← Chapters

လူသတ်သမား ငှားရမ်းခြင်း

Vol. 27 Ch. 401

လူသတ်သမား ငှားရမ်းခြင်း

Vol. 27 Ch. 401

~“နန်းတော်သခင်လေးကျိ... ခေါ်ထားတဲ့ လူတွေ ရောက်လာပါပြီ...”

'ရှောင်ယောင်' နန်းတော်ရှိ 'ကျိထျန်းရှန်' နေထိုင်ရာ နန်းဆောင်အတွင်းတွင် အစောင့် တစ်ဦးက လေးစားစွာ သတင်းပို့လိုက်သည်။

“အို... ကောင်းတယ်... သူတို့ကို အမြန် ခေါ်လာခဲ့...”

'ကျိထျန်းရှန်' ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး၊ “မင်းတို့ အားလုံး ထွက်သွားကြတော့...”

ဟု အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့...”

တံခါးဝမှ အစေခံမလေးနှင့် အစောင့်တို့သည် လေးစားစွာ ဆုတ်ခွာ ထွက်သွားကြလေသည်။

ခဏအကြာတွင် အစောင့်က လူလတ်ပိုင်း အမျိုးသား သုံးဦးကို ခန်းမဆောင်ကြီး အတွင်းသို့ ခေါ်ဆောင်လာသည်။ သူတို့ သုံးဦးစလုံးသည် အနက်ရောင် ပိုးသား ဝတ်ရုံများကို ဆင်တူ ဝတ်ဆင်ထားကြပြီး၊ သူတို့၏ မျက်နှာများပေါ်တွင် မောက်မာမှု အရိပ်အယောင် အနည်းငယ် ရှိနေသည်။

ထိုသုံးဦး၏ ကျင့်ကြံမှု အဆင့်မှာ အလွန်တရာ အစွမ်းထက်လှသည်။ နှစ်ဦးမှာ 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာတွင် ရှိကြပြီး၊ ကျန်တစ်ဦးမှာ 'ထျန်းယွမ်' ဘုံ နဝမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိနေကာ၊ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။ ဤမျှ ကြမ်းတမ်းသော အင်အားသည် သူတို့၏ မောက်မာမှုကို အမှန်တကယ်ပင် အထောက်အပံ့ ပေးထားလေသည်။

“နန်းတော်သခင်လေးကျိ... ကျွန်တော်တို့ ညီအစ်ကို သုံးယောက်ကို ဘာကိစ္စများ ရှိလို့ ခေါ်တာပါလဲ...”

ခေါင်းဆောင် အမျိုးသားက ကွေ့ဝိုက်မနေဘဲ တဲ့တိုးပင် မေးလိုက်သည်။

'ကျိထျန်းရှန်' က သူတို့ သုံးဦးကို ပြုံးလျက် ကြည့်လိုက်ပြီး ရွှင်လန်းစွာ ပြောလိုက်သည်။

“'ကောင်းကင် ဝံပုလွေ'၊ 'ကောင်းကင် ကျား'၊ 'ကောင်းကင် ကျားသစ်'... 'ကောင်းကင်ဘုံ' နယ်မြေ တစ်ခုလုံး ကျော်ကြားတဲ့ နာမည်ကြီး လုပ်ကြံသတ်ဖြတ်သူ သုံးဦး... ခင်ဗျားတို့ရဲ့ ဂုဏ်သတင်းကို ကြားနေရတာ ကြာပါပြီ... ထိုင်ကြပါဦး...”

ထိုသုံးဦး၏ ရှေ့မှောက်တွင် 'ကျိထျန်းရှန်' သည်လည်း အတော်လေး ယဉ်ကျေးစွာ ပြုမူနေလေသည်။

ထိုသုံးဦးကလည်း ဟန်မဆောင်ကြပေ။ သူတို့သည် 'ရှောင်ယောင်' နန်းတော်ကိုပင် မကြောက်ရွံ့ကြချေ။ သူတို့၏ အင်အားနှင့် ဆိုလျှင် 'ရှောင်ယောင်' နန်းတော်၏ နန်းတော်သခင်ကြီး ကိုယ်တိုင်ပင် သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ထိုသုံးဦးကို 'ကောင်းကင်ဘုံ' နယ်မြေ၏ မဟာ လုပ်ကြံသတ်ဖြတ်သူ သုံးဦးဟု လူသိများကြပြီး၊ အင်အားကြီး အဖွဲ့အစည်းများကို တုန်လှုပ်စေသော ကြောက်မက်ဖွယ် တည်ရှိမှုများ ဖြစ်ကြသည်။

(ဒါပေမဲ့ ကြီးမြတ်သော အင်အားစု ခြောက်ခုနဲ့ အခြား အင်အားကြီး အဖွဲ့အစည်း အချို့တော့ မပါဘူးပေါ့...)

"ငွေယူပြီး သူတစ်ပါးရဲ့ ဘေးဒုက္ခကို ဖယ်ရှားပေးတယ်" ဆိုသော ဆောင်ပုဒ်သည် ဤလူစားမျိုးများကို ဖော်ပြနေခြင်း ဖြစ်သည်။ သူတို့သည် သူတစ်ပါး ကိုယ်စား လူသတ်ပေးရန် ငွေယူကြသူများ ဖြစ်သည်။

လောကကြီးတွင် ရန်သူများကို ဖယ်ရှားလိုသော်လည်း၊ ကိုယ်တိုင် တိုက်ရိုက် လှုပ်ရှားရန် အဆင်မပြေသူများ သို့မဟုတ် နောက်ဆက်တွဲ ဆိုးကျိုးများကို စိုးရိမ်သူများ အမြဲ ရှိတတ်စမြဲပင်။ ထိုကဲ့သို့သော အချိန်များတွင် သူတို့သည် လုပ်ကြံသတ်ဖြတ်သူများကို အားကိုးကြရသည်။

ရွှေဒင်္ဂါး လုံလောက်အောင် ပေးနိုင်လျှင်၊ သူတို့သည် ကြေးစား လူသတ်မှု ကျူးလွန်ပေးကြလိမ့်မည်။

ထို့အပြင် သေဆုံးသွားလျှင်တောင်မှ၊ လုပ်ကြံသတ်ဖြတ်သူ တစ်ဦးသည် သူ၏ အလုပ်ရှင် မည်သူဖြစ်ကြောင်း ဘယ်တော့မှ ထုတ်ဖော် ပြောကြားမည် မဟုတ်ပေ။ ဘေးကင်းပြီး ယုံကြည် စိတ်ချရသူများပင်။

“ခင်ဗျားတို့ရဲ့ အချိန်တွေက တန်ဖိုးရှိတယ် ဆိုတာ ကျွန်တော် သိပါတယ်... ဒါကြောင့် ကျွန်တော် လိုရင်းကိုပဲ ပြောပါ့မယ်... ကျွန်တော် တစ်ယောက်ယောက်ကို သတ်ဖို့ ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်နေလို့ပါ...”

'ကျိထျန်းရှန်' က လေးနက်စွာ ပြောလိုက်သည်။

“နန်းတော်သခင်လေးကျိ အနေနဲ့ ကျွန်တော်တို့ရဲ့ စည်းကမ်းတွေကို သိထားသင့်ပါတယ်...”

'ကောင်းကင် ကျားသစ်' က ဂရုမစိုက်ဟန်ဖြင့် ဝင်ပြောလိုက်သည်။

“အသက် တစ်ချောင်းကို ရွှေဒင်္ဂါး ဆယ်သန်း...”

'ကျိထျန်းရှန်' ခေါင်းညိတ်လိုက်သည်။

“ဘယ်သူ့ အသက်လဲ...”

ခေါင်းဆောင် ဖြစ်သူ 'ကောင်းကင် ဝံပုလွေ' က မေးလိုက်သည်။

“ဖုန်းဝူချန်...”

ထိုနာမည်ကို ကြားသောအခါ လူလတ်ပိုင်း အမျိုးသား သုံးဦး အနည်းငယ် ရပ်တန့်သွားကြပြီး၊ 'ကောင်းကင် ကျား' က အံ့အားသင့်စွာ အာမေဋိတ်သံ ပြုလိုက်သည်။

“အဖွဲ့အစည်းပေါင်းစုံက ပါရမီရှင် အများအပြားကို လိုက်စိန်ခေါ်ခဲ့တဲ့ အဲ့ဒီ ဖုန်းဝူချန် ဆိုတဲ့ လူလား...”

“မှန်တယ်... အဲ့ဒီလူပဲ...”

'ကျိထျန်းရှန်' ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ လင်းလက်သွားပြီး ၊

“ခင်ဗျားတို့ သုံးယောက် ဖုန်းဝူချန်ကို ရှင်းလင်းပေးနိုင်သရွေ့... ရွှေဒင်္ဂါးက ပြဿနာ မဟုတ်ဘူး...”

'ကောင်းကင် ကျား' က မျက်မှောင် အနည်းငယ် ကြုတ်ကာ ၊

“နန်းတော်သခင်လေးကျိက ဖုန်းဝူချန် တစ်ယောက်တည်းအတွက်နဲ့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့တာလား... ခင်ဗျား သူ့ကို တော်တော်လေး သတိထားနေပုံ ရတယ်... 'ရှောင်ယောင်' နန်းတော်ရဲ့ အင်အားနဲ့ဆိုရင် ဖုန်းဝူချန်ကို သတ်ဖို့က မခက်ခဲသင့်ဘူးလေ...”

'ကောင်းကင် ကျားသစ်' ကလည်း

“ဖုန်းဝူချန်က 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာ အဆင့်နဲ့... 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာ ရှိတဲ့ 'မြင့်မြတ်သော နေ' ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကို အနိုင်ယူခဲ့တယ်လို့ ကြားတယ်... သူ့ရဲ့ အင်အားက တကယ်ပဲ ကြောက်စရာ ကောင်းပါတယ်… ” ဟု

ဂရုမစိုက်ဟန်ဖြင့် ဆို၏။

“ခင်ဗျားတို့က သတ်ဖို့အတွက် ပိုက်ဆံယူတာကိုပဲ စိတ်ဝင်စားပြီး... အသေးစိတ် အချက်အလက်တွေကို ဘယ်တော့မှ စပ်စုလေ့ မရှိဘူးလို့ ကျွန်တော် ကြားဖူးတယ်...”

'ကျိထျန်းရှန်' က မျက်မှောင် အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။ ဖုန်းဝူချန်အကြောင်း ပိုမို ထုတ်ဖော် ပြောပြရန် ဆန္ဒမရှိကြောင်း ထင်ရှားနေလေ၏။

ဖုန်းဝူချန်သည် 'ဝူကျိ' နယ်မြေရှိ 'ကျန်း' မိသားစုမှ သခင်လေး ကျန်းကျွင့်လန်၏ ဆရာ ဖြစ်ပြီး၊ ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်သူလည်း ဖြစ်ရာ၊ ထူးကဲသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ လုပ်ကြံသတ်ဖြတ်သူ သုံးဦးကို ထားလိုက်ဦး၊ ပြည်မကြီး၏ အထင်ကရ အဖွဲ့အစည်းများပင်လျှင် သူ့ကို အလွယ်တကူ စော်ကားရဲကြမည် မဟုတ်ပေ။

အကယ်၍ လုပ်ကြံသတ်ဖြတ်သူ သုံးဦးသာ ဖုန်းဝူချန်၏ နောက်ကွယ်မှ ကြောက်မက်ဖွယ် နောက်ခံကို သိရှိသွားခဲ့လျှင်၊ သူတို့ လှုပ်ရှားရဲပါဦးမည်လော။

“ကျွန်တော်တို့ ဖုန်းဝူချန်အကြောင်း တစ်ခု၊ နှစ်ခုလောက်တော့ သိထားပါတယ်... ရွှေဒင်္ဂါး ဆယ်သန်းကိုသာ ပြင်ဆင်ထားပါ နန်းတော်သခင်လေးကျိ... ကိစ္စ ပြီးတာနဲ့ သူ့ခေါင်းကို ခင်ဗျားဆီ ယူလာပေးပါ့မယ်...”

ဟု 'ကောင်းကင် ဝံပုလွေ' က ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။

“ပိုက်ဆံက ပြဿနာ မဟုတ်ပါဘူး... ဒါပေမဲ့ ဖုန်းဝူချန် လောလောဆယ် ဘယ်ရောက်နေလဲ ဆိုတာ ကျွန်တော် မသေချာဘူး...”

ထိုအခါ၊ 'ကောင်းကင် ဝံပုလွေ' က ယုံကြည်မှု ရှိစွာ အာမခံလိုက်လေသည်။

“အဲ့ဒါအတွက် နန်းတော်သခင်လေးကျိ ပူစရာ မလိုပါဘူး...”

“ပြတ်သားသားပဲ...”

'ကျိထျန်းရှန်' ၏ မျက်နှာ ပြုံးရွှင်သွားပြီး၊ လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ် တစ်ကွင်း ပျံထွက်လာသည်။

“ဟားဟားဟားဟား…”

သူက အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဒီမှာ ရွှေဒင်္ဂါး ငါးသန်း... ကိစ္စ ပြီးရင် ကျန်တဲ့ ဆယ်သန်းကို ပို့ပေးမယ်...”

“နန်းတော်သခင်လေးကျိ... သတင်းကောင်းကို စောင့်မျှော်နေလိုက်ပါ...”

'ကောင်းကင် ဝံပုလွေ' က ပြောပြီး ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားသည်။ လှည့်ပင် မကြည့်တော့ပေ။

'ကောင်းကင် ဝံပုလွေ' နှင့် သူ၏ အပေါင်းအပါ နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း၊ 'ကျိထျန်းရှန်' ၏ မျက်နှာပေါ်တွင် ရက်စက်သော အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

“ဖုန်းဝူချန်... မင်း ဘယ်သူပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ငါ့ကို စော်ကားမိမှတော့ မင်းအတွက် လမ်းတစ်လမ်းပဲ ရှိတော့တယ်... အဲ့ဒါက သေလမ်းပဲ...”

'ကျိထျန်းရှန်' သည် ဖုန်းဝူချန်၏ အစွမ်းထက်သော နောက်ခံကို ကြောက်ရွံ့ပြီး 'ရှောင်ယောင်' နန်းတော် ပါဝင် ပတ်သက်မိမည်ကို စိုးရိမ်သောကြောင့်သာ 'ကောင်းကင် ဝံပုလွေ' သုံးဦးကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

'ကောင်းကင် ဝံပုလွေ' သုံးဦး လှုပ်ရှားလိုက်သည်နှင့်၊ ဖုန်းဝူချန် အသတ်ခံရလျှင်တောင်မှ မည်သူမျှ သူ၊ 'ကျိထျန်းရှန်' ကို သံသယ ဝင်မည် မဟုတ်ပေ။

...

'ကောင်းကင်မီး တောင်ပေါ် စံအိမ်' တွင်... ဖုန်းဝူချန်နှင့် 'ယီထျန်းချင်း' တို့သည် 'ကိုးထပ် ချန်ခွင်း မျှော်စင်' ၏ နဝမ အလွှာတွင် ရှိနေကြသည်။

'ယီထျန်းချင်း' သည် ကြီးမားသော စွမ်းအင်လုံးကြီး တစ်ခုကို စုပ်ယူထားပြီး၊ ဖုန်းဝူချန်သည် လက်ရှိတွင် 'စိတ်ဝိညာဉ် ခွဲဖြာခြင်း ပညာရပ်' ကို အသုံးပြု၍ သူ့အား သန့်စင် စုပ်ယူရန် ကူညီပေးနေသည်။ တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်လည်း ကျင့်ကြံနေလေသည်။

'ယီထျန်းချင်း' ၏ မျက်နှာမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး၊ သူတို့ ပတ်လည်ရှိ မူလဝိညာဉ်

( ၁၂ )ခုကို ကြောင်ငေးစွာ စိုက်ကြည့်နေမိ၏။

မူလဝိညာဉ် (၆) ခုက 'ယီထျန်းချင်း' အတွက် သန့်စင်ပေးနေပြီး၊ ကျန် (၆)ခုက ဖုန်းဝူချန်အတွက် သန့်စင်ပေးနေသည်။

“ဆေးဧကရာဇ်... ဒါ...ဘယ်လို နတ်ဘုရား စွမ်းရည်မျိုးလဲ...”

ဟု 'ယီထျန်းချင်း' အံ့အားသင့်စွာ မေးလိုက်မိ၏။

ဖုန်းဝူချန် ပြန်ဖြေရန် အခွင့်အရေး မရလိုက်ခင်မှာပင် 'ယီထျန်းချင်း' ၏ မျက်နှာထား ထပ်မံ၍ သိသိသာသာ ပြောင်းလဲသွားပြန်သည်။

သူ၏ ခန္ဓာကိုယ်အတွင်း စုပ်ယူထားသော ကြီးမားပြီး သန့်စင်သည့် စွမ်းအင်များသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျင်မြန်သော အရှိန်ဖြင့် သန့်စင်ခြင်း ခံနေရသည်ကိုး။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

'ယီထျန်းချင်း' ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေမိသည်။

ဤကဲ့သို့သော ကြောက်မက်ဖွယ် သန့်စင်မှု အရှိန်အဟုန်မျိုးကို 'ယီထျန်းချင်း' ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယခု ထိုအရာက သူ့အပေါ်တွင် ဖြစ်ပျက်နေသည်တကား။

“ဒါ တကယ် မဟုတ်ဘူး မလား...”

'ယီထျန်းချင်း' ကြောက်လန့်တကြား တံတွေးမြိုချလိုက်မိသည်။

“အာရုံ မလွင့်နဲ့... မြန်မြန် စုပ်ယူပါ...”

ဖုန်းဝူချန်က လေသံတိုးတိုးဖြင့် သတိပေးလိုက်သည်။ သူသည် ယခုအခါ 'အထွတ်အထိပ် နဂါးနတ်ဘုရား ကျင့်စဉ်' ကို ပြင်းထန်စွာ အသက်သွင်းပြီး အစစ်အမှန်ယွမ်စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေ ယလေသည်။

'ယီထျန်းချင်း' ရုတ်တရက် သတိဝင်လာပြီး၊ အကြိမ်ကြိမ် ခေါင်းညိတ်ကာ၊ သန့်စင်ပြီးသား ကြီးမားသော အစစ်အမှန်ယွမ် စွမ်းအားများကို အပြည့်အဝ စုပ်ယူရန် သူ၏ ကျင့်စဉ်ကို အလျင်အမြန် လည်ပတ်လိုက်သည်။

သူ ရူးသွပ်စွာ စုပ်ယူနေစဉ်၊ သူ၏ ကျင့်ကြံမှု အဆင့်မှာ ရူးသွပ်စွာ မြင့်တက်လာနေကြောင်း 'ယီထျန်းချင်း' ဝမ်းမြောက်စွာ တွေ့ရှိလိုက်ရသည်။

ကျင့်ကြံမှု တိုးတက်နှုန်းမှာ အံ့မခန်း လျင်မြန်လှပေ၏။

“ရှူး...”

'ယီထျန်းချင်း' တုန်လှုပ်စွာဖြင့် လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။ အိပ်မက် တစ်ခုကဲ့သို့ပင်။

'ကောင်းကင်ဘုံ လူသား' ဘုံ ကျင့်ကြံမှုတွင် ဤကဲ့သို့သော ကြောက်မက်ဖွယ် တိုးတက်မှု အရှိန်အဟုန်မျိုး ကြုံတွေ့ရရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဒါက တကယ်တမ်း ဘယ်လို ကြောက်မက်ဖွယ် နတ်ဘုရား စွမ်းရည်မျိုးလဲ။ ဖုန်းဝူချန်က ဒါကို ဘယ်ကနေ ကျင့်ကြံရရှိခဲ့တာလဲ။ ဖုန်းဝူချန်က တကယ်တမ်း ဘယ်သူလဲ။ သူက တကယ်ပဲ ကျန်းကျွင့်လန်ရဲ့ ဆရာ သက်သက်ပဲလား။

ဤအရာ အားလုံးသည် အိပ်မက် မဟုတ်ဘဲ ထိတွေ့၍ ရသော လက်တွေ့ အမှန်တရားများ ဖြစ်နေသည်။

'ယီထျန်းချင်း' သည် ဖုန်းဝူချန်ကို ဘီလူးသရဲ တစ်ကောင်ကို ကြည့်သကဲ့သို့ ကြောက်ရွံ့စွာ ကြည့်လိုက်မိသည်။

ယခုမှသာ 'ယီထျန်းချင်း' သည် ဖုန်းဝူချန် ဟူသော ကြောက်မက်ဖွယ် တည်ရှိမှုကို အမှန်တကယ် သဘောပေါက် နားလည်သွားပြီး၊ ပထမဆုံးအကြိမ် အနေဖြင့် လူတစ်ယောက်အပေါ် ဤမျှ နက်ရှိုင်းသော သတိထားမှုကို ခံစားလိုက်ရသည်။

“ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုနှုန်း ရှိတာကိုး...”

'ယီထျန်းချင်း' သည် မိမိ၏ လက်များကို ကြောင်ငေးစွာ စိုက်ကြည့်နေမိပြီး၊ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

“ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဘုရား စွမ်းရည်နဲ့ ဆိုရင်... ဆေးဧကရာဇ်သာ ဆန္ဒရှိရင်... 'ကောင်းကင်ဘုံ လူသား' ဘုံကို ရောက်နေတာ ကြာလှပြီ မဟုတ်လား...”

'ယီထျန်းချင်း' ကြောက်ရွံ့စွာ တွေးတောလိုက်မိသည်။

“တစ်လ အတွင်း 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယအလွှာကို ရောက်ချင်ရင်... ကျင့်ကြံမှု အပေါ်မှာ အာရုံစိုက်ထားပါ...”

ဖုန်းဝူချန် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး 'ယီထျန်းချင်း' ကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ဟုတ်... ဟုတ်ကဲ့...”

ဖုန်းဝူချန်၏ မျက်လုံးများကို မြင်သောအခါ 'ယီထျန်းချင်း' လန့်ဖျပ်သွားသည်။

'ယီထျန်းချင်း' သည် ဆရာနှင့်အတူ ကျင့်ကြံနေသော တပည့်တစ်ဦးကဲ့သို့ အလွန်တရာ ရိုသေလေးစားစွာ ပြုမူနေလေသည်။

ရင်ထဲမှ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများကို အတင်းအကျပ် ဖိနှိပ်ထားပြီး၊ 'ယီထျန်းချင်း' သည် ရူးသွပ်စွာ ကျင့်ကြံခြင်း အခြေအနေသို့ စတင် ဝင်ရောက်သွားသည်။ တစ်လ အတွင်း 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယအလွှာသို့ အမှန်တကယ် ရောက်ရှိနိုင်မလား ဆိုသည်ကို သူ သိချင်နေမိ၏။

မူလဝိညာဉ်များက ရူးသွပ်စွာ သန့်စင်ပေးနေပြီး၊ ဖုန်းဝူချန်နှင့် 'ယီထျန်းချင်း' နှစ်ဦးစလုံးက ရူးသွပ်စွာ စုပ်ယူနေကြရာ၊ သူတို့၏ ကျင့်ကြံမှု အဆင့်များမှာ လျင်မြန်သော နှုန်းဖြင့် မြင့်တက်လာနေတော့သည်။

All Chapters