← Chapters

အခန်း (၆၁-၆၂)

Vol. 6 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 6 Ch. 61-62

အပိုင်း ၆၁

ရှဲ့ယင်းနှင့် သူမ၏သားများ စုမိသားစုအိမ်ထဲသို့ ဝင်သွားသည်ကို ကြည့်ပြီးနောက် ရှဲ့ကျန်းသည် စုရှီ၏ လက်ကိုကိုင်ကာ အနီးရှိ တောအုပ်ငယ်လေးဆီသို့ လျှောက်သွားခဲ့သည်။

သူတို့ ပိုနီးကပ်လာလေလေ စုရှီ၏ ပါးများ ပိုရဲလာလေလေ ဖြစ်သည်။

လူတွေက ခွဲခွာခြင်းက နှလုံးသားကို ပိုတမ်းတစေတယ်လို့ ပြောကြပေမယ့် သူမ ရှက်စိတ်ကို မထိန်းနိုင်သေးပေ။

ဒီလူက တကယ်ပဲ။ တွေ့တွေ့ချင်းမှာပဲ သူက သူမကို တောအုပ်ငယ်လေးထဲ ချက်ချင်းခေါ်လာခဲ့သည်။

အဟမ်း .. အဟမ်း..

ဒါပေမဲ့၊ ပြန်စဉ်းစားကြည့်တော့လည်း ဒါက သဘာဝကျပါသည်။ ဘာပဲဖြစ်ဖြစ်၊ သူတို့က အခုဆို လက်တွေ့မှာ အိမ်ထောင်ကျပြီးသား စုံတွဲလိုဖြစ်နေပြီ။ နှစ်လ၊ သုံးလအတွင်းမှာ သူတို့ လက်ထပ်ကြတော့မည်။ အလွန်အကျွံ ရှက်နေစရာမလိုပေ။

အချိန်အကြာကြီး ခွဲခွာပြီးနောက် နမ်းတာ၊ ဖက်တာ၊ ဒါမှမဟုတ် သူမကို ချီမတာလေးတွေက လုံးဝ ပုံမှန်ပင်။

ဤသို့တွေးရင်း ခွဲခွာခြင်းမပြုမီက သူတို့အတူရှိခဲ့သည့် အချိန်များ၏ အမှတ်တရများက သူမစိတ်ထဲတွင် ပေါ်လာသည်။ နှစ်လ၊ သုံးလ ကြာမြင့်ခဲ့ပြီဖြစ်ပြီး စုရှီသည် သူတို့၏ နှုတ်ဆက်ခဲ့စဥ်က ရင်းနှီးမှုကို ပြန်အမှတ်ရသောအခါ သူမလည်ပင်းသည် ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။

ပြီးတော့... ဘာမှ ထပ်မရှိတော့ပေ။

စုရှီသည် မြစ်ငယ်လေးဘေးတွင် ထိုင်ချလိုက်ပြီး ထိုလူက သူမလက်များမှ ရွှံ့များကို ဆေးကြောပေးနေသည်ကို ခံယူနေရင်း မျှော်လင့်ချက်ကင်းမဲ့သော အမူအရာဖြင့် ရှိနေသည်။

'ဒါပဲလား'

စုရှီ မကျေမနပ်ဖြစ်မိသည်။ သူမကို ဒီကို လက်ဆေးဖို့ပဲ ခေါ်လာတာလို့ သူ အစောကြီးကတည်းက ပြောပြနိုင်သားပဲ! အခုတော့ သူမက အတွေးမျိုးစုံတွေးနေတဲ့ နှာဘူးမတစ်ယောက်လို ဖြစ်နေပြီ။

ရှဲ့ကျန်းသည် သူ့ဇနီးလောင်းလေး၏ လက်ငယ်များကို အစက်အပြောက်မရှိ သန့်စင်သွားသည်အထိ ဂရုတစိုက် ဆေးကြောပေးပြီးနောက် သူ၏ အသစ်လဲထားသော အဝတ် စိုသွားမည်ကို လုံးဝဂရုမစိုက်ဘဲ သူ့အင်္ကျီအနားစဖြင့် သုတ်ပေးလိုက်သည်။

သူ့မျက်လုံးများသည် သူ့ဇနီးလောင်းဆီမှ တစ်ချိန်လုံး မခွာခဲ့ပေ။

စုရှီ၏ အတွေးများအားလုံးသည် သူမ၏ မျက်နှာပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသည်။

သူ အားလုံးကို မြင်သော်လည်း မသိချင်ယောင်ဆောင်နေခဲ့သည်။

သူ မလိုချင်၍မဟုတ်ဘဲ၊ မဝံ့ရဲ၍ ဖြစ်သည်။

ရှဲ့ကျန်းသည် သူကိုယ်တိုင် စိတ်ကို မထိန်းညှိနိုင်သေးသလို ခံစားနေရသည်။ သူ့အတွင်းမှ သားရဲကောင်သည် သူမကို နမ်းရှိုက်လိုစိတ်၊ ဝါးမျိုလိုစိတ်၊ သူ့ကြောင့် သူမကို ငိုစေလိုစိတ်တို့ဖြင့် ဟိန်းဟောက်နေပြီး လှောင်အိမ်ထဲမှ လွတ်မြောက်ရန် ကြိုးစားနေသည်။ သူ ကြောက်နေသည်... သူ့ကောင်လေးကို လန့်သွားစေမှာကို။

သူသည် မိန်းကလေး၏ ဖြူဖွေးနူးညံ့သော လက်ကို ညင်သာစွာ ကိုင်လိုက်ပြီးနောက် သူမ၏ နူးညံ့သော လက်ဖဝါးထဲသို့ ပူလောင်သော အနမ်းတစ်ပွင့်ကို ခြွေချလိုက်သည်။ သူ၏ အသံသည် ရှတတဖြစ်ကာ မကြားတကြား တိုးညင်းစွာ ထွက်ပေါ်လာခဲ့သည်။ "လိမ္မာတယ်၊ ကိုယ့်ကို ထပ်မကြည့်နဲ့တော့"

စုရှီ၏ လက်ဖဝါးသည် အနည်းငယ် တုန်သွားပြီး ထိုထိတွေ့မှုက သူမတစ်ကိုယ်လုံးကို ကျင်ခနဲဖြစ်စေကာ သူမ၏ လက်ချောင်းများကို အလိုလို ကွေးညွတ်သွားစေသည်။

ဤသို့ နူးညံ့သောအနမ်းဖြင့် သူမ ဘယ်လို မခံစားမိဘဲ နေနိုင်မည်နည်း။

ထိုလူ၏ ယခင်က အေးစက်မှုကို တွေးရင်း စုရှီသည် သူမ၏ နှုတ်ခမ်းများ အပေါ်သို့ ကော့တက်သွားမှာကို အကောင်းဆုံး ဖိနှိပ်ထားရန် ကြိုးစားလိုက်သည်။

သူမသည် တမင်တကာ ဆန့်ကျင်ဘက်လုပ်ကာ ခေါင်းမော့ပြီး ရှဲ့ကျန်းကို တည့်တည့်ကြည့်လိုက်သည်။

သို့သော်... သူမ အငိုက်မိသွားသည်။ သူမသည် နက်မှောင်ပြီး နက်ရှိုင်းသော မျက်လုံးတစ်စုံထဲသို့ တည့်တည့် တိုးဝင်သွားခဲ့သည်။

ထိုမျက်လုံးများအတွင်းတွင် ပူလောင်သော အပူရှိန်မုန်တိုင်းတစ်ခု လှည့်ပတ်နေသည်။ ထိုမုန်တိုင်းသည် ပြင်းထန်ပြီး ကြမ်းတမ်းသည်။ အကြောင်းတစ်ခုခုကြောင့် စုရှီသည် ထိုအပူရှိန်ကြောင့် လောင်ကျွမ်းသွားသလို ခံစားလိုက်ရပြီး သူမ၏နားရွက်များသည် ချက်ချင်း နီရဲတောက်သွားသည်။

ထို့နောက်တွင် သူမသည် အသက်ကိုအောင့်ထားရင်း သူ သူမဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို ငေးကြောင်စွာ ကြည့်နေမိသည်။

နောက်တစ်ခဏတွင် ထိုလူ၏ ထူးခြားသောရနံ့သည် သူမ၏ ရနံ့နှင့် ရောနှောသွားပြီး သူက သူမ နှုတ်ခမ်းကို သိမ်းပိုက်လိုက်သည်။

သူ၏ အားမှာ အလွန်ကြီးမားပြီး သူ၏ ပူလောင်သော အသက်ရှုငွေ့သည် တဖြည်းဖြည်း ပြင်းထန်လာသော အနမ်းမှတစ်ဆင့် ကူးစက်လာသည်။ ကူးစက်ခံရသကဲ့သို့ စုရှီ၏ တစ်ကိုယ်လုံးသည်လည်း ထူးဆန်းစွာ ပူလောင်လာသည်။

စုရှီသည် မူးမေ့လဲမတတ်ဖြစ်သွားခါနီးတွင် ထိုလူက ရုတ်တရက် သူမ၏ နှုတ်ခမ်းကို ကိုက်ချလိုက်သည်။

နာကျင်စွာ ညည်းညူသံနှင့်အတူ စုရှီ၏ နှုတ်ခမ်းများ ပွင့်ဟသွားပြီး ထိုလူက အခွင့်အရေးကိုယူကာ အတွင်းသို့ ပိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာသည်။ သူမထံမှ အရာအားလုံးကို လောဘကြီးစွာ သိမ်းပိုက်နေသည်။

သူမသည် သူ့ထံမှ ဤသို့ ကြမ်းတမ်းစွာ အနမ်းခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ သူမတို့ အရင်က မကြာခဏ နမ်းခဲ့ကြသော်လည်း ရှဲ့ကျန်းသည် သူ့ခေတ်မှ အမျိုးသားများစွာကဲ့သို့ပင် တည်ငြိမ်သူဖြစ်သည်။

အလွန်အမင်း စိတ်လှုပ်ရှားနေသည့် အခိုက်အတန့်များတွင်ပင် သူသည် သူမခံစားချက်ကို အမြဲထည့်သွင်းစဉ်းစားပေးသည်။

အချိန်အများစုတွင် သူသည် ညင်သာပြီး ချုပ်တည်းတတ်သည်။

သို့သော် ယနေ့တွင် ထိုလူသည် ရူးသွပ်သွားပုံရသည်။ သူသည် သူမကို ပြင်းပြင်းထန်ထန် နမ်းရှိုက်နေသည်၊ ကြမ်းတမ်းစွာ ဝါးမျိုနေသည်၊ ချုပ်တည်းမှုမရှိဘဲ သိမ်းပိုက်နေသည်။

စုရှီ ပြန်သတိဝင်လာချိန်တွင် သူမသည် ထိုလူ၏ပေါင်ပေါ်တွင် ခွထိုင်နေပြီး သူမ၏ လက်များသည်လည်း သူ့ကော်လံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။

သူမသည် ထိုလူ၏ ရင်ဘတ်ကို အားနည်းစွာ မှီထားပြီး သူမ၏ နှုတ်ခမ်းက ထုံကျင်ကာ အနည်းငယ် ဟနေသည်။ အသက်ကို မမှန်မကန် ရှူရှိုက်နေရသည်။

ဒါတောင် ထိုလူသည် ကျေနပ်ခြင်းမရှိသေးပေ။ သူ၏ နှုတ်ခမ်းသည် သူမ၏ မျက်နှာပေါ်တွင် ဆက်လက် လှည့်လည်သွားလာနေပြီး ထူထဲသောအနမ်းများကို ချန်ထားခဲ့သည်။

စုရှီသည် တုန်ရီနေသောလက်များဖြင့် ထိုလူ၏ လည်ပင်းကို ဖက်ထားလိုက်သည်။

သူ သူမ၏နားသယ်စပ်ကို နမ်းသောအခါ သူမသည် သူ့ပခုံးပေါ်တွင် မျက်နှာကို ညင်သာစွာ မှေးစက်လိုက်ပြီး သူမ၏ အသက်ရှုသံကို ဖြည်းညှင်းစွာ ထိန်းနေရသည်။

သူ့ပခုံးပေါ်တွင် မှေးစက်နေသော ခေါင်းလေးကို သတိပြုမိသောအခါ ရှဲ့ကျန်း တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့သည်။

သူသည် သူ့ဇနီးလောင်းလေး၏ ခေါင်းကို ညင်သာစွာ မော့ကာ သူမ၏အကြည့်နှင့် ဆုံစေလိုက်သည်။

ထိုအချိန်တွင် မိန်းကလေးသည် အပြည့်အဝ အနိုင်ကျင့်ခံထားရသည့်ပုံ ပေါက်နေသည်။ သူမ၏ မျက်လုံးများသည် နီရဲနေပြီး သူမ၏ နှုတ်ခမ်းများသည် ဖူးယောင်ကာ နီရဲနေသည်။

ရှဲ့ကျန်း၏ အကြည့်သည် နက်မှောင်သွားသည်။ သူ့လက်သည် စုရှီ၏ နူးညံ့သောမေးစေ့ကို ညင်သာစွာ မော့လိုက်ပြီး သူ့လက်မသည် ထိုနီရဲနေသော နှုတ်ခမ်းဖူးဖူးလေးကို စနောက်သလို ဖိကပ်လိုက်သည်၊ အလွန်ပြင်းထန်ခြင်းမရှိသော်လည်း စက္ကန့်အနည်းငယ်ကြာအောင် တဝဲလည်လည် ကျန်နေခဲ့သည်။

သူ့လက်မအောက်မှ နူးညံ့သော ခံစားမှုသည် ထိုလူ၏ အသက်ရှုသံကို အနည်းငယ် ပိုပြင်းထန်စေသည်။ သူ့အသံသည် ရှတတထွက်ပေါ်လာပြီး မနည်းထိန်းချုပ်ထားရသည်။

"ကြောက်သွားလား"

စုရှီသည် မျက်ရည်အနည်းငယ်ဝဲနေသော မျက်လုံးများကို ပုတ်ခတ်လိုက်ပြီး နူးညံ့စွာ ခေါင်းခါလိုက်သည်။ သူမ၏ အသံသည် ချိုမြိန်နူးညံ့ကာ နှုတ်ခမ်းကိုဆူရင်း ပြောလိုက်သည်။

"ရှင်မို့လို့ ကျွန်မ မကြောက်ဘူး"

ရှဲ့ကျန်း၏ အသက်ရှုသံ ရပ်တန့်သွားပြီး သူသည် အတွင်းစိတ်ထဲက တစ်ခုခုကို ဖိနှိပ်နေသကဲ့သို့ မျက်လုံးများကို ခဏမျှ မှိတ်ထားလိုက်သည်။ သူသည် သူ့ရဲ့ချစ်ခင်မှုကြောင့် နီရဲနေသော မိန်းကလေး၏ မျက်နှာကို ကြာကြာမကြည့်ဝံ့ပေ။

သူ့လက်ကြီးသည် သူမ၏ခေါင်းနောက်သို့ ရွေ့သွားပြီး သူမ၏ ပိုးသားကဲ့သို့ နက်မှောင်သော ဆံပင်များကြားထဲသို့ ဖြည်းညှင်းစွာ ထိုးသွင်းကာ သူမလည်ကုပ်သို့ ရောက်ရှိသွားသည်။

ထို့နောက် သူသည် သူမခေါင်းကို သူ့လက်ဖဝါးထဲတွင် ညင်သာစွာ ပွေ့ဖက်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ကျေနပ်သော သက်ပြင်းချသံတစ်ခု သူ့နှုတ်မှ ထွက်ပေါ်လာသည်။

"ရှီရှီ ကျေးဇူးတင်ပါတယ်"

စုရှီ၏ မေးစေ့သည် ထိုလူ၏ ကျယ်ပြန့်သော ပခုံးပေါ်တွင် တင်ထားပြီး သူမ တိုးတိုးလေး ပြောလိုက်သည်။ "ဘာကို ကျေးဇူးတင်နေတာလဲ"

ရှဲ့ကျန်းက သက်ပြင်းချလိုက်သည်။ "ကိုယ့်အစ်မကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"

'ကိုယ်တို့ဘဝထဲကို ဝင်လာပေးလို့ ကျေးဇူးတင်တယ်၊ ကိုယ့်ကို ချစ်ပေးလို့ ကျေးဇူးတင်တယ်...'

စုရှီ ခေါင်းလှည့်လိုက်ရာ သူမ၏ အကြည့်များသည် သူ့နားရွက်ကို မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများတွင် ကလေးဆန်သော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ နီရဲသောနှုတ်ခမ်းများကို စုကာ သူ့နားကို နမ်းလိုက်သည်။ ရှဲ့ကျန်း ရုတ်တရက် တောင့်တင်းသွားစဉ် သူမက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်သည်။

"ဒါဆို ရှင်က ကျွန်မကို ဘယ်လို ကျေးဇူးဆပ်မှာလဲ"

ထိုအချိန်တွင် ရှဲ့ကျန်း၏ အာရုံများအားလုံးသည် သူ့ ဘယ်ဘက်နားရွက်၊ မိန်းကလေးက သူ့ကို နမ်းခဲ့သည့်နေရာတွင် စုစည်းနေသည်။ ထိုနေရာသည် ပူလောင်၊ ကျင်စပ်နေပြီး တဖြည်းဖြည်းနှင့် ထိုစွဲလမ်းဖွယ်ကောင်းသော ခံစားမှုသည် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

ရှဲ့ကျန်း၏ နက်မှောင်သော မျက်လုံးအစုံသည် ပိုနက်မှောင်သွားသော်လည်း အပြင်ပန်းတွင်မူ သူသည် တည်ငြိမ်နေဆဲဖြစ်ပြီး ပေါ့ပေါ့ပါးပါး ပြုံးကာ တုံ့ပြန်လိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် မင်းဆီ ဆက်သလိုက်ရင်ရော"

စုရှီသည် ချက်ချင်း သူမ၏ ကိုယ်ဟန်ကို မတ်လိုက်သည်။ သူမသည် သူမ၏ နူးညံ့သောမေးစေ့ကို အနည်းငယ် မော့ထားသော်လည်း သူမ၏ မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် တောက်ပနေပြီး ကလေးဆန်စွာ တောင်းဆိုလိုက်သည်။

"ဒါတော့ မရဘူး။ ရှင်က ကျွန်မပိုင်ပြီးသား၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆက်သတာက အကျုံးမဝင်ဘူး"

ရှဲ့ကျန်းသည် ခေါင်းကိုငုံ့ကာ သူ့နဖူးကို သူ့ဇနီးလောင်းလေး၏ နဖူးနှင့် တဖြည်းဖြည်း ထိကပ်လိုက်သည်။ သူတို့၏ အသက်ရှုငွေ့များ ရောနှောသွားစဉ် သူသည် သူမဆီမှ မက်မွန်ပန်း၏ ရင်းနှီးသောရနံ့ကို ရလိုက်သည်။

ထိုမိန်းကလေးသည် မက်မွန်သီးကို ကြိုက်နှစ်သက်သောကြောင့်ဖြစ်စေ၊ မက်မွန်ဝိုင်ကို သောက်သုံးသည့်အကျင့်ကြောင့်ဖြစ်စေ အမြဲတမ်း သူမဆီမှ မက်မွန်ပန်း၏ သင်းပျံ့သောရနံ့ကို ရရှိတတ်သည်။

ထိုအနံ့သည် ပြင်းထန်ခြင်းမရှိဘဲ ပေါ့ပါးပြီး ဆွဲဆောင်မှုရှိကာ သူ့အတွင်းစိတ်ကို လှုံ့ဆော်ပေးသည်။

ဒါသည် လွန်ခဲ့သော နှစ်လအတွင်း သူ တမ်းတခဲ့ရသော ရနံ့ဖြစ်သည်။

ရှဲ့ကျန်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ထူးခြားစွာ စနောက်သောလေသံဖြင့် ပြောလိုက်သည်။

"ဒါဆို... ကိုယ့်ကိုယ်ကိုယ် နောက်ထပ် အကြိမ်အနည်းငယ် ဆက်သလို့ရမလား"

တုံ့ပြန်မှုအနေဖြင့် ထိုသူသည် မိန်းကလေး၏ ခေါင်းလောင်းသံကဲ့သို့သော ရယ်မောသံနှင့် ကြုံတွေ့လိုက်ရသည်။

ထိုအသံသည် ညင်သာသော လေပြေညင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ပင် — နွေဦးရာသီ ရောက်ရှိလာပြီဖြစ်သည်။

သူတို့နှစ်ယောက် အိမ်ပြန်ရောက်ချိန်တွင် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

သူတို့ လက်ချင်းချိတ်ကာ ခြံထဲသို့ လျှောက်ဝင်လာစဉ် စပ်စုသော အကြည့်များစွာနှင့် ကြုံတွေ့လိုက်ရသည်။

ဤရာသီတွင် အလွန်အေးသည်မှလွဲ၍ လူအများစုသည် ခြံထဲတွင် ညစာစားခြင်းကို ပိုနှစ်သက်ကြသည်။ ဒါက အလင်းရောင်ကောင်းစွာရပြီး ရေနံဆီကုန်ကျစရိတ်ကို သက်သာစေသောကြောင့် စု မိသားစုသည်လည်း ခြွင်းချက်မဟုတ်ပေ။

စုရှီနှင့် ရှဲ့ကျန်းတို့၏ အေးအေးဆေးဆေး ပြန်လာခြင်းကို မည်သူမျှ သတိမထားမိဘဲ မနေဘဲ ရှိနေသူအားလုံး၏ လက်ပူးလက်ကြပ် မိတာကို ခံလိုက်ရသည်။

အမြွှာများပင်လျှင် သူတို့နှစ်ဦးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။

အထူးသဖြင့် ရှီးယန်နန်၊ သူ့မျက်လုံးများသည် ရှာဖွေရေးမီးများကဲ့သို့ သူတို့ကို အပေါ်အောက် စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။ သူ့အကြည့်သည် သိသိသာသာ ဖူးယောင်နေသော သူတို့၏နှုတ်ခမ်းများပေါ်တွင် စက္ကန့်အနည်းငယ် ရပ်တန့်သွားသောအခါ သူ စုပ်မသပ်ဘဲ မနေနိုင်တော့ပေ။

ရှဲ့ယင်းနှင့် ကလေးနှစ်ယောက်ကို ထောက်ထားသောအားဖြင့် သူ မည်သည့်မှတ်ချက်မျှ မပေးဘဲ မျက်လုံးကိုလှန်ကာ သူတို့နှစ်ယောက်ကို လက်ဆေးပြီး ညစာစားဖို့ လာရန် စိတ်မရှည်စွာ တိုက်တွန်းလိုက်ပြီး သူတို့က သူတို့ကို စောင့်နေခဲ့ရသည်ဟု ညည်းညူလိုက်သည်။

ထိုအခါမှသာ သူမအစ်ကိုများဆီမှ အဓိပ္ပာယ်ပါသော အကြည့်များကို သတိပြုမိပြီး စုရှီသည် သူမတို့၏ နှုတ်ခမ်းများက သူတို့ကို သစ္စာဖောက်သွားမှန်း နောက်ကျမှ သိလိုက်ရသည်။

စုရှီ၏ မျက်နှာသည် ချက်ချင်း နီရဲသွားသည်။ သူမသည် အမြဲတမ်း တည်ငြိမ်ပြီး လူကြီးလူကောင်းဆန်သော ရှဲ့ကျန်းကို ဆွဲကာ ရေတွင်းဆီသို့ ပြေးသွားခဲ့သည်။

သူတို့နောက်တွင် အဘွား ချန်၏ ပျော်ရွှင်သော အသံကို ကြားနေရဆဲဖြစ်သည်။

"ဒီ ကောင်ဆိုးလေး၊ မင်းညီမကို အဲ့လို မစိုက်ကြည့်နဲ့။ သူ ရှက်သွားလိမ့်မယ်။ ငါ့လိုလုပ် — ငါ သတိထားမိတယ် ဒါပေမဲ့ ဘာမှမပြောဘူး"

စုရှီသည် အနည်းငယ် ယိုင်သွားပြီး သူမ၏ မျက်နှာသည် ပို၍ပင် အနေရခက်သွားသည်။

သူမ စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ 'အို၊ အဘွားရယ်! ဒါက ဘယ်လိုလုပ် ပွင့်ပွင့်လင်းလင်း မပြောတာ ဖြစ်ရမှာလဲ'

ညစာစားပြီးနောက် ရှဲ့ကျန်းသည် ပန်းကန်များကို ကျွမ်းကျင်စွာ သိမ်းဆည်းရန် ထရပ်လိုက်သည်။

စုတုန်သည် အဘွား ချန်နှင့် စုရှီ နှစ်ဦးလုံးကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

တစ်ပြိုင်နက်တည်း သူတို့တစ်ယောက်ချင်းစီသည် ကလေးငးတစ်ယောက်စီကို ပွေ့ချီကာ အပြင်သို့ ထွက်သွားကြသည်။

သူသည် ရှီးယန်နန်ကိုလည်း ဆွဲခေါ်သွားပြီး ညစာစားပြီး လမ်းလျှောက်ခြင်းဟူသော အကြောင်းပြချက်ဖြင့် သူတို့နောက်မှ အေးအေးဆေးဆေး လျှောက်လိုက်သွားသည်။

အမှန်တကယ်တွင် သူတို့သည် ရှဲ့ မောင်နှမနှစ်ယောက်ကို သီးသန့်စကားပြောဆိုရန် အချိန်ပေးနေခြင်းဖြစ်သည်။

အပြင်ဘက်ကောင်းကင်သည် မှောင်ရီပျိုးနေပြီဖြစ်သော်လည်း သူတို့သည် အဝေးသို့သွားရန် အစီအစဉ်မရှိပေ။

အဘွား ချန်သည် စုရှီနှင့် အခြားသူများကို အိမ်နီးချင်း အစ်မဝူနှင့် စကားပြောရန် ဘေးအိမ်သို့ ခေါ်သွားသည်။ သို့သော် အဘွား ချန်သည် ခေါ်ဖို့ အသံမထွက်မီမှာပင် အထဲမှ သွေးပျက်ဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"အား!! အစ်ကိုကြီး၊ ကျွန်မကို မရိုက်ပါနဲ့တော့၊ အား... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"

အပြင်ဘက်မှ အုပ်စုသည် အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုတ်ခြင်းသည် အကောင်းဆုံးဖြစ်နိုင်ကြောင်း တညီတညွတ်တည်း သဘောတူလိုက်ကြသည်။

စုရှီနှင့် အခြားသူများ ထွက်ခွာရန် ပြင်ဆင်နေစဉ် ခြံတံခါးသည် အတွင်းမှ ရုတ်တရက် ဆွဲဖွင့်ခြင်းခံလိုက်ရသည်။

မည်သူမျှ မတုံ့ပြန်နိုင်မီ ပုံရိပ်တစ်ခုသည် ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘဲ ထိတ်လန့်တကြား ပြေးထွက်လာသည်။ ဒုန်း ဟူသော အသံကျယ်နှင့်အတူ ထိုလူသည် စုရှီ နှင့် တည့်တည့် တိုက်မိသွားသည်။

ကံကောင်းစွာဖြင့် စုရှီသည် လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သူမသည် လှပစွာ လှည့်လိုက်ပြီး သူမလက်ထဲမှ ကလေးကို ကာကွယ်ရန် တံခါးဘက်သို့ ကျောပေးလိုက်သည်။

ထို့နောက် "အိုး!" ဟူသော အသံကျယ်တစ်ခု ထွက်ပေါ်လာသည်။ စုရှီသည် လုံးဝ မလှုပ်မယှက် ရပ်နေသော်လည်း သူမနှင့် တိုက်မိသောသူသည် နောက်သို့ လန်ကျသွားပြီး မြေပေါ်သို့လဲကျသွားသည်။

လူတိုင်းသည် သူတို့၏ အခြေအနေကို သိကြသည်။

စုရှီသည် သေးသွယ်သော်လည်း သူမသည် အမှန်တကယ်တွင် အလွန်သန်မာသည်ကို လွန်ခဲ့သောနှစ်နှစ်အတွင်း အဘွား ချန်ပင် သတိပြုမိခဲ့သည်။

ထို့ကြောင့် မျက်စိလျှင်ပြီး လက်သွက်သော စုတုန်သည် သူမ အခြားသူများကို ကူညီရန် လက်အားအောင် စုရှီ၏ လက်ထဲမှ ကလေးကို လက်လွှဲချီလိုက်သည်။

အခြားသူများ၏ ကိစ္စများတွင် ပါဝင်ရန် အမုန်းဆုံးဖြစ်သော ရှီးယန်နန်သည် တင်းမာသောမျက်နှာဖြင့် အဘွား ချန်၏ လက်ထဲမှ အခြားကလေးတစ်ယောက်ကို ယူလိုက်သည်။ သူသည် ကလေး မငိုမီ ကလေးကို သူ့ပခုံးပေါ်တင်လိုက်သည်။

ထို့နောက် ကလေး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကြားတွင် သူသည် စုတုန်ကို သူနှင့်အတူ လိုက်ရန် ခေါ်ကာ တိတ်တဆိတ် ထွက်သွားခဲ့သည်။

အခြားသူများ၏ ကိစ္စများတွင် ဝင်ရှုပ်ရန် အချိန်ရှိပါက သူသည် စုတုန်နှင့်အတူ လမ်းလျှောက်ထွက်ခြင်းကို ပိုနှစ်သက်မည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့သည် နှစ်လကျော် မတွေ့ခဲ့ကြပေ။

စုရှီသည် လက်လှမ်းမမှီမီ မြေပေါ်မှ ပုံရိပ်သည် လျင်မြန်သော လှုပ်ရှားမှုများဖြင့် လျင်မြန်စွာ ထရပ်လိုက်သည်။

စုရှီသည် သူမအကြည့်ကို စူးစိုက်လိုက်သည်။ ဤသူသည် စစ်တပ်သို့ အဖော်ရှာရန် လာခဲ့သော၊ အဘွား ချန် က အရပ်ရှည်ပြီး သန်မာသည်ဟု ချီးကျူးခဲ့သော အမျိုးသမီး မဟုတ်ပါလား။

သူမ၏ အမည်မှာ ဝူဟုန်မေ့ဖြစ်သည်ဟု သူမ မှတ်မိသလိုရှိသည်။

စုရှီသည် မျက်ရည်များဝဲနေသော ထိုမိန်းကလေးကို ဘာဖြစ်နေလဲဟု သိလိုစိတ်ဖြင့် စူးစမ်းကြည့်ရှုလိုက်သည်။

ဒီလို ကြန့်ကြာမှုကြောင့် နောက်မှလူများ လိုက်မီလာခဲ့သည်။

ဗိုလ်မှူးဝူ၏ မျက်လုံးများသည် ကြေးနီခေါင်းလောင်းများကဲ့သို့ ဖောင်းကားနေပြီး သူ့မျက်နှာသည် ဒေါသဖြင့် ပြည့်နှက်နေကာ သူ့လက်ထဲတွင် ခါးပတ်ကို ကိုင်ထားပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်တော့မည့်ပုံ ပေါက်နေသည်။

ဝူဟုန်မေ့သည် ရိုက်ချက်ကို ပြန်အမှတ်ရကာ ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားသည်။ သူမသည် သန်းကောင်တစ်ကောင်ကဲ့သို့ ချန်ရှန်းယွင်၏ နောက်သို့ လျင်မြန်စွာ ခုန်တက်သွားပြီး အဘွား ချန်၏ အဝတ်ကို ကာကွယ်မှုရရန် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုပ်သည်။

ဗိုလ်မှူး ဝူသည် ဒေါသအလွန်ထွက်နေသည်မှာ ထင်ရှားပြီး "မိသားစုအရှုပ်တော်ပုံကို အပြင်မှာ မဖွင့်ပြနဲ့" ဟူသော ဆိုရိုးစကားကိုပင် ဂရုမစိုက်တော့ပေ။

သူသည် ဒေါသဖြင့် တုန်ရီနေပြီး သူ့လက်များက တုန်ခါနေကာ ဟိန်းဟောက်လိုက်သည်။

"ဒီ ကောင်မစုတ်! ထွက်ခဲ့စမ်း! ဒီနေ့ မင်းကို ငါ မရိုက်သတ်ရရင် မင်းနာမည်ကို ငါ ခံယူလိုက်မယ်"

အဘွား ချန်၏ နောက်တွင် ပုန်းနေသော ဝူဟုန်မေ့က တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်မနာမည်ကို ခံယူမယ်? ရှင်က ဝူ ပဲလေ"

နားပါးသော စုရှီသည် ဤစကားများကို ကြားလိုက်ရပြီး ရယ်မောမိတော့မတတ် ဖြစ်သွားသည်။

ဒီမိန်းကလေးက ရယ်စရာကောင်းလှ၏။

ချန်ရှန်းယွင်သည် နောက်မှ ဆွဲထားခံရသဖြင့် ထွက်သွား၍ မရဖြစ်နေသည်။

သူမလက်မြှောက်ကာ ဗိုလ်မှူး ဝူ၏ လုပ်ရပ်များကို တားဆီးလိုက်ပြီး ပြောလိုက်သည်။

"ဘာဖြစ်နေတာလဲ? ဘာလို့ ကလေးကို ရိုက်နေရတာလဲ? အေးအေးဆေးဆေး စကားပြောကြရအောင်။ အကြမ်းဖက်စရာမလိုပါဘူး"

ဒေါသထွက်နေဆဲဖြစ်သော ဗိုလ်မှူး ဝူသည် အကြံဉာဏ်နားထောင်ရန် စိတ်မပါပေ။ သူသည် ဝူဟုန်မေ့ကို ဘေးမှ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။

ဝူဟုန်မေ့သည် ပခုံးကိုကျုံ့ပြီး ခေါင်းကိုငုံ့ထားသော်လည်း သူမသည် သူမအစ်ကို၏ လှုပ်ရှားမှုများကို အမြဲသတိထားနေသည်။ သူ လက်လှမ်းလာသည်ကို မြင်သောအခါ သူမသည် အဘွား ချန်ကို ဆန့်ကျင်ဘက်သို့ ချက်ချင်း ဆွဲထုတ်လိုက်သည်။

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၆၂

အဘွား ချန်သည် ကောင်းစွာ ထိန်းသိမ်းထားသော်လည်း အသက် ခုနစ်ဆယ်ကျော်ပြီဖြစ်သည်။ ရုတ်တရက် အဆွဲခံရသဖြင့် သူမ ယိုင်သွားသည်။

အကယ်၍သာ သူမ၏ မြေးမလေးက အမြန်မထိန်းပေးခဲ့ပါက အဘွား ချန် လဲကျပြီး ဒဏ်ရာရသွားနိုင်သည်။

အဘွား ချန် လဲကျလုနီးပါးဖြစ်သွားသည်ကို မြင်သောအခါ စုရှီ ဒေါသထွက်သွားသည်။

တင်းမာသော မျက်နှာအမူအရာဖြင့် သူမသည် လက်ကိုလှမ်းကာ ဝူဟုန်မေ့၏ လက်ကောက်ဝတ်ကို ဖိအားပေးကာ ဆုပ်ကိုင်လိုက်သည်။

ဝူဟုန်မေ့က အော်လိုက်သည်။ "အ .. အား" သူမသည် အလိုလို အဘွား ချန်၏ အဝတ်ကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်သည်။

စုရှီသည် အဘွား ချန်၏ ရှေ့တွင် ရပ်လိုက်ပြီး သူမ၏ အရှိန်အဝါသည် ပြင်းထန်ကာ သူမ၏အကြည့်သည် အေးစက်နေပြီး ဝူဟုန်မေ့ကို ဆူပူလိုက်သည်။

"နင် မျက်စိကန်းနေလား? ငါ့အဖွား အသက်ဘယ်လောက်ရှိပြီလဲ? သူမက အဲ့လို ဆွဲလားရမ်းလားလုပ်တာကို ခံနိုင်မယ်ထင်နေလား"

ဝူဟုန်မေ့၏ မျက်လုံးများသည် ဖူးယောင်ပြီး နီရဲနေပြီဖြစ်ကာ နာကျင်နေပုံရသည်။ သူမသည် အများအားဖြင့် နူးညံ့သိမ်မွေ့သော စုရှီသည် ဤမျှ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ "ကျွန်မ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"

စုရှီ ပိုဒေါသ ထွက်လာခဲ့သည်။ "နင် တမင်လုပ်တာဆိုရင် ငါ နင့်လက်ကို ချိုးပစ်လိုက်မှာ"

ဝူဟုန်မေ့ အံ့အားသင့်သွားပြီး ပြန်ပြောချင်သော်လည်း ကြောက်လွန်း၍ မပြောရဲပေ။ သူမသည် ပညာတတ်များကို အမြဲကြောက်တတ်ပြီး အထူးသဖြင့် စုရှီသည် ပညာတတ်ရုံသာမက အလွန်လှပသောကြောင့် ဖြစ်သည်။

ဝူဟုန်မေ့သည် ဤမျှလှပသော မိန်းကလေးတစ်ယောက် ဤမျှပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် ယခင်က စုရှီကို လူကောင်းတစ်ယောက်ဟု ထင်ခဲ့သည်။

ဗိုလ်မှူး ဝူသည် စုရှီ၏ ဒေါသကြောင့် အနည်းငယ် သတိပြန်ဝင်လာပုံရသည်။ သူသည် သူ့ခါးပတ်ကို လိပ်ကာ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။

သူ၏ လေးထောင့်ပုံမျက်နှာပေါ်တွင် အနေရခက်သော အပြုံးဖြင့် သူက ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ အဒေါ် ချန်။ အဆင်ပြေရဲ့လား? ကျွန်တော် ခုနက ဒေါသထွက်သွားလို့ပါ။ ကျွန်တော့်အမှားပါ၊ တောင်းပန်ပါတယ်"

ချန်ရှန်းယွင်သည် သူမမြေးမလေး၏ လက်ကို ညင်သာစွာ ပုတ်လိုက်ပြီးနောက် စုရှီ၏ နောက်မှ ထွက်လာကာ ပြောလိုက်သည်။

"ရပါတယ်၊ ရပါတယ်။ ငါက အသက်ကြီးနေပြီ၊ အခု နည်းနည်း ပြန်ကောင်းသွားပါပြီ။ ငါ့ ရှီရှီက ငါ့အရိုးအဆစ်တွေကို စိတ်ပူလို့ပါ။ သူ့ကို စိတ်ထဲမထားပါနဲ့။ သူက ကလေးပဲ ရှိသေးတယ်။ စကားမစပ်၊ ငါ့ ရှီရှီက မင်း ဟုန်မေ့နဲ့ အသက်အတူတူလောက်ပဲ၊ ဒါကြောင့် သူလည်း သိပ်မတည်ငြိမ်သေးဘူး။ အချင်းချင်း နားလည်ပေးပြီး အေးအေးဆေးဆေး စကားပြောကြရအောင်"

အဘွား ချန်သည် သူမမြေးမလေး၏ ကာကွယ်ပေးမှုကို ကျေနပ်သော်လည်း မိန်းကလေး၏ ဂုဏ်သိက္ခာကိုလည်း သတိထားနေသည်။

စုရှီသည် ဝူဟုန်မေ့နှင့် အသက်အတူတူလောက်ရှိသည်ဟု ဖော်ပြခြင်းဖြင့် အဘွား ချန်သည် ဗိုလ်မှူး ဝူ အနေဖြင့် ကလေးတစ်ယောက်ကို အလွန်အမင်း မပြင်းထန်သင့်ကြောင်း အရိပ်အမြွက်ပြနေခြင်းဖြစ်သည်။

ဗိုလ်မှူး ဝူသည် အဘွား ချန်၏ အရိပ်အမြွက်ကို သဘောပေါက်ကာ ရှက်ရွံ့မှုဖြင့် မျက်နှာနီရဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါတယ်။ တကယ်ကို တောင်းပန်ပါတယ်။ ကျွန်တော်က ကျွန်တော့်ညီမကြောင့် ဒေါသထွက်သွားတာပါ"

အဘွား ချန်က စိုးရိမ်တကြီး မေးလိုက်သည်။ "ဟုန်မေ့က လိမ္မာတဲ့ကလေး မဟုတ်လား? ဘာဖြစ်တာလဲ? ပြီးတော့ မင်း ယန်ဇီရော ဘယ်မှာလဲ"

ဝူဟုန်မေ့၏ ယောက်မဖြစ်သူ၊ အမည်ရင်းမှာ ဝမ်ရှောင်းယန် ဖြစ်ပြီး အဘွား ချန်က အများအားဖြင့် ယန်ဇီ ဟု ခေါ်သည်။

ဗိုလ်မှူး ဝူသည် မျက်နှာကိုပွတ်ကာ တံခါးမှ ဘေးသို့ ဖယ်ပေးပြီး ပြောလိုက်သည်။

"ယန်ဇီက ကျွန်တော့်ရဲ့ ဒုက္ခပေးတဲ့ ညီမတွန်းတာခံလိုက်ရပြီး ခါးလည်သွားတယ်။ သူ အခု အိပ်ရာထဲမှာ လဲနေတယ်။ အချိန်ရရင် သူ့ကို သွားကြည့်ပေးပါဦး"

ဤသို့ကြားသောအခါ အဘွား ချန်၏ မျက်နှာအမူအရာ မှောင်မိုက်သွားသည်။ သူမသည် ယန်ဇီနှင့် အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ယန်ဇီသည် သူမ၏ ယောက်မကို မည်မျှ ကောင်းမွန်စွာ ဆက်ဆံသည်ကို သိသည်၊ အစားအသောက်၊ အဝတ်အစားများ ပေးရုံသာမက အိမ်ထောင်ဖက်ပင် ရှာပေးသည်။ ဟုန်မေ့သည် ဤမျှ ရက်စက်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

ထိုသို့တွေးရင်း ချန်ရှန်းယွင်သည် အစ်ကိုဖြစ်သူကို ဆူပူရန် စိတ်ရှည်သည်းခံမှု ပျောက်ဆုံးသွားသည်။ သူမသည် စုရှီကို အိမ်ထဲသို့ နောက်ပြန်မကြည့်ဘဲ ဆွဲခေါ်သွားသည်။

အဘွား ချန်က သူမကို လျစ်လျူရှုသည်ကို မြင်သောအခါ ဝူဟုန်မေ့သည် လိုက်သွားရန် ကြိုးစားသော်လည်း ဗိုလ်မှူး ဝူက ပြင်းထန်သော အကြည့်ဖြင့် တားဆီးလိုက်သည်။

စုရှီနှင့် အဘွား ချန်တို့ အထဲသို့ ဝင်သွားစဉ် အပြင်ဘက်တွင် ဝူဟုန်မေ့၏ တောင်းပန်သံများကို ကြားနေရသည်။

ဒီတစ်ကြိမ်တွင် စုရှီရော အဘွား ချန်ပါ မျက်မှောင်မကြုတ်မိကြပေ။

စုရှီသည် အစ်မ ဝူ၏ အိပ်ခန်းထဲသို့ အဘွား ချန်ကို အမြန်ခေါ်သွားပြီး ဓလေ့ထုံးတမ်းများကို ဂရုမစိုက်တော့ပေ။

အစ်မ ဝူသည် မျက်နှာဖြူဖျော့ကာ အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို မြင်သောအခါ အဘွား ချန်သည် စိုးရိမ်သော မျက်နှာအမူအရာဖြင့် အိပ်ရာအစွန်းတွင် ထိုင်ချပြီး ပြောလိုက်သည်။

"ဘယ်လောက်တောင် နာသွားသေးလဲ? ဘာလို့ ဆေးရုံမသွားတာလဲ"

အစ်မ ဝူသည် ဖြူဖျော့နေသော်လည်း အပြုံးတစ်ခုကို ဖန်တီးကာ ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ဆေးရုံသွားရင် ပိုက်ဆံကုန်တယ်။ ကျွန်မ ခဏလှဲနေလိုက်မယ်"

ချန်ရှန်းယွင်သည် အစ်မ ဝူ၏ အခြေအနေကို ကောင်းစွာသိသည်။ ဗိုလ်မှူး ဝူ၏ လစာသည် မိသားစုငါးယောက်ကို ထောက်ပံ့ရပြီး ထိုထဲမှ ထက်ဝက်ကို သူ့မိဘများဆီ ပို့ပေးရသည်။

ယခု အချိန်ကာလများက ခက်ခဲသည်။

သားများ တဖြည်းဖြည်း ကြီးပြင်းလာသောအခါ သူမသည် သူတို့၏ မင်္ဂလာဆောင်များအတွက် ပိုက်ဆံစုရသည်။ အသက်အရွယ်နီးကပ်သော သားသုံးယောက်ဖြင့် သူမသည် ဆေးရုံသွားရန် ပိုက်ဆံသုံးဖို့မပြောနှင့် တစ်ပြားတစ်ချပ်မှ မခြွေတာဘဲမနေနိုင်ပေ။

မိသားစုတိုင်းတွင် ကိုယ်ပိုင်အခက်အခဲများ ရှိသည်။ ချန်ရှန်းယွင်သည် အလွန်အကျွံ တိုက်တွန်းခြင်းသည် မသင့်တော်ဟု ခံစားရသော်လည်း သူမမြေးမလေးကို ဘေးသို့ ဆွဲခေါ်ကာ ပြောလိုက်သည်။

"ရှီရှီ မင်းအစ်မ ဝူကို ကူစစ်ဆေးပေးပါဦး။ အရိုးဒဏ်ရာ ဒါမှမဟုတ် တစ်ခုခုဖြစ်နေရင် ဒီအတိုင်းထားလို့မရဘူး"

စုရှီသည် ဆရာဝန်တစ်ယောက်အနေဖြင့် မငြင်းဆန်ခဲ့ပေ။ သူမသည် အင်္ကျီလက်ကို လိပ်တင်ကာ အစ်မ ဝူကို စစစ်ဆေးတော့သည်။

စုရှီသည် ဝမ်ရှောင်းယန်ကို စစ်ဆေးနေစဉ် ချန်ရှန်းယွင် က မေးလိုက်သည်။

"နင့်ယောက်မ ဘာဖြစ်နေတာလဲ? အရင်က သူမ အတော်လေး အသိတရားရှိတာ မဟုတ်လား"

အစ်မ ဝူသည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး စုရှီက သူမကို ဖိလိုက်တိုင်း အသက်ရှူမဝသော အသံများ ထွက်ပေါ်နေသည်။ အဘွား ချန်စ မေးခွန်းကို ကြားသောအခါ သူမ၏ မျက်နှာသည် စိတ်ညစ်နေသော အမူအရာ ပေါ်လာသည်။

သူမသည် ဤအကြောင်းကို ရက်ပေါင်းများစွာ မျိုသိပ်ထားခဲ့ပြီး မိသားစုအရှက်ကြောင့် ယခင်က မပြောရဲခဲ့ပေ။

ယခုမူ သူမ၏ ယောက်မကြောင့် နာကျင်ခံစားနေရသဖြင့် သူမ၏ မကျေနပ်ချက်များကို စတင်ဖွင့်ဟလာသည်။

"ပြောတောင်မပြောပါနဲ့တော့။ မနှစ်က ကျွန်မယောက်မလာတုန်းက ကျွန်မ သူ့ကို စစ်သားတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ခဲ့တာ မှတ်မိလား"

ချန်ရှန်းယွင်က မှတ်မိကြောင်းပြသရန် ခေါင်းညိတ်လိုက်သည်။

အစ်မ ဝူက ဆက်ပြောသည်။ "ကျွန်မက စေတနာကောင်းနဲ့ပါ။ စစ်သားတစ်ယောက်နဲ့ လက်ထပ်ရတာ ဂုဏ်ရှိတယ်လို့ ထင်ခဲ့တာ။ ကျွန်မ သူ့ကို တော်တော်များများနဲ့ တွေ့ပေးခဲ့တယ်၊ သူမက လောင်ဝူ လက်အောက်က အလားအလာကောင်းတဲ့သူတွေ အကုန်လုံးနီးပါးကို ကြည့်ပြီးသွားပြီ။ ဒါပေမဲ့ သူ ဘယ်သူ့ကိုမှ မကြိုက်ဘူး။ ကံကောင်းတာက ယောကျ်ားလေးတွေက ဒါကို မသိဘူး။ ကျွန်မက ကျွန်မယောက်မကို တိတ်တဆိတ် ခေါ်သွားတာ၊ မဟုတ်ရင် ကျွန်မ ရှက်ရမှာ"

ချန်ရှန်းယွင်တွင် မတူညီသော အမြင်ရှိသည်။ "ဟုန်မေ့ က စစ်သားတွေကို မကြိုက်တာ ဖြစ်နိုင်မလား? မင်း သူ့ကို မေးကြည့်ပြီးပြီလား? လူတိုင်းမှာ ကိုယ်ပိုင်အကြိုက်ရှိတယ်ဆိုတဲ့ စကားပုံရှိတယ်။ အိမ်ထောင်ရေးက ကိစ္စကြီးတစ်ခုပဲ ကလေးတွေ စိတ်တိုင်းကျဖြစ်သင့်တယ်"

အစ်မ ဝူက ကန့်ကွက်လိုက်သည်။ "ကျွန်မကို အဒေါ်သိသားပဲ။ ကျွန်မက သူ့ကို အတင်းအကျပ်လုပ်မယ့် အမျိုးအစားမဟုတ်ဘူး။ သူကိုယ်တိုင်က လောင်ဝူကို ဖုန်းဆက်ပြီး စစ်သားတစ်ယောက်ရှာချင်တယ်လို့ ပြောလို့ လောင်ဝူက သူ့ကို ဒီကို ခေါ်လာခဲ့တာ"

အဘွား ချန်က စဉ်းစားလိုက်သည်။ "ဒါဆို ဘာအကြောင်းကြောင့်လဲ? ဟုန်မေ့က ဘာပြောလဲ"

ဤအကြောင်းအရာရောက်လာသောအခါ အစ်မ ဝူ၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် အနည်းငယ် နီရဲသွားသည်။

"အဒေါ် ချန် အမှန်အတိုင်းပြောရရင် ဟုန်မေ့ရဲ့ နှလုံးသားက တခြားတစ်နေရာမှာ ရောက်နေတာ။ အန်တီ့ စုတုန်ကို မြင်ပြီးကတည်းက သူက သိက္ခာကြီးတဲ့တစ်ယောက်ယောက်ကို လိုချင်နေတာ။ ဒါပေမဲ့ ကျွန်မတို့မိသားစုကလည်း ကိုယ့်နေရာကိုယ်သိပါတယ်။ စုတုန်မှာ တစ်ယောက်ယောက်မရှိရင်တောင် သူက စာမတတ်တဲ့ ဟုန်မေ့လိုလူမျိုးနဲ့ မမှီနိုင်တဲ့သူပါ"

သူမစကားပြောနေစဉ် စုရှီသည် စစ်ဆေးမှုပြီးသွားပြီး အစ်မ ဝူဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမသည် ဤအကြောင်းတွင် အစ်ကိုကြီးလည်း ပါဝင်ပတ်သက်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

အစ်မ ဝူသည် စုရှီက သူမ၏ မြှောက်ထားသော အင်္ကျီကို ဆွဲချနေသည်ကို သတိပြုမိပြီး လှည့်မေးလိုက်သည်။

"ဆရာဝန် စုရှီ၊ ကျွန်မခါး အဆင်ပြေရဲ့လား"

စုရှီသည် သူမလက်ကောက်ဝတ်မှ အင်္ကျီလက်ကို ဆွဲချပြီး ပြန်ဖြေလိုက်သည်။

"အရေးကြီးတာ မဟုတ်ပါဘူး၊ နည်းနည်းလည်သွားတာပါ။ လာမယ့်ရက်တွေမှာ များများအနားယူပါ။ ခံနိုင်ရည်ရှိရင် နောက်ရက်အနည်းငယ် ရေခဲကပ်ပါ။ မဟုတ်ရင် ၄၈ နာရီစောင့်ပြီးမှ ရေနွေးဝတ်ကပ်ပါ။ မနက်ဖြန် သွေးလည်ပတ်မှုကောင်းပြီး အညိုအမည်းသက်သာစေတဲ့ ဆေးကပ်ခွာတွေ ယူလာပေးမယ်"

အစ်မ ဝူ၏ ခြွေတာတတ်သော သဘာဝကို ပြန်အမှတ်ရရင်း စုရှီက သူမကို နှစ်သိမ့်လိုက်သည်။

"ဈေးသိပ်မကြီးပါဘူး။ ဆေးကပ်ခွာနှစ်ခုကို ပြားအနည်းငယ်ပဲ ကျမှာပါ။ ဒီလောက်လေးနဲ့ ခြွေတာမနေပါနဲ့၊ မဟုတ်ရင် ရက်အနည်းငယ်ကြာရင် ပိုနာလာလိမ့်မယ်"

အစ်မ ဝူသည် ဆင့်အနည်းငယ်ဖြင့် တော်တော်များများ ဝယ်နိုင်သည်ဟု တွေးလိုက်သော်လည်း စုရှီက ငွေပေးချေမှုအကြောင်းမပြောဘဲ သူမကို ကူညီနေသောကြောင့် ဆေးကပ်ခွာမဝယ်တော့ဟု ပြောရန် ရှက်မိသွားသည်။

အဘွား ချန်က တိုက်တွန်းလိုက်သည်။ "အိုး! နင် ခုနက နင့်ဇာတ်လမ်း တစ်ဝက်တစ်ပျက်ပဲ ပြောရသေးတယ်"

စုရှီ - "..."

အစ်မ ဝူသည် အဘွား ချန်နှင့် တစ်နှစ်ကျော်ကြာ စကားပြောဆိုနေကျဖြစ်သဖြင့် စိတ်မဆိုးပေ။

သူမ ချက်ချင်း ဆက်ပြောလိုက်သည်။

"ဟုန်မေ့က လုံးဝ အသိတရားကင်းမဲ့နေတာတော့ မဟုတ်ပါဘူး။ သူမက စုတုန်နဲ့ မထိုက်တန်ဘူးဆိုတာ သိပြီး အဲ့လို အတွေးတွေ မတွေးရဲပါဘူး။ သူမက စုတုန်ကို ကြည့်ရတာ ကြည့်လို့ကောင်းတယ်လို့ပဲ ထင်တာပါ"

စုရှီ နားလည်လိုက်သည်၊ ဒါက နောက်ပိုင်းခေတ်များတွင် လူများက နာမည်ကြီးများကို ကြိုက်နှစ်သက်ကြပုံနှင့် ဆင်တူသည်။

ချန်ရှန်းယွင်က ဂုဏ်ယူစွာ ပြောလိုက်သည်။ "ဟုတ်တာပေါ့၊ ငါ့မြေးသုံးယောက်လုံးက ရုပ်ချောကြတယ်။ ရုပ်ချောတာက မြင်ရတဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဘာမှမဖြစ်ဘူး"

အစ်မ ဝူသည် သူမမိတ်ဆွေကောင်း၏ အမြင်ကို တန်ဖိုးထားကာ အားတက်သရော ခေါင်းညိတ်လိုက်သည်။

"ကျွန်မလည်း အဒေါ်နဲ့ သဘောတူပါတယ်။ ဘယ်သူက ချောမောတဲ့ လူငယ်လေးတွေကို မကြိုက်ဘဲ နေမလဲ? ကျွန်မအသက်အရွယ်မှာတောင် အဒေါ့် စုတုန်ကို မြင်ရတာ ပျော်တယ်။ ဒါပေမဲ့ ဟုန်မေ့က စွဲလမ်းနေပုံပဲ၊ ဆင်းရဲရင်တောင် ရုပ်ချောတဲ့သူတစ်ယောက်ကိုပဲ ရှာမယ်လို့ အတင်းပြောနေတယ်။ သူက စစ်သားတစ်ယောက်နဲ့ နေဖို့ ဆန္ဒရှိတယ်၊ ဒါပေမဲ့ သူတို့က ရုပ်ချောရမယ်"

ချန်ရှန်းယွင်က နားလည်မှုဖြင့် တုံ့ပြန်လိုက်သည်။ "ဟုန်မေ့ရဲ့ အတွေးတွေက မှားမနေပါဘူး။ ဘဝမှာ ကိုယ်ကြိုက်တာကို ရှာသင့်တယ်။ မိသားစုနောက်ခံက မပြည့်စုံရင်တောင် လှတာလေးကို လိုချင်တာက ကျိုးကြောင်းမဆီလျော်တာ မဟုတ်ဘူး။ စစ်တပ်မှာ အားမာန်အပြည့်နဲ့ လူငယ်လေးတွေ အများကြီးရှိတယ်"

အစ်မ ဝူက သက်ပြင်းချလိုက်သည်။ "အဒေါ်ပြောသလိုသာဆိုရင် ကောင်းမှာပဲ။ လောင်ဝူက သူ့ကို စစ်သားတွေက လေဒဏ်မိုးဒဏ်ခံရတယ်၊ ဘယ်လောက်ပဲ ရုပ်ချောချော နေလောင်ပြီး မည်းသွားကြတာပဲလို့ ပြောတယ်။ ဟုန်မေ့က ယန်နန်နဲ့ တပ်ရင်းမှူး ရှဲ့တို့လည်း စစ်သားတွေပဲ၊ ဘာလို့ သူတို့က ဒီလောက် ရုပ်ချောနေတာလဲလို့ ခေါင်းမာမာနဲ့ ငြင်းတယ်။ ကျွန်မက ကိုယ့်ယောက်မကို ကိုယ်နှိမ်ချနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ တပ်ရင်းမှူး ရှဲ့ ဒါမှမဟုတ် ယန်နန်လိုလူမျိုးနဲ့ ဟုန်မေ့က တကယ်ရော ထိုက်တန်လို့လား"

ဤသို့ကြားသောအခါ အဘွား ချန်၏ မျက်နှာအမူအရာ မှောင်မိုက်သွားသည်။ ယန်နန်ကို ဆွဲဆောင်မှုရှိတယ်လို့ ထင်တာက နားလည်နိုင်တယ်၊ သူက အခုထိ လူလွတ်ပဲလေ။ ဒါပေမဲ့ တပ်ရင်းမှူး ရှဲ့ကို ဆွဲဆောင်မှုရှိတယ်လို့ ထင်တာက.. သူက သူမရဲ့မြေးမလေးရဲ့ စေ့စပ်ထားသူပဲ! ဟုန်မေ့ တကယ်ပဲ သူ့နေရာသူ မသိဘူး။

အစ်မ ဝူသည် အဘွား ချန်၏ ပြောင်းလဲသွားသော အမူအရာကို သတိမမူဘဲ ဆက်ညည်းညူနေသည်။

"နောက်ဆုံးတော့ လောင်ဝူနဲ့ ကျွန်မမှာ ရင်းနှီးတဲ့ စစ်တပ်က ဇနီးတချို့ကို အကူအညီတောင်းရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ ကျွန်မတို့ရဲ့ ပထမဆုံး လိုအပ်ချက်က လူက ရုပ်ချောရမယ်ဆိုတာပဲ။ အံ့ဩစရာကောင်းတာက ကျွန်မတို့ တစ်ယောက်ကို တကယ်ပဲ ရှာတွေ့ခဲ့တယ်"

ချန်ရှန်းယွင်သည် သူမ၏ ယခင်က မကျေနပ်မှုကို ချက်ချင်း ဘေးဖယ်ထားလိုက်ပြီး ဝမ်ရှောင်းယန်ဆီသို့ အလိုလို ချဉ်းကပ်သွားကာ စပ်စုစွာ မေးလိုက်သည်။

"တစ်ယောက်ယောက်ကို ရှာတွေ့တာ မကောင်းဘူးလား? နင့်မျက်နှာအမူအရာအရ နင် မကျေနပ်သလိုပဲ"

အစ်မ ဝူ၏ ညည်းညူသံများ ဆက်ထွက်ပေါ်လာသည်။

"ကျွန်မ ရှင်းပြမယ်။ လွန်ခဲ့တဲ့လက ကျွန်မတို့ သွားတွေ့ခဲ့တဲ့ လူငယ်လေးက အသားဖြူပြီး သန့်သန့်ပြန့်ပြန့်ရှိတယ်၊ စုတုန်နဲ့တော့ မနှိုင်းနိုင်ဘူး၊ ဒါပေမဲ့ တခြားသူတွေထက်တော့ ချောတယ်။ သူက ယဉ်ကျေးပြီး နူးညံ့တဲ့ပုံ ပေါက်တယ်။ ပထမဆုံးအကြိမ်တွေ့တော့ ကျွန်မယောက်မရော ကျွန်မရော တော်တော်လေး ကျေနပ်ကြတယ်။ ဒါပေမဲ့ အိမ်က သေးတယ်၊ စတုရန်းမီတာ သုံးဆယ်လောက်ပဲ ရှိပြီး လူကိုးယောက်နေတယ်။ ကျွန်မတွေးလိုက်တယ်၊ သူတို့က မြို့သူမြို့သားတွေဖြစ်ပြီး နံရံတစ်ဝက်လောက်က အစားအစာ သိုလှောင်ထားတာတွေနဲ့ ဆန်ချောကောင်းကောင်းတွေ အများကြီးတွေ့လို့ သူတို့မှာ ချမ်းသာမှုတစ်ခုခုတော့ ရှိရမယ်လို့။ အဆင်ပြေသွားရင် ဒါက ကောင်းတဲ့အိမ်ထောင်ဖက်ဖြစ်မှာပဲ။ အန်တီသိတဲ့အတိုင်းပဲ၊ ဒီခေတ်မှာ အသွင်အပြင်နဲ့ အဆင့်အတန်းတွေက အပေါ်ယံတွေချည်းပဲ။ စားစရာရှိပြီး ဗိုက်မဆာတာက တကယ် အရေးကြီးတာ"

ချန်ရှန်းယွင် အားတက်သရော ခေါင်းညိတ်လိုက်သည်။

အစ်မ ဝူသည် စာနာနားလည်ပေးမည့်သူကို တွေ့ရှိသွားသကဲ့သို့ ပို၍ စိတ်လှုပ်ရှားလာသည်။

"ဘယ်သူက ထင်မှာလဲ ဒီမိသားစုက လိမ်လည်ကောက်ကျစ်သူတွေချည်းပဲလို့"

အဘွား ချန်က သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"ဘာလို့ သူတို့က လိမ်လည်ကောက်ကျစ်သူတွေဖြစ်ရတာလဲ"

အစ်မ ဝူက စတင် ရန်တွေ့တော့သည်။ "သူတို့က တကယ်ကို လိမ်လည်ကောက်ကျစ်သူတွေပါ။ ကျွန်မအသက်ရှင်သမျှ ကာလပတ်လုံး ဒီလို လိမ်လည်တဲ့လူစားမျိုး တစ်ခါမှ မကြုံဖူးဘူး။ အဒေါ် မယုံနိုင်လောက်ဘူး။ သူတို့က အိမ်နီးချင်းတွေဆီက မိုးမခကိုင်းတွေနဲ့ ယက်ထားတဲ့ ဆန်ခြင်တဲ့တောင်းတွေ အများကြီး ငှားပြီး အားလုံးကို တင်းတင်းကျပ်ကျပ် ပိတ်ပြီး စုပုံထားတယ်။ အောက်ခြေမှာ မြင်နေရတဲ့ဟာတွေက ရွှံ့တွေနဲ့ ပြည့်နေပြီး အပေါ်ဆုံးအလွှာမှာပဲ ဆန်ချောပါးပါးလေး ဖြူးထားတာ။ စုပုံထားတဲ့တောင်းတွေထဲမှာ ဘာရှိလဲ ကျွန်မတို့ မမြင်နိုင်ဘူး။ ဟုန်မေ့က ခြေကျင်းဝတ်လည်ပြီး မတော်တဆ စုပုံထားတာကို တိုက်မိလို့ အလွတ်တောင်းတွေ အကုန်လုံး ပေါ်မလာခဲ့ရင် သူတို့မှာ ဆန်စပါးတွေ အများကြီးရှိတယ်လို့ ပြောတာကို ကျွန်မတို့ ယုံသွားမှာပဲ။ စက်ဆုပ်စရာကောင်းလိုက်တာ"

စုရှီ - "……" ဒီလိုမျိုး ဖြစ်နိုင်လို့လား?

ချန်ရှန်းယွင်က မျက်မှောင်ကြုတ်လိုက်သည်။ "လူတွေကို လိမ်တာက မှားတယ်။ ဒါပေမဲ့ ဟုန်မေ့က လိမ်တာကို ခံချင်ပါ့မလား"

ဤအချိန်တွင် အစ်မ ဝူသည် ဒေါသထွက်ပြီး သူမ၏ ဒဏ်ရာကို မေ့ကာ ထရပ်ရန် ကြိုးစားသော်လည်း နာကျင်စွာ အော်ဟစ်ပြီး အိပ်ရာပေါ်သို့ ပြန်လဲကျသွားသည်။

စုရှီသည် အစ်မ ဝူ၏ နာကျင်နေသော အမူအရာများကို ရယ်ချင်စိတ်နှင့် စာနာစိတ်ရောနှောကာ ကြည့်ရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"အစ်မ အခြေအနေပိုဆိုးမသွားအောင် သတိထားရမယ်။ ပိုဆိုးသွားရင် ပြားအနည်းငယ်နဲ့ မပြီးတော့ဘူး"

အစ်မ ဝူ၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း သူမဒဏ်ရာ ပိုဆိုးသွားမှာကို ငြင်းဆန်နေဆဲဖြစ်သည်။

"ကျွန်မ ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ ပိုမဆိုးသွားပါဘူး။ ကျွန်မ ဘာပြောနေတာလဲ"

စုရှီက သူမကို သတိပေးလိုက်သည်။ "အဘွား ချန်က ဟုန်မေ့ မကျေနပ်ဘူးလို့ ပြောတယ်"

"ဟုတ်တယ်၊ ဟုတ်တယ်! ဟုန်မေ့က အစပိုင်းမှာ လိမ်လည်ခံရလို့ စိတ်ဆိုးပြီး ကျွန်မနဲ့အတူ ဒေါသထွက်ပြီး မကျေမနပ်ဖြစ်ပြီး ပြန်လာခဲ့တယ်။ တစ်ခုခုပြောင်းလဲသွားတဲ့အထိ အားလုံးအဆင်ပြေနေခဲ့တာ။ နောက်ပိုင်း ဟုန်မေ့က မြို့ထဲကို တစ်ခုခုဝယ်ဖို့ သွားတော့ အဲ့ဒီရုပ်ချောကောင်လေးကို သူ့မှာ အလုပ်မယ်မယ်ရရ မရှိတာတောင် ထပ်တွေ့ချင်တယ်လို့ အတင်းပြောတယ်။ သူက သူ့ကို လုံးဝ စွဲလမ်းနေလို့ အမှန်ကို မမြင်တော့ဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ လောင်ဝူနဲ့ ကျွန်မက ဒါက ကောင်းတဲ့အိမ်ထောင်ဖက်မဟုတ်ဘူးဆိုတာ သိတယ်။ ဒီလိုမိသားစုထဲကို လက်ထပ်ဝင်တာက မီးကျင်းထဲကို ခြေချလိုက်တာနဲ့ တူတူပဲ"

ချန်ရှန်းယွင်သည် သူမကြည့်ဖူးသော ပြဇာတ်ဟောင်းများကို အမှတ်ရစေသည့် ဇာတ်လမ်း၏ အလှည့်အပြောင်းများကြောင့် အံ့အားသင့်သွားသည်။

"ဒါဆို နင့်ဒဏ်ရာက အဲ့ဒီလူငယ်လေးနဲ့ တွေ့တာကို တားလို့ ရခဲ့တာလား"

အစ်မ ဝူက တိုးတိုးလေး ပြောလိုက်သည်။ "သူမက အိမ်မှာ နီးပါးလတစ်ဝက်လောက် ရန်လုပ်နေတာ။ လောင်ဝူနဲ့ ကျွန်မက လက်မလျှော့ခဲ့ဘူး။ သူမက ဒီလောက် သတ္တိရှိရှိနဲ့ ပိုက်ဆံတချို့ယူပြီး မြို့ထဲကို ခိုးထွက်ဖို့ ကြိုးစားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? ကျွန်မ သူမကို ဖမ်းမိတော့ ကျွန်မတို့ ရန်ဖြစ်ကြပြီး ကျွန်မ လဲကျသွားတယ်။ လောင်ဝူက ကျွန်မ မြေပေါ်မှာ လဲနေတာကို မြင်တဲ့အချိန်မှာ ပြန်ရောက်လာပြီး ဒေါသအရမ်းထွက်လို့ သူ့ကို ရိုက်ချင်နေတာ"

ချန်ရှန်းယွင်က လျှာကိုစုပ်လိုက်သည်။ "သူ အရိုက်ခံရသင့်တယ်။ အဲ့ဒီအသက်အရွယ်မှာ အကျိုးအကြောင်းမသိရင် ရိုက်တာက လိုအပ်တယ်။ တစ်ခါရိုက်တာနဲ့ မလုံလောက်ရင် နောက်ထပ်အကြိမ်အနည်းငယ် ရိုက်သင့်တယ်"

အစ်မ ဝူက လှိုက်လှိုက်လှဲလှဲ သဘောတူလိုက်သည်။ "သူ့ကို သေချာပေါက် ဆုံးမဖို့လိုတယ်။ အဲ့ဒီကောင်မလေးက လက်လွတ်စပယ်ဖြစ်နေပြီ"

စုရှီ နှုတ်ခမ်းတွန့်လိုက်ပြီး ကြားနေရန်နှင့် မှတ်ချက်မပေးရန် ဆုံးဖြတ်လိုက်သည်။

သို့သော် အစ်မ ဝူသည် အကြံတစ်ခု ရသွားသကဲ့သို့ သူမခေါင်းကို အားစိုက်ကာ စုရှီကို ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် တောက်ပနေသည်။

စုရှီ - "……" သူမ မကောင်းတဲ့ ခံစားချက်တစ်ခု ရလိုက်သည်။

သေချာပေါက်ပင် အစ်မ ဝူက ချော့မော့သော အပြုံးဖြင့် ပြောလာသည်။

"စုရှီ၊ ငါ မင်းကို အကူအညီတစ်ခု တောင်းလို့ရမလား"

စုရှီ - "……" သဘောတူရန် သိပ်စိတ်မပါလှပေ!

All Chapters