အခန်း (၄၅၁-၄၅၃)
Vol. 31 Ch. 451-453
李 玄:
အပိုင်း ၄၅၁ - ဒဏ္ဍာရီသိုင်းပညာတံခါး
လီရွှမ်သည် စံအိမ်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပြန်ခဲ့၏။ ကုလားထိုင်ပေါ်တွင်ထိုင်ကာ လက်ထဲတွင် အခင်းအကျင်းအဝိုင်းပြားကို ကိုင်ဆောင်ထားသည်။
၎င်းသည် အဆင့်အနိမ့်ဆုံးဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် ဤသည်မှာ လင်းနယ်မြေ၏ ပထမဆုံး အခင်းအကျင်းပေါ်ပေါက်လာမှု ဖြစ်သည်။
ဤသည်က ချီမန်သိုင်းပညာခရီးစဉ်၏ စတင်မှုကိုသက်သေတည်နေ၏။ ထူးကဲသည့် အဓိပ္ပါယ်တို့အား သယ်ဆောင်ထားသည်။
'တပည့်ရှာဖွေတာတော့ ကံကြမ္မာဖန်ပြီး တွေ့လာခဲ့ပြီ..'
လီရွှမ်သည် နှလုံးသားထဲတွင် သက်ပြင်းချသည်။ အနှိုင်းမဲ့ဆရာကြီးများ တပည့်ရှာဖွေသည့် အခါတွင် အဘယ်ကြောင့် ကံတရားအား ကြည့်ရှု့သနည်း ဟူသည်ကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။
'ကံကြမ္မာက အရာအားလုံးကို စီစဉ်ထားတယ်။ ဒီစတုတ္ထမြောက်တပည့်က ချီမန်သိုင်းပညာကို ကြီးမြတ်လာအောင် သေချာပေါက် လုပ်ဆောင်ပေးမှာ..'
လီရွှမ်သည် သူ၏ ဒီဗိုင်းအနှစ်သာရအား အခင်းအကျင်းအဝိုင်းပြားအတွင်းသို့ စီးဝင်စေလိုက်၏။ အကူအဝိုင်းပြားရှစ်ခုတို့ လျှပ်တပြက်အတွင်း ပျံထွက်လာကာ စံအိမ်၏ အရပ်ရှစ်မျက်နှာအားလုံးတို့ ဆီသို့ သက်ဆင်းသွားသည်။ ဝေဝါးရှုပ်ထွေးခြင်း အခင်းအကျင်းသည် အသက်ဝင်လာခဲ့၏။
ဒန်ဆေးလုံးများကို သန့်စင်နေသည့် စုလင်းရှုံက ရုတ်တရက် ရပ်တန့်သွားသည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ဆေးပေါင်းအိုးသည် မှောက်ကျသွား၏။ ဒန်ဆေးသန့်စင်မှု အတွင်းတွင် သူမသည် အမှားတစ်ခု ပြုလုပ်ခဲ့မိခြင်းကြောင့် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိသူမအတွက် ဒန်ဆေးအိုးကို အသုံးပြုကာ ဆေးလုံးသန့်စင်မှုမှာ အခြေခံအဆင့်လောက်သာ ဖြစ်နေပါပြီ။ မျက်လုံးများကို မှိတ်ထားလျှင်တောင် အမှားလုပ်မိမည် မဟုတ်ပေ။ သို့ရာတွင် ခုနက ဆေးပေါင်းအိုး၏ မှားယွင်းသည့် နေရာဆီသို့ လက်ဝါးဖြင့် ရိုက်မိလိုက်၏။
'တစ်ခုခု မှားယွင်းနေပြီ..'
သူမသည် နှလုံးသားထဲ၌ အေးစက်မှုကို ခံစားလိုက်ရ၏။ ခေါင်းကိုမော့ကာ ကြည့်လိုက်ပြီးနောက် စံအိမ်မှာ ပြောင်းလဲသွားသည့်ဟန် ခံစားလိုက်ရသည်။
'ဒီသစ်ပင်က ဘယ်လိုလုပ်ပြီး အဲ့ဒီ့ဘက်မှာ ရှိနေတာလဲ..'
'တိုက်ပွဲရုပ်သေးက ဘာဖြစ်တာလဲ..'
စုလင်းရှုံသည် မျက်မှောင်ကျုံ့သွား၏။ သူမ၏ ဒီဗိုင်းအသိက ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် မူမမှန်မှုကို သတိထားမိလိုက်သည်။
စံအိမ်တစ်ခုလုံးသည် အမည်မသိ အားတစ်ခု၏ သက်ရောက်မှုကို ခံထားရပုံပေါ်၏။ ရှုပ်ထွေးကာ နေရာများ ပြောင်းနေသည့် ပုံရိပ်ယောင်တို့ကို ဖြစ်ပေါ်စေသည်။
သူမ သတိထားမိခဲ့သည့် တိုက်ပွဲရုပ်သေး၏ တည်နေရာမှာ ရှီအာ၏ သိုင်းပညာကျင့်ကြံရာ နေရာတွင် ဖြစ်သည်။
'ရန်သူတစ်ယောက် တိုက်ခိုက်လာတာလား... ဒါမှမဟုတ် ဘာဖြစ်တာလဲ..'
အေးစက်သော ခံစားချက်က ပျံလွှင့်လာပြီး စုလင်းရှုံကို ချက်ချင်းပင် သတိကြီးသွားစေသည်။ သူမ၏ ခန္ဓာကိုယ်မှ ဒီဗိုင်းအသိ ထွက်ပေါ်လာပြီး လက်ထဲတွင် ဂေါ်ပြားတစ်ခု ပေါ်လာ၏။ သေးငယ်သည့် ရွှေအပ်ချောင်းများက ခန္ဓာကိုယ်တစ်ဝိုက် လှည့်လည်နေပါသည်။
ရုတ်တရက် ဝေဝါးမှုနှင့် ရှုပ်ထွေးမှု ပုံရိပ်ယောင်အားလုံးတို့ ပျောက်ကွယ်သွားခဲ့၏။ စုလင်းရှုံသည် ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသည့် ဆရာဖြစ်သူကို တွေ့လိုက်ရသည်။ အမြန်ပြေးသွားကာ မေး၏။
"ဆရာ... ခုနက ရန်သူတစ်ယောက် တိုက်ခိုက်လာတာလား.."
လီရွှမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးကာ စံအိမ်၏ အပြင်ဘက်သို့ လက်ညှိုးညွှန်ပြသည်။
"အဲ့ဒီ့ကို သွားပြီးတော့ ကြည့်ကြည့်ရင် နင်နားလည်လာလိမ့်မယ်.."
စုလင်းရှုံသည် အနည်းငယ် ကြောင်တောင်စွာဖြင့် စံအိမ်ဆီမှ ထွက်ခွာသွား၏။ လေထဲတွင် ပျံသန်းရင်းက အောက်သို့ ခေါင်းငုံ့ကြည့်သည်။ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကြီးစွာအံ့သြသွား၏။
အပြင်ဘက်မှ ကြည့်ပါက စံအိမ်သည် လုံးဝပြောင်းလဲနေပါသည်။ စံအိမ်ရှိသည့် မူလနေရာ၌ သစ်ပင်ကြီးများစွာတို့ အစားထိုးရောက်ရှိနေ၏။ စံအိမ်မှာတော့ သစ်ပင်များ၏ မူလနေရာသို့ ရောက်ရှိနေပါသည်။
ရှီအာနှင့် အခြားလူများ၏ ပုံရိပ်များကိုလည်း မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။ သူတို့သည် သစ်ပင်များအကြားတွင် ပျောက်ကွယ်နေသည့်ဟန် ရှိ၏။
ဆရာဖြစ်သူသည် ထိုင်ခုံတွင်ထိုင်နေသော်လည်း ကြည့်လိုက်ပါက လူကို တွေ့မြင်နိုင်ခြင်း မရှိပေ။ မည်သည်တို့ ဖြစ်နေသနည်း။ စုလင်းရှုံတစ်ယောက် အံ့သြနေတော့သည်။
ရှင်းလင်းစွာပင် စံအိမ်သည် မူလနေရာ၌သာ ရှိနေ၏။ ထိုသို့ဆိုပါက အဘယ်ကြောင့် ကြည့်လိုက်လျှင် နေရာ ပြောင်းလဲသွားပုံ ပေါ်ရသနည်း။
သူမသာ စံအိမ်နှင့် ရင်းနှီးကာ အရာအားလုံးကို ကျွမ်းကျင်နှံ့စပ်စွာ သိရှိ၍ မဟုတ်ပါက ဖြတ်သွားဖြတ်လာကြည့်လိုက်လျှင် မည်သည့် မူမမှန်မှုကိုမှ သတိထားမိမည် မဟုတ်ပေ။
ဒီဗိုင်းအသိက ဖြတ်သန်းသွားပြီး အမည်မသိ စွမ်းအားတစ်ခု၏ လွှမ်းခြုံမှုကြောင့် မြင်ကွင်းတို့သည် ဘယ်ညာပြောင်းပြန်ဖြစ်ပြီး ရှုပ်ထွေးနေကြောင်းကို ရှာတွေ့လိုက်သည်။
"ဆရာ... ဘာတွေဖြစ်နေတာလဲ.."
စုလင်းရှုံက သိလိုစွာ မေးသည်။
"အဲ့ဒါက အခင်းအကျင်းတစ်ခုပဲ.."
လီရွှမ်က အပြုံးတစ်ခုဖြင့် ပြော၏။
"အခင်းအကျင်းလား..."
စုလင်းရှုံမှာ ပဟေဠိ ဖြစ်သွားသည်။ လီရွှမ်က သူမကို အခင်းအကျင်းအကြောင်းကို အကြမ်းဖျင်း ရှင်းပြ၏။
"အခင်းအကျင်းတွေမှာ သူတို့ရဲ့ကိုယ်ပိုင် နက်နဲမှုတွေရှိတယ်။ နင့်ရဲ့အငယ်ဆုံး ဂျူနီယာမောင်လေးမှာ အဲ့ဒီ့အတွက် ပါရမီရှိတယ်။ နင်စိတ်ဝင်စားရင် အခြေခံကို သူနားလည်ပြီးတဲ့အခါ ညွှန်ကြားချက်အချို့ တောင်းပေါ့.."
"အဲ့ဒါက နင့်အတွက် အကျိုးရှိလိမ့်မယ်.."
လီရွှမ်၏အပြုံးက တောက်ပနေ၏။ လင်းနယ်မြေတွင် အခင်းအကျင်းတို့၏ ပေါ်ပေါက်လာမှု ဖြစ်ပွားပေတော့မည်။
"ဆရာ... ဆရာ နောက်ထပ်တပည့်တစ်ယောက် လက်ခံလိုက်တာလား.."
စုလင်းရှုံက အပြုံးတစ်ခုဖြင့် မေး၏။
"နောက်ဆုံးတော့ စီနီယာအစ်မ ဖြစ်တော့မယ်။ ကောင်းလိုက်တာ..."
"ဖန်းဟောင်မှာ ထူးကဲတဲ့ပါရမီရှိပြီး ငါတို့အကြားမှာ ရေစက်လည်းရှိတယ်။ ချီမန်သိုင်းပညာက နောက်ဆုံးတော့ ဆက်ခံသူတစ်ယောက် ရလာခဲ့ပြီ.."
လီရွှမ်က ခေါင်းငြိမ့်၏။
နောက်တစ်နေ့တွင် ဖန်းဟောင်သည် ကျိန်နိုင်ငံမြို့တော်၏ တောင်ဘက်လမ်းထောင့်ရှိ သူ၏ နေအိမ်ကို ခင်တွယ်စွာကြည့်ရှု့နေ၏။ သူသည် ယနေ့တွင် ထွက်ခွာသွားတော့မည် ဖြစ်သည်။ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေးမှာ ရောက်ရှိလာခဲ့၏။
သူသည် ကျောက်တုံးစားပွဲပေါ်တွင် နွေဦးညမှန်ကို တင်ကာ စကားလုံးအချိူ့အား ရေးသည်။ ဤသည်မှာ ရှန်ဟိုင်ကျိုးအတွက် စကားပါးခဲ့ခြင်း ဖြစ်၏။
မိသားစုကြီးတစ်ခု၏ သခင်လေးဖြစ်သည့် ရှန်ဟိုင်ကျိုးသည် သူ့အပေါ် မဆိုးလှပေ။ ဖန်းဟောင်သည် တစ်ဖက်လူဆီမှ စိတ်ဝိဉာဉ်ပုံဆောင်ခဲ အများအပြားကို ရရှိခဲ့၏။ ထို့ကြောင့် ဒီနွေဦးညမှန်ကို လက်ဆောင်အဖြစ် ပေးရန် ဆုံးဖြတ်လိုက်သည်။
"ကရု.."
ဟကလေးက ညင်သာစွာ အသံပြု၏။ ပြီးနောက် အရာအားလုံးကို ဝမ်းဗိုက်အတွင်းသို့ မြိုလိုက်သည်။
"ဆရာ..."
ဖန်းဟောင်က လျှောက်ဝင်လာသည့် လီရွှမ်ကို လေးစားစွာဖြင့် နှုတ်ဆက်သည်။
"အင်း.. သွားရအောင်.."
လီရွှမ်က ခေါင်းငြိမ့်သည်။ ယနေ့တွင် သူသည် စတုတ္ထမြောက်တပည့်အား ချီမန်သိုင်းပညာကို လက်ဆင့်ကမ်းပြီးတော့မည် ဖြစ်၏။
"ဟုတ်ကဲ့.."
ဖန်းဟောင်က လေးစားစွာ ခေါင်းငြိမ့်သည်။
စံအိမ်ဆီသို့ ပြန်ပြီးနောက် စုလင်းရှုံမှာ စတုတ္ထမြောက်ဂျူနီယာမောင်လေးအား ကြည့်ရှု့ရန် စောင့်စားနေ၏။ ရှီအာ၊ ကျိုးယင်၊ မုန့်ရှူရှူနှင့် ကြောင်နီတို့လည်း သိလိုစွာဖြင့် ကြည့်ရှု့နေကြသည်။
"သူက ဖန်းဟောင်..."
လီရွှမ်က သူ၏နောက်ရှိ ဝတုတ်ကောင်လေးဖြင့် မိတ်ဆက်ပေးသည်။
"ဒါက မင်းရဲ့တတိယစီနီယာအစ်မ စုလင်းရှုံ။ သူမက ဒန်ဆေးသိုင်းပညာကို ကျင့်ကြံတယ်.."
မှင်သက်ဖွယ်ကောင်းအောင် လှပသည့် တတိယစီနီယာအမ၏ ရှေ့တွင် ဝတုတ်ဖန်းဟောင်၏ မျက်နှာက အနည်းငယ် နီရဲလာခဲ့သည်။
"ဖန်းဟောင်က စီနီယာအစ်မကို အရိုအသေပေးပါတယ်.."
စုလင်းရှုံမှာ တည်တံ့သည့် မျက်နှာဖြင့် ရှိနေ၏။ စီနီယာအစ်မတစ်ယောက်၏ ဟန်ပန်ကို ထုတ်လွှတ်ရန် ကြိုးစားကာ ပြောသည်။
"ကောင်းပြီ... တပည့်သစ်တစ်ယောက် အနေနဲ့ ဆရာ့ရဲ့စကားကို သေသေချာချာ လိုက်နာရမယ်။ ပြီးတော့ ဆရာ့ရဲ့စကားအပြင် စီနီယာအစ်မဖြစ်တဲ့ ငါ့စကားကိုလည်း နားထောင်ရမယ်.."
"ဟုတ်ကဲ့ပါ.."
ဖန်းဟောင်၏ အသွင်မှာ အနည်းငယ် ရှက်ရွံ့စွာရှိနေ၏။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။
သူသည် ဝတုတ်ဖန်းဟောင်ကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က တစ်ဖက်လူ၏ လူယုတ်မာအသွင်ကို တွေးမိလိုက်၏။ အထူးသဖြင့် နွေဦးညမှန်ရှိ ပုံများကို ကြည့်စဉ်တွင် ပေါ်လာသည့် မျက်နှာပေးဖြစ်သည်။
တပည့်များကို မိတ်ဆက်ပေးပြီးနောက် စုလင်းရှုံက ဟကလေးကို သိလိုစွာကြည့်ကာ ဝမ်းဗိုက်ကို ထိကြည့်သည်။
"လက်စသတ်တော့ ဒါက တောင်မြိုဖားကို.. ဒီတစ်ကောင်ကိုကြည့်ရတာ... အင်း နည်းနည်းခြားနားသလိုပဲ.."
"အဲ့ဒါကို ဟကလေးလို့ ခေါ်တယ်..."
"ဟကလေးလား... လာပါဦး။ ငါကြည့်ပါရစေဦး.."
အပိုင်း ၄၅၂ - ဒဏ္ဍာရီသိုင်းပညာတံခါး(၂)
စုလင်းရှုံက လက်ကိုဆန့်ကာ ဟကလေးကို လှမ်းဖမ်းသည်။ သို့ပေမယ့် ဟကလေးက နေရာရွေ့သွားပြီး ဖန်းဟောင်၏ လည်ပင်းနောက်တွင် ပုန်းအောင်း၏။
"ဂျူနီယာအစ်မ... ဟကလေးက နည်းနည်း ရှက်တတ်တယ်.."
ဖန်းဟောင်က နေရခက်သည့် အပြုံးတစ်ခုဖြင့် ပြော၏။
"ရှက်တတ်တယ်... ဟန့်.."
စုလင်းရှုံက မျက်လုံးများမှေးကာ ဒန်ဆေးလုံးအချို့ကို ထုတ်လိုက်သည်။
"ဟကလေး.. ကြည့်ဦး။ ဒါဘာတွေလဲလို့..."
ဖန်းဟောင်၏ လည်ပင်းနောက်မှ ဟကလေး၏ ဦးခေါင်းက ထွက်ပေါ်လာ၏။ သူ၏ တောက်ပသည့် မျက်လုံးများက စုလင်းရှုံ၏ ချောမွေ့သည့် လက်ဝါးပြင်အတွင်းရှိ ဒန်ဆေးလုံးများကို စူးစိုက်စွာ ကြည့်လေသည်။ မျှော်လင့်နေသည့် အသွင်တို့ ပေါ်လာခဲ့၏။
"လိုချင်လား... လိုချင်ရင် လာယူလှည့်.."
စုလင်းရှုံက သူမ၏ လက်ချောင်းဖြင့် လက်ယက်ခေါ်သည်။
ဟကလေးမှာ စိတ်အားထက်သန်စွာဖြင့် ကြည့်နေ၏။ သို့ပေမယ့် အနားသို့ ကပ်သွားရဲခြင်း မရှိပေ။
"ကြောက်တတ်လိုက်တာ..."
စုလင်းရှုံက ဆေးလုံးတစ်လုံးကိုယူကာ လှမ်းပစ်လိုက်သည်။ ဟကလေးက ပါးစပ်ကိုဖွင့်ပြီး မြိုချလိုက်၏။ မကြာခင်တွင် သူ၏မျက်လုံးများက လင်းလက်လာပြီး သွားရေကျလုမတက် ဖြစ်လာခဲ့သည်။
"လိုချင်ရင် ဒီကိုလာပြီး ယူလှည့်.."
စုလင်းရှုံက မျက်လုံးများ မှေးကာကြည့်သည်။ ၎င်းက တုံ့ဆိုင်းနေဆဲရှိရာ သူမသည် နောက်ထပ်ဆေးလုံးတစ်လုံးကို ပစ်ပေးလိုက်၏။
ဆေးလုံးနှစ်လုံးကို စားသုံးပြီးနောက် ဟကလေး၏ သတ္တိတို့ ပိုမိုကြီးထွားလာခဲ့သည်။ ဆွဲဆောင်မှုကို ခံနိုင်ခြင်းမရှိဘဲ စုလင်းရှုံ၏ လက်ဝါးပေါ်သို့ ခုန်တက်ကာ ညင်သာစွာ အသံပြု၏။
ဖန်းဟောင်မှာ အနည်းငယ် ကြောင်တောင်သွားသည်။ ဒန်ဆေးလုံးများသည် အလွန် ဆွဲဆောင်မှုကြီးမားလှပြီး ဟကလေးကို သူမှလွဲ၍ အခြားလူတစ်ယောက်နှင့် စတင်မိတ်ဆွေဖွဲ့ခြင်းအား ပထမဆုံး ပြုလုပ်လာစေသည်။
ကြောင်နီက ချက်ချင်းပင် စိုးရိမ်သွား၏။ စုလင်းရှုံ ခြေထောက်များကို ခေါင်းနှင့်တိုးရင်းက အသံပေးသည်။
"ကြောင်နီလည်း စားချင်လို့လား.."
စုလင်းရှူံက ဟကလေး၊ ကြောင်နီတို့နှင့် ကစားရင်းဖြင့် ဆေးလုံးများကို တစ်ယောက်ပြီး တစ်ယောက်အား ကျွေးသည်။
လီရွှမ်သည် ကျောက်စိမ်းအဆောင်ကို လက်ထဲတွင် ကိုင်ထားရင်းက သက်တောင့်သက်သာဖြင့် စံအိမ်၏ အပြင်ဘက်ရှိ တောင်ဆီသို့ လျှောက်သွား၏။ လက်တစ်ဖက်ကို နောက်ကျောတွင် ပစ်ထားသည်။ ဖန်းဟောင်က သူ၏နောက်မှ နီးကပ်စွာ လိုက်ပါ၏။
တောင်ထိပ်ပေါ်တွင် ရပ်ကာ ထည်ဝါသည့် ကျိန်နိုင်ငံ၏ မြို့တော်ကို ကြည့်ရှု့ရင်းမှ လီရွှမ်က ဖြေညှင်းစွာပြောသည်။
"ဖန်းဟောင်... စိတ်ဝိဉာဉ်နယ်မြေရဲ့ သိုင်းလောကကို မင်းဘယ်လိုထင်လဲ.."
ဖန်းဟောင်က မှင်သက်သွား၏။ ဆရာဖြစ်သူက အဘယ်ကြောင့် ထိုမေးခွန်းကို မေးသနည်း ဟူသည်ကို နားမလည်ဘဲ ရှိနေသည်။ ခဏတာ စဉ်းစားပြီးနောက် ဖြေကြား၏။
"စိတ်ဝိဉာဉ်နယ်မြေက တင်းကြပ်တဲ့ အဆင့်အတန်း ခွဲခြားမှုနဲ့ နေရာတစ်ခုပဲ။ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေက အားနည်းတဲ့ ကျင့်ကြံသူတွေအပေါ်ကို အထင်သေးကြတယ်.."
"လူတိုင်းက စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ တော်ဝင်မိသားစုတွေရဲ့ အဖွဲ့ဝင် ဖြစ်လိုကြတယ်။ ပြီးတော့ သူတို့က နိမ့်ကျစွာ မွေးဖွားလာတာ သို့မဟုတ် တစ်ချိန်က လေလွင့်သိုင်းသမားအဖြစ် ရှင်သန်ခဲ့ရတာ ဖြစ်ရင်တောင် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီးတာနဲ့ လေလွင့်သိုင်းသမားတွေအပေါ်မှာ ဘာသနားညှာတာမှုမှ မပြကြတော့ဘူး။ အတိတ်ကို မေ့လျော့သွားကြတယ်။ အဲ့ဒါက စိတ်ဝိဉာဉ်နယ်မြေသိုင်းလောကရဲ့ မကောင်းမှုတစ်ခုပဲ.."
နောက်ဆုံးတွင် ဖန်းဟောင်က ခေါင်းကိုမော့ကာ ပြော၏။
"ဆရာ... အဲ့ဒါက လင်းနယ်မြေသိုင်းလောကရဲ့ အားနည်းချက်တစ်ခုလို့ ကျွန်တော်အမြဲတမ်းပဲ ခံစားရတယ်။ ကျွန်တော့်အနေနဲ့ တော်ဝင်မိသားစုကြီး တစ်ခုကို တည်ဆောက်လိုပေမယ့် လက်ရှိပုံစံလိုမျိုး ဖြစ်လာဖို့အတွက် ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး.."
လီရွှမ်က အနည်းငယ် အံ့သြသွားပြီး မေး၏။
"အဲ့ဒါဆိုရင် မင်းရဲ့လက်ရှိအိမ်မက်က အလေးစားခံ မိသားစုကြီးတစ်ခုကို တည်ဆောက်ဖို့လား။ ဒါမှမဟုတ် သိုင်းပညာရဲ့ အဆုံးသတ်ကို ရှာဖွေဖို့လား.."
ဖန်းဟောင်က အသက်ကို နက်ရှိုင်းစွာရှူပြီး ပြော၏။
"အခင်းအကျင်းအကြောင်းကို လေ့လာပြီးတဲ့နောက်မှာ တော်ဝင်မိသားစုကြီးတွေဆိုတာ ကျွန်တော့်ရဲ့အိမ်မက်မဟုတ်တော့ဘူး။ ကျွန်တော်သိုင်းပညာရဲ့ အနှစ်သာရနောက်ကို လိုက်ချင်တယ်။ သိုင်းပညာစနစ် တစ်ခုကို ဖွံ့ဖြိုးချင်တယ်။ အခင်းအကျင်းတွေရဲ့ တောက်ပမှုကို ဖော်ထုတ်ပြသပြီး သိုင်းလောကရဲ့ သမိုင်းတစ်လျှောက်မှာ မှတ်ကျောက်တစ်ခု တင်လိုတယ်.."
ဒီအချိန်၌ ဖန်းဟောင်၏ မျက်လုံးများထဲ၌ ခိုင်မာသည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။ သူသည် စစ်မှန်သည့် အိမ်မက်အား ရှာဖွေတွေ့ရှိလိုက်ဟန် ရှိသည်။ အနည်းငယ်ဝတုတ်သည့် မျက်နှာသည် လေးနက်နေပြီး ပျက်သားမှုတို့ဖြင့် ပြည့်နက်နေ၏။
"အရမ်းကောင်းတယ်.."
လီရွှမ်က ခေါင်းငြိမ့်ကာ ဖြေညှင်းစွာပြောသည်။
"ငါမင်းကို သင်ပေးမှာက သဘောတရားတွေပဲ။ အတတ်ပညာ မဟုတ်ဘူး။ မင်းမှတ်ထားရမှာက နိယာမကို ဖမ်းဆုပ်ပြီး ကိုယ်ပိုင်လမ်းကြောင်းကို ထွင်းထုဖို့လိုတယ် ဆိုတာကိုပဲ.."
"ချီမန်သိုင်းပညာမှာ အခင်းအကျင်း၊ လက်နက်ကိရိယာထုလုပ်ခြင်း၊ ချိတ်တံဆိပ် အစရှိသဖြင့် ပါဝင်တယ်။ ငါမင်းကို သင်ပေးမှာတွေက လမ်းစဉ်ရဲ့ တာအိုတွေပဲ။ ဘယ်အတတ်ပညာမဆို အားလုံးက လမ်းစဉ်ရဲ့အတွင်းမှာ ပါဝင်နေတယ်.."
"မင်းအနေနဲ့ သက်ဆိုင်ရာ အခင်းအကျင်းတစ်ခုကို လိုချင်တယ်ဆိုရင် လမ်းစဉ်ကိုလေ့လာပြီး မင်းလိုချင်တဲ့ အခင်းအကျင်းကို နားလည်အောင်လုပ်။ ချိတ်တံဆိပ်တွေလည်း အဲ့လိုပဲ။ လက်နက်ကိရိယာ ထုလုပ်ခြင်းလည်း အဲ့လိုပဲ။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အံ့ဖွယ်အခင်းအကျင်းတွေကလည်း အဲ့လိုပဲ..."
ဖန်းဟောင်အား ချီမန်သိုင်းပညာကို လက်ဆင့်ကမ်းမှု မပြုခင်တွင် လီရွှမ်က သူ၏ သင်ကြားမှုနည်းလမ်းကို စတင်ပြောပြသည်။
"ငါက တာအိုကိုပဲ သင်ကြားပေးတယ်.."
"ဟုတ်ကဲ့ပါဆရာ.."
ဖန်းဟောင်သည် စိတ်လှုပ်ရှားလာ၏။
"ဒါက စစ်မှန်တဲ့သင်ကြားမှုနဲ့ လမ်းညွှန်ပြသမှုပဲ။ တည်ရှိပြီးတဲ့ အတတ်ပညာတွေကို လက်ဆင့်ကမ်းပေးရုံပဲမဟုတ်ဘူး။ ဆရာက သူ့ရဲ့ တပည့်တွေအတွက် ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေနိုင်ဖို့ မျှော်လင့်တယ်.."
ဖန်းဟောင်၏ မျက်လုံးထဲတွင် သူ၏ ဆရာဖြစ်သူသည် ရုတ်တရက် အံ့သြစရာကောင်းလောက်အောင် ကြီးမြတ်လာခဲ့၏။
"ချီမန်သိုင်းပညာရဲ့ လမ်းစဉ်ကို ဂရုတစိုက်နားထောင်..."
လီရွှမ်က လေးနက်စွာဖြင့် ဖန်းဟောင်အား ချီမန်သိုင်းပညာကို စတင်သင်ကြားပေးသည်။
စိတ်ဝိဉာဉ်အခြေ၏ အထက်တွင် တာအိုရွှေစာအုပ်က ပွင့်လာပြီး ချီမန်သိုင်းပညာ၏ သဘောတရားတို့ ပေါ်လာခဲ့သည်။ လီရွှမ်က သီအိုရီနှင့် အခြေခံနိယာမ အားလုံးတို့ကို ဖန်းဟောင်ဆီသို့ စကားလုံးတစ်ခုပြီးတစ်ခု လွှဲပြောင်းပေးသည်။
ဖန်းဟောင်က လေးနက်သည့်အသွင်ဖြင့် ဂရုတစိုက် နားထောင်သည်။ စကားလုံးတစ်ခုအား လွဲချော်သွားမည်ကိုပင် ကြောက်ရွံနေ၏။
"ဒါက ချီမန်သိုင်းပညာလား... အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး နက်ရှိုင်းတယ်။ ဘယ်လို လေ့လာရမှာလဲ.."
ဖန်းဟောင်သည် ပိုမိုလေ့လာလေလေ ပိုမိုအံ့ဩလေဖြစ်လာခဲ့၏။ ချီမန်သိုင်းပညာသည် သူ့အတွက် အလွန်လျှို့ဝှက်ဆန်းကြယ်ကာ နက်ရှိုင်းလှပေသည်။ စတင်မှုရရန်ပင် အလွန်ခက်ခဲလှ၏။ သူ့အနေနှင့် မည်ကဲ့သို့ စတင်ကျင့်ကြံနိုင်မည်ကိုပင် မသိပေ။
"ဖန်းဟောင်... မင်းမှတ်မိလား.."
လီရွှမ်က သင်ကြားမှုအပြီးတွင် နက်ရှိုင်းအသံဖြင့် မေးသည်။
"ဆရာ... ကျွန်တော်မှတ်မိပါတယ်.."
ဖန်းဟောင်က လေးစားစွာဖြေကြား၏။
လီရွှမ်က ကျေနပ်စွာခေါင်းငြိမ့်သည်။ မှတ်မိပြီးပါက သူ၏တပည့်သည် ကိုယ်တိုင်လေ့လာရန်သာ လိုအပ်တော့၏။ ဤသည်က တစ်ဖက်လူ၏ ပါရမီ ပြည့်မှီမှုကို ပြသနေပါသည်။
"ပြီးခဲ့တုန်းက ငါမင်းကို သင်ကြားပေးခဲ့တာက ဝေဝါးရှုပ်ထွေးခြင်း အခင်းအကျင်းပဲ။ အဲ့ဒါက မင်းရင်းနှီးနေပြီးဖြစ်တဲ့ အခင်းအကျင်းငယ်တစ်ခု ဖြစ်တယ်။ ဒီနေ့မှာ ငါမင်းကို နောက်ထပ် အခင်းအကျင်းတွေကို သင်ပေးမယ်။ ဂရုတစိုက်နဲ့လေ့လာ.."
"အခင်းအကျင်းရဲ့ သဘောတရားက နက်ရှိုင်းပြီး အဆုံးမဲ့တယ်။ ဆရာမင်းကို သင်ကြားပေးတဲ့ အခင်းအကျင်းတွေချညပဲ ရှိတာမဟုတ်ဘူး။ အဲ့ဒီ့ အခင်းအကျင်းတွေကို အခြေခံအဖြစ် အသုံးပြုပြီး အနှစ်သာရကို ထုတ်ယူ။ ပြီးရင် မင်းရဲ့ ကိုယ်ပိုင်အခင်းအကျင်းတွေကို ရှာဖွေဖန်တီးလှည့်.."
"ချိတ်တံဆိပ်တွေလည်း အဲ့ဒီ့အတိုင်းပဲ။ ပြီးတော့ ငါမင်းကို လက်နက်ကိရိယာ ထုတ်လုပ်မှု၊ ချီမန်သင်္ကေတနဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့စွမ်းအား အစရှိတာတွေကို သင်ပေးမယ်.."
"အရာအားလုံးက အတိအကျမရှိဘူး။ မင်းလုပ်ဖို့ လိုအပ်တာက ပုန်းအောင်းနေတဲ့ နိယာမ သဘောတရားတွေကို နားလည်ဖို့ပဲ။ နည်းလမ်းတစ်ခုကို နားလည်ပြီးရင် နည်းလမ်းအားလုံးကိုလည်း နားလည်လာလိမ့်မယ်။ အဲ့ဒီ့အခါကျရင် အခင်းအကျင်းတွေ၊ ချိတ်တံဆိပ်တွေဆိုတာ မင်းအတွက် လွယ်ကူလာလိမ့်မယ်.."
"ခြားနားတဲ့ ပတ်ဝန်းကျင်တွေမှာ ခြားနားတဲ့အခင်းအကျင်းတွေနဲ့ ချိတ်တံဆိပ်တွေကို လိုအပ်တယ်.. အဲ့လိုမျိုးပေါ့.."
"မင်းရဲ့ တတိယစီနီယာအစ်မ လိုပဲ.. ဒန်ဆေးလုံးတွေနဲ့ ပတ်သက်ရင် သူမမှာ ဆေးဖော်မြူလာတွေကို စိတ်ကြိုက် ဖန်တီးနိုင်စွမ်းရှိတယ်။ လိုအပ်တဲ့ ဒန်ဆေးလုံး အမျိုးအစားတွေ ရှိလာခဲ့ရင် သူမဘာသာဖန်တီးလေ့ရှိတယ်.."
"ဘာလို့လဲဆိုတော့ မင်းရဲ့ စီနီယာအစ်မက ဒန်ဆေးသိုင်းပညာလမ်းစဉ်ကို နားလည်သဘောပေါက်ခဲ့ပြီးလို့ပဲ.."
ဖန်းဟောင်၏အသွင်က လေးနက်နေပြီး လေးစားစွာဖြင့် ခေါင်းငြိမ့်သည်။
"ဟုတ်ကဲ့ပါဆရာ... ကျွန်တော်ဆရာ့ကို စိတ်မပျက်စေရပါဘူး.."
"ကောင်းပြီ... ကောင်းကောင်းလေ့လာ။ ဒါကအခင်းအကျင်းကြီးကိုးခုပဲ.."
လီရွှမ်က ခေါင်းငြိမ့်သည်။ ချက်ချင်းပင် ဒီဗိုင်းဆန္ဒကပေါ်လာပြီး လေထဲတွင် အခင်းအကျင်းကြီး ကိုးခု၏ ပုံကြမ်းကိုရေးဆွဲ၏။
ဖန်းဟောင်က ဂရုတစိုက်ဖြင့် ကြည့်ရှု့သည်။ သို့ပေမယ့် အခင်းအကျင်းပုံကြမ်းသည် အလွန် ရှုပ်ထွေးလှပြီးဆန်းကြယ်ရာ မှတ်သားရန်အတွက် လွယ်ကူခြင်း မရှိပေ။
သူ့တွင် ချီမန်သိုင်းပညာအပေါ် နားလည်သဘောပေါက်မှု ရလာပြီး အခင်းအကျင်းအတွက် အခြေခံတစ်ခု ရှိမှသာလျှင် အချိန်တိုအတွင်း အခင်းအကျင်းပုံကြမ်းများကို မှတ်နိုင်ပေလိမ့်မည်။ မဟုတ်ပါက မဖြစ်နိုင်လုနီးပါး ရှိနေ၏။ လီရွှမ်လည်းပဲ ဤသည်ကို နားလည်ပါသည်။
"မင်းဘယ်လောက် မှတ်မိလိုက်လဲ.."
၁၅မိနစ်လောက်ကြာပြီးနောက် လီရွှမ်ကမေးသည်။
ဖန်းဟောင်က နေရခက်စွာဖြင့် ပြော၏။
"တပည့်က ဉာဏ်ထိုင်းပြီး အခင်းအကျင်းပုံကြမ်းတစ်ဝက်လောက်ကိုပဲ မှတ်မိပါတယ်.."
"တစ်ဝက်ကို မှတ်မိတာလည်း တော်တော်လေးကောင်းနေပါပြီ... ဆက်ကြိုးစားပြီးတော့ ချီမန်သိုင်းပညာကို ဂရုတစိုက်လေ့လာ.."
လီရွှမ်သည် စိတ်မပါစွာဖြင့် လက်ခံလိုက်ရသည့်ဟန်ရှိ၏။
"ငါ့မှာ အားလပ်ချိန်အချို့ရှိရင် မင်းအတွက် လေ့လာနိုင်ဖို့ အခင်းအကျင်းပုံကြမ်းတွေ ဆွဲပေးမယ်။ အဲ့ဒါတွေကို အရင်ဆုံး နှံ့နှံ့စပ်စပ်နားလည်အောင် လုပ်ရမယ်။ ချီမန်သိုင်းပညာရဲ့ အခြေခံကို ဝင်ရောက်ပြီးမှပဲ အခင်းအကျင်းတွေရဲ့ ဆန်းကြယ်မှုတွေကို နားလည်လာနိုင်လိမ့်မယ်.."
"ဟုတ်ကဲ့ပါဆရာ... ကျွန်တော်သေချာပေါက် ကြိုးစားပြီးတော့ ဆရာ့ကို စိတ်မပျက်စေရပါဘူး.."
ဖန်းဟောင်က ခိုင်မာသည့်အသွင်ဖြင့် ပြော၏။
"ဉာဏ်အလင်းပွင့်မှုကို ရရှိနိုင်ဖို့ လူတစ်ယောက်က နှလုံးသားနောက်ကို လိုက်ရတယ်။ ရှိရင်းစွဲတွေအပေါ် စွဲလမ်းမှု အရမ်းကြီး မထားရဘူး။ အဲ့ဒါက မင်းလိုချင်တာရဲ့ ဆန့်ကျင်ဘက်တွေကို ဖြစ်လာစေလိမ့်မယ်.."
လီရွှမ်က သတိပေးစွာ ပြော၏။
ဖန်းဟောင်၏ နှလုံးသားက အခုန်မြန်သွားသည်။
"ဟုတ်ကဲ့ပါဆရာ... တပည့်နားလည်ပါတယ်.."
"ကောင်းပြီ။ သေသေချာချာလေ့လာ.."
လီရွှမ်က ခေါင်းငြိမ့်ကာ နောက်သို့လှည့်ပြီးနောက် အေးအေးလူလူဖြင့် အဝေးသို့ လျှောက်ထွက်သွား၏။ သူသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။
'နောက်ဆုံးတော့ ချီမန်သိုင်းပညာကို လက်ဆင့်ကမ်းပေးခဲ့ပြီးပြီ။ အခု အကျိုးအမြတ်ကို ရိတ်သိမ်းဖို့ စောင့်ဖို့ပဲကျန်တယ်။ ဖန်းဟောင်အဲ့ဒါကို နားလည်ဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲ မသိဘူး..'
'ချီမန်သိုင်းပညာက သာမန်သိုင်းပညာနဲ့ ခြားနားတယ်။ ဖန်းဟောင် အဲ့ဒါကိုလေ့လာပြီး ဘယ်လိုကျင့်ကြံမလဲ မသိဘူး..'
လီရွှမ်မှာ မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
ဖန်းဟောင်သည် တောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ စိတ်အစဉ်သည် ချီမန်သိုင်းပညာ၏ လျှို့ဝှက်ဆန်းကြယ်မှုများအတွင်း၌ နစ်မြှုပ်နေ၏။
နက်ရှိုင်းသည့် လျှို့ဝှက်ချက်တို့ကို နားလည်သဘောပေါက်ရန် ဆက်တိုက် ကြိုးစားနေသည်။ သူသည် ပိုမိုလေ့လာလေလေ ပိုမိုနက်ရှိုင်းသည်ဟု ခံစားရလေ ဖြစ်လာခဲ့၏။ ဤသည်မှာ သာမန်သိုင်းပညာနှင့် ခြားနားလှပါသည်။
သိုင်းပညာအပေါ် သူ၏နားလည်မှုအား လုံးဝကျော်လွန်နေသည့် ထူးကဲသည့် လမ်းစဉ်တစ်ခု ဖြစ်၏။
'လက်နက်ကိရိယာ ထုလုပ်ခြင်း၊ အခင်းအကျင်း၊ ချိတ်တံဆိပ်... ချီမန်ရဲ့ဆန်းကြယ်မှု... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမ...'
ဖန်းဟောင်၏စိတ်ထဲတွင် ချီမန်သိုင်းပညာ၏ သီအိုရီများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေ၏။ အခင်းအကျင်းပုံကြမ်းက ပုံပေါ်လာခဲ့သည်။ လက်နက်ကိရိယာထုလုပ်ခြင်း၏ သီအိုရီနှင့် ဖွဲ့စည်းပုံများလည်း တဖြည်းဖြည်း ပေါ်လာခဲ့၏။
အရေးအကြီးဆုံးမှာ သူသည် ချီမန်သိုင်းပညာ၏ အခြေခံမှာ အလွန် နက်ရှိုင်းလှကြောင်းအား တွေ့လိုက်ရပြီး ဝင်ရောက်နိုင်ရန်အတွက် နည်းလမ်းတို့ ရှာမတွေ့အောင် ဖြစ်နေပါသည်။
'ချီမန်သိုင်းပညာကို ဘယ်လိုစတင်အောင် လုပ်ရမလဲ... ငါသင်ယူထားတဲ့ သိုင်းပညာတွေက ချီမန်သိုင်းပညာနဲ့ မအပ်စပ်ဘူး... ချီမန်သိုင်းပညာက ပုံမှန်အတိုင်း ကျင့်ကြံလို့ရတဲ့အရာ မဟုတ်ဘူး...'
ဖန်းဟောင်က အသက်ကိုနက်ရှိုင်းစွာရှူကာ မျက်လုံးများကိုဖွင့်ပြီး စည်ကားသိုက်မြိုက်နေသည့် အဝေးရှိကျိန်နိုင်ငံ၏ မြို့တော်ကို ကြည့်သည်။
ထည်ဝါသည့် မြို့ကြီးသည် သားရဲကြီးတစ်ကောင်သဖွယ်ရှိနေပြီး မြေပြင်ပေါ်တွင် ဖြန့်ကျက်လဲလျောင်းနေ၏။
'ဒါက ငါ့ရဲ့အခွင့်အရေးပဲ... ငါ ချီမန်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိုတယ်။ ချီမန်သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရှာဖွေလိုတယ်။ သိုင်းပညာသမိုင်းတစ်လျှောက်မှာ ငါ့အတွက် အမည်တစ်ခုကိုလည်း ချန်ရစ်လိုတယ်... စိတ်ဝိဉာဉ်ဂိုဏ်းတွေပဲ ဖြစ်ဖြစ်၊ မိသားစုကြီးတွေပဲဖြစ်ဖြစ် ငါနဲ့နှိုင်းယှဉ်မယ်ဆိုရင် နိမ့်ပါးသွားရမယ်..'
ဒီအချိန်၌ ဖန်းဟောင်သည် သူ၏ ဘဝတစ်သက်တာ ပန်းတိုင်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ဟန် တူပြီး မယိုင်နဲ့သော ဇွဲလုံ့လတို့ ပေါ်ထွက်လာခဲ့သည်။
စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများသည် လူတိုင်းကို အထင်သေးစွာ ခေါင်းငုံ့ကြည့်ကြ၏။ သို့ပေမယ့် သမိုင်းတလျှောက်တွင် မည်မျှများပြားစွာ ပျောက်ကွယ်သွားခဲ့သနည်း။ တစ်ချို့ဆိုလျှင် နာမည်ပင် မသိရတော့ပေ။
သူကတော့ သူ၏အမည်ကို ခေတ်များစွာတစ်လျှောက် ပဲ့တင်ထပ်စေလိုပြီး သိုင်းပညာ၏ အဆုံးသတ်ကို ရှာဖွေလိုလေသည်။
ယခုအချိန်၌ ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးမှာ လက်ထဲသို့ ရောက်ရှိလာပြီး မည်သို့ပင် ဆိုစေကာမူ ဖမ်းဆုပ်ရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
အပိုင်း ၄၅၃ - ယွီကျိုး၌ ကျော်ကြားခြင်း၊ ချီမန်အားဉာဏ်အလင်းပွင့်ခြင်း
လီရွှမ်သည် စံအိမ်ဆီသို့ ပြန်လာပြီးနောက် ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့၏ ကျင့်ကြံနေမှုကို တွေ့လိုက်ရသည်။ စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် သူသည် ညွှန်ကြားချက်အချို့ ပေးရန် ဆုံးဖြတ်လိုက်သည်။
ဒီသုံးယောက်သားသည် အရမ်းကြီး သန်မာခြင်းမရှိပေ။
ထုံးရွှမ်အဆင့်သို့ ဝင်ရောက်ခါစသာ ရှိသေး၏။ ထို့အပြင် သူတို့ကို သာမန်ထုံးရွှမ်အဆင့် သိုင်းသမားများဟုသာ ယူဆနိုင်ရာ ရွှီယန်နှင့် မုန့်ချုံတို့ကဲ့သို့ ထူးကဲသည့် ခွန်အားကို ပိုင်ဆိုင်နိုင်ခြင်းမရှိဘဲ ကောင်းကင်လူသားငယ်တစ်ယောက်ကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
ကြောင်နီမှာ ဆေးလုံးကို စားသုံးပြီးနောက် လဲလျောင်းကာ ကျင့်ကြံနေ၏။ ရွှီယန်ဆီမှ ညွှန်ကြားချက်အချို့ ရရှိကတည်းက ၎င်းသည် ဉာဏ်အလင်းအချို့ ရရှိလာခဲ့ပြီး သူ၏ သွေးကြောမှတ်များအတွင်းတွင် အခင်းအကျင်းပုံကြမ်းတို့ကို ရေးဆွဲလာခဲ့သည်။
သွေးကြောမှတ်အတွင်း၌ အခင်းအကျင်းများ စီမံထားသည့်နှင့် တူ၏။ ဤသည်မှာ ရှင်းလင်းစွာပင် ဖြစ်နိုင်ခြင်း မရှိပေ။
ထို့ကြောင့် ကြောင်နီသည် အခင်းအကျင်းပုံကြမ်းအတိုင်း အတိအကျလုပ်ဆောင်ခြင်း မရှိဘဲ သူ၏ စိတ်ဆန္ဒနောက်သို့ လိုက်ကာ ရွှီယန်၏ အကြံပေးချက်အတိုင်း ဆွဲနိုင်သည့် သင်္ကေတများကို ရေးဆွဲသည်။
ပြီးနောက် ထိုသင်္ကေတများကို ပေါင်းစပ်၏။ ဖြစ်နိုင်သည်မှာ သူသည် ထိုအထဲမှ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်အချို့ကို ရရှိလာနိုင်၏။
ဟကလေးလည်း ဆေးလုံးများကို စားသုံးခဲ့သည်။ သို့ပေမယ့် ၎င်းသည် အလွန်ဗိုက်ပြည့်စွာ ခံစားနေရပြီး တောင်တစ်ခု၌ အစာသွားရောက်ချေ၏။
'ဖန်းဟောင် ချီမန်သိုင်းပညာမှာ အမြန်ဆုံးဉာဏ်အလင်းရလာဖို့ ငါမျှော်လင့်တယ်..'
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
သူသည် ထိုက်ချန်းစာအုပ်ကို ထုတ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ဆက်လက်လေ့လာ၏။
'ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရဲ့ အထက်မှာ လူတစ်ယောက်အနေနဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေကို ထိတွေ့ပြီး အသုံးပြုဖို့ လိုအပ်တယ်။ ဒါပေမယ့် အဲ့ဒါတွေရဲ့ကန့်သတ်မှုကိုလည်း ခံလို့မရဘူး။ ဒါကြောင့်မို့လို့ ငါပိုပြီးတော့ စဉ်းစားဖို့ လိုအပ်တယ်..'
'လူတစ်ယောက်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေရဲ့ ကန့်သတ်ခြင်းကို မခံရဘဲ အသုံးပြုဖို့ဆိုရင် နိယာမရဲ့အထက်ကို ရောက်နေမှရမယ်။ အောက်မှာတော့ မဖြစ်ဘူး။ အဲ့ဒါမှ လွတ်မြောက်နိုင်မှာ..'
'ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်မှာ ပြည့်စုံတဲ့ မူလစိတ်ဝိဉာဉ်တစ်ခုကို ကျင့်ကြံခဲ့ပြီးပြီ။ အဲ့ဒါကြောင့်မို့လို့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေက အလိုလိုထွက်ပေါ်လာတယ်။ အဲ့ဒီ့ ဆန်းကြယ်စွမ်းအားတွေကို သိုင်းသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်နိယာမလို့ ယူဆလို့ရတယ်..'
'ကိုယ်ပိုင်နိယာမကို အသုံးပြုပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့နိယာမနဲ့ သဟဇာတ ဖြစ်စေမယ်။ ပြီးတော့ သူတို့ရဲ့ စွမ်းအားကို စုစည်းမယ်...'
ထိုက်ချန်းစာအုပ်မှ နိယာမများကို လေ့လာမှုမှတစ်ဆင့် လီရွှမ်သည် နားလည်သဘောပေါက်မှုတို့ ပိုမို ရရှိလာပြီး လူတစ်ယောက်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမတို့နှင့် ပေါင်းစပ်လိုက်သည်နှင့် ၎င်းတို့၏ ချည်နှောင်ခြင်းအား ခံရမည်ကို နားလည်လာခဲ့သည်။
နောင်တွင် လွတ်မြောက်နိုင်ရန်မှာ ခက်ခဲလာမှာ ဖြစ်၏။
ထို့ကြောင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ထိန်းချုပ်ခံရခြင်းမရှိဘဲ အသုံးပြုနိုင်ရပေမည်။
သို့ပေမယ့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမနှင့် ပေါင်းစပ်ခြင်း မရှိဘဲ မည်ကဲ့သို့ အသုံးပြုနိုင်မည်နည်း။
ထို့အပြင် ထိုနိယာမများကို အသုံးပြုရန်အတွက် လူတစ်ယောက်သည် ထိုက်ချန်း၏ သိုင်းပညာတာအိုကို ဆက်တိုက်ဖိနှိပ့်ရန် လုံလောက်သည့် စွမ်းအားကိုလည်း လိုအပ်ပါသည်။ ဤသည်က ခက်ခဲလှ၏။
သို့ရာတွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်တွင် မူလစိတ်ဝိဉာဉ်ကို စုစည်းထားပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအားများ ပေါက်ဖွားလာခဲ့၏။ မည်ကဲ့သို့သော ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ ရရှိလာမည်မှာတော့ ရွှီယန် ဦးဆောင်ရှာဖွေရမည့်အရာ ဖြစ်သည်။
ထိုကဲ့သို့ အလိုအလျောက် မွေးဖွားလာသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို လူတစ်ယောက်၏ ကိုယ်ပိုင်နိယာမဟု ယူဆနိုင်လျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကိုလည်း ကိုယ်ပိုင်နိယာမနှင့် ထိန်းချုပ်နိုင်မည်လား။ ဤသည်က ဖြစ်နိုင်လား။ ထိုအခါ ရှေ့မှဦးဆောင်ကာ ပိုမိုသန်မာသည့် စွမ်းအားကို ထိန်းသိမ်းထားနိုင်ဦးမည်လား။
'အဲ့ဒါက ဒီဗိုင်းဆန်းကြယ်စွမ်းအားကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမထဲကို ပေါင်းထည့်တာနဲ့ မတူဘူး။ မဟုတ်ရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေက ကန့်သတ်ခြင်း ခံရမှာ။ အဲ့ဒီ့အခါ ပိုင်ဆိုင်သင့်တဲ့ စွမ်းအားကို မပိုင်ဆိုင်နိုင်တော့ဘူး..'
'ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရဲ့ အထက်မှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့နိယာမတွေ ပါဝင်တယ်။ ဒါပေမယ့် ဒီဗိုင်းဆန်းကြယ်စွမ်းအားက ပိုပြီးတော့ သန်မာရမယ်..'
လီရွှမ်သည် အတွေးနက်သွားသည်။ သူ၏စိတ်ထဲတွင် စိတ်ကူးများစွာတို့ ဖြတ်လျှောက်သွား၏။ သိုင်းဘိုးဘေးတစ်ယောက်၏ နှလုံးသားနှင့် မူလဒီဗိုင်းအဆင့် သိုင်းသမားတစ်ယောက်အနေနှင့် သူသည် သိုင်းလမ်းစဉ်တွင် လူသစ်တစ်ယောက် မဟုတ်တော့ပါ။
ထိုက်ချန်းစာအုပ်မှ နိယာမများကိုလည်း အကြိမ်ပေါင်းများစွာ လေ့လာခဲ့သည့် သိုင်းပညာ ဖန်တီးသူတစ်ယောက် ဖြစ်၏။
ယခုအချိန်၌ သူ့တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို မည်ကဲ့သို့အသုံးပြုကာ ကန့်သတ်ခံရခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ခွန်အားမြင့်တက်စေရန် အတွက် စိတ်ကူးအချို့ ရရှိလာခဲ့သည်။
သူသည် ထိုစိတ်ကူးများကို စမ်းသပ်မွန်းမံကာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်ရှိ သိုင်းအဆင့်ကို ပြီးမြောက်စေမည် ဖြစ်သည်။
ဖန်းဟောင်သည် တောင်ထိပ်ပေါ်တွင် ရပ်ကာ ချီမန်သိုင်းပညာကို လေ့လာနေ၏။ လီရွှမ်မှာတော့ ခြံဝန်းထဲတွင်နေရင်းက ထိုက်ချန်းစာအုပ်အတွင်းရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ဆက်လက်လေ့လာသည်။
ထိုအချိန်၌ ယွီကျိုးရှိ သိုင်းလောကမှာတော့ ဆူပူနေ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က ရွှီယန်မှ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ရှင်းလင်းနိုင်ရန်အတွက် ကြီးမားသည့် တန်ကြေးတစ်ခုကို ပေးဆောင်ခဲ့သည်။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ရူးသွားတာလား... မြို့တစ်မြို့နဲ့ စိတ်ဝိဉာဉ်သတ္တုတွင်း တစ်ခုကို ပေးတဲ့အပြင် မိသားစုအဆင့် မြင့်တက်ဖို့ပါ ထောက်ပံ့ပေးမှာလား.."
"ရွှီယန်နဲ့မုန့်ချုံကို ဖမ်းဆီးနိုင်တဲ့ သို့မဟုတ် သတ်ဖြတ်နိုင်တဲ့ ဘယ်သူမဆိုကို စိတ်ဝိဉာဉ်ဂိုဏ်း တစ်ခုအဖြစ် တည်ထောင်ဖို့အကူအညီပေးပြီး သိုက်မိသားစုက ချန်ရစ်ခဲ့တဲ့ အရင်းအမြစ်သုံးပုံနှစ်ပုံကို ရရှိစေမယ်.."
"တည်နေရာကို ထောက်ပံ့ပေးတဲ့ ဘယ်သူမဆို စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅မီလီယံ သို့မဟုတ် တူညီတဲ့ တန်ကြေးကိုရမယ်.."
"ဝိုင်းဝန်းတိုက်ခိုက်မှုမှာ ပါဝင်ဆင်နွှဲမယ့် ဘယ်သူမဆို အောင်မြင်မြင် မအောင်မြင်မြင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို ရမယ်.."
ယွီကျိုးသိုင်းလောကတစ်ခုလုံးသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က ပေးအပ်လာသည့် ဆုကြေးကြောင့် လှုပ်ခါသွားခဲ့၏။
အစက ထိုကိစ္စမှ ရှောင်ဖယ်နေရန် စီစဉ်ထားခဲ့သည့် အဆင့်နိမ့် မိသားစုအချို့ပင် စိတ်ဝင်စားလာခဲ့သည်။ ဤသည်မှာ မိသားစု၏အဆင့် မြင့်တက်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်၏။
ထို့အပြင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့အားလည်း နောက်ခံအဖြစ် ရရှိမည် ဖြစ်သည်။
သိုက်မိသားစုက ချန်ရစ်ခဲ့သည့် ပိုင်နက်များနှင့် အရင်းအမြစ်များပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်ဂိုဏ်းက ပေးအပ်လာသည့် စိတ်ဝိဉာဉ်သတ္တုတွင်းပဲ ဖြစ်ဖြစ် နှစ်ခုစလုံးမှာ ဒုတိယအဆင့်နှင့် တတိယအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ဆွဲဆောင်ရန် လုံလောက်ပါသည်။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား လေလွင့်သိုင်းသမားများ အတွက်လည်း တတိယတန်းစား စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုအဖြစ်တည်ထောင်ရာတွင် ထောက်ပံ့ပေးရန် ကတိပေးထားသည်။
လေလွင့်သိုင်းသမားများအကြားတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အနည်းငယ်သာရှိပြီး သူတို့၏ခွန်အားမှာ ပုံမှန်ဆိုပါက အခြားသူများထက် အားနည်းပေမယ့် ဘာပဲဖြစ်ဖြစ် ထိုလူများသည် အရေအတွက်တစ်ခုအထိ ရှိကာ လှုပ်ရှားသွားလာနေကြ၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ ပေးအပ်လာသည့် ဆုကြေးမှာ အမှန်တကယ်ကို ဆွဲဆောင်မှုကြီးလှသည်။ ဤသည်မှာ လေလွင့်သိုင်းသမားများအတွက် ဂုဏ်အဆင့်ကို မြင့်တက်စေကာ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် အဆင့်တူညီလာမည့် အခွင့်အရေးကြီး ဖြစ်၏။ အချို့လေလွင့်သိုင်းသမားများကို ရူးသွပ်သွားစေမည်မှာ မလွဲမသွေပင်။
ထို့အပြင် ထိုဆုကြေးသည် ယွီကျိုးတွင်သာမက ယွီကျိုးနှင့် နယ်နိမိတ်ထိစပ်နေသည့် လော့ကျိုးသို့လည်း ပျံ့နှံ့သွားခဲ့သည်။
လော့ကျိုးရှိ လေလွင့်သိုင်းသမားများလည်း ယွီကျိုးသို့ သေချာပေါက်ဝင်ရောက်ကာ ထိုအခွင့်အရေးကို ဖမ်းဆုပ်လိုကြမှာ ဖြစ်၏။
မျိုးဆက်စုံ မဟာမိတ်အဖွဲ့ အတွင်းတွင်...
"ဘယ်လောက်ရက်ရောတဲ့ ကမ်းလှမ်းမှုလဲ.."
မဟာမိတ်ခေါင်းဆောင်က နှာခေါင်းရှုံ့ရင်းက အသံပြုသည်။
"ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲ ခေါင်းဆောင်.."
ဘယ်စောင့်ရှောက်သူက လေးနက်စွာမေး၏။
မျိုးဆက်စုံမဟာမိတ်အဖွဲ့ဝင် အားလုံးတို့မှာလည်း လေလွင့်သိုင်းသမားများ ဖြစ်ကြသည်။ သို့ပေမယ့် လေလွင့်သိုင်းသမားများအားလုံး မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်ထားသည်ဟု မဆိုပါ။
သူတို့သည် မည်သူကိုမှ ဆွဲဆောင်နိုင်ခြင်း မရှိခင်တွင် သတင်းတို့ ပေါက်ကြားသွားပါက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ တိုက်ခိုက်ခြင်းကိုခံရမှာ သံသယဝင်စရာမရှိပေ။
စုမိသားစုနှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းက ပေးအပ်လာသည့် ဆုကြေးကြောင့် စွမ်းအားကြီးမားသည့် လေလွင့်သိုင်းသမားများကို သေချာပေါက် ဆွဲဆောင်နိုင်မှာ ဖြစ်သည်။
အချို့ဆိုလျှင် အတူတူပူး ပေါင်းမှုပြုကာပင် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုအဖြစ် မြင့်တက်နိုင်ရန် စီစဉ်ထားကြ၏။