အခန်း (၄၂၉)
Vol. 33 Ch. 429
ဤနည်းပြရာထူးသည် ကျားခေါင်းလမ်း၏ ကြီးကြပ်ရေးမှူးရာထူးထက် အင်အားအရာ၌ များစွာပိုသာလွန်သည့် အဆင့်အတန်းဖြစ်သည်။ သူ(လုရုံ)သည် ချန်ကျဲ့၏ တိုက်ရိုက်အမိန့်အောက်၌ ရှိနေသည်ဟူသည့်အချက်သည် ချန်ကျဲ့နှင့် သူ့အကြား ပို၍နီးကပ်လာနိုင်သည့် စမှတ်တစ်ခုဟု အဓိပ္ပာယ်ဖော်ဆောင်ပေသည်။ ဆိုလိုသည်မှာ အနာဂတ်၌ ချန်ကျဲ့သည် သူ့အား အရေးကြီးသည့် အလုပ်တာဝန်များကို အပ်နှံလာနိုင်သည်ဟူ၍ပင်။
ဆန့်ကျင့်ဘက်အနေဖြင့် သူသာ ကျားခေါင်းလမ်းတွင် ဆက်လက်ရှိနေရန် ရွေးချယ်ခဲ့ပါက ကျိန်းသေပေါက် အင်အားလွှမ်းမိုးချုပ်ကိုင်မှု ရှိလိမ့်မည်။ သို့သော် သူသည် ဘယ်သောအခါမျှ အထက်သို့မတက်လှမ်းနိုင်ဘဲ ကျားခေါင်းလမ်း၏ ကြီးကြပ်ရေးမှူးအဖြစ်သာ တစ်သက်တာလုံး အဆုံးသတ်သွားပေလိမ့်မည်။
သို့သော် ကျားဖြူခန်းမအစောင့်တပ်ဖွဲ့သည်တော့ ကွာခြား၏။
သူသည် ချန်ကျဲ့၏ တိုက်ရိုက်ဆက်နွယ်မှုရှိသော မျိုးနွယ်ဖြစ်သည်ဟု အဓိပ္ပာယ်ဖော်ဆောင်လိမ့်မည်။
ထို့ကြောင့် လုရုံ၏ရွေးချယ်မှုသည် အလွန်လျင်သည်။ လုရုံသည် ရေတိုအကျိုးအမြတ်ကို စွန့်လွှတ်၍ ချန်ကျဲ့၏လက်အောက်မှ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန် ရွေးချယ်ခဲ့သည်။ ချန်ကျဲ့နှင့် သူ့ကြားရှိ မွေးစားညီအစ်ကိုဆက်ဆံရေးလည်း ရှိနေသည်ဖြစ်ရာ သူ့ဘက်မှ စည်းဘောင်မကျော်သ၍ သူ၏အနာဂတ်သည်လည်း တောက်ပနေပေလိမ့်မည်။
လုရုံ၏ရွေးချယ်မှုသည် ချန်ကျဲ့အတွက်လည်း အကျိုးရှိပါ၏။ ယခုတွင် ကျားဖြူခန်းမ၏ စီးပွားရေးလုပ်ငန်းများကို တစ်သားတည်းပေါင်းစည်းမည့် အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့လေပြီ။
ချန်ကျဲ့သည် ဤစီးပွားရေးလုပ်ငန်းအားလုံးကို ကိစ္စရပ်အဝဝ၌ သူ၏မန်နေဂျာကဲ့သို့ လုပ်ဆောင်ပေးနေကျဖြစ်သော ကျိုးချူထံ အလုံးစုံနီးပါး အပ်နှံထားခဲ့သည်။
ရှောင်ဟူသည် သိုင်းပညာတွင် ပါရမီအားကောင်းပြီး အရည်အချင်းရှိသောကြောင့် စစ်ဘက်ရေးရာကိစ္စရပ်များကို တာဝန်ယူရသည်။
ကျိုးချူသည် လုပ်ငန်းအမျိုးမျိုးကို စွယ်စုံကျွမ်းကျင်ပြီး ကောင်းမွန်သည့် စီမံခန့်ခွဲမှုစွမ်းရည်နှင့် လိုက်လျောညီထွေဆောင်ရွက်တတ်သည့် စွမ်းရည်ရှိသောကြောင့် စစ်ဘက်ရေးရာကိစ္စရပ်များမှအပ အခြားသော ကုန်သည်အဖွဲ့အတွင်းရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရေးကိစ္စအချို့ကို ထိန်းချုပ်ခန့်ခွဲရန် တာဝန်ယူရသည်။
ကျားဖြူခန်းမ၏ လုပ်ငန်းများကို အထင်မြင်သေးဆုံးဖြတ်မရပါချေ။ နန်ရေကန်ဆားနယ်မြေ၊ မြောက်ပိုင်းတောင် သံသတ္တုတွင်း၊ လမ်းမကြီးလေးခုနှင့် ရွာသုံးရွာ၏ ငါးဖမ်းလုပ်ငန်းများကို ပေါင်းစည်းလိုက်ပါက ဤမျှသော စီးပွားရေးလုပ်ငန်းများသည် မျန့်ရွှေစီရင်စုတွင် တတိယမြောက် အကြီးမားဆုံး အဖွဲ့အစည်းဟု သတ်မှတ်နိုင်ပေသည်။
ချန်ကျဲ့သည် ကျိုးချူအား စစ်ဘက်ရေးရာမှအပ အခြားအရေးကိစ္စအားလုံးကို တာဝန်ပေးအပ်ထားသည်။ သို့ဖြင့် ကျိုးချူ၏လက်အောက်မှာ ရုတ်တရက်ကြီး လူလေးရာကျော် ဖြစ်သွားခဲ့၏။ ထိုလူလေးရာသည် ကျားဖြူခန်းမအဖွဲ့သားဟောင်းများ ဖြစ်ကြသည်။ ချန်ကျဲ့သည် ၎င်းမှာ လူအင်အားမလုံလောက်ဟု ခံစားရသောကြောင့် လက်အောက်ခံရွာများမှ လူတစ်ရာကျော်ခန့်ကို မြို့သို့ခေါ်ယူ၍ အလုပ်ခန့်ရန် အသင့်ပြင်နေခဲ့သည်။
သို့ဖြစ်ရာ ကျိုးချူ၏လက်အောက်တွင် အဖွဲ့သားငါးရာကျော်ရှိလာလိမ့်မည်ဖြစ်ပြီး ကျိုးချူသည် မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်။
ချန်ကျဲ့သည် ဖုန်းရွှမ်၏အိမ်တော်ကိုလည်း ကျိုးချူကို ပေးခဲ့သည်။ ကျန်းချွမ်၏အိမ်တော်ကိုမူ ရှောင်ဟူအား ပေးခဲ့သည်။
ကျိုးချူနှင့် ရှောင်ဟူတို့နှစ်ဦးသည် ချန်ကျဲ့၏ ညာလက်ရုံးနှင့် ဘယ်လက်ရုံးများ ဖြစ်ကြပေသည်။
ရှောင်ဟူသည် အိမ်မလိုချင်ပေ။ သူသည် ကျားဖြူခန်းမအစောင့်တပ်ဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ရုံသာမက ဦးလေးဖူ၏ ယခင်ရာထူးနှင့် ထပ်တူညီသည့် ရာထူးဖြစ်သော ချန်ကျဲ့၏ သက်တော်စောင့်၁၂ယောက်၏ တပ်မှူးလည်းဖြစ်သောကြောင့် ချန်ကျဲ့နှင့် ကွာဝေးမနေလိုကြောင်း ပြောခဲ့သည်။
ဖန်းရှစ်ကျုံး၏ သက်တော်စောင့်များကို လင်းယုန်အစောင့်အရှောက်၁၂ဦးအဖွဲ့ဟု ခေါ်တွင်ခဲ့သော်ငြား ရှောင်ဟူဦးဆောင်သည့် ချန်ကျဲ့၏ သက်တော်စောင့်၁၂ဦးကိုမူ ချန်ကျဲ့သည် သက်တောင်စောင့်၁၂ဦးတပ်ဖွဲ့ဟုသာ အမည်ပေးခဲဲ့သည်။
သို့ဖြင့် ရှောင်ဟူသည် ပုံမှန်အားဖြင့် ကျားဖြူခန်းမ အပြင်ခြံဝန်းရှိ အစောင့်ခန််းမတွင်သာ နေထိုင်လေ့ရှိသည်။
အပြင်ခြံဝန်းတွင် စာရင်းအင်းခန်းမ၊ အတွင်းရေးခန်းမနှင့် အစောင့်ခန်းမဟူ၍ ခန်းမသုံးခုရှိသည်။
ရှောင်ဟူသည် အစောင့်ခန်းမတွင် နေလေ့ရှိသည်။
စာရင်းစာအုပ်များကို တာဝန်ယူရသည့် စာရင်းအင်းခန်းမကိုလည်း ချန်ကျဲ့သည် စစ်ဆေးကြည့်ခဲ့ပြီး လူတစ်သုတ် အစားထိုးကာ အလှည့်အလိုက် စာရင်းများကို စစ်ဆေးသည်။ ချန်ကျဲ့ နောက်ဆုံးတစ်ကြိမ် သံသတ္တုတွင်းကို စစ်ဆေးခဲ့စဉ်က မမှန်ကန်သော စာရင်းလုပ်ကိုင်ပုံများကို ရှာတွေ့ခဲ့သည်။ သို့သော် ထိုအချိန်က ချန်ကျဲ့သည် ကျားဖြူခန်းမအရှင်သခင် မဟုတ်သေးရာ အလွန်အကျွံ ကြားဝင်ပြောဆိုခြင်းငှာ မတတ်နိုင်ခဲ့ပေ။
ချန်ကျဲ့သည် ထိုသို့ မမှန်မကန်ပြုလုပ်သူများကို ပေါ်ပေါ်ထင်ထင် ရှင်းထုတ်ပစ်ခဲ့သည်။ ထို့နောက် ကုန်သည်အဖွဲ့၏ ကုန်ပစ္စည်းရောင်းဝယ်ရေးကို ကြီးကြပ်ကွပ်ကဲရသည့် အကျိုးအမြတ်များသည့် အတွင်းရေးခန်းမသည် ချန်ကျဲ့ အရင်ကတည်းက ဦးလေးကျုံးကို တာဝန်ယူစေချင်ခဲ့သည့် နေရာဖြစ်သည်။
အကြောင်းမတိုက်ဆိုင်စွာဖြင့် ဦးလေးကျုံးသည် သူ၏မွေးရပ်မြေကို မစွန့်ခွာနိုင်ဘဲ ရှန်းထောင်ရွာမှ ထွက်ခွာရန် ဆန္ဒမရှိပေ။ သို့ဖြင့် ချန််ကျဲ့လည်း ရွေးချယ်စရာမရှိတော့ဘဲ ရှောင်ဟူကိုသာ ယာယီတာဝန်ယူခိုင်းထားခဲ့သည်။
သို့သော် ရှောင်ဟူ၏ အားသာချက် အားနည်းချက်များကို ချင့်တွက်လိုက်သော် ရှောင်ဟူသည် သိုင်းပညာတွင် ပါရမီအားကောင်းသလောက် အတွက်အချက်ပိုင်းသည်တော့ အတော်လေး ညံ့၏။ ထို့ကြောင့် ချန်ကျဲ့သည် ကျိုးချူကိုသာ ထပ်မံ၍ ယာယီတာဝန်ပေးလိုက်ရတော့သည်။
ထိုအခါ ကျိုးချူသည် လက်တခါခါဖြင့် ချက်ချင်းပြောလာတော့သည်။
“ခန်းမအရှင်သခင်ရေ၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ချမ်းသာပေးပါဦး။ ငါ့မှာ ခန်းမအပြင်က အရေးကိစ္စတွေနဲ့တင် လုံးလုံးနစ်နေပြီကို.. ခန်းမအရှင်သခင်ချန်ခင်ဗျ၊ ကျေးဇူးပြုပြီး ဒီအတွင်းရေးခန်းမအတွက်တော့ ဒီထက်ပိုပြီး အရည်အချင်းရှိတဲ့လူတစ်ယောက်ယောက်ကို ရှာလိုက်ပါကွာ”
ချန်ကျဲ့လည်း လူအင်အားမလုံလောက်သောကြောင့် ခေါင်းကိုက်နေရသည်။
အချိန်တိုလေးအတွင်း အမြင့်သို့တက်လှမ်းသွားခြင်း၏ အားနည်းချက်မှာ ယခုအချိန်တွင်တော့ သိသာထင်ရှားလာခဲ့လေပြီ။ လူအင်အားအရင်းအမြစ်နည်းပါးခြင်းဖြစ်၏။ စူးယွင်ကျင်း၏ကျောင်းတော်ကို တည်ထောင်ပြီးလျှင်တော့ ဤသို့လူအင်အားမလုံလောက်ခြင်းမျိုး မဖြစ်လာနိုင်တော့ပေ။
သို့သော် ယခုလက်ရှိ အထူးအခြေအနေများအောက်၌ ပညာတတ်ပြီး ထက်မြက်ကာ ကျွမ်းကျင်သည့်လူတစ်ယောက်ကို ရှာဖွေခြင်းငှာ မည်သို့မျှ မလွယ်ကူပေ။
သို့သော် ထိုအချိိန်၌ စူးယွင်ကျင်းမှ လူတစ်ယောက်ကို ထောက်ခံပေးလာသည်။ ချန်ကျဲ့သည်တော့ သိပ်ဘဝင်မကျဘဲ မျက်မှောင်ကြုတ်မိ၏။
“ရှင်မ သူက အရည်အချင်းရှိတာမှန်ပေမဲ့ သူက…”
စူးယွင်ကျင်းသည် ချန်ကျဲ့ကိုကြည့်လျက် အပြုံးဖွဖွဖြင့် ပြောသည်။
“ယောကျ်ား လူတစ်ယောက်က ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိချင်ရင် သဘောထားကြီးရမယ်တဲ့။ အစ်ကိုကျိုးက သူ့ကို အကုန်အစင် စစ်မေးပြီးပါပြီ။ လူတစ်ယောက်က ခေါင်းဆောင်မှားပြီး နောက်လိုက်လုပ်ခဲ့ဖူးတာနဲ့ပဲ ကျွန်မတို့ သူ့ကို လုံးဝ မစွန့်ပစ်လိုက်သင့်ဘူးလေ”
“ကျွန်မ အစ်ကိုကျိုးနဲ့အတူ သူ့အကြောင်းကို စစ်မေးခဲ့ပြီးပြီ။ ဖုန်းရွှမ်အာဏာရပြီးနောက်မှာ သူက ဖုန်းရွှမ်ရဲ့ လုပ်ဆောင်မှုတွေကို မကြိုက်လို့ ဆန့်ကျင်ခဲ့တာကြောင့် ဖုန်းရွှမ်က သူ့ကို အိမ်မှာ အကျဉ်းချထားခဲ့တာ။ ရှင် သူ့ကို ဖမ်းဆီးဖို့ အမိန့်ပေးတဲ့အချိန်အထိပဲ”
ထိုအခါ ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်လိုက်သည်။ စူးယွင်ကျင်းမှ ခပ်ဖျော့ဖျော့ပြုံးလျက် ပြောသည်။
“သခင်ကြီး ကျွန်မက အရေးကိစ္စကြီးတွေ အတော်များများကို နားမလည်ပါဘူး။ ဒါပေမဲ့ သမိုင်းမှတ်တမ်းဆိုင်ရာ ရည်ညွှန်းဖော်ပြချက်အချို့ကိုတော့ သိထားပါတယ်။ သုံးပြည်ထောင်ခေတ်မှာ စစ်သူကြီးကျောင်းလျောင်က အစတုန်းက လွီပုနဲ့ တစ်ဖက်တည်းပဲ။ နောက်ပိုင်းကျ ချောင်ချောင်ရဲ့ လက်အောက်ကိုရောက်သွားပြီးတော့ စစ်သူကြီးကျောင်းလျောင်ကပဲ ရှောင်းယောင်ကျင်းစစ်ပွဲမှာ ကျော်ကြားမှုရရှိခဲ့ပြီး ချောင်ဝေ့နိုင်ငံအတွက် အမြင့်မားဆုံးနဲ့ ပြိုင်ဘက်ကင်း အကျိုးအမြတ်တွေကို ရရှိစေခဲ့တယ်”
“ထန်မင်းဆက်ခေတ်မှာ ဝေ့ကျန်းက နဂိုက အိမ်ရှေ့မင်းသားရဲ့ ဂိုဏ်းဟောင်းက ဖြစ်ခဲ့ပြီး လီရှစ်မင်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်တောင် ကြံစည်ခဲ့သေးတယ်။ ဒါပေမဲ့ လီရှစ်မင်က ဝေ့ကျန်းရဲ့ အတိတ်က လုပ်ရပ်တွေကို ခွင့်လွှတ်ပေးခဲ့ပြီး ရာထူးခန့်အပ်ခဲ့တယ်။ နောက်ဆုံးကျ ဝေ့ကျန်းက ထန်မင်းဆက်ခေတ်ရဲ့ အထင်ရှားဆုံးသော သစ္စာအရှိဆုံး ဝန်ကြီးချုပ်၊ သူ့ခေတ်သူ့အခါက ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်လာခဲ့တယ်။ အဲဒါကြောင့် ကြီးမားတဲ့အောင်မြင်မှုကို ရချင်သူတစ်ယောက်က အသေးအမွှားကိစ္စလေးတွေကြောင့်နဲ့ အရေးကြီးအကြံအစည်တွေကို မထိခိုက်စေသင့်ဘူး”
“ယောက်ျား၊ ရှင်က ဖုန်းရွှမ်ရဲ့ မွေးစားအဖေကို ပြန်သတ်တဲ့ ကျေးဇူးကန်းတဲ့ သစ္စာဖောက်မှုကို ရွံရှာမုန်းတီးတယ်ဆိုတာ ကျွန်မ သိပါတယ်။ ပြီးတော့ ရှင့်ရဲ့သဘာဝကိုက မကောင်းမှုကို ရှင့်ရဲ့ရန်သူလို ရွံရှာစက်ဆုပ်တယ်။ ရန်ငြိုးရန်စအားလုံးကို သေချာပြန်ပြီး လက်တုံ့ပြန်တတ်တယ်။ ဒါပေမဲ့ ယောက်ျား၊ ကိစ္စကြီးတွေကို အောင်မြင်နိုင်ဖို့ဆိုရင် ရှင့်ရဲ့ဒေါသကို ထိန်းချုပ်ကျော်ဖြတ်နိုင်မှဖြစ်မယ်။ ရှင်သူ့ကို နာကျည်းလို့ရတယ်၊ မုန်းတီးလို့ရတယ်၊ ဘာဖြစ်ဖြစ် အဆင်ပြေတယ်။ ဒါပေမဲ့ ရှင်သူ့ကို ခွင့်လွှတ်ပေးလိုက်ရင်တော့ သူ့ရဲ့စိတ်နှလုံးကို သေချာပေါက် သိမ်းပိုက်ရယူနိုင်လိမ့်မယ်။ အဲဒီလိုဆို သင့်တင့်တဲ့အရည်အချင်းရှိသူတစ်ယောက်ကို ရှင်ပိုင်ဆိုင်နိုင်လိမ့်မယ်”
စူးယွင်ကျင်းသည် ချန်ကျဲ့ကို နူးညံ့ဖြည်းညင်းစွာ ဖျောင်းဖျသည်။
ချန်ကျဲ့သည် စူးယွင်ကျင်းကို ကြည့်လျက် မေးသည်။
“အဲဒီတော့ ရှင်မ၊ မင်းက ကိုယ်သူ့ကို ခွင့်လွှတ်ပေးသင့်တယ်လို့ ထင်တယ်ပေါ့?”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“ဒါက ခွင့်လွှတ်ဖို့က အဓိကအကြောင်းအရာ မဟုတ်ဘူး။ အဓိကက ချီးမြှင့်ထိုက်တဲ့လုပ်ဆောင်ချက်တွေကနေတစ်ဆင့် သူ့ရဲ့အပြစ်တွေကို ပြေရာပြေကြောင်း ပြုလုပ်ခိုင်းဖို့ပဲ။ အကယ်၍ သူ့ကိုပေးထားတဲ့ စီမံခန့်ခွဲရေးတာဝန်ကို သူကောင်းကောင်းမလုပ်နိုင်ခဲ့ရင် နောက်ပိုင်းကျမှ သတ်ဖို့လိုအပ်ရင် သတ်လိုက်ပေါ့”
ချန်ကျဲ့သည် စူးယွင်ကျင်း၏တုံ့ပြန်စကားကို စဉ်းစားကြည့်လိုက်ပြီးနောက် ပြောသည်။
“အင်း ဒါဆိုလည်း ကိုယ် မင်းပေးတဲ့အကြံကို လက်ခံလိုက်မယ်”