လျိုချင်းယန် အသတ်ခံလိုက်ရခြင်း
Vol. 27 Ch. 399
~“ချင်းယန်...”
လျိုချင်းယန်၏ ခန္ဓာကိုယ် အနက်ရောင် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲသွားပြီး၊ အောက်သို့ ထိုးကျသွားသည်ကို ကြည့်ရင်း၊ နန်းကုန်းကျန့် အစွန်းရောက်အောင် ထိတ်လန့် တုန်လှုပ်သွားသည်။
သည်တစ်ခေါက် အပြင်ထွက်တာ လျိုချင်းယန်ရော၊ နန်းကုန်းကျန့်ရော ယခုလို အဖြစ်ဆိုး ကြုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြမိပါ။
နန်းကုန်းကျန့် အောက်သို့ ခုန်ဆင်းရန် ပြင်လိုက်သော်လည်း၊ 'ဖန်ရှောင်ယွင်' က သူ့ရှေ့တွင် ချက်ချင်း ရောက်ရှိလာပြီး လမ်းပိတ်လိုက်သဖြင့်၊ လျိုချင်းယန် တောင်တန်းများကြားရှိ မြစ်ထဲသို့ ပြုတ်ကျသွားသည်ကို နန်းကုန်းကျန့် ကူကယ်ရာမဲ့စွာ ကြည့်နေလိုက်ရသည်။
ထိုကူကယ်ရာမဲ့မှု ခံစားချက်က နန်းကုန်းကျန့်အတွက် သေမင်းထက်ပင် ပိုမို ခံရခက်နေစေသည်။
“နန်းကုန်းကျန့်... ကျေးဇူးကန်းတဲ့ ကောင် မဖြစ်စမ်းပါနဲ့... ငါ မင်းအသက်ကို ချမ်းသာပေးလိုက်တာက မင်းအဖေနဲ့ ငါ့အဖေ မိတ်ဆွေတွေ ဖြစ်ခဲ့ဖူးလို့ တကယ် မဟုတ်ဘူး... 'နန်ကုန်း' မိသားစု ဆိုတာ 'ထျန်းယွဲ့' ဂိုဏ်းရဲ့ မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူး... ငါ မင်းကို အရှင်ထားလိုက်တာက ဖုန်းဝူချန်ဆီ ပြန်သွားပြီး... သူ့လူကို ငါ သတ်လိုက်တယ် ဆိုတဲ့အကြောင်း ပြောပြဖို့ပဲ...”ဟု 'ဖန်ရှောင်ယွင်' က မောက်မာစွာ လှောင်ပြောင် ပြောဆိုလိုက်သည်။
မောက်မာလိုက်တာ။ အလွန်တရာ မောက်မာလိုက်တာ။
'ကောင်းကင်ဘုံ' နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ဆိုတာ ဒီလောက်တောင် မောက်မာတာကိုး။
သို့သော် 'ဖန်ရှောင်ယွင်' တွင် မောက်မာရန် အရင်းအနှီး ရှိနေသည်။ သူသည် 'ကောင်းကင်ဘုံ' နယ်မြေ၏ ထိပ်သီး ပါရမီရှင် ဖြစ်ရုံသာမက၊ 'ထျန်းယွဲ့' ဂိုဏ်းသည်လည်း ထိုနယ်မြေ၏ အင်အားအကြီးဆုံး ဂိုဏ်းချုပ် ဖြစ်နေသောကြောင့်ပင်။
'ထျန်းယွဲ့' ဂိုဏ်းနှင့် ရန်သူ ဖြစ်ရခြင်းသည် သေလမ်းရှာခြင်းနှင့် အတူတူပင် ဖြစ်သည်။
ထိုအချိန်တွင် 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' မှ အစောင့် နှစ်ဦးမှာ အသက်လု၍ ပြန်ပြေးနေကြသော်လည်း၊ သူတို့ မသိလိုက်သည့် အချက်မှာ အချိန် မမီတော့ခြင်းပင် ဖြစ်သည်။
“မင်း... ကောင်စုတ်...”
နန်းကုန်းကျန့် အသိစိတ် လွတ်သွားပြီး၊ ဒေါသများ ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။
သူက ကျယ်လောင်စွာ အော်ဟစ်လျက် သူ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်ပြီး 'ဖန်ရှောင်ယွင်' ကို လက်သီးဖြင့် ထိုးလိုက်သည်။
“ဘုန်း...”
'ဖန်ရှောင်ယွင်' က လုံးဝ ရှောင်တိမ်းခြင်း မပြုဘဲ၊ နန်းကုန်းကျန့်၏ လက်သီးကို သူ၏ ရင်ဘတ်ဖြင့် တည့်တည့် ခံယူလိုက်သည်။ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသံနှင့်အတူ၊ နန်းကုန်းကျန့်၏ စွမ်းအား ပြင်းထန်သော်လည်း၊ 'ဖန်ရှောင်ယွင်' ကို ခြေတစ်လှမ်းဝက်ခန့်ပင် နောက်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ပေ။
နန်းကုန်းကျန့်၏ အစွမ်းကုန် တိုက်ခိုက်မှုသည် 'ဖန်ရှောင်ယွင်' အတွက် ဘာမှ မဟုတ်ပေ။
“နန်းကုန်းကျန့်... မင်းက အရမ်း အားနည်းလွန်းတယ်...”
'ဖန်ရှောင်ယွင်' က ခေါင်းခါလိုက်သည်။ နန်းကုန်းကျန့်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် သူသည် ရှောင်တိမ်းရန်ပင် ဝန်လေးနေပုံ ရသည်။
“အ...”
အသိစိတ် လွတ်နေသော နန်းကုန်းကျန့်သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ 'ဖန်ရှောင်ယွင်' ကို ရူးသွပ်စွာ ဆက်တိုက် တိုက်ခိုက်နေသည်။
“ဘုန်း ဘုန်း ဘုန်း...”
“ဝုန်း..ဝုန်း...”
လက်သီးချက်ပေါင်း တစ်ဒါဇင်ကျော်ခန့် ရူးသွပ်စွာ ထိုးနှက်ပြီးသည့်တိုင်အောင် 'ဖန်ရှောင်ယွင်' ကို မလှုပ်ရှားစေနိုင်ခဲ့သဖြင့်၊ သူသည် အစွမ်းထက်သော သိုင်းပညာများဖြင့် ဆက်တိုက် တိုက်ခိုက်ပြန်သော်လည်း 'ဖန်ရှောင်ယွင်' ကို ဒဏ်ရာ တစ်စက်ကလေးမျှ မရရှိစေနိုင်ခဲ့ပေ။
“မင်းရဲ့ အင်အားတွေကို အလဟဿ မဖြုန်းတီးပါနဲ့တော့... ဖုန်းဝူချန်ဆီ ပြန်ပြောဖို့ အင်အား ချန်ထားပါဦး...”
'ဖန်ရှောင်ယွင်' က လှောင်ပြောင် အေးစက်စွာ ရယ်မောလိုက်ပြီး၊ နန်းကုန်းကျန့်ထံသို့ လက်ဖဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။
“ဘုန်း...”
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအား တစ်ခု နန်းကုန်းကျန့်ထံသို့ ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ သူ့ကို မီတာ တစ်ရာကျော် အကွာသို့ လွင့်စဉ်သွားစေသည်။
“ဖုန်းဝူချန်ကို ပြောလိုက်... သုံးလနေရင် ငါ သူ့ခွေးအသက်ကို လာယူမယ်လို့...”
'ဖန်ရှောင်ယွင်' က အေးစက်စွာ ပြောလိုက်ပြီးနောက်၊ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“အ...”
နန်းကုန်းကျန့် ကောင်းကင်ယံကို မော့ကြည့်ကာ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ အသံမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် နာကျင် ခံစားနေရသည်။
'ဖန်ရှောင်ယွင်' ၏ အင်အားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပြီး၊ နန်းကုန်းကျန့် အနေဖြင့် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။
“ချင်းယန်... ချင်းယန်...”
ဒေါသထွက်နေသော နန်းကုန်းကျန့် ရုတ်တရက် သတိပြန်ဝင်လာပြီး၊ ထိတ်လန့်တကြား အောက်သို့ ထိုးဆင်းသွားသည်။
တောင်တန်းများကြားတွင် မြစ်ရေမှာ စီးဆင်းမှု ကြမ်းတမ်းနေသည်။ နန်းကုန်းကျန့်သည် မြစ်အထက်တွင် ပျံသန်းရင်း ရေစီးကြောင်းအတိုင်း လိုက်ပါကာ လျိုချင်းယန်ကို ရှာဖွေနေသော်လည်း၊ အရိပ်အယောင် တစ်စွန်းတစ်စမျှ မတွေ့ရပေ။
နန်းကုန်းကျန့် ရှာဖွေလေ ပို၍ စိုးရိမ်လာလေ ဖြစ်သည်။ 'ဖန်ရှောင်ယွင်' ၏ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်းလှပြီး၊ နောက်ဆုံး လက်ဖဝါး ရိုက်ချက်မှာ လျိုချင်းယန်၏ ဦးခေါင်းထိပ် 'ထျန်းလင်း' နေရာကို ထိမှန်ခဲ့သည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို လျိုချင်းယန် ခံနိုင်ရည် ရှိပါ့မလားဟု နန်းကုန်းကျန့် စိုးရိမ်နေမိသည်။
“ချင်းယန်... ချင်းယန်...”
နန်းကုန်းကျန့် မြစ်ပြင်ကျယ်ကြီးအပေါ်တွင် ရူးသွပ်မတတ် အော်ဟစ် ရှာဖွေနေ၏။
နောက်ဆုံးတွင် ရွေးချယ်စရာ မရှိတော့သဖြင့် နန်းကုန်းကျန့် မြစ်ထဲသို့ ခုန်ဆင်းလိုက်ပြီး၊ မြစ်ကြမ်းပြင်တွင် ဦးတည်ရာမဲ့ ရှာဖွေနေမိသည်။
အကယ်၍သာ နန်းကုန်းကျန့်သည် လျိုချင်းယန်ကို ချက်ချင်း ရှာဖွေခဲ့လျှင် တွေ့ကောင်း တွေ့နိုင်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် 'ဖန်ရှောင်ယွင်' က ခေတ္တမျှ တားဆီးထားခဲ့သဖြင့်၊ နန်းကုန်းကျန့်သည် လျိုချင်းယန်၏ တည်နေရာ အတိအကျကို မျက်ခြည်ပြတ်သွားခဲ့ပြီ ဖြစ်သည်။ ရေစီးကြောင်းမှာ ကြမ်းတမ်းလှပြီး၊ လျိုချင်းယန်မှာ ရေစီးနှင့်အတူ မျောပါသွားကာ မသိနိုင်သော နေရာ တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင် လုံးဝ မောပန်းနွမ်းနယ်သွားသော နန်းကုန်းကျန့် လက်လျှော့လိုက်ရသည်။
နန်းကုန်းကျန့်၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုနှင့် ရှုံးနိမ့်မှုများ ပြည့်နှက်နေပြီး၊ မိမိကိုယ်ကို အပြစ်တင်စိတ်များ လွှမ်းမိုးနေသည်။ အကယ်၍သာ သူ၏ ကျင့်ကြံမှု အဆင့် ပိုမို မြင့်မားခဲ့လျှင်၊ လျိုချင်းယန် အသတ်ခံရမည် မဟုတ်ပေ။
...
'ကောင်းကင်မီး တောင်ပေါ် စံအိမ်' ရှိ ခမ်းနားထည်ဝါသော မျှော်စင် တစ်ခုတွင်...
ကျင့်ကြံနေသော မြောင်ချင်းချင်းသည် ရုတ်တရက် ပြင်းထန်သော စိတ်မသန့်မှုကို ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ အလွန် ပြင်းထန်ပြီး ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“ဘာဖြစ်တာလဲ... ဘာလို့ ရုတ်တရက်ကြီး ဒီလောက် စိတ်မသန့် ဖြစ်ရတာလဲ...”
မြောင်ချင်းချင်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး၊ အလွန် ရှုပ်ထွေးနေမိသည်။
သူမ ယခင်က ဤမျှ လွှမ်းမိုးနိုင်စွမ်း ရှိသော စိုးရိမ်ပူပန်မှုကို တစ်ခါမှ မကြုံဖူးခဲ့ပေ။
“အစ်ကိုလျို …တစ်ခုခု ဖြစ်နေပြီလား...”
မြောင်ချင်းချင်း ပထမဆုံး တွေးမိသူမှာ လျိုချင်းယန် ဖြစ်သည်။
မြောင်ချင်းချင်းနှင့် လျိုချင်းယန်တို့သည် တူညီသော ကျင့်စဉ်ကို လေ့ကျင့်ထားကြပြီး၊ သူတို့ နှစ်ဦးကြားတွင် တုံ့ပြန်မှု ရှိစေသော 'ချစ်သူများ ဓားသိုင်းပညာ' ကိုပါ လေ့ကျင့်ထားကြရာ၊ တစ်ယောက်နှင့် တစ်ယောက်၏ တည်ရှိမှုကို အာရုံခံနိုင်ကြသည်။
တွေးလေ၊ ပို၍ ထိတ်လန့်လာလေ ဖြစ်သည်။ သူမ ဂနာမငြိမ် ဖြစ်နေပြီး၊ ဤထူးဆန်းသော ခံစားမှုကို ဖိနှိပ်ထား၍ မရဘဲ၊ လျိုချင်းယန် တစ်ခုခု ဖြစ်နေပြီဟု ပို၍ သေချာလာသည်။
“အစ်ကိုဖုန်းတို့က တံခါးပိတ် ကျင့်ကြံနေကြတာ... အခု ငါ ဘာလုပ်ရမလဲ...”
မြောင်ချင်းချင်း အလွန် စိုးရိမ်ပူပန်နေသည်။ ဖုန်းဝူချန်သည် 'ကိုးထပ် ချန်ခွင်း မျှော်စင်' အတွင်းတွင် ကျင့်ကြံနေပြီး၊ ဖုန်းဝူချန်၏ ခွင့်ပြုချက် မရှိဘဲ မည်သူမျှ ဝင်ရောက်၍ မရနိုင်ပေ။
အခြား ရွေးချယ်စရာ မရှိသဖြင့် မြောင်ချင်းချင်းသည် 'ယီယွင်' နှင့် 'ဟွမ်ရွှမ်း' အပါအဝင် အခြား အကြီးအကဲများကို သွားရောက် တွေ့ဆုံပြီး သူမ၏ စိတ်မသန့်သော ခံစားချက်ကို ပြောပြလိုက်သည်။
“မိန်းကလေးချင်းချင်း... လူတိုင်း တစ်ခါတလေ စိတ်မသန့် ဖြစ်တတ်ကြပါတယ်... မင်း ပင်ပန်းလွန်းလို့ နေမှာပါ...”
တတိယ အကြီးအကဲက အပြုံးဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်။
'ဟွမ်ရွှမ်း' က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ဆိုသည်။ “မိန်းကလေးချင်းချင်း... ကျင့်ကြံရာမှာ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအား မပေးပါနဲ့... ကျန်းမာရေး ဂရုစိုက်ဖို့က အရေးကြီးတယ်...”
“အကြီးအကဲ... အဲ့လို မဟုတ်ပါဘူး... အစ်ကိုလျို တစ်ခုခု ဖြစ်နေပြီလို့ ကျွန်မ တကယ် ခံစားနေရတယ်...”
မြောင်ချင်းချင်း အလွန် ထိတ်လန့်နေပြီး၊ သူမ မည်မျှ စိုးရိမ်နေကြောင်းကို ဖွင့်ဟ ပြောပြရန်ပင် ခက်ခဲနေသည်။
မြောင်ချင်းချင်း၏ စိုးရိမ်ပူပန်နေသော ပုံစံကို မြင်သောအခါ 'ယီယွင်' က ပြောလိုက်သည်။
“မိန်းကလေးချင်းချင်း... ဒီလို လုပ်ကြတာပေါ့... လေလံပွဲရုံကို သွားကြည့်ဖို့ ကျုပ် လူချက်ချင်း လွှတ်လိုက်ပါ့မယ်... မင်း အရင် ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါ...”
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်.. စံအိမ်သခင်ယီ...”
မြောင်ချင်းချင်း ခေါင်းညိတ်လိုက်သည်။
'ယီယွင်' က သာမန်ကာလျှံကာ ပြောလိုက်ခြင်း မဟုတ်ပေ။ သူသည် 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာနှင့် အထက် ရှိသော အစွမ်းထက် ကျင့်ကြံသူ အများအပြားကို လေလံပွဲရုံသို့ ချက်ချင်း စေလွှတ်လိုက်ပေ၏။
ဆေးဧကရာဇ်၏ သူငယ်ချင်းကို 'ယီယွင်' အနေဖြင့် သေချာပေါက် လျစ်လျူ မရှုရဲပါ။
သို့သော် 'ယီယွင်' က အစွမ်းထက် ကျင့်ကြံသူများကို လေလံပွဲရုံသို့ စေလွှတ်ပြီး မကြာမီမှာပင်၊ လျိုချင်းယန်နှင့် နန်းကုန်းကျန့်တို့၏ ခရီးစဉ်တွင် လိုက်ပါသွားခဲ့သော အစောင့် နှစ်ဦးသည် ထိတ်လန့်တကြား ပြန်လည် ရောက်ရှိလာကြသည်။
“စံအိမ်သခင်... ပြဿနာကြီး ဖြစ်ပါပြီ... ပြဿနာကြီး ဖြစ်ပါပြီ...”
အစောင့် နှစ်ဦးက ထိတ်လန့်တကြား အော်ဟစ်ရင်း ခန်းမထဲသို့ ပြေးဝင်လာကြသည်။
“ဘာဖြစ်တာလဲ...”
'ယီယွင်' မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“စံအိမ်သခင်... ကျွန်တော်တို့ လေလံပွဲရုံမှာ 'ဖန်ရှောင်ယွင်' နဲ့ တွေ့ခဲ့ပါတယ်... လျိုချင်းယန်နဲ့ နန်းကုန်းကျန့်တို့ သူ့နောက် လိုက်သွားကြတယ်... အခု သူတို့ ဘာဖြစ်သွားလဲ မသိတော့ဘူး...”
ဟု အစောင့် တစ်ဦးက ကြောက်လန့်တကြား ဖြေကြားလိုက်သည်။
“ဘာ...”
'ယီယွင်'၊ 'ဟွမ်ရွှမ်း' နှင့် အခြား အကြီးအကဲများ၏ မျက်နှာများ ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
“တကယ် ဖြစ်လာတာပဲ...”
'ဟွမ်ရွှမ်း' မျက်မှောင်ကြုတ်လိုက်သည်။ မြောင်ချင်းချင်း၏ ခံစားချက် မှန်ကန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သတင်း ကြားလိုက်ရသည်နှင့် မြောင်ချင်းချင်း၊ 'ပေတိုယန်' နှင့် အခြားသူများ အခင်းဖြစ်ပွားရာသို့ အလျင်အမြန် ရောက်ရှိလာကြသည်။ လျိုချင်းယန်နှင့် နန်းကုန်းကျန့်တို့ ဒုက္ခရောက်နေကြောင်း သိလိုက်ရသဖြင့်၊ သူတို့သည် လေလံပွဲရုံသို့ ချက်ချင်း ထွက်ခွာသွားကြသည်။
ထွက်ခွာပြီး မကြာမီမှာပင်၊ ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး ပြန်လာနေသော နန်းကုန်းကျန့်ကို သူတို့ တွေ့လိုက်ရသည်။
နန်းကုန်းကျန့် တစ်ယောက်တည်းကိုသာ တွေ့လိုက်ရသဖြင့် မြောင်ချင်းချင်း ရုတ်တရက် စိတ်ထဲတွင် အေးစက်သွားပြီး၊ သူမ၏ နှလုံးသားတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
“နန်းကုန်းကျန့်... အစ်ကိုလျို ဘယ်မှာလဲဟင်...”
မြောင်ချင်းချင်း အလျင်စလို မေးလိုက်သည်။
“ချင်းယန်... သူ အသတ်ခံလိုက်ရပြီ...”
ခဏတာ တိတ်ဆိတ်ပြီးနောက် နန်းကုန်းကျန့်က ဝမ်းနည်းပူဆွေးသော အသံဖြင့် ပြောလိုက်သည်။
“အသတ်ခံလိုက်ရပြီ...”
ထိုသတင်းသည် မြောင်ချင်းချင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရိုက်ခတ်သွားပြီး၊ သူမ ထိုနေရာတွင်ပင် သတိလစ် မေ့မြောသွားတော့သည်။
“'ဖန်ရှောင်ယွင်' လုပ်တာလား...”
'ပေတိုယန်' က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထိုအခါ၊ နန်းကုန်းကျန့်က ဝမ်းနည်းစွာ ခေါင်းညိတ်လိုက်ပြီး ဖြစ်ပျက်ခဲ့သည်များကို တစ်ခုပြီးတစ်ခု ပြောပြလိုက်သည်။ ထိုအခါ၊ လူတိုင်း လျိုချင်းယန် ပျောက်ဆုံးသွားသော မြစ်ကြီး ရှိရာသို့ ချက်ချင်း ပျံသန်း ထွက်ခွာသွားကြတော့သည်။