အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အပိုင်း ၄၉
နောက်ဆုံးတွင် စုရှီသည် သူတို့၏နေရာများကို ရှာတွေ့သောအခါ ရှီလင်းလင်းသည် ရောက်နှင့်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမသည် သက်ပြင်းတစ်ချက်ချကာ ရှီလင်းလင်း ဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏ဗိုက်ကို ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
"ဒီထဲမှာ လူတွေအပြည့်နဲ့ နင် ဘယ်လိုလုပ်ပြီး ထွက်လာနိုင်တာလဲ၊ ခေါင်းဆောင် ယန်ကို စိတ်အေးလက်အေး ထားခဲ့နိုင်လို့လား။"
ရှီလင်းလင်းသည် အဘွားချန်ထံသို့ နေကြာစေ့အချို့နှင့် မုန့်များကို ကမ်းပေးလိုက်သည်။ ချန်ရှန်းယွင်က ပြုံးလျက် လက်ခံပြီးနောက် ရှီလင်းလင်းက ပြန်ဖြေသည်။
"တကယ်တော့ ငါ့ကို လာခွင့်မပေးဘူး၊ ဒါပေမဲ့ နင်လာမယ်ကြားတော့ သူက စိတ်ချသွားပြီး လာခွင့်ပေးလိုက်တာ။"
စုရှီ - "…"
ရှီလင်းလင်းက လျှို့ဝှက်သောလေသံဖြင့် ပြောသည်။
"ဟေး၊ နင်သိလား။ ဒီပွဲအတွက် စစ်သည်ဇနီးတွေက အစီအစဉ်တစ်ခု ပြင်ဆင်ထားတယ်။"
စုရှီသည် မိသားစုဝင်းရှိ စစ်သည်ဇနီးများနှင့် သိပ်မရင်းနှီးသောကြောင့် မေးလိုက်သည်။
"အိုး ဟုတ်လား။ ဘာအစီအစဉ်လဲ။"
"သံပြိုင်သီဆိုမှု ဖျော်ဖြေပွဲတစ်ခုတဲ့။ စီမံခန့်ခွဲရတာ ပိုလွယ်တယ်လေ" ရှီလင်းလင်းက ရှင်းပြသည်။
စုရှီ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒါက ဖျော်ဖြေရေးအနုပညာအဖွဲ့ရဲ့ ဖျော်ဖြေမှုကို ငါပထမဆုံးအကြိမ် ကြည့်ဖူးတာပဲ။"
ရှီလင်းလင်းက အားတက်သရော် ခေါင်းညိတ်သည်။ "ငါရောပဲ။ မဟုတ်ရင် ဒီတစ်ခါ ငါလာဖို့ ဒီလောက်တောင် ပူဆာမှာမဟုတ်ဘူး…"
သူတို့သည် အကျိုးမရှိသော စကားများပြောဆိုနေကြရင်း ဆယ်မိနစ်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။
ပွဲမစခင် ငါးမိနစ်အလိုတွင် ယခင်က ဆူညံနေသော ပတ်ဝန်းကျင်သည်လည်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
စုရှီ ခေါင်းလှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းမှ လူတစ်စု ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ အသက် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်ရှိ အဘိုးအိုတစ်ဦးဖြစ်ပြီး အရပ်သိပ်မရှည်သော်လည်း ကိုယ်ဟန်အနေအထားက မတ်မတ်မားမားရှိသည်။ သူ၏ ရာသီဥတုဒဏ်ခံထားရသော မျက်နှာသည် အချိန်ကာလ၏ အပြောင်းအလဲကို ဖော်ပြနေသော အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် ပွဲကျင်းပရာနေရာသို့ လျှောက်လာရင်း လိုက်ပါလာသော ခေါင်းဆောင်ကျန်းနှင့် စကားပြောရန် ခေါင်းလှည့်လိုက်သည်။
စုရှီသည် သူတို့ကို ခေတ္တမျှ ကြည့်လိုက်သော်လည်း ချက်ချင်း ရှဲ့ကျန်းထံမှ ဆွဲဆောင်ခံလိုက်ရသည်။
ထိုအမျိုးသားသည် ၆၅-စတိုင် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူ၏ ၁၉၂ စင်တီမီတာ အရပ်အမောင်းနှင့်အတူ ပို၍ပင် ခန့်ညားထည်ဝါနေသည်။
သူမ၏ ချစ်သူသည် အမှန်ပင် ခန့်ညားလှသည်။ အနာဂတ်တွင် သူသည် ထူးချွန်ပြောင်မြောက်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။ စုရှီသည် ကံကောင်းသည်ဟု ခံစားရကာ လေးစားစွာဖြင့် သက်ပြင်းချလိုက်မိသည်။
ရှဲ့ကျန်းသည် မျက်နှာထားတင်းတင်းဖြင့် ခေါင်းဆောင်ကျန်း နောက်သို့ လိုက်ပါကာ ပထမတပ်ရင်းမှ ယန်အန်းနှင့် ဒုတိယတပ်ရင်းမှ ယန်ကောကျင့်တို့နှင့်အတူ တန်းစီရပ်နေသည်။
တစ်စုံတစ်ခုကို ခံစားမိသောကြောင့် ဖြစ်မည်၊ ရှေ့သို့တည့်တည့်ကြည့်နေခဲ့သော ထိုအမျိုးသားသည် ရုတ်တရက် စုရှီ ရှိရာဘက်သို့ ခေါင်းလှည့်လာသည်။
သူ၏ချစ်သူကို မြင်လိုက်ရသောအခါ ယခင်က တင်းမာနေပုံရသော ထိုအမျိုးသားသည် သူမထံသို့ ညင်သာစွာ ပြုံးပြလိုက်သည်။
ချောင်းကြည့်နေစဉ် အမိခံလိုက်ရသော စုရှီသည် အရှက်မရသွားခဲ့ပေ။ ထိုအစား သူမသည် သူမ၏ ချစ်သူထံသို့ ချိုမြိန်စွာ ပြုံးပြလိုက်ရာ သူမ၏ပုံစံသည် နွေးထွေးမှုများ ထုတ်လွှတ်နေပြီး ပန်းများထက်ပင် ပို၍နှစ်လိုဖွယ်ကောင်းနေသည်။
ရှီလင်းလင်းသည် ထိုစုံတွဲကြားမှ အကြည့်ချင်းဖလှယ်နေသည်ကို သတိပြုမိသွားပြီး တမင်တကာပင် စုပ်နှစ်ခါသပ်လိုက်သည်။ "ကြည့်တောင်မကြည့်ရဲတော့ဘူး။ နေ့ခင်းကြောင်တောင်ကြီးမှာများ ကြည့်ပါဦး—နင်တို့ မရှက်ကြဘူးလား။"
စုရှီသည် မျက်ဖြူလှန်လိုက်ပြီး ရှီလင်းလင်း၏ လက်ထဲမှ နေကြာစေ့များကို လုယူလိုက်ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံမှ အစားအစာလုယူသည့်အတွက် နောင်တရသည့်ပုံမပြပေ။
"ဘာတတ်နိုင်မှာလဲ။ ငါတို့က အချစ်ကြီးနေတဲ့စုံတွဲကိုး။ တချို့လူတွေလို အိမ်ထောင်သက်ရင့်နေတဲ့ စုံတွဲတွေမှ မဟုတ်တာ။"
ရှီလင်းလင်းသည် ရယ်မောကာ ဆူပူလိုက်သည်။ "အရှက်မရှိတဲ့ဟာမလေး။ ပြီးတော့ ဘယ်သူက အိမ်ထောင်သက်ရင့်နေတဲ့ စုံတွဲလဲ။ ငါ့အဘိုးကြီး ယန်နဲ့ ငါနဲ့က အခုထိ အရမ်းအဆင်ပြေနေတုန်းပဲ။"
စုရှီ သူမကို မဲ့ကြည့်လိုက်သည်။ "နင်က သူ့ကို အဘိုးကြီး ယန်လို့ ခေါ်နေမှတော့ နင်တို့က အိမ်ထောင်သက်ရင့်နေတဲ့ စုံတွဲ မဟုတ်လို့ ဘာလဲ။"
ရှီလင်းလင်းသည် စုရှီက သူမကို ဆွဲလိုက်ချိန်တွင် နောက်ထပ်ချေပရန် အံကြိတ်နေခဲ့သည်။
စုရှီသည် ရှေ့တန်းထိုင်ခုံများဆီသို့ ညွှန်ပြလိုက်သည်။ ရှီလင်းလင်း လှမ်းကြည့်လိုက်သောအခါ သူတို့ စကားနိုင်လုနေစဉ် ခေါင်းဆာင်များသည် ရှေ့တန်းတွင် နေရာယူနှင့်ပြီးဖြစ်ကြောင်း သိလိုက်ရသည်။
သူတို့၏ စကားနိုင်လုခြင်းကို ရှေ့မှ ခေါင်းဆောင်များ ကြားသွားမည်ကို စိုးရိမ်သောကြောင့် နှစ်ဦးစလုံးသည် ငြိမ်သက်သွားကာ မုန့်များကို တိတ်တဆိတ်စားရင်း မလှုပ်မယှက် ထိုင်နေကြသည်။
မကြာမီတွင် ဖျော်ဖြေပွဲသည် တရားဝင်စတင်ခဲ့သည်။ ကြီးမားသော အနီရောင်ကန့်လန့်ကာကို ဆွဲလိုက်ပြီးနောက် ကြေညာသူနှစ်ဦး ထွက်လာပြီး ပရိသတ်ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ခဲ့သည်။
ပထမဆုံးဖျော်ဖြေမှုမှာ စစ်သည်ဇနီးများ စုစည်းထားသော ကြီးမားသည့် သံပြိုင်သီဆိုမှုအဖွဲ့ဖြစ်သည်။
စုရှီသည် နေကြာစေ့များကို ဝါးစားရင်း စိတ်ဝင်တစား ကြည့်ရှုနေခဲ့သည်။
သူမသည် ပညာရှင်တစ်ဦးမဟုတ်သည့်အပြင် ပွင့်ပွင့်လင်းလင်းပြောရလျှင် ထိုဖျော်ဖြေမှုသည် ကောင်းသည်၊ မကောင်းသည်ကို မည်သို့မျှ အကဲဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
စင်ပေါ်ရှိ ဖျော်ဖြေသူများသည် ထိုခေတ်ကာလအတွက် ထူးခြားသော ရိုးသားမှုနှင့် စိတ်အားထက်သန်မှုကို ပြသနေသည်ဟု သူမခံစားမိသည်၊ ဒါသည် အနာဂတ်တွင် လူများစွာ ဆုံးရှုံးသွားခဲ့သည့် အရာတစ်ခုဖြစ်သည်။
စင်ပေါ်ရှိ ဖျော်ဖြေမှုများ တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်နှင့်အမျှ စုရှီသည် နောက်တန်းမှ စစ်သားများကဲ့သို့ အော်ဟစ်အားပေးခြင်းမပြုသော်လည်း သူမ၏နူးညံ့သော လက်များကို နီရဲလာသည်အထိ လက်ခုပ်တီးခဲ့သည်။
သူမ ရေအနည်းငယ်ဆာလာပြီး ရေဘူးကို ဖွင့်၍သောက်မည်ပြုစဉ်တွင် ရှေ့တန်း၌ ခေါင်းဆောင်များနှင့်အတူ ထိုင်နေခဲ့သော ရှီးယန်နန်က သူမထံသို့ ချဉ်းကပ်လာသည်။
ရှီးယန်နန်သည် အောက်သို့ထိုင်ချလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် ပါးမို့မို့များ နီရဲနေသော ညီမဖြစ်သူ၏ ပါးကို ပုတ်ကာ မေးလိုက်သည်။
"အစ်ကိုကြီး ဘယ်မှာလဲ။"
စုရှီ ခေါင်းလှည့်လိုက်ပြီး ပြောသည်။ "သူက ဒီမှာ…"
သူဘယ်ရောက်သွားသနည်း။ စုရှီသည် အဘွားချန် ဘေးရှိ လွတ်နေသော ထိုင်ခုံကိုကြည့်ကာ ခေတ္တရပ်တန့်သွားသည်။
စုရှီ အဘွားချန် ဘက်သို့ လှည့်ကြည့်လိုက်သည်။ "သူ ဒီမှာပဲ ရှိနေတာလေ။ အိမ်သာသွားတာများလား။"
အဘွားချန်သည် ဖျော်ဖြေပွဲတွင် စိတ်ဝင်တစား နစ်မျောနေခဲ့သည်။ သူမ၏ အသက်အရွယ်တွင် ဤမျှလှပသော ဖျော်ဖြေပွဲမျိုးကို တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
သူမမြေးဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ သူမသည် စင်မြင့်ပေါ်မှ မျက်စိမခွာနိုင်ဘဲ နောက်သို့မလှည့်ဘဲ ပြန်ဖြေသည်။
"ခုနလေးကပဲ လူငယ်တစ်ယောက် သူ့ကိုလာရှာတယ်။ မင်းအစ်ကိုကြီးကို တစ်ခုခုပြောသွားတယ်၊ ဒါပေမယ့် ဘာပြောသွားလဲတော့ ငါလည်း သေချာမကြားလိုက်ဘူး။"
ဤသည်ကို ကြားသောအခါ စုရှီသည် ယခင်နေ့က ဝမ်ရှင်း၏ သတိပေးစကားကို ရုတ်တရက် သတိရသွားပြီး သူမ၏နှလုံးသည် တစ်ချက်ခုန်သွားသည်။
သူမသည် ရှီးယန်နန် ဘက်သို့ လျင်မြန်စွာလှည့်ကာ မေးလိုက်သည်။
"ဖြစ်နိုင်ပါ့မလား ..?"
ရှီးယန်နန်၏ တင်းမာသော မျက်ခုံးများက တင်းကျပ်စွာ တွန့်ချိုးသွားသည်။ သူချစ်ရသောသူကို ပေါ်ပေါ်တင်တင် အလိုက်ခံနေရသည်ဟူသော ခံစားချက်သည် သူ့အား မနေ့ညကတည်းက ရှာလကာရည်စည်ပိုင်းထဲတွင် စိမ်ထားသကဲ့သို့ ခံစားရစေသည်—ပြင်းထန်သော ချဉ်စုတ်စုတ် ခံစားမှုပင်။
ဒေါသထွက်နေသော ရှီးယန်နန်သည် စုတုန်၏ လွတ်နေသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူ့ညီမကို ဆောင့်အောင့်ကာ ပြောလိုက်သည်။
"မင်းအစ်ကိုကြီးက မင်းလိုများ ထင်နေလား။"
စုရှီ နှုတ်ခမ်းစူလိုက်သည်… ဝေဖန်မှု၏ ဆိုလိုရင်းကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။
ကောင်းပြီ၊ သူမည်မျှ စိတ်ဆိုးနေသည်ကို ထည့်သွင်းစဉ်းစားကာ သူမသည် စိတ်သဘောထားကြီးကြီးထားပြီး ဤကိစ္စအတွက် ငြင်းခုံမနေရန် ဆုံးဖြတ်လိုက်သည်။
သို့သော် စဉ်းစားကြည့်လျှင် မနေ့ညကတည်းက သူမ၏ အစ်ကိုကြီးထံ အခြေအနေကို သတင်းပို့ထားပြီးဖြစ်သောကြောင့် သူ၏ ကောက်ကျစ်သောသဘာဝနှင့်အတူ သတိထားနေမည်မှာ သေချာသည်။
စုရှီသည် သူမ၏အာရုံကို စင်မြင့်ပေါ်သို့ ပြန်ပို့လိုက်သော်လည်း သူမ၏ အာရုံစူးစိုက်မှုမှာ အနည်းငယ် ကွဲပြားနေခဲ့သည်။
မိနစ်များ ကုန်လွန်သွားသော်လည်း သူမ၏အစ်ကိုကြီးသည် ပြန်မလာသေးပေ။
စုရှီနှင့် ရှီးယန်နန် နှစ်ဦးစလုံးသည် ဂနာမငြိမ်ဖြစ်လာကြသည်။
ရှီလင်းလင်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိပြီး စုရှီဆီသို့ ပိုနီးကပ်စွာ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ။"
စုရှီ ပြန်ဖြေမည်ပြုစဉ်တွင် အဝေးတစ်နေရာမှ စူးရှသော အမျိုးသမီးတစ်ဦး၏ အော်သံထွက်ပေါ်လာသည်။
"အား! လူယုတ်မာ!"
ထိုအချိန်တွင် စင်မြင့်သည် ဇာတ်ဝင်ခန်းပြောင်းလဲနေသည့် အလယ်တွင်ရှိပြီး အခြားအချိန်များတွင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်၌ ရုတ်တရက် အော်ဟစ်သံထွက်ပေါ်လာသောကြောင့် လူအများအပြားသည် အလိုအလျောက် ထရပ်ကာ အသံလာရာသို့ လှမ်းကြည့်ကြသည်။
ရှီးယန်နန်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး လျင်မြန်စွာ ပြေးထွက်သွားသည်။ ပို၍လျင်မြန်သော လူအချို့လည်း သူ့နောက်သို့ လိုက်ပါသွားကြသည်။
ရှီလင်းလင်းသည် စိုးရိမ်သောမျက်နှာဖြင့် ကြည့်နေသည်။
"ဘာဖြစ်နေတာလဲ။"
စုရှီသည် ရှင်းပြရန် အချိန်မရှိခဲ့ပေ။ သူမသည် ရှီလင်းလင်းကို လက်တစ်ဖက်ဖြင့် ဆွဲကာ အဘွားချန်ကို အခြားတစ်ဖက်ဖြင့် ထိန်းထားလိုက်သည်။ သူတို့ကို ယန်အန်း ထံသို့ ပို့ဆောင်ပေးပြီးနောက် သူမသည် ရှဲ့ကျန်းကို ဆွဲကာ အလျင်အမြန် ထွက်သွားခဲ့သည်။
ကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး မွေးရာပါ အသားအရေညိုမည်းသော ခေါင်းဆောင်ကျန်းသည် ထိုအချိန်တွင် ပို၍ပင် မျက်နှာမည်းမှောင်နေသည်။
အဆင့်မြင့်အရာရှိကြီးက ခေါင်းဆောင်ကျန်း၏လက်ကို ပုတ်ကာ ပြောလိုက်သည်။
"ခဏစောင့်ကြည့်ကြရအောင်။ အပြင်မှာ စစ်သားတွေအများကြီးရှိနေတာပဲ၊ မကြာခင် ဘာဖြစ်နေလဲဆိုတာ ငါတို့ သိရမှာပါ။"
.......
လွန်ခဲ့သည့် ဆယ်မိနစ်ခန့်က စုတုန်အား မရင်းနှီးသော စစ်သားငယ်တစ်ဦးက ဆေးရုံအုပ်ကြီးက သူ့ကို လိုအပ်သည်ဟု ဆိုကာ ခေါ်ထုတ်သွားခဲ့သည်။ သူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အလိုလို သိရှိလိုက်သော်လည်း အထူးသဖြင့် သူ့ညီမ၏ သတိပေးချက်နှင့် ကိုယ်ပိုင်သဝန်တိုစိတ်များကြောင့် အခြေအနေကို ရှင်းလင်းအောင် လုပ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် အပြင်ပန်းတွင် စိုးရိမ်ပူပန်မှု တစ်စုံတစ်ရာ မပြဘဲ ထိုစစ်သားနောက်သို့ လိုက်ပါသွားခဲ့သည်။
အမှန်စင်စစ်၊ ဖျော်ဖြေပွဲကျင်းပရာနေရာနှင့် မီတာ ၂၀ ခန့်အကွာတွင် သူသည် ထူးဆန်းသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ကျင်းလင်လင်သည် ဒေါသထွက်နေခဲ့သည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူမအတွက် မည်သည့်အရာမျှ အဆင်မပြေခဲ့ဘဲ ဟုန်ကျွင်း ကျွန်းသည် သူမအတွက် ကျိန်စာသင့်နေတာလားဟု တွေးမိနေသည်။ သူမသည် ဝမ်ရှင်း၏နေရာတွင် အစားထိုးကာ စင်ပေါ်တက်ရန် ပြင်ဆင်နေစဉ် အနုပညာအဖွဲ့ခေါင်းဆောင်က ခေါ်ယူ၍ ဆူပူကြိမ်းမောင်းခြင်း ခံခဲ့ရသည်။
သူမ၏ မိသားစုဂုဏ်သိက္ခာကို အမြဲတစေ ကြွားဝါလေ့ရှိသော်လည်း၊ အနုပညာအဖွဲ့ထဲမှ သူမ၏ အပြုအမူများကို မိသားစုက သိရှိသွားပါက သူမ၏ အကျိုးဆက်သည် ကောင်းမွန်လိမ့်မည် မဟုတ်ကြောင်း သူမ သိရှိနေသည်။
သူမကို ဒေါသအထွက်စေဆုံး အရာမှာ သူမ မုန်းတီးသော အမျိုးသမီး ဝမ်ရှင်းသည် သူမ၏ ဒဏ်ရာရနေသော လက်ကောက်ဝတ်ကို အချိန်တိုအတွင်း ကုသနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ကျင်းလင်လင်သည် ဝမ်ရှင်း တွင် တစ်စုံတစ်ရာသော မှော်အတတ် သို့မဟုတ် လှည့်ကွက်တစ်ခုခု ရှိနေနိုင်သည်ဟုပင် သံသယဝင်ခဲ့သည်။
အရှုံးမပေးရန် ဆုံးဖြတ်ထားသော ကျင်လင်လင်း သည် နောက်ထပ် အကွက်တစ်ခု ရွှေ့ရန် ကြိုးစားခဲ့သည်။ သို့သော် အဖွဲ့ခေါင်းဆောင်က သူမအား အနီးကပ်စောင့်ကြည့်ရန် လူတစ်ယောက်ကို တာဝန်ပေးထားသောကြောင့် ဝမ်ရှင်းထံသို့ လုံးဝ မချဉ်းကပ်နိုင်ခဲ့ပေ။
နောက်ဆုံး ကောက်ရိုးတစ်မျှင်မှာ အုပ်စုဖွဲ့အကမှ ထုတ်ပယ်ခံရခြင်းဖြစ်ပြီး သူမအား ဖျော်ဖြေမှု တစ်ခုမျှ မရှိစေတော့ပေ။ ဤအချက်က သူမအား ရူးမတတ် ဖြစ်စေခဲ့သည်။
ဤအချိန်တွင် သူမ၏ လက်ပါးစေက စုတုန့် ထံသို့ သူမ၏ ခံစားချက်များကို ဖွင့်ဟဝန်ခံရန် ဤအခွင့်အရေးကို အသုံးချသင့်ကြောင်း အကြံပြုခဲ့သည်။
ကျင်းလင်လင်သည် ဒါက ကောင်းမွန်သော အကြံဉာဏ်တစ်ခုဟု တွေးလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူမလက်ပါးစေ၏ အကြံပြုချက်ကို ဝေဖန်ခြင်း မပြုခဲ့ပေ။ ထို့ကြောင့် စုတုန်သည် အပေါ်ဘက်မှ နည်းလမ်းအတိုင်း ခေါ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။
ရွှေဝါရောင် ဆောင်းဦးနေခြည်သည် ထိုအမျိုးသားပေါ်သို့ ပျင်းရိစွာ ကျရောက်နေကာ မူလကတည်းက ထူးကဲစွာ ခန့်ညားသော စုတုန့်အား ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။
စိတ်ညှို့ခံထားရသည့် ကျင်းလင်လင်သည် မီတာအနည်းငယ်အကွာတွင် ရပ်နေသော စုတုန်၏ အရပ်မြင့်ပြီး ကျက်သရေရှိသော ပုံရိပ်ကို စိုက်ကြည့်နေမိသည်။ စစ်ယူနီဖောင်းဝတ်ထားသော စုတုန်သည် ယခင်နေ့ကထက်ပင် ပိုမို၍ ကြည့်ကောင်းနေသည်ဟု သူမ ခံစားမိသည်။
ခဏအကြာတွင် သူမသည် ရှက်ရွံ့စွာဖြင့် ခေါင်းကိုငုံ့ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ထို့နောက် သူမသည် စုတုန်နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။
ကျင်းလင်လင်၏ မျက်နှာသည် တင်းမာသွားသည်။ သူမ ရှေ့သို့ နောက်တစ်လှမ်း ထပ်တိုးလိုက်ရာ တစ်ဖက်မှ အမျိုးသားသည် နူးညံ့သော အမူအရာဖြင့် နောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်သွားပြန်သည်။
ကျင်းလင်လင် - …
စုတုန်သည် နွေးထွေးသော အမူအရာကို ဆက်ထိန်းသိမ်းထားပြီး ထိုအမျိုးသမီး၏ အနေရခက်မှုကို သတိမမူမိဟန်ဖြင့် ညင်သာစွာ ပြောလိုက်သည်။
"ဒီရဲဘော်က ကျွန်တော့်ဆီက ဘာအလိုရှိလို့လဲ မသိဘူး"
ကျင်းလင်လင်သည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ထိုအမျိုးသားက သူမကို ရှောင်ဖယ်သွားခဲ့သော အစောပိုင်းက မြင်ကွင်းကို မေ့ဖျောက်ရန် ကြိုးစားလိုက်သည်။
သူမသည် ပြုံးပြရန် ကြိုးစားလိုက်ရာ သူမ၏ မျက်ဝန်းများသည် အဆုံးမရှိသော ချစ်ခင်မြတ်နိုးမှုများဖြင့် တောက်ပနေဟန်ရှိသည်။ သူမသည် နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။
"ဒေါက်တာ စု၊ ဟယ်လို။ ကျွန်မနာမည်က ကျင်းလင်လင်ပါ၊ အနုပညာအဖွဲ့က ကချေသည်တစ်ယောက်ပါ။ ကျွန်မက C မြို့ကပါ။ ရှင်နဲ့ ဒေါက်တာ စုရှီတို့က စစ်မှုထမ်းတွေဖြစ်နေတာ တိုက်ဆိုင်လိုက်တာ။ ကျွန်မမိသားစုကလည်း စစ်တပ်ထဲကပဲ။ ကျွန်မအဘိုးက တပ်မဟာမှူးတစ်ယောက်ပါ။ မနေ့က ဟုန်ကျွင်း ကျွန်းကိုရောက်တော့ ဆေးရုံမှာ ရှင့်ကို တွေ့လိုက်တယ်..."
ကျငလင်လင် စကားပြောနေစဉ်တွင် စုတုန်ထံသို့ အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပို့လွှတ်လိုက်သော်လည်း ယဉ်ကျေးသော အပြုံးမှလွဲ၍ သူ့မျက်နှာပေါ်တွင် အခြားမည်သည့် စိတ်ခံစားချက်ကိုမျှ သူမ မတွေ့မြင်နိုင်ခဲ့ပေ။
သူမ၏ မျက်ဝန်းများ လက်ခနဲဖြစ်သွားပြီး စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ဆက်ပြောလိုက်သည်။
"ကျွန်မတို့နှစ်ယောက်က အရမ်းလိုက်ဖက်တယ်လို့ ထင်တယ်။ ရှင်သာ စိတ်ဝင်စားမယ်ဆိုရင် ကျွန်မတို့ အကောင်းဆုံး တော်လှန်ရေးရဲဘော်တွေ ဖြစ်လာနိုင်မယ်လို့ ယုံကြည်တယ်"
ကျင်းလင်လင်သည် အချို့သော ကိစ္စရပ်များတွင် အမှန်တကယ်ပင် အထင်မသေးသင့်သောသူ ဖြစ်သည်။ ဥပမာအားဖြင့်၊ ရှေးရိုးစွဲဆန်သော ဤခေတ်ကြီးတွင် သူမနှစ်သက်သောသူတစ်ယောက်ကို လိုက်လံပိုးပန်းသည့်အခါ သူမ၏ အားသာချက်များကို ထုတ်ပြပြီး သူမ၏ ရည်ရွယ်ချက်ကို တည့်တိုးသိသာစေလိမ့်မည် ဖြစ်သည်။
စုတုန်သည် ထိုမိန်းကလေး၏ ဖွင့်ဟဝန်ခံမှုကြောင့် စိတ်လှုပ်ရှားခြင်း မရှိဘဲ သူ၏အကြည့်များသည် ထိုအမျိုးသမီးငယ်အား ရှုခင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ သဘောထားသည့်အလား လျစ်လျူရှုထားသည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ ချစ်သူရှိပြီးသားပါ"
ကျင်းလင်လင်သည် သူမ၏ စိတ်သဘောထားကြီးမှုကို ပြသကာ ဇွဲမလျှော့ဘဲ ဆက်ပြောသည်။
"ကျွန်မ စိတ်မဆိုးပါဘူး။ ပြီးတော့ ငှက်ကောင်းတွေက နားခိုဖို့ အကောင်းဆုံးသစ်ပင်ကို ရွေးချယ်တတ်ကြတာပဲ၊ အိမ်ထောင်ရေးကလည်း ခြွင်းချက်မဟုတ်ဘူးလေ။ ကျွန်မက အရာရာမှာ ထူးချွန်ပြီး ရှင့်ရဲ့ လက်ရှိချစ်သူထက် ရှင်နဲ့ ပိုပြီးလိုက်ဖက်မယ်လို့ ယုံကြည်တယ်"
စုတုန်သည် သူ၏ ငြင်းဆိုမှုကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် လာခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုမိန်းကလေး၏ ဆက်ဆံရေးအပေါ် ချဉ်းကပ်ပုံကို မနှစ်သက်သော်လည်း၊ သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး မငြင်းခုံခဲ့ပေ။ သူတို့နှစ်ဦးသည် ကောင်းစွာမသိကျွမ်းသောကြောင့် နောက်ထပ် ရှင်းပြရန် မလိုအပ်ပေ။
သူက ထပ်ပြောလိုက်သည်။ "ရဲဘော် ကျင်း၊ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူကြားက ဆက်ဆံရေးက အရမ်းကောင်းပါတယ်။ တခြားပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
ထိုသို့ပြောပြီးနောက် စုတုန်သည် လှည့်ထွက်ကာ လျှောက်သွားတော့သည်။
ကျင်းလင်လင်သည် ထိတ်လန့်တကြားဖြင့် သူ့နောက်သို့ လှမ်းအော်လိုက်သည်။
"ကျွန်မမိသားစုကို ရှင့်ကို ရှာခိုင်းမှာ မကြောက်ဘူးလား"
စုတုန်သည် နောက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ အပြုံးသည် လမ်းလွဲနေသော ကလေးငယ်တစ်ဦးကို ပြောဆိုနေသကဲ့သို့ နူးညံ့ပြီး နားလည်မှုပေးသော အပြုံးမျိုး ဖြစ်သည်။
"ကျေးဇူးပြုပြီး ပြန်ပါတော့"
ကျင်းလင်လင်သည် နောက်တစ်ချက်မျှ လှည့်မကြည့်ဘဲ ထွက်ခွာသွားသော ထိုအမျိုးသားကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ သူမ၏ အစောပိုင်းက စွဲလမ်းမှုသည် လျင်မြန်စွာပင် ဒေါသသို့ ပြောင်းလဲသွားသည်။ သူမ၏ တန်ဖိုးကို မမြင်နိုင်သော ထိုအမျိုးသားအား သူမ ဒေါသထွက်နေမိသည်။ ဒေါက်တာ စုတုန်သည် မိဘများ ကွယ်လွန်သွားပြီဖြစ်သော သာမန်လူတစ်ယောက်သာဖြစ်ကြောင်း သူမ သိရှိပြီးသားဖြစ်သည်။
အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၅၀
ယခင်က ကျင်းလင်လင်သည် ဤသို့သော နှိမ့်ကျသော နောက်ခံမှ အမျိုးသားတစ်ဦးကို လက်ထပ်ရန် ဘယ်သောအခါမှ စဉ်းစားခဲ့မည် မဟုတ်ပေ။ သူမသည် ကျင်းမိသားစုက သူမအား အလေးထားစေရန်အတွက် သူမထက် ရာထူးပိုမြင့်သော ထင်ရှားကျော်ကြားသည့် မိသားစုတစ်ခုသို့ အိမ်ထောင်ပြုရန် အမြဲတမ်း ဆန္ဒရှိခဲ့သည်။
သို့သော် စုတုန်သည် အလွန်အမင်း ခန့်ညားလွန်းသည်။ သူ့အတွက်ဆိုလျှင် သူမသည် အဆင့်မြင့်မိသားစုမှ ချမ်းသာသော ဇနီးတစ်ယောက်၏ဘဝကို စွန့်လွှတ်ရန် ဆန္ဒရှိသည်။ အဘယ်ကြောင့် သူသည် ဤမျှလောက် ခေါင်းမာရသနည်း။
ထို့အပြင် သူတို့သည် နောက်တစ်နေ့တွင် ကျွန်းမှ ထွက်ခွာကြတော့မည်ဖြစ်ပြီး နောက်တစ်ကြိမ် ဘယ်အချိန်တွင် ပြန်တွေ့မည်ကို မည်သူသိနိုင်မည်နည်း။ သူမတွင် ဖြည်းဖြည်းချင်း ချဉ်းကပ်ရန် အခွင့်အရေးပင် ရရှိလိမ့်မည် မဟုတ်ပေ။
နောက်တစ်ကြိမ် ပြန်တွေ့သည့်အခါ သူသည် အိမ်ထောင်ကျပြီး ကလေးများပင် ရှိနေလျှင်ကော။
ထိုအဖြစ်အပျက်ကို တွေးလိုက်မိသည်က ဓားတစ်ချောင်းကဲ့သို့ သူမ၏ နှလုံးသားကို ထိုးစိုက်လိုက်သဖြင့် သူမ အသက်ရှူမှားသွားရသည်။
ထိုအတွေးသည် အလွန်နာကျင်ပြီး ပြင်းထန်လွန်းသောကြောင့် သူမကို ရူးသွပ်သွားစေသည်။
ကျင်းလင်လင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ မည်သူမျှ မမြင်ကြောင်း သေချာစေလိုက်သည်။ စိတ်ပိုင်းဖြတ်ပြီးနောက် သူမ အံကြိတ်ကာ သူ့နောက်သို့ အလျင်အမြန် လိုက်သွားလိုက်သည်။
သူမ သူ့နောက်သို့ လိုက်နေစဉ်တွင် သူမ၏ အဝတ်အစားများကို ဆွဲဖြဲကာ ဖရိုဖရဲဖြစ်အောင် လုပ်နေခဲ့သည်။ စုတုန့် သည် သူမ၏ ခြေသံကို ကြား၍ လှည့်ကြည့်လိုက်သောအခါ သူမသည် သူမ၏ အဝတ်အစားများကို ညီညာမှုမရှိအောင် ဆွဲဖြဲထားပြီး လည်ပင်းတွင်လည်း အနီကွက်အချို့ကိုပင် ပြုလုပ်ထားပြီး ဖြစ်နေသည်။
အကယ်၍ စုတုန်သည် ယခင်က ကျင်းလင်လင်အား အတိုင်းအတာတစ်ခုအထိ ကျက်သရေရှိသော အမျိုးသမီးတစ်ဦးအဖြစ် မြင်ခဲ့ပါက ဤအချိန်တွင်မူ သူမ၏ ရည်ရွယ်ချက်ကို သိရှိသွားသောအခါ သူ၏ အမူအရာသည် အေးစက်သွားပြီး စက်ဆုပ်ရွံရှာသွားသည့်အထိ ဖြစ်သွားသည်။
သူသည် ယခုအခါတွင် သူမ၏ ဆံပင်ကို အရူးအမူး ဖရိုဖရဲဖြစ်အောင်လုပ်ကာ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ရူးသွပ်မှုတို့ ရောနှောနေသော အကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေသော ကျင်လင်လင်း အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
စုတုန်၏ နှုတ်ခမ်းပေါ်တွင် ခပ်ရေးရေး အပြုံးတစ်ခု ပေါ်လာသော်လည်း ယခုအခါတွင် အေးစက်မှုတို့ဖြင့် ရောနှောနေသည်။ သူ၏ လေသံသည် တည်ငြိမ်နေပြီး သူက ပြောလိုက်သည်။
"မင်းအဝတ်အစားတွေကို ဆွဲဖြဲပြီး ကိုယ့်ကိုယ်ကိုယ် အမှတ်အသားတွေလုပ်ရုံနဲ့ ငါ့ကို တာဝန်ယူအောင် လုပ်နိုင်မယ်လို့ ထင်နေတာလား"
ကျင်းလင်လင်သည် သူမ၏ မိသားစု အရှုပ်တော်ပုံကို ဖော်ထုတ်ရန် မကြောက်ဘဲ မေးစေ့ကို ချီလိုက်သည်။
"ဟုတ်တာပေါ့။ ငါ့အမေက ကျင်း မိသားစုထဲကို ဒီနည်းနဲ့ပဲ ဝင်လာခဲ့တာ။ ငါသာ လိုချင်ရင် ပြီးတော့ ပြဿနာရှာလိုက်မယ်ဆိုရင် နင့်မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိလိမ့်မယ်"
စုတုန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ၏ အမူအရာသည် အနည်းငယ် အံ့ဩရယ်မောဟန် ပေါ်နေသည်။
"ဒါဆို ဒါက မိသားစုအစဉ်အလာတစ်ခုပဲကိုး"
ထို့နောက် ကျင်းလင်လင်၏ ဒေါသတကြီး စိုက်ကြည့်မှုအောက်တွင် သူက ဆက်ပြောလိုက်သည်။
"ငါ ခန့်မှန်းကြည့်ရအောင်၊ တစ်ခုက မင်းကို လက်ထပ်တာ၊ နောက်တစ်ခုက ထောင်ကျတာ၊ ဟုတ်တယ်မလား"
ထိုအမျိုးသားသည် မျှော်လင့်ထားသလို ကြောက်ရွံ့ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မပြသောကြောင့် ကျင်းလင်လင် အနည်းငယ် တွန့်ဆုတ်သွားသည်။
ထို့နောက် သူမ နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။
"နင်က ငါ့ကို ဒီလိုလုပ်အောင် တွန်းအားပေးနေတာ။ နင့်ချစ်သူနဲ့ ဖြတ်ပြီး ငါနဲ့အတူရှိဖို့ သဘောတူရင် ငါ အော်တာကို ရပ်လိုက်မယ်"
စုတုန်က ထပ်အတည်ပြုလိုက်သည်။ "မင်းတကယ် အော်ချင်တာ သေချာလား"
ကျင်းလင်လင် အံကြိတ်ကာ ပြောလိုက်သည်။
"ဒါဆို နင် သဘောတူလား၊ မတူဘူးလား"
စုတုန်သည် ဤသို့သော လူနှင့် နောက်ထပ် စကားတစ်ခွန်းမျှ မပြောလိုတော့ပေ။ ထို့ကြောင့် သူ လှည့်ထွက်သွားတော့သည်။
ကျင်းလင်လင်၏ မျက်လုံးများတွင် ဒေါသအရိပ်အရောင်များ လက်ခနဲဖြစ်သွားသည်။ ဤမျှ ကောင်းမွန်သော အမျိုးသားတစ်ယောက်သည် သူမနှင့် အတူရှိမည့်အစား ထောင်ကျရန်ကို ပို၍ ရွေးချယ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ကျင်းလင်လင်သည် တစ်စုံတစ်ခုကို မရရှိလေလေ၊ သူမ၏ လက်ထဲသို့ ပို၍ လိုချင်လေလေ ဖြစ်သော လူစားမျိုး ဖြစ်သည်။
ယခင် အကြိမ်ပေါင်းများစွာကဲ့သို့ပင် ဤအခိုက်အတန့်တွင် သူမ၏ မျက်ဝန်းများသည် အရူးအမူး ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေသည်။
"အား! လူယုတ်မာ!"
ရှီးယန်နန်သည် ပထမဆုံး ပြေးလာသူဖြစ်သည်။ သူသည် စုတုန်အား စိုးရိမ်တကြီးဖြင့် အပေါ်အောက် ကြည့်လိုက်ပြီး သူ၏ ချစ်သူ ဘာမှမဖြစ်ကြောင်း တွေ့မှ ခြေလှမ်းအနည်းငယ်အကွာတွင် ပြဿနာရှာနေသော အမျိုးသမီးထံသို့ ပြင်းထန်သော အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။
သူသည် ထိုအမျိုးသမီး၏ အရုပ်ဆိုးသော ပုံစံမှ သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သိမြင်နိုင်သည်။
ရှီးယန်နန်၏ မျက်လုံးများသည် အေးစက်သော လူသတ်လိုသည့် အရိပ်အယောင်များဖြင့် လည်သွားပြီး ထိုအကြည့်သည် အမှန်တကယ် သွေးမြင်ဖူးသူတစ်ယောက်သာ ပိုင်ဆိုင်နိုင်သော အကြည့်မျိုး ဖြစ်သည်။ သူသည် ကျင်းလင်လင်အား အလောင်းကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ အေးစက်စွာ စိုက်ကြည့်နေသည်။
ကျင်းလင်လင်သည် ဤသို့ ပြင်းထန်သော လူသတ်လိုသည့် စိတ်ရိုင်းကြောင့် ကြောက်လန့်သွားပြီး အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
သူမရှေ့မှ အမျိုးသားသည်လည်း ထူးချွန်ပြီး အိတ်ကပ်လေးလုံးပါ အရာရှိတစ်ဦး ဖြစ်သော်လည်း၊ သူမသည် ဒေါက်တာ စုတုန်၏ လူကြီးလူကောင်းဆန်သော အမူအရာကို ပို၍ နှစ်သက်နေဆဲဖြစ်သည်။
ဤသို့တွေးမိသောအခါ သူမသည် သူမ၏ ယခင်ခြိမ်းခြောက်မှုများကို လုံးဝမေ့သွားဟန်တူပြီး စုတုန့်ထံမှ အကာအကွယ်ကို တောင်းခံသည့်အလား မျက်ရည်များ ပြည့်နေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်သည်။
ရှီးယန်နန်သည် ထိုအမျိုးသမီးကို အလွန်အမင်း စက်ဆုပ်ရွံရှာသွားပြီး သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားသည်။
အကယ်၍ စုတုန်က သူ့အား အဆက်မပြတ် စိတ်အေးစေရန် ပြောဆိုပြီး သူ၏ ကျောကို ညင်သာစွာ ပုတ်မပေးခဲ့ပါက၊ သူသည် စိတ်မထိန်းနိုင်ဘဲ ထိုအမျိုးသမီးကို လက်သီးဖြင့် မထိုးလောက်ဘူးဟု အာမမခံနိုင်ပေ။
ခဏအကြာတွင် သူသည် မျက်လုံးများကိုမှိတ်ကာ လွှမ်းမိုးနေသော ဒေါသကို ထိန်းချုပ်လိုက်ပြီး စုတုန်ကို ဆွဲကာ လှည့်ထွက်သွားစဉ် ဘာစကားမျှ မပြောခဲ့ပေ။
ကျင်းလင်လင်သည် ဤမျှလောက်သော အရှုပ်အထွေးကို ပြုလုပ်ပြီးနောက် သူတို့ကို ထွက်သွားခွင့်ပြုရန် ဆန္ဒမရှိခဲ့ပေ။ ကြောက်ရွံ့နေသော်လည်း သူမသည် နောက်မှလိုက်ကာ ငိုယိုပြီး ပြဿနာရှာနေသည်။
စုတုန်သည် ဒေါသဖြင့် လောင်ကျွမ်းလုနီးပါး ဖြစ်နေသော ရှီးယန်နန်ကို ဆွဲလိုက်ပြီး အနည်းငယ် ပျော်ရွှင်ဟန်ဖြင့် ပြောလိုက်သည်။
"ခဏစောင့်ဦး၊ ငါတို့ ဒီကိစ္စကို သေချာဖြေရှင်းဖို့ လိုတယ်"
ရှီးယန်နန်သည် သူ၏ ပါတနာကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။
စုတုန်သည် ရှီးယန်နန်၏ ဆုပ်ကိုင်ထားသော သူ၏ လက်ကို ရုတ်သိမ်းလိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ စိတ်အေးစေရန် ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး"
ဤအချိန်တွင် စုရှီနှင့် အခြားသူများလည်း ရောက်ရှိလာကြသည်။ အဝေးမှ ရှဲ့ကျန်းသည် ရှီးယန်နန်က စုတုန်၏ လက်ကို ကိုင်ထားသည်ကို သတိပြုမိသွားပြီး သူ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။
ဤသည်မှာ အစ်ကိုကြီးနှစ်ယောက် လက်ချင်းကိုင်ကြသည်မှာ ပထမဆုံးအကြိမ်လား။
သူ အတွေးလွန်နေခြင်းလား။
ရောက်ရှိလာသူများသည် စစ်အရာရှိများချည်းဖြစ်ပြီး တစ်ဒါဇင်ကျော် ရှိသည်။ ဖရိုဖရဲနှင့် မျက်ရည်စက်လက်ဖြင့် ဖြစ်နေသော ကျင်းလင်လင်ကို မြင်သောအခါ လူတိုင်း အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားကြသည်။
သူတို့၏ ကျွန်းပေါ်တွင် စစ်သားများ ပါဝင်ပတ်သက်သော ဤသို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည်ကို သူတို့ မယုံကြည်နိုင်ခဲ့ကြပေ။
ဧည့်ခံရေး တာဝန်ခံ တပ်ရင်းမှူး ယန်ကောကျင့်သည် သူ့ရှေ့မှ ဖရိုဖရဲနှင့် ငိုယိုနေသော အမျိုးသမီးကို ကြည့်ကာ ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသည်။
သေစမ်း၊ သူသည် တစ်လလုံး အလုပ်များနေခဲ့ပြီး မည်သည့်ပြဿနာမျှ မဖြစ်ပွားစေရန် အထူးသတိထားနေခဲ့သည်။ ယခုမူ ဤမိန်းကလေးများ မနက်ဖြန် ထွက်ခွာတော့မည်ဖြစ်သော်လည်း ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ဒါက လုံးဝ စိတ်ပျက်စရာကောင်းလှသည်။
သူသည် ကျင်းလင်လင်၏ ငိုယိုတိုင်တန်းမှုများကို ခေတ္တနားထောင်ပြီးနောက် စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။
"တော်ပြီ၊ ဖျော်ဖြေပွဲက ပြီးတော့မယ်။ မင်းက ဒေါက်တာ စုတုန်က မင်းကို စော်ကားတယ်လို့ ပြောနေမှတော့ မင်းမှာ သက်သေရှိလား"
သောက်ကျိုးနည်း၊ သူသည် ကြမ်းတမ်းသော်လည်း တုံးအသူတော့ မဟုတ်ပေ။ ဒေါက်တာ စုတုန်က သူမကို စော်ကားတယ် ဟုတ်လား။ အဲ့လို လုပ်ဖို့ရော တန်ရဲ့လား။
သူသည် သူမ၏ လျင်မြန်သော မျက်လုံးများကို ကြည့်လိုက်ပြီး သူမက သူ့ကို ဖြားယောင်းရန် ကြိုးစားပြီးနောက် တစ်စုံတစ်ခုဖြင့် စွပ်စွဲရန် ကြံစည်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
သူသည် မှန်ကန်စွာ ခန့်မှန်းနိုင်သော ထူးခြားသည့် စွမ်းရည်ရှိသည်ဟု ဆိုရမည်။ အသက်သုံးဆယ်အရွယ်တွင် တပ်ရင်းမှူးဖြစ်လာနိုင်သူ မည်သူမျှ မိုက်မဲသူ မဟုတ်ပေ။
ယန်ကောကျင့်သည် တစ်ဖက်သတ် စကားများကို ယုံကြည်မည် မဟုတ်သည်မှာ ထင်ရှားသည်။ ထို့နောက် သူသည် ကြည်လင်သော မျက်ဝန်းများဖြင့် နူးညံ့သိမ်မွေ့သော စုတုန်ကို ကြည့်ကာ အနည်းငယ် ပျော့ပြောင်းသော လေသံဖြင့် ပြောလိုက်သည်။
"ဒေါက်တာ စုတုန်၊ ခင်ဗျား ဘာပြောချင်လဲ"
စုတုန်က ခေါင်းခါလိုက်သည်။ "ကျွန်တော် သူ့ကို မထိခဲ့ပါဘူး။ သူက ကျွန်တော့်ကို သဘောကျကြောင်း ဖွင့်ပြောခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်မှာ ချစ်သူရှိပြီးသားဖြစ်လို့ ငြင်းလိုက်တယ်။ အဲဒီနောက်မှာ သူက လက်မခံဘဲ ပြဿနာရှာပြီး ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့တယ်"
ကျင်းလင်လင်သည် ရုတ်တရက် မျက်နှာကို အုပ်ကာ ဝမ်းနည်းပူဆွေးစွာ ငိုယိုလိုက်သည်။
"ကျွန်မ မလုပ်ပါဘူး! ကျွန်မက ကျင်း မိသားစုကပါ။ ကျွန်မအဘိုးက ဗိုလ်မှူးကြီးတစ်ယောက်ပါ။ ကျွန်မက တကယ့်ကို သာမန်ဒေါက်တာလေးတစ်ယောက်ကို သွားကြိုက်ပါ့မလား။ ရှင်က ကျွန်မကို စော်ကားပြီး အခု ကျွန်မကို အသရေဖျက်နေတာ။ ဟင့်... ကျွန်မ အသက်မရှင်နိုင်တော့ဘူး..."
ယန်ကောကျင့်သည် လျှာတစ်ချက်သပ်ကာ ကျင်းလင်လင်းး၏ အလွန်ဒရာမာဆန်သော ပြောဆိုမှုများကို လျစ်လျူရှုလိုက်သည်။
သူသည် ဒေါက်တာ စုတုန်ကို သေချာပေါက် ယုံကြည်သည်။ သို့သော် ဤအမျိုးသမီးသည် အနုပညာအဖွဲ့မှ ဖြစ်သောကြောင့် တိုက်ရိုက် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။
ထို့ကြောင့် သူသည် သူ၏ အစောင့်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ရှောင်ကျန်း၊ အဖွဲ့ခေါင်းဆောင် ခေါင်းဆောင် မာကို ငါ့ရုံးခန်းထဲ ခေါ်ခဲ့"
ညွှန်ကြားချက်များ ပေးပြီးနောက် ယန်ကောကျင့်သည် လူတိုင်းကို ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်လုံးရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲနေတဲ့အတွက် တရားမျှတမှုရှိစေဖို့ ခေါင်းဆောင် မာကို ခေါ်ထားတယ်။ အခု ငါတို့အားလုံး ရုံးခန်းကို သွားကြရအောင်။ ငါ ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးမယ်"
သူ စကားပြောနေစဉ်တွင် ယန်ကောကျင့်သည် လူနှစ်ဦးစလုံးကို တင်းမာသော အကြည့်ဖြင့် စိုက်ကြည့်ကာ နောက်ဆုံးတွင် သတိပေးလိုက်သည်။
"ဒါပေမယ့် ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်၊ တကယ်လို့ တချို့လူတွေ အခုရပ်လိုက်မယ်ဆိုရင် ဟုန်ကျွင်း ကျွန်းမှာ ဒီကိစ္စကို ငါတို့ ဆက်မလုပ်တော့ဘူး။ ဒါပေမယ့် မှားယွင်းမှုတစ်ခုခုကို တွေ့ရှိခဲ့ရင်တော့ မင်းတို့ စစ်စည်းကမ်းကို နားလည်မှာပါ။ စစ်ခုံရုံးတက်ရပြီး စစ်တပ်ကနေ ထုတ်ပယ်ခံရတာက အသေးအဖွဲဆုံး ပြစ်ဒဏ်ပဲ"
ထို့နောက် သူသည် ကျင်းလင်လင်ထံသို့ စူးစိုက်ကြည့်လိုက်သည်။
ကျင်းလင်လင်သည် စိတ်မသက်မသာ ခံစားလိုက်ရသော်လည်း အခြေအနေအရ သူမ အရှုံးမပေးနိုင်ခဲ့ပေ။ သူမသည် ခေါင်းကိုမော့ကာ အာခံသည့်ဟန်ပန်ကို ပြုလုပ်ရန် ကြိုးစားလိုက်သည်။
ယန်ကောကျင့်သည် သူမ၏ အမူအရာကို မြင်လိုက်ရပြီး သူ၏ မျက်ဝန်းများတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပေါ်လာသည်။ ဤသို့ စိတ်ဓာတ်ပျော့ညံ့သူက ပြဿနာရှာရဲသည်မှာ ရယ်စရာကောင်းသည်ဟု သူ တွေးလိုက်သည်။
ဤအမျိုးသမီးသည် အဆုံးထိတိုင်အောင် နောက်ဆုတ်မည့်သူ မဟုတ်သောကြောင့် ယန်ကောကျင့် သည်လည်း အလိုလိုက်မည့်သူ မဟုတ်ပေ။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ကာ သူသည် လူတိုင်းကို သူ၏ ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။
စုရှီသည် ရှဲ့ကျန်း၏ လက်ကိုကိုင်ကာ စုတုန်၏ ညာဘက်တွင် လျှောက်နေသည်။ ကံမကောင်းစွာဖြင့် ဘယ်ဘက်ခြမ်းကိုမူ ရှီးယန်နန်က ခိုင်ခိုင်မာမာ နေရာယူထားသည်။
စုရှီသည် စုတုန်၏ ခါးအောက်ပိုင်းကို တို့လိုက်ပြီး ရှီးယန်နန်၏ စူးစိုက်ကြည့်မှုအောက်တွင် သူမ၏ လက်ချောင်းကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်သည်။ သူမသည် နှုတ်ခမ်းစူကာ တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကိုကြီး၊ အရာအားလုံး အဆင်ပြေရဲ့လား"
သူ့ညီမ ဘာကို ရည်ညွှန်းနေသည်ကို သိသော စုတုန်သည် နွေးထွေးပြီး နူးညံ့သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ဘူး"
စုရှီက မဲ့ပြုံးပြုံးလိုက်သည်။ "အစ်ကိုကြီးက မြေခွေးတစ်ကောင်ဆိုတာ ညီမလေး သိသားပဲ"
စုတုန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ၏ အပြုံးသည် အေးစက်စက် အငွေ့အသက်တစ်ခု ဆောင်သွားသည်။
"အိုး"
စုရှီသည် ပါးစပ်ကို အုပ်ကာ မျက်လုံးလေး တဝဲလည်လည် ကြည့်လိုက်ပြီးနောက် သူမ ချစ်သူကို သူမရှေ့သို့ တိုးတိုးလေး ဆွဲလိုက်သည်။ သူမအစ်ကို၏ ကောက်ကျစ်သော သဘာဝအရ သူသည် သူမကို ပြန်လက်စားချေရန် အခွင့်အရေးတစ်ခု သေချာပေါက် ရှာဖွေလိမ့်မည်ကို သိသောကြောင့် သူမ၏ စိတ်ရင်းမှန်ကို ထုတ်ဖော်မိသည့်အတွက် နောင်တရမိသည်။
ဤသို့တွေးမိသောအခါ စုရှီသည် ရှဲ့ကျန်း၏ နောက်ကွယ်မှ ချောင်းကြည့်ကာ လက်နှစ်ဖက်ကို ယှက်ထားပြီး သူမ၏ အစ်ကိုကို အနိုင်ယူရန် ကြိုးစားသည့်အနေဖြင့် ယဉ်ကျေးစွာ ဦးညွှတ်ရင်း ချိုမြိန်ပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
စုတုန် - "..."
ရှဲ့ကျန်း - ... အရမ်း... ချစ်စရာကောင်းတာပဲ!
ခေါင်းဆောင် မာသည် ယန်ကောကျင့်၏ ရုံးခန်းထဲသို့ ဒေါသတကြီး ဝင်ရောက်လာပြီး သူမ၏ အမူအရာတစ်ခုလုံးသည် ဒေါသဖြင့် ဖုံးလွှမ်းနေသည်။
သူမ၏ ဆယ်စုနှစ်ပေါင်းများစွာသော ဘဝတွင် သူမသည် ဤမျှလောက် အရှက်ရခဲ့ဖူးခြင်း မရှိပေ။
မနေ့က ဝမ်ရှင်းက ကျင်းလင်လင်သည် ကျွန်းပေါ်မှ ဒေါက်တာတစ်ဦးကို စိတ်ဝင်စားနေပြီး ပြဿနာရှာနိုင်ကြောင်း သူမအား သတိပေးခဲ့သည်။
ထိုအချိန်က သူမ ဘာပြောခဲ့သနည်း။
အော် ဟုတ်သားပဲ၊ သူမက ရယ်မောကာ ထိုဒေါက်တာတွင် ချစ်သူရှိပြီးသားဖြစ်သောကြောင့် ကျင်းလင်လင်သည် ဤသို့သော ကိစ္စများတွင် အတိုင်းအတာကို နားလည်လောက်ပါသည်ဟု ပြောခဲ့သည်။
စစ်သားများသည် မူဝါဒဆိုင်ရာ အမှားများကို မကျူးလွန်နိုင်ပေ။ သို့မဟုတ်ပါက ဥပဒေချိုးဖောက်မှုအတွက် ပိုပြင်းထန်စွာ အပြစ်ပေးခံရလိမ့်မည်!
ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ၊ ထိုသို့ပြောပြီး ၂၄ နာရီပင် မပြည့်သေးခင်မှာပင် သူမ၏ မျက်နှာကို လက်တွေ့ဘဝက ပြင်းထန်စွာ ရိုက်ချလိုက်သည်။
သူမသည် ဒေါသကို ထိန်းချုပ်ရန် ကြိုးစားရင်း ရုံးခန်းထဲသို့ လျှောက်ဝင်သွားသည်။ ယန်ကောကျင့်ကို နှုတ်ဆက်ပြီးနောက် သူမသည် သူ၏ ဘေးတွင် ထိုင်လိုက်ပြီး ဤကိစ္စတွင် ပါဝင်ပတ်သက်လိုခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းလိုသော သူမ၏ ရည်ရွယ်ချက်ကို ပြသလိုက်သည်။
ယန်ကောကျင့်သည်လည်း ဤပြဿနာကို လျင်မြန်စွာ ဖြေရှင်းလိုပြီး ကံကောင်းစွာဖြင့် ခေါင်းဆောသ် မာသည် အခြေအနေကို ရှင်းလင်းစွာ နားလည်သူတစ်ဦး ဖြစ်သည်။
ထို့ကြောင့် သူ အချိန်မဖြုန်းတော့ပေ။ ယဉ်ကျေးမှုဆိုင်ရာမူကို လိုက်နာလျက် သူသည် ငိုရှိုက်နေဆဲဖြစ်သော ကျင်းလင်လင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"မင်း အရင်စပြော။ ငါ အစောက ကြားခဲ့တာအရ မင်းရဲ့ပြောဆိုချက်က ဒေါက်တာ စုတုန်က မင်းကို ချိန်းတယ်၊ သူ့ခံစားချက်တွေကို ဖွင့်ပြောတယ်၊ ပြီးတော့ မင်းနဲ့ ချစ်သူတွေ ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် မင်း သဘောမတူလို့ သူက မင်းကို စော်ကားခဲ့တယ်။ ဟုတ်သလား"
ကျင်းလင်လင် ထစ်ငေါ့စွာ ပြောလိုက်သည်။ "ဟုတ်... ဟုတ်ပါတယ်... ဟင့်..."
ထို့နောက် ယန်ကောကျင့်သည် တည်ငြိမ်အေးဆေးသော စုတုန်ကို ကြည့်လိုက်သည်။ သူသည် စုတုန်၏ ဂုဏ်သိက္ခာရှိသော တည်ရှိမှုကို သတိပြုမိကာ တိတ်တဆိတ် လေးစားမိသည်။
ယန်ကောကျင့်က လည်ချောင်းရှင်းပြီး ပြောလိုက်သည်။
"ဒေါက်တာ စုတုန်၊ ကျုပ် နားလည်သလောက်တော့ ခင်ဗျားပြောတာက ရဲဘော် ကျင်းလင်လင်က ခင်ဗျားမှာ ချစ်သူရှိမှန်း သိသွားတဲ့အခါမှာတောင် သူက ခင်ဗျားကို အရင်ချိန်းခဲ့တယ်။ ခင်ဗျား ငြင်းလိုက်ပြီးနောက်မှာ သူက သူ့အဝတ်အစားတွေကို ကိုယ်တိုင်ဆွဲဖြဲပြီး ခင်ဗျားကို မှားယွင်းစွပ်စွဲခဲ့တယ်။ ဟုတ်သလား"
စုတုန် ခေါင်းညိတ်လိုက်သည်။
ယန်ကောကျင့်က ဆက်ပြောသည်။ "ဒါဆို ကိစ္စက ရှင်းသွားပြီ။ ရဲဘော် ကျင်းလင်လင်၊ တခြားအသေးစိတ်အချက်အလက်တွေကို အခုလောလောဆယ် မဆွေးနွေးကြသေးဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ရော ကိုယ့်ကိုယ်ကိုယ် နစ်နာသူလို့ ပြောတဲ့သူ တစ်ယောက်အနေနဲ့ရော မင်းမှာ သက်သေရှိလား"
ကျင်းလင်လင်သည် ငိုခြင်းကို ရပ်လိုက်ပြီး ခိုင်မာပြီး ဂုဏ်သိက္ခာရှိသော အမူအရာကို ပြုလုပ်ကာ ပြောလိုက်သည်။
"ကျွန်မ အစောက အရမ်းကြောက်နေလို့ ကျွန်မတို့အပြင် တခြားလူတွေလည်း ရှိနေတာကို မေ့သွားတယ်"
သူမသည် စကားကို ခဏရပ်လိုက်ပြီး စုတုန်အား နောက်ဆုံးအခွင့်အရေးပေးသည့်အလား တစ်ချက်လှမ်းကြည့်လိုက်သည်။
စုတုန်သည် အနည်းငယ်မျှပင် မတုန်လှုပ်သည်ကို မြင်သောအခါ ကျင်းလင်လင်၏ မျက်လုံးများ မာကျောသွားပြီး သူမက ဆက်ပြောလိုက်သည်။
"တကယ်တော့ ဒေါက်တာ စု ကကျွန်မကို ဖိတ်တုန်းက ကျွန်မ တကယ်မသွားချင်ခဲ့ဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်နဲ့ နှစ်ယောက်တည်းတွေ့တာက မသင့်တော်ဘူးလေ၊ ဒါကြောင့် ကျွန်မတို့ အနုပညာအဖွဲ့က ကျူးချောင်ယန်ကို အဖော်လိုက်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျူးချောင်ယန်က အဲဒီအချိန်က ကျွန်မတို့နဲ့ မနီးမဝေးက အခန်းထဲမှာ ရှိနေခဲ့တာ၊ ဒါကြောင့် သူ အားလုံးကို မြင်ခဲ့မှာ သေချာတယ်"
ယန်ကောကျင့်သည် သက်သေအမှန်တကယ် ရှိသည်ကို ကြားလိုက်ရသည့်အခါ အံ့ဩသွားသည်။ သူက မေးလိုက်သည်။
"ကျူးချောင်ယန် အခု ဘယ်မှာလဲ"
ကျင်းလင်လင်၏ နောက်ကွယ်တွင် ပုန်းနေပြီး သူမ၏ တည်ရှိမှုကို အသေးဆုံးဖြစ်အောင် ကြိုးစားနေသော လက်ပါးစေလေး ကျူးချောင်ယန်သည် မျှော်လင့်မထားဘဲ ဤအခြေအနေထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ စိတ်လှုပ်ရှားစွာဖြင့် သူမက ပြောလိုက်သည်။
"ကျွန်မ... ကျွန်မက ကျူးချောင်ယန်ပါ"
ယန်ကောကျင့်က တင်းမာသော အမူအရာဖြင့် မေးလိုက်သည်။"မင်းမြင်ခဲ့တာတွေကို ငါတို့ကို ပြောပြ"
ကျူးချောင်ယန်သည် စုတုန်ကို ကြည့်လိုက်ပြီး ကျင်းလင်လင်ထံသို့ တစ်ချက်လှမ်းကြည့်ကာ တွန့်ဆုတ်နေသည်။ သူမသည် ဤသို့သော ကိစ္စများတွင် ပါဝင်ပတ်သက်လိုစိတ် မရှိပေ၊ အထူးသဖြင့် သားကောင်သည် ဒေါက်တာ စုတုန်ကဲ့သို့သော သူဖြစ်နေသည့်အခါတွင် ဖြစ်သည်။
အကယ်၍ ကျင်းလင်လင် အောင်မြင်သွားပါက ဒေါက်တာ စုတုန်သည် သနားစရာကောင်းနေလိမ့်မည်။
ကျင်းလင်လင်သည် သူမ၏ တွန့်ဆုတ်နေမှုကို မကျေနပ်ဘဲ သူမကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းများ အနည်းငယ် လှုပ်သွားသည်။
အခြားသူများက အဓိပ္ပာယ်ကို ချက်ချင်းနားမလည်နိုင်သော်လည်း၊ ကျူးချောင်ယန်ကမူ ကျင်းလင်လင်သည် ‘ရာထူးတိုးခြင်း’ ကို အရိပ်အမြွက်ပြနေကြောင်း သိရှိလိုက်သည်။