← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အပိုင်း ၄၆၃ - လျှို့ဝှက်ဆေဘာအဆင့်၊ ယွီကျိုး၌ မုန်တိုင်းထန်ခြင်း

ရွှီယန်၏ ညွှန်ကြားပြသမှုက ဖန်းဟောင်ကို ချီမန်သိုင်းပညာတွင် ပါဝင်သည့် ဆန်းကြယ်လက်နက်အား နားလည်သဘောပေါက်လာစေပြီး ချီမန်အတွင်းရှိ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ဉာဏ်အလင်းပွင့်လာမည်ဟု လီရွှမ် ထင်မထားခဲ့ပေ။

နောက်ထပ်တစ်ကြိမ် ချီးကျူးစွာ သက်ပြင်းချမိ၏။ သူ၏ အကြီးဆုံးတပည့် ရွှီယန်သည် အမှန်တကယ်ကို သိုင်းပညာ၏ ရှေ့ဆောင်လမ်းပြတစ်ဦး ဖြစ်သည်။

"သင်၏တပည့် ဖန်းဟောင်ဟည် ချီမန်သိုင်းပညာလက်နက်သေတ္တာကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် ချီမန် ဒီဗိုင်းလက်နက်သေတ္တာကို ရရှိလာခဲ့သည်.."

"သင်၏တပည့် ဖန်းဟောင်သည် ချီမန်၏ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ရှင်းလင်းစွာ နားလည်လာခဲ့သည်။ ချီမန်အခွဲများအား တစ်ခုတည်းအဖြစ် ပေါင်းစည်းအသုံးချရန် ဉာဏ်လင်းပွင့်လာခဲ့၏။ သင်သည် ချီမန်သတ်ဖြတ်ခြင်းလမ်းစဉ်ကို ရရှိလာခဲ့သည်.."

တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုကို ကြည့်ကာ လီရွှမ်သည် မနေနိုင်ဘဲ စိတ်လှုပ်ရှားလာခဲ့၏။ လက်နက်သေတ္တာတစ်ခု ထွက်ပေါ်လာပြီး ဝိဉာဉ်အခြေ၏ အထက်၌ မျောလွင့်နေပါသည်။

"ချီမန် ဒီဗိုင်းလက်နက်သေတ္တာ.."

ဤသည်မှာ ချီမန်သိုင်းပညာ၏ သတ်ဖြတ်ခြင်းဆန်းကြယ်လက်နက် ဖြစ်၏။ ထို့အပြင် တာအိုရွှေစာအုပ်က တန်ပြန်အကျိုးပြုမှုအဖြစ် ပေးလာသည့် လက်နက်သေတ္တာမှာ ရုပ်ပိုင်းဆိုင်ရာ လက်နက်သေတ္တာတစ်ခု မဟုတ်ပဲ သိုင်းပညာစွမ်းအား စုစည်းမှုဖြင့် ဖန်တီးထားသည့် ဒီဗိုင်းလက်နက်သေတ္တာ ဖြစ်၏။ စိတ်ကူးကြည့်သည်နှင့် မည်မျှစွမ်းအားကြီးမည်ကို တွေ့မြင်နိုင်ပါသည်။

သို့ပေမယ့် လက်နက်သေတ္တာမှာ ကြမ်းတမ်းပေမဲ့ လီရွှမ်၏ လက်ရှိ မူလဒီဗိုင်းအဆင့် ခွန်အားနှင့် ၎င်း၏စွမ်းအားကို ပြည့်စုံစွာ အသုံးချနိုင်မည် မဟုတ်ပေ။

ကံကောင်းသည်မှာ ဒီဗိုင်းလက်နက်သေတ္တာမှာ ရုပ်ဝတ္ထုတစ်ခုမဟုတ်ပဲ ရွှေစာအုပ်မှ တန်ပြန်အကျိုးပြုလာခြင်းဖြစ်ရာ လီရွှမ်အနေနှင့် သူ၏ မူလဒီဗိုင်းအဆင့် ခွန်အားနှင့်လည်း အသုံးပြုနိုင်ဆဲ ရှိသည်။

ဒီဗိုင်းလက်နက်သေတ္တာအပြင် ချီမန်သတ်ဖြတ်ခြင်းလမ်းစဉ်ကိုလည်း ရရှိခဲ့၏။ ဤသည်မှာ ချီမန်သိုင်းပညာ၏ စွမ်းအားကြီးမားသည့် သတ်ဖြတ်ခြင်းအတတ်တစ်ခု ဖြစ်သည်။

အခင်းအကျင်း၊ ချိတ်တံဆိပ်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်ဖြစ်စဉ် မျိုးစုံတို့ကို ပေါင်းစပ်ထားပြီး တစ်ခုတည်း ဖြစ်တည်လာစေ၏။

ယခုအချိန်၌ လီရွှမ်သည် ချီမန်၏နည်းလမ်းကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်ပြီး စိတ်ကြိုက် သတ်ဖြတ်မှုတို့ ပြုလုပ်နိုင်သည်။

ထို့အပြင် ထိုချီမန်အတတ်အား သူပိုင်ဆိုင်ထားသည့် သိုင်းပညာအားလုံး အတွင်းသို့ ပေါင်းထည့်ကာ စိတ်ကြိုက်ထုတ်လွှတ်နိုင်၊ ပြောင်းလဲနိုင်စွမ်း ရှိသည်။

'ငါ့ရဲ့ခွန်အားက တိုးတက်လာပြန်ပြီ..'

လီရွှမ်သည် စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် ရှိနေ၏။ လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် သူ့ဆီသို့လက်နက်ကိရိယာထုလုပ်ခြင်း ပစ္စည်းများ ပျံလွှင့်လာခဲ့သည်။

ဒန်မီးတောက်က ထွက်ပေါ်လာပြီး မှင်သက်နေသည့် ဖန်းဟောင်၏ရှေ့တွင် ထုလုပ်ခြင်း မီးပေါင်းဖိုတစ်ခုကို ဖန်တီးလိုက်၏။ သူသည် မီးပေါင်းဖိုကို ဖန်းဟောင်ဆီသို့ ပေးလိုက်သည်။

"လက်နက်ကိရိယာတွေကို ထုလုပ်ချင်တယ်ဆိုရင် သင့်တော်တဲ့ မီးပေါင်းဖိုလိုလိမ့်မယ်။ စိတ်ဝိဉာဉ်နယ်မြေမှာရှိတဲ့ ထုတ်လုပ်ခြင်း မီးပေါင်းဖိုတွေ အားလုံးက အသုံးမဝင်ဘူး။ ဒါက မင်းနဲ့ကွက်တိလောက်ပဲ။ အဆင့်ပိုမြင့်ရင် အသုံးပြုနိုင်မှာ မဟုတ်ဘူး.."

လီရွှမ်က ထူးမခြားနားစွာ ပြော၏။

ဖန်းဟောင်က မှင်သက်စွာဖြင့် ရှေ့ရှိ လက်နက်ကိရိယာထုလုပ်ခြင်း မီးပေါင်းဖိုကို ကြည့်သည်။ ထိုအထဲတွင် မရေမတွက်နိုင်သည့် အခင်းအကျင်းများ၊ ချိတ်တံဆိပ်များပါဝင်ပြီး ဒီမီးပေါင်းဖိုသည် စိတ်ဝိဉာဉ်လက်နက်ကိရိယာများ၏ အဆင့်ထက်ပင် ကျော်လွန်လုနီးပါး ရှိနေသည်။

"ကျေးဇူးတင်ပါတယ် ဆရာ.."

ဒီအချိန်၌ သူသည် အနည်းငယ် အရှက်ရစွာ ခံစားလိုက်ရ၏။ ကိုယ့်ကိုယ်ကို တုံးလှချည်လားဟု တွေးမိလိုက်သည်။

အသုံးပြုရန်အတွက် မီးပေါင်းဖိုတစ်ခုကိုပင် ပြုလုပ်ရန် စိတ်ကူးမိခဲ့ခြင်း မရှိပေ။ ဆရာဖြစ်သူ၏ ညွှန်ကြားမှုအပေါ် မှီခိုနေရ၏။

လီရွှမ်မှာ စိတ်သက်သာရာရသွားသည်။ ဒီတစ်ကြိမ်မှာ သူ၏ ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပေမယ့် သဘာဝဆန်ကာ ထိုစွမ်းရည်နှင့် မွေးဖွားလာသကဲ့သို့ ခံစားရသည်။

"ကောင်းကောင်းလေ့လာ... သိုင်းပညာအကြောင်းက အဆုံးမသတ်ဘူး... ချီမန်မှာ မင်းရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို ရှာဖွေနိုင်ဖို့ ငါမျှော်လင့်တယ်.."

လီရွှမ်က ထူးမခြားနားစွာ ပြောသည်။

"ဟုတ်ကဲ့ပါ ဆရာ..."

ဖန်းဟောင်က လေးနက်စွာခေါင်းငြိမ့်၏။

သူသည် စိတ်လှုပ်ရှားစွာဖြင့် လိုအပ်သည့် ကုန်ကြမ်းများကို ရွေးချယ်ကာ သူ၏ ချီမန်လက်နက်သေတ္တာကို ဖန်တီးရန် ပြင်ဆင်သည်။

ဒီလက်နက်ကိရိယာ ထုလုပ်ခြင်း မီးပေါင်းဖိုနှင့် ပြုလုပ်ခြင်းဖြစ်စဉ်မှာ ပိုမိုမြန်ဆန်ပြီး အဆင့်မှာလည်း ပိုမိုမြင့်မားမှာ ဖြစ်၏။

ရွှီယန်မှာ အခင်းအကျင်းပုံကြမ်းကို လေ့လာနေ၏။ သူသည် တောင်နှင့်မြစ် ဓားအခင်းအကျင်းကို နားလည်သဘောပေါက်ပြီး ဖြစ်ပေမယ့် ဆက်လက်မြှင့်တင်ကာ ပြည့်စုံအောင် ပြုလုပ်ရန် လိုအပ်ပါသေးသည်။

ဘာပဲဖြစ်ဖြစ် ဓားအခင်းအကျင်းနှင့် ဖန်းဟောင်၏ အခင်းအကျင်းမှာ ခြားနား၏။ အခင်းအကျင်းပုံကြမ်းများက သူ့အတွက် အလွန် အဓိပ္ပါယ်ရှိသည်။

ဖန်းဟောင်သည် စာရွက်နှင့် ဘောပင်ကိုကိုင်ကာ ချီမန်လက်နက်သေတ္တာကို စတင်ရေးဆွဲသည်။ ပုံဆွဲမှု ပြီးဆုံးပြီးနောက် ပြဿနာတစ်ခုကို တွေ့လိုက်ရ၏။

'လက်နက်သေတ္တာက သေးလွန်းတယ်... ဘယ်လိုလုပ်ပြီးတော့ ချီမန် ပစ္စည်းကိရိယာတွေကို ထည့်နိုင်မှာလဲ..'

သိုလှောင်အိတ်ကဲ့သို့ ပစ္စည်းများစွာတို့ကို ဝင်ဆံ့နိုင်သည့် နေရာလပ်တစ်ခု ပါဝင်မှသာလျှင် အဆင်ပြေလိမ့်မည်။

ထို့ကြောင့် ချီမန်လက်နက်သေတ္တာကို ပြုလုပ်ရန်အတွက် ပထမဆုံး သိုလှောင်ပစ္စည်းတစ်ခုကို ဖန်တီးရန် လိုအပ်သည်။

ဖန်းဟောင်သည် ဆရာပြောခဲ့သည့် သိုလှောင်လက်စွပ်ကဲ့သို့ ပစ္စည်းမျိုးကို မည်ကဲ့သို့ဖန်တီးရမည်နည်းဟု စတင်လေ့လာသည်။ သိုလှောင်အိတ်များတွင် ကျယ်ဝန်းသည့် နေရာလပ်တို့ ပါဝင်နေသည့် အကြောင်းပြချက်မှာ တောင်မြိုဖားကြောင့် ဖြစ်သည်။

သူသာ နေရာလပ်နှင့် ကိရိယာတစ်ခုကို ဖန်တီးလိုပါက ဖန်တီးမှုနည်းလမ်းအပြင် အထူးကုန်ကြမ်း အချို့ကိုလည်း လိုအပ်မှာဖြစ်သည်။

သိုက်မိသားစု၏ ရတနာများထဲတွင် ကုန်ကြမ်းမျိုးစုံတို့ ပါဝင်၏။ သိုလှောင်အိတ် ပြုလုပ်ရာတွင် အသုံးပြုသည့် တောင်မြိုဖား၏ အရေပြားလည်း အပါအဝင် ဖြစ်သည်။

ထို့ကြောင့် ကုန်ကြမ်းပစ္စည်းများမှာ လစ်ဟင်းခြင်း မရှိပေ။ သို့ပေမယ့် ပြုလုပ်ရန် ပြည့်စုံသည့် နည်းလမ်းတစ်ခု လစ်ဟင်းနေ၏။ ၎င်းကို စတင် လေ့လာမှုပြုသည်။

ရွှီယန်ပြန်လာပြီး ရက်အနည်းငယ်အကြာတွင် မုန့်ချုံလည်း ပြန်လာခဲ့သည်။

ဖန်းဟောင်မှာ အလွန်စိတ်လှုပ်ရှားနေပြီး အခင်းအကျင်းကို စတင်အသက်သွင်း၏။ ဒုတိယ စီနီယာအစ်ကိုကို အချိန်မည်မျှကြာအောင် ပိတ်လှောင်ထားနိုင် မည်နည်းဟု သိလိုလေသည်။

မုန့်ချုံမှာ ရွှီယန်ကဲ့သို့ အခင်းအကျင်းကို ဓားအဖြစ် တစ်ခါတည်း ပြောင်းလဲခြင်းမပြုပေ။ အခင်းအကျင်း၏ တိုက်ခိုက်မှု မှန်သမျှကို လျစ်လျူရှု့ကာသာ ဝင်ရောက်ခဲ့လိုက်၏။

ဖန်းဟောင်မှာ အနည်းငယ် စိတ်ဓာတ်ကျစွာ ခံစားလိုက်ရသည်။ ဒီအခင်းအကျင်းသည် ရှင်းလင်းစွာပင် စွမ်းအားကြီးမား၏။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကိုပင် ခဏကြာအောင် ပိတ်နှောင်ထားနိုင်သည်။

သို့ပေမယ့် သူ၏ စီနီယာအစ်ကိုကြီးနှင့် ဒုတိယစီနီယာအကိုတို့ကို အဘယ်ကြောင့် သက်ရောက်မှု မရှိသည့်ပုံ ပေါ်နေရသနည်း။

မုန့်ချုံမှာ အဆင့်ချိုးဖျက်မှု မရှိခဲ့ပေမယ့် သူ၏ခွန်အားမှာလည်း များစွာ မြင့်တက်လာခဲ့သည်။ ကောင်းကင်တူသန့်စင်ခြင်း၁၀၀ ကျင့်စဉ်နှင့် သူ၏ မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာသည် အနည်းဆုံး ၃၀%လောက် မြင့်တက်လာခဲ့သည်။

မုန့်ချုံသည် ပြန်လာပြီးနောက် ရွှီယန်ကဲ့သို့ပင် အခင်းအကျင်းပုံကြမ်းကို လေ့လာ၏။ သူ၏ကိုယ်ပိုင်သိုင်းပညာကို နားလည်သဘောပေါက် လိုလေသည်။

သဘာဝတရားရှစ်ပါး ပုံကြမ်းတို့ကိုလည်း လေ့လာရန် လိုအပ်သည်။ ရွှီယန်နှင့် မုန့်ချုံတို့၏ ညွှန်ကြားပြသမှုနှင့်အတူ ဖန်းဟောင်သည်လည်း သဘာဝတရားရှစ်ပါးအပေါ် နားလည်သဘောပေါက်မှုတို့ ကြီးစွာ မြင့်တက်လာခဲ့၏။

ရလဒ်အနေနှင့် သူ၏အခင်းအကျင်း၊ ချိတ်တံဆိပ်နှင့် ကောင်းကင်ချီမန်တို့တွင် တိုးတက်မှုတို့ ရှိလာသည်။

စိတ်ထဲတွင် အခြေခံအသွင်က စတင်ပေါ်လာပြီး သဘာဝတရားရှစ်ပါးပုံကြမ်းကို အခင်းအကျင်းနှင့် ကောင်းကင်ချီမန် အတွင်းသို့ မည်ကဲ့သို့ ပေါင်းစပ်ရန်စဉ်းစားသည်။

ခြံဝန်းမှာ တည်ငြိမ်နေ၏။ အပြင်ဘက်လောကနှင့် သီးခြား ခွဲထားဟန်ရှိသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ဆုကြေးတိုးမြင့်မှုက ယွီကျိုးသိုင်းလောကကို လှိုင်းထနေစေသည်က လွဲ၍ ဒီခြံဝန်းကို သက်ရောက်ခြင်း လုံးဝမရှိပေ။

သူ၏ တပည့်များသည် ကြိုးကြိုးစားစား ကျင့်ကြံနေကြပြီး လီရွှမ်မှာတော့ ထိုက်ချန်း၏ စတုတ္ထမြောက်စာမျက်နှာကို လေ့လာနေ၏။

တစ်ချိန်တည်းတွင် သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်ရှိ ကျင့်စဉ်ကို ဆက်တိုက်မြှင့်တင်နေသည်။

ဓားတာအို၏ တတိယအဆင့်ကိုလည်း အမြန် ဖန်တီးဖို့သင့်၏။

အပိုင်း ၄၆၄ - လျှို့ဝှက်ဆေဘာအဆင့်၊ ယွီကျိုး၌ မုန်တိုင်းထန်စေခြင်း(၂)

မနေ့က ရွှီယန်သည် သူ၏ နှလုံးသားဓားအဆင့်၌ အဆင့်သေးတစ်ခု ချိုးဖျက်သွားခဲ့၏။ ဓားအခင်းအကျင်းမှာ ပိုမိုကာပင် ခရီးရောက်လာခဲ့ပြီး စွမ်းအားကြီးမားလာခဲ့သည်။

ရွှီယန်၏ အဆင့်ငယ်ချိုးဖျက်ချိန်၌ လီရွှမ်လည်း နှလုံးသားဓားအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့၏။

"ဝှစ်.."

ရုတ်တရက် ပုံရိပ်တစ်ခု ခြံဝန်း၏ အထက်ကောင်းကင်၌ ဖြတ်သန်းပျံသန်းသွားသည်။ ခြံဝန်းမှာ အခင်းအကျင်း၏ လွှမ်းခြုံခြင်းကို ခံထားရသဖြင့် ဖြတ်သန်းသွားသည့် သိုင်းသမားသည် ၎င်း၏ တည်ရှိမှုကို သတိထားမိခြင်းမရှိပေ။

လီရွှမ်တို့က ထိုကိစ္စအတွက် အလေးအနက် ထားမနေပါ။ ခြံဝန်းသည် ကျိန်နိုင်ငံမြို့တော်၏ အပြင်ဘက်တွင် တည်ရှိ၏။ ဤသည်မှာ အနည်းငယ် ချောင်ကျပေမယ့် မြို့တော်နှင့် အရမ်းကြီးဝေးကွာခြင်း မရှိပေ။ သိုင်းသမားများ ဖြတ်သွားဖြတ်လာရှိသည်မှာ ပုံမှန်သာဖြစ်သည်။

သို့ရာတွင် နောက်ဆက်တွဲ ရက်များတွင် သိုင်းသမားများ၏ သွားလာမှု အလွန်စိပ်လာပြီး သူတို့သည် တစ်ခုခုကို ရှာဖွေနေဟန်တူ၏။ ဤသည်က လီရွှမ်ကို အနည်းငယ် စိတ်ဝင်စားလာစေသည်။ ယွီကျိုးတွင် တစ်ခုခု ဖြစ်ပွားခဲ့သည်လား။

'နောက်ဆုံးတော့ လုပ်လို့ပြီးပြီ..'

ဖန်းဟောင်က နဖူးရှိချွေးစေးများကိုသုတ်ကာ လက်ထဲရှိ သိုလှောင်လက်စွပ်ကို ကြည့်ရင်းက ပြုံးသည်။ ဒီအချိန်အတွင်း ပြုလုပ်မှုအပြီးတွင် နောက်ဆုံး၌ အောင်မြင်ခဲ့လေပြီ။

"ဆရာ... ကျွန်တော် သိုလှောင်လက်စွပ်တစ်ခုကို အောင်အောင်မြင်မြင် ဖန်တီးခဲ့ပြီ.."

ဖန်းဟောင်က ဝမ်းသာစွာဖြင့် သိုလှောင်လက်စွပ်ကို ယူဆောင်ကာ ဆရာဖြစ်သူအား သွားရောက်ပြသသည်။

လီရွှမ်၏ ဒီဗိုင်းအသိက သိုလှောင်လက်စွပ်ကို ဖြတ်သန်းသွားပြီးနောက် အတွင်းထဲရှိ အကျယ်အဝန်းမှာ မသေးငယ်ကြောင်းကို တွေ့လိုက်ရသည်။ သိုလှောင်အိတ်များထက် များစွာ ပိုမိုကြီးမား၏။ ထို့အပြင် ပိုမိုတည်ငြိမ်ကာ အသုံးပြုရန် လွယ်ကူလာခဲ့သည်။

ထုလုပ်ခြင်းမှာ အနည်းငယ် အကြမ်းထည်နိုင်သေးပေမယ့် အလွန် ချီးကျူးစရာကောင်းနေပြီး ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ ပထမဆုံး ဖန်တီးမှု ဖြစ်သည်။

"အသေးစား မြှင့်တင်မှုအချို့ ပြုလုပ်ပြီးရင် ပြည့်စုံသွားလိမ့်မယ်.. အရမ်းကောင်းတယ်.."

လီရွှမ်က အသိအမှတ်ပြုစွာ ခေါင်းငြိမ့်သည်။

"ဟုတ်ကဲ့ပါဆရာ..."

ဖန်းဟောင်မှာ စိတ်လှုပ်ရှားနေ၏။

သိုလှောင်လက်စွပ်ကို အောင်အောင်မြင်မြင် ပြုလုပ်ပြီးမှုနှင့်အတူ သူသည် နောက်ဆုံးတွင် ပထမဆုံး ချီမန်လက်နက်သေတ္တာကို စတင် ပြုလုပ်နိုင်တော့ပေမည်။

ဖန်းဟောင်သည် အနည်းငယ် အကြမ်းထည်နိုင်သည့် ပထမဆုံး သိုလှောင်လက်စွပ်ကို ရှီအာအား အလွယ်ပေးလိုက်သည်။ ရှီအာမှာတော့ အလွန်ဝမ်းသာသွား၏။

ကျန်ရှိသည့် လဝက်တွင် ဖန်းဟောင်သည် သိုလှောင်လက်စွပ်များစွာတို့ကို ပြုလုပ်ပြီး ခြံဝန်းထဲရှိ လူတိုင်းအတွက် လုံလောက်သည်အထိ ဖြစ်လာခဲ့သည်။

တစ်ခုချင်းစီတိုင်းက ကြီးမားကာ သို့လှောင်နိုင်သည့် ပစ္စည်းပမာဏမှာ သိုလှောင်အိတ် တစ်အိတ်ထက် အနည်းဆုံး ၁၀ဆလောက် ပိုမိုများပြား၏။

ကြောင်နီမှာလည်း လုံးဝ စိတ်လှုပ်ရှားနေ၏။ ယခုအချိန်၌ သူ၏ ကိုယ်ပိုင် သိုလှောင်လက်စွပ်ကို ရလာခဲ့လေပြီ။

သိုလှောင်လက်စွပ်၏ ဖန်တီးမှုကို ကျွမ်းကျင်လာပြီးနောက် ဖန်းဟောင်သည် ချီမန် လက်နက်သေတ္တာကို စတင်ဖန်တီးသည်။

ချီမန်လက်နက်သေတ္တာအတွက် လိုအပ်သည့် လုပ်ဆောင်ချက်များမှာ သိုလှောင်လက်စွပ်နှင့် နှိုင်းယှဉ်ပါက များစွာ ပိုမိုရှုပ်ထွေး၏။ ထို့ကြောင့် သူ၏ အတွေးအမြင်နှင့် စွမ်းအင်အားလုံးတို့ကို ဖန်တီးမှုအတွင်း၌ နှစ်မြှုပ်ထားရသည်။

မုန့်ချုံမှာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ဆေဘာအား ပေါင်နှစ်ဖက်ပေါ်၌ ကန့်လန့်ဖြတ်တင်ထား၏။

ရွှီယန်၏ ဓားဆန္ဒက သူ၏ပတ်ဝန်းကျင်၌ လှည့်လည်နေပြီး မြက်ပင်တစ်ပင်ချင်းစီတိုင်း၊ သဲတစ်ပွင့်ချင်းစီတိုင်းသည် ထက်မြသည့်ဓားများအဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုနက်နဲသည့် မြင်ကွင်းအပေါ် မုန့်ချုံက အနီးကပ်ဆင်ခြင်နေ၏။

လီရွှမ်က အချိန်အချို့ကြာအောင် တိတ်တဆိတ် စူးစမ်းသည်။

'ကြည့်ရတာ မုန့်ချုံ အဆင့်ချိုးဖျက်ပြီး လျှို့ဝှက်ဆေဘာအဆင့်ကို ရောက်ရှိတော့မယ့်ပုံပဲ..'

ဆေဘာလမ်းစဉ်၏ ဒုတိယမြောက်အဆင့်သည် နှလုံးသားဓားအဆင့် ကဲ့သို့ပင် အနှစ်သာရ တူညီ၏။

လောကကြီးတွင် ဆေဘာမရှိသည့်နေရာ မရှိပေ။ လျှို့ဝှက်‌ဆေဘာအဆင့်တွင် ဆေဘာကို လျှို့ဝှက်ထားကာ ထက်မြမှုကို ဖုံးကွယ်ပြီး အရာအားလုံးအား ဆေဘာဓားအဖြစ် အသုံးပြုနိုင်သည့် ဉာဏ်အလင်းလည်း ရှိရပေမည်။

လျှို့ဝှက်ဆေဘာသည် ထွက်ပေါ်လာခြင်း မရှိပေ။ ထွက်ပေါ်လျှင်လည်း ၎င်း၏ ထက်မြမှုမှာ အနှိုင်းမဲ့နေမှာဖြစ်၏။

"သင်၏တပည့် မုန့်ချုံသည် လျှို့ဝှက်ဆေဘာအဆင့်အား ဉာဏ်အလင်း ရရှိလာခဲ့သည်။ သင်သည် လျှို့ဝှက်ဆေဘာအဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်.."

ထင်ထားသည့်အတိုင်းပင်။ ရက်အနည်းငယ်ကြာပြီးနောက် မုန့်ချုံသည် အဆင့်ချိုးဖျက်သွား၏။ အဆင့်ချိုးဖျက်ပြီးနောက် ဆေဘာ၏ အငွေ့အသက်မှာ လုံးဝဖုံးကွယ်သွားခဲ့သည်။ သူသည် ဆေဘာဓားသမားတစ်ယောက် ဖြစ်ရမည့်အစား စာပေသမားတစ်ယောက်နှင့် ပိုတူ၏။

ကြီးမားကြံ့ခိုင်သည့် ခန္ဓာကိုယ်နှင့် ကတုံးပြောင်ကြောင့်သာ မဟုတ်ပါက ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်လိုက်လျှင် ဓားမောက်ကို အသုံးပြုသည့် ကြီးစိုးသည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု မည်သူက ယုံမည်နည်း။

"ဝှစ်.."

ခြံဝန်း၏အထက် ကောင်းကင်တွင် ပုံရိပ်တစ်ခု ဖြတ်သန်းသွားပြန်၏။

"ဒါက ၈ယောက်မြောက်ပဲ.."

ရွှီယန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။

"ယွီကျိုးမှာ ကိစ္စကြီးတစ်ခုများ ဖြစ်ပွားလို့လား.."

မုန့်ချုံက ပဟေဠိဖြစ်စွာ ကြည့်၏။

"ဟုတ်လောက်မယ်... တော်တော်ကို ထူးဆန်းနေတယ်.."

ဖန်းဟောင်က သဘောတူညီစွာ ခေါင်းငြိမ့်သည်။

"ဖြစ်နိုင်တာက စီနီယာအစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုရဲ့ကိစ္စကြောင့်များလား.."

စုလင်းရှုံက မရေရာစွာဖြင့် သုံးသပ်၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ... အစ်ကိုကြီးနဲ့ငါ ကိုယ့်ဘာသာ ကျင့်ကြံမှုကို အာရုံစိုက်နေတာ ကြာပြီ။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုကို စာရင်းသွားရှင်းဖို့တောင် မလုပ်ရသေးဘူး.."

မုန့်ချုံက ခေါင်းကိုရမ်းသည်။ ရွှီယန်လည်း ခေါင်းငြိမ့်၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစု၏ နောက်လိုက် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို သူတို့လိုက်လံသတ်ဖြတ်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ယခုအချိန်၌ ကိစ္စကြီးတစ်ခုသာ ရှိပါက ဘယ်လိုလုပ်ပြီး သူတို့နှင့် သက်ဆိုင်မည်နည်း။

"ဟမ်... တစ်ယောက်ယောက်လာပြန်ပြီ... ကျွန်တော်သွားပြီးတော့ မေးကြည့်လိုက်မယ်.."

ရွှီယန်က ခြေတစ်လှမ်းလှမ်းကာ သူ၏ပုံရိပ်က ခြံဝန်းအတွင်းမှ ပျောက်ကွယ်သွားသည်။ ခြံဝန်းဆီမှ မိုင်အနည်းငယ်အကွာတွင် အညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းသမားတစ်ယောက်သည် ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရှု့နေ၏။ သူသည် သစ်ပင်တစ်ပင်တိုင်းကိုပင် ဂရုတစိုက်ကြည့်ရှု့ပြီး မည်သည်ကိုမှ မကျန်ရစ်စေရန်အတွက် မြေပြင်ကိုပင် သုံးပေလောက် တူးယူကြည့်လိုသည့်နှယ် ရှိသည်။

ရုတ်တရက် ပုံရိပ်တစ်ခု သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ဆွဲဆောင်မှုရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး တစ်ဖက်လူ၏ အသွင်က တစ်ခုခု မေးမြန်းလိုသည့်ဟန် ရှိ၏။

"တစ်စိတ်လောက်မိတ်ဆွေ... ခင်ဗျားဘာကို ရှာနေတာလဲမသိဘူး.."

ရွှီယန်က ရင်းနှီးသည့်အပြုံးတစ်ခုဖြင့်‌ မေး၏။

ပတ်ဝန်းကျင်ကို ရှာဖွေနေသည့် သိုင်းသမားသည် ရုတ်တရက် ပေါ်လာသည့် ပုံရိပ်ကြောင့် ခဏတာအတွင်း အံ့သြသွား၏။ ခေါင်းကိုမော့ကြည့်ကာ ရွှီယန်ကို တွေ့လိုက်ရပြီးနောက် သူ၏ပုံစံက ပို၍ပင် မှင်သက်သွားသည်။

"ရွှီ...ရွှီယန်လား.."

ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။

"မင်းငါ့ကို သိတာလား..."

ဒီအချိန်၌ အညိုရောင်ဝတ်စုံဝတ် သိုင်းသမားသည် စိတ်လှုပ်ရှားနေပြီး အနည်းငယ်လည်း ကြောက်ရွံ့နေ၏။

မည်သည်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သည့် လူဆိုးဖြစ်သည်။

သူသည် ကောင်းကင်လူသားကြီး အဆင့်၌သာ ရှိရာ သေချာပေါက် ရွှီယန်၏ ပြိုင်ဘက်မဟုတ်ပေ။ သို့ပေမယ့် ရွှီယန်၏ သဲလွန်စကို ရှာတွေ့ကတည်းက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းဆီသို့ သတင်းပို့လိုက်သည်နှင့် ကြီးမားလှသည့် ဆုကြေးကို ရရှိနိုင်မှာဖြစ်သည်။

"ကျွန်တော်... ကျွန်တော်.. အကိုရွှီရဲ့ ရုပ်ပုံကို တွေ့ဖူးလို့ပါ.."

အညိုရောင်ဝတ်စုံနှင့် သိုင်းသမားသည် ထွက်ခွာသွားကာ ရွှီယန်၏ တည်နေရာကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းဆီသို့ ချက်ချင်း တင်ပြလိုနေ၏။

ကိုယ်ကိုယ်တိုင် ဖမ်းဆီးသတ်ဖြတ်ကာ မြင့်မားသည့်ဆုကြေးကို ရယူရန်မှာတော့ သူ၏ အကန့်အသတ်ကို သူနားလည်ပါသည်။

"ပြော... မင်းဘာကို ရှာနေတာလဲ.."

ရွှီယန်က ဆက်လက်ပြုံးရင်းက မေးသည်။ တစ်ဖက်လူ၏အသွင်သည် သူ့ကိုတွေ့လိုက်ချိန်၌ အနည်းငယ် မူမမှန် ဖြစ်သွား၏။

"မင်းငါ့ကို ရှာနေတာမလား..."

သူသည် နှလုံးသားထဲ၌ အံ့ဩနေပါသည်။

"မဟုတ်ပါဘူး.. မဟုတ်ပါဘူး... အဲ့ဒါက... ကျွန်တော်မွေးမြူထားတဲ့ စိတ်ဝိဉာဉ်သားရဲ ပျောက်သွားလို့.. အဲ့ဒါကြောင့်မို့လို့ လာရှာတာ.."

"ဟုတ်တယ်ဟုတ်တယ်.. သားရဲပျောက်သွားတာ..."

အညိုရောင်ဝတ်စုံဝတ် သိုင်းသမားသည် သတိလည်လာပုံပေါ်ပြီး ရယ်မောရင်းက ပြော၏။

"အကိုရွှီ... ခင်ဗျား ဒီပတ်ဝန်းကျင်မှာ အညိုရောင်သားရဲလေးတစ်ကောင်ကောင်ကို တွေ့မိသေးလား.."

သူသည် ရွှီယန်ကို သတိဝင်သွားအောင် လုပ်လို့မဖြစ်ပေ။

ရွှီယန်က ပြုံး၏။

"ငါက လူလိမ်တွေကို အမုန်းဆုံးပဲ... ငါမင်းကို ဖြေကြားဖို့အတွက် နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်.."

အညိုရောင်ဝတ်စုံနှင့် သိုင်းသမား၏ နဖူးမှ ချွေးစေးများ စီးကျလာ၏။ နှလုံးသားထဲ၌ သေခြင်းရှင်ခြင်း အန္တရာယ်က ထွက်ပေါ်လာခဲ့သည်။

ကြည့်ရသည်မှာ မမှန်မကန် ဖြေကြားပါက ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားတော့မည့်ဟန် ရှိ၏။ သူသည် ထွက်ပြေးလိုလေသည်။ သို့ပေမယ့် မသိစိတ်က ထိုကဲ့သို့ လုပ်ဆောင်လျှင် သေချာပေါက် သေဆုံးရမည်ဟု ပြောနေ၏။ ပတ်ဝန်းကျင်၌ မမြင်နိုင်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်တို့ လွှမ်းခြုံလာသည့်ဟန် ရှိသည်။

"အဲ့ဒါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက မင်းနဲ့ မုန့်ချုံတို့အတွက် ဆုကြေးထုတ်ထားတာပါ... ငါက..."

အညိုရောင်ဝတ်စုံနှင့် သိုင်းသမားသည် အလွန်ကြောက်ရွံ့နေ၏။ သူသည် မည်ကဲ့သို့ အကြောင်းပြချက်ပေးရမည်အား မသိ ဖြစ်နေသည်။ ဒီနေရာသို့ ရောက်ရှိလာခြင်းမှာ ရွှီယန်နှင့်မုန့်ချုံတို့အား ရှာဖွေရန် မဟုတ်ဟု ပြောချင်နေ၏။

ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ဖြစ်နိုင်သည်မှာ ဒီရက်အတွင်း ဖြတ်သွားဖြတ်လာ ပြုလုပ်ခဲ့ကြသည့် သိုင်းသမားများသည် သူနှင့်မုန့်ချုံကို ရှာဖွေနေကြသည်လား။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့က မည်ကဲ့သို့သော ဆုကြေးကို ပေးခဲ့လို့နည်း။

"ငါ့ကိုပြော... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ဘာဆုကြေးကို ပေးထားတာလဲ.."

အညိုရောင်ဝတ်စုံနှင့် သိုင်းသမားသည် မည်သည်ကိုမှ ဖုံးကွယ်ရဲခြင်း မရှိဘဲ သူသိသမျှ အရာအားလုံးကို ရွှီယန်အား ပြောပြ၏။ နားထောင်ပြီးနောက် ရွှီယန်ပင်လျှင် ဆုတ်သပ်မိသည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုသည် သူတို့အတွက် များပြားလှသည့် အရင်းအမြစ်များကို သုံးစွဲလို၏။

သူတို့၏ သဲလွန်စကို ရှာဖွေတွေ့ရှိကာ သတင်းပို့ပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံကို ဆုကြေးအဖြစ် ရရှိနိုင်၏။

ပုန်းအောင်းနေသည့်နေရာကို ရှာဖွေတွေ့ရှိပါက စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် တော်ဝင်မိသားစု၏ အဖွဲ့ဝင်တစ်ယောက်အဖြစ် ခေါ်ယူမည့်အပြင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅မီလီယံ သို့မဟုတ် ၎င်းနှင့်ညီမျှသည့် ရတနာကို ပေးဆောင်မည် ဖြစ်သည်။

ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးသတ်ဖြတ်ရာတွင် အကူအညီပေးခြင်းတို့ ပြုလုပ်ပေးပါက ဆုကြေးမှာ ပိုမိုကာပင် များပြားသေးသည်။

ထိုအတွက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ သတ္တုတွင်းတစ်ခုကိုပင် ပေးမည်ဖြစ်သည်။ မြေဝိဉာဉ်ပန်းမှာ သံသယဝင်စရာမကောင်းလောက်အောင် အဖိုးတန်ဆုံး ဖြစ်သည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင်လျှင် တက်မက်မိမှာ ဖြစ်၏။

ယွီကျိုးရှိ လေလွင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် သိုင်းသမားများသည် ရွှီယန်နှင့်မုန့်ချုံတို့၏ သဲလွန်စကို ရှာဖွေရန်အတွက် နည်းလမ်းအားလုံးကို အသုံးပြုနေ၏။

ထို့အပြင် အခြားဒေသများမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများပင်လျှင် ယွီကျိုးသို့ရောက်လာကြသည်ဟု ပြောကြသည်များ ရှိသည်။

"ငါကျိန်ဆိုပါတယ်... မင်းရဲ့တည်နေရာကို လုံးဝ ထုတ်မပြောပါဘူး.."

အညိုရောင်ဝတ်စုံနှင့် သိုင်းသမားက တုန်ရင်စွာဖြင့်ပြော၏။ သူ၏မျက်နှာပေါ်၌ အကြောက်တရားတို့ ဖုံးလွှမ်းနေသည်။

"ငါရွှီယန်က သတ်ဖြတ်ခြင်းကို ခုန်မင်တဲ့လူတစ်ယောက်မဟုတ်ဘူး။ မင်းသတင်းသွားပို့လည်း ငါကဘယ်လိုလုပ်ပြီး ဒီမှာပဲနေမှာလဲ။ ဒါကြောင့်မလို့ မင်းဘာသာလုပ်ချင်တာလုပ်.. ငါနဲ့မသက်ဆိုင်ဘူး.."

ရွှီယန်က စကားဆုံးပြီးနောက် လက်ကိုမြောက်ကာ အညိုရောင်ဝတ်စုံနှင့် သိုင်းသမားကို ကိုင်ဆွဲပြီး လွှင့်ပစ်လိုက်သည်။

အညိုရောင်ဝတ်စုံနှင့် သိုင်းသမားသည် ဘဝသစ်တစ်ခု ပြန်လည်ရရှိလိုက်သည့်အလား အသဲအသန် ထွက်ပြေး၏။

ရွှီယန်သည် ကျိန်နိုင်ငံမြို့တော်၏ အနီးအနားတွင် ပေါ်လာခဲ့လေသည်။ ဆိုလိုသည်မှာ ရွှီယန်နှင့်မုန့်ချုံတို့သည် ကျိန်နိုင်ငံအတွင်း၌သာ ပုန်းအောင်းနေခြင်းဖြစ်၏။

ဤသည်မှာ အလွန်အရေးကြီးသည့် သတင်းအချက်အလက် ဖြစ်သည်။ သူသာ တင်ပြပေးပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ မီလီယံနှင့်ချီကို ရရှိနိုင်မှာပါ။

လေလွင့်သိုင်းသမားတစ်ယောက် အနေနှင့် ဤသည်မှာ ကြီးမားလှသည့် ကံကောင်းမှုဖြစ်သည်။

ရွှီယန်သည် စံအိမ်ဆီသို့ ပြန်ပြီးနောက် အရာအားလုံးတို့ကို လူတိုင်းကို ပြောပြသည်။ ဖန်းဟောင်က သူ့ကို လေးစားစွာကြည့်၏။ သူ၏ စီနီယာအစ်ကို နှစ်ယောက်တို့သည် အလွန်ကြမ်းတမ်းလှပြီး ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုကိုပင် ယခုမျှ ပေးဆပ်ရအောင် လုပ်နိုင်လေသည်။

"ဟန့်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက... လူတွေကို ဘယ်လိုခိုင်းရမယ်ဆိုတာကို တကယ် သိတာပဲ.."

မုန့်ချုံက ရေရွတ်သည်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ သတ္တုတွင်းအပြင် မြေဝိဉာဉ်ပန်းကလည်း ယွီကျိုးတစ်လျှောက် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။

"ဒီအချိန်က ငါတို့တွေ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ သတ္တုတွင်းကို လုရမယ့်အချိန်ပဲ။ ဒါပေမယ့် ငါတို့ရဲ့ဂျူနီယာညီလေးက အခင်းအကျင်းတွေကို နားလည်လာပြီဆိုတော့ ကောင်းကောင်းအသုံးပြုရမယ်.."

ရွှီယန်က အေးစက်သည့် အပြုံးဖြင့် ပြောသည်။

"အစ်ကိုကြီးစိတ်ချပါ... အရင်က လင်းနယ်မြေမှာ အခင်းအကျင်းနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရှိခဲ့ဘူး။ ကျွန်တော်သာ အခင်းအကျင်းကို တည်ဆောက်လိုက်တာနဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဆိုရင်တောင် ဘာကိုမှ သတိထားမိမှာ မဟုတ်ဘူး။ စိတ်ဝိဉာဉ်ပုံဆောင်ခဲသတ္တုတွင်းက ကျွန်တော်တို့ဟာပဲ.."

ဖန်းဟောင်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ရင်ဆိုင်ရတော့မည်ဟူသည့် အတွေးက သူ၏သွေးများကို ဆူပွက်လာစေသည်။

"ဒီနေရာကို မကြာခင်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် လာပြီးတော့ ရှာဖွေမယ်ထင်တယ်.."

ရွှီယန်က လေးနက်စွာ ပြောသည်။ ယခုအချိန်၌ သူသည် ဒီနေရာ၌ ကိုယ့်ကိုယ်ကိုယ် လူလုံးထွက်ပြခဲ့၏။ကျောက်စိမ်းနတ်ဘုရားဂိုဏ်း သို့မဟုတ် စုမိသားစုမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတို့ သေချာပေါက် ရောက်လာကာ ရှာဖွေမည်ဖြစ်သည်။

အပိုင်း ၄၆၅ - စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်ကောင်းကင်လူသားကို သတ်ဖြတ်ရန် အခင်းအကျင်းအားတည်ဆောက်ခြင်း

ရွှီယန်၏အကြည့်က အေးစက်လာပြီး ဖန်းဟောင်ကိုကြည့်သည်။

"ဂျူနီယာညီလေး... မင်း.. အခင်းအကျင်းတစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်ဘယ်လောက်ကြာမလဲ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ရဲ့ ဝိဉာဉ်စွမ်းအားကို လုံးဝချိတ်ပိတ်ပြီး ရှုပ်ထွေးနေစေနိုင်တဲ့ အခင်းအကျင်းမျိုး.."

ဖန်းဟောင်က မှင်သက်သွားသည်။ သူ၏ နှလုံးသားက အခုန်မြန်လာပြီး မျက်နှာက အံ့ဩလာခဲ့၏။

"စီနီယာအစ်ကိုကြီးက ဘာကိုဆိုလိုတာလဲ.."

သူသည် တံတွေးများကို မျိုချပြီး မယုံကြည်နိုင်စရာကောင်းလှသည့် အတွေးတစ်ခုကို တွေးမိလိုက်သည်။

"အခင်းအကျင်းတစ်ခုကို တည်ဆောက်ပြီး.. စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ကို အသုံးချပြီး စမ်းသပ်ခိုင်းမလိုပေါ့... ငါလည်း ဒီအခွင့်အရေးကိုယူပြီး ငါ့ရဲ့ ဓားအခင်းအကျင်းကို စမ်းကြည့်ရမယ်.."

ရွှီယန်က တောက်ပစွာ ပြုံးသည်။

အညိုရောင်ဝတ်စုံနှင့် သိုင်းသမားကို ပြန်လွှတ်ခဲ့ခြင်းမှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအား ဆွဲဆောင်ရန် ရည်ရွယ်၏။

"ဟုတ်တယ်... ငါလည်း လျှို့ဝှက်ဆေဘာရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ချင်တယ်.."

မုန့်ချုံက ကတုံးပြောင်ကိုကုပ်ကာ ပြော၏။

"ညီမ... ညီမလည်း စမ်းကြည့်ချင်တယ်.."

စုလင်းရှုံလည်း စိတ်လှုပ်ရှားသည့် အကြည့်တို့ ပေါ်လာခဲ့သည်။

ဆရာဖြစ်သူရှိနေရာ တစ်ဖက်ရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားသည် အရမ်းကြီး စွမ်းအားကြီးမားနေလျှင်တောင် အနိုင်မရလည်း ပြဿနာမရှိပါ။

"ကောင်းပြီ... အဲ့ဒါဆိုလည်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို အသုံးပြုပြီး လေ့ကျင့်ကြတာပေါ့.."

ဖန်းဟောင်၏ သွေးများက ဒီအချိန်၌ ဆူပွက်လာခဲ့သည်။ စစ်မှန်သော စွမ်းအားကြီးသူများသည် လှိုင်းဒဏ်ကို ဆန့်ကျင်ရင်းမှ မြင့်တက်ကြ၏။ သူ့တွင် သတ္တိအချို့ လစ်ဟင်းနေဆဲဟု ခံစားရသည်။

လေလွင့်သိုင်းသမားတစ်ယောက် အနေနှင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ထည်ဝါမှုက သူ့ကိုဆန့်ကျင်မှု ပြုနိုင်စေရန် အမြဲ တုံ့ဆိုင်းနေစေသည်။ လက်ရှိအချိန်မှာ အခွင့်အရေးတစ်ခု ဖြစ်၏။

စိတ်ပိုင်းဆိုင်ရာ အလွှာတစ်ခုကို ချိုးဖျက်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အထက်တွင် ဂုဏ်ယူစွာ ရပ်တည်လာနိုင်မည် ဖြစ်သည်။

"ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ကျွန်တော်အခင်းအကျင်း ကိရိယာတစ်စိတ်တစ်ပိုင်းကို ဖန်တီးခဲ့တယ်။ ဒါ့ကြောင့်မို့လို့ အခင်းအကျင်းတည်ဆောက်တာက ပြဿနာမရှိဘူး.."

ချီမန်လက်နက်သေတ္တာအား ပြည့်စုံစွာ ဖန်တီးပြီးခြင်း မရှိပေမယ့် သူသည် အခင်းအကျင်း ကိရိယာအချို့ကို ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။

ဝေဝါးရှုပ်ထွေးခြင်း အခင်းအကျင်းနှင့် ဖီးနစ်မီးတောက်ထောင်ချောက် အခင်းအကျင်းတို့ နှစ်ခုလုံးကို တည်ဆောက်နိုင်၏။ ထို့အပြင် အထက်အောက်ပျက်စီးခြင်း အခင်းအကျင်းကဲ့သို့သော အဆင့်ပိုမိုမြင့်မားသည် အခင်းအကျင်းလည်းရှိသည်။

"ကောင်းတယ်... လာခဲ့... ငါတို့ညီအစ်ကိုမောင်နှမတွေ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို တိုက်ခိုက်တာပေါ့.."

ရွှီယန်က ရယ်မောကာ ပြော၏။

လီရွှမ်မှာ နှလုံးသားထဲတွင် ချီးကျူးမိလိုက်သည်။ ရွှီယန်သည် စီနီယာအစ်ကိုကြီးဟူသည့် နေရာနှင့် သင့်တော်လှ၏။

ထို့အပြင် အကြောက်တရားကင်းမဲ့သည့် စိတ်ဝိဉာဉ်အား စစ်မှန်စွာ ပိုင်ဆိုင်ထားကာ စိန်ခေါ်မှုများကို တိုက်ခိုက်ရဲလေသည်။

လောကကြီးရှိ စွမ်းအားကြီးမားဆုံး ပုဂ္ဂိုလ်များသည် ထိုနည်းလမ်းဖြင့် မြင့်တက်ခဲ့ကြ၏။ ရွှီယန်တွင် ဇာတ်လိုက်မင်းသားတစ်ယောက်၏ အသွင်အပြင်မျိုး ရှိနေသည်။

၄ယောက်သား စံအိမ်မှ ထွက်ခွာသွားပြီးနောက် အခင်းအကျင်းအား တည်ဆောက်ရန်အတွက် သင့်တော်သည့် တည်နေရာကို ရှာဖွေသည်။

ဖန်းဟောင်သည် ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် ခဏအတွင်း အခင်းအကျင်း တည်ဆောက်ရန် ပြည့်စုံရုံမက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို အားဖြည့်ပေးနိုင်သည့် ကောင်းမွန်သည့် နေရာတစ်ခုအား ရှာတွေ့လိုက်သည်။

လက်ထဲတွင် အခင်းအကျင်း ကိရိယာများနှင့် အခင်းအကျင်းမှာ လျှင်မြန်စွာ တည်ဆောက်ပြီး၏။ အခင်းအကျင်းအား တည်ဆောက်ပြီးနောက် သူသည် ရပ်တန့်ခြင်း မပြုပေ။ လေးနက်သည့် အသွင်ဖြင့် ချိတ်တံဆိပ်များကို စတင်ရေးဆွဲကာ အခင်းအကျင်းအတွင်းသို့ ပေါင်းထည့်သည်။

ထို့နောက် ချီမန်အခင်းအကျင်းကို တည်ဆောက်ကာ ဒီအတောအတွင်း ရရှိခဲ့သည့် ချီမန်သိုင်းပညာအသိအမြင်အားလုံးတို့ကို ပေါင်းထည့်သည်။

"စီနီယာအစ်ကိုကြီး၊ ဒုတိယစီနီယာအကို၊ တတိယစီနီယာအစ်မ... ဒီအခင်းအကျင်းလုံးကို ဝတ်ထား။ အဲ့ဒါဆိုရင် အခင်းအကျင်းရဲ့ သက်ရောက်မှုကို မခံရဘူး.."

သူသည် အခင်းအကျင်းအလုံး သုံးခုတို့ကို ရွှီယန်၊ မုန့်ချုံနှင့် စုလင်းရှုံတို့အား ပေးသည်။

"ကောင်းပြီ..."

၃ယောက်သားက လက်ခံကြ၏။

စုလင်းရှုံသည် လက်ထဲတွင် ဂေါ်ပြားတစ်ခုကို ကိုင်ဆောင်ထားပြီး အနည်းငယ် စိုးရိမ်နေပါသည်။

ဘာပဲဖြစ်ဖြစ် သူမသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်တော့မည် ဖြစ်၏။

ဖန်းဟောင်မှာ သူ၏ ကိုယ်ပိုင်အခင်းအကျင်း အတွင်း၌ ရပ်ကာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ ရောက်ရှိလာမှုကို စောင့်စားနေသည်။

သူ၏လက်ဝါးက ချွေးစေးများ ထွက်နေ၏။

ဤသည်မှာ ပထမဆုံးအကြိမ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်ခြင်းဖြစ်သည်။

ရွှီယန်က ကောင်းကင်သို့ မြင့်တက်သွားပြီး သစ်ပင်ကြီးတစ်ခု၏ အထက်တွင် ရပ်နေ၏။ ရန်သူ၏ ရောက်ရှိလာမှုကို စောင့်စားနေသည်။

မုန့်ချုံ၏ ခန္ဓာကိုယ်မှာ အခင်းအကျင်းကြီး အတွင်း၌ ပျောက်ကွယ်နေ၏။ ဒီအချိန်၌ အခင်းအကျင်းကြီးအား ပြည့်စုံစွာ မဖွင့်လှစ်ရသေးပါ။ ၎င်းသည် ပုန်းကွယ်နေဆဲရှိ၏။

၁နာရီကြာပြီးနောက် အဝေးကောင်းကင်မှ သူတို့ဆီသို့ ပုံရိပ်နှစ်ခုတို့ လျှင်မြန်စွာ ပျံသန်းလာခဲ့သည်။ စုလျန်ချန်နှင့် ခဲ့လင်းဖင်တို့သည် သတင်းရရှိပြီးနောက် စုမိသားစုနှင့် ကျောက်စိမ်းနတ်ဘုရား ဂိုဏ်းဆီသို့ သတင်းလွှဲပြောင်းပေးကာ ကျိန်နိုင်ငံ၏ မြို့တော်အပြင်ဘက်သို့ ထွက်ခွာခဲ့ကြသည်။ ရွှီယန်ပေါ်လာသည့် နေရာအား အရင်ဆုံး သွားရောက်ကြ၏။

ရွှီယန်နှင့် မုန့်ချုံတို့မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ကို အတူတူပူးပေါင်းပြီး သတ်ဖြတ်နိုင်ကြပေမယ့် နှစ်ယောက်တစ်ယောက်အခြေအနေမှသာ အန္တရယ်ကျရောက်နိုင်မှာ ဖြစ်သည်။ သူတို့ဘက်တွင်လည်း လူနှစ်ယောက်ရှိရာ အရမ်းကြီး စိုးရိမ်ခြင်း မရှိပေ။

"ငါလုံးဝထင်မထားဘူး... ရွှီယန်က ကျိန်နိုင်ငံအတွင်းမှာပဲ ပုန်းအောင်းနေဆဲ ရှိသေးတယ်။ ဖြစ်နိုင်တာက သူနဲ့ကျိန်နိုင်ငံနဲ့အကြားမှာ တစ်ခုခုများ ပတ်သက်နေတာလား.."

စုလျန်ချန်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။

"ကျိန်နိုင်ငံက ယွီကျိုးသိုင်းလောကရဲ့ ပဋိပက္ခတွေအကြားမှာ ဝင်ပါလေ့မရှိဘူး။ ရွှီယန်နဲ့မုန့်ချုံအပေါ်မှာ ငါတို့တွေ ဆုကြေးအများကြီး ထုတ်ထားတာတောင် ဝင်ပါတဲ့ အရိပ်အယောင် မပြခဲ့ပါဘူး။ ဂရုစိုက်မှုကို မရှိတာ.."

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ နောက်ခံရှိတာ တကယ့်ကို မနာလိုစရာပဲ.."

ခဲ့လင်းဖင်က မနာလိုသည့်အသံဖြင့် ပြောသည်။

ကျိန်နိုင်ငံအနေနှင့် ရွှီယန်တို့ကို တိတ်တဆိတ် လက်ခံထားလျှင်တောင် သူတို့သည် ကျိန်နိုင်ငံကို တိုက်ခိုက်ရဲခြင်း မရှိပေ။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အမိန့်ရမှသာလျှင် ဆန့်ကျင်ရဲမည် ဖြစ်၏။

လင်းနယ်မြေရှိ မည်သည့်အဖွဲ့အစည်းမှ ကျိန်နိုင်ငံကို အလောတလျင် တိုက်ခိုက်ရဲခြင်း မရှိပါ။

"အခု လင်းယွီဂိတ်တံခါးက ပိတ်သွားခဲ့ပြီး ကျိန်နိုင်ငံရဲ့တာဝန်ကလည်း ပြီးသွားပြီလေ။ သူတို့က..."

စုလျန်ချန်က ပဟေဠိဖြစ်စွာဖြင့် ပြောသည်။

"လင်းယွီဂိတ်တံခါးက ပိတ်သွားပေမယ့် ဆက်ပြီးတော့ မရှိတော့တာလို့ မဆိုလိုဘူး... စောင့်ကြပ်ဖို့အတွက် လိုနေဦးမှာပဲ။ ကျိန်နိုင်ငံရဲ့တာဝန်က ဆက်လက်ရှိနေသေးတယ်.."

ခဲ့လင်းဖင်က သက်ပြင်းချသည်။ ထိုတာဝန်သည် အဘယ်ကြောင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ လက်ထဲသို့ မရောက်ရှိရသနည်း။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ခွန်အားနှင့် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ နောက်ခံသာရှိလျှင် ယွီကျိုးတစ်ခုလုံးကို အုပ်စိုးနိုင်မှာ သံသယဝင်စရာ မရှိပေ။

ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းများ အကြားတွင် စွမ်းအားအကြီးဆုံးပင် ဖြစ်လာနိုင်၏။ အချိန်တစ်ခုသာ လိုအပ်မှာ ဖြစ်သည်။

ကံစိုးစွာပင် ကျိန်နိုင်ငံ၏ တော်ဝင်မိသားစုသာလျှင် ထိုတာဝန်ကို လက်ခံရရှိထားသည်။ မည်သူမှလည်း ဝင်ရှုပ်ရဲခြင်း မရှိပေ။

"ဟမ်... အဲ့ဒါက ရွှီယန်လား.."

ရုတ်တရက် ခဲ့လင်းဖင်၏ မျက်နှာက ပြောင်းလဲသွားပြီး ပြောသည်။

စုလျန်ချန်လည်း ခေါင်းမော့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဝမ်းသာသွား၏။

"ဟုတ်တယ်... အဲ့ဒါကရွှီယန်ပဲ.."

နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် ဝမ်းသာစွာ ကြည့်လိုက်ကြ၏။ သူတို့၏ ခွန်အားနှင့် ရွှီယန်ကို ဖမ်းဆီးရန် ပြဿနာမရှိပါ။

ချက်ချင်းပင် ချဉ်းကပ်သွားကြပြီး ဒီဗိုင်းဝိဉာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ လျှင်မြန်စွာဖြင့် ရွှီယန်ကိုတိုက်ခိုက်ကြ၏။

"ရွှီယန်... ခွေးကောင်လေး... သေစမ်း.."

စုလျန်ချန်က ဒေါသတကြီးအော်၏။

ရွှီယန်မှာ လန့်ဖြန့်သွားပုံပေါ်ပြီး နောက်သို့လှည့်ကာ ထွက်ပြေးသည်။ အောက်ရှိ တောအုပ်အတွင်း၌ ပျောက်ကွယ်သွား၏။

"မင်းလွတ်မယ် မထင်နဲ့..."

ခဲ့လင်းဖင်က အေးစက်စွာပြောသည်။ သူ၏အရှိန်အဝါက ရွှီယန်အား ချိန်ရွယ်ထားပြီး ဖြစ်၏။ သူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ နောက်မှလိုက်ကြသည်။

"သူတို့ရောက်လာပြီ..."

မုန့်ချုံ၏ပုံရိပ်က အခင်းအကျင်းကြီး၏ အစိတ်အပိုင်းတစ်ခုအတွင်းသို့ ပျောက်ကွယ်သွားသည်။

စုလင်းရှုံမှာ စိတ်ပူစွာကြည့်ရှု့နေပြီး ဂေါ်ပြားကို တင်းကြပ်စွာ ကိုင်ဆောင်ထား၏။ ကောင်းကင်မှ သက်ဆင်းလာနေသည့် ပုံရိပ်နှစ်ခုတို့ကို စိုက်ကြည့်နေသည်။

ဖန်းဟောင်လည်း စိုးရိမ်စွာဖြင့် လက်ဝါးများ၌ ချွေးများထွက်နေ၏။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ အရင်က တစ်ခါမှပင် မြင်ဖူးခြင်းမရှိဘဲ ယခုအချိန်၌ တိုက်ခိုက်သတ်ဖြတ်ရတော့မည်ဖြစ်၏။

"အုန်း.."

ဒီဗိုင်းဝိဉာဉ်စွမ်းအားက မြင့်တက်လာပြီး ဖန်းဟောင်က အသက်ကို နက်ရှိုင်းစွာရှူကာ စုလျန်ချန်နှင့် ခဲ့လင်းဖင်တို့ အခင်းအကျင်းအတွင်းသို့ ဝင်ရောက်သည်နှင့် ခြေထောက်ကို ဆောင့်လိုက်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို ဆင့်ခေါ်လိုက်၏။

All Chapters