← Chapters

လစဉ်စာမေးပွဲရလဒ်

Vol. 6 Ch. 81

လစဉ်စာမေးပွဲရလဒ်

Vol. 6 Ch. 81

ညစာစားပြီးသည့်အခါ စားရသည့် အချိုပွဲက လီမွန်ဒိန်ချဉ်ရေခဲမုန့်ဖြစ်သည်။

ခရင်အပြည့် ဒိန်ချဉ်ရေခဲမုန့်က ပါးစပ်ထဲပျော်ဝင်သွားခဲ့သည်။

အချိုအချဉ်အရသာလေးကြောင့် လန်းဆန်းသွားစေသော်လည်း ရှန်းမူမူ၏ စိတ်ခံစားချက်ကတော့ လန်းဆန်းမနေပေ။

သူမရှေ့ကလူ၏ တောက်လောင်နေသည့်အကြည့်ကြောင့် သူမ မသက်မသာဖြစ်နေသည်။

ချီမော့၏ မျက်လုံးထဲတွင် သူမ မသိနိုင်သည့် ခံစားချက်များပါနေကာ သူက သူမကို မမှိတ်မသုန် ကြည့်နေလေသည်။

ရှန်းမူမူက သူမဘာသာ သူမ တွေးလိုက်သည်။

ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ။

သူ့စကားများ၏နောက်ကွယ်တွင် လျှို့ဝှက်ချက်တွေ အမြဲရှိနေတတ်သည်။

ထိုခံစားချက်က မည်သည့်ခံစားချက်ဖြစ်ကြောင်း ရှန်းမူမူ မဖော်ပြတတ်ပေ။

ချီမော့၏ စကားကို သူမက တုံ့ပြန်လိုက်သည်။ “အင်း၊ ကျွန်မလည်း အဲလိုပဲထင်တယ်၊ တကယ်တော့ ဒီနေ့ ရှင်နဲ့ ဆွေးနွေးချင်တဲ့ အရေးကြီးကိစ္စက…”

ချီမော့က မျက်လုံးမှေးကျဉ်းကာ မျက်ခုံးပင့်လိုက်သည်။ “ဘာများလဲ။”

ရှန်းမူမူက တောက်ပစွာ ပြုံးလိုက်သည်။ “ရှင့်အကြွေးကို နောက်မှ ပြန်ဆပ်လို့ ရမလား။”

သူမ စကားပြောပြီးသည်နှင့် ထိုလူ၏ ပုခုံးက အနည်းငယ် အောက်နိမ့်ကျမလို ဖြစ်သွားသည်ကို သူမ မြင်ခဲ့သည်။

ချီမော့က နှာရိုးကိုပွတ်လိုက်ပြီး နားထင်က ရုတ်တရက် သွေးဆောင့်တိုးလာသလို ခံစားလိုက်ရလေသည်။

“ဒါမင်းပြောချင်တဲ့ အရေးကြီးကိစ္စဆိုတာလား။”

ရှန်းမူမူက ခေါင်းငြိမ့်ပြလိုက်သည်။

အချိန်ခဏကြာပြီးနောက်တွင် ချီမော့က ကူကယ်ရာမဲ့စွာ ပြုံးပြီး လေသံတိုးတိုးနှင့် နူးညံ့စွာ ပြောလိုက်သည်။ “ကောင်းပြီ။”

ရှီယွီယွဲ့ဗီလာဝန်းသို့ပြန်သည့် ကားပေါ်တွင်ဖြစ်သည်။

ချီမော့၏စိတ်ခံစားချက်က အနည်းငယ်ကျဆင်းနေသည်ကို ရှန်းမူမူ သတိထားမိခဲ့သည်။

သူက ပြတင်းပေါက်အပြင်ကို ကြည့်နေကာ အတွေးထဲ နစ်မြုပ်နေသည်။

သူမက ခဏလောက် စဉ်းစားပြီးသည့်နောက်တွင် ချီမော့၏ လက်ကို တို့ကာ ပြုံးပြီး နှစ်ယောက်တည်းကြားမည့် လေသံဖြင့် ပြောခဲ့သည်။ “ဒီနေ့ကို ထည့်မတွက်တော့နဲ့။”

Rolls-Royce ကားက အလင်းရောင်ခပ်မှိန်မှိန်သာရှိသည့် လှိုဏ်ခေါင်းကို ဖြတ်မောင်းနေသည်။

ချီမော့၏ မျက်နှာတစ်ဝက်က အမှောင်ရိပ်ထဲကျနေကာ သူ့အသံက ဩရှပြီး ဒွိဟဖြစ်နေဟန်ဖြင့် မေးလိုက်သည်။ “ဘာကို ထည့်မတွက်ရမှာလဲ။”

ရှန်မူမူက ပြောလိုက်သည်။ “ဒီနေ့ညစာ ကျွေးတာကို ထည့်မတွက်နဲ့၊ နောက်တစ်ခေါက်မှ သေသေချာချာလေး ထပ်ဖိတ်ပြီး ကျွေးမယ်၊ ဟုတ်ပြီလား။”

သူတို့သီးသန့်ခန်းထဲက ထွက်လာပြီးသည့်နောက်တွင် အလုပ်သမားတွေက အတန်နှစ်တန်းညီအောင်စီပြီး ငွေရှင်းစရာ မလိုဘဲ လိုက်လံပို့ခဲ့သည်။

သူမ ယနေ့ သုံးဖို့ စီစဉ်ခဲ့သည့် ပိုက်ဆံများကို မသုံးခဲ့ရပေ။

ထိုကိစ္စကို လျော်ကြေးပေးရန်အတွက် သူမ အခွင့်အရေးရှာသင့်သည်။

ဥမင်လှိုဏ်ခေါင်းက အလွန်တိုသည်။

Rolls-Royceကားက ဥမင်လှိုဏ်ခေါင်းမှ ထွက်လာခဲ့သည်။

ချီမော့၏ နက်မှောင်သည့် မျက်လုံးထဲတွင် ချက်ချင်းပင် လက်ကနဲ ဖြစ်သွားခဲ့သည်။

သေးငယ်သည့် အလင်းစက်လေးက ဆွဲဆောင်မှုရှိကာ ခမ်းနားနေသည်။

ယာဉ်မောင်းသမားဝမ်က ကားမောင်းနေရင်း ဘာမှမပြောခဲ့ပေ။

နောက်ကြည့်မှန်မှတစ်ဆင့် သူ့သူဌေး၏အမူအရာကို သူ‌ရှင်းလင်းစွာ မြင်ခဲ့သည်။

သူက သူတို့၏ ပြောစကားများကို မကြားသော်လည်း အမူအရာများကို ရှင်းလင်းစွာ တွေ့ခဲ့သဖြင့် အံ့ဩနေမိသည်။

အစောပိုင်းက သူဌေးချီ၏ မျက်နှာက မှုန်ကုပ်နေသော်လည်း မဒမ် စကားအနည်းငယ်ပြောပြီးသည်နှင့် ပြုံးရွှင်ချိုမြသွားတော့သည်။

သူဌေးချီက ချော့ရအလွန်လွယ်သည့်လူဖြစ်ကြောင်း မည်သူက ထင်မည်နည်း။

တကယ်ကို မာကြောနေရာမှ ပျော့ပျောင်းလာနိုင်သည်။

ထိုနိယာမကို သူဌေးချီပင် မလွန်ဆန်နိုင်ပေ။

သူတို့ ရှီယွီယွဲ့ဗီလာကို ပြန်ရောက်သည့်အချိန်က ညကိုးနာရီပင် ရှိတော့မည်ဖြစ်သည်။

ချီရှောင်ပိုင်က တံခါးဖွင့်သံကြားသည်နှင့် သူ့လက်ထဲက ပစ္စည်းကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် သူရှိနေကြောင်းကို သူ့ဖခင်နှင့် မိထွေး သိစေရန်အတွက် လည်ချောင်းနှစ်ခါ ရှင်းလိုက်လေသည်။

“အဟမ်း အဟမ်း။”

ရှန်းမူမူက ဖိနပ်လဲပြီး ဝင်လာသည့်အခါ ချီရှောင်ပိုင်ကို တွေ့လိုက်သည်။

သူက တီဗီ ကြည့်နေခြင်းမရှိသလို ဖုန်းလည်း သုံးမနေဘဲ ဆိုဖာပေါ်တွင်သာ ထိုင်နေလေသည်။

ရှန်းမူမူက ရုတ်တရက်ပင် မကောင်းသည့် အငွေ့အသက်တွေ ခံစားလိုက်ရလေသည်။

သူမ ငယ်စဉ်ကလည်း အမှားကျူးလွန်မိထားသည့်အခါ တခြား ဘာမှ မလုပ်ဘဲ ထိုသို့ ငြိမ်ငြိမ်လေး ထိုင်နေကာ မိဘတွေ ပြန်လာသည်ကို စောင့်နေတတ်သည်။

ဒီကလေး ဘာအမှားတွေ လုပ်ထားတာလဲ။

ချီမော့က ရှန်းမူမူနောက်မှ လိုက်ဝင်လာပြီး သူ့ကုတ်အင်္ကျီကို အိမ်တော်ထိန်းကျန်းကို ကမ်းပေးလိုက်သည်။

ချီရှောင်ပိုင်ကို ကြည့်ပြီးသည့်နောက်တွင် သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် ချီရှောင်ပိုင်၏ အမူအရာက တစ်ခုခု မူမမှန်ကြောင်း သူသိနိုင်သည်။

ချီရှောင်ပိုင်၏လက်ရှိ အမူအရာက အဖွဲ့တစ်ခုထဲတွင် ကိစ္စတစ်ခုကို အောင်မြင်စွာ လုပ်ထားနိုင်သဖြင့် ချီးကျူးခံချင်သော်လည်း ချီးကျူးဖို့တောင်းဆိုရမည်ကို ရှက်ရွံ့နေပုံရသည်။

ရှန်းမူမူက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ “ဘာလို့ ဒီမှာထိုင်နေတာလဲ၊ အိမ်စာ ပြီးသွားပြီလား။”

သူမ ထိုသို့ပြောလာဖို့ကို ချီရှောင်ပိုင် စောင့်မျှော်နေခြင်း ဖြစ်သည်။

“ဟုတ်၊ ပြီးပြီ။” သူက ပျင်းရိစွာထရပ်ပြီး သူ့လက်ထဲက စာရွက်ကို အကြိမ်အနည်းငယ် လှုပ်ရမ်းပြပြီး ဘဝင်မြင့်စွာပြောလိုက်သည်။ “လပတ်စာမေးပွဲ ရလဒ်ထွက်လာပြီ၊ ကြည့်ဦးမလား။”

ထိုစကားကိုကြားတော့ ရှန်းမူမူက ဖျတ်လက်စွာ လျှောက်လာရင်း စာရွက်ကို ယူလိုက်သည်။ “ကြည့်ပါရစေဦး။”

သူ၏ တရုတ်ဘာသာ၊ သင်္ချာနှင့် သိပ္ပံအမှတ်က တည်ငြိမ်သည်။

သူ၏ အင်္ဂလိပ်စာအမှတ်ကို တွေ့သည့်အခါတွင်တော့ ရှန်းမူမူ၏ ဖြူဖွေးနူးညံ့သော မျက်နှာထက်တွင် ဝမ်းမြောက်သည့် အလင်းတန်းလေး ပေါ်လာကာ ချီးကျူးခဲ့သည်။ ”အောင်တယ်၊ အရင်လထက် ၂၉မှတ် ပိုများတယ်။”

ချီရှောင်ပိုင်က အိတ်ကပ်ထဲ လက်ထည့်ပြီး ဂုဏ်ယူစွာဖြင့် မေးပင့်ကာ ပြောလိုက်သည်။ “အင်း။”

ရှန်းမူမူက စာရွက်ကို သူမ၏အနောက်တွင် ရှိသော တည်ငြိမ်ရင့်ကျက်သောလူထံ မြှောက်ပြလိုက်သည်။ “ကြည့်ပါဦး၊ ချီရှောင်ပိုင်လေးက အင်္ဂလိပ်ကို ကောင်းကောင်း ဖြေနိုင်ခဲ့တယ်။”

ချီမော့က သူမ၏အပြုံးကို နူးညံ့စွာ ကြည့်နေပြီးမှ စာရွက်ကို ကြည့်ကာ စစ်ဆေးလိုက်သည်။

ချီရှောင်ပိုင်၏ နာမည်နောက်တွင် အနီရောင်ဖြင့် ၉၁ဟူသော နံပါတ်ကြီးက ထင်းနေလေသည်။

ချီမော့၏ မျက်လုံးထဲတွင် နူးညံ့မှုတို့ မရှိတော့ဘဲ မည်းမှောင်သွားခဲ့သည်။

သူက ၂၉မှတ် တက်လာသော်လည်း အဆင့်၉၁ ဖြစ်နေဆဲ ဖြစ်သည်။

ချီရှောင်ပိုင်၏ မျက်လုံးတွေက သူ့ဖခင်ကို ကြည့်မနေပေ။

သို့သော် သူ့အတွေးတွေက ထိုအပေါ်သာ ရှိနေပြီး ရင်တုန်နေသည်။

သားအဖနှစ်ယောက် အကြည့်ခြင်းဖလှယ်ကာ သူတို့အတွေးနှင့် သူတို့ ရှိနေကာ မည်သူမှ စကားမပြောကြပေ။

ချီရှောင်ပိုင်က အပြစ်ကင်းပြီး သတိအနေအထားဖြစ်နေသည်။

သူ၏ အတွေးထဲတွင် အမှတ်၂၉မှတ် တိုးလာခြင်းက မနည်းပေ။

ချီမော့က နက်နဲစွာ တွေးတောနေပြီး မျက်မှောင် အနည်းငယ် ကြုတ်နေသည်။

အစ်မ ကူဝမ်၏အဆင့်တွေက အမြဲတမ်း ကောင်းမွန်ထူးချွန်နေကြောင်းကို သူအမှတ်ရခဲ့သည်။

သို့ပေမယ့် ချီရှောင်ပိုင်ကတော့…

သားအဖနှစ်ယောက်၏ ကသိကအောက်ဖြစ်ဖွယ် အခြေအနေကြောင့် ရှန်းမူမူက ရင်တုန်နေသည်။

ချီမော့ရေ ချီမော့ သူ့ကို နည်းနည်းလောက် ချီးကျူးလိုက်ရင် ရှင်သေသွားမှာမလို့လား။

ချီအာရယ် နင်ပျော်ရင်လည်း နင့်အ‌ဖေလက်ကိုဆွဲပြီး သူ့ဘေးမှာ ဝိုင်းပတ်နေလိုက်ပါ့လား။ အသံတိတ်နေနေတဲ့ပုံစံက အရမ်းမိုက်တယ်လို့ တွေးထင်နေတာတော့ မဟုတ်ပါဘူးနော်။

ရှန်းမူမူက ထိုသားအဖနှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်သည်။

သူမ တစ်ခုခုပြောတော့မည့်အချိန်တွင်ပဲ ချီမော့က တစ်ခုခုကို ရှာတွေ့သွားသကဲ့သို့ သူ့မျက်ဝန်းတွေ နူးညံ့သွားသည်ကို တွေ့လိုက်လေသည်။

သူ၏ အေးစက်သည့်အရှိန်အဝါက လျော့ကျသွားကာ ချီရှောင်ပိုင်ကို ပြောလိုက်လေသည်။ “ဒီတစ်ခေါက် အများကြီး တိုးတက်လာတာပဲ၊ ဆက်ကြိုးစား။”

သူ့လေသံက အတည်ပြုချက်တို့ ပါဝင်နေသည်။

တွန့်ဆုတ်နေသည့် အတည်ပြုချက်ဖြစ်သော်လည်း အတည်ပြုချက် ဖြစ်နေဆဲ ဖြစ်သည်။

ချီရှောင်ပိုင်၏ ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူ့အမူအရာက မပြောင်းလဲသော်လည်း သူ့ရင်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲနေလေသည်။

သူကြားလိုက်တာ မှန်တယ်မလား။

အဖေ သူ့ကို ချီးကျူးလိုက်တာမလား။

ဆယ်ကျော်သက်ကောင်လေးက ကလေးနှင့် မတူလိုသဖြင့် သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ခေါင်းငုံ့ချလိုက်သည်။

မူလက စေ့စေ့ပိတ်ထားသည့် နှုတ်ခမ်းတွေက ပြုံးချင်နေသော်လည်း ထိန်းချုပ်ထားလေသည်။

သူက တိကျသေချာသည့်လေသံဖြင့် ပြောလိုက်သည်။ “အင်း၊ ကြိုးစားပါ့မယ်။”

ရှန်းမူမူက ချစ်ခင်သည့် မိခင်အသွင်ဖြင့် ပြုံးလိုက်သည်။

မှန်တယ်။ ဒီလိုဖြစ်သင့်တာလေ။

အကောင်းမြင်တဲ့အားပေးမှု၊ ယေး...။

ဖခင်ဖြစ်သူ အပေါ်ထပ်တက်သွားမှ ချီရှောင်ပိုင် စိတ်အေးသွားခဲ့သည်။

ချက်ချင်းပင် လူပြောင်းသွားသကဲ့သို့ နာခံတတ်သည့် ခွေးပေါက်လေးမှ စိတ်ကြီးဝင်သည့် ကြောင်ပေါက်လေးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

သူက ရှန်းမူမူကို ဆွဲလိုက်သည်။ “ကျွန်တော် ဘာသာတိုင်း အမှတ်တိုးလာတာ အံ့ဩဖို့ကောင်းတယ်မလား။”

ရှန်းမူမူ။ “...”

သူမက သူ့ကို စိတ်မပျက်စေချင်ပေ။ သူက အောက်ခြေမှ တိုးတက်လာသဖြင့် ကြီးမားသည့် တိုတက်မှုဖြစ်သည်။

သူမက သူ့ကို ချီးကျူးအားပေးခဲ့လေသည်။ “တော်တာပေါ့၊ အမှတ်တိုးလာလို့ ဆုချမယ်။”

ဆု ဟူသောစကားကိုကြားသည့်အခါ ချီရှောင်ပိုင်က တောင့်ခဲသွားလေသည်။

သူက လက်ကို ကြက်ခြေခတ်ပုံစံပြကာ ငြင်းဆန်ခဲ့သည်။

“အတွေးကို ကျေးဇူးတင်ပေမယ့် လက်မခံပါရစေနဲ့၊ ကြောက်တယ်။”

သူ့ကို သူမ ယခင်ကပေးထားသည့် မေးခွန်းဟောင်းများပင် သူ မပြီးသေးပေ။

သူ့အတိတ်ကို ပြန်အမှတ်မရချင်ပေ။

ရှန်းမူမူက မေးစေ့ပွတ်ကာ အပေါ်ထပ်ကို တက်သွားပြီး ပြောလိုက်သည်။ “အဲ့တာဆိုရင်လည်း ငါနဲ့ ပွဲမှာ အတူတူ မရပ်နဲ့ပေါ့။”

ချီရှောင်ပိုင်။ “...”

ဟင့်အင်း။

ဘယ်သူက ပွဲမှာ အတူတူရပ်လို့လဲ။

ဘာကိုဆိုလိုတာလဲ။

***

All Chapters