အခန်း (၆၇-၆၈)
Vol. 6 Ch. 67-68
အပိုင်း ၆၇
ကြပ်ညပ်၍ ရှုပ်ရှပ်ခက်နေသော ခြံဝင်းထဲသို့ ကြမ်းတမ်းခက်ထန်ပုံပေါက်သည့် လူတစ်ဒါဇင်ကျော်က နံရံပေါ်သို့ ရုတ်တရက် ကျော်တက်လာကြသည်။
ခြံဝင်းတစ်ခုလုံးသည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ကြောက်တတ်သော အိမ်သူအိမ်သားအချို့သည် နောက်သို့ယိုင်လဲမတတ် သူတို့၏ကလေးများကိုဆွဲ၍ အိမ်ထဲသို့ ဆုတ်ခွာသွားကြသည်။
သတ္တိပိုရှိသော လူအနည်းငယ်မှာမူ အတူတူစုနေကြပြီး ထိုလူအုပ်စု ဝမ်မိသားစု၏ အိမ်ဘက်သို့ လျင်မြန်စွာသွားနေသည်ကို အဝေးမှကြည့်နေကြသည်။
“ဝမ် မိသားစုမှာ ဘာဖြစ်နေတာလဲ။ သူတို့ တစ်ယောက်ယောက်ကိုများ သွားစော်ကားမိလို့လား။”
“သူတို့က ငါတို့အိမ်နီးချင်းတွေပဲဟာ။ သွားကူညီပေးသင့်လား။”
“မင်း သွားချင်သွားလေ။ ငါတော့ မသွားဘူး။”
“ဟုတ်တယ်လေ။ ဝမ် မိသားစုမှာ ကောင်းတဲ့လူတစ်ယောက်မှ မရှိဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သူတို့ရဲ့အငယ်ဆုံးသား ဆရာပိုင်ရဲ့အိမ်ကို ဖျက်ဆီးနေတာ ငါတွေ့လိုက်တယ်။ ဆရာပိုင်က အရမ်းကောင်းတဲ့လူတစ်ယောက်ကို အဲ့ဒီ နှလုံးသားမရှိတဲ့ ကလေးတွေကြောင့် သူ့အိမ်မှာပဲ ကြိုးဆွဲချသေသွားရတာ။”
“ဟုတ်တယ် ဟုတ်တယ်။ ဒါက ဝမ်မိသားစုရဲ့ ကံကြမ္မာပဲ။ ငါတော့ အိမ်ထဲပြန်ဝင်တော့မယ်။ ဒီပြဿနာထဲ မပါချင်ဘူး။”
“ဟုတ်တယ် ဟုတ်တယ်။ ကြည့်စရာ ဘာရှိလို့လဲ။”
“……”
စုရှီသည် အမြင့်ဆုံးနေရာတွင် ရပ်နေသောကြောင့် အရှင်းလင်းဆူံ မြင်ကွင်းကို ရရှိထားပြီး သူမ၏အာရုံများကို အစွမ်းကုန် ထက်မြက်စေသည်။
သူမသည် သတိနည်းနည်းလေး လစ်သွားလျှင် အရေးကြီးသော သတင်းအချက်အလက်အချို့ကို လွဲချော်သွားနိုင်မည်စိုး၍ မည်သည့်အရာကိုမှ ပေါ့ပေါ့ဆဆ သဘောမထားရဲဘဲ ခြံဝင်းအတွင်းရှိ အသံများနှင့် လှုပ်ရှားမှုအားလုံးကို စိတ်ထဲတွင် လျင်မြန်စွာ စစ်ထုတ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှဲ့ကျန်းနှင့် အခြားသူများသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာလှုပ်ရှားပြီး ဝမ်မိသားစုရှိ လူအားလုံးကို လျင်မြန်စွာ ထိန်းချုပ်လိုက်ကြသည်။
“ရှင်တို့ ဘာလုပ်ချင်ကြတာလဲ။ နေ့ခင်းကြောင်တောင်ကြီးမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား… အမလေး…” ဝမ်မိသားစု၏ အိမ်ရှင်မဖြစ်သူမှာ ချုပ်နှောင်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ငိုယိုသံများနှင့် ရောနှောနေသော ညစ်ညမ်းသည့် ကျိန်ဆဲသံများဖြင့် အော်ဟစ်လိုက်လေသည်။
ဝမ် ယမိသားစု၏ ကျန်လူများ၏ စိတ်ရှုပ်ထွေးခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့နှင့် နှိုင်းယှဉ်လျှင် ဝူဟုန်မေ့မှာမူ ရှဲ့ကျန်းကို မှတ်မိသွားပြီး ထိုအခိုက်အတန့်တွင် သူမကိုယ်တိုင်လည်း လက်ရောခြေရော ချည်နှောင်ခံလိုက်ရသည်။ ကြောက်လန့်၍ နားမလည်နိုင်ဖြစ်နေကာ သူမက အော်ဟစ်လိုက်သည်။
“ဗိုလ်မှူးကြီး ရှဲ့… ရှင် ဘာလုပ်နေတာလဲ။”
ရှဲ့ကျန်းသည် အော်ဟစ်နေသော ဝူဟုန်မေ့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
စောင့်ကြည့်ရန် စစ်သားအချို့ကို ထားခဲ့ပြီးနောက် သူနှင့် ကျန်တိုက်ခိုက်ရေးသမားများသည် မြေအောက်ခန်းဝင်ပေါက်ကို ရှာဖွေရန် နေရာခွဲထွက်သွားကြသည်။
ဝူဟုန်မေ့သည် အဖြေမရသောကြောင့် ပိုစိုးရိမ်လာခဲ့သည်။ သူမသည် နှာခေါင်းရှုံ့ရင်း နှစ်သိမ့်မှုရလို၍ သူမ၏ လက်တွဲဖော်ကို အလိုလို လှမ်းကြည့်လိုက်မိသည်။
သူမ စိတ်ပျက်ရသည်မှာ ပုံမှန်အားဖြင့် နူးညံ့၍ ဂရုစိုက်တတ်သော သူမ၏လက်တွဲဖော်သည် ယခုအခါ သူမကို မည်းမှောင်သော မျက်နှာထားဖြင့် စိုက်ကြည့်နေပြီး သူ့အကြည့်ထဲ၌ မလိုမုန်းထားမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
သူမ ကြောက်လန့်တကြား တုန်လှုပ်သွားပြီး မသိစိတ်အရ နောက်သို့တွန့်ဆုတ်သွားကာ စကားထစ်အအဖြင့် မေးလိုက်သည်။
“စန်းကျွင်း… ဘာ… ဘာဖြစ်လို့လဲဟင်။”
'ဘာဖြစ်လို့လဲတဲ့လား။ ဒီမိန်းမက ဒါကိုမေးဖို့ သတ္တိရှိသေးတယ်ပေါ့။' ဝမ်စန်းကျွင့်သည် သူ့ရှေ့မှ အရူးမကို တစ်ခါတည်း မျိုချပစ်ချင်စိတ် ပြင်းပြစွာ ခံစားလိုက်ရသည်။
ဝူဟုန်မေ့က တာဝန်ခံအမျိုးသားကို ဗိုလ်မှူးကြီး ရှဲ့ဟု ရည်ညွှန်းလိုက်ကတည်းက သူတို့ ကံဆိုးမိုးမှောင်ကျပြီမှန်း သူသိလိုက်သည်။
သူတို့၏သတင်းပေါက်ကြားသွားရခြင်းမှာ ထိုအရူးမ ဝူဟုန်မေ့ကြောင့်သာ ဖြစ်ရမည်။
ထိုအခိုက်အတန့်တွင် ဝမ်စန်းကျွင့်သည် ဝူဟုန်မေ့၏ အဆက်အသွယ်များကို အသုံးချပြီး ဟုန်ကျွင့်ကျွန်းသို့ တိတ်တဆိတ်ဝင်ရောက်ကာ သတင်းအချက်အလက်များ ပိုရယူရန်နှင့် အနာဂတ်ရာထူးတိုးဖို့အတွက် ဂုဏ်ယူဝင့်ကြွားနိုင်ရန် သူမ၏ချစ်ခင်မှုကို ရရှိဖို့ရာ ကြံစည်ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း မေ့လျော့နေခဲ့သည်။
သူ၏နှလုံးသားသည် စိုးရိမ်ပူပန်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ အခန်းကို ဝေ့ကြည့်လိုက်သောအခါ မည်သူမျှ သူ့ကို အာရုံမစိုက်နေသည်ကို သတိပြုမိလိုက်သည်။ သူသည် သူ့ရှေ့တွင် ထိုင်နေသော သူ့အစ်ကိုနှင့် အစ်မဖြစ်သူကို အလိုလို လှမ်းကြည့်လိုက်သည်။
သို့သော် သူတို့သည် သူ့ဘက်သို့ တစ်ချက်မျှမကြည့်ဘဲ စိတ်ရှုပ်ထွေးခြင်းနှင့် အားကိုးရာမဲ့ခြင်း အမူအရာများသာ ပြနေကြသည်။
ဝမ်စန်းကျွင့်၏ နှလုံးသားသည် ဒိန်းခနဲဖြစ်သွားပြီး သူ အလွန်အမင်း အကောင်းမြင်လွန်းခဲ့သည်ကို သဘောပေါက်သွားသည်။
သူ့ရဲ့ မျက်နှာအမူအရာက ပုံမှန်မဟုတ်နေပုံပင်။ သာမန်လူတစ်ယောက်ဆိုလျှင် သူ့အစ်ကိုနှင့် အစ်မဖြစ်သူကဲ့သို့ ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးနေလိမ့်မည်။
ထိုသို့တွေးမိသည်နှင့် သူ့နဖူးတွင် ချွေးစို့လာတော့သည်။
သူသည် မျက်နှာကို မည်းမှောင်စေလိုက်ပြီး စကားဆက်မပြောတော့ဘဲ ခေါင်းငုံ့ကာ သူ၏ စိတ်ခံစားမှုအားလုံးကို အရိပ်ထဲတွင် ဖုံးကွယ်ထားလိုက်သည်။
သူ မသိလိုက်သည်မှာ ဝမ်စန်းကျွင့်၏ သူ့ကိုယ်သူသတိထားနေသော လုပ်ရပ်များကို ထောင့်တစ်နေရာတွင် ပုန်းနေပြီး သူတို့ကို အကဲခတ်နေသူတစ်ဦးမှ အနီးကပ် စောင့်ကြည့်နေခြင်းပင်။
ထိုစဉ် အိပ်ခန်းတစ်ခုမှ စစ်သားငယ်တစ်ဦး ပြေးထွက်လာပြီး အော်ပြောလိုက်သည်။
“ဗိုလ်ကြီး… မြေအောက်ခန်းတံခါးကို တွေ့ပါပြီ။”
ရှဲ့ကျန်းသည် ချည်နှောင်ခံထားရပြီး မြေပေါ်တွင် ထိုင်နေသော လူအချို့ကို လှမ်းကြည့်လိုက်သည်။
အမျိုးသားအချို့၏ မျက်နှာအမူအရာမှာ မြေအောက်ခန်းတွေ့ရှိခြင်းကို လုံးဝ စိတ်မပူသကဲ့သို့ အနည်းငယ်သာ ပြောင်းလဲသွားသည်။ အမျိုးသမီးများထဲတွင် အများစုမှာ စိတ်ရှုပ်ထွေးနေပုံရသော်လည်း ဝမ်တာ့ကျွင်း၏ ဇနီးတစ်ဦးတည်းသာ အမျိုးသားများကဲ့သို့ တူညီသော မျက်နှာအမူအရာ ရှိနေသည်။
ရှဲ့ကျန်း၏ အကြည့်သည် မည်းမှောင်သွားပြီး သူသည် စိတ်ထဲမှ မရယ်ဘဲ မနေနိုင်တော့ပေ။ လူများစွာ ပါဝင်ပတ်သက်နေပုံရသော်လည်း သူတို့ ဘာကြောင့် ဒီလောက်တောင် မကြောက်မရွံ့ ဖြစ်နေကြတာလဲဟု သူ တွေးမိနေသည်။
သူသည် စစ်သားငယ်များအား လူများကို အနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားပြီးနောက် မြေအောက်ခန်းတွေ့ရှိရာနေရာသို့ ခေါ်သွားသော စစ်သားနောက်သို့ လိုက်သွားခဲ့သည်။
ရှဲ့ကျန်း ဝင်သွားသောအခါ အိပ်ခန်းတစ်ခန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ ပတ်ပတ်လည် ကြည့်လိုက်သောအခါ အခန်းသည် သာမန်အိပ်ခန်းတစ်ခန်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ညစ်ပတ်နေသော ရွှံ့နံရံများဘေးတွင် ဆေးများကွာကျနေသော သစ်သားသေတ္တာအဟောင်းအချို့ကို ဖြစ်ကတတ်ဆန်း စုပုံထားသည်မှလွဲ၍ မူလနေရာမှ ရွှေ့ထားသော သစ်သားကုတင်တစ်လုံးသာ ရှိသည်။
ဒါသည် ထိုမိသားစု၏ ဆင်းရဲမွဲတေသော အခြေအနေနှင့် လုံးဝကိုက်ညီနေသည်။ ရှဲ့ကျန်းသည် ကုတင်ရှိခဲ့သော နေရာသို့ ချဉ်းကပ်သွားပြီး ကုတင်အတွင်းနံရံတွင် ကပ်ထားသော ဥက္ကဋ္ဌကြီး၏ ပုံတူပန်းချီကားကို လှမ်းကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ထေ့ငေါ့လိုသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ဒီလိုမိသားစုမျိုးမှာ ဥက္ကဋ္ဌကြီးရဲ့ ပုံတူပန်းချီကားကို ဘယ်သူက ချိတ်ရဲမှာလဲ။ သူ စစ်သားတစ်ဦးကို ကြည့်ပြီး ပြောလိုက်သည်။
“ဥက္ကဋ္ဌကြီးရဲ့ ပုံတူပန်းချီကားကို ဂရုတစိုက် ဖြုတ်ပြီး ခဏနေရင် ငါတို့နဲ့အတူ ယူသွား။”
“ဟုတ်ကဲ့။”
ရှဲ့ကျန်းသည် ညွှန်ကြားချက်ကို ပေးပြီးနောက် မြေအောက်ခန်း ဝင်ပေါက်တွင် ထိုင်ချလိုက်ပြီး အတွင်းသို့ ငုံ့ကြည့်လိုက်သည်။
ဝင်ပေါက်သည် ကြမ်းတမ်းပုံရပြီး အထူးတလည် မကြီးမားဘဲ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး ဝင်နိုင်ရုံသာ ကျယ်သည်။ ရှဲ့ကျန်းသည် အောက်သို့ဆင်းသွားနှင့်ပြီဖြစ်သော စစ်သားကို လှမ်းခေါ်လိုက်သည်။
“ဘာတွေ့လဲ။ တစ်ခုခု ထူးခြားတာတွေ့လား။”
မကြာမီ အောက်မှ အနည်းငယ် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဗိုလ်ကြီး… ဘာမှမတွေ့ဘူး။ ကောက်နှံကြမ်းတချို့ပဲ ရှိတယ်။ တခြားဘာမှမရှိဘူး။”
ထိုစစ်သားငယ်သည် သူတို့များ မှားသွားလားဟု သူ့ကိုယ်သူ မေးနေပုံရသည်။
ဖြစ်နိုင်ပါ့မလား… ဒီမိသားစုမှာ ဘာပြဿနာမှ မရှိတာမျိုး ဖြစ်နိုင်ပါ့မလား။
သို့သော် ရှဲ့ကျန်းသည် စုရှီကို ယုံကြည်သည်။ သူက ထပ်မေးလိုက်သည်။
“အောက်က နေရာအကျယ်အဝန်းက ဘယ်လိုလဲ။ ငါ ဆင်းလို့ရလား။”
“ရပါတယ် ဗိုလ်ကြီး။ အောက်က ဧရိယာက မသေးပါဘူး။”
ထိုသို့ကြားသောအခါ ရှဲ့ကျန်းသည် အချိန်မဆွဲတော့ဘဲ အပေါက်ထဲသို့ ဦးတည်နေသော လှေကားအတိုင်း လျှောဆင်းသွားလိုက်သည်။
ယခင်စစ်သားသည် ဓါတ်မီးတစ်လက် ယူဆောင်သွားခဲ့သည်။
ရှဲ့ကျန်း မြေအောက်ခန်းထဲသို့ ဆင်းသွားသည်နှင့် သူ၏မြင်ကွင်းသည် အတားအဆီးမရှိ ဖြစ်သွားသည်။ သူ့ကိုယ်သူ အရှိန်သတ်ပြီးနောက် ပတ်ဝန်းကျင်ကို စတင်စစ်ဆေးလိုက်သည်။
ဒီနေရာသည် အမှန်တကယ်ပင် သာမန်တောင်သူလယ်သမားတစ်ဦး၏ မြေအောက်ခန်းနှင့် တူသော်လည်း တစ်ခုတည်းသော ထူးခြားချက်မှာ တည်နေရာဖြစ်သည် - ကုတင်အောက်တွင် ဖွက်ထားခြင်းပင်။
မြေအောက်ခန်းသည် လေး၊ငါးစတုရန်းမီတာခန့် ကျယ်ဝန်းသည်။ ထောင့်တွင် လူတစ်ဝက်လောက် အမြင့်ရှိသော အိုးအချို့တွင် ခြောက်သွေ့သော ကောက်နှံများ ပြည့်နေသည်မှလွဲ၍ ကျန်အရာအားလုံးမှာ မွဲခြောက်သော မီးခိုးရောင်ဖြစ်ကာ အခြားမည်သည့်အရာမျှ မတွေ့ရပေ။
သို့သော် တန်ဖိုးရှိသောပစ္စည်းများ လုံးဝမရှိခြင်းက ရှဲ့ကျန်းကို ပိုသံသယဝင်စေသည်။
ကုတင်အောက်တွင် မြေအောက်ခန်း တူးထားသော်လည်း အဖိုးတန်ပစ္စည်းများ မသိမ်းဆည်းထားခြင်းက လုံးဝမမှန်ကန်ဟု ခံစားရသည်။
ရှဲ့ကျန်းသည် သူ့ဇနီးလောင်း သူ့အား အရင်က ပြောခဲ့သော စကားကို ပြန်အမှတ်ရလိုက်သည် - ကြေးနန်းစက်ကို အလွန်နက်ရှိုင်းစွာ ဖွက်ထားလောက်သည်။
သူ၏ အေးစက်သော အကြည့်သည် သူ့အောက်ရှိ မြေပြင်သို့ ရောက်သွားပြီး သူသည် ထိုင်ချကာ လက်မတစ်လက်မချင်း စမ်းသပ်ကြည့်ရှုလိုက်သည်။
လေး၊ငါးစတုရန်းမီတာ ကျယ်ဝန်းသော နေရာတွင် စစ်ဆေးမှုသည် လျင်မြန်စွာ ပြီးဆုံးသွားသည်။ ရှဲ့ကျန်း ဘာမှမတွေ့သောအခါ သူ၏မျက်လုံးများသည် ရုတ်တရက် ချောင်ထိုးထားသော အိုးအနည်းငယ်ပေါ်သို့ ကျရောက်သွားသည်။
သူသည် စစ်သားငယ်ကို လူတစ်ဝက်အမြင့်ရှိသော အိုးနှစ်လုံး သုံးလုံးကို ဘေးသို့ရွှေ့ရန် အချက်ပြလိုက်သည်။
ထို့နောက် သူသည် မြေပြင်ကို ခြေဖြင့် အကြိမ်အနည်းငယ် တွန်းလိုက်ရာ မြေကြီးတစ်လွှာအောက်မှ သံကြိုးသေးသေးလေးတစ်ချောင်း ပေါ်လာသည်။
ရှဲ့ကျန်း ထိုင်ချပြီး ထိုဝါယာကြိုးကို အားဖြင့်ဆွဲလိုက်သည်။ အခြားတစ်ဖက်တွင် ချိတ်ထားသောအရာတစ်ခုခုက လေးလံသော သစ်သားတံခါးကို ဖြည်းဖြည်းချင်း မတင်လာခဲ့သည်။
စစ်သားသည် ခြေမြန်လက်မြန်ဖြင့် သစ်သားတံခါးကို လက်ဖြင့် ထောက်ထားလိုက်သည်။ တံခါးပွင့်သွားသောအခါ သူသည် ရှေ့သို့ကိုင်းပြီး ဓါတ်မီးဖြင့် အောက်သို့ထိုးကြည့်ကာ စိတ်လှုပ်ရှားစွာ တိုးတိုးလေးပြောလိုက်သည်။
“ဝိုး။ ဗိုလ်ကြီး… ဒါက အရမ်းကို ကောင်းကောင်းဖွက်ထားတာပဲ။ ဒီအောက်မှာ နောက်ထပ် မြေအောက်ခန်းတစ်ခု ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒီမိသားစုမှာ ပြဿနာမရှိဘူးဆိုရင် ကျွန်တော့်ခေါင်းကို ဖြတ်ပစ်မယ်။”
ရှဲ့ကျန်းသည် ဘာမှမပြောဘဲ စစ်သားလေးထံမှ ဓါတ်မီးကို ယူပြီး ပါးစပ်ဖြင့်ကိုက်ကာ လှေကားအတိုင်း လျင်မြန်စွာ ဆင်းသွားသည်။
စစ်သားလေးသည် စိတ်ပူပန်ပြီး လိုက်ဆင်းချင်သော်လည်း ဝင်ပေါက်တွင် တစ်ယောက်ယောက်နေရန် လိုအပ်သည်ကို သိသောကြောင့် တစ်ချက်လေးမှ မလှုပ်ရဲဘဲ တုံ့ဆိုင်းနေခဲ့သည်။
မကြာမီ ရှဲ့ကျန်း၏ အသံသည် အောက်မှ ထွက်ပေါ်လာခဲ့သည်။
“လောင်ဖန်းကို သွားခေါ်လိုက်။ ပြီးတော့ အပြင်ကလူတွေကို သေချာစောင့်ကြည့်ထား။ တစ်ယောက်မှ လွတ်မသွားစေနဲ့။ သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး မဖြစ်အောင်လည်း တားရမယ်။ ပြီးတော့ မြေအောက်ခန်းတွေ့တယ်ဆိုတာကို လောလောဆယ် မပြောသေးနဲ့။”
စစ်သားသည် ချက်ချင်း တုံ့ပြန်လိုက်သည်။ “ဟုတ်ကဲ့။”
ထို့နောက် သူသည် မြေအောက်ခန်းမှ အပေါ်သို့ လျင်မြန်စွာ ပြန်တက်သွားသည်။
....
ဒုတိယမြောက် မြေအောက်ခန်းတွင် ရှဲ့ကျန်းသည် ဤကဲ့သို့ပင် ရိုးရှင်းသော်လည်း 'ဇိမ်ခံနေရာ' ဟု ဖော်ပြနိုင်သော လေး၊ငါးစတုရန်းမီတာကျယ်ဝန်းသည့် နေရာတွင် လှည့်ပတ်သွားလာနေသည်။
မျက်နှာကြက်နှင့် ကြမ်းခင်းအပါအဝင် နံရံလေးဘက်လုံးကို အပြာရောင်အုတ်များဖြင့် တည်ဆောက်ထားသည်။ ထို့အပြင် နေရာအနှံ့တွင် သေသပ်စွာ စီရီထားသော သစ်သားစင်များပေါ်တွင် ရှေးဟောင်းပစ္စည်းအမျိုးမျိုးကို တင်ထားသောကြောင့် ထိုနေရာသည် ထူးခြားသော ခံစားမှုကို ပေးစွမ်းနေသည်။
ရှဲ့ကျန်း၏ အာရုံကို အစွဲဆောင်ဆုံးအရာမှာ စာအုပ်များနှင့် စာများစွာ တင်ထားသော စားပွဲရှည်တစ်လုံးနှင့် အရေးကြီးဆုံးဖြစ်သော ကြေးနန်းစက်ပင် ဖြစ်သည်။
ရှဲ့ကျန်းသည် စက်ကို မထိဘဲ စားပွဲမျက်နှာပြင်ကို လက်ချောင်းများဖြင့် ခေါက်ကြည့်လိုက်သည်။
စားပွဲသည် သန့်ရှင်းပြီး ခိုင်ခံ့သည်။
တစ်စုံတစ်ယောက်သည် ဤနေရာကို သန့်ရှင်းရေးလုပ်ရန် မကြာခဏ လာရောက်သည်မှာ ထင်ရှားသည်။ ထို့အပြင် စားပွဲများ၊ ကုလားထိုင်များနှင့် ဗီရိုများအားလုံးကို အပြင်ဘက်တွင် တပ်ဆင်ပြီးမှ အတွင်းသို့ ယူဆောင်လာခြင်း ဖြစ်သည်။
မဟုတ်ပါက ပစ္စည်းများသည် ဝင်ပေါက်မှ ထည့်၍ဆံ့မည်မဟုတ်ပေ။
ထို့အပြင် ထိုအပြာရောင်အုတ်နံရံများကို တည်ဆောက်ရာတွင် ပါဝင်သော လုပ်အားကို ထည့်သွင်းစဉ်းစားပါက မည်သူ့ကိုမျှ သတိမပြုမိစေဘဲ ဤအရာကို ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။
အနည်းဆုံးတော့ ထိုအိပ်ခန်းထဲတွင် နေထိုင်သော ဇနီးမောင်နှံနှစ်ဦးမှာ အပြစ်ကင်းစင်သူများ မဟုတ်ကြပေ။
ရှဲ့ကျန်း စာများကို စစ်ဆေးရန် ဆွဲထုတ်နေစဉ် မန်နေဂျာဖန့်သည် အပေါ်က အပေါက်မှတစ်ဆင့် ဆင်းလာခဲ့သည်။ သူလည်း သူ့အိတ်ကပ်ထဲမှ ဓါတ်မီးတစ်လက်ကို ထုတ်ပြီး ပတ်ပတ်လည် ထိုးကြည့်လိုက်သည်။
သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်သည်။
“ဒီပိုးမွှားတွေက ဘယ်လောက်ကြာကြာ ဒီမှာ ပုန်းနေကြလဲ မသိဘူး။ ကောင်းတဲ့ပစ္စည်းတွေ အများကြီး စုဆောင်းထားတာပဲ။”
ရှဲ့ကျန်းက မေးလိုက်သည်။ “လောင်ဖန့်… မီးခြစ်ပါလား။”
သူသည် ဆေးလိပ်မသောက်သောကြောင့် ယေဘုယျအားဖြင့် မီးခြစ်ကို သယ်လေ့မရှိပေ။
မန်နေဂျာဖန့် သည် သူ၏အကြည့်ကို ရွှေ၊ ငွေ၊ ကျောက်စိမ်းပစ္စည်းများအပုံမှ ရှဲ့ကျန်း ဘက်သို့ ရွှေ့လိုက်ပြီး သူ့ဘေးရှိ ရေနံဆီမီးအိမ်ကို သတိပြုမိလိုက်သည်။
သူသည် ချက်ချင်းနားလည်သွားပြီး သူ့အိတ်ကပ်ထဲမှ မီးခြစ်တစ်လုံးကို ထုတ်လိုက်သည်။ သူသည် လျှောက်သွားပြီး မီးအိမ်ဖန်ခွက်ကို ဖယ်ရှားကာ မီးခြစ်ခြစ်၍ မီးညှိလိုက်သည်။ ထို့နောက် မီးစာကို ပိုကြီးလာစေရန် လှည့်တင်ပြီးမှ ဖန်ခွက်ကို ပြန်တပ်လိုက်သည်။
သူ့လက်ထဲမှ ဓါတ်မီးကို ပိတ်လိုက်ပြီးနောက် မန်နေဂျာဖန့်၏ မျက်နှာသည် လင်းထိန်နေသော အခန်းငယ်လေးထဲတွင် လှည့်လည်ကြည့်ရှုနေရင်း အခုတော့ မည်းမှောင်သွားသည်။
စားပွဲပေါ်ရှိ ကြေးနန်းစက်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာသည် အထူးသဖြင့် ခက်ထန်သွားသည်။
ရှဲ့ကျန်းသည် ကြေးနန်းစက်ကို ရှာဖွေတွေ့ရှိသောကြောင့် သူတို့လာခဲ့ကြသည်ကို သူသိသော်လည်း သိခြင်းနှင့် ကိုယ်တိုင်မျက်မြင်တွေ့ရခြင်းမှာ လုံးဝမတူပေ။
ဤလူယုတ်မာများ အသုံးဝင်သော သတင်းအချက်အလက်မည်မျှကို ပေါက်ကြားအောင် လုပ်နိုင်ခဲ့သည်ကို စဉ်းစားရုံဖြင့် မန်နေဂျာဖန့်၏ ဆံပင်များသည် ဒေါသကြောင့် ထောင်ထမတတ် ဖြစ်သွားသည်။
သူသည် ရှဲ့ကျန်းကို လှည့်ကြည့်ပြီး ဒေါသဖြေရန် စကားအနည်းငယ် အော်ဟစ်ရန် အသင့်ဖြစ်နေသော်လည်း ရှဲ့ကျန်း၏ လုပ်ရပ်များကြောင့် သူ၏အာရုံလွဲသွားသည်။
“လောင်ရှဲ့… မင်း ဘာလုပ်နေတာလဲ။”
မန်နေဂျာဖန့်သည် ရှဲ့ကျန်း နံရံကို ခေါက်နေသည်ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
ရှဲ့ကျန်းသည် စားပွဲပေါ်ရှိ အံဆွဲတစ်ခုကို ညွှန်ပြလိုက်သည်။
“ငါ ခုနက ခဏကြည့်လိုက်တယ်။ ဒီမှာရှိတဲ့ ပစ္စည်းအများစုက တန်ဖိုးရှိပေမယ့် အရေးကြီးတဲ့ စာတွေကတော့ မရှိသလောက်ပဲ။ အများစုက အရေးမကြီးတဲ့ ကိစ္စတွေချည်းပဲ။ ဒါက ငါတို့လိုလူတွေကို လှည့်စားဖို့ ကြံစည်ထားတဲ့ ပရိယာယ်တစ်ခုလို ခံစားရတယ်။ မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါ ဟန်ဆောင်ဖို့ပေါ့။”
မန်နေဂျာဖန့် မျက်မှောင်ကြုတ်လိုက်ပြီး ရှဲ့ကျန်း၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူသည် စားပွဲဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး အံဆွဲကိုဆွဲဖွင့်ကာ ဖွင့်ထားသော စာတစ်စောင်ကို ဖြစ်သလို ကောက်ယူပြီး လျင်မြန်စွာ ဖတ်ကြည့်လိုက်သည်။ နောက်ထပ် အနည်းငယ် ဖွင့်ဖတ်ပြီးနောက် သူ၏နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။
သူသည် စားပွဲကို လက်ဖြင့်ရိုက်ကာ အော်လိုက်သည်။ “သောက်ကျိုးနည်း။ မင်းသာ ထောက်မပြရင် ငါတကယ်ပဲ လှည့်စားခံရတော့မလို့။ သူတို့ တော်တော်ကောက်ကျစ်တာပဲ။”
ရှဲ့ကျန်း၏ အကြည့်သည် အေးစက်သွားသည်။ “ဒါ ဒေါသထွက်ရမယ့်အချိန် မဟုတ်ဘူး။ သူတို့နဲ့ တွေဖို့ အခွင့်အရေးတွေ နောက်ပြီးကျ အများကြီးရလိမ့်မယ်။ လျှို့ဝှက်အခန်းတွေ ရှာဖို့ ငါ့ကိုကူညီဦး။”
ထိုစကားကို ကြားသောအခါ မန်နေဂျာဖန့်သည် ချက်ချင်း သူ၏ဒေါသကို ထိန်းချုပ်လိုက်ကာ ရှာဖွေရန် ဆန့်ကျင်ဘက်နံရံသို့ ရွှေ့သွားသည်။
ထိုနှစ်ယောက်သည် ရှာဖွေရာတွင် အကူအညီပေးရန် လူများများခေါ်ပြီး မဝင်ချင်ခြင်း မဟုတ်ဘဲ နေရာ အကန့်အသတ်ကသာ ခွင့်မပြုခြင်းကြောင့် ဖြစ်သည်။
အပေါ်တွင် စုရှီသည် ရှဲ့ကျန်းနှင့် အခြားသူများ ဝင်ရောက်သွားကတည်းက အတွင်းမှ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။ အသံများသည် သူမ၏နားထဲသို့ အဆက်မပြတ် စိမ့်ဝင်လာသည်။ သူမ အတွင်းသို့ မဝင်သွားခဲ့သော်လည်း အရာအားလုံး အဆင်ပြေချောမွေ့စွာရှေ့ဆက်နေပြီး သူတို့ မည်သည့်အန္တရာယ်မှ မကြုံတွေ့ရကြောင်းကို အကြမ်းဖြင်းအားဖြင့် သိနေသည်။
ရိုးရိုးသားသားပြောရလျှင် သူမ စိတ်သက်သာရာရသွားသည်။ တကယ့်သေနတ်ပစ်ခတ်မှုတစ်ခုကို မြင်တွေ့ရန် သူမ အသင့်မဖြစ်သေးပေ။
ရုတ်တရက် စုရှီ ခေါင်းလှည့်ပြီး အနီးအနားရှိ ခြံဝင်းကို လှမ်းကြည့်လိုက်သည်။
နူးညံ့သိမ်မွေ့ပုံပေါက်သော အမျိုးသမီးတစ်ဦးသည် အိမ်ထဲမှ ချောင်းကြည့်နေပြီး ပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်း အတည်ပြုနေပုံရသည်။
အထုပ်တစ်ထုပ်ကို ရင်ခွင်ထဲတွင် ပိုက်ထားရင်း သူမသည် မီးဖိုချောင်မှန်းသိသာသော နေရာသို့ တိတ်တဆိတ် သွားနေသည်။
အထူးသတိထားနေသော စုရှီသည် ခြံဝင်းအတွင်း လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ရန် ချက်ချင်း ထိုင်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် ပိန်ပါးပြီး ဆံပင်နက်သော ကောင်လေးတစ်ယောက် အိမ်ထဲမှ ပြေးထွက်လာသည်။ အမျိုးသမီးသည် မီးဖိုချောင်ဘက်သို့ သွားနေသည်ကိုမြင်သောအခါ သူသည် သူမ အရသာရှိသော အရာတစ်ခုခု သွားလုပ်မည်ဟု ယူဆပြီး ပျော်ရွှင်စွာ အော်လိုက်သည်။
“မေမေ၊ သား ဗိုက်ဆာတယ်။ အရသာရှိတာ စားချင်တယ်။”
အမျိုးသမီးသည် သူမနောက်တွင် ကလေးရှိနေသည်ကို မမျှော်လင့်ဘဲ ကြားလိုက်ရသဖြင့် လန့်သွားပြီး လှည့်ကြည့်ကာ သူ့ကို အလျင်အမြန် မောင်းထုတ်လိုက်သည်။
“မင်း ဒီမှာ ဘာလုပ်နေတာလဲ။ အိမ်ထဲပြန်ဝင်၊ စားစရာ ဘာမှမရှိဘူး။”
“သား မယုံဘူး။ မေမေ သယ်လာတဲ့ ကောင်းတဲ့ဟာတွေ သားတွေ့တယ်။”
အမျိုးသမီး၏ မျက်နှာသည် စိုးရိမ်စိတ်ဖြင့် ဖြူဖျော့သွားသည်။ သူမသည် အလိုလို ပတ်ပတ်လည် ကြည့်လိုက်သော်လည်း အခြားမည်သူမျှမမြင်ရသဖြင့် နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူမ၏သားကို အိမ်ထဲပြန်ဝင်ရန် ဆူပူလိုက်သည်။
“မြန်မြန်ပြန်ဝင်။ ငါ့နောက်မလိုက်နဲ့။ နားမထောင်ရင် မေမေ ရိုက်မှာနော်။”
ထိုကောင်လေးသည် ဆိုးသွမ်းသော ကလေးတစ်ယောက်ဖြစ်သည်မှာ ထင်ရှားပြီး အန္တရာယ်ကို နားလည်ပုံမရပေ။ သူသည် မြေကြီးပေါ်တွင် ပစ်ထိုင်ချလိုက်ပြီး ခြေထောက်များကို ပြင်းထန်စွာ ကန်ကျောက်ကာ အော်ဟစ်လိုက်သည်။
“မေမေ၊ မေမေ ကောင်းတဲ့ဟာတွေ ဖွက်ထားပြီး သားကိုမကျွေးရင် သား အဖေ့ကို တိုင်ပြောမယ်၊ အဖေက မေမေ့ကို ရိုက်လိမ့်မယ်။”
အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၆၈
အမျိုးသမီးသည် ဒေါသထွက်သွားပြီး နောက်သို့ယိုင်ကာ ကောင်လေးကို အကြိမ်အနည်းငယ် ရိုက်ရန် လက်မြှောက်ပြီး ကျိန်ဆဲလိုက်သည်။
“ဒီ အကောင်စုတ်လေး။ ငါ မင်းကို ဘယ်လောက်ကောင်းကောင်း ဆက်ဆံခဲ့လဲ၊ မင်းကို ကောင်းတဲ့ဟာ မကျွေးဖူးလို့လား။ မြန်မြန် အိမ်ထဲပြန်ဝင်စမ်း။”
ကောင်လေးသည် အတော်မာကျောသူဖြစ်ပြီး အရိုက်ခံရပြီးနောက် မငိုခဲ့ပေ။ သူ၏နှာခေါင်းကို လက်ဖြင့်သုတ်ကာ ပြန်ထပြီး အမျိုးသမီး၏လက်ထဲမှ အထုပ်ကို လုယူရန် ပြေးသွားပြီး အော်လိုက်သည်။
“သား မယုံဘူး။ သား အရင်တစ်ခါ ဗီရိုထဲမှာ ပုန်းနေတုန်းက တွေ့လိုက်တယ်။ ဒါ အန်တီ တာ့ကျွင်း မေမေ့ကို ပေးတဲ့ ကောင်းတဲ့ဟာတွေ။”
ထိုစကားကို ကြားသောအခါ အမျိုးသမီးသည် ဖြူဖျော့သွားပြီး ခေါင်းထဲတွင် မူးနောက်သွားသလို ခံစားလိုက်ရသည်။ သူမကိုင်ထားသော လက်က ပြေလျော့သွားပြီး အထုပ်ကို ကောင်လေးက လျင်မြန်စွာ လုယူသွားသည်။
သူမ အသည်းအသန် ပြန်လုယူရန် ကြိုးစားနေစဉ်မှာပင် ကောင်လေးသည် အထုပ်ကို ဖြည်ချလိုက်ပြီ ဖြစ်သည်။
စာတစ်ပုံကြီးသည် မြေပေါ်သို့ လွင့်ကျသွားသည်။
ကောင်လေးသည် သူ့မိခင်၏ စိတ်မသက်မသာဖြစ်မှုကို သတိမထားမိဘဲ စာတစ်စောင်ကို စူးစမ်းစွာ ကောက်ယူကြည့်လိုက်ပြီးနောက် စိတ်ပျက်စွာ ပြောလိုက်သည်။
“ဒါ တကယ်ကြီး စားစရာ မဟုတ်ဘူးပဲ။”
အမျိုးသမီးသည် ထိန်းချုပ်မရဖြစ်သွားပြီး သူ့ဆီ ပြေးဝင်ကာ သူမ၏ရှေ့တွင် ပြန့်ကျဲနေသော စာများကို လျင်မြန်စွာ စုသိမ်းရန် လက်ကိုဝှေ့ယမ်းလိုက်သည်။ သူမ၏ အကြည့်သည် ကောင်လေးကို စိုက်ကြည့်လိုက်သောအခါ စူးရှသွားပြီး သူမ၏ ပုံမှန်နူးညံ့သိမ်မွေ့မှု လုံးဝ ပျောက်ဆုံးသွားသည်။
ကောင်လေးသည် သူ့မိခင်၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာကြောင့် လန့်သွားပြီး တစ်ချက်အော်လိုက်ပြီး ထွက်ပြေးသွားသည်။
ထိုအခိုက်အတန့်တွင် အမျိုးသမီးသည် သူ့နောက်လိုက်ရန် အချိန်မရှိပေ။ စာများကို အထုပ်ထဲသို့ ပြန်ထည့်ပြီးသည်နှင့် သူမ လှမ်းဆွဲလိုက်တာကို ခံစားလိုက်ရပြီး အထုပ်သည် သူမ၏လက်ထဲမှ တစ်ဖန် လုယူခံလိုက်ရပြန်သည်။
အစပိုင်းတွင် သူမသည် သူမသားက နောက်ပြောင်နေသည်ဟု ထင်ပြီး တစ်ယောက်ယောက်ကို ရိုက်ရန် ပြင်ဆင်နေသော်လည်း မော့ကြည့်လိုက်သောအခါ ဒီလောကနှင့် သက်ဆိုင်သည်လို့တောင် မထင်ရအောင် လှပသည့်အမျိုးသမီးတစ်ဦးသည် သူမ၏အထုပ်ကိုကိုင်ကာ သူမကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
အမျိုးသမီး၏ နှလုံးသည် စိုးရိမ်စိတ်ဖြင့် တလှပ်လှပ်ခုန်နေသည်။ ဤမိန်းကလေး ဘယ်အချိန်က ပေါ်လာသည် သို့မဟုတ် သူမ ဘယ်လောက်မြင်သွားသည်ကို သူမ မသိပေ။ မည်သို့ပင်ဖြစ်စေ သတင်းပေါက်ကြားနိုင်ခြေကို ဖယ်ရှားရန် ဒီမိန်းကလေး သေရမည်။
ဤကဲ့သို့တွေးပြီး သူမသည် ပတ်ဝန်းကျင်ကို လျင်မြန်စွာ ကြည့်လိုက်ရာ ဒီမိန်းကလေးတစ်ဦးတည်းသာ ရှိနေသည်ကို သတိပြုမိလိုက်သည်။ ဂယက်ထနေသော သူမ၏နှလုံးသားသည် တည်ငြိမ်သွားသည်။
သူမ၏ ချစ်စဖွယ်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် စုရှီ၏ လက်ထဲမှ အထုပ်ကို ညွှန်ပြလိုက်သည်။
“ညီမလေး၊ အဲ့ဒီအထုပ်က…”
သို့သော် စုရှီသည် တစ်ခွန်းမှ မပြောခဲ့ပေ။ သူမသည် ခြေထောက်ကိုမြှောက်ကာ ထိုအမျိုးသမီးကို ကန်ချလိုက်သည်။ အမျိုးသမီး လဲကျပြီး သွေးအန်နေစဉ် စုရှီ သည် လျင်မြန်စွာ ရှေ့တိုးလာပြီး မယုံနိုင်ဖြစ်နေသော အမျိုးသမီးကို သတိလစ်သွားအောင် လုပ်လိုက်ပြီးနောက် အမျိုးသမီး၏ အိတ်ကပ်ထဲသို့ လက်နှိုက်ကာ သစ်သားသေနတ်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
စုရှီ မဲ့ပြုံးပြုံးပြီး ပြောလိုက်သည်။ “စကားပြောပြီး အချိန်ဖြုန်းနေတာ ဘာလုပ်ဖို့လဲ။ လူဆိုးတွေက စကားများလို့ သေရတာ မသိဘူးလား။”
ကံကောင်းစွာပင် အမျိုးသမီးသည် သတိလစ်နေနှင့်ပြီ ဖြစ်သည်။ သို့မဟုတ်လျှင် စုရှီ၏ စကားကို ကြားပါက သူမ နောက်တစ်ကြိမ် သွေးအန်လိမ့်မည်။
သစ်သားသေနတ်ကို သူမအိတ်ကပ်ထဲသို့ ထည့်ပြီးနောက် စုရှီသည် လက်တစ်ဖက်တွင် အထုပ်ကို ကိုင်ပြီး အခြားလက်တစ်ဖက်တွင် အမျိုးသမီးကို သယ်ကာ အိမ်နီးချင်းခြံဝင်းသို့ တိုက်ရိုက် ဦးတည်သွားသည်။
တံခါးဝရှိ စစ်သားငယ်များသည် စုရှီ အမျိုးသမီးကို ဝမ် မိသားစုရှိရာဘက်သို့ အေးဆေးစွာ သယ်ဆောင်လာသည်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ထို့နောက် မြေအောက်မှ ထွက်လာကာ ဝင်ပေါက်တွင် ပစ္စည်းများ တွန်းရွှေ့နေသော ရှဲ့ကျန်းကို သူမ တွေ့လိုက်သည်။
သာမန်ပြည်သူများကြား ထိတ်လန့်မှုဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်၊ ရွှေ့ပြောင်းလိုက်သော ပစ္စည်းအားလုံးကို သေတ္တာများထဲတွင် တင်းကျပ်စွာ ပိတ်ထားသည်။
စုရှီသည် အဝင်အထွက်ဖြင့် အလုပ်ရှုပ်နေကြဆဲဖြစ်သော စစ်သားများကို ကြည့်လိုက်ပြီး ရွှေ့ရန် ပစ္စည်းများစွာ ကျန်နေသေးကြောင်း သိလိုက်သည်။
ရှဲ့ကျန်းသည် သူ့ဇနီးလောင်း တစ်စုံတစ်ယောက်ကို သယ်လာသည်ကို မြင်သောအခါ ရှေ့သို့တိုးလာပြီး မေးလိုက်သည်။
“ဒါ ဘာဖြစ်တာလဲ။”
စုရှီ ထိုလူကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ “ဒါက အပေါင်းအပါပဲ။ သူမ မီးရှို့တော့မယ့်ဆဲဆဲမှာ သူမဆီကနေ ဒီစာကို လုယူလာခဲ့တာ။”
ဤသို့ပြောပြီးနောက် သူမသည် လက်ထဲမှ အထုပ်ကို ရှဲ့ကျန်းဆီသို့ ပေးလိုက်သည်။
စုရှီ၏ စကားကို ကြားသောအခါ ရှဲ့ကျန်း တစ်ယောက်တည်း စိတ်လှုပ်ရှားသွားသည်သာမက ချည်နှောင်ခံထားရပြီး တိတ်ဆိတ်နေသော ဝမ်တာ့ကျွင်း နှင့် အခြားသူအနည်းငယ်တို့ပင် စုရှီ ခေါ်ဆောင်လာသော အမျိုးသမီးနှင့် လုယူလာသော စာများကို မြင်သောအခါ မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြသည်။
သူတို့၏ ယခင်က ဂရုမစိုက်ဟန်ဆောင်မှုများသည် ဆက်ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။ သူတို့၏ မျက်နှာများတွင် ဒေါသဖြေရန် ထိုအမျိုးသမီးကို သတ်ပစ်ချင်သည့်အလား ကြမ်းတမ်းသော မကျေနပ်မှုများ ပြည့်နှက်နေသည်။
ရှဲ့ကျန်းသည် သူတို့ကို စူးရှစွာ ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
“အခု စိတ်ပြောင်းဖို့ကတော့ စောလွန်းသေးတယ်။ ခင်ဗျားတို့ နောက်မှ ခံစားရမှာတွေ အများကြီးရှိသေးတယ်။”
အရာအားလုံးကို ရှင်းပြပြီးနောက် စုရှီသည် ဆက်ကင်းစောင့်ရန် ပြန်လှည့်တော့မည်အပြုတွင် သူမ၏မျက်လုံးများသည် ပျော်ရွှင်မှုဖြင့် တောက်ပသွားသည်။ သူမသည် ရှဲ့ကျန်းကို တိုးတိုးလေး ပြောလိုက်သည်။
“စစ်ကူတွေ ရောက်လာပြီ။”
ရှဲ့ကျန်းလည်း အနည်းငယ် စိတ်အေးသွားပြီး စာများကို ကိုင်ကာ စုရှီနှင့်အတူ ထွက်လာခဲ့သည်။
ဝင်ပေါက်တွင် ရပ်စောင့်နေပြီး မိနစ်အနည်းငယ်အကြာတွင် သူတို့သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ စစ်သားတစ်စု အဝေးမှ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
စုရှီသည် မျက်စိလျှင်သူဖြစ်ပြီး သူတို့ကို ဦးဆောင်လာသူမှာ ယန်အန်းဖြစ်ကြောင်း မှတ်မိလိုက်သည်။
သူမသည် ရှဲ့ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်အားယူကာ စောင့်ကြည့်ရေးဆက်လုပ်ရန် အိမ်ခေါင်မိုးပေါ်သို့ တက်သွားခဲ့သည်။
ယန်အန်းသည် တပ်ခွဲတစ်ခွဲစာ လူများကို ခေါ်ဆောင်လာပြီး သူတို့ရောက်ရှိလာသည်နှင့် အရာအားလုံးသည် ပိုမြန်ဆန်စွာ လည်ပတ်လာသည်။
နာရီဝက်မပြည့်မီတွင် အရာအားလုံး စနစ်တကျ ဖြစ်သွားသည်။ ယန်အန်းသည် အနီးအနားရှိ ရွာသားများကို စစ်ဆေးရန်နှင့် မည်သည့်အရာမျှ လွတ်ကျန်မနေစေရန် ဝမ်မိသားစု၏အိမ်ကို ပြန်လည်စစ်ဆေးဖို့ရာ တပ်ခွဲမှူးတစ်ဦးနှင့် စစ်သားနှစ်ဆယ်ကို ထားခဲ့သည်။
ထိုအခိုက်အတန့်တွင် စုရှီနှင့် ရှဲ့ကျန်းတို့သည် နံနက်ခင်း၏ ချိုမြိန်မှုကို မခံစားရတော့ပေ။ သူတို့၏ မျက်နှာများသည် လေးလံနေပြီး အဓိကတပ်ဖွဲ့နောက်မှ ဟုန်ကျွင့် ကျွန်းသို့ ပြန်လိုက်သွားကြသည်။
....
သူတို့ ကျွန်းသို့ ပြန်ရောက်သောအခါ နေ့လည်ခင်း ဖြစ်နေပြီပင်။
သို့သော် မည်သူမျှ စားချင်စိတ်မရှိပေ။ ယန်အန်းနှင့် လမ်းခွဲပြီးနောက် စုရှီနှင့် ရှဲ့ကျန်းတို့သည် ဗိုလ်မှူးကြီး ကျန်း၏ ရုံးခန်းသို့ တန်းသွားခဲ့ကြသည်။
“ပြန်လာကြပြီလား။”
စုရှီနှင့် ရှဲ့ကျန်းတို့ ဗိုလ်မှူးကြီး၏ ရုံးခန်းသို့ ရောက်သောအခါ ဗိုလ်မှူးကြီး ကျန်းသည် လက်ကိုနောက်ပစ်ကာ ပြတင်းပေါက်မှ အပြင်ကို ကြည့်နေပြီး သူတို့ကို အထူးတလည် စောင့်နေသည့်ပုံပင်။
ထိုနှစ်ယောက်ကို မြင်သောအခါ သူသည် လှည့်လာပြီး အနီးရှိ သစ်သားဆိုဖာကို ညွှန်ပြလိုက်သည်။
“ထိုင်ကြ။”
ဤသို့ပြောပြီးနောက် သူသည် သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး စုရှီကို ညင်သာစွာ မေးလိုက်သည်။
“ဆရာဝန် စု… ဘယ်လိုနေလဲ။ ကြောက်သွားလား။”
စုရှီ ခေါင်းခါလိုက်သည်။ “ဗိုလ်မှူးကြီး၊ ကျွန်မလည်း စစ်သားတစ်ယောက်ပါ”
ဗိုလ်မှူးကြီးကျန်းသည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် နွေးထွေးစွာ ပြုံးလိုက်သည်။ “ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ မင်းရဲ့ ရုပ်ရည်ကြောင့် ငါ မင်းကို အထင်သေးမိသွားတာ။ မင်း ကောင်းကောင်းလုပ်နိုင်တယ်။”
နောက်ထပ် မိနစ်အနည်းငယ် စကားစမြည်ပြောပြီးနောက် ဗိုလ်မှူးကြီး ကျန်းသည် စုရှီကို လောလောဆယ် ပြန်နှင့်ရန် ပြောလိုက်သည်။
သူမ ထွက်ခွာသွားစဉ် သူသည် နောက်ပြောင်လိုသော အငွေ့အသက်ဖြင့် ထပ်ပြောလိုက်သည်။ “ငါ မင်းတို့လူငယ်တွေကို တောင်းပန်ရမယ်။ ရှဲ့ကျန်းက လာမယ့်ရက်တွေမှာ အရမ်းအလုပ်များနေလိမ့်မယ်။ ဒါကြောင့် အားလပ်ရက်ဆိုတာ ရှိမှာမဟုတ်ဘူး။ ရှောင်စု… နည်းနည်းသည်းခံလိုက်ပါ။ ဒီတာဝန်ပြီးသွားရင် ငါ သူ့ကို အပိုအားလပ်ရက်ရအောင် သေချာလုပ်ပေးမယ်။”
စုရှီသည် ဗိုလ်မှူးကြီး ကျန်းကို ကျေးဇူးတင်စွာ ပြုံးပြပြီး ထွက်ခွာသွားသည်။ နောက်ဆက်တွဲ ဆွေးနွေးမည့် အကြောင်းအရာများမှာ သူမ ကြားရန်မသင့်တော်သော ထိလွယ်ရှလွယ် သတင်းအချက်အလက်များ ပါဝင်ကြောင်း သူမ သိသည်။
....
စုရှီ ထွက်သွားသည်နှင့် ဗိုလ်မှူးကြီး ကျန်း၏ အမူအရာသည် လုံးဝပြောင်းလဲသွားခဲ့သည်။ သူ့မျက်နှာမှ နွေးထွေးမှုသည်လည်း ပျောက်ကွယ်သွားသည်။ သူသည် စားပွဲကို ခေါက်ပြီး သူ့ရှေ့တွင် တည့်မတ်စွာ ထိုင်နေသော ရှဲ့ကျန်းကို ပြောလိုက်သည်။
“ဖြစ်ခဲ့သမျှ အစအဆုံး အကုန်လုံး ငါ့ကိုပြောပြစေချင်တယ်။”
ဗိုလ်မှူးကြီး ကျန်းနှင့် ရင်ဆိုင်ရသောအခါ ရှဲ့ကျန်းသည် စုရှီ၏ အထူးစွမ်းရည်များအကြောင်းကို အသေးစိတ် ဖုံးကွယ်မထားခဲ့ပေ။ အကြောင်းမှာ စုရှီသည် ဤတစ်ကြိမ်တွင် အခြားသူများရှေ့တွင် များများစားစား ဖုံးကွယ်မထားခဲ့ဘဲ သူမ၏ ကြီးမားသော ခွန်အားကို အပြည့်အဝ ဖော်ပြပြီးသား ဖြစ်သည်။
ထို့ကြောင့် သူသည် စုရှီက ဝူဟုန်မေ့ကို မည်သို့တွေ့ရှိခဲ့ပုံ၊ သူမ၏စိုးရိမ်မှုကြောင့် သူမနောက်သို့ လိုက်သွားခဲ့ပုံ၊ မမျှော်လင့်ဘဲ ကြေးနန်းသံကို ကြားခဲ့ရပုံနှင့် သူမ နောက်ပိုင်းတွင် အခြားသူလျှိုတစ်ဦးကို မည်သို့ခွဲခြားသိရှိပြီး အရေးကြီးသော စာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့ပုံတို့ကို အသေးစိတ် ရှင်းလင်းစွာ ပြန်ပြောပြခဲ့သည်။
ဗိုလ်မှူးကြီးကျန်း၏ မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လာသည်။
“မင်း ဆိုလိုတာက ရှောင်စုမှာ သဘာဝအလျောက် ထက်မြက်တဲ့ အာရုံခံစားမှုတွေနဲ့ ခွန်အားတွေ အများကြီး ရှိတယ်ပေါ့။”
ရှဲ့ကျန်း အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဗိုလ်မှူးကြီး ကျန်း၏ မျက်လုံးများသည် စိတ်ဝင်စားမှုဖြင့် တောက်ပသွားသည်။ “သူမက ကင်းထောက်တစ်ယောက်ဖြစ်ဖို့ ကောင်းမွန်တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက် ဖြစ်လာနိုင်တယ်။”
ရှဲ့ကျန်း၏ မျက်နှာသည် မည်းမှောင်သွားသည်။ “ဦးလေး။”
“တော်ပြီ၊ တော်ပြီ။ ငါ နားလည်ပြီ။ မင်း ငါ့ကို ဦးလေးလို့ ခေါ်တိုင်း ဘယ်တော့မှ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ ငါ ရဲဘော် စုကို အတင်းအကျပ် မလုပ်ပါဘူး။ ဒါပေမယ့် သူမ ပါဝင်ချင်တယ်ဆိုရင်တော့ မင်း သူမကို တားလို့မရဘူး။”
ဗိုလ်မှူးကြီး ကျန်းသည် လက်ကို ပယ်ချသည့်အမူအရာဖြင့် ဝှေ့ယမ်းလိုက်သည်။
ရှဲ့ကျန်း မဲ့ပြုံးပြုံးလိုက်သည်။ “ပြန်လာတဲ့လမ်းမှာ ကျွန်တော် သူ့ကို မေးပြီးပြီ။ ရှီရှီက သူများတွေကို ဆေးကုသပေးရတာကို ပိုသဘောကျတယ်။”
ဗိုလ်မှူးကြီး ကျန်းသည် စိတ်ပျက်စွာဖြင့် စုပ်တစ်ချက်သပ်လိုက်သည်။ “နှမြောစရာပဲ။”
ရှဲ့ကျန်းသည် ဘာမှမပြောခဲ့ပေ။
ဗိုလ်မှူးကြီး ကျန်းသည် အကြောင်းအရာကို ပြောင်းလိုက်သည်။ “မင်း ဘယ်လိုထင်လဲ။ ဝူဟုန်မေ့က သစ္စာဖောက်သွားပြီ ဖြစ်နိုင်လား။”
ရှဲ့ကျန်း မဲ့ပြုံးပြုံးလိုက်သည်။ “လုံးဝ မဖြစ်နိုင်ဘူး။”
ဗိုလ်မှူးကြီး ကျန်း နားမလည်နိုင် ဖြစ်သွားသည်။ “ဘယ်လိုလုပ် အဲ့လောက်တောင် သေချာနေရတာလဲ။”
ရှဲ့ကျန်းက ပြန်ဖြေလိုက်သည်။ “ကျွန်တော်တို့ ဖမ်းမိတဲ့ သူလျှိုတွေက အရမ်းနက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာ။ ဝူဟုန်မေ့က သူတို့ကို သိတာ မကြာသေးဘူး။ ပြီးတော့ သူမက အရမ်းမိုက်မဲတယ်။ ဝမ် မိသားစုက သူမကို ဘယ်လို ထိလွယ်ရှလွယ် သတင်းအချက်အလက်မျိုးနဲ့မှ ယုံကြည်မှာ မဟုတ်ဘူး။ ကျွန်တော် မမှားဘူးဆိုရင် သူတို့ အဲ့ဒီငတုံး ဝူဟုန်မေ့ကို ရွေးချယ်ရတဲ့ အကြောင်းရင်းက ကျွန်းပေါ်ကို တက်လာဖို့ ဗိုလ်မှူး ဝူရဲ့ မိသားစုဝင်အဖြစ် အသုံးချဖို့ ဖြစ်နိုင်တယ်။”
ဤသို့ကြားသောအခါ ဗိုလ်မှူးကြီး ကျန်းသည် သီးခြားခွဲထားခံနေရဆဲဖြစ်သော ဝူကန့်ကို ပြန်အမှတ်ရပြီး သက်ပြင်းချလိုက်သည်။
“တကယ်ပဲ မိုက်မဲတာပဲ။ ဝူကန့်ဆိုတဲ့ ကောင်လေးတော့ ဒုက္ခအကြီးအကျယ် ရောက်ပြီ။”
ဤနေရာတွင် ဗိုလ်မှူးကြီး ကျန်းသည် ထရပ်လိုက်ပြီး ရှဲ့ကျန်းကို လက်ယပ်ခေါ်လိုက်သည်။ “သွားစို့၊ ဝူကန့်ကို သွားကြည့်ရအောင်။”
.....
ထိန်းသိမ်းရေးအခန်းထဲတွင် ဝူကန့်သည် တစ်ခုတည်းသော စစ်သုံးကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူ၏လက်များကို ခေါင်းနောက်တွင် ပစ်ထားကာ သူ ဘာများမှားခဲ့လဲဟု အဆက်မပြတ် တွေးနေခဲ့သည်။
ဗိုလ်မှူးကြီး ကျန်း၏ အစောင့်က သူ့ကို ဗိုလ်မှူးကြီး ကျန်းကို စောင့်ရန် မပြောခဲ့ပါက သူသည် ဤသို့ အလွယ်တကူ အချုပ်ခံရခြင်းကို လက်ခံမည်မဟုတ်ပေ။
စစ်သားများသည် အမိန့်အားလုံးကို နာခံရမည်ဖြစ်သော်လည်း အကြောင်းပြချက်မရှိဘဲ၊ ရှင်းပြချက်မရှိဘဲ အချုပ်ခံရခြင်းသည် သူ လက်ခံရန်ခက်ခဲသော အရာဖြစ်သည်။
ဝူကန့်သည် စိတ်တိုစွာဖြင့် လှည့်လိုက်ပြီး သူ၏ဇနီးသည် သူ အချုပ်ခံရသည်ကို သိပါ့မလားဟု တွေးမိသည်။ သူမ အလျင်စလို မဖြစ်သင့်ပေ။ သူမ၏ကျောသည် လတ်တလောကမှ သက်သာလာခြင်းဖြစ်ပြီး သူ သူမကို ထပ်မံ မနာကျင်စေချင်ပေ။
သူ၏အတွေးများထဲတွင် နစ်မြောနေစဉ် ရုတ်တရက် တံခါးအပြင်ဘက်မှ ဆူညံသံကို ကြားလိုက်ရသည်။
ဝူကန့်သည် ထထိုင်လိုက်ပြီး သေချာနားစွင့်လိုက်ရာ အစောင့်များက ခေါင်းဆောင်ဟု ခေါ်နေသည်ကို သဘောပေါက်လိုက်သည်။
ဝူကန့်၏ နှလုံးသားသည် ဗိုလ်မှူးကြီး ကျန်း သူ့ကို လာတွေ့သည်ကို သိလိုက်ရသောကြောင့် ပျော်ရွှင်မှုဖြင့် မြင့်တက်လာသည်။ သူသည် ချက်ချင်း တည့်မတ်စွာ ရပ်လိုက်ပြီး တံခါးဘက်သို့ စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် တံခါးသည် လျင်မြန်စွာ ဖွင့်လာသည်။
ဗိုလ်မှူးကြီကျန်းသည် ရှဲ့ကျန်းနှင့်အတူ ဝင်လာပြီးနောက် သူ၏အကြည့်ကို သူ့ရှေ့မှ ဘာမှမသိသော လက်အောက်ငယ်သားထံတွင် စူးစိုက်ထားလိုက်သည်။
သူ၏မျက်လုံးများတွင် သနားကြင်နာမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ သက်ပြင်းချလိုက်သည်။
သူသည် ကုတင်ပေါ်တွင် ပထမဆုံး ထိုင်လိုက်သည်။ လတ်တလော စိုစွတ်သော ရာသီဥတုက သူ၏ လေးဘက်နာရောဂါကို ပိုဆိုးစေပြီး ကြာရှည်စွာရပ်နေရခြင်းက သူ၏အဆစ်အမြစ်ဟောင်းများကို ထိခိုက်စေသည်။
သူသည် ရှဲ့ကျန်းနှင့် ဝူကန့်ကို လက်ဟန်ပြလိုက်သည်။
“မင်းတို့နှစ်ယောက် ထိုင်ကြ။ ကောင်းကောင်း စကားပြောရအောင်။”
“ဝူကန့်… မင်းကို ဘာလို့ ငါ အချုပ်ချထားတာလဲဆိုပြီး မခံမရပ်နိုင် ဖြစ်နေမှာပဲ မဟုတ်လား။”
သူတို့ ကြမ်းပြင်ပေါ်တွင် ထိုင်ပြီးနောက် ဗိုလ်မှူးကြီး ကျန်းသည် သူ၏လက်အောက်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့သော ဝူကန့်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဝူကန့် သည် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောခဲ့ပေ။ သူသည် ဗိုလ်မှူးကြီး ကျန်းကို ယုံကြည်သည်။ ခေါင်းဆောင်သည် သူ၏စစ်သားများကို ကာကွယ်ပေးသူအဖြစ် လူသိများသည်။ သူတို့ တိုက်ခိုက်လိုစိတ်ရှိပြီး စာရိတ္တကောင်းမွန်သရွေ့ သူသည် သူတို့ကို အများဆုံး ပံ့ပိုးပေးလိုသူ ဖြစ်သည်။ သို့မဟုတ်လျှင် စာတတ်မြောက်မှု အကန့်အသတ်ရှိသော ကျေးလက်စစ်သားတစ်ဦးသည် ဒုတိယတပ်ရင်းမှူးအဆင့်သို့ ရောက်ရှိလာမည် မဟုတ်ပေ။
ဗိုလ်မှူးကြီး ကျန်းသည် ဝူကန့်၏ မျက်နှာပေါ်တွင် မကျေနပ်မှုကို မတွေ့ရသဖြင့် စိတ်သက်သာရာရသွားသလို သူ့အတွက် ပိုသနားမိသွားသည်။
ဝူကန့်သည် ဤအဆင့်သို့ ရောက်ရန် နှစ်များတစ်လျှောက် သွေးနှင့်ချွေးများ မည်မျှ သွန်ခဲ့သည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
သို့သော် လူတစ်ဦး၏ ကံကြမ္မာသည် တစ်ခါတစ်ရံတွင် လုံးဝ ကြိုတင်မှန်းဆ၍မရနိုင်ပေ။
ဝူကန့်၏ စိတ်မသက်မသာဖြစ်နေသော အကြည့်ကို ရင်ဆိုင်ရင်း သူသည် တိုက်ရိုက်ပင် အဓိကအကြောင်းအရာကို ပြောလိုက်တော့သည်။
“ဝူဟုန်မေ့က သူလျှိုအဖွဲ့အစည်းတစ်ခုနဲ့ ပတ်သက်နေတယ်။ ဒီနေ့မနက် ရှဲ့ကျန့်က သူမကို တွေ့ခဲ့ပြီး သူလျှိုတွေကို ငါတို့ဘက်က အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ခဲ့ပြီ။”
ဝူကန့်သည် ထရပ်လိုက်ပြီး သူ၏မျက်လုံးများက နီရဲနေကာ သူ၏လက်သီးများသည် ဆုပ်ထားသည့်အားကြောင့် တကျွတ်ကျွတ်မြည်နေသည်။ သူ ကြားလိုက်ရသည်ကို မယုံနိုင်လောက်အောင် ဖြစ်နေသည်။ သူ၏နှုတ်ခမ်းများသည် လျင်မြန်စွာ လှုပ်ရှားနေပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူ အသံပြာပြာဖြင့် မေးလိုက်သည်။
“ခင်ဗျား… ခင်ဗျား ပြောတာ အမှန်ပဲလား။”
ဗိုလ်မှူးကြီး ကျန်းသည်လည်း ထရပ်ပြီး ဝူကန့်၏ ပခုံးကို ပုတ်ကာ သူ့ကို နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့။ ငါ မင်းကို ကူညီဖို့ အစွမ်းကုန် ကြိုးစားပေးမယ်။”
ဤသို့ကြားသောအခါ ဝူကန့်သည် အရာအားလုံးကို နားလည်သွားသည်။
သူ ထိန်းသိမ်းရေးအခန်းတွင်သာ ထိန်းသိမ်းခံထားရခြင်းသည် တပ်ရင်းမှူးက သူ့ကို ပေးထားသော အထူးအခွင့်အရေးပင် ဖြစ်သည်။
သို့သော် နှစ်ပေါင်းနှစ်ဆယ်ကျော် စစ်မှုထမ်းဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်သောကြောင့် သူသည် လျင်မြန်စွာ စိတ်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး မျက်နှာမဲ့ရသည်ထက် ပိုနာကျင်သော အပြုံးကို အတင်းပြုံးလိုက်သည်။
“ဗိုလ်မှူးကြီး၊ အသေးစိတ် အချက်အလက်တွေကို ကျွန်တော့်ကို ပြောပြလို့ရမလား။ မပြောနိုင်ရင်လည်း အားမနာပါနဲ့။”
ဗိုလ်မှူးကြီး ကျန်း လက်ကို ဝှေ့ယမ်းလိုက်သည်။ “လျှို့ဝှက်ချက်တွေနဲ့ မပတ်သက်တဲ့ အကြောင်းအရာတွေတော့ ပြောလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဒီကိစ္စမှာ နစ်နာသူတစ်ယောက်ပဲ…”
ဗိုလ်မှူးကြီး ကျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝူကန့်သည် မျက်နှာကို သုတ်လိုက်ပြီး သူ၏ စိတ်ခံစားမှုများ တည်ငြိမ်သွားသောအခါ ရှဲ့ကျန်းကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
ရှဲ့ကျန်းက ပြန်ပြောလိုက်သည်။ “မင်းကို ဒီအထဲ ဆွဲသွင်းမိတဲ့အတွက် ငါ့ကို အပြစ်မတင်ရင် တော်ပါပြီ။”
ဝူကန့်သည် အားမရှိသော အပြုံးကို ပြုံးလိုက်သည်။ “ဘယ်လိုလုပ် မင်းကို အပြစ်တင်နိုင်မှာလဲ။ ဟုန်မေ့က ပိုရှုပ်ထွေးတဲ့ ကိစ္စတွေထဲ မပါဝင်ခင် ဒီကိစ္စကို ဖော်ထုတ်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရုံပဲ တတ်နိုင်တယ်။ မဟုတ်ရင် အကျိုးဆက်တွေက စဉ်းစားလို့တောင် မရနိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်။”
“တော်ပြီ၊ တော်ပြီ။ မင်းက ငါ့ရဲ့စစ်သားတစ်ယောက် ဖြစ်နေတာ အံ့ဩစရာ မရှိပါဘူး။ လာမယ့်ရက်တွေမှာ မင်း ဒီမှာပဲ နေရလိမ့်မယ်။ သက်ဆိုင်ရာဌာနတွေက စုံစမ်းစစ်ဆေးဖို့ မလာခင်အထိပေါ့။ ဒါပေမယ့် စိတ်ကို ပြင်ဆင်ထား။ မင်း စစ်သားဆက်လုပ်ချင်တယ်ဆိုရင်တော့ အခု မဖြစ်နိုင်တော့ဘူး။ မင်းကို အရပ်ဘက်အလုပ်ကို ကူးပြောင်းဖို့ ငါ အစွမ်းကုန် ကူညီပေးမယ်။ ဒါပေမယ့် မင်းညီမအကြောင်းတော့ ဘာမှပြောလို့မရဘူး။”
ဗိုလ်မှူးကြီး ကျန်းသည် အဆုံးတွင် လွမ်းဆွတ်သော လေသံဖြင့် ပြောလိုက်သည်။
သူ၏ညီမသည် အိမ်တွင် ပြဿနာရှာနေပုံနှင့် သူမကြောင့် သူ တန်ဖိုးထားသော စစ်သားဘဝကို ဆုံးရှုံးရနိုင်ခြေကို တွေးမိသောအခါ ဝူကန့်၏ နှလုံးသားထဲ လေးလံသွားသည်။
သူမနှင့်ပတ်သက်သော မည်သည့်သတင်းကိုမှ သူ မကြားချင်ပေ။ သူကိုယ်တိုင် သူမကို မသတ်ရလျှင်ပင် တော်လောက်ပြီ။
“ကျွန်တော် အဖွဲ့အစည်းကို ယုံကြည်ပြီး စီစဉ်မှုအားလုံးကို လိုက်နာပါ့မယ်။ ဗိုလ်မှူးကြီး၊ ကျွန်တော့်အတွက် တောင်းပန်ပေးစရာ မလိုပါဘူး။”
သူ ထိုသို့လုပ်ရန် မျက်နှာမရှိပေ။
ဗိုလ်မှူးကြီး ကျန်းသည် ဘာမှမပြောဘဲ ဝူကန့်၏ ပခုံးကို ပုတ်ပြီး ဖြည်းဖြည်းချင်း ထွက်သွားခဲ့သည်။
အပြင်ဘက် ဝူကန့် မကြားနိုင်သော နေရာသို့ ရောက်သောအခါ သူ ရှဲ့ကျန်းဘက်သို့ လှည့်လိုက်သည်။
“ဝူကန့်ကို သူ့မိန်းမလည်း အချုပ်ကျနေတယ်ဆိုတာ မသိစေနဲ့။ ဒါပေမယ့် မင်း အချိန်ရတဲ့အခါ ဝူကန့်ရဲ့ မိန်းမနဲ့ သွားစကားပြောပြီး ဖြစ်ခဲ့တာတွေကို ရှင်းပြလိုက်။ သူမ ဘာတွေဖြစ်နေလဲဆိုတာ သိဖို့လိုတယ်…”