ယဲ့ချန်းလည်း ပြုံးစစဖြင့် လင်းဝမ်ယိုနှင့် စုဝမ်ယိအား မေးလိုက်သည်။
"မင်းတို့ ကိုယ်သီချင်းဆိုတာကို နားထောင်ချင်လား"
"နားထောင်ချင်တာပေါ့"
ယဲ့ချန်းက သီချင်းဆိုပြမည်ဟု ပြောလိုက်သောအခါ မိန်းကလေးနှစ်ယောက်မှာ အလွန်စိတ်လှုပ်ရှားသွားလေသည်။
ယဲ့ချန်းကလည်း စင်ပေါ်သို့တက်သွားပြီးနောက် ဝန်ထမ်းတစ်ယောက်ကို ပြောလိုက်၏။
"ဒီမိန်းမလှလေးနှစ်ယောက်အတွက် စင်ပေါ်တက်ပြီး သီချင်းတစ်ပုဒ်လောက် ဆိုပြလို့ရမလား"
ထိုဝန်ထမ်းကလည်း ပြုံးလိုက်လေသည်။
"ရတာပေါ့"
ယဲ့ချန်းလည်း ဂစ်တာကိုကောက်ကိုင်ပြီး ဂစ်တာပညာရှင်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ ဂစ်တာကြိုးများကို တီးခတ်လိုက်သည်နှင့် သာယာနာပျော်ဖွယ်ကောင်းသော သံစဉ်တစ်ခု ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် အတန်ငယ်ဆူညံနေသော စားသောက်ဆိုင်က ရုတ်ခြည်းတိတ်ဆိတ်သွားသည်။
ဘုရားရေ..ဒီသီချင်းက အရမ်းကောင်းလိုက်တာ…
စားသောက်ဆိုင်ထဲရှိ လူတိုင်းမှာ ဂီတသံစဉ်ကြောင့် ဖမ်းစားခံလိုက်ရသည်။ အထူးသဖြင့် သီချင်းစာသားက အလွန်လှပလွန်းလှသည်။
လင်းဝမ်ယိုနှင့် စုဝမ်ယိတို့ အလှလေးနှစ်ယောက်စလုံးလည်း ယဲ့ချန်း၏သီချင်းကြောင့် စိတ်လှုပ်ရှားသွားကြသည်။ စုဝမ်ယိဆိုလျှင် မျက်ရည်များပင် ဝဲလာလေသည်။
ယဲ့ချန်း သီချင်းဆို၍ ပြီးသွားသည်နှင့် လက်ခုပ်ဩဘာသံများက မိုးခြိမ်းသံအလား ထွက်ပေါ်လာသည်။ လူတော်တော်များများမှာ ရင်ထဲထိသွားသဖြင့် မျက်လုံးများပင် ရဲနေကြသည်။
စုဝမ်ယိက ဆို၏။
"အချစ်ရေ.. ကျွန်မ ဒီသီချင်းကို အရမ်းကြိုက်တာပဲ။ နောက်မှ ကျွန်မအတွက် အသံသွင်းပေးထားနော်။ ကျွန်မ ဖုန်းသံလုပ်ထားချင်လို့"
"ကျွန်မလည်း လိုချင်တယ်"
လင်းဝမ်ယိုကလည်း ဝင်ပြောလိုက်သည်။
"ကောင်းပါပြီ။ ကိုယ် မင်းတို့နှစ်ယောက်အတွက် သီးသန့်အသံသွင်းပေးမယ်။ ဟုတ်ပြီလား"
ထိုအချိန်မှာပင် စားသောက်ဆိုင်ထဲရှိ အမျိုးသမီးအဆိုရှင်က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလာလေသည်။
"လူကြီးမင်း.. ကျွန်မကို ဒီသီချင်းရဲ့မူပိုင်ခွင့်လေး ရောင်းပေးလို့ရမလား။ ကျွန်မ ရှင့်ကို တစ်သိန်းပေးပါ့မယ်"
ယဲ့ချန်းကား ခေါင်းခါယမ်းလိုက်၏။
"သီချင်းမူပိုင်ခွင့်ကိုတော့ ရောင်းပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ဘားထဲမှာဆိုချင်ရင်တော့ ဆိုလို့ရပါတယ်။ အွန်လိုင်းပေါ်ကို မတင်ရင်ရပြီ"
"ကောင်းပါပြီ"
ထိုအဆိုတော်လေးခမျာ အင်တင်တင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ညစာစားပြီးနောက် ယဲ့ချန်းက စုဝမ်ယိကို အရင်အိမ်ပြန်ပို့လိုက်ပြီးနောက် ဟွားစံအိမ်တော်သို့ မောင်းလာခဲ့လိုက်သည်။
ယဲ့ချန်းလည်း လင်းဝမ်ယိုကို နွေးထွေးစွာ ပြုံးပြလိုက်၏။
"မင်း ကိုယ့်ကိုလွမ်းနေလား"
"လွမ်းတာပေါ့"
"ကိုယ်တို့ ရေအတူချိုးကြမယ်လေ။ ပြီးရင်…"
လင်းဝမ်ယို၏မျက်နှာလှလှလေးကား နီမြန်းသွားလေတော့သည်။
"လူယုတ်မာကြီး… ပြန်ရောက်တာနဲ့ ချက်ချင်း…"
နောက်တစ်နေ့မနက် ယဲ့ချန်း နိုးလာသောအခါ သတင်းခေါင်းစီးတစ်ခုကို မြင်လိုက်ရသည်။
"လူမိုက်တစ်ယောက်ကို ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့သည့် တက္ကစီဒရိုင်ဘာတစ်ယောက် အပြင်းအထန်ဒဏ်ရာရ"
ဤသတင်းကိုမြင်ပြီးနောက် ယဲ့ချန်း ကြောင်အသွားရသည်။
ငါက ဘယ်တုန်းက အပြင်းအထန်ဒဏ်ရာရလို့လဲ။
ဖြစ်ပုံမှာ အိမ်ရာလုံခြုံရေး၏ မိတ်ဆွေတစ်ယောက်က အင်တာနက်ဆယ်လီတစ်ယောက်ပင်။ မနေ့ညက စကားပြောရင်း ဤသတင်းကို သူ ကြားလိုက်ရသည်။
လတ်တလောတွင် အွန်လိုင်းပေါ်၌ တရားမျှတမှုအတွက် ရဲရဲဝံ့ဝံ့ဆောင်ရွက်ရင်း အဖမ်းခံလိုက်ရသည့် ဖြစ်စဉ်တစ်ခုက ရေပန်းစားနေလေရာ သူလည်း ဇာတ်လမ်းထွင်လိုက်သည်။
အသေးစိတ်အချက်အလက်များကို မသိရသော်ငြား သူ စိတ်ကူးကြည့်၍ရသည်။
ထုံးစံဖြစ်စဉ်များအတိုင်း တက္ကစီဒရိုင်ဘာ၏ သူရဲကောင်းဆန်သောလုပ်ရပ်က အလွန်ပြင်းထန်သော ဇာတ်လမ်းတစ်ခုဖြစ်မည်မျာ ကျိန်းသေသည်။ လူမိုက်ကို ရဲရဲဝံ့ဝံ့တိုက်ခိုက်ရင်း အပြင်းအထန်ဒဏ်ရာရသွားခြင်းပင် ဖြစ်ရမည်။
သို့ဖြစ်လေရာ သူလည်း သွေးအလိမ်းလိမ်းဖြစ်နေသော တက္ကစီဒရိုင်ဘာတစ်ယောက်၏ ဓာတ်ပုံကို အွန်လိုင်းပေါ်သို့တင်ပြီး ဆွဲဆောင်မှုရှိသော သူရဲကောင်းဇာတ်လမ်းတစ်ပုဒ်ကို ရေးလိုက်လေတော့သည်။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး တော်တယ်ဗျာ"
"ဒါက ငါတို့လူ့အဖွဲ့အစည်းထဲမှာ လိုအပ်နေတဲ့ အပြုသဘောဆောင်တဲ့စွမ်းအင်ပဲ"
"အဲဒီလူမိုက်ကို ဖမ်းမိသွားလားဆိုတာကိုပဲ ငါသိချင်တာ"
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက လူတွေအများကြီးကြည့်နေတဲ့ကြားက ငါ့အိတ် အလုခံလိုက်ရတယ်။ အဲဒီတုန်းက ဒီလိုတက္ကစီဒရိုင်ဘာမျိုးနဲ့တွေ့ခဲ့ရရင် သိပ်ကောင်းမှာ"
ယဲ့ချန်းမှာ ထိုသတင်းကိုကြည့်ပြီးနောက် အလွန်ပျင်းရိသွားသည်။
ထိုစဉ်မှာပင် မိုတုရုပ်သံလိုင်းမှ လူမှုဝန်းကျင်ဒါရိုက်တာကလည်း ဤသတင်းကို တွေ့သွားလေသည်။
ဤသည်မှာ သိပ်ကောင်းသည့် သတင်းတင်ဆက်မှုပင်တည်း။
စိတ်ကူးအကြံဉာဏ်တစ်ခု ရလိုက်သဖြင့် သူ့မျက်ဝန်းများကား လင်းလက်သွားချေသည်။
ငါတို့ ဒီတက္ကစီဒရိုင်ဘာကို အင်တာဗျူးရမယ်!
ဤသို့ဖြင့် သူလည်း တင်ဆက်သူအစ်ကိုလဲ့ကို ဖုန်းဆက်လိုက်သည်။
အစ်ကိုလဲ့၏ "အစ်ကိုလဲ့၏စကားပြောရှိုး"ဟူသော အစီအစဉ်က အလွန်လွှမ်းမိုးမှုအားကောင်းပေသည်။
"အစ်ကိုလဲ့.. ဒီအကြောင်းအရာက အရမ်းကောင်းတယ်နော်။ ခင်ဗျား အဲဒီတက္ကစီဒရိုင်ဘာကို အင်တာဗျူးရမယ်။ ပြီးရင် သူ့ဘဝက ဘယ်လောက်ကြမ်းတမ်းခက်ခဲကြောင်း ပုံဖော်ပြီး သူရဲကောင်းဆန်တဲ့ ဒီဗီဒီယိုနဲ့ တွဲတင်လိုက်ရင် ပေါက်သွားမှာသေချာတယ်"
"ကောင်းပြီ။ ကျုပ်တာဝန်သာထားလိုက်။ ဒါနဲ့ အဲဒီတက္ကစီဒရိုင်ဘာက ဆုံးသွားပြီလား"
"မဟုတ်လောက်ဘူး။ ဒါကို အွန်လိုင်းဆယ်လီတစ်ယောက်က တင်ထားတာ။ သေချာသွားအောင် ရဲစခန်းမှာ သွားစုံစမ်းကြည့်လိုက်"
"နားလည်ပြီ။ ကျွန်တော် ကြည့်လုပ်လိုက်မယ်။ သူသာ သေသွားတယ်ဆိုရင် ထုတ်လွှင့်တဲ့အခါ ပိုတောင်နာမည်ကြီးသွားဦးမှာ"
မကြာခင်မှာပင် အစ်ကိုလဲ့က ဓာတ်ပုံဆရာအဖွဲ့တစ်ခုကို ဦးဆောင်၍ ရဲစခန်းသို့ သွားလေတော့သည်။ အတည်ပြုပြီးနောက် ဤအဖြစ်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်။
အစ်ကိုလဲ့လည်း စိတ်လှုပ်ရှားသွားလေသည်။ ဤအစီအစဉ်ကိုသာ ထုတ်လွှင့်လိုက်လျှင် သေချာပေါက်နာမည်ကြီးသွားမည်သာ။
ကံဆိုးချင်တော့ တာဝန်ကျရဲအရာရှိက မရှိသဖြင့် တရားခံကို အင်တာဗျူးရန်အတွက် ထိန်းသိမ်းရေးစင်တာသို့ မောင်းလာခဲ့ရသည်။
လီစန်းကား လက်ထိပ်ခတ်လျက်သားဖြင့် စစ်ကြောရေးထိုင်ခုံပေါ်တွင် ထိုင်နေလေသည်။
အစ်ကိုလဲ့က မေးလိုက်လေသည်။
"မစ္စတာလီစန်း… ခင်ဗျား အိတ်လုတဲ့အချိန်တုန်းက အဲဒီတက္ကစီဒရိုင်ဘာက လက်ဗလာနဲ့ ဘယ်လိုတိုက်ခိုက်ခဲ့ပြီး ခင်ဗျားကလည်း သူ့ကို ဘယ်လိုခုခံလိုက်လို့ သူဒဏ်ရာရခဲ့လဲဆိုတာကို ပြောပြပေးနိုင်မလား"
လီစန်းကမူ ခေါင်းမော့လာပြီး အစ်ကိုလဲ့ကို ငေးကြောင်ကြောင်အမူအရာဖြင့် ကြည့်လိုက်၏။
"လက်ဗလာနဲ့တိုက်ခိုက်တာတဲ့လား။ ခုခံတာလား"
"ကျွန်တော်က ခုခံရဲမှာတဲ့လား။ ဟာသပဲ"
အစ်ကိုလဲ့ခမျာ တဒင်္ဂမျှကြက်သေသေသွားလေသည်။ ဇာတ်လမ်းဇာတ်သွားက ထင်ထားသည့်အတိုင်း ဟုတ်မနေချေ။
"မစ္စတာလီစန်း… ကျုပ်တို့က အင်တာဗျူးနေတာပါ။ ဒီအကြောင်းအရာကို တီဗီမှာ ထုတ်လွှင့်မှာပါ။ ကျေးဇူးပြုပြီး အမှန်အတိုင်းပြောပေးပါ"
"ကျွန်တော် အမှန်အတိုင်းပြောနေတာ။ ကျွန်တော် အိတ်ကိုလုပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးလာခဲ့တာ။ ကြောက်ဖို့ကောင်းတဲ့ အဲဒီတက္ကစီဒရိုင်ဘာက…"
အစ်ကိုလဲ့နှင့် ဓာတ်ပုံဆရာတို့လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
လီစန်းက စိတ်မနှံ့ဘူးလား?
ထိန်းသိမ်းရေးစင်တာထဲက ထွက်လာခဲ့ပြီးနောက် အစ်ကိုလဲ့မှာ မျက်မှောင်ကြုတ်လိုက်မိတော့သည်။
ဤသတင်းကို သုံးစား၍မရနိုင်ချေ။
ဟာသပဲ။ ဒါကိုထုတ်လွှင့်လိုက်ရင် လူရယ်ချင်စရာကြီးဖြစ်သွားမှာပေါ့…
"ကောင်းပြီလေ။ တက္ကစီဒရိုင်ဘာတွေကို အင်တာဗျူးကြည့်တာပေါ့"
လမ်းတစ်လျှောက်တွင် အစ်ကိုလဲ့က တက္ကစီဒရိုင်ဘာတချို့ကို အင်တာဗျူးခဲ့သည်။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး.. တက္ကစီမောင်းရတာက ပင်ပန်းလား"
"ပင်ပန်းတာပေါ့။ တစ်နေ့ကို ခုနစ်နာရီရှစ်နာရီလောက် မောင်းနေရတာ။ တချို့ခရီးသည်တွေဆိုရင် သက်သက်မဲ့ပြဿနာရှာပြီး မကောင်းတဲ့မှတ်ချက်တွေ ပေးကြသေးတာ"
"တက္ကစီမောင်းတာ ဝင်ငွေနည်းတယ်မလား"
အစ်ကိုလဲ့က တက္ကစီဒရိုင်ဘာများ၏ဘဝ ကြမ်းတမ်းလှကြောင်း ပြသချင်သည့်အတွက် စကားလမ်းကြောင်းကို ဦးဆောင်ပေးနေချေသည်။
သူ့အမြင်တွင် တက္ကစီဒရိုင်ဘာများ၏အင်တာဗျူးက ဘဝပိုနာလေလေ အကျိုးသက်ရောက်မှုပိုကောင်းလေလေပင်။
"ဓာတ်ဆီဖိုးနဲ့ နေ့စဉ်အသုံးစရိတ်ကိုဖယ်လိုက်ရင် ဘာမှမကျန်ဘူး။ တစ်နှစ်လုံးနေရင်တောင် ဘယ်လောက်မှမစုမိဘူး"
"ဝင်ငွေက ဒီလောက်နည်းတာ ရည်းစားရဖို့ရော လွယ်ရဲ့လား"
အင်တာဗျူးခံနေရသော တက္ကစီဒရိုင်ဘာမှာ အရပ်အမောင်းတစ်မီတာခွဲမျှသာရှိပြီး နှုတ်ခမ်းကရွဲ့ကာ မျက်လုံးကလည်း မှေးလှသည်။
"လုံးဝမလွယ်ဘူး။ ဘယ်မိန်းကလေးကမှ ကျွန်တော့်ကို သဘောမကျဘူးလေ"
သို့သော် အစ်ကိုလဲ့ကတော့ ရည်းစားရှာရခက်နေသည်မှာ တက္ကစီဒရိုင်ဘာဖြစ်နေသောကြောင့်ဟု ဇာတ်လမ်းထွင်လိုက်သည်။
အင်တာဗျူးပြီးနောက် အစ်ကိုလဲ့က မိုက်ကိုကိုင်၍ နဂုံးချုပ်စကားပြောလိုက်သည်။
"ကြည့်ရှုသူများခင်ဗျာ.. အခုဆိုရင် တက္ကစီဒရိုင်ဘာတွေရဲ့ဘဝက ဘယ်လောက်ခက်ခဲကြမ်းတမ်းလဲဆိုတာ သိလောက်ကြရောပေါ့။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ပိုဂရုစိုက်ပေးသင့်ပါတယ်။ မနေ့ကပဲ တက္ကစီဒရိုင်ဘာတစ်ယောက်က လူဆိုးကို ရဲရဲဝံ့ဝံ့တိုက်ခိုက်ရင်း ခရီးသည်ရဲ့ပစ္စည်းတွေကို ပြန်ယူပေးခဲ့ပြီး သူခိုးကိုလည်း ဖမ်းမိခဲ့ပါတယ်။ အခု အခင်းဖြစ်ရာနေရာဖြစ်တဲ့ ဝမ်ယွမ်အိမ်ရာကိုသွားပြီး အဲဒီနေ့တုန်းက ဖြစ်ပျက်ခဲ့တဲ့အခြေအနေအကြောင်း အိမ်ရာလုံခြုံရေးကို မေးကြည့်ကြရအောင်"
ထုတ်လွှင့်မှုတွင် ပိုအကျိုးသက်ရောက်မှုရှိရန်အတွက် အစ်ကိုလဲ့က တက္ကစီတစ်စီးကို တမင်တကာ ငှားစီးလိုက်သည်။
••••••••••••••••••
အပိုင်း ၂၃၃ : ဘယ်သူက ပိုအဖြစ်ဆိုးလဲ
ရှားလိကားလေးတစ်စီးက လူတစ်စုရှေ့မှာ ထိုးရပ်လိုက်သည်။
တက္ကစီဒရိုင်ဘာများမှာ ဘယ်လောက်သနားစရာကောင်းကြောင်း ပေါ်လွင်စေရန်အတွက် အစ်ကိုလဲ့က ရှားလိကားကို တမင်ရွေးခေါ်လိုက်ခြင်းပင်။
ပုံမှန်ဆိုလျှင် ယဲ့ချန်းက တက္ကစီမောင်းရန်အတွက် ရှားလိကားကိုသာ သုံးလေ့ရှိသည်။ လမ်းဘေးတွင် ရပ်စောင့်နေသော ခရီးသည်များကိုတင်မည့် ကားတစ်စီး ရောက်လာကြောင်း သူတို့ မြင်လိုက်ရသည်။
သူတို့လည်း ပါလာသည့်ပစ္စည်းများကို ကားနောက်ဖုံးထဲသို့ ထည့်ပြီးနောက် ကားပေါ်တက်လိုက်ကြသည်။
ကားမောင်းသူမှာ ယဲ့ချန်းဖြစ်ပြီး အစ်ကိုလဲ့ကလည်း တိုက်ရိုက်ထုတ်လွှင့်မှု အင်တာဗျူးတစ်ခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... တက္ကစီမောင်းရတာ တော်တော်ပင်ပန်းမယ်ထင်တယ်နော်"
အစ်ကိုလဲ့က လမ်းကြောင်းခင်းပေးလိုက်သည်။
"ပင်ပန်းတယ် ဟုတ်လား။ ကျွန်တော်တော့ လုံးဝမပင်ပန်းပါဘူး။ တော်တော်အပန်းပြေတယ်"
ယဲ့ချန်းကလည်း ပြန်ဖြေလိုက်၏။
အစ်ကိုလဲ့ မျက်လုံးပြူးသွားသည်။
ဒါက ဇာတ်လမ်းနဲ့တော့ လွဲနေပြီ။
"တစ်နေ့ကို ဆယ်နာရီကျော် ကားမောင်းရတာ မပင်ပန်းဘူးလား။ အကြာကြီးထိုင်ရတော့ ခါးတွေဘာတွေ မနာဘူးလား"
အစ်ကိုလဲ့က ဆက်မေးလိုက်ပြန်သည်။
ယဲ့ချန်းက ခေါင်းခါပြရင်း ပြောလိုက်၏။
"မနာပါဘူး။ ကျွန်တော်က တစ်နေ့ကို သုံးလေးနာရီလောက်ပဲ မောင်းတာ။ မနက်ဆယ်နာရီလောက်ကစပြီး နှစ်နာရီလောက် မောင်းတယ်။ ပြီးရင် ညနေလေးနာရီလောက်ကျတော့ တစ်နာရီလောက် ထပ်မောင်းတယ်။ လုံးဝမပင်ပန်းပါဘူး။ ပြီးတော့ ကျွန်တော်က ဂျင်မ်ပုံမှန်ကစားတော့ ကျန်းမာရေးလည်း တော်တော်ကောင်းတယ်"
အစ်ကိုလဲ့ : "..."
အစောတုန်းက အင်တာဗျူးခဲ့သည့် တက္ကစီဒရိုင်ဘာများနှင့် တခြားစီပင်။
မဖြစ်သေးဘူး။ ဒီတက္ကစီဒရိုင်ဘာကို သနားစရာကောင်းအောင် ပုံဖော်မှဖြစ်မယ်။ အဲဒါမှ ထုတ်လွှင့်လိုက်တဲ့အခါ သတင်းဖြစ်မှာ။
"အလုပ်ချိန်က ဒီလောက်နည်းတော့ တစ်လတစ်လ ဝင်ငွေနည်းနည်းပဲ ရမှာပေါ့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"အင်း... သိပ်တော့မများဘူး"
အစ်ကိုလဲ့၏ မျက်နှာထက်တွင် ကျေနပ်အားရသောအပြုံးတစ်ပွင့် ပေါ်လာချေသည်။ သတင်းဖြစ်မည့်အကွက်ထဲကိုတော့ ဝင်လာလေပြီ။
"ကျွန်တော့်လစဉ်ဝင်ငွေက ဂဏန်းရှစ်လုံးလောက်ပဲရှိတာ"
"ဂဏန်း... ဂဏန်းရှစ်လုံးလား"
မိုက်ခရိုဖုန်းကိုကိုင်ထားသော အစ်ကိုလဲ့၏လက်ပင် တုန်ယင်သွားလေသည်။
ဤတက္ကစီဒရိုင်ဘာ၏ကြွားလုံးမှာ လွန်လွန်းအားကြီး၏။
အစ်ကိုလဲ့က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ကိုယ့်လူ... ခင်ဗျားကြွားတာ လွန်လွန်းမနေဘူးလား။ ရှားလိကားနဲ့ တက္ကစီမောင်းနေတာကို ဝင်ငွေက ဂဏန်းရှစ်လုံးရှိတယ်ပေါ့"
ယဲ့ချန်းမှာ ခပ်ဖျော့ဖျော့ပြုံးလိုက်လေသည်။
"တက္ကစီဒရိုင်ဘာတစ်ယောက်က ရှားလိကားကိုမောင်းပြီး ဂဏန်းရှစ်လုံးဝင်ငွေကို မရှာနိုင်ဘူးလို့ ဘယ်သူကပြောလဲ"
အစ်ကိုလဲ့ခမျာ စိတ်ရှုပ်သွားရသည်။
"ခင်ဗျားကြွားချင်သလောက်သာ ကြွားပါတော့"
"ကဲ... ကိုယ့်လူ နောက်မနေနဲ့တော့။ ကျွန်တော်တို့ရဲ့အင်တာဗျူးက တီဗီမှာလွှင့်မှာနော်"
"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... ခင်ဗျားက ဘယ်မှာနေတာလဲ။ အိမ်ငှားနေတာလား။ ဒါမှမဟုတ် ကျူးကျော်ရပ်ကွက်မှာ နေတာလား"
အစ်ကိုလဲ့က စကားလမ်းကြောင်းကို သနားစရာကောင်းသည့်ဘက်သို့ ပြန်ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။
ယဲ့ချန်း ရယ်မောလိုက်မိသည်။
"ကျွန်တော်နေတဲ့နေရာက တောင်တွေနဲ့ရေတွေ ဝန်းရံထားပြီး လေးထပ်လောက်မြင့်တယ်..."
ကင်မရာသမားနှင့် အစ်ကိုလဲ့တို့ခမျာ ကြောင်အမ်းသွားလေသည်။
ယနေ့ခေတ် တက္ကစီဒရိုင်ဘာတွေက ဒီလောက်တောင် အံ့သြဖို့ကောင်းနေပြီလား။
အစ်ကိုလဲ့ကမူ နှာခေါင်းရှုံ့လိုက်လေသည်။
"ကိုယ့်လူ... ဒီလောက်ချဲ့ကားပြောနေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဘယ်တက္ကစီဒရိုင်ဘာရဲ့ဘဝက မကြမ်းတမ်းဘဲရှိလို့လဲ။ အရည်အချင်းရှိရင် ဘယ်သူကများ တက္ကစီမောင်းနေမှာလဲ"
ယဲ့ချန်းလည်း အစ်ကိုလဲ့ကို တစ်ချက်ကြည့်လိုက်မိသည်။
"ကိုယ့်လူ... ခင်ဗျား ကျွန်တော်တို့တက္ကစီဒရိုင်ဘာတွေကို အထင်လွဲနေတာများ ရှိလား"
"အထင်လွဲတယ် ဟုတ်လား။ ကျွန်တော်က အမှန်တရားကိုပြောနေတာ။ တက္ကစီဒရိုင်ဘာဆိုတာ မိုးထဲလေထဲမှာ ရုန်းကန်ရတယ်။ ဝင်ငွေလည်း သိပ်မရှိဘူး။ တန်ဖိုးနည်း အိမ်ရာတွေမှာပဲ နေကြရတာ။ ခင်ဗျားပြောသလို ဝင်ငွေ ဂဏန်းရှစ်လုံးဝင်ငွေနဲ့ စံအိမ်ကြီးထဲမှာနေရအောင် ခင်ဗျားကိုယ်ခင်ဗျား သူဌေးမာများထင်နေလား"
"အင်း... ကျွန်တော်က သူဌေးမာနဲ့ တစ်ရပ်ကွက်တည်းမှာ အတူနေတာလေ"
ဟားဟားဟား!
ယခုမူ အစ်ကိုလဲ့ရော ကင်မရာသမားပါ အောင့်မထားနိုင်တော့ဘဲ အော်ရယ်လိုက်ကြသည်။
ယနေ့ခေတ်ကြီးမှာ တချို့လူတွေက နေ့ခင်းကြောင်တောင်ကြီးမှာပင် စိတ်ကူးယဉ်နေတတ်ကြသည်။ ရယ်စရာ ကောင်းလိုက်လေခြင်း။
ထိုအချိန်မှာပင် ကားက ဝမ်ယွမ်အိမ်ရာရှေ့တွင် ရပ်တန့်သွားသည်။
ယဲ့ချန်လည်း အနည်းငယ်အံ့သြသွားရသည်။
ဒီနေရာကို ထပ်ရောက်လာပြန်ပြီ။
အစ်ကိုလဲ့နှင့် သူ့အဖွဲ့ကလည်း ကားပေါ်မှ ဆင်းလိုက်ကြပြီး လုံခြုံရေးတစ်ယောက်ကို မေးလိုက်သည်။
"လုံခြုံရေးအစ်ကိုကြီး... မနေ့တုန်းက ဒီနေရာမှာ လုယက်မှုတစ်ခု ဖြစ်ခဲ့သေးလား"
"ဟုတ်တယ်။ အိမ်ရာထဲက လူတစ်ယောက် အလုခံလိုက်ရတာ။ ကံကောင်းလို့ သူရဲကောင်းဆန်တဲ့ တက္ကစီဒရိုင်ဘာအစ်ကိုကြီးတစ်ယောက်က သူခိုးကို ဖမ်းပေးခဲ့တာ"
အစ်ကိုလဲ့လည်း ချက်ချင်း ဝမ်းသာလုံးဆို့သွားသည်။
"အဲ့ဒီတက္ကစီဒရိုင်ဘာအစ်ကိုကြီးက လူဆိုးကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ပြီး ဘယ်လိုမျိုး ဒဏ်ရာအပြင်းအထန်ရသွားလဲဆိုတာ ပြောပြပေးနိုင်မလား"
"မဟုတ်ဘူး။ အဲ့ဒီတက္ကစီဒရိုင်ဘာအစ်ကိုကြီးက ကူလီနန်ကားကြီးနဲ့ သူခိုးနောက်ကို လိုက်သွားတာ။ ပြီးတော့ တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ပြောင်းစီးပြီး လိုက်သွားတယ်လို့ ကြားတာပဲ။ ဖျက်သင်္ဘောတောင် သုံးတယ်လို့ ပြောကြသေးတယ်။ ဘာပဲဖြစ်ဖြစ် တော်တော်တော့မိုက်တယ်။ သူတို့ ပြန်လာတုန်းကလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်ကြီးနဲ့ ပြန်လာတာ။ ဟိုနားက ရှားလိကားရပ်ထားတဲ့နေရာမှာပဲ ဆင်းခဲ့တာ"
လုံခြုံရေးဝန်ထမ်းက ယဲ့ချန်းကို လှမ်းကြည့်လိုက်ပြီးနောက် အံ့သြသွားချေသည်။
"ဟုတ်တယ်။ အဲဒီတက္ကစီဒရိုင်ဘာအစ်ကိုကြီးပဲ"
အစ်ကိုလဲ့ : "..."
ကင်မရာမန်း : "..."
သူတို့က ယဲ့ချန်းကို ကြွားလုံးထုတ်နေသည်ဟု ထင်ခဲ့မိသည်။ သို့သော် ယခုမူ အမှန်တွေဖြစ်နေပါရောလား။
ထိုအချိန်တွင် ရှေးခေတ်ဝတ်စုံဝတ်ဆင်ထားသော အလှပဂေးလေးတစ်ယောက်က အိမ်ရာဝင်းထဲမှ ထွက်လာသည်။
အသက်နှစ်ဆယ်ဝန်းကျင်ရှိပြီး နူးညံ့ကာ ဆွဲဆောင်မှုရှိသော မျက်နှာလေးနှင့် အချိုးအစားကျနသော ခန္ဓာကိုယ်ပိုင်ရှင်အလှလေးက ဟန်ဖူဝတ်စုံကို ဝတ်ဆင်ထားလေရာ လူ့ပြည်သို့ သက်ဆင်းလာသော နတ်သမီးလေးတစ်ပါး အလားပင်။
ရှေးဆန်ဆန်လှပနေသည့် အလှလေးပါလား။
ထိုအလှလေးက ယဲ့ချန်း၏ရှားလိကားဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။
"ယဲ့ချန်း... ဒီနေ့ ရှင့်ကို ညစာလိုက်ကျွေးမယ်။ သွားကြစို့"
သေစမ်း!
ရင်ဝကို ဓားနဲ့ဆောင့်ထိုးလိုက်သလိုပဲ။
သူက အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး နေ့တိုင်း ၉နာရီရုံးတက်ပြီး ၅နာရီရုံးဆင်းကာ ပင်ပင်ပန်းပန်းအလုပ်လုပ်ရသည်။ တစ်လကို ဝင်ငွေထောင်ဂဏန်းလေးရဖို့အရေး မကြာခဏ အချိန်ပိုဆင်းရသည့်အပြင် အိပ်ခန်းနှစ်ခန်းပါသည့် တိုက်ခန်းလေးကိုလည်း ချေးငွေဖြင့် ဝယ်ထားရ၏။ ယခုအထိလည်း လျှပ်စစ်ဆိုင်ကယ် စီးနေရဆဲသာ။ သို့သော် ဤတက္ကစီဒရိုင်ဘာကတော့ စံအိမ်ကြီးထဲမှာနေပြီး ကူလီနန်ဇိမ်ခံကားကိုစီးကာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေပေသည်။
ဘယ်သူက ပိုအဖြစ်ဆိုးနေသလဲ။
ယဲ့ချန်းလည်း ကားမောင်းပြီးနောက် ဟန်ခေတ်ပုံစံပြင်ဆင်ထားသော တရုတ်စားသောက်ဆိုင်တစ်ခုသို့ ရောက်လာသည်။
လင်းရှစ်ယင်က ရယ်မောလျက် ပြောလိုက်သည်။
"ဒီဆိုင်က အစားအသောက်တွေက အရမ်းစားကောင်းလို့ ကျွန်မ ဒီကို ခဏခဏလာဖြစ်တယ်"
"အင်း... ဟားဟား ဒါဆို ကိုယ်လည်း အရသာရှိတဲ့ တရုတ်အစားအစာတွေကို မြည်းစမ်းကြည့်ရတာပေါ့"
သူတို့နှစ်ယောက် တံခါးဝသို့ရောက်လာစဉ် မူးရူးနေသော လူငယ်လေးတစ်ယောက်က သူတို့ကို ရုတ်တရက်ဝင်တိုက်လေတော့သည်။
ထိုလူက လင်းရှစ်ယင်ကို ဝင်တိုက်တော့မလိုဖြစ်နေကြောင်း မြင်လိုက်ရသဖြင့် ယဲ့ချန်းကပင် သူ(မ)ကို အမြန်ဆွဲဖက်ပြီး ကာကွယ်ထားလိုက်သည်။
ဒုန်း!
အမူးသမားလူငယ်က ယဲ့ချန်းကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်မိလေတော့သည်။
သို့သော် ယဲ့ချန်းက ကျွမ်းကျင်မှုရှိသောကြောင့် ဘာမှမဖြစ်လိုက်ဘဲ ထိုအမူးသမားကသာ ရှက်ဖွယ်လိလိလဲကျသွားလေသည်။
ထိုလူငယ်ကလည်း မတ်တတ်ထရပ်ပြီး ဆဲဆိုကြိမ်းမောင်းတော့သည်။
"ဟေ့ကောင်... မင်း သေချင်နေတာလား။ ငါ့ကို ဝင်တိုက်ရဲတယ်ပေါ့"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီလူက တော်တော်ယုတ္တိမရှိပါလား။ သူက ငါတို့ကို ဝင်တိုက်တာ အသိသာကြီးကို...
ထိုစဉ် ဆိုင်မန်နေဂျာက အမြန်ရောက်ချလာသည်။
"မိန်းကလေးလင်း... တောင်းပန်ပါတယ်ဗျာ။ သခင်လေးပိုင်က သောက်တာနည်းနည်းများသွားလို့ပါ"
"ရပါတယ်"
ယဲ့ချန်းနှင့် လင်းရှစ်ယင်တို့လည်း သီးသန့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။
"ခုနကလူက ဘယ်သူလဲ"
ယဲ့ချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ပိုင်မုန့်လေ။ ပိုင်ရှီလုပ်ငန်းစုရဲ့သူဌေး ပိုင်ချွမ်းရဲ့ ဒုတိယသားပေါ့"
ပိုင်ချွမ်း၏ နောက်ထပ်သားတစ်ယောက်ပင်။
သိပ်မကြာခင်တုန်းက သူ့သမီးပိုင်ယင်းနှင့် တွေ့ဖူးပြီးပြီ။ ယခုလည်း သားဖြစ်သူနှင့် ထပ်တိုးပြန်လေပြီ။
"ကြည့်ရတာ ပိုင်ချွမ်းရဲ့ဆုံးမပုံက ပြဿနာရှိနေပုံရတယ်။ သားရော သမီးရော တစ်ထေရာတည်းပဲ"
လင်းရှစ်ယင်က ရယ်မောလိုက်သည်။
"လုံးဝတော့မဟုတ်ပါဘူး။ ပိုင်ချွမ်းရဲ့သားအကြီး ပိုင်ယွီကျတော့ တော်တော်ထူးချွန်တာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီဥက္ကဋ္ဌဖြစ်နေပြီ"
သူတို့နှစ်ဦး စကားပြောနေစဉ် ရုတ်တရက်ဆိုသလို ဝုန်းခနဲအသံတစ်သံကို ကြားလိုက်ရသည်။
တံခါးကား ကန်ဖွင့်ခံလိုက်ရသည်။
ပိုင်မုန့်က ကုလားထိုင်တစ်လုံးကို ကောက်ကိုင်ကာ ယဲ့ချန်းဆီသို့ ရောက်လာသည်။
"ဟေ့ကောင်... မင်း ငါ့ကိုတွန်းပြီးတာနဲ့ ဘာမှမဖြစ်သလို နေလို့ရမယ်များ ထင်နေလား။ ငါ မင်းကိုသတ်မယ်"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိတော့သည်။
မပြီးနိုင်သေးဘူးလား။
လင်းရှစ်ယင်လည်း လန့်ဖျပ်သွားချေသည်။
"ပိုင်မုန့်... ရှင် ဘာလုပ်နေတာလဲ"
ပိုင်မုန့် အပြေးရောက်လာသည်ကို မြင်လိုက်သည်နှင့် ယဲ့ချန်းကလည်း ခြေတစ်ဖက်မြှောက်ကာ ကန်ချလိုက်သည်။
သူ့ရှေ့ရှိ ထိုင်ခုံမှာ လွင့်ထွက်သွားပြီး ပိုင်မုန့်၏ ခြေထောက်ကို အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်လေသည်။
ပိုင်မုန့်ခမျာ ယိုင်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။
သူ ပြန်မထနိုင်ခင်မှာပင် ယဲ့ချန်း၏ခြေထောက်က သူ့ကျောပေါ်ကို ရောက်နေပြီဖြစ်၏။
ပိုင်မုန့်က မူးကြောင်ကြောင်ဖြင့် မောက်မာစွာ အော်ဟစ်နေဆဲပင်။
"ဟေ့ကောင်... မင်းသတ္တိရှိရင် ငါ့ကိုလွှတ်လိုက်စမ်း။ ငါ့အစ်ကိုကြီးလည်း ဒီဟိုတယ်မှာ ညစာစားနေတာ။ မင်းလုပ်ရဲတယ်ပေါ့။ ငါ့အစ်ကိုက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
ယဲ့ချန်း မျက်ခုံးပင့်လိုက်မိသည်။
"မင်းရဲ့အစ်ကိုလား"
လင်းရှစ်ယင်က အစ်ကိုကြီးပိုင်မှာ တော်တော်အရည်အချင်းရှိသည်ဟု ပြောထားသဖြင့် ယဲ့ချန်း သိချင်စိတ်တဖွားဖွားဖြစ်မိသည်။
သူတို့ကုမ္ပဏီက ပိုင်မိသားစုနှင့် အကျိုးတူပူးပေါင်းထားကြောင်း ယဲ့ချန်း ပြန်သတိရလိုက်သည်။ တာဝန်ခံကလည်း သားအကြီးဆုံးပိုင်ယွီဖြစ်၏။
ဤသည်မှာ ပိုင်ယွီ၏စရိုက်အမှန်ကို သိနိုင်မည့် အကောင်းဆုံးအခွင့်အရေးပင်။
အကယ်၍များ အစ်ကိုဖြစ်သူကလည်း ညီနှင့် တစ်ထေရာတည်းဆိုလျှင်တော့ ဤစီမံကိန်းကို ဆက်လုပ်လို့မဖြစ်တော့ပေ။ လူလဲပစ်မှဖြစ်မည်။
••••••••••••••••••
အပိုင်း ၂၃၄ : ကိုယ့်မှာ အရန်လုပ်ငန်းတွေအများကြီးရှိတယ်
ယဲ့ချန်းက ခြေထောက်ကို ဖယ်ပေးလိုက်ရာ ပိုင်မုန့်ကလည်း ကြမ်းပြင်ပေါ်မှ ထရပ်လိုက်သည်။
သူက မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ပြီးနောက် အေးတိအေးစက်လေသံဖြင့် ဆိုလာလေသည်။
"ဟေ့ကောင် မပြေးနဲ့။ မင်းနဲ့စာရင်းရှင်းဖို့ ငါ့အစ်ကိုကြီးကို အခုချက်ချင်း ဖုန်းခေါ်ပြမယ်"
ယဲ့ချန်းကမူ အမှုမထားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ရတယ်လေ။ ငါလည်း မင်းရဲ့အစ်ကိုကြီးနဲ့ တွေ့ချင်နေတာ"
ပိုင်မုန့်က ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
"အစ်ကို ကျွန်တော် ဒုတိယထပ်မှာ။ ကျွန်တော် ရိုက်နှက်ခံထားရတယ်။ မြန်မြန်ဆင်းလာပြီး ကူညီပေးပါဦး”
"ပိုင်မိသားစုဝင်ကို ဘယ်သူက ရိုက်ရဲတာလဲ"
ပိုင်ယွီ၏အသံကား အေးစက်နေသည်။
ပိုင်မုန့်လည်း ဖုန်းချလိုက်ပြီး ယဲ့ချန်းကို မောက်မောက်မာမာကြည့်လိုက်သည်။
"ကိုယ့်လူ မင်းတော့သေပြီ။ ငါ့အစ်ကို ဆင်းလာနေပြီကွ။ သူ မင်းကို သေချာပေါက်ရှင်းပစ်လိမ့်မယ်"
ယဲ့ချန်းကမူ တည်ငြိမ်နေဆဲပင်။ ပိုင်ယွီက ဘယ်လိုအစွမ်းအစမျိုး ရှိသလဲဆိုသည်ကို သိချင်လှသည်။
မကြာခင်မှာပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီးနောက် ရွှေကိုင်းတပ်မျက်မှန်ကို တပ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ဘော်ဒီဂတ်အနည်းငယ်နှင့်အတူ ဝင်လာသည်။
ပိုင်မုန့်ကို မြင်သောအခါ ပိုင်ယွီက တင်ပါးကို ခပ်ပြင်းပြင်းကန်လိုက်သည်။
"ကောင်စုတ်လေး.. မင်း ငါ့ကို တစ်ခါတလေလေးတောင်အေးအေးဆေးဆေးနေခွင့်မပေးနိုင်ဘူးလား။ အမြဲတမ်း ပြဿနာရှာနေတာပဲ"
ပိုင်မုန့်မှာ ခြောက်ကပ်ကပ်ရယ်လိုက်ချေသည်။
"အစ်ကို ကျွန်တော့်ကို ကူညီရမယ်နော်။ ဒီလူက ကျွန်တော့်ကို ရိုက်ထားတာ"
ပိုင်ယွီက လင်းရှစ်ယင်ဘက်သို့ လှည့်လိုက်လေသည်။
"မိန်းကလေးလင်း တကယ်တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ညီက အမိုက်အမဲလေးမို့ ခင်ဗျားမိတ်ဆွေနဲ့ စားသောက်နေတာကို အနှောင့်အယှက်ပေးမိသွားတယ်။ ဒါကို ကျွန်တော်ရှင်းပေးပါရစေ"
ပိုင်ယွီက အခြေအနေကို စားပွဲထိုးထံမှ ယခုတင် သိခဲ့ရပြီဖြစ်၏။
သူ့ညီက ပြဿနာစတင်ခဲ့ကြောင်း သူ သိလိုက်ရသည်။
ထို့ပြင် လင်းရှစ်ယင်၏အဖေ လင်းပေါ်ကလည်း မိုတုမြို့တွင် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သဖြင့် သူ့အနေနှင့် ထိုလူ့ကို စော်ကားလိုခြင်းမရှိပေ။
ပိုင်ယွီက သူ့ညီကဲ့သို့ ဆင်ခြင်တုံတရားကင်းမဲ့သူ မဟုတ်ကြောင်း မြင်သောအခါ လင်းရှစ်ယင်လည်း ခေါင်းညိတ်ပြလိုက်၏။
"ရပါတယ်။ ရှင့်ညီကိုသာ သေချာထိန်းလိုက်ပါ။ သူ ကျွန်မမိတ်ဆွေကို ထိခိုက်အောင်မလုပ်ခဲ့လို့ တော်သေးတယ်။ မဟုတ်ရင် ကျွန်မ အသာတကြည်ကျော်သွားပေးမှာမဟုတ်ဘူး"
ထို့နောက် ပိုင်ယွီက သူ့အကြည့်ကို ယဲ့ချန်းဘက်သို့ ပို့လိုက်လေသည်။
သူ့မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခုက သူ့အကြည့်ထဲမှ ပေါ်ထွက်လာသည်။
"ဒီညီလေးကို ဘယ်လိုခေါ်ရမလဲ"
ဤလူ၏စိတ်ထဲတွင် ဘာတွေးနေမှန်း ကောင်းကောင်းသိနေသဖြင့် ယဲ့ချန်း၏နှုတ်ခမ်းများမှာ အနည်းငယ်ကွေးညွတ်သွားသည်။
"ဘာလဲ။ ငါ့အကြောင်း စုံစမ်းဖို့ကြံနေတာလား။ ပြီးတော့မှ ငါ့ကိုရှင်းဖို့ အခွင့်အရေးတစ်ခုရှာမယ်ပေါ့"
ပိုင်ယွီလည်း ခဏမျှအံ့အားသင့်သွားရသည်။ သူ့အတွေးများကို ယဲ့ချန်းက ခန့်မှန်းမိလိမ့်မည်ဟု လုံးဝထင်မထားချေ။
သူလည်း ကိုးရိုးကားရားဟန်ဖြင့် ရယ်မောလိုက်သည်။
"ကျွန်တော်က နောက်နေတာပါ။ မိန်းကလေးလင်းရဲ့ သူငယ်ချင်းဆိုတော့ ကျွန်တော့်သူငယ်ချင်းပဲပေါ့။ ကျွန်တော်က ခင်ဗျားနဲ့ ခင်မင်ချင်ရုံပါ"
ယဲ့ချန်းကလည်း ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။
"ငါ့ကို မိတ်ဆွေဖွဲ့ဖို့ မင်းက အဆင့်မမီလောက်ဘူး"
ယဲ့ချန်း၏စကားများကို ကြားသောအခါ ပိုင်ယွီ၏အကြည့်ကား ပိုစူးရှသွားသည်။
ဒီလူက တော်တော်မောက်မာတာပဲ။
မိုတုမြို့၏ လူငယ်မျိုးဆက်ထဲမှာ သူ့ကို ယခုလိုပြောရဲသူဟူ၍ ရှိလေသလား။
ထိုအချိန်တွင် ယဲ့ချန်းက ဖုန်းထုတ်၍ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
ယဲ့ချန်း ဘာလုပ်မည်မှန်း မသိသောကြောင့် ပိုင်ယွီမှာ အံ့သြမှင်တက်သွားလေသည်။
ဖုန်းတစ်ဖက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"မစ္စတာယဲ့.. ဘာများညွှန်ကြားစရာရှိလို့လဲ"
ယဲ့ချန်းကမူ တဟားဟားရယ်လိုက်လေသည်။
"ဥက္ကဋ္ဌပိုင်..ခင်ဗျားရဲ့သားသမီးတွေက တစ်မျိုးပဲနော်။ တစ်ယောက်ထက် နောက်တစ်ယောက်က ပိုအထင်ကြီးဖို့ကောင်းနေတာ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ပိုင်ချွမ်း၏အမူအရာလည်း ပြောင်းလဲသွားသည်။
“မစ္စတာယဲ့ ဟိုကောင်မစုတ်လေးယင်းယင်းက ခင်ဗျားကို ထပ်ပြီး ပြဿနာရှာနေတာလား”
"ပိုင်ယင်းမဟုတ်ပါဘူး။ ခင်ဗျားမှာ သားနှစ်ယောက် ရှိသေးတယ်မလား။ ပိုင်ယွီနဲ့ ပိုင်မုန့်လေ"
ယဲ့ချန်း၏စကားကြောင့် ပိုင်ချွမ်း၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားလေသည်။
“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ အဲ့ဒီနှစ်ယောက်က ကျွန်တော့်သားတွေပါ။ သူတို့ ခင်ဗျားကိုများ အပြစ်ပြုမိထားတာလား"
ပိုင်ချွမ်း၏မျက်နှာကား အလွန်မသာမယာဖြစ်နေချေသည်။
အစ်ကိုထန်က သိပ်မကြာခင်ကမှ ယဲ့ချန်း၏ ရန်အိုက်ဆေးရုံနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် သူ့အား ကူညီပေးခဲ့သည်။
အကယ်၍ သူတို့ ယဲ့ချန်းကို စော်ကားမိပြီး စာချုပ် ဖျက်သိမ်းခံရပါက ကုန်ပစ္စည်းများမှာ သူတို့လက်ထဲတွင်သာ သောင်တင်နေလိမ့်မည်။
ပိုင်ရှီလုပ်ငန်းစုအတွက်တော့ ၎င်းမှာ ကပ်ဘေးတစ်ခုဆိုက်ခြင်းပင်။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သူတို့ဘက်က ယဲ့ချန်းကို စော်ကား၍မရပေ။
ယဲ့ချန်းက တည်ငြိမ်စွာ ဆိုလိုက်လေသည်။
"ကျွန်တော့်မိတ်ဆွေနဲ့ စားသောက်နေတုန်း ခင်ဗျားရဲ့ဒုတိယသားက ထိုင်ခုံဆွဲပြီး ကျွန်တော့်ဆီ ရောက်လာခဲ့တယ်"
"ဘာ? ဒီကောင်လေးကတော့... မစ္စတာယဲ့ ခင်ဗျား ဒဏ်ရာရသွားသေးလား"
"ခင်ဗျားရဲ့သားက ကျွန်တော့်ကို ထိခိုက်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့များ ထင်နေတာလား"
ယဲ့ချန်းက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ မစ္စတာယဲ့..ဒါက ကျွန်တော့်သားတွေကို သေချာမဆုံးမနိုင်ခဲ့တဲ့ ကျွန်တော့်အမှားပါ။ ကျွန်တော် အခုချက်ချင်းလာခဲ့ပါ့မယ်"
"မလိုပါဘူး။ ခင်ဗျားရဲ့သားအကြီးလည်း ဒီမှာရှိတယ်။ ခင်ဗျားရဲ့သားအကြီးကတော့ မဆိုးဘူး။ အရမ်းပါးနပ်ပြီးတော့ အလိုက်အထိုက် ပြုမူတတ်တယ်"
သူ့ဘေးရှိ ပိုင်ယွီခမျာ ယဲ့ချန်းက သူ့အဖေနှင့် ဖုန်းပြောနေကြောင်း သိလိုက်ရသဖြင့် မျက်နှာတစ်ခုလုံးဖြူဖျော့သွားသည်။
ယဲ့ချန်းက ဖုန်းကို ပိုင်ယွီ့ထံသို့ ပစ်ပေးလိုက်သည်။
"မင်းအဖေက မင်းနဲ့ စကားပြောချင်နေတယ်"
ပိုင်ယွီ ဖုန်းကိုယူလိုက်လေရာ သူ့အဖေ၏ အော်ဟစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
“မင်းတို့နှစ်ကောင်.. ငါ့ကို စိတ်တိုအောင် လုပ်နေတာလား။ မင်းတို့ ဘယ်သူ့ကို စော်ကားမိနေတာလဲဆိုတာ သိလား။ သူက ယဲ့ချန်း မစ္စတာယဲ့ပဲ"
ဤနာမည်ကို ကြားလိုက်ရချိန်ဝယ် ပိုင်ယွီ၏အမူအရာကား လုံးဝပြောင်းလဲသွားသည်။
ယဲ့ချန်းက ဘယ်လောက်အထင်ကြီးဖို့ ကောင်းသလဲဆိုတာကို သူ တစ်ကြိမ်မက ကြားခဲ့ဖူးသည်။ ဤတစ်ခေါက် သူ့ညီဖြစ်သူက ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကို စော်ကားမိလိမ့်မည်ဟု ထင်မထားချေ။
အစောတုန်းက သူ လက်စားချေရန် စီစဉ်နေခဲ့မိသည်ကို ပြန်သတိရမိချိန်ဝယ် ပိုင်ယွီခမျာ ကြောက်လွန်း၍ ကျောချမ်းသွားရသည်။
“မင်းတို့နှစ်ယောက်.. မစ္စတာယဲ့ကို ချက်ချင်းတောင်းပန်လိုက်ကြ။ ဘာတွေပဲဖြစ်ဖြစ် မစ္စတာယဲ့က မင်းတို့နဲ့ စာရင်းရှင်းချင်တယ်ဆိုရင် ဘာဆင်ခြေမှမပေးဘဲ လိုက်နာကြ။ ပြီးတော့ မစ္စတာယဲ့ကို ဦးလေးလို့ခေါ်ဖို့ မမေ့နဲ့။ ပိုင်မုန့်ကို ဖုန်းပေးလိုက်"
"ဟုတ်ကဲ့။ ဟုတ်ကဲ့"
ပိုင်ယွီခမျာ သူ့ချွေးစေးများကို သုတ်ရင်း ပြောလိုက်သည်။
ပိုင်မုန့်ကမူ သူ့အစ်ကို၏လေသံမှတစ်ဆင့် သူတို့ မစော်ကားသင့်သော လူတစ်ယောက်ကို စော်ကားမိသွားကြောင်း သိလိုက်ရသဖြင့် ကြောက်လန့်တုန်လှုပ်သွားသည်။
"ငတုံး.. အပြင်မှာ ပြဿနာထပ်ရှာပြန်ပြီလား။ ဒီနေ့ မစ္စတာယဲ့က မင်းကို ခွင့်လွှတ်ရင်ခွင့်လွှတ်ပေါ့။ မဟုတ်လို့ကတော့ မင်း အိမ်ပြန်မလာနဲ့တော့"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားလေပြီ။ ပိုင်မုန့်၏မျက်နှာလည်း သေမတတ် ဖြူဖျော့နေချေသည်။
ပိုင်ယွီက ပိုင်မုန့်၏ခြေသလုံးကို ကန်ပစ်လိုက်သည်။
ပိုင်မုန့်ခမျာ ဒုန်းခနဲမြည်သံနှင့်အတူ ဒူးထောက်လျက် လဲကျသွားပြီး ပိုင်ယွီကိုယ်တိုင်ကလည်း သူ့ဘေးနားတွင် နာခံစွာ ဒူးထောက်ချလိုက်သည်။
"ဦးလေးယဲ့ ကျွန်တော်တို့မှားသွားပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
ပိုင်မုန့်ကလည်း သူ့မျက်ရည်များကို သုတ်လိုက်သည်။
"ဦးလေးယဲ့.. ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကြီးကျယ်မြင့်မြတ်တဲ့လူတစ်ယောက်ကို သတိမထားမိလိုက်တဲ့ ကျွန်တော့်အမှားပါ။ ကျွန်တော် ဘယ်တော့မှ ထပ်မလုပ်ရဲတော့ပါဘူး"
ယဲ့ချန်းက သူတို့ကို လက်ယမ်းပြလိုက်သည်။
"အမြဲတမ်း ကိုယ့်ထက်သာတဲ့လူတစ်ယောက် ရှိတယ်ဆိုတာ မင်းတို့နားလည်လား။ ဒီတစ်ခါ မင်းတို့ ငါနဲ့တွေ့တာ ကံကောင်းတယ်မှတ်ပါ။ ဒီထက်ပိုပြီးအင်အားကြီးတဲ့လူနဲ့ တွေ့လို့ကတော့ ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး"
"ဟုတ်ကဲ့။ ဟုတ်ကဲ့ ဦးလေးယဲ့.. ကျွန်တော်တို့ ထပ်မလုပ်ရဲတော့ပါဘူး"
"ကောင်းပြီ။ သွားကြတော့။ ငါတို့ ညစာဆက်စားလိုက်ဦးမယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဦးလေးယဲ့.. ကျွန်တော်တို့သွားပြီနော်။ အန်တီနဲ့အတူ အေးအေးဆေးဆေးစားနေခဲ့ပါ"
အန်တီတဲ့လား!
ပိုင်မုန့်၏စကားကို ကြားလိုက်ရချိန်ဝယ် လင်းရှစ်ယင်ခမျာ ရှက်သွေးဖြာသွားသည်။
"မစ္စတာယဲ့..ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိစ္စ.."
ပိုင်ယွီက နေရခက်ဟန်ဖြင့် ပြောလိုက်၏။
ယဲ့ချန်းက ခွန်းတုံ့ပြန်လိုက်သည်။
"စိတ်မပူပါနဲ့။ မင်းတို့ရဲ့ကိုင်တွယ်ပုံကို ငါ ကျေနပ်တယ်။ မှတ်ထား။ ဒါက မင်းတို့အတွက် ပထမဆုံးသတိပေးချက် ပဲ။ ဒါမျိုးနောက်တစ်ခါထပ်ဖြစ်ရင် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ထပ်ဆွေးနွေးတော့မှာမဟုတ်တော့ဘူး"
"ဟုတ်ကဲ့။ ဟုတ်ကဲ့ ဦးလေးယဲ့..ကျွန်တော်တို့ သွားတော့မယ်နော်။ ခင်ဗျားတို့ ညစာစားနေတာကို ထပ်မနှောင့်ယှက်တော့ပါဘူး"
ထိုနှစ်ယောက် ထွက်ခွာသွားသည်နှင့် ပိုင်ချွမ်းဆီက ဖုန်းဝင်လာခဲ့သည်။
"မစ္စတာယဲ့... ဟိုကောင်နှစ်ကောင်က တောင်းပန်ပြီးပြီလား"
"ဟုတ်တယ်။ တောင်းပန်ပြီးပြီ။ ကျွန်တော် သူတို့ကို ပြန်လွှတ်လိုက်ပြီ"
"ဒါက ပြုစုပျိုးထောင်မှုအားနည်းတဲ့ ကျွန်တော့်အမှားပါ။ အဲ့ဒီကောင်နှစ်ကောင်ကို ပြန်ရောက်လာတာနဲ့ သေချာဆုံးမလိုက်ပါ့မယ်"
ယဲ့ချန်း တဟားဟားရယ်လိုက်လေသည်။
"အစ်ကိုပိုင် စိတ်မပူပါနဲ့။ ကျွန်တော်က အဲ့ဒီလောက်အထိ စိတ်ထားသေးသိမ်တဲ့လူ မဟုတ်ပါဘူး။ နောက်မှစကားပြောကြတာပေါ့။ ကျွန်တော့်အစားအသောက်တွေ အေးကုန်ပြီ"
"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ မစ္စတာယဲ့..တစ်ရက်ရက်ကျရင် ကျွန်တော်ကိုယ်တိုင် တောင်းပန်ဖို့ လာဖိတ်ပါ့မယ်"
ဖုန်းချပြီးနောက် လင်းရှစ်ယင်က ယဲ့ချန်းကို စူးစမ်းလိုဟန်ဖြင့် စူးစိုက်ကြည့်နေချေသည်။
"ယဲ့ချန်း.. ရှင်က တကယ်ပဲ ဘယ်သူများလဲ”
"ကိုယ်က တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"လူလိမ်..တက္ကစီဒရိုင်ဘာတစ်ယောက်က ဖုန်းတစ်ချက်ဆက်ရုံနဲ့ ရဟတ်ယာဉ်နဲ့ ဖျက်သင်္ဘောကို ခေါ်နိုင်လို့လား။ ဒါမှမဟုတ် ဖုန်းတစ်ချက်ဆက်ရုံနဲ့ ပိုင်ညီအစ်ကိုတွေကို ဒူးထောက်ပြီး တောင်းပန်လာအောင် လုပ်နိုင်လို့လား"
ယဲ့ချန်းက ထိခိုက်နစ်နာနေဟန် လုပ်ပြလေသည်။
"တကယ်တော့ ကိုယ့်ရဲ့အဓိကအလုပ်က တက္ကစီဒရိုင်ဘာလေ။ ဒါပေမဲ့ ကိုယ့်မှာ အပိုလုပ်ငန်းတွေလည်း အများကြီးရှိတယ်"
•••••••••••••••••