အခန်း (၂၃၈−၂၄၀)
Vol. 16 Ch. 238-240
အပိုင်း ၂၃၈ : ကျွန်တော် ခံစားမိတယ်
ချန်းယွီက လေလံဘုတ်ပြားကို မြှောက်ထားရင်း ဘဝင်ခိုက်လေဟန်အမူအရာဖြင့် ယဲ့ချန်းကို ကြည့်နေသည်။
"ငမွဲ.. ရှစ်သန်းကို ဆက်လိုက်ရဲလား"
ယဲ့ချန်းကမူ ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။
"ဆယ်သန်း"
လက်ရှိအချိန်မှာ ကျောက်စိမ်းအရိုင်းတုံး၏လောင်းကြေးက ဆယ်သန်းအထိ ရောက်သွားပြီဖြစ်ရာ မည်သူကမှ ဈေးပြိုင်မပေးရဲတော့ပေ။
ယဲ့ချန်းက ချန်းယွီကို ကြည့်လိုက်သည်။
"ဘာလဲ။ သခင်လေးချန်းက ဒီကျောက်စိမ်းတုံးကို သေချာပေါက်ရအောင်ယူမယ်လို့ ပြောထားတာမဟုတ်ဘူးလား။ လက်လျှော့တာလည်း မြန်လိုက်တာ"
ချန်းယွီမှာ အံတင်းတင်းကြိတ်လိုက်လေသည်။
"လက်လျှော့မယ် ဟုတ်လား။ လက်လျှော့တဲ့လူက မြေးပဲ"
စကားဆုံးသည်နှင့် ချန်းယွီက လေလံဆိုင်းဘုတ်ကို ထပ်မြှောက်လိုက်ပြန်သည်။
"ဆယ့်နှစ်သန်း"
လူအုပ်ကြီးကား အုတ်အော်သောင်းတင်းဖြစ်သွားသည်။
ဤကျောက်စိမ်းတုံးက ရေခဲသားထွက်နိုင်ခြေရှိသော်လည်း ဆယ့်နှစ်သန်းကတော့ အန္တရာယ်များလွန်းသည်။
ကျောက်ရိုင်းတုံး၏ အသားနှင့်အရောင်က မဆိုးသော်လည်း ထိပ်တန်းအဆင့်ကျောက်စိမ်း ထွက်ရှိနိုင်ခြေမှာ ၃၀ရာခိုင်နှုန်းလောက်သာ ရှိ၏။
ယဲ့ချန်းက လက်ခုပ်တီးလိုက်သည်။
"အရမ်းမိုက်တယ်။ ရှားပါးတဲ့ ကျောက်စိမ်းအရိုင်းတုံးကို ပိုင်ဆိုင်သွားတဲ့ မိန်းကလေးချန်းကို ဂုဏ်ပြုပါတယ်ဗျာ"
"မိန်းကလေး ဟုတ်လား"
ယဲ့ချန်း၏စကားကို ကြားသောအခါ ချန်းယွီ၏မျက်နှာကား ဒေါသကြောင့် မည်းမှောင်သွားလေသည်။ ထို့နောက် သူက ဘဝင်ခိုက်လေဟန် မျက်နှာထားဖြင့် ပြောလိုက်၏။
"ရုန်ရုန် မင်းသာ ကိုယ့်ချစ်သူဖြစ်ပေးမယ်ဆိုရင် ဒီဆယ့်နှစ်သန်းတန်ကျောက်ရိုင်းတုံးက မင်းအပိုင်ပဲ"
ယဲ့ချန်းကတော့ ရုတ်တရက်ရယ်မောလိုက်သည်။
"ရုန်ရုန်က ကျောက်စိမ်းအရိုင်းတုံးလိုချင်တာလား။ ဒီအစ်ကိုကြီးက ဝယ်ပေးမှာပေါ့။ အခုချက်ချင်း သွားရွေးကြမယ်လေ"
ချန်းယွီလည်း ယဲ့ချန်က လီရုန်ရုန့်အတွက် ဘယ်လိုကျောက်စိမ်းအရိုင်းတုံးမျိုး ရွေးပေးမလဲဆိုသည်ကို သိချင်လှသောကြောင့် ဘေးနားက ကပ်လိုက်လာသည်။
ယဲ့ချန်းနှင့် လီရုန်ရုန်တို့က ကျောက်စိမ်းလောင်းကစားဝင်းထဲသို့ ဝင်လာခဲ့ကြသည်။
လမ်းလျှောက်နေရင်း ယဲ့ချန်းက ဘေးပတ်ပတ်လည်ရှိ ကျောက်တုံးများကို အကဲခတ်နေသည်။
ဤကျောက်တုံးများ၏အထဲရှိ အရာအားလုံးကို ယဲ့ချန်း အကုန်မြင်နေရသည်။
ဤနေရာမှာ ကျောက်စိမ်းအရိုင်းတုံးအများကြီး ရှိသော်ငြား အများစုက အသုံးမဝင်သည့် ကျောက်များဖြစ်ပြီး အနည်းငယ်လောက်ကသာ အစိမ်းရောင်သန်းနိုင်မည့် အလားအလာရှိ၏။
ရုတ်တရက်ဆိုသလို ယဲ့ချန်း၏အကြည့်က ကျောက်ရိုင်းတုံးတစ်တုံးဆီသို့ ရောက်သွားသည်။
သူလည်း ထိုအနားသို့ လျှောက်သွားပြီး ကျောက်တုံးကို ကောက်ယူလိုက်သည်။
ဘေးနားရှိ ချန်းယွီ၏လှောင်ပြောင်သံက ချက်ချင်းထွက်ပေါ်လာသည်။
"အမလေး.. ရုန်ရုန့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ကျောက်ရိုင်းတုံးမျိုးပေးမယ်လို့ ထင်နေတာ။ ကြည့်စမ်းပါဦး။ ဒါက အဆင့်Dဧရိယာလေ။ ဒီကျောက်ရိုင်းတုံးတွေက တစ်တုံးမှ သုံးထောင်ပဲရှိတာ။ ယဲ့ချန်း..မင်းက တကယ်ရက်ရောတာပဲ"
ယဲ့ချန်းကောက်ယူလိုက်သည့် ကျောက်စိမ်းအရိုင်းတုံးကို မြင်သော် လီရုန်ရုန်လည်း မျက်မှောင်ကြုတ်လိုက်သည်။
လီရုန်ရုန်လည်း ကျောက်ရိုင်းတုံးများအကြောင်း အနည်းငယ်နားလည်သည်။
ထိုကျောက်တုံးမှာ အက်ရာများဖြင့် ပြည့်နှက်နေပြီး တစ်ချက်ကြည့်လိုက်သည်နှင့် အသုံးမဝင်သောကျောက်မှန်း သိသာလှ၏။
"ယဲ့ချန်း.. ရှင် ကျောက်ရိုင်းတုံးတွေအကြောင်း နားမလည်ဘူးထင်တယ်။ ဒီကျောက်က အက်ရာတွေ အရမ်းများတယ်။ အသုံးမဝင်တဲ့ကျောက်ရိုင်းတုံး ဖြစ်ဖို့များတယ်"
“ရုန်ရုန်.. ကိုယ် မင်းကို အသုံးမဝင်တဲ့ကျောက်ရိုင်းတုံးမျိုး ပေးရင်တောင် မင်းသဘောကျမှာမလား"
ယဲ့ချန်းက လီရုန်ရုန်ကို ချစ်ခင်မြတ်နိုးစွာကြည့်ပြီး မေးလိုက်သည်။
ယဲ့ချန်း၏အကြည့်ကို မြင်သောအခါ လီရုန်ရုန်ခမျာ ရှက်သွေးဖြာသွားပြီး ခေါင်းကို အားပါးတရညိတ်ပြလိုက်သည်။
ဘေးနားရှိ ချန်းယွီမှာမူ ရူးတော့မတတ်ပင်။
အစောတုန်းက သူ ကျောက်ရိုင်းတုံးတစ်တုံးအတွက် ဆယ့်နှစ်သန်းသုံးခဲ့သည့်တိုင် လီရုန်ရုန်ကတော့ တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ပေ။
သို့သော် သုံးထောင်တန်ကျောက်တုံးလေးကိုမူ ရတနာတစ်ပါးနှယ် သဘောထားနေသည်။
ယဲ့ချန်းက ချန်းယွီကို တစ်ချက်ကြည့်လိုက်၏။
"ဒီခွေးစာက တော်တော်အရသာရှိတယ်မလား"
"မင်း… လူယုတ်မာ... မင်းရဲ့ကျောက်တုံးမှာ ကျောက်မှော်လည်း မပါဘူး။ အစိမ်းရောင်ထွက်မှာ မဟုတ်ဘူး။ ပြီးတော့ အက်ရာတွေချည်းပဲ။ ဒီအရည်အသွေးမျိုးနဲ့ ကျောက်စိမ်းထွက်လာရင်တောင် အံ့ဩနေရဦးမှာ"
ချန်းယွီက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။
ယဲ့ချန်းကမူ ပြုံးရုံသာပြုံးလိုက်သည်။
"ကျောက်တုံးကို ခွဲမကြည့်ရသေးဘူးလေ။ ကျောက်စိမ်းမထွက်ဘူးလို့ ဘယ်သူက အတပ်ပြောနိုင်မှာလဲ"
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လီခွင်းနှင့်အတူ လျှောက်လာသည်။
"ဥက္ကဋ္ဌယဲ့. ခင်ဗျားနာမည်ကို ကြားဖူးနေတာကြာပြီ။ ဒီနေ့ ဒီမှာ ဆုံရလိမ့်မယ်လို့ မထင်ထားဘူးဗျာ"
လီခွင်းက မိတ်ဆက်ပေးလိုက်သည်။
"ဥက္ကဋ္ဌယဲ့ ဒါက ကျောက်စိမ်းပြခန်းပိုင်ရှင် သူဌေးလုဝေ့တဲ့"
"သူဌေးလု တွေ့ရတာဝမ်းသာပါတယ်"
ယဲ့ချန်းက သူ့ကို ပြုံးပြ၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။
လုဝေ့က ယဲ့ချန်းအား နှုတ်ဆက်နေတာကို မြင်သောအခါ ချန်းယွီ ခဏမျှကြောင်အသွားသည်။
လုဝေ့ဆိုသည်မှာ မည်သူနည်း။ မိုတုမြို့၏ ကျောက်စိမ်းဘုရင်ပင်။ သူက ယဲ့ချန်းကို ဘယ်လိုလုပ်သိနေလေသလဲ။
ထို့နောက် လုဝေ့က ယဲ့ချန်း၏လက်ထဲရှိ ကျောက်ရိုင်းတုံးကို မြင်သွားသည်။
"မစ္စတာယဲ့ကလည်း ကျောက်စိမ်းကို စိတ်ဝင်စားတာလား"
ယဲ့ချန်းက ရယ်မောလိုက်ချေသည်။
"အပျော်သက်သက် လျှောက်ရွေးကြည့်တာပါ"
ဘေးနားရှိ ချန်းယွီကမူ မနေနိုင်တော့ဘဲ လှောင်ပြောင်လေတော့သည်။
"သူက ဒီသုံးထောင်တန်ကျောက်တုံးကို မိန်းကလေးလီကို ပေးနေတာလေ။ ဟားဟား..မိန်းကလေးတစ်ယောက်ကို လက်ဆောင်ပေးတာတောင် ဒီလိုကျောက်တုံးမျိုး ပေးရတယ်လို့။ ဆင်းရဲသားတွေပဲ ဒီလိုလုပ်မှာ"
ချန်းယွီ၏စကားကို ကြားသောအခါ လုဝေ့၏ အကြည့်များမှာ အေးစက်သွားသည်။
"ချန်းယွီ..မစ္စတာယဲ့က ငါ့ဧည့်သည်နော်။ မင်း စည်းကျော်ပြီး ရိုင်းရိုင်းစိုင်းစိုင်းထပ်ပြောရဲရင် မင်းအဖေမျက်နှာကို မထောက်ဘဲ မောင်းထုတ်တယ်ဆိုပြီး ငါ့ကို အပြစ်လာမတင်နဲ့"
"ခင်ဗျား…"
ချန်းယွီ ဆွံ့အသွားရသည်။
ဒီလူက ဘယ်သူမို့လို့လဲ။ လုဝေ့က သူ့ကိုမျက်နှာလုပ်ဖို့အတွက် ငါ့ကိုတောင် စော်ကားနေတာတဲ့။
ယခုမူ ချန်ယွီလည်း ယဲ့ချန်း၏အဆင့်အတန်းက သာမန်မဟုတ်မှန်း ရိပ်မိလာပြီဖြစ်သော်လည်း ချစ်သူကောင်မလေးကို သုံးထောင်တန်ကျောက်တုံး ဝယ်ပေးနေသည့် ယဲ့ချန်း၏အဖြစ်ကို တွေးမိချိန်ဝယ် ဤလူက အထင်ကြီးလောက်စရာပုဂ္ဂိုလ်တော့ မဟုတ်လောက်ဘူးဟု ထင်နေမိဆဲပင်။
“ဟွန့်.. မင်း ဘယ်လောက်ကြွားနိုင်ဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့။ ခဏနေရင် မင်းကို အရှက်ကွဲအောင် လုပ်ပြမယ်"
ချန်းယွီ အံတင်းတင်းကြိတ်လိုက်သည်။
လုဝေ့က ထိုကျောက်တုံးကိုယူပြီး ခဏလောက်စစ်ဆေးကြည့်လိုက်သည်။
"မစ္စတာယဲ့..ကျွန်တော် ခင်ဗျားကို တခြားတစ်တုံး လက်ဆောင်ပေးပါရစေ။ ဒီတစ်တုံးက တကယ့်ကို မကောင်းဘူးဗျ"
ယဲ့ချန်း ခေါင်းခါပြလိုက်သည်။
"မပြောနိုင်ဘူးလေ။ ကျွန်တော့်ကံက အမြဲကောင်းတတ်တယ်။ ရေခဲသားကျောက်စိမ်းဖြစ်လာမလားဆိုတာ ဘယ်သူသိမှာလဲ"
ယဲ့ချန်း၏စကားကို ကြားလိုက်ရချိန်မှာ ချန်းယွီလည်း အားပါးတရရယ်မောလိုက်မိသည်။
"ချာတိတ် မင်း အိပ်မက်မက်နေတာလား။ မင်းရဲ့ကျောက်တုံးကသာ ရေခဲသားဖြစ်လာရင် ဝက်တွေလည်း သစ်ပင်တက်တတ်နေလောက်ပြီ”
လုဝေ့လည်း ခေါင်းတခါခါလုပ်လိုက်သည်။
"မစ္စတာယဲ့..ခင်ဗျား ကျောက်စိမ်းကံစမ်းတဲ့အကြောင်း နားမလည်ဘူးထင်တယ်။ ခင်ဗျားရဲ့ကျောက်ရိုင်းတုံးရဲ့အခွံမှာ ကျောက်မှော်မပါဘူး။ ပြီးတော့ ကြည့်ပါဦး။ မျက်နှာပြင်မှာလည်း အက်ရာတွေ ဒီလောက်များနေတာ။ အသုံးမဝင်တဲ့ကျောက်ဖြစ်ဖို့ သေချာသလောက်ပဲ"
ယဲ့ချန်းက ညင်သာစွာပြုံးလိုက်၏။
"ကျွန်တော် ကျွန်တော့်ကံကို ယုံတယ်။ ဥက္ကဋ္ဌလု ခွဲကြည့်ပေးပါ"
လုဝေ့ ခေါင်းခါလိုက်မိသည်။ သူသည် မကြာသေးမီကပင် စီးပွားရေးလုပ်ငန်းရှင် အတော်များများက ယဲ့ချန်းအကြောင်း ပြောနေကြသည်ကို ကြားဖူးထားသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်နေသူ၊ ချမ်းသာကြွယ်ဝသူ၊ ရင့်ကျက်တည်ငြိမ်သူ စသဖြင့်ပင်။
ယနေ့တွေ့ရသလောက်တော့ လူတွေပြောသလောက်လည်း မဟုတ်ပေ။
သို့သော် ယဲ့ချန်း၏ဘဝက ဖြောင့်ဖြူးလွန်းသောကြောင့် နည်းနည်းဘဝင်မြင့်နေတာလည်း ဖြစ်နိုင်သည်။ အဆင်မပြေမှုတချို့နှင့် ကြုံတွေ့လိုက်ရခြင်းမှာ သူ့အတွက် အကျိုးရှိသွားနိုင်သည်။
လုဝေ့မှာ ပြုံးလျက် မေးလိုက်သည်။
"ဥက္ကဋ္ဌယဲ့..ဘယ်လိုပုံစံမျိုးခွဲချင်လဲ"
ယဲ့ချန်းက ဆော့ပင်ကိုယူပြီး ပြောလိုက်၏။
"ဒီမျဉ်းသုံးကြောင်းအတိုင်းသာ ခွဲပေးပါ"
လုဝေ့ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျောက်ရိုင်းတုံးကျွမ်းကျင်သူကို ကျောက်တုံးပေးလိုက်သည်။
"မစ္စတာယဲ့ပြောတဲ့အတိုင်း ခွဲပေးလိုက်"
ထိုအချိန်တွင် ကျောက်စိမ်းဖြန့်ချီသည့် ကုန်သည်အများအပြားက စောင့်ကြည့်ရေးဧရိယာထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေကြသည်။
သူတို့က ကျောက်ကောင်းတစ်ခုခု ထွက်လာမည့်အချိန်ကို စောင့်နေကြခြင်းပင်။
ဤနည်းလမ်းက ကိုယ်တိုင်ကျောက်ရိုင်းတုံးရွေးခြင်းထက် ပိုစိတ်ချရသည်။
တကယ်တမ်းတွင် သူတို့ မျက်စိကျနေကြသည်မှာ ချန်းယွီ၏ကျောက်ရိုင်းတုံးပင်။
ယဲ့ချန်း၏ သုံးထောင်တန်ကျောက်တုံးကိုတော့ ရယ်စရာတစ်ခုဟုသာ သဘောထားကြသည်။
သုံးထောင်တန်ကျောက်ရိုင်းတုံးမှ ကျောက်စိမ်းထွက်နိုင်ခြေ အလွန်နည်းပါးသည်။ ထို့ပြင် ဤသည်မှာ အပြစ်အနာအဆာများသော ကျောက်ရိုင်းတုံးဖြစ်နေချေသည်။
ကျောက်ရိုင်းတုံးပညာရှင်က ထိုကျောက်တုံးကို စတင်ဖြတ်တောက်လိုက်သည်။
လူတိုင်း၏အကြည့်က ယဲ့ချန်း၏ကျောက်တုံးဆီသို့ ရောက်နေကြသည်။
"ဇစ်..."
မကြာခင်မှာပင် ထိုကျောက်ရိုင်းတုံးကား ကွဲထွက်သွားသည်။ ရလဒ်ကတော့ မီးခိုးရောင်ကျောက်သားပင်။
လူတိုင်း တိတ်တိတ်လေး ခေါင်းခါယမ်းလိုက်ကြသည်။
ထင်ထားသည့်အတိုင်း အသုံးမဝင်သော ကျောက်တစ်တုံးပင်။
လုဝေ့ကလည်း ရလဒ်ကို ကြိုသိနေသည့်ပုံစံဖြင့် ရယ်မောလိုက်သည်။
"ဥက္ကဋ္ဌယဲ့..ကျောက်စိမ်းကံစမ်းတယ်ဆိုတာ ဒီလိုပါပဲ။ စိတ်မပျက်ပါနဲ့။ နောက်မှ ကျွန်တော် ခင်ဗျားကို ကျောက်ရိုင်းတုံး ဘယ်လိုရွေးရမလဲဆိုတာ သင်ပေးပါ့မယ်"
ယဲ့ချန်းက ထိုကျောက်တုံးကို ပြန်ကောက်ယူပြီး ဆော့ပင်ဖြင့် မျဉ်းတစ်ကြောင်းဆွဲလိုက်ပြန်သည်။
"ဒီတစ်ခါ ဒီနေရာကနေ ခွဲပေးပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ကုန်သည်တချို့မှာ စိတ်မရှည်တော့ပေ။
"ကိုယ့်လူ..အဲ့ဒါက အသုံးမဝင်တဲ့ကျောက်ပါကွာ။ သူများရဲ့အချိန်ကို မဖြုန်းပါနဲ့တော့လား"
"ဟုတ်ပါ့။ သုံးထောင်တန်ကျောက်လေးတစ်တုံးနဲ့ အလုပ်လာရှုပ်နေတယ်"
လူအုပ်ကြီး၏ပြောဆိုသံများကို နားထောင်ရင်း ချန်းယွီ၏မျက်နှာထက်တွင် ကျေနပ်အားရနေသော အမူအရာတစ်ခု ပေါ်လာသည်။
ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံးလိုက်၏။
"ကျွန်တော့်စိတ်ထဲမှာ ခံစားမိနေတယ်။ ဒီနေရာကနေ ခွဲလိုက်ရင် သေချာပေါက် အစိမ်းရောင်ထွက်လာလိမ့်မယ်"
•••••••••••••••
အပိုင်း ၂၃၉ : ကျောက်လောင်းကစားပညာရှင်
ယဲ့ချန်းက ကျောက်ရိုင်းတုံးကို ကျောက်ဖြတ်သမား၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် မျဉ်းတားပေးထားတဲ့ ဒီနေရာကနေ ခွဲပေးပါ။ သတိထားနော်"
ယဲ့ချန်းသတိထားနေပုံကို မြင်သောအခါ လူတိုင်း ရယ်ချင်သွားကြသည်။
သုံးထောင်ကျော်သာပေးရသော ဤကျောက်တုံးက အရည်အသွေးအရ အသုံးမဝင်သောကျောက်တစ်တုံးသာ။
ယဲ့ချန်း၏ပုံစံကတော့ သန်းဆယ်ချီတန်သော ကျောက်စိမ်းတုံးကို ကိုင်ထားသည့်အလားပင်။
"မသိနားမလည်သူက အကြောက်အလန့်မရှိဘူးဆိုတာ တကယ်ပါလား။ ဒီလူ ဒီယုံကြည်မှုတွေကို ဘယ်ကများရနေတာလဲ"
"သတိထားရမယ် ဟုတ်လား။ ဒါက အသုံးမဝင်တဲ့ကျောက်တစ်တုံးပါကွာ"
"ငတုံး ဒီလိုကျောက်မျိုးကနေ ကျောက်စိမ်းထွက်မယ်လို့များ အိပ်မက်မက်နေတာလား"
ဘေးနားမှ ချန်းယွီကတော့ လှောင်ပြောင်လိုဟန် အမူအရာဖြင့် ကြည့်နေလေသည်။
သူက ယဲ့ချန်းတစ်ယောက် လူကြားထဲတွင် အရှက်ကွဲသွားမည့်အဖြစ်ကို မြင်ချင်နေခြင်းသာ။
ယဲ့ချန်း၏ကျောက်တုံးသာ မအောင်မြင်ခဲ့လျှင် ခေါင်းမဖော်ရဲအောင် လုပ်ပစ်မည်ဟုပင် ချန်းယွီတွေးထားသေးသည်။
ထိုအချိန်မှာ လီရုန်ရုန်လည်း အလွန်စိတ်ပူနေမိသည်။
လူတိုင်းက ယဲ့ချန်းကို လက်လျှော့ဖို့ အကြံပေးခဲ့ကြသည်။ ယခုတစ်ခေါက်ခွဲလိုက်ချိန် ဘာမှထွက်မလာလျှင် ချန်းယွီ၏စရိုက်အရ သေချာပေါက်လှောင်ပြောင်တော့မည်သာ။
ဒီလူ ယဲ့ချန်းက ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲ။
ဇစ် ဇစ် ဇစ်!
စက်သံနှင့်အတူ ကျောက်ရိုင်းတုံးကား ဖြတ်တောက်ခံလိုက်ရလေပြီ။
လုဝေ့လည်း သက်ပြင်းချလိုက်မိသည်။
"ဥက္ကဋ္ဌယဲ့ ဘာမှထွက်မလာရင်လည်း သိပ်ပြီးစိတ်မကောင်းမဖြစ်ပါနဲ့။ လူသစ်တွေအားလုံးက ဒီလိုနဲ့ပဲ သင်ခန်းစာယူရတာချည်းပဲ"
လုဝေ့က ကျောက်တုံးကို လှမ်းပင်မကြည့်ဘဲ ယဲ့ချန်းကို နှစ်သိမ့်နေသည်။
သူ့အမြင်မှာတော့ ဤကျောက်က အသုံးမဝင်သောကျောက်တစ်ခုသာ။ ကျောက်စိမ်းက မည်သို့နှယ် ထွက်လာနိုင်မည်နည်း။
ဘေးနားရှိ ချန်းယွီကတော့ ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။
"တချို့လူတွေက မိမိုက်ချင်ယောင်ဆောင်ရတာကို သိပ်ကြိုက်တာ။ ဒီတစ်ခါတော့…"
သူ့စကားမဆုံးခင်မှာပင် ကျောက်ရိုင်းတုံးကို ယူကြည့်လိုက်သည့် လုဝေ့က ရုတ်တရက်ရေရွတ်လိုက်သည်။
"ဘုရားရေ! အစိမ်းရောင်ထွက်လာပြီ!"
“ဘာ!”
လူတိုင်း မှင်တက်သွားကြသည်။
ဤမျှအရည်အသွေးညံ့သော ကျောက်တုံးထဲမှ အစိမ်းရောင်က မည်သို့ထွက်လာနိုင်မည်နည်း။ လုံးဝမဖြစ်နိုင်ပေ။
လူတိုင်း ဝိုင်းအုံကြည့်လိုက်ကြလေရာ ဖြတ်တောက်လိုက်သည့်နေရာတွင် အစိမ်းရောင်ရေးရေးလေး ပေါ်နေသည်ကို တွေ့လိုက်ရ၏။
ချန်းယွီ၏မျက်နှာကား ဖြူဖျော့သွားပြီး ပြောလက်စစကားလုံးများကို ပြန်မျိုချထားလိုက်ရသည်။
ယဲ့ချန်းကမူ ညင်သာစွာ ပြုံးလိုက်သည်။
"အစိမ်းရောင်ထွက်မှာပါလို့ ကျွန်တော် ပြောသားပဲ"
ထိုအချိန်တွင် ကျောက်စိမ်းကုန်သည်တစ်ယောက်က အမြန်ဝင်ပြောလာသည်။
"ကိုယ့်လူ... ဒီကျောက်ကို ငါ တစ်သန်းခွဲပေးမယ်"
"ငါယူမယ်။ နှစ်သန်းပေးမယ်"
အခြားကုန်သည်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။
ယဲ့ချန်းကမူ ခေါင်းခါပြီး ကျောက်ရိုင်းတုံးပေါ်တွင် နောက်ထပ်မျဉ်းတစ်ကြောင်း ထပ်ဆွဲလိုက်သည်။
"ဒီနေရာမှာ ထပ်ခွဲပေးပါ"
"ဘာ! ထပ်ခွဲဦးမလို့လား"
လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ယခုလိုကျောက်မျိုးမှာ အစိမ်းရောင်ထွက်လာတာကတင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်နေလေပြီ။
တတိယအကြိမ်ထပ်ခွဲလိုက်လျှင် ပျက်စီးသွားနိုင်သည်။
ချန်းယွီက ဘေးမှနေ၍ ထပ်လှောင်ပြန်သည်။
"ချာတိတ် အခြေအနေကောင်းတုန်း ရပ်လိုက်သင့်တယ်ဆိုတာ မင်း နားမလည်ဘူးလား။ ဒီကျောက်ကို ဆက်ခွဲနေရင် မင်း ငိုရလိမ့်မယ်နော်"
ယဲ့ချန်းက ရယ်မောလိုက်၏။
"ငါ့ကျောက်တုံးက မအောင်မြင်ခဲ့ရင်တောင် သုံးထောင်ပဲပေးရတာ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ၁၂သန်းတန်ကျောက်တုံး မအောင်မြင်မှသာ တကယ်ငိုရမှာ"
"ဟွန့် ကောင်လေး...တချို့လူတွေက ကျောက်ရိုင်းတုံးရွေးရင် ကံကိုပဲအားကိုးကြတာ။ ငါတို့လို ကျောက်စိမ်းပညာရှင်တွေကတော့ အမြင်ကိုပဲ အားကိုးတယ်။ ငါ့ကျောက်ရိုင်းတုံးက လုံးဝမရှုံးဘူး"
ချန်းယွီက ယုံကြည်မှုအပြည့်ဖြင့် ကြွားလုံးထုတ်လိုက်သည်။
ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံးလိုက်သည်။
"ဟုတ်လား။ ဒါဆို မင်းရဲ့ကျောက်တုံးက အသုံးမဝင်တဲ့ ကျောက်တစ်တုံးဖြစ်သွားပြီး အရှက်ကွဲမဲ့အချိန်ကို ငါစောင့်နေမယ်"
ထိုအချိန်မှာပင် တတိယမြောက်ဖြတ်တောက်မှု ပြီးဆုံးသွားပြီဖြစ်၏။
လုဝေ့က ကျောက်ခွဲစက်ထဲရှိ ကျောက်တုံးကို ထုတ်ယူလိုက်သောအခါ သူ့မျက်နှာထက်တွင် အတိုင်းထက်အလွန် ပျော်ရွှင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဈေးတက်ပြီ။ ဈေးတက်သွားပြီ။ ဥက္ကဋ္ဌယဲ့..ခင်ဗျားက တကယ်တော်တာပဲ။ ကြုံရာကျပန်းရွေးလိုက်တဲ့ ကျောက်တုံးက ရေခဲသားအပြည့်ပဲ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချန်းယွီခမျာ လုံးဝကြောင်အသွားသည်။
သူ ယဲ့ချန်းကို ကြည့်လိုက်မိသည်။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်လေဟန် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။
ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။
"ဥက္ကဋ္ဌချန်း ကျွန်တော် သိပ်နားမလည်လို့ပါ။ ရေခဲသားအပြည့်ဆိုရင် တန်ဖိုးဘယ်လောက်လောက်ရှိမလဲ"
ချန်းယွီ၏မျက်နှာကား မည်းမှောင်နေလေပြီ။
အသုံးမဝင်သည့်ကျောက်ဟုထင်ရသော ထိုအရာထဲက ရေခဲသားအပြည့်ကျောက်စိမ်းကို ရရှိအောင် စွမ်းဆောင်နိုင်သည်အထိ ယဲ့ချန်းက ကံကောင်းလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
ရာစုနှစ်တစ်ခုမှာ တစ်ခါလောက်သာ ကြုံရမည့် ဤအံ့ဖွယ်ဖြစ်ရပ်က ယဲ့ချန်း၏လက်ထဲသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် ကုန်သည်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် ဆိုလာချေသည်။
"လူငယ်လေး..ဒီကျောက်စိမ်းကို ဆယ်သန်းပေးမယ်လေ"
"အဘိုးကြီးလျို..ဘယ်သူ့ကို လာလိမ်နေတာလဲ။ ဒီမှာရှိတဲ့လူတွေအကုန်လုံးက ကျွမ်းကျင်သူတွေချည်းပဲ။ ဒါက ရေခဲသားအဆင့်နော်။ အနည်းဆုံး သန်းနှစ်ဆယ်လောက်တော့ တန်တယ်"
"ငါ ၂၂သန်းပေးမယ်"
ကျောက်စိမ်းကုန်သည်အများအပြားက ချက်ချင်းပင် ဈေးပြိုင်ပေးလာကြသည်။
ယဲ့ချန်းကတော့ ခေါင်းခါလိုက်၏။
"အားလုံးပဲ စိတ်မကောင်းပါဘူး။ ဒီကျောက်စိမ်းက ကျွန်တော့်ကောင်မလေးအတွက် လက်ဆောင်ပေးတာလို့ ကျွန်တော်ပြောပြီးသားပါ"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက အစိမ်းရောင်ကျောက်စိမ်းတုံးကို ယူလိုက်သည်။
"ရုန်ရုန် ဒီကျောက်စိမ်းက မင်းအတွက်ပဲ။ နောက်မှ ဆွဲကြိုးလှလှလေး လုပ်ဝတ်လိုက်နော်"
လီရုန်ရုန် ကြက်သေသေသွားရသည်။
ဤသည်မှာ သန်းနှစ်ဆယ်တန်သောကျောက်စိမ်းမှန်း သိလျက်နှင့် ယဲ့ချန်းက သူ(မ)ကို သည်အတိုင်း ပေးလိုက်တာလား။
“ယဲ့ချန်း မဖြစ်ဘူး။ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်”
"သန်းနှစ်ဆယ်တည်းပါ။ သိပ်မများပါဘူး"
ယဲ့ချန်းက ဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်း အသက်ရှူမှားသွားကြသည်။
အစောတုန်းက ယဲ့ချန်းကို အရှုံးသမားဟု ထင်ခဲ့ကြသော်ငြား ယခုတော့ သူက ဒိတ်ဒိတ်ကြဲသူဌေးအစစ်ဖြစ်ကြောင်း မြင်လိုက်ရလေပြီ။
သန်းနှစ်ဆယ်တန်ကျောက်စိမ်းကို သည်အတိုင်းပေးပစ်လိုက်လေသည်။
ချန်းယွီကမူ အေးတိအေးစက် နှာမှုတ်လိုက်၏။
"ကြက်ကန်းဆန်အိုးတိုးသွားတာပါ။ အခု ငါ့ကျောက်စိမ်းကို ပြမယ်"
ယဲ့ချန်းက ချန်းယွီကို ခွန်းတုံ့ပြန်လိုက်သည်။
“ကောင်းပြီလေ။ ကျောက်စိမ်းလောင်းကစားပညာရှင်ကြီးက ဘယ်လိုအမိုက်စားကျောက်စိမ်းမျိုး ရမလဲဆိုတာ အရမ်းသိချင်နေတာ”
ကျောက်ဖြတ်သမားက ထိုကျောက်တုံးကို ယူလိုက်သည်။
ဇစ် ဇစ် ဇစ်!
မကြာခင်မှာပင် ပထမဆုံးအကြိမ်ဖြတ်တောက်မှု ပြီးစီးသွားပြီး အစိမ်းရောင်သန်းနေသည်ကို တွေ့လိုက်ရသည်။
"ပထမတစ်ချက်တည်းနဲ့ ကျောက်စိမ်းပေါ်လာပြီ။ ဒါက ဧရာမရေခဲသားအပြည့်ကျောက်စိမ်းဖြစ်နိုင်တယ်"
"ဥက္ကဋ္ဌချန်း ဒီကျောက်ကို ကျွန်တော် သန်းသုံးဆယ်ပေးမယ်"
"ကျွန်တော်က ၃၂သန်းပေးမယ်"
ကျောက်စိမ်းကုန်သည်အများအပြား အလုအယက်ဈေးခေါ်ကြလေတော့သည်။
ချန်းယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ချောင်းများကို ယမ်းခါလိုက်သည်။
"ချာတိတ် ငါတို့ကြားက ကွာခြားချက်ကို အခု မြင်ပြီမလား။ သန်းနှစ်ဆယ်လေးရတာနဲ့ မင်းက ပျော်နေတာ။ ငါ့ဟာက အခုကတည်းက သန်းသုံးဆယ်တန်နေပြီ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဥက္ကဋ္ဌချန်း ခင်ဗျားကံက မဆိုးဘူးပဲ။ တစ်ချက်တည်းနဲ့ သန်းနှစ်ဆယ်မြတ်သွားပြီ။ မြန်မြန်ရောင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်နော်"
ချန်းယွီက လှောင်ပြုံးပြုံးလိုက်လေသည်။
"ဟမ့် ရောင်းရမယ် ဟုတ်လား။ ငါ့ကို မင်းလိုမျိုး အမြတ်နည်းနည်းလေးနဲ့ ကျေနပ်မယ့်ကောင်များ ထင်နေတာလား။ ဆက်ခွဲမယ်"
ဒုတိယအကြိမ်ဖြတ်တောက်မှုကား အစိမ်းရောင်သန်းနေဆဲပင်။
"ဘုရားရေ..ဒါက အကြီးစားရေခဲသားအဆင့် ဖြစ်နိုင်တယ်နော်။ ဥက္ကဋ္ဌချန်း ကျွန်တော် သန်းငါးဆယ်ပေးမယ်"
"ဥက္ကဋ္ဌချန်း သန်း၆၀ပေးမယ်ဗျာ။ ကျွန်တော့်ကို ရောင်းပေးပါ"
ကုန်သည်အများအပြားက ထိုကျောက်ရိုင်းတုံးကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
တတိယအကြိမ်မှာသာ အစိမ်းရောင်ဆက်ထွက်လျှင် ဤအကြီးစားရေခဲသားကျောက်စိမ်းက သန်းတစ်ရာကျော်အထိ ဈေးပေါက်သွားနိုင်သည်။
ယဲ့ချန်းက အားကျနေဟန်ဖြင့် ပြောလိုက်သည်။
"ဥက္ကဋ္ဌချန်း...ခင်ဗျားကံက အရမ်းကောင်းတာပဲ။ ခြောက်ဆတောင် မြတ်နေပြီ။ ကျွန်တော်သာဆိုရင် ချက်ချင်းရောင်းလိုက်မိမှာပဲ"
“သူ့ကို ကျောက်စိမ်းလောကရဲ့ ဉာဏ်ကြီးရှင်လို့ ခေါ်ကြတာ အလကားမဟုတ်ဘူးပဲ။ သူ့အမြင်က တကယ့်ကို သူများနဲ့မတူဘူး"
"ကျောက်ရိုင်းတုံးတစ်တုံးကနေ ခြောက်ဆတောင် မြတ်တယ်တဲ့။ ချန်းယွီက တကယ်အထင်ကြီးချင်စရာပဲ”
"ချန်းယွီက ကျောက်စိမ်းလောင်းကစားမှာ အရမ်းတော်တယ်လို့ အရင်ကတည်းက ကြားဖူးတယ်။ ဒီနေ့ ကိုယ်တိုင်မြင်လိုက်ရတော့မှ ဂုဏ်သတင်းနဲ့လိုက်ဖက်နေပါလားဆိုတာ သိလိုက်ရတယ်"
လူတိုင်း၏ချီးကျူးသံများကို နားထောင်ရင်း သူတို့၏ အားကျနေသည့် အကြည့်များကို ခံစားရင်း ချန်းယွီတစ်ယောက် မာန်တက်နေသည်။
သူက လီရုန်ရုန့်ကို ပြောလိုက်၏။
"ရုန်ရုန် ဒီဈေးကွက်မှာ ဘယ်သူက တကယ့်ကြယ်ပွင့်အစစ်လဲဆိုတာ မင်း အခုသိပြီမလား။ ဒီနေ့ ကိုယ် မင်းကို သန်းတစ်ရာတန်ကျောက်စိမ်း လက်ဆောင်ပေးမယ်"
ယဲ့ချန်းက လှောင်ရိပ်သန်းသော အပြုံးတစ်ခု ပြုံးလိုက်သည်။
လောဘကြီးလိုက်တာ။ ကြွားချင်လွန်းတော့လည်း အရှက်ကွဲတာ တန်ပါတယ်လေ!
တတိယအကြိမ် ဖြတ်တောက်ပြီးစီး၍ ကျောက်ရိုင်းတုံးကို ထုတ်ယူလိုက်သောအခါ ချန်းယွီ၏မျက်နှာကား လုံးဝပြောင်းလဲသွားလေတော့သည်။
•••••••••••••••••
အပိုင်း ၂၄၀ : ဒိတ်ဒိတ်ကြဲသူဌေးကြီး ဂရုထဲကိုရောက်လာပြီ
တတိယမြောက်ဖြတ်တောက်မှုမှာ မြစိမ်းရောင် ပျောက်ကွယ်သွားပြီး မီးခိုးရောင်အကွက်ကြီးသာ ကျန်ခဲ့တော့သည်။
ကျောက်ရှုံးသွားလေပြီ!
"သောက်ကျိုးနည်း.. ခုနတုန်းက တအားစိမ်းနေတာကို။ တကယ်ကြီး ကျောက်ရှုံးသွားတာပါလား”
"ကံကောင်းလို့ ငါဝင်မဝယ်မိတာ။ မဟုတ်ရင် အလိမ်ခံရတော့မလို့"
ယဲ့ချန်းမှာ တဟားဟားရယ်မောလိုက်လေသည်။
"ဟားဟား..သူများစကား နားထောင်ရင် တော်သေးတယ်။ ကြွားချင်တော့ မင်းပဲ ငတုံးဖြစ်ရတာပေါ့။ သန်းခြောက်ဆယ်တော့ ပလုံသွားပြီ"
“မင်း...”
ချန်းယွီ ယဲ့ချန်းကို ပြောချင်နေသည့် စကားလုံးများကို ယဲ့ချန်းက သူ့အား တစ်လုံးမကျန် ပြန်ပြောနေလေသည်။
ချန်းယွီလည်း ဒေါသတကြီးဖြင့် သူ့လက်ထဲရှိ အသုံးမဝင်သည့်ကျောက်ကို ကြမ်းပြင်ပေါ်သို့ အားပြင်းပြင်းဖြင့် ပစ်ပေါက်ပြီး ခြေဆောင့်ကာ ထွက်ခွာသွားတော့သည်။
လီရုန်ရုန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ယဲ့ချန်း ရှင်က တကယ်မိုက်တာပဲ။ ရတနာရာဖြတ်တဲ့နေရာမှာတင် တော်တာမဟုတ်ဘဲ ကျောက်စိမ်းလောင်းကစားမှာလည်း ဒီလောက်အထိ ထူးချွန်လိမ့်မယ်လို့ ကျွန်မထင်မထားဘူး"
ယဲ့ချန်း ပြုံးလိုက်မိသည်။
“ဒါပေါ့။ ကိုယ်က ဘက်စုံထူးချွန်တာလေ”
လုဝေ့က ယဲ့ချန်း၏လက်ထဲရှိ ကျောက်စိမ်းကို ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ဥက္ကဋ္ဌယဲ့.. ကျွန်တော် ခင်ဗျားကို တကယ်လေးစားသွားပြီ။ အသုံးမဝင်တဲ့ကျောက်တစ်တုံးကို ကျောက်စိမ်းအဖြစ် ပြောင်းလဲပစ်နိုင်လောက်အောင်အထိ ခင်ဗျားရဲ့မျက်လုံးတွေက တကယ်စူးရှတာပဲ”
ယဲ့ချန်းလည်း အသာပြုံးလိုက်မိသည်။
“ကျွန်တော့်ကံက ကောင်းပါတယ်လို့ ပြောသားပဲ”
ကျောက်စိမ်းပြခန်းမှ ထွက်လာပြီးနောက် ယဲ့ချန်းလည်း လီရုန်ရုန့်ကို ကားမောင်း၍ အိမ်ပြန်ပို့ပေးလိုက်သည်။
“ယဲ့ချန်း ဒီလိုတန်ဖိုးကြီးတဲ့ကျောက်စိမ်းတုံးကို ကျွန်မကိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
“ဟားဟား.. ဘာလို့ ဒီလောက်ယဉ်ကျေးနေရတာလဲ”
“ဒါနဲ့ ကျွန်မက ရှင့်ကောင်မလေးဆိုပြီး ခုနကပြောလိုက်တာလေ။ အဲ့ဒါ တကယ်ပြောတာလား”
ယဲ့ချန်းခမျာ ခဏမျှကြောင်သွားသည်။
“အာ... ဟုတ်တာပေါ့။ တကယ်ပြောတာ”
လီရုန်ရုန်မှာမူ ရှက်သွေးဖြာသွားပြီး ကားပေါ်မှ အမြန်ပြေးဆင်းသွားလေတော့သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်(၂/၅)ကို ရရှိတဲ့အတွက် ဟွားမေ့ကျောက်စိမ်းလုပ်ငန်းစုရဲ့ ရှယ်ယာ၂၈.၈ရာခိုင်နှုန်းကို ဆုလာဘ်အဖြစ် ရရှိပါတယ်]
ဟွားမေ့ကျောက်စိမ်းလုပ်ငန်းစုမှာ ဟွားနိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်းထုတ်လုပ်ရေးနှင့် အရောင်းလုပ်ငန်းစုကြီးဖြစ်၏။
ထို့ပြင် ဟွားနိုင်ငံ၏ နာမည်အကြီးဆုံး ကျောက်စိမ်းအမှတ်တံဆိပ်လည်း ဖြစ်သည်။
ဒီဆုလာဘ်က မဆိုးဘူးပဲ။
သူ့တွင် ချစ်သူအမြောက်အများ ရှိလေရာ နောက်ပိုင်းတွင် ကုမ္ပဏီမှ လက်ဝတ်ရတနာတွေကိုယူပြီး သူတို့ကို ကျောက်စိမ်းတုံးများ လက်ဆောင်ပေးလိုက်ရုံသာ။
ယဲ့ချန်း ဟွားစံအိမ်တော်သို့ ပြန်ရောက်လာသည့်အခါ လင်းဝမ်ယိုက အိမ်မှာမရှိပေ။
လင်းဝမ်ယိုက ယနေ့ ဗွီအာစီးပွားရေးသဘောတူညီချက်တစ်ခုအတွက် ယဲ့ချန်းကိုယ်စား ညှိနှိုင်းဆွေးနွေးပေးရန် ကျိုတိုသို့ သွားနေခြင်းပင်။
အိမ်မှာ ဘယ်သူမှမရှိသည့်အတွက် ယဲ့ချန်းလည်း အနည်းငယ် အထီးကျန်သလို ခံစားနေရသည်။
ယဲ့ချန်း ဖုန်းထုတ်လိုက်လေရာ သူ၏မောင့်ယာအကောင့်ထဲတွင် မောင့်ယာအကြွေစေ့ တော်တော်များများကျန်နေသေးကြောင်း ရုတ်တရက်သတိရလိုက်သည်။
မောင့်ယာအက်ပ်ကို ဖွင့်လိုက်သောအခါ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ယဲ့ချန်း မြင်လိုက်ရသည်။
ကျောက်ချောင်းအာဟုခေါ်သော ဤမိန်းကလေးက မိုတုမြို့ရှိ မိုတုအကသင်တန်းကျောင်းမှ ကျောင်းသူတစ်ယောက်ဖြစ်၏။
ယခင်က သူ(မ)၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို သူ မကြာခဏဝင်ကြည့်လေ့ရှိသည်။
တစ်ခါတလေ ပန်းပွင့်လေးဘာလေး လက်ဆောင်ပေးတတ်သည်။
သို့သော် ကျောက်ချောင်းအာ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ချမ်းသာကြွယ်ဝသော ပံ့ပိုးသူများစွာ ရှိသောကြောင့် သူပေးသည့် လက်ဆောင်များက ထိုမိန်းမလှလေး၏ အာရုံစိုက်မှုကို မရခဲ့ပေ။
ယဲ့ချန်း လက်ဆောင်ပေးလိုက်တိုင်း ကျောက်ချောင်းအာက အလွန်ဆုံးရှိလှ "ပန်းပွင့်လေးတွေအတွက် ကျေးဇူးပါ အစ်ကိုရေ”ဟုသာ ပြောလေ့ရှိသည်။
ကျောက်ချောင်းအာက ဖြူစင်သန့်ရှင်းသည့်ပုံစံမျိုး ပေးစွမ်းနိုင်သည်။ သူ(မ)က လှပရုံသာမက ပါရမီလည်းရှိသည်။
သူ(မ)က ကလည်းကတတ်သလို သီချင်းလည်း ဆိုတတ်ပြီး ချစ်စရာကောင်းသော မျက်နှာလေးကို ပိုင်ဆိုင်ထားကာ နတ်ဘုရားမကဲ့သို့သော အရှိန်အဝါနှင့် ကောက်ကြောင်းလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်လေရာ မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးလောကတွင် နာမည်ကြီးအလှပဂေးတစ်ဦး ဖြစ်လာခဲ့သည်။
ထိပ်တန်းအဆင့် မဟုတ်သေးသော်လည်း သူ(မ)ထံတွင် လူချမ်းသာပရိသတ်အမြောက်အများ ရှိနေပြီဖြစ်၏။
ထိပ်တန်းအဆင့် မရောက်သေးခြင်းမှာ အခွင့်အလမ်းတချို့ လိုအပ်နေသေးသောကြောင့်သာ။
ယဲ့ချန်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျောက်ချောင်းအာက ယဲ့ချန်း၏အိုင်ဒီကို မှတ်မိလေသည်။
အဓိကကတော့ တက္ကစီဒရိုင်ဘာဟူသော သူ့နာမည်က အလွန်ထူးခြားနေသောကြောင့်ပင်။
ပုံမှန်အားဖြင့် လူတွေက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ခမ်းနားကြီးကျယ်လှသော နာမည်များကိုသာ ပေးလေ့ရှိကြသည်။
“အစ်ကိုဟောက်” သို့မဟုတ် “လွှမ်းမိုးနိုင်စွမ်းရှိသောအစ်ကိုကြီး”ကဲ့သို့ နာမည်မျိုးကသာ များပြီး သူတို့ကိုယ်သူတို့ တက္ကစီဒရိုင်ဘာဟု ပြသနေသော နာမည်မျိုးကတော့ တော်တော်ရှားသည်။
ထို့ကြောင့် ကျောက်ချောင်းအာက ယဲ့ချန်းကို ကောင်းကောင်းမှတ်မိနေခြင်းပင်။
“တက္ကစီဒရိုင်ဘာအစ်ကိုကြီး ရောက်လာပြီပဲ”
ကျောက်ချောင်းအာက ယဲ့ချန်းကို နွေးထွေးလှိုက်လှဲစွာ နှုတ်ဆက်လိုက်သည်။
တစ်လကျော်လောက် ပျောက်နေသည့်တိုင် သူ(မ)က သူ့ကို မှတ်မိနေလိမ့်မည်ဟု ယဲ့ချန်း မထင်ထားခဲ့ပေ။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ကျောက်ချောင်းအာက အနက်ရောင်တီရှပ်အကျပ်လေးကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကလည်း ဝဲလွင့်နေကာ ဆွဲဆောင်မှုရှိသော မျက်လုံးဝိုင်းကြီးများလည်း ပိုင်ဆိုင်ထားသည်။
ယဲ့ချန်းက စူပါအာကာသစစ်သင်္ဘောကြီးနှစ်စင်းကို ချက်ချင်းပို့ပေးလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်သားပြင်ပေါ်၌ ခမ်းနားထည်ဝါလှသော အာကာသစစ်သင်္ဘောကြီးများ ပေါ်လာသည်။
ပုံမှန်ဆိုလျှင် ကြောင်စာတို့၊ မီးချောင်းတို့လောက်သာ ပေးလေ့ရှိသည့် ယဲ့ချန်းက ရုတ်တရက်ကြီး စူပါအာကာသစစ်သင်္ဘောကြီးနှစ်စင်း ပေးလာသည်ကို မြင်သောအခါ ကျောက်ချောင်းအာခမျာ အံ့အားသင့်သွားချေသည်။
စူပါအာကာသစစ်သင်္ဘောနှစ်စင်းက တစ်သောင်းတန်ပင်။
ကျောက်ချောင်းအာ၏ မှတ်ဉာဏ်ထဲတွင် ယဲ့ချန်းက လူချမ်းသာတစ်ယောက် မဟုတ်ပါချေ။ အများဆုံးဆယ်ဒေါ်လာလောက်သာ ပေးခဲ့ဖူးသည်။
ယနေ့ကျမှ တစ်သောင်းတန် စူပါအာကာသစစ်သင်္ဘောကြီးများကို ရုတ်တရက်ကြီး ဘာလို့ပေးနေရလေသလဲ။
သို့သော် လက်ဆောင်ပေးလာမှတော့ ကျောက်ချောင်းအာကလည်း သဘာဝကျကျပင် ကျေးဇူးတင်စကားဆိုလိုက်သည်။
“စူပါအာကာသစစ်သင်္ဘောကြီးနှစ်စင်း လက်ဆောင်ပေးတဲ့ တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်ရှင်”
“မိုက်လိုက်တာ။ တစ်သောင်းတောင်ပေးတာတဲ့။ ဒါက ငါ့လစာနှစ်လစာတောင်ရှိတယ်"
“ဒီအစ်ကိုကြီးက တကယ်ရော တက္ကစီဒရိုင်ဘာဟုတ်ရဲ့လား။ ဒီပမာဏမျိုးရဖို့ဆိုရင် တက္ကစီကို တစ်လလုံးမောင်းရမှာမဟုတ်လား”
“အဲ့ဒါက ဘယ်လိုမောင်းလဲဆိုတဲ့အပေါ် မူတည်တာ။ တစ်သောင်းရဖို့ဆိုရင် တစ်နေ့ကို ဆယ်နာရီလောက် မနားတမ်းမောင်းမှဖြစ်မှာ”
ထိုဆွေးနွေးမှုများကို နားထောင်ရင်း ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်သည်။
ထို့နောက် ရတနာမြေပုံကို ချက်ချင်းထပ်ထည့်လိုက်ပြီး ဒုံးပျံများကိုလည်း ဆက်တိုက်ပျံဝဲခိုင်းလိုက်တော့သည်။
ယဲ့ချန်းက တစ်ခါတည်းဖြင့် ဒုံးပျံဆယ်စင်းနှင့် ရတနာမြေပုံဆယ်ခုတောင် ပို့လိုက်သေးသည်။
မည်သို့ပင်ဖြစ်စေ စနစ်ထံမှ ဆုရထားသည့် မောင့်ယာအကြွေစေ့ရှစ်သိန်းလောက် ကျန်နေသေးသည်။ ထို့ကြောင့် သုံးပစ်ဖို့ နှမြောစရာလည်း မလိုပေ။
တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျောက်ချောင်းအာလည်း လုံးဝကြောင်အသွားသည်။
သူ(မ)က ပထမနှစ်ကျောင်းသူဘဝကတည်းက တိုက်ရိုက်ထုတ်လွှင့်လာခြင်းပင်။ ယခု နောက်ဆုံးနှစ်ပင် ရောက်နေလေပြီ။ ကျောက်ချောင်းအာအနေနှင့် လူချမ်းသာပံ့ပိုးသူများနှင့် ကြုံဖူးပါသည်။
သို့သော် ယဲ့ချန်လို လက်ဆောင်ပေးတတ်သူကိုတော့ တစ်ခါမှမမြင်ဖူးခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချန်းက တစ်သိန်းတန်ဖိုးရှိ လက်ဆောင်များကို ပို့ထားပြီးဖြစ်၏။
ကျောက်ချောင်းအာခမျာ အံ့ဩဝမ်းသာဖြစ်နေရသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုသူများလည်း လုံးဝထိတ်လန့်ကုန်ကြသည်။
“ဝိုး! တကယ့်သူဌေးစစ်စစ်ပါလား”
“ငါးမိနစ်တောင် မပြည့်သေးဘူး။ တစ်သိန်းဖိုးလောက် ပေးပြီးနေပြီ"
“အခုခေတ်မှာ တက္ကစီမောင်းတာက ဒီလောက်တောင် ဝင်ငွေကောင်းနေပြီလား"
“ဝိုး! ဒါက ငါ့ရဲ့တစ်နှစ်စာ လစာပဲဟေ့!”
"သူဌေးကြီး ကျွန်တော့်ကိုမွေးစားပါ!”
"သူဌေးကြီးရေ အောက်ဆွဲလေးတစ်ယောက်လောက်များ မလိုဘူးလား"
...
တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး ယဲ့ချန်း၏လက်ဆောင်များဖြင့် ပြည့်နှက်သွားသည်။
ရုတ်တရက်ဆိုသလိုပင် ဖန်သားပြင်တစ်ခုလုံးတွင် ကြည့်ရှုသူများ၏ အသည်းအသန်မြှောက်ပင့်ဖားယားမှုများဖြင့် ပြည့်နှက်သွားသည်။
ထိုအချိန်မှသာ ကျောက်ချောင်းအာလည်း သတိပြန်ဝင်လာသည်။
သူ(မ)က ရှိရင်းစွဲအေးတိအေးစက်ပုံစံကို ဖယ်ရှားလိုက်ပြီးနောက် ညှို့ဓာတ်ပြင်းသော အပြုံးတစ်ပွင့်ကို လှစ်ဟပြသလိုက်သည်။
“ဒုံးပျံတွေနဲ့ ရတနာမြေပုံတွေအတွက် တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်။ တက္ကစီဒရိုင်ဘာအစ်ကိုရေ.. ကျွန်မကို သီးသန့်မက်ဆေ့ချ်ပို့လို့ ရတယ်နော်။ ဝီချက်အပ်ကြရအောင်လေ”
ကျောက်ချောင်းအာက စကားပြောရင်း ယဲ့ချန်းကိုလည်း လက်ဖြင့် အသည်းပုံအကြီးကြီးတစ်ခု လုပ်ပြလိုက်သေးသည်။
ချိုသာပြီး နားဝင်ချိုလှသော သူ(မ)၏ ယစ်မူးဖွယ်အသံလေးက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အမျိုးသားများကို ရူးသွပ်သွားစေသည်။
"ချောင်းအာ.. ကိုယ်လည်း မင်းကို ဝီချက်အပ်ချင်တယ်လေ”
“ချောင်းအာကို ဝီချက်အပ်ချင်ရင် မောင့်ယာအကြွေစေ့တစ်သောင်းပေးပြီး ပရိသတ်ဂရုထဲကို ဝင်လိုက်ပါ”
“မောင့်ယာအကြွေစေ့တစ်သောင်းဆိုရင် ယွမ်တစ်ထောင်လောက် ရှိတယ်။ တော်ပါပြီလေ”
“ဟုတ်တယ်။ နှစ်ထောင်ဆိုရင် ဖုန်းတစ်လုံးဝယ်လို့ရပြီ”
“တက္ကစီဒရိုင်ဘာအစ်ကိုကြီးက မင်းရဲ့အမာခံပရိသတ်ပဲ ဖြစ်မယ်"
“မဖြစ်နိုင်ဘူး။ အစ်ကိုရှောင်ယောင်က ချောင်းအာကို မောင့်ယာအကြွေစေ့နှစ်သိန်းလောက် ပေးဖူးတယ်ထင်တယ်”
ထိုအချိန်တွင် ကျောက်ချောင်းအာက သီးသန့်မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။
"အစ်ကို.. ဝီချက်နံပါတ်က ဘာလဲဟင်”
ယဲ့ချန်းကလည်း သူ့ဝီချက်အိုင်ဒီကို ကျောက်ချောင်းအာထံသို့ ပို့လိုက်သည်။
ကျောက်ချောင်းအာက ယဲ့ချန်းကို ဝီချက်တွင် ချက်ချင်းအပ်လိုက်ပြီး ပရိသတ်ဂရုထဲသို့ ထည့်လိုက်သည်။
"တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ကြိုဆိုပါတယ်”
ကျောက်ချောင်းအာက ချစ်စရာကောင်းသော ပုံလေးတစ်ခု ပို့လိုက်သည်။
ဂရုထဲတွင် အဖွဲ့ဝင်ရှစ်ဆယ်ကျော်ရှိပြီး ဝင်ထားသူအားလုံးကလည်း အနည်းဆုံး လက်ဆောင်တစ်ထောင်ဖိုးလောက် ပေးထားကြသူများပင်။
ယဲ့ချန်းက တစ်ခါတည်းနှင့် တစ်သောင်းတန်လက်ဆောင်များစွာ ပို့ထားသည့်သတင်းက ဂရုထဲတွင် ပျံ့နှံ့နေပြီဖြစ်ရာ သူဝင်လိုက်သည်နှင့် ဂရုတစ်ခုလုံး စည်ကားသွားချေသည်။
“ဘော့စ် ဂရုထဲဝင်လာတာကို ကြိုဆိုပါတယ်”
“မိုက်တယ်ကွာ။ အစ်ကိုရှောင်ယောင် တစ်ခါတည်းနဲ့ အများဆုံးပေးဖူးတာတောင် နှစ်သောင်းသုံးသောင်းလောက်ပဲ ရှိတာ။ ဒါပေမဲ့ တက္ကစီသခင်ကြီးကတော့ တစ်ခါတည်းနဲ့ တစ်သိန်းပစ်ပေးလိုက်တာ အံ့သြဖို့ကောင်းချက်ပဲ"
"တက္ကစီသခင်ကြီးက တက္ကစီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိများ ဖြစ်နေမလား”
...
ပရိသတ်ဂရုထဲတွင် လူအများအပြားက ယဲ့ချန်းကို သူငယ်ချင်းအဖြစ် လက်ခံရန် တောင်းဆိုလာကြသည်။
တစ်ညတည်းနှင့် တစ်သိန်းဖိုးလောက် လက်ဆောင်ပေးနိုင်သူဆိုပါက အနည်းဆုံး ပိုင်ဆိုင်မှုတန်ဖိုး ဆယ်သန်းလောက်တော့ ရှိမည်မဟုတ်လား။
ဤဂရုထဲမှ အဖွဲ့ဝင်အများစုက စီးပွားရေးသမားများ ဖြစ်ကြလေရာ ယခုလို ထင်ရှားကျော်ကြားသူတစ်ယောက်ကို သိထားလျှင် အကျိုးရှိနိုင်သည်။
•••••••••••••••••