အခန်း (၂၃၅−၂၃၇)
Vol. 16 Ch. 235-237
အခန်း ၂၃၅ : နတ်သံတူရိယာ
လင်းရှစ်ယင် ရယ်လိုက်မိသည်။
"ရှင်က ဘဝအတွေ့အကြုံယူနေတဲ့ သူဌေးတစ်ယောက်ဆိုတာ ဝန်ခံလိုက်ပါတော့"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒီလိုပြောလို့လည်း ရပါတယ်"
စားသောက်ပြီးနောက် ယဲ့ချန်းက လင်းရှစ်ယင်နှင့်အတူ စျေးဝယ်စင်တာတွင် အတူစျေးဝယ်ထွက်ခဲ့သည်။
တစ်ဖနီအရောင်းဆိုင်ကို ဖြတ်သွားစဉ် လင်းရှစ်ယင်၏ အကြည့်က အထဲရှိ လည်ဆွဲတစ်ခုဆီသို့ ရောက်သွားသည်။
တစ်ချက်မျှသာ ကြည့်လိုက်ခြင်းဖြစ်သော်လည်း ထိုအရာကို လင်းရှစ်ယင် အမှန်တကယ်ကြိုက်နှစ်သက်ကြောင်း ယဲ့ချန်း အတပ်ပြောနိုင်သည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"အထဲဝင်ကြည့်အောင်"
လင်းရှစ်ယင် ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက် အရောင်းဆိုင်ထဲသို့ ဝင်သွားပြီးနောက် ယဲ့ချန်းက စိန်လည်ဆွဲရှိရာဆီသို့ လျှောက်သွားကာ မေးလိုက်လေသည်။
"ဒီလည်ဆွဲက ဘယ်လောက်လဲ"
အရောင်းစာရေးမလေးက ဆိုလာလေသည်။
"လူကြီးမင်း.. ဒီလည်ဆွဲက ကျွန်မတို့တစ်ဖနီအရောင်းဆိုင်ရဲ့ ၈၈နှစ်မြောက်နှစ်ပတ်လည် အထူးထုတ်လည်ဆွဲပါ။ ရောင်းဖို့မဟုတ်ပါဘူး။ ၁၈၈၈၈၈ဖိုးနဲ့အထက် ဝယ်ယူသူတိုင်း ပါဝင်ခွင့်ရမယ့်ကံစမ်းမဲရဲ့ဆုပါ"
ဤစကားကို ကြားသောအခါ လင်းရှစ်ယင်လည်း အမြန်ပြောလိုက်၏။
"ထားလိုက်ပါ ယဲ့ချန်း..ကျွန်မက ကြည့်ရုံပဲကြည့်တာပါ။ သိပ်သဘောမကျဘူး"
ယဲ့ချန်းက ညင်သာစွာပြုံးလိုက်လေသည်။
"ရပါတယ်။ ကံစမ်းမဲလေးပဲဟာကို"
သူက လက်ဝတ်ရတနာအနည်းငယ်ကို သာမန်ကာလျှံကာ လက်ညှိုးထိုးပြလိုက်၏။
"ကျွန်တော် ဒီဟာရယ် ဒီဟာရယ် ဒီဟာနဲ့ ဒီဟာကိုယူမယ်"
ယဲ့ချန်း၏ရွေးချယ်မှုကြောင့် အရောင်းစာရေးမလေးခမျာ အံ့အားသင့်သွားချေသည်။
ပစ္စည်းတစ်ခုချင်းစီတိုင်းက ခန့်မှန်းခြေအားဖြင့် နှစ်သိန်းဝန်းကျင် တန်ဖိုးရှိသည်။
စုစုပေါင်းကုန်ကျစရိတ်က နှစ်သန်းဖြစ်သည်။
ဤမျှဆိုလျှင် ကံစမ်းမဲကို ဆယ်ကြိမ်ပါဝင်ဖို့ လုံလောက်ပြီမဟုတ်လား။
အရောင်းစာရေးမက ခေါင်းညိတ်ပြလိုက်လေရာ ယဲ့ချန်းကလည်း ပြုံးလျက် စကားဆိုလာချေသည်။
"ရှစ်ယင်..မင်းရဲ့ကံက ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်ရအောင်"
ယဲ့ချန်းက သူ(မ)အတွက် လည်ဆွဲတစ်ကုံးအရယူပေးရန်အတွက် နှစ်သန်းတန်သောလက်ဝတ်ရတနာမျာကို ဝယ်ပေးလိမ့်မည်ဟု လင်းရှစ်ယင် လုံးဝထင်မထားချေ။
"ယဲ့ချန်း.. ကျွန်မ ဒါကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ"
"အားနာနေဖို့မလိုပါဘူး။ ကိုယ်တို့ ဒီနေ့ မဲပေါက်မှာသေချာတယ်"
ယဲ့ချန်းမှာ ထိုလည်ဆွဲကို ရရန်အတွက် ခြောက်သန်းကျော်လောက် သုံးလိုက်ရသည်။ တစ်ဖနီအရောင်းဆိုင်၏ ဝန်ထမ်းများလည်း ထိတ်လန့်သွားချေသည်။
ဘုရားရေ ဒီမိန်းကလေးက အရမ်းကံကောင်းတာပဲ!
ချမ်းသာကြွယ်ဝသော လူတစ်ယောက်က သူချစ်သူအတွက် လည်ဆွဲတစ်ကုံးကို အရယူပေးရန် လက်ဝတ်ရတနာများကို ခြောက်သန်းကျော်ဖိုး ဝယ်ပစ်ခဲ့သည်။
ထိုနေရာရှိ အရောင်းဝန်ထမ်းများမှာ အားကျကုန်ကြသည်။ ဤလူချမ်းသာက သူတို့ချစ်သူမဟုတ်သည်မှာ နှမြောစရာပင်။
လင်းရှစ်ယင်မှာ ရင်ထဲထိရှသွားလေသည်။
ခြောက်သန်းဆိုသည်မှာ နည်းနည်းနောနောပမာဏမဟုတ်ချေ။ သူ(မ)ကဲ့သို့ လူကုံထံတစ်ယောက်အတွက်ပင် များလှသည်။ သို့သော် အရေးအကြီးဆုံးအရာမှာ ယဲ့ချန်း၏နှလုံးသားပင်။
ယဲ့ချန်းက လင်းရှစ်ယင်၏လည်တိုင်ကို လည်ဆွဲဆွဲပေးရင်း ပြုံးလိုက်လေသည်။
"မင်းက ဒီလည်ဆွဲနဲ့ အရမ်းလိုက်ဖက်တာပဲ"
လင်းရှစ်ယင်ခမျာ ရှက်သွေးဖြာသွားလေတော့သည်။
"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းကသာ တက္ကစီဒရိုင်ဘာတစ်ယောက်ဆိုပါက လင်းရှစ်ယင်လည်း ဤမျှဈေးကြီးလှသော လက်ဆောင်မျိုးကို လက်ခံမည်မဟုတ်ပေ။
သို့သော် ယဲ့ချန်းက အံ့ဖွယ်ကောင်းသော စွမ်းဆောင်ချက်မျိုးကို ထုတ်ပြခဲ့သည့်အတွက် လင်းရှစ်ယင်လည်း သူ(မ)အပေါ် အမြင်ကောင်းတစ်ခုရှိထားသဖြင့် လက်ခံလိုက်သည်။
သူတို့နှစ်ယောက် လမ်းပတ်လျှောက်ရင်း ဗျပ်စောင်းဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။
"မိန်းကလေးရှစ်ယင် ရောက်လာတာပဲ။ ဆိုင်မှာ ဗျပ်စောင်းအသစ်တစ်ခု ရောက်နေတယ်။ ကြည့်ကြည့်ဦးမလား"
လင်းရှစ်ယင်လည်း ခေါင်းညိတ်ပြလိုက်သည်။ ယခင်က သူ(မ) ဤဆိုင်ကို မကြာခဏလာဖြစ်သဖြင့် ပိုင်ရှင်နှင့်လည်း ရင်းနှီးနေသည်။
သူ(မ)က ယဲ့ချန်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် ပြုံးပြလိုက်၏။
"ယဲ့ချန်း.. ကျွန်မ ရှင့်အတွက် တစ်ပုဒ်လောက်တီးပြမယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီး ဘေးနားတွင် ထိုင်ချလိုက်သည်။
လင်းရှစ်ယင်၏လက်ချောင်းများမှာ ကြိုးများကို စည်းချက်ကျကျတီးခတ်လိုက်လေရာ မြူးကြလှသော တေးသံတစ်သံ ထွက်ပေါ်လာလေသည်။
ယခင်တုန်းကဆိုလျှင် ယဲ့ချန်း နားလည်မည်မဟုတ်သော်ငြား ဗျပ်စောင်းပညာရှင်စွမ်းရည်ကို ရရှိထားသဖြ်င့ လင်းရှစ်ယင်၏ ဗျပ်စောင်းစွမ်းရည်က ကျွမ်းကျင်အဆင့်ကို ရောက်နေပြီဖြစ်ကြောင်း အတပ်ပြောနိုင်သည်။
သူ(မ)က တီးခတ်၍ပြီးစီးသောအခါ ယဲ့ချန်းနှင့် ဆိုင်ပိုင်ရှင်ကလည်း လက်ခုပ်ဩဘာပေးလိုက်ကြသည်။
"မိန်းကလေးရှစ်ယင်.. မင်းရဲ့ဗျပ်စောင်းစွမ်းရည်က သိသိသာသာတိုးတက်လာတာပဲ"
ဆိုင်ပိုင်ရှင်က ချီးကျူးလိုက်သည်။
ယဲ့ချန်းလည်း ရုတ်ခြည်းစိတ်ဝင်စားသွားသည်။
"ရှစ်ယင်.. ကိုယ်လည်း မင်းအတွက် တစ်ပုဒ်တီးပြမယ်"
"အာ.. ရှင်လည်း ဗျပ်စောင်းတီးတတ်တာလား"
လင်းရှစ်ယင်မှာ အံ့အားသင့်သွားလေသည်။
အမျိုးသားများက ဗျပ်စောင်းတီးတတ်သည်မှာ ရှားပါးလှသောကြောင့် လင်းရှစ်ယင် အံ့ဩသွားရသည်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"အရင်တုန်းက နည်းနည်းသင်ဖူးတယ်လေ။ အခြေခံလောက်ပဲသိတာပါ"
လင်းရှစ်ယင် ပြုံးလိုက်မိသည်။
"ကောင်းပြီလေ။ ကျွန်မကိုတီးပြ။ ကျွန်မ ရှင့်ကို အကြံနည်းနည်းပါးပါး ပေးလို့ရတာပေါ့"
ယဲ့ချန်း၏စိတ်ထဲတွင် သံစဉ်တစ်ခု ပေါ်ပေါက်လာပြီး ကြိုးများကို စတင်တီးခတ်လေတော့သည်။ "ခပ်မြင့်မြင့်တောင်တန်းများနဲ့ စီးဆင်းနေသောရေ"သံစဉ်မှာ ယခင်ဘဝတုန်းက ဂန္ဒဝင်လက်ရာတစ်ခုပင်။
ဤတေးသံကား တောင်ကျချောင်းရေမှ စီးဆင်းလာသော စမ်းရေအလား၊ ကျောက်စိမ်းခေါင်းလောင်းမြည်သံအလားပင်။
အလွန်နူးညံ့သိမ်မွေ့လှသော ထိုအသံက ချိုင့်ဝှမ်းကြားက သစ်ခွပန်းလေးတစ်ပွင့်နှင့်လည်း အလားသဏ္ဍာန်တူသည်။ တိမ်တိုက်နှင့် လေပြည်များကို စီးနင်းနေဟန်တူသည့် ရှေးဟောင်းတေးသံတစ်ခုအလားပင်။
လင်းရှစ်ယင်လည်း ချက်ချင်းဆိုသလို ကြက်သေသေသွားသည်။
ဘုရားရေ.. ဒီသံစဉ်က အရမ်းအံ့ဩဖို့ကောင်းတာပဲ
သူ(မ)၏ဗျပ်စောင်းစွမ်းရည်က ကျွမ်းကျင်သူအဆင့်ကို ရောက်နေပြီဖြစ်သော်ငြား ယဲ့ချန်း၏စွမ်းရည်ကတော့ သူ(မ)ထက် သာလွန်နေချေသည်။
ပိုအရေးကြီးသည့်အချက်မှာ ဤသံစဉ်ကို သူ(မ) ယခင်က မကြားဖူးပေ။ လင်းရှစ်ယင်မှာ ဗျပ်စောင်းပညာကို ငယ်စဉ်ကတည်းက သင်ယူလေ့လာခဲ့သောကြောင့် သံစဉ်တိုင်းကို အကုန်ကြားဖူးသည်။
ဤသံစဉ်က ယဲ့ချန်းကိုယ်တိုင်ဖန်တီးထားသော သံစဉ်များလား။
လင်းရှစ်ယင်တစ်ယောက်တည်းသာမဟုတ်။ ဗျပ်စောင်းဆိုင်ပိုင်ရှင်လည်း ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။ ဝယ်သူတချို့ကလည်း ယဲ့ချန်း၏ဗျပ်စောင်းတီးခတ်မှုကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
တေးသံ အဆုံးသတ်သွားသောအခါ ဗျပ်စောင်းဆိုင်ထဲတွင် တစပြင်အလား တိတ်ဆိတ်သွားချေသည်။ လူတိုင်းက ထိုသံစဉ်ကြောင့် အာရုံပျံ့လွင့်နေဆဲပင်။
ယဲ့ချန်းလည်း ချောင်းဟန့်လျက် ပြုံးစစဖြင့် လင်းရှစ်ယင်ကို မေးလိုက်၏။
"ကိုယ့်ဖျော်ဖြေမှုက ဘယ်လိုနေလဲ"
လင်းရှစ်ယင်မှာ ယခုမှသာ သတိပြန်ဝင်လာသည်။
"ယဲ့ချန်း ရှင်တီးသွားတာ အရမ်းကောင်းတာပဲ။ နတ်သံစဉ်တစ်ခုလိုပဲ"
"ဟားဟား.. ဝါသနာအရ တီးတာပါ။ ဆရာမလင်း..ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"
လင်းရှစ်ယင်လည်း ယဲ့ချန်းကို မျက်စောင်းထိုးလိုက်လေသည်။
"လမ်းညွှန်ရမှာလား။ ကျွန်မတောင် ရှင့်လောက် ကောင်းအောင် မတီးနိုင်ဘူး"
"ဒါနဲ့ ယဲ့ချန်း.. ကျွန်မ ရှင့်ရဲ့သံစဉ်ကို ပြိုင်ပွဲမှာ သုံးလို့ရမလား"
ယဲ့ချန်းလည်း ခေါင်းညိတ်လျက် လက်ခံလိုက်သည်။
"ရတယ်လေ။ မင်း သဘောကျရင် သုံးလို့ရပါတယ်"
လင်းရှစ်ယင်၏မျက်နှာထက်တွင် ဝမ်းသာလေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"ဒီသံစဉ်ကို ပြိုင်ပွဲမှာတီးလိုက်ရင် ကျွန်မ ပထမနေရာရမှာ သေချာတယ်"
သူတို့နှစ်ယောက်သား အတန်ကြာသည်အထိ လမ်းပတ်လျှောက်ခဲ့ပြီးနောက် ယဲ့ချန်းက လင်းရှစ်ယင်ကို အိမ်ပြန်ပို့ပေးလိုက်သည်။
ပထမဆုံးအကြိမ်ချိန်းတွေ့ပြီးနောက် လင်းရှစ်ယင်ခမျာ ဆန်းကြယ်လှသော တက္ကစီဒရိုင်ဘာကို ပို၍ပင် သဘောကျသွားသည်။
ဝမ်ယွမ်အိမ်ရာဝင်း၏ အဝင်ဝသို့ရောက်သောအခါ လင်းရှစ်ယင်က ကားထဲမှထွက်ပြီး ယဲ့ချန်းအား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် (၁/၅)ကို ရရှိတဲ့အတွက် တုရှီစွမ်းရည်ကို ဆုလာဘ်အဖြစ် လက်ခံရရှိပါတယ်]
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။ ခေါ်ဆိုသူကား လီရုန်ရုန်ပင်။
"ယဲ့ချန်း.. ရှင် ကျွန်မကို မဆက်သွယ်တာ တော်တော်ကြာပြီနော်။ အနားမှာ အလှလေးတွေအများကြီးဆိုတော့ ကျွန်မကို သတိမရတော့ဘူးပေါ့"
"မဟုတ်တာ။ ကိုယ်က ရုပ်ရှင်ရိုက်တာရော ကုမ္ပဏီကိစ္စတွေစီမံရတာနဲ့ အခုတလော အလုပ်များနေလို့ပါ"
"ဒါနဲ့ မနက်ဖြန်ကျရင် ကျောက်စိမ်းပြပွဲတစ်ခုရှိတယ်။ ကျွန်မနဲ့အတူ လိုက်ပေးလို့ရမလား"
"ကျောက်စိမ်းပြပွဲလား"
ယဲ့ချန်းသည် ယခုမှ တုရှီစွမ်းရည်ကို ရရှိထားသည်ဖြစ်ရာ စမ်းသပ်ကြည့်ရန် အကောင်းဆုံးအခွင့်အရေးပင်။
"ကိစ္စမရှိပါဘူး"
လီရုန်ရုန်က ရှေးဟောင်းဆိုင်တစ်ဆိုင်ကို ပတ်ကြည့်နေခြင်းပင်။ ယဲ့ချန်းဘက်က သဘောတူလိုက်သောအခါ သူ(မ) ကျေနပ်သွားသည်။
ထိုအခိုက်ဝယ် အမျိုးသားတစ်ယောက်က သူ(မ)နားသို့ ရုတ်တရက်ရောက်ချလာသည်။ ထို့နောက် သူ(မ)အား သတိလက်လွတ်ဖြင့် ဝင်တိုက်မိသည်။
လီရုန်ရုန်က ဒေါက်ဖိနပ်စီးထားခြင်းဖြစ်လေရာ ဟန်ချက်ပျက်သွားပြီး အနောက်သို့ လဲကျသွားလေတော့သည်။
သူ(မ)၏အနောက်တွင်မူ ကြွေထည်ပစ္စည်းများတင်ထားသော စင်တစ်ခု ရှိ၏။ သူ(မ) လဲကျသွားချိန်မှာ ထိုစင်ကြီးလည်း ပြိုကျသွားလေတော့သည်။
ဘုန်း!
ကြွေထည်များမှာ ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းပြုတ်ကျသွားချိန်ဝယ် အပိုင်းပိုင်းအစစကွဲကြေကုန်သည်။
ဖုန်းတစ်ဖက်ရှိ ယဲ့ချန်းလည်း လီရုန်ရုန်၏ပင့်သက်ရှိုက်သံနှင့် ကြွေထည်ပစ္စည်းများ ကျကွဲသွားသည့်အသံကို ကြားလိုက်သည်။
ယဲ့ချန်း အလောတကြီးမေးလိုက်မိသည်။
"ရုန်ရုန် ဘာဖြစ်တာလဲ"
လီရုန်ရုန်ခမျာ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်မတော့ ပြဿနာတက်ပြီ"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိ၏။
"မင်း ဘယ်မှာလဲ။ ကိုယ် အခု ချက်ချင်းလာခဲ့မယ်"
"ကျွန်မက ရှေးဟောင်းပစ္စည်းအရောင်းလမ်းမပေါ်က ဦးလေးစန်းရဲ့ရှေးဟောင်းပစ္စည်းဆိုင်ထဲမှာ"
ထိုအချိန်မှာပင် ကြွေအိုးတစ်လုံးကို ကိုင်ထားသည့် အဘိုးကြီးတစ်ယောက် ထွက်လာပြီး ကျကွဲကုန်သည့် ကြွေထည်ပစ္စည်းများကို မြင်သွားလေသည်။
"ရုန်ရုန် ဘာလို့ ဒီလောက်တောင်နမော်နမဲ့နိုင်ရတာလဲ။ ဒီကြွေထည်က နှစ်သန်းတန်တဲ့ မင်မင်းဆက် ဒါမှမဟုတ် ချင်မင်းဆက်တုန်းက ပစ္စည်းတွေကွ"
••••••••••••••••••
အပိုင်း ၂၃၆ - ချင်းကန်ရှီနဂါးပုံစံ ကျီရှားမြေအိုးလက်ဖက်ရည်အိုး
လီရုန်ရုန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် ကြွေထည်အကွဲစတစ်ပိုင်းကို ကောက်ကိုင်လိုက်သည်။
သူ(မ) ထိုအရာကို လက်ဖြင့်ထိကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။
"တတိယသခင်.. ကျွန်မတို့တွေအကုန်လုံးက ရှေးဟောင်းပစ္စည်းတွေရောင်းနေကြတာနော်။ ဒါက အတုကြီးဆိုတာ အသိသာကြီးလေ။ ရှင်က ကျွန်မကို ရိုက်စားလုပ်ချင်နေတာလား"
"အတုလား။ ငါ့ရဲ့အဖြူနဲ့အပြာစပ်ထားတဲ့ ကြွေအိုးက စစ်မှန်ကြောင်း ထောက်ခံချက်ပါပြီးသား။ ဒီကြွေအိုးရဲ့တန်ဖိုးက ၂.၁သန်းရှိတယ်။ ငါတို့က အိမ်နီးချင်းတွေမို့လို့ တစ်သိန်းလျှော့ပေးထားတာကို"
ဤသို့ပြောရင်း တတိယသခင်က ထောက်ခံစာကို လီရုန်ရုန်ထံသို့ ပစ်ပေးလိုက်သည်။ ထိုထောက်ခံချက်ကိုကြည့်ရင်း လီရုန်ရုန်၏ မျက်နှာလှလှလေးမှာ ဒေါသကြောင့် နီမြန်းသွားလေတော့သည်။
ဤထောက်ခံချက်များမှာ အခကြေးငွေနည်းနည်းပေးလိုက်ရုံဖြင့် ဝယ်လို့ရကြောင်း ဤလောကထဲရှိလူတိုင်း သိထားကြသည်။
သို့သော် ယခုမူ ကြွေအိုးများက ကွဲသွားပြီဖြစ်လေရာ တန်ဖိုးကို အကဲဖြတ်၍ မရနိုင်တော့ချေ။ လီရုန်ရုန်လည်း ဤဆုံးရှုံးမှုကို တိတ်တဆိတ်မျိုသိပ်ထားရုံသာ တတ်နိုင်တော့သည်။
ဟယ်စန်းဟု အမည်ရသော တတိယဆရာက ထောင်ပေါင်လမ်းပေါ်ရှိ လူများကို မကြာခဏလိမ်လည်တတ်လေ့ရှိကြောင်း လီရုန်ရုန်သိထားသည်။ သို့သော် သူ(မ)၏အလှည့် ရောက်လာလိမ့်မည်ဟုတော့ ထင်မထားချေ။
ကြမ်းပြင်ပေါ်ရှိ ကြွေထည်အကွဲစများကို ကြည့်ရင်း လီရုန်ရုန်လည်း အံတင်းတင်းကြိတ်လိုက်မိသည်။ ဤလောကထဲရှိ စည်းမျဉ်းများကို သူ(မ) ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် ဤဆုံးရှုံးမှုကို သူ(မ) လက်ခံရုံသာ တတ်နိုင်လေသည်။
ထိုအချိန်မှာပင် ယဲ့ချန်းက ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ထဲသို့ ဝင်လာသည်။ ယဲ့ချန်းက ရာဖြတ်စွမ်းရည်ကို အသက်သွင်းလိုက်သောအခါ ကြမ်းပြင်ပေါ်ရှိ ကြွေထည်များ၏ အသေးစိတ်အချက်အလက်များက သူ့စိတ်ထဲတွင် ချက်ချင်းပေါ်လာခဲ့သည်။
ခေတ်သစ်ပစ္စည်းတု၊ တန်ဖိုး ယွမ်နှစ်ရာ။
လီရုန်ရုန်မှာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"ကောင်းပါပြီ တတိယဆရာ.. ကြွေထည်တွေက ကျွန်မကြောင့် ကွဲသွားတာဆိုတော့ ကျွန်မပဲ တာဝန်ယူလိုက်ပါ့မယ်"
ဘေးနားမှ ကြည့်နေသူများကား ခေါင်းတခါခါ။ ဟယ်စန်း၏စရိုက်ကို လူတိုင်း သိကြသည်။ သို့သော် ကြွေထည်များကို အရင်ခွဲခဲ့သူမှာ လီရုန်ရုန်ဖြစ်သောကြောင့် ဤဆုံးရှုံးမှုကို သူ(မ) လက်ခံရုံသာ တတ်နိုင်လေတော့သည်။
ဟယ်စန်းက ဘဝင်ခိုက်လေဟန် ပြုံးလိုက်လေရာ ရွှေသွားနှစ်ချောင်းက ထင်းခနဲ ပေါ်လာသည်။ ထို့နောက် သူက တဟားဟားရယ်လိုက်၏။
"မိန်းကလေးရုန်ရုန် ဒါဆို ကျုပ် ဟယ်စန်းက ကျေးဇူးတင်တာပေါ့"
"ခဏနေဦး"
ယဲ့ချန်းက ဘေးနားမှနေ၍ ရုတ်တရက်ဝင်ပြောလိုက်သည်။ ဟယ်စန်းကမူ လှောင်ပြောင်ရယ်မောလိုက်သည်။
"ဒီလူငယ်လေးက ဘာများလိုချင်လို့လဲ"
ယဲ့ချန်းက ခပ်ပြုံးပြုံးသာ။
"တတိယဆရာ.. ဒီတပည့်နဲ့ အလောင်းအစားလုပ်ရဲလား"
ဟယ်စန်းမှာ တုန်လှုပ်သွားချေသည်။
"အလောင်းအစားလား။ ဘယ်လိုအလောင်းအစားမျိုးလဲ"
ယဲ့ချန်း တွေးဆလိုက်သည်။
"ခင်ဗျားဆိုင်ထဲက တန်ဖိုးအကြီးဆုံးရတနာကို ကျွန်တော် ရှာနိုင်တယ်ဆိုတဲ့အလောင်းအစားလေ"
သူ့ဆိုင်ထဲတွင် ရှေးဟောင်းပစ္စည်းများက ထောင်နှင့်ချီပြီးရှိလေရာ ထိုအထဲတွင် တန်ဖိုးအကြီးဆုံးအရာကို ရှာဖွေရခြင်းမှာ ကောက်ရိုးပုံထဲတွင် အပ်ရှာနေရသည့်အလားပင်။
ယဲ့ချန်း၏အလောင်းအစားကို ကြားသောအခါ အခြားဝယ်သူများနှင့် ဆိုင်ပိုင်ရှင်များအားလုံးလည်း ကြက်သေသေကုန်ကြသည်။
"ဒီလူ ရူးနေတာပဲဖြစ်မယ်။ ရှေးဟောင်းပစ္စည်းထောင်ကျော်ထဲက တန်ဖိုးအကြီးဆုံးအရာကို ရှာမယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဟုတ်တယ်။ ဒီလူ ရူးသွားပြီထင်တယ်"
ဟယ်စန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"မင်းဘက်က လောင်းကြေးက ဘာလဲ"
ယဲ့ချန်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"လောင်းကြေးကတော့ ကျွန်တော်နိုင်ခဲ့ရင် ခင်ဗျားရဲ့တန်ဖိုးအကြီးဆုံးပစ္စည်းကို ယူသွားမယ်။ တကယ်လို့ ကျွန်တော်ရှုံးခဲ့ရင် ဒီကြွေထည်ပစ္စည်းတွေအတွက် နှစ်ဆပြန်လျော်ပေးမယ်။ ဒီတော့ ကျွန်တော် ခင်ဗျားကို လေးသန်းပေးရမှာပေါ့"
လေးသန်းဟု ကြားလိုက်ရချိန်ဝယ် ဟယ်စန်း၏မျက်ဝန်းမှာ လင်းလက်သွားလေသည်။
"တကယ်ပြောတာလား"
ယဲ့ချန်းက ခပ်ဖွဖွပြုံးပြလိုက်သည်။
"တကယ်ပြောတာပေါ့"
ဟယ်စန်းက အောင်နိုင်သူတစ်ယောက်၏ဟန်ပန်ဖြင့် သူ့လက်ထဲရှိ ကျီရှားမြေလက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက်သည်။
"လူငယ်လေး.. မင်းကိုယ်တိုင် ငါ့ကို ပိုက်ဆံထုတ်ပေးချင်တာနော်။ နောက်မှ ငါက မင်းကို အနိုင်ကျင့်ပါတယ်လို့ လာမပြောနဲ့"
ယဲ့ချန်း ပြုံးလိုက်လေသည်။
"တတိယဆရာ.. ဒီပမာဏနည်းနည်းလောက်ကတော့ ကျွန်တော် တတ်နိုင်ပါတယ်"
"ကောင်းပြီလေ။ ဒီလူတွေအားလုံးက သက်သေပဲ။ ဒါပေမဲ့ မင်း စိတ်ကြိုက်ရှာလို့မရဘူး။ ငါ မင်းကို ငါးမိနစ်အချိန်ပေးမယ်။ ဘယ်လိုလဲ"
"မဖြစ်နိုင်တာ။ ရှေးဟောင်းပစ္စည်းထောင်ပေါင်းများစွာထဲက ငါးမိနစ်အတွင်း ဘယ်လိုလုပ်ရှာနိုင်မှာလဲ"
လီရုန်ရုန်မှာ ချက်ချင်းဆိုသလို မကျေမနပ်ဖြစ်သွားလေသည်။
ဟယ်စန်းကမူ လှောင်ပြောင်သရော်လိုက်သည်။
"ကြောက်ရင်လည်း ထားလိုက်တော့။ ငါလည်း မင်းတို့ကို အခက်တွေ့အောင် မလုပ်တော့ဘူး။ နှစ်သန်းပဲ လျော်လိုက်တော့"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"ကျွန်တော်က ဘာလို့ကြောက်ရမှာလဲ။ ငါးမိနစ်ဆိုလည်း ငါးမိနစ်ပေါ့"
"ယဲ့ချန်း.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဟယ်စန်းရဲ့ဆိုင်ထဲမှာ ရှေးဟောင်းပစ္စည်းတွေမှအများကြီးပဲ။ သူက အတုတွေရော အစစ်တွေကိုပါ ရောထားတာ။ သူကိုယ်တိုင်ကလွဲရင် တခြားဘယ်သူမှ မရှာနိုင်ဘူး"
"ရုန်ရုန် မပူပါနဲ့။ ကိုယ် သူနဲ့ လောင်းရဲတယ်ဆိုမှတော့ ကိုယ့်မှာ အနိုင်ရနိုင်တဲ့ ယုံကြည်ချက်မျိုးရှိလို့ပေါ့"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ရှေးဟောင်းပစ္စည်းဆိုင်ထဲသို့ လျှောက်သွားပြီး အသာအယာပြုံးလိုက်သည်။
"တတိယဆရာ.. အချိန်စမှတ်လို့ရပြီ"
ဟယ်စန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"တဲ့တိုးဆန်လိုက်တဲ့ လူငယ်လေးပါလား"
သူက အချိန်မှတ်စက်ကိုယူပြီး စတင်ရေတွက်လေတော့သည်။ ငါးမိနစ်ရေတွက်မှုကား စတင်လေပြီ။ စက္ကန့်လက်တံကလည်း လျင်မြန်စွာ ရွေ့လျားနေ၏။
ယဲ့ချန်းက ဘာပစ္စည်းကိုမှ မထိဘဲ မျက်လုံးနှင့် ကြည့်ရုံသာကြည့်နေသဖြင့် လူတိုင်း အံ့ဩသွားရသည်။
"ဒီလူက ဟာသပဲ။ မထိကြည့်ဘဲ ဘယ်လိုလုပ်ပြီး အတုအစစ်ခွဲနိုင်မှာလဲ"
"သူ့မျက်လုံးက ရွှေမျက်လုံးများ မှတ်နေတာလား။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အတုအစစ်ခွဲနိုင်တယ်ပေါ့လေ"
"ဟယ်စန်းက တော်တော်လည်တာပဲ။ ငွေနှစ်သန်းကို အသာလေးရတော့မှာ"
….
ယဲ့ချန်း၏လုပ်ရပ်ကြောင့် လူတိုင်း ခေါင်းခါယမ်းမိကြတော့သည်။ သူတို့အမြင်မှာတော့ ယဲ့ချန်း ရှုံးတော့မည်သာ။
ရှေးဟောင်းပစ္စည်းထောင်ပေါင်းများစွာထဲက တစ်ချက်ကြည့်လိုက်ရုံဖြင့် အတုအစစ်ခွဲခြားနိုင်ရန်မှာ ကောင်းကင်ဘက်သို့ တက်လှမ်းရန်ထက်ပင် ပိုခက်သေးသည်။
ထိုအချိန်မှာပင် ယဲ့ချန်း၏မျက်လုံးက ရှေးဟောင်းပစ္စည်းများကို သေချာအကဲခတ်ကြည့်ရှုနေသည်။ သူတို့၏တန်ဖိုးများကလည်း သူ့စိတ်ထဲတွင် ချက်ချင်းပေါ်ပေါက်လာ၏။
ခေတ်သစ်အပြာနှင့်အဖြူစပ်ကြွေအိုးအတု၊ တန်ဖိုး တစ်သောင်းနှစ်ထောင်။
တရုတ်ထုတ်ကြွေပန်းကန်လုံး၊ တန်ဖိုး တစ်သောင်းရှစ်ထောင်။
ကျန်းသယ်အဖြူနှင့်အပြာစပ်ကြွေအိုး၊ တန်ဖိုး သုံးသန်း။
ယဲ့ချန်းက စစ်ဆေးရေးလုပ်ငန်းစဉ်ကို စတင်လိုက်သည်နှင့် ပစ္စည်းတစ်ခုချင်းစီ၏ တန်ဖိုးများက သူ့မျက်လုံးရှေ့တွင် ပေါ်လာခဲ့သည်။ သုံးမိနစ်အတွင်းမှာပင် အခန်းတစ်ခန်းလုံးရှိ ကြွေထည်ပစ္စည်းများအားလုံး၏ တန်ဖိုးကို စစ်ဆေးပြီးသွားလေပြီ။
တန်ဖိုးအကြီးဆုံးမှာ ကျန်းသယ်အဖြူနှင့်အပြာစပ်ကြွေအိုးပင်တည်း။
ယဲ့ချန်းက တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ ဟယ်စန်းက လှောင်ပြုံးပြုံးလျက် စားပွဲတွင် အေးအေးလူလူ လက်ဖက်ရည်သောက်နေသည်ကို မြင်လိုက်ရ၏။
တစ်ခုခုတော့မှားနေပြီ!
ဟယ်စန်းက အလွန်ကောက်ကျစ်သူပင်။ သူ့ဘက်က လောင်းကြေးထပ်ရဲသည်ဆိုလျှင် အနိုင်ရနိုင်ခြေများသောကြောင့်သာ ဖြစ်ရမည်။ ဤမျှလွယ်လွယ်ကူကူဖြင့် အနိုင်ရဖို့မှာ မဖြစ်နိုင်ပေ။
တစ်ခုခုတော့ မှားနေလေပြီ။
ထို့နောက် ယဲ့ချန်း ရုတ်ခြည်းပြုံးမိလိုက်သည်။
သူ့အကြည့်ကား ဟယ်စန်း၏လက်ထဲရှိ ကျီရှားမြေအိုးလက်ဖက်ရည်ခွက်ထံသို့ ကျရောက်သွားသည်။
ကျီရှားနဂါးပုံစံကျီရှားမြေအိုးလက်ဖက်ရည်ခွက် ၊ တန်းဖိုး ကိုးသန်းဝန်းကျင်။
ဆိုင်ထဲရှိ တန်ဖိုးအကြီးဆုံးရှေးဟောင်းပစ္စည်းမှာ ချင်းကန်ရှီနဂါးပုံစံကျီရှားမြေအိုးလက်ဖက်ရည်ခွက် ဖြစ်နေလေသည်။
ဤအဘိုးကြီးက ဤလက်ဖက်ရည်ခွက်ကို သူ့အသက်သွေးကြောအလား ခပ်တင်းတင်းဆုပ်ကိုင်ထားသည်မှာ မဆန်းတော့ပေ။
တော်တော်များများကတော့ သူ့ကို လက်ဖက်ရည်ကြိုက်သည်ဟုသာ ထင်ကြသည်။ သို့သော် တကယ်တမ်းတွင် ဤအရာမှာ သူ့ပိုင်ဆိုင်သမျှထဲတွင် တန်ဖိုးအရှိဆုံးပင်။
ယခုမူ အချိန်ပြည့်သွားလေပြီ။ ဟယ်စန်းကလည်း သရော်လိုက်၏။
"လူငယ်လေး..အချိန်ပြည့်ပြီ။ ငါ့ကိုပြောတော့။ ငါ့ဆိုင်ထဲက ဘယ်ရှေးဟောင်းပစ္စည်းက တန်ဖိုးအကြီးဆုံးလဲ"
ယဲ့ချန်း ကျန်းသယ်အပြာနှင့်အဖြူစပ်ကြွေအိုးနားသို့ လျှောက်သွားလိုက်သည်။ ဤသည်ကိုမြင်သော် ဟယ်စန်း၏နှုတ်ခမ်းထက်ဝယ် ကောက်ကျစ်သောအပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဒီကျန်းသယ်အပြာနဲ့အဖြူစပ်ကြွေအိုးက တော်တော်ကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ဒါက ခင်ဗျားဆိုင်ထဲက တန်ဖိုးအကြီးဆုံးပစ္စည်းမဟုတ်ဘူး"
ယဲ့ချန်း၏စကားကိုကြားသောအခါ ဟယ်စန်း၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။ ယဲ့ချန်းကမူ ဟယ်စန်းအနားသို့ လျှောက်လာချေသည်။ သူ့အကြည့်ကား ဟယ်စန်း၏လက်ထဲရှိ ကျီရှားလက်ဖက်ရည်ခွက်ထံသို့ စူးစူးစိုက်စိုက်ကြည့်နေလေသည်။
"တတိယဆရာ.. ခင်ဗျားရဲ့လက်ဖက်ရည်ခွက်ကို ကြည့်လို့ရမလား"
ဟယ်စန်း၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားလေတော့သည်။ လူတိုင်းလည်း ကြက်သေသေကုန်ကြသည်။
ဆိုင်ထဲသို့ရောက်လာသော လူတိုင်းမှာ ဟယ်စန်းက ကျီရှားလက်ဖက်ရည်ခွက်ကို အမြဲကိုင်ထားကြောင်း သတိထားမိကြသည်။ သို့သော် ထိုအရာမှာ ရတနာတစ်ခုဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
ယဲ့ချန်းက အသာအယာပြောလိုက်လေတော့သည်။
"တတိယဆရာ..ခင်ဗျားရဲ့ချင်းကန်ရှိနဂါးပုံစံကျီရှားမြေအိုးလက်ဖက်ရည်ခွက်ရဲ့တန်ဖိုးက ရှစ်သန်းနဲ့ကိုးသန်းကြားမှာရှိတယ်။ ဒီတော့ ဒါက ခင်ဗျားဆိုင်ထဲမှာရှိတဲ့ တန်ဖိုးအကြီးဆုံးရတနာပဲ"
ယဲ့ချန်း၏စကားကိုကြားသော် တတိယဆရာ၏မျက်နှာမှာ ရုတ်ခြည်းဖြူဖျော့သွားလေသည်။
ယဲ့ချန်းက သူ့ကျီရှားလက်ဖက်ရည်ခွက်၏တန်ဖိုးကို သိသွားလိမ့်မည်ဟု ဟယ်စန်း လုံးဝထင်မထားချေ။
လူတိုင်း၏အကြည့်က ဟယ်စန်းထံသို့ ရောက်သွားသည်။
"ဘုရားရေ.. တတိယဆရာက ဒီလက်ဖက်ရည်ခွက်ကို တစ်ချိန်လုံးကိုင်ထားတာလည်း မထူးဆန်းတော့ပါဘူး"
"လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက ချင်းကျန်ရှီနဂါးပုံစံကျီရှားမြေအိုးလက်ဖက်ရည်ခွက်ကို ရှစ်သန်းခြောက်သိန်းကိုးသောင်းနဲ့ လေလံတင်ခဲ့တာကို တတိယဆရာက ဝယ်သွားတယ်လို့ ကြားဖူးတယ်"
ဟယ်စန်း၏မျက်နှာမှာ ဖြူဖျော့သွားပြီး လက်များလည်း အတန်ငယ်တုန်ယင်နေလေတော့သည်။
လီရုန်ရုန်၏မျက်ဝန်းထဲတွင်မူ ထိတ်လန့်မှုတို့က အထင်းသားပင်။
"ယဲ့ချန်း ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ"
ဟယ်စန်း၏ တုန်ယင်နေသောလက်ကို ကြည့်ရင်း ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"တတိယဆရာ… ခင်ဗျား အလောင်းအစားကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား"
•••••••••••••••••
အပိုင်း ၂၃၇ - ကျောက်စိမ်းပြပွဲ
ဟယ်စန်း အံတင်းတင်းကြိတ်လိုက်မိသည်။ ယဲ့ချန်းနှင့် လီရုန်ရုန်တို့ နောက်မဆုတ်နိုင်အောင် အစောကပင် အိမ်နီးနားချင်းများကို လှမ်းခေါ်ထားသည်။ သို့သော် ထင်မှတ်မထားပါဘဲ ကိုယ်ဖော်ထားသည့်ဆေးကို ကိုယ် ပြန်သောက်မိသွားသည်။
ယဲ့ချန်းက သူ့ဆိုင်ထဲရှိ တန်ဖိုးအကြီးဆုံးရတနာကို တကယ်ရှာတွေ့ခဲ့သည်။ သူသာ မပေးပါက သူ့ဂုဏ်သတင်းကား ပျက်စီးလေတော့မည်။
ပေးလိုက်ပြန်လျှင်လည်း သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ပေးလိုက်ရသလိုပင်။
"ညီလေး ငါတို့ ဆွေးနွေးလို့ရမာလး။ ဒီဆရာ့ကို မျက်နှာသာနည်းနည်းလောက်ပေးပါဦး"
ယဲ့ချန်းက အေးတိအေးစက်လေသံဖြင့် သရော်လိုက်လေသည်။
"မျက်နှာသာပေးရမှာလား။ ကျွန်တော်နဲ့ခင်ဗျားက သိလို့လား။ ကျွန်တော်က ခင်ဗျားကို ဘာလို့ မျက်နှာသာပေးရမှာလဲ"
ဟယ်စန်း၏မျက်လုံးထဲတွင် ယုတ်မာကောက်ကျစ်လေဟန် အရိပ်အယောင်တစ်ခု ထင်ဟပ်နေလေသည်။
သူ့ကတိကို မည်သို့ဖျက်ရမလဲဆိုသည်ကို သူ တွေးနေမိသည်။ မည်သို့ပင်ဖြစ်စေ ဤကျီရှားလက်ဖက်ရည်ခွက်ကို လက်မလွှတ်နိုင်ပေ။
"ကောင်လေး.. မင်း သေချာစဉ်းစားသင့်တယ်နော်။ ဒီလမ်းမမှာ ငါ့ကို ဘယ်သူကများ မျက်နှာသာမပေးဘဲ နေရဲလို့လား"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဆောရီး.. ကျွန်တော်ကတော့ အဲဒီလိုလုပ်ချင်စိတ်မရှိဘူး။ ခင်ဗျားလုပ်ချင်ရင် ကျီရှားလက်ဖက်ရည်ခွက်ကို ရိုးရိုးသားသားထုတ်ပေးလိုက်။ မဟုတ်လို့ကတော့ ထောင်ပေါင်လမ်းပေါ်က ထွက်သွား"
ယဲ့ချန်း၏ စီးပိုးလေဟန်စကားများကို ကြားသောအခါ ဟယ်စန်း၏မျက်နှာကား တင်းမာသွားသည်။
"ကောင်လေး… မင်းက တယ်သတ္တိရှိတာပဲ။ မင်းကများ… မင်းက ငါ့ကို ထောင်ပေါင်လမ်းပေါ်က နှင်ထုတ်နိုင်မယ်များ ထင်နေတာလား"
ဟယ်စန်းက သုန်သုန်မှုန်မှုန်ဖြင့် ဆိုလာလေသည်။
"ဟယ်စန်း လောင်းကြေးကိုပေးပြီး ကိုယ့်အရှုံးကိုယ်လက်ခံလိုက်တော့။ အဲဒီကျီရှားလက်ဖက်ရည်ခွက်ကို ဥက္ကဋ္ဌယဲ့ကို ချက်ချင်းပေးလိုက်။ မဟုတ်လို့ကတော့ ထောင်ပေါင်လမ်းမပေါ်က ထွက်သွား"
ထိုအချိန်မှာပင် လူငယ်လေးတစ်ယောက်က အနားသို့ရောက်ချလာသည်။
"ဥက္ကဋ္ဌလီ ခင်ဗျား…"
လီခွင်းကိုမြင်သော် ဟယ်စန်းခမျာ ကြောင်အသွားချေသည်။
လီခွင်းဆိုသည်မှာ ထောင်ပေါင်လမ်းမ၏ မန်နေဂျာဖြစ်ပြီး သူတို့နှစ်ယောက်ကြားတွင် ဆက်ဆံရေးကောင်းရှိ၏။
သို့သော် ယနေ့တွင်မူ လီခွင်းက အပြင်လူတစ်ယောက်ကို မျက်နှာသာပေးနေလေသည်။
လီခွင်းက အေးတိအေးစက် ဆိုလာလေသည်။
"မစ္စတာယဲ့က ဘယ်သူလဲဆိုတာသိလား။ သူက ကျုပ်တို့ထောင်ပေါင်လမ်းမရဲ့ ဒုတိယရှယ်ယာအများဆုံးလူပဲ။ ခင်ဗျား ဘာဆက်လုပ်မလဲလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်"
လီခွင်း၏စကားများကိုကြားသောအခါ ဟယ်စန်းလည်း လုံးဝကြောင်အသွားသည်။
လတ်တလောတုန်းက ထောင်ပေါင်လမ်းမတွင် မစ္စတာယဲ့ဟုခေါ်သော ရတနာရာဖြတ်ကျွမ်းကျင်သူတစ်ယောက် ပေါ်လာကြောင်း သူ ကြားထားသည်။
ထောင်ပေါင်လမ်းမထက်ရှိ အကျော်ကြားဆုံးစတုတ္ထဆရာကိုယ်တိုင်ကိုပင် အနိုင်ယူခဲ့သည်ဟု သိရသည်။
ယခုမူ သူသည် ဤလူ့ကို စော်ကားမိသွားလေပြီ။
"ဒီတော့ သူက ဥက္ကဋ္ဌယဲ့ကိုး။ ကျွန်တော် ခင်ဗျားကို သတိမထားမိလိုက်ဘူး။ ကျွန်တော် အရှုံးကို လက်ခံပါတယ်။ ဒီကျီရှားလက်ဖက်ရည်ခွက်က ခင်ဗျားဟာပါပဲ"
ယဲ့ချန်း၏သရုပ်သကန်ကို ကြားလိုက်ရချိန်ဝယ် ဟယ်စန်းလည်း အကောက်မကြံရဲတော့ပေ။ စတုတ္ထဆရာကိုယ်တိုင်ပင် ယဲ့ချန်းကို အရှုံးပေးခဲ့ရသည်ဖြစ်ရာ သူကတော့ ပြောနေစရာပင် မလိုတော့ပါချေ။
ယဲ့ချန်းကို ဆန့်ကျင်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေသလိုပင်။
ယဲ့ချန်းနှင့် လီရုန်ရုန်တို့လည်း ကျီရှားလက်ဖက်ရည်ခွက်နှင့်အတူ ဟယ်စန်း၏ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။
လီရုန်ရုန် ရယ်မောလိုက်မိသည်။
"ရှင့်မျက်လုံးတွေက တကယ်ထက်ရှတာပဲ။ တန်ဖိုးအကြီးဆုံးရတနာက ဟယ်စန်းရဲ့လက်ထဲမှာ ရှိနေလိမ့်မယ်လို့ တစ်ယောက်မှ ထင်မထားဘူး"
"ကိုယ့်ကောင်မလေးကို ရိုက်စားလာလုပ်ရဲတာက သူလေ။ သူနဲ့တန်ပါတယ်"
"ဟေး.. ကျွန်မက ဘယ်တုန်းက ရှင့်ကောင်မလေးဖြစ်သွားတာလဲ"
လီရုန်ရုန်က အထွန့်တက်လေသည်။
ယဲ့ချန်းကတော့ တဟားဟားအော်ရယ်လိုက်၏။
"အနှေးနဲ့အမြန် ဖြစ်လာမှာပါ"
လီရုန်ရုန်က ယဲ့ချန်းအား ချိုသာစွာပြုံးပြလိုက်သည်။
"အဲဒါကတော့ ရှင့်မှာ အစွမ်းအစရှိမရှိအပေါ် မူတည်တာပဲ"
သူတို့နှစ်ယောက်သားမှာ စကားတပြောပြောဖြင့် ထောင်ပေါင်လမ်းမထက်ရှိ ရှေးဟောင်းပုံစံ အဆောက်အအုံတစ်ခုရှေ့သို့ ရောက်လာသည်။ ထိုအဆောက်အအုံပေါ်တွင် ကျောက်စိမ်းပြခန်းဟု စာလုံးကြီးသုံးလုံးဖြင့် ရေးသားထားသည်။
လီရုန်ရုန်က ရှင်းပြလိုက်၏။
"ဒီကျောက်စိမ်းပြခန်းက မိုတုမြို့မှာ အကြီးဆုံးကျောက်စိမ်းအရောင်းခန်းမလေ။ ပထမထပ်မှာ အချောသတ်ထားတဲ့ကျောက်စိမ်းထည်တွေရှိပြီး ဒုတိယထပ်မှာတော့ ကျောက်ရိုင်းတုံးတွေရောင်းတယ်"
ယဲ့ချန်းလည်း လီရုန်ရုန်နှင့်အတူ ဒုတိယထပ်သို့ လိုက်သွားလိုက်၏။ ကျောက်စိမ်းပြပွဲရှိသောကြောင့် ကျောက်စိမ်းပြခန်းကား ယနေ့တွင် လူစည်ကားနေချေသည်။
ဤတစ်ခေါက်တွင် ကျောက်စိမ်းပြပွဲကျင်းပရန်အတွက် ကျောက်စိမ်းပြခန်းပိုင်ရှင်က မြန်မာနိုင်ငံနှင့် ယွင်စီရင်စုမှ ကျောက်ရိုင်းတုံးများကို ပမာဏအမြောက်အများဝယ်ယူထားသည်။
ယဲ့ချန်းနှင့် လီရုန်ရုန်တို့ အပေါ်ထပ်သို့ တက်သွားချိန်မှာ အနီရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသော အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်က ကြောင်တစ်ကောင်အလား လွှားခနဲ လျှောက်လာလေသည်။
အစတုန်းကတော့ တစ်ဖက်လူကို အမျိုးသမီးတစ်ယောက်ဟု ယဲ့ချန်း ထင်လိုက်မိသည်။ သို့သော် သူ့ပါးစပ်ဟလိုက်ချိန်မှာမူ ယဲ့ချန်း အံ့ဩမှင်တက်သွားရသည်။
"ရုန်ရုန်.. မင်းလည်း ကျောက်စိမ်းပြပွဲကို လာတာလား"
လက်စသတ်တော ဤလူမှာ ယောကျ်ားတစ်ယောက်ပင်။
ထိုလူငယ်ကို မြင်သောအခါ လီရုန်ရုန်လည်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။ ချန်းယွီက မိုတုမြို့ထဲရှိ ကျောက်စိမ်းပညာရှင်တစ်ဦးပင်။
လွန်ခဲ့သည့်နှစ်များအတွင်း ချန်းယွီမှာ လီရုန်ရုန့်ကို စိတ်ဝင်စားနေခဲ့သော်ငြား လီရုန်ရုန်ကတော့ ချန်းယွီကို လုံးဝစိတ်မဝင်စားပေ။
အဓိကအကြောင်းပြချက်မှာမူ ချန်းယွီက ကျောက်စိမ်းရောင်းဝယ်ရာတွင် ထူးချွန်သည့်တိုင် အလွန်မိန်းမဆန်လှသောကြောင့်ပင်။ ချန်းယွီ စကားပြောလိုက်ချိန်တိုင်း တစ်ဖက်လူကို ကြက်သီးထသွားစေသည်။
"သူဌေးချန်း.. ဒီတစ်ခေါက် ကျောက်စိမ်းပြပွဲမှာ လေလံတင်ဖို့အတွက် ကျောက်စိမ်းတွေအများကြီး ယူလာတယ်လို့ ကြားထားတယ်။ အဲဒါကြောင့် ကျွန်မ လာကြည့်ကြည့်တာ"
ချန်းယွီဘက်က နှုတ်ဆက်နေသည်ဖြစ်ရာ ပြန်မနှုတ်ဆက်ပါက လီရုန်ရုန့်ဘက်က မလေးစားရာကျပေသည်။
ချန်းယွီကမူ ပါးစပ်ကိုအုပ်ထားရင်း ရယ်လိုက်သည်။
"ဟားဟားဟား… ဒီတစ်ခေါက် မင်းကံကောင်းတယ်နော်။ ကျောက်စိမ်းပြခန်းက ဒီတစ်ခေါက် ပစ္စည်းကောင်းတွေအများကြီး ယူလာတယ်တဲ့။ ကိုယ် မင်းကို နည်းနည်းရွေးရအောင် ခေါ်သွားပေးမယ်လေ"
ချန်းယွီ၏အပြုအမူကိုကြည့်၍ ယဲ့ချန်းမှာ အန်ချင်စိတ်ပင် ပေါက်သည်။
ဘုရားရေ..ယောကျ်ားတစ်ယောက်က ဘယ်လိုလုပ်ပြီး တအားမိန်းမဆန်နေရတာလဲ?
လီရုန်ရုန်နှင့် ယဲ့ချန်းတို့၏ခံစားချက်များမှာ ထပ်တူကျနေပေသည်။
"ဥက္ကဋ္ဌချန်း.. ရှင်လုပ်စရာရှိတာ ဆက်လုပ်နှင့်ပါ။ ကျွန်မနဲ့ ကျွန်မမိတ်ဆွေကတော့ ပတ်ကြည့်လိုက်ဦးမယ်"
ထိုအခါမှသာ ချန်းယွီက လီရုန်ရုန့်ဘေးနားရှိ ယဲ့ချန်းဘက်သို့ လှည့်ကြည့်လာသည်။ သူ့ပုံစံမှာ ချက်ချင်းဆိုသလို သံပုရာသီးစားလိုက်ရသလို ဖြစ်သွားသည်။
"အမလေး ရုန်ရုန်.. ဒီလူချောလေးက ဘယ်သူလဲ။ သူက မင်းရဲ့အပျော်ရည်းစားလေးများလား"
ဤစကားလုံးများမှာ ချဉ်စူးပြီး နားထောင်ရအဆင်မပြေလှပေ။
ယဲ့ချန်းက သူ့အဆင့်ကို နှိမ့်ချဖို့ မစီစဉ်ထားပေ။ သို့သော် ဤလူက သူ့အား အပျော်ရည်းစားဟု ခေါ်ရဲသည်ဖြစ်ရာ သူ့အနေနှင့် ထိုအရာကို သည်းမခံနိုင်ပေ။
"မင်းက ဘယ်သူ့ကို အပျော်ရည်းစားလို့ လာပြောနေတာလဲ။ ယောကျ်ားလိုလို မိန်းမလိုလိုနဲ့ကောင်ရ.. ငါက ကိုယ့်အရည်အချင်းနဲ့ကိုယ် မိန်းမတွေကိုရှာတာကွ"
ချန်းယွီက မိန်းမဆန်သောအမူအရာမျိုး ရှိသော်ငြား သူ့ကို မိန်းမဆန်သည်ဟု ပြောလာခြင်းကို အမုန်းဆုံးပင်။
"ချာတိတ်.. မင်က ငါ့ကို မိန်းမဆန်တယ်လို့ ပြောရဲတယ်ပေါ့။ ပြဿနာရှာချင်တာလား"
"ချန်းယွီ.. ယဲ့ချန်းက ကျွန်မမိတ်ဆွေနော်။ ရှင် သူ့ကိုထိရဲလို့ကတော့ ကျွန်မလည်း ရှင့်ကို ကမ္ဘာမကျေဘူးသာမှတ်"
လီရုန်ရုန်က ဒေါသတကြီးဝင်ပြောလိုက်သည်။
ချန်းယွီမှာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ လီရုန်ရုန့်ကို လိုက်ပိုးချင်နေဆဲပင်။ ထို့ကြောင့် နေရခက်သော အခြေအနေမျိုးဖြစ်အောင် မဖန်တီးချင်ပေ။
သူက ယဲ့ချန်းကို မကျေနပ်လေဟန်ဖြင့် ကြည့်နေချေသည်။
"ချာတိတ် နေနှင့်ဦးပေါ့"
ယဲ့ချန်းကမူ လှောင်ပြုံးပြုံးလျက် လီရုန်ရုန်၏လက်ကို တမင်ဆုပ်ကိုင်၍ ကျောက်စိမ်းပြပွဲထဲသို့ ဝင်သွားလေတော့သည်။
လီရုန်ရုန်မှာမူ ရှက်သွေးဖြာသွားသော်လည်း မငြင်းဆန်ခဲ့ပေ။
သူတို့နောက်ရှိ ချန်းယွီ၏မျက်နှာကတော့ အလွန်သုန်မှုန်နေသဖြင့် ရေပင် ထွက်ကျတော့မတတ်ပင်။
လီခွင်းက ဘေးနားမှ တီးတိုးပြောလိုက်၏။
"ချန်းယွီ မစ္စတာယဲ့က မင်း သွားရှုပ်လို့ရတဲ့လူတစ်ယောက်မဟုတ်ဘူး။ ဘာအကြံအစည်မှ မထားတာ အကောင်းဆုံးပဲ"
ချန်းယွီမှာ အေးတိအေးစက်သရော်လိုက်လေသည်။
"ဟမ့်! သူ့လုပ်ပုံကို ကြည့်ဦးလေ။ ဒီနေ့ ကျွန်တော်တို့… ဒီသခင်လေးက ကျောက်စိမ်းလောကမှာ ဘယ်သူက တကယ့်ဆရာကြီးလဲဆိုတာ သိအောင်ပြပေးမယ်"
လီခွင်း : "…"
ချန်းယွီတော့ ယနေ့ ကံဆိုးမိုးမှောင်ကျတော့မည်ဟု သူအာရုံရနေသည်။
ယဲ့ချန်းနှင့် လီရုန်ရုန်တို့ကတော့ ကျောက်စိမ်းအရိုင်းတုံးရှိရာသို့ လျှောက်လာခဲ့ကြသည်။ ထိုအချိန်မှာပင် ခေါင်းလောင်းသံမြည်လာပြီး ကျောက်စိမ်းအရိုင်းတုံးလေလံပွဲကို စတင်လေတော့သည်။
ယဲ့ချန်းနှင့် လီရုန်ရုန်တို့လည်း လေလံပွဲခန်းမထဲသို့ ဝင်သွားလိုက်၏။ မလှမ်းမကမ်းတွင်မူ ချန်းယွီကလည်း သုန်မှုန်နေသောမျက်နှာထားဖြင့် အထဲသို့ ဝင်လာခဲ့သည်။
အထဲရှိ စားပွဲပေါ်တွင် ကျောက်စိမ်းအရိုင်းတုံးကြီးတစ်တုံး ရှိနေပေသည်။
လေလံတင်သူက ပြုံးစစဖြင့် ပြောလိုက်လေသည်။
"ဒါက ဒီနေ့အတွက် နောက်ဆုံးကျောက်စိမ်းအရိုင်းတုံးပါ။ တန်ဖိုးအကြီးဆုံးဆိုလည်း ဟုတ်ပါတယ်။ ကြမ်းခင်းဈေးကတော့ သုံးသန်းပါ"
ချန်းယွီက ယဲ့ချန်းကို လှမ်းကြည့်၍ လှောင်ပြော်သရော်လေဟန်ဖြင့် ပြောလိုက်၏။
"ချာတိတ်.. ဒီကျောက်စိမ်းအရိုင်းတုံးက သုံးသန်းတည်းရှိတာ။ မင်း တစ်ပွဲလောက်နွှဲရဲလား"
ယဲ့ချန်းကလည်း ထိုကျောက်စိမ်းအရိုင်းတုံးကို လှမ်းကြည့်လိုက်သည်။
[တင်! တုရှီစွမ်းရည်ကို အသက်သွင်းပြီးပါပြီ]
ယဲ့ချန်း၏မျက်လုံးထဲတွင် အရောင်လက်နေသော ရွှေရောင်ဖျော့ဖျော့လေးကို မည်သူမှ သတိမထားမိပေ။ သူသည် ထိုကျောက်စိမ်းအရိုင်းတုံး၏အတွင်းပိုင်းကို ဖောက်မြင်နေရလေသည်။
ဝိုး မိုက်လိုက်တာ!
မကြာခင်မှာပင် ယဲ့ချန်းလည်း သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ့နှုတ်ခမ်းထက်တွင်မူ အပြုံးခပ်ဖျော့ဖျော့တစ်ပွင့် ရှိနေသည်။
"ကောင်းပြီလေ။ မင်းက တစ်ပွဲနွှဲချင်နေမှတော့ ငါလည်း အဖော်လုပ်ပေးရသေးတာပေါ့"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လက်မြှောက်လိုက်သည်။
"သုံးသန်း"
တင်ဆက်သူကလည်း ပြုံးလိုက်သည်။
"မစ္စတာယဲ့က သုံးသန်း လေလံတင်ထားပါတယ်"
ချန်းယွီက နှာခေါင်းရှုံလျက် သရော်လိုက်၏။
"ငမွဲ… တစ်ပြားလေးတောင်မတိုးဘဲ ကျောက်စိမ်းတုံးကို လိုချင်နေတယ်"
မကြာခင်မှာပင် လူတစ်ယောက်က လေလံဆွဲလာချေသည်။ ဈေးနှုန်းမှာမူ ခြောက်သန်းအထိ လျင်မြန်စွာမြင့်တက်သွားသည်။
ချန်းယွီလည်း လီရုန်ရုန့်ကို လှမ်းကြည့်လိုက်သည်။
"ရုန်ရုန်.. သူဌေးလက်သစ်နဲ့ တကယ့်လူကုံထံအစစ်ကြားမှာ ဘာကွာလဲဆိုတာ ကိုယ် မင်းကို ပြမယ်။ ကိုယ်တော့ ဒီကျောက်စိမ်းတုံးကို အရယူဖို့ ဆုံးဖြတ်ထားပြီးပြီ"
ဤသို့ပြောပြီးနောက် ချန်းယွီက သူ့လေလံဘုတ်ကို မြှောက်လိုက်လေသည်။
"ကျွန်တော် ရှစ်သန်းနဲ့ လေလံဆွဲမယ်"
•••••••••••••••••