← Chapters

ဆိုးဝါးလှသော အကွက်

Vol. 1 Ch. 303

ဆိုးဝါးလှသော အကွက်

Vol. 1 Ch. 303

"မဖြစ်နိုင်ဘူး"

ရှားဝူဟွေ့၏ ဘေးရှိ တော်ဝင်မိသားစုမှ သိုင်းသမားများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ မိန်းမစိုးအိုကြီး ဝေ့သည် ချက်ချင်း ငြင်းပယ်လိုက်သည်။

"ကျန်းရီရဲ့ အရှိန်အဝါ၊ အမြန်နှုန်းနဲ့ တိုက်ခိုက်နှုန်းက စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ကို မရောက်သေးဘူး။ သူက စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်နဲ့ နှိုင်းယှဉ်နိုင်ရုံလေးပဲ၊ သူ့မှာ ကောင်းကင်ကျောက်တုံး သုံးတုံးရှိပြီး အကုန်လုံးက စွမ်းအင်တွေကို စုပ်ယူပြီး သွားရင်တောင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ကို ရောက်ရုံပဲ ရှိဦးမှာ ... အိမ်ရှေ့စံလည်း ဒါကို နားလည်မှာပါ။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ရဲ့ အဆင့်ငယ် တစ်ခုချင်းစီတိုင်းက အတွင်းအားတွေ အများကြီး လိုအပ်တယ်။ ကျန်းရီမှာ ကောင်းကင်ကျောက်တုံးတွေ အကန့်အသတ်မရှိ ပိုင်ထားတယ် ဆိုရင်တောင် အချိန်တိုအတွင်း အဆင့်အများကြီး တက်သွားဖို့ လုံးဝ မဖြစ်နိုင်ဘူး"

အခြားသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များမှ လူများသည် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်သို့ တက်လှမ်းရန် ကျင့်ကြံခြင်းသည် အလွန်ခက်ခဲသည်။ ကျန်းရီတွင် ကောင်းကင်ကျောက်တုံး မရေမတွက်နိုင်အောင် ရှိနေလျှင်တောင် အသုံးမဝင်ပေ။ ကြံ့ခိုင်သော ကိုယ်ခန္ဓာမရှိဘဲ သိပ်သည်းလှသော အတွင်းအားများကို လက်မခံနိုင်ပေ။ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်လိုလျှင် အချိန်လိုအပ်သည်။

မိန်းမစိုးဝေ့၏ ရှင်းပြချက်ကို ကြားပြီးနောက် ရှားဝူဟွေ့မှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။

"သူက စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်မှာ မဟုတ်ဘူးဆိုရင် ဘာလို့ တာအို ဖွဲ့စည်းပုံတွေကို နားလည်နေတာလဲ"

"ကျွန်တော်မျိုးလည်း မသိပါဘူး၊ ဒီကလေးမှာ ပုံမှန်ထက် ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေလို့ ဖြစ်ပါလိမ့်မယ်"

မိန်းမစိုးအိုကြီးဝေ့နှင့် အခြားလူများသည် နားမလည်နိုင်ကြပေ။ ကျန်းရီသည် လေအရိပ်ဓားကို နားလည် သဘောပေါက်ခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း အခြားဘယ်သူမှ သိမထားကြပေ။ သိသောသူများမှာလည်း သေသွားကြပြီ ဖြစ်လေသည်။ လေအရိပ်ဓားကွက်၊ မီးနဂါးဓားနှင့် ကမ္ဘာ့မီးလျှံတို့၏ ပေါင်းစပ်မှုသည် အားကောင်းလွန်း လှသည်။ ထို့ကြောင့် လူတိုင်းသည် အံ့အားသင့်သော အမူအရာများ ပြသမိကြလေသည်။

"ဘန်း"

တပ်မှူးသုံးယောက်၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲသွားကြပြီး အလောင်းတစ်ခုချင်း၏ ကိုယ်တစ်ပိုင်းကျော်တွင် မီးကျွမ်းရာ အပေါက်မည်းမည်းများ ရှိနေလေသည်။ အနီးအနားမှ စစ်သည်များသည်လည်း ကံမကောင်းကြပေ။ ကမ္ဘာ့မီးလျှံများသည် လွင့်စဉ် ထွက်သွားခဲ့ရာ သူတို့ထဲမှ လူတစ်ရာနီးပါးသည် မီးတောက်များ ထိမှန်ခြင်း ခံရသည်။ ထို့ပြင် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိအားအောက်တွင် သူတို့မှာ လှုပ်ရှား၍ မရကြပေ။

"သေစမ်း"

ကျန်းရီမှာ ရပ်တန့်မည့်ပုံ မရှိဘဲ တစ်ဖက်သို့လှည့်ကာ ပြင်းထန်သော တိုက်ခိုက်မှုကို ပြုလုပ်လိုက်ပြန်သည်။ ဤတစ်ကြိမ် တိုက်ခိုက်မှုသည် သူ့အား ဘယ်ဘက်မှ တိုက်ခိုက်လာသော တပ်မှူးနှစ်ယောက်ထံ ဦးတည်နေသည်။ ထိုတပ်မှူး နှစ်ယောက်မှာ ယခင် သုံးယောက်ထက် ပို၍ အားနည်းကြသည်။ ထင်ထားသလိုပင် သူတို့မှာ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

"ဝှစ်"

ကျန်းရီ၏ ကိုယ်သည် လွင်ပြင်တွင် ဒုန်းစိုင်းနေသည့် သားရဲတစ်ကောင်ပမာ ရှေ့သို့ ဆက်တက်သွားခဲ့သည်။ သူသည် ရှားဝူဟွေ့ထံ တည့်တည့် ပြေးသွားခဲ့ခြင်း ဖြစ်သည်။

"အချိန်ကျပြီ"

ကျန်းရီ၏ သွေးနီရောင် မျက်လုံးများမှာ လူတို့၏ စိတ်နှလုံးအား ထိတ်လန့်မှု ပေးသော်လည်း ရှားဝူဟွေ့၏ အပြုံးမှာ ပို၍ပင် ကြောက်စရာ ကောင်းနေခဲ့သည်။ သူသည် သူ့ဘေးမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များအား အမိန့်ပေးလိုက်သည်။

"မင်းတို့သုံးယောက် သွားပြီး ကျန်းရီရဲ့ ခေါင်းကို ငါ့ဆီယူလာခဲ့ချေ”

"နားလည်ပါပြီ"

ဤတစ်ကြိမ်တွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သက်တော်စောင့်များမှာ တွေဝေနေခြင်း အလျှင်းမရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် ရှားထင်ဝေ့က သူတို့အား ရှားဝူဟွေ့၏ အမိန့်ကိုသာ နားထောင်ရန် အမိန့်ပေး လိုက်သောကြောင့် ဖြစ်သည်။ ဘုရင်ကိုယ်တိုင် အမိန့်ပေးထားခြင်း ဖြစ်ရာ သူတို့ တွေဝေနေရန် မလိုပေ။ တော်ဝင်မိသားစု၏ သစ္စာရှိ ကျေးကျွန်များ အနေဖြင့် သူတို့ ဘာကိုမှ မကြောက်ကြပေ။ တစ်ခုခု ဖြစ်လာလျှင် ထိုကိစ္စအတွက် ရှားထင်ဝေ့ တာဝန်ယူပေလိမ့်မည်။

ထိုစိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လျှို့ဝှက်သက်တော်စောင့် သုံးယောက်သည် စစ်တပ်နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် အလွန်မြန်ဆန်ကြပြီး သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ကာ စစ်သည်များအကြား ပုန်းအောင်းနေခဲ့ကြသည်။ ပြေးလာနေသော ကျန်းရီသည် သူတို့အား မမြင်ပေ။

“သေစမ်း ... သေစမ်း ... သေစမ်း"

ကျန်းရီ အလောတကြီး ပြေးလာနေရာ အနီးအနားမှ စစ်သည်များသည် သတ်ဖြတ်ခြင်း အင်အား၏ လွှမ်းမိုးမှုအောက်တွင် မလှုပ်မရှားနိုင် ဖြစ်နေကြသည်။ တပ်မှူးများသည် လှုပ်ရှား နိုင်ကြသော်လည်း သူ၊ တာအိုဖြင့် တိုက်ခိုက်မှုများကို မခုခံနိုင်ကြပေ။ လူတစ်ဦးသည် စစ်သည်နှစ်သိန်းခန့် ရှိသော စစ်တပ်ထဲသို့ ပြေးဝင်လာနေသော်လည်း မည်သူကမှ သူ့အား မတားဆီးနိုင်ဟူသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

"ဒုန်း ... ဒုန်း ... ဒုန်း"

ရှန်ဝူနိုင်ငံ၏ စစ်ဗုံသံကြီးများမှာ လေးလံလှသော အသံအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျန်းရီထံ ပြေးလာနေကြသော စစ်သည်များသည် တိုက်ကွက်ပုံစံကို ရုတ်ခြည်း ပြောင်းလဲလိုက်ပြီး သူ့ထံ ပြေးမလာကြတော့ပေ။ သူတို့သည် ကျန်းရီကို အလယ်တွင်ထား၍ နောက်ဆုတ်ကြကာ မီတာရာပေါင်းများစွာ ကျယ်ဝန်းသော စက်ဝိုင်းပုံ ဝိုင်းနေကြသည်။ သို့သော် ကျန်းရီ၏ သတ်ဖြတ်ခြင်း အင်အားကြောင့် မလှုပ်ရှားနိုင် ဖြစ်နေကြသော စစ်သည်ရာကျော်ခန့်မှာ နေရာတွင်သာ ရှိနေကြသေးသည်။

"ဝှစ် ... ဝှစ်"

တစ်ချိန်တည်းမှာပင် တစ်ရာမကသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များသည် ကျန်းရီအား ရပ်တန့်သွားစေရန် အတွင်းအားများဖြင့် ပစ်ခတ်လာကြလေသည်။ သူတို့သည် ကျန်းရီ၏ အနီးရှိ မလှုပ်ရှားနိုင်သော ရှန်ဝူနိုင်ငံမှ စစ်သည်များ၏ အသက်ကို လုံးဝလျစ်လျူရှု ထားကြသည်။

မဆုံးနိုင်သော အတွင်းအား တိုက်ခိုက်မှုများ ဆက်တိုက်ကျဆင်း လာနေသောကြောင့် ကျန်းရီသည် ရွေးချယ်စရာမရှိဘဲ ပြေးလွှားနေခြင်းကို ရပ်တန့်လိုက်ရသည်။ သူသည် ဘာကိုမှမတွေးဘဲ မီးဝိညာဉ်ပုလဲထဲမှ ကမ္ဘာ့မီးလျှံများကိုသာ မရပ်မနား အသုံးပြုနေပြီး တိုက်ခိုက်မှုများကို တားဆီးနေသည်။

"အား ... အား"

ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာသည်နှင့် မလှုပ်ရှားနိုင်သော စစ်သည်များသည် မြင့်မားလှသော အပူချိန်၏ တိုက်စားခံရမှုကြောင့် အော်သံကျယ်ကြီးများဖြင့် အော်ဟစ်နေကြသည်။

ဘန်း ... ဘန်း ... ဘန်း ... ဘန်း

မရေမတွက်နိုင်သော အတွင်းအား တိုက်ခိုက်မှုများ ပျံသန်းလာကြပြီး မီးမြိုက်ခံနေရသော စစ်သည်များအား အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ အတွင်းအား တိုက်ခိုက်မှုများသည် ကမ္ဘာ့မီးလျှံများနှင့် တိုက်မိကာ အင်အားများ လျော့ကျသွားခဲ့သည်။ ကျန်းရီတွင် ကမ္ဘာ့မီးလျှံများ၏ အကာအကွယ် ရှိနေသော်လည်း အတွင်းအား တိုက်ခိုက်မှုများက ရိုက်ခတ်မှုဒဏ်ကြောင့် သူ့သွေးများမှာ ဆူပွက်နေပြီး ကိုယ်တွင်းအင်္ဂါများလည်း တုန်ခါနေလေသည်။

ရှန်ဝူနိုင်ငံမှ စစ်သူကြီးသည် အရည်အချင်း ရှိသော်လည်း နှလုံးသားမှာမူ ရက်စက်လှချေသည်။

ကျန်းရီသည် စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။ စစ်တပ်သည် ဖွဲ့စည်းပုံ အနေအထားကို ချက်ချင်း ပြောင်းလဲခဲ့သည်။ ထိုသည်မှာ နှစ်ခါပြန်မစဉ်းစားဘဲ ပေးသော အမိန့်ဖြစ်ပြီး စစ်သည် ရာပေါင်းများစွာ၏ အသက်ကို လုံးဝလျစ်လျူရှု ထားသည်။ ရှားဝူဟွေ့တွင် ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်း လုံးဝမရှိချေ။

ပထမအချီ ရပ်စဲသွားသည်နှင့် သူသည် ဓားကို ဝှေ့ယမ်း၍ မီးနဂါးနှစ်ကောင်ကို စစ်တပ်ရှိရာ ပြေးသွားစေခဲ့သည်။ သူသည်လည်း မီးနဂါး နှစ်ကောင်နှင့်အတူ ပြေးလိုက်သွားခဲ့သည်။ သို့မဟုတ်ပါက ကမ္ဘာ့မီးလျှံများ ကုန်ဆုံးသွားသည်နှင့် သူ့အလောင်းပင် ကျန်တော့မည် မဟုတ်ချေ။

မီတာသုံးရာ ... မီတာနှစ်ရာ ... မီတာတစ်ရာ ...

ရှေ့ဆုံးမှ စစ်သည်များသည် သတ်ဖြတ်ခြင်း အင်အား၏ သက်ရောက်ခြင်း ခံရပြီး မလှုပ်ရှားနိုင် ဖြစ်သွားကြသည်ကို မြင်မှ ကျန်းရီ သက်ပြင်းချနိုင်သည်။ ဤတစ်ကြိမ်တွင် အနီးအနား၌ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တပ်မှူးများ ဆယ်ယောက်ကျော် ရှိနေသည်။ သူတို့အားလုံးကို အရင် သတ်ရပေမည်။

"ဟိုင်းယား"

သူ့မျက်လုံးများသည် တပ်မှူးငါးယောက်ထံ ကျရောက်သွားသည်။ မီးနဂါးဓားတွင် မီးနဂါးနှစ်ကောင် ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်မှ လေများလည်း စတင်စီးဆင်းလာသည်။ သူသည် ပေါင်းစပ်တိုက်ကွက်ကို အသုံးပြု၍ တပ်မှူးများကို သတ်ရန် ပြင်ဆင်နေခဲ့သည်။

"အမ်"

ထိုခဏတွင် စစ်တပ်ထဲမှ အရိပ်သုံးခုသည် ရုတ်ခြည်း လှုပ်ရှားလာကြသည်။ ထိုအထဲမှ တစ်ယောက်သည် တူကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး မြေပြင်ပေါ်သို့ ထုချခဲ့သည်။ မြင်ကွင်းကား ထူးဆန်းလှချေသည်။

မြေပြင်သည် ပွင့်ထွက်သွားခြင်း အလျှင်းမရှိပေ။ အတိုချုပ်ပြောရလျှင် ရေကန်တစ်ခုထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့် အလား မြေပြင်သည် စတင် တုန်ခါလာခဲ့ပြီး လှိုင်းထသွားသကဲ့သို့ ဘေးဘက်သို့ ပြန့်သွားခဲ့သည်။ အနီးအနားရှိ အဆင့်နိမ့်များ စစ်သည်များမှာ ဟန်ချက်ပျက်၍ မြေပြင်ထိုင်ချ လိုက်ကြသည်။ ကျန်းရီသည်လည်း ဟန်ချက်ပျက် သွားခဲ့သည်။

တာအိုဖွဲ့စည်းပုံနဲ့ တိုက်ခိုက်မှု ...

စကားလုံး အချို့သည် ကျန်းရီ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားခဲ့ပြီး ထိုသူမှာ ချောင်းမြောင်း တိုက်ခိုက်ရန် ပုန်းအောင်းနေသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်ဟု ချက်ချင်း သဘောပေါက် သွားခဲ့သည်။ သိုင်းသမားများသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် မဟုတ်ပါက တာအို သဘောတရားများကို နားလည်ရန် မဖြစ်နိုင်ချေ။

ကျန်းရီသည် စိတ်ငြိမ်ငြိမ် ထားလိုက်ပြီး သူ့ကိုယ်အား ထိန်းကာ အရှေ့သို့ ခုန်လိုက်သည်။ တစ်ဖက်တွင်လည်း လေကိုခွင်း၍ လျှပ်စီးအလျင်နှင့် ပြေးလာနေကြသော လူနှစ်ယောက် ရှိလေသည်။ တစ်ယောက်၏ လက်ချောင်းတစ်ခုသည် ခရမ်းရောင်အလင်းများ တောက်ပနေခဲ့ပြီး လက်မှ စွမ်းအင်ကို ပစ်ထုတ်လိုက်သည်။ ၎င်းမှာ အတွင်းအား တိုက်ခိုက်မှုမဟုတ်ဘဲ မိုးကြိုးတစ်စ ဖြစ်လေသည်။

မိုးကြိုးစသည် အလွန်လျင်မြန်၍ ကျန်းရီထံ ကျဆင်းသွားသော ခဏတွင် အမှန်တကယ် မိုးကြိုးအပစ် ခံလိုက်ရသည့်ပမာ သူခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှ အမွေးများ ထောင်ထသွားပြီး သူ့ကိုယ်သည်လည်း မည်းတူးသွားပြီဟု သူခံစားမိလိုက်သည်။ သူ့ကိုယ်မှာ တုန်ယင်နေပြီး မျက်ဖြူများပါ လန်နေချေပြီ။ သူ့အား အမှန်တကယ် မိုးကြိုးပစ်ချ လိုက်သည်နှင့် မခြားပေ။

နောက်ထပ် တာအိုဖွဲ့စည်းပုံနဲ့ တိုက်ခိုက်မှုတစ်ခု ...

ကျန်းရီသည် သူ့ကိုယ်မှ မီးကျွမ်းနံ့များ ရလိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။ သူသည် နောက်ဆုံးမှ ပျံသန်းလာသော တစ်ယောက်ကို တစ်ချက်ကြည့်လိုက် မိသောအခါ တောင်တစ်လုံးကဲ့သို့ အရှိန်အဝါမျိုးရှိသည့် အလင်းတန်းများ ဖြာထွက်နေသော ဓားကောက်ကြီး တစ်ခုကို ကိုင်ဆောင်ထားသည်အား သူမြင်လိုက်ရသည်။ ၎င်းမှာ သူတော်စင်အဆင့် လက်နက်မှန်း မေးနေစရာပင် မလိုချေ။

ဓားကောက်ကြီးသည် ရွေ့လျားသွားသော အခါ ခြင်္သေ့ခေါင်းပုံ အရိပ်ကြီး ထွက်ပေါ်လာခဲ့ပြီး ကျန်းရီကို အပိုင်းပိုင်းအစစ ကိုက်ဖြတ်တော့မည် အလား ပြေးထွက်လာခဲ့သည်။ ထိုခဏတွင် ကျန်းရီသည် သေခြင်း၏ အငွေ့အသက်များကို ခံစားလိုက်ရလေသည်။

ငါ ရင်းရမယ် ... ကောင်းကင်ဘုံက ကောင်းချီး ပေးလိုက်စမ်းပါ …

ကျန်းရီ၏ ပြေးနှုန်းသည် နှေးကွေးလွန်းနေပြီး သူ့ကိုယ်မှာပျော့ခွေ၍ လှုပ်ရှားမရ ဖြစ်နေခဲ့သည်။ သူ့တွင် ကမ္ဘာ့မီးလျှံများ ကျန်ရှိနေသေးသော်လည်း ထိုသူမှာ သူတော်စင့်အဆင့် လက်နက်ကို ကိုင်ဆောင်ထားသော စိတ်ဝိညာဉ် မျောလွင့်ခရီးသည် ထိပ်ဆုံးအဆင့် ဖြစ်ချေသည်။ သူ့ကမ္ဘာ့မီးလျှံများသည် ထိုအသေတိုက်ကွက်ကို မတားဆီးနိုင်မှန်း သူသိသည်။

သူ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ ဆိုးဝါးလှသော အကွက်ကို ထုတ်သုံးရတော့သည်။ သူ့စိတ်ဝိညာဉ်သည် မီးတောက်အချို့ဖြင့် စတင် လောင်ကျွမ်းလာသည်။ သူတော်စင်အဆင့် လက်နက်က ထုတ်လွှတ်လိုက်သော ခြင်္သေ့ခေါင်း ပုံရိပ်ကြီး သူ့အနီး မရောက်ခင်တွင် သူ့ပုံရိပ်မှာ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့သည်။

စိတ်ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ် ...

***

All Chapters